ပိုဆိုးသည်က ဒီမိုကရေစီစနစ်ကျင့်သုံးမှုကို ပိတ်ပင်ထားပြီး မက်လုံးများကို ဖန်တီးနေခြင်းသာဖြစ်
ရေနံက ဗင်နီဇွဲလားနိုင်ငံကို ချမ်းသာကြွယ်ဝလာအောင် ဖန်တီးပေးခဲ့သည်။ လက်တင် အမေရိကတိုက်တွင် တည်ငြိမ်မှုရှိသော ဒီမိုကရေစီစနစ်နှင့် လူနေမှုအဆင့်အတန်း အမြင့်ဆုံး စံနှုန်းများဖြင့် ဆယ်စုနှစ်များစွာ နေထိုင်နိုင်အောင် ငွေကြေးဥစ္စာဓနဖြင့် ကူညီပေးခဲ့သည်။ ယင်းနိုင်ငံသည် ရေနံရောင်းချခြင်းဖြင့် ရရှိလာသော ပက်ထရိုဒေါ်လာ (Petro Dollar) ခေါ် ငွေကြေးများကို ဆင်းရဲသားပြည်သူလူထုထံ ရောက်ရှိအောင် ပြန်လည်လမ်းကြောင်းပြောင်းမည်ဟု ကတိပေးခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် လက်ဝဲယိမ်း လူကြိုက်များဝါဒီ ဟူဂိုရှာဗက်ဇ် ရွေးချယ်တင်မြောက် ခံခဲ့ရချိန်၌ တစ်နေ့လျှင် ရေနံစိမ်းစည်ပေါင်း ၃ ဒသမ ၄ သန်း ထုတ်လုပ်လျက်ရှိသည်။ နောက်ပိုင်းတွင် ထိုသို့ ထုတ်လုပ်နိုင်မည့်အစား သူ၏အကျင့်ပျက်ခြစားပြီး အရည်အချင်းမပြည့်ဝသည့် အစိုးရအဖွဲ့ လက်ထက်တွင် ရေနံနှင့် ငွေကြေးစီးဆင်းမှုများ အကြီးအကျယ် ခန်းခြောက်ခဲ့ရသည်။ ဟူဂိုရှာဗက်ဇ်က သူကိုယ်တိုင် ရွေးချယ်ခဲ့သော သူ့နေရာကို ဆက်ခံမည့် နီကိုလာ့စ်မာဒူရို လက်ထက်ရောက်သောအခါ ဗင်နီဇွဲလားနိုင်ငံသည် ငွေစက္ကူများကို အလွန်အမင်း ရိုက်နှိပ်ခဲ့ခြင်းကြောင့် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်ကာ ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေခဲ့ပြီး ဗင်နီဇွဲလားပြည်သူ လေးပုံတစ်ပုံကို ပြည်ပသို့ ထွက်ခွာသွားစေခဲ့ပေသည်။

လွန်ခဲ့သော ရှစ်လက ဒေါ်နယ်ထရမ့်သည် မစ္စတာမာဒူရိုအား အထူးတပ်ဖွဲ့များဖြင့် ဖမ်းဆီး ခေါ်ဆောင်စေခဲ့ပြီး ဘရွတ်ကလင်း ထောင်ထဲသို့ ထည့်သွင်းခဲ့စဉ်က ဗင်နီဇွဲလားပြည်သူလူထုက ဝမ်းမြောက်ဝမ်းသာ အားပေး ခဲ့ကြသည်။ ယခုအခါတွင်မူ မစ္စတာထရမ့်သည် ဗင်နီဇွဲလား၏ ရေနံလုပ်ငန်းကို ပြန်လည် ဦးမော့လာစေမည်ဟု နှစ်ဖက်စလုံးက ပြောဆိုထားသည့် သဘောတူညီချက် တစ်ခုကို အာဏာရှင်ဟောင်း၏ ဒုတိယသမ္မတ ဒယ်လ်စီ ရော့ဒရီဂက်ဇ် (Delcy Rodríguez) နှင့် လက်မှတ်ရေးထိုးခဲ့သည်။ မစ္စတာထရမ့်က ယင်းသဘောတူညီချက်ကို “ကမ္ဘာ့သမိုင်းတွင် အကြီးမား ဆုံးသော ရေနံစာချုပ်” ဟု ကြွေးကြော်ခဲ့သည်။ (အီရန်တွင် သူစတင်ခဲ့သော စစ်ပွဲကြောင့် ကမ္ဘာ့ရေနံ ရောင်းချမှုများ အနှောင့်အယှက်ဖြစ်ခဲ့ရပြီးနောက်) ယခုသဘောတူညီချက်က အမေရိကန်ကို “စွမ်းအင် ဆိုင်ရာ လွှမ်းမိုးချုပ်ကိုင်နိုင်မှု” ပေးအပ်လိမ့်မည်ဟု သူက ဝါကြွားခဲ့သည်။ တကယ်တော့ အဆိုပါ စာချုပ်သည် အပြောကြီးသလောက် အလုပ်မဖြစ်လှချေ။
လက်ရှိ ဗင်နီဇွဲလားအစိုးရသည် ယင်းနိုင်ငံတွင် လုပ်ငန်းများကို ဒုတိယအကြီးဆုံး ဆောင်ရွက်နေသည့် North American Blue Energy Partners (NABEP) အမည်ရှိသော ပုဂ္ဂလိက ရေနံကုမ္ပဏီအား ရေနံစည်ပေါင်း ၆၅ ဘီလီယံခန့် ထွက်ရှိသော ရေနံမြေ ၁၇ ခု၏ လုပ်ပိုင်ခွင့်များကို ပေးအပ်ခဲ့သည်။ အမေရိကန်သည် ၎င်း၏ ကျောထောက်နောက်ခံပြုပေးမှုအတွက် အလဲအလှယ်အဖြစ် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန (ပင်တဂွန် စစ်ဌာနချုပ်) ကတစ်ဆင့် NABEP ကုမ္ပဏီ၏ အစုရှယ်ယာ ၃၅ ရာခိုင်နှုန်းနှင့် ထွက်ရှိသမျှ ထုတ်ကုန်များအပေါ် အခွင့်အရေးများကို ရရှိခဲ့သည်။ ယင်းသည် လာမည့် ရာစုနှစ်တစ်ခုစာအတွက် ဗင်နီဇွဲလားနိုင်ငံ၏ ရေနံသိုက်မှ မတူးဖော်ရသေးသည့် ရေနံပမာဏ၏ ငါးပုံတစ်ပုံခန့်ရှိသော ရေနံမြေများမှ ရေနံများကို ဦးစားပေးဝယ်ယူခွင့် (အချို့ကို လျှော့ဈေးဖြင့် ဝယ်ယူခွင့်အပါအဝင်) အမေရိကန်အား အာမခံချက်ပေးလိုက်ခြင်းဖြစ်သည်။
ရည်ရွယ်ချက်မှာ NABEP ကုမ္ပဏီသည် ရေနံများ ပိုမိုတူးဖော်ထုတ်လုပ်သွားနိုင်စေမည်ဖြစ်ပြီး၊ အမေရိကန် အစိုးရ၏ ပါဝင်ပတ်သက်မှုသည် ယခင်က ရှောင်လွှဲခဲ့ကြသော အခြား ရင်းနှီး မြှုပ်နှံသူများကို ဗင်နီဇွဲလား နိုင်ငံအတွင်း ရေရှည်ရင်းနှီးမြှုပ်နှံမှု အရင်းအနှီးများ ထည့်ဝင်လာစေရန် ယုံကြည်မှု ပေးနိုင်လိမ့်မည်ဖြစ်သည်။ ယခုအခါ အမေရိကန်သမ္မတ ထရမ့်က အသိအမှတ် ပြုထားသည့် ဗင်နီဇွဲလားနိုင်ငံ၏ ကြားဖြတ်သမ္မတ မစ္စရော့ ဒရီဂက်ဇ်က အဆိုပါစီမံကိန်းသည် နောက်ပိုင်းတွင် တစ်ရက်လျှင် ရေနံစည်ပေါင်း ၁.၅ သန်းကျော်အထိ ထွက်ရှိလာနိုင်သည်ဟု ပြောကြားခဲ့သည်။ အကယ်၍ သူ၏ပြောကြားချက် မှန်ကန်ပါက ဗင်နီဇွဲလား၏ ရေနံထွက်ရှိမှုမှာ တစ်ရက်လျှင် စည်ပေါင်း ၂.၅ သန်းအထိ မြင့်တက်လာမည်ဖြစ်ပြီး ရှာဗက်ဇ် (Chávez) မတိုင်မီကာလ ရေနံထုတ်လုပ်မှုပမာဏ၏ ၄ ပုံ ၃ ပုံခန့်အထိ ရှိလာမည်ဖြစ်သည်။
သို့သော် ယင်းသို့ တိုးချဲ့မှုအတွက် လိုအပ်သည့် မထင်မှတ်နိုင်လောက်အောင် များပြားလှသော ငွေကြေးများကို မည်သူက စိုက်ထုတ်ကျခံမည်ဆိုသည်ကို သူ့ဘက်က အရိပ်အမြွက်မျှပင် မပြသခဲ့ သလို၊ ရှင်းလင်းသည့် အချိန်ဇယား တစ်ခုကိုလည်း ချပြခဲ့ခြင်းမရှိပေ။ ထို့ပြင် အဆိုပါ သဘောတူညီချက်သည် အရေးကြီး သတိပေးချက်များနှင့်အတူ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ပထမအချက်မှာ ယင်းသဘောတူညီချက်ကို နောက်ဆုံးကျင်းပခဲ့သည့် ရွေးကောက်ပွဲအား မတရားသဖြင့် မဲခိုးလုယူခဲ့သော တရားမဝင် စုပေါင်း အုပ်ချုပ်ရေး အဖွဲ့နှင့် ညှိနှိုင်းသဘောတူ ခဲ့ခြင်းဖြစ်သည်။ ဒုတိယအချက်မှာ မစ္စတာထရမ့် ရွေးချယ်ခဲ့သည့် သီးသန့် စီးပွားရေး မိတ်ဖက်ဖြစ်သူ NABEP ၏ အကြီးအကဲ အယ်လီဟန်ဒရို ဘီတန်ကော့တ် (Alejandro Betancourt) သည် စုပေါင်း အုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်ရင်း သူဌေးဖြစ်လာစေခဲ့သည့် ကျင့်ဝတ်ဆိုင်ရာ လျော့ရဲ ပြောင်းလဲ လွယ်မှုကြောင့် ဗင်နီဇွဲလားနိုင်ငံရှိ အချို့သောသူများ၏ ရွံရှာစက်ဆုပ်ခြင်းကို ခံရသူဖြစ်သည်။ တတိယအချက်မှာမူ မစ္စတာထရမ့်သည် စက်တင်ဘာလ ၁ ရက်နေ့က ဗင်နီဇွဲလား၏ ရေနံအားလုံးကို သူယူမည်ဟု ပြောကြားခဲ့ရာ သူ၏ နယ်ချဲ့ဆန်သော ကြွားဝါပြောဆိုမှုများက ဗင်နီဇွဲလား ပြည်သူလူထုကို သေချာပေါက် ဒေါသမာန်ပွားစေမည်ဖြစ်သည်။
နောင်တစ်ချိန်တွင် ဒီမိုကရေစီနည်းကျ လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ခံရမည့် မည်သည့် ဗင်နီဇွဲလား အစိုးရမဆို တိုင်းပြည်၏ ရေနံသယံဇာတ ကြွယ်ဝမှုအား အမေရိကန်ပြည်ထောင်စုကို ယခုလောက် အမြောက်အမြား ထိန်းချုပ်လုပ်ကိုင်ခွင့်ပေးထားသည့် သဘောတူညီချက်တစ်ခုမှာ ပြဿနာ ဖြစ်လာဖွယ် ရှိသည်။ ထိုအချက်က နောက်ထပ် ရင်းနှီးမြှုပ်နှံသူများကို လက်တွန့် သွားစေမည် ဖြစ်သည်။ ဗင်နီဇွဲလားတွင် ရှိနှင့်ပြီးသားဖြစ်သည့် ရှယ်ဗရွန် (Chevron) ကုမ္ပဏီက ဒေါ်လာ ခုနစ်ဘီလီယံ သီးခြားရင်းနှီးမြှုပ်နှံမည်ဟု မကြာခင်က ကြေညာခဲ့သော်လည်း အဓိက ရေနံ ကုမ္ပဏီကြီးများသည် ဆက်လက်၍ သတိထား စောင့်ကြည့် နေဆဲဖြစ်သည်။
ပိုဆိုးသည်မှာ ယင်းသဘောတူညီချက်မှ ရရှိလာသော ငွေကြေးနှင့် အခွန်ဘဏ္ဍာဝင်ငွေများသည် ဗင်နီဇွဲလား၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို ဟန့်တားပိတ်ပင်ရန် ဩဇာအာဏာ ရှိသူများအတွက် အားပေး အားမြောက်မှုများကို ပေါ်ပေါက်စေခြင်းပင်ဖြစ်သည်။ အစိုးရရုံးစိုက်ရာ ကာရာကတ်စ် (Caracas) မြို့ရှိ အာဏာရ အသိုက်အဝန်းနှင့် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ပန်းဘိချ် (Palm Beach) ရှိ ဒေါ်နယ်ထရမ့်ပိုင် အပန်းဖြေ သီးသန့်ကလပ်ဖြစ်သော မားအာလာဂို (Mar-a-Lago) နှင့် အဆက်အသွယ်ကောင်းသူ မစ္စတာ ဘီတန်ကော့တ်သည် လွတ်လပ်သော ရွေးကောက်ပွဲများကို အလျင်စလိုပြုလုပ်ခြင်းက သူ၏ ရေနံပွပေါက် ရတနာပုံဆိုက်ကိန်းကြီးကို ပျက်စီးစေနိုင်သည်ဟု မစ္စတာထရမ့်ကို တီးတိုးစကားကြောင်း လှမ်းရန် အကြောင်းရင်းများ ရှိနေသည်။ မစ္စရော့ဒရီဂက်ဇ်ကလည်း အဆိုပါသတင်းစကားကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ပေးမည်မှာ မလွဲပေ။
နောက်ပိုင်းမှ အခြေအနေပြ ရှင်းလင်းတင်ပြချက်များတွင်မူ အမေရိကန်အရာရှိများက ဗင်နီဇွဲလား၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးသည် ဆက်လက်ရှိနေလိမ့်မည်ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုကြသည်။ အမေရိကန်အစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကဲ့သို့သော အချို့သူများ ကမူ ဒီမိုကရေစီ စနစ်ကျင့်သုံးသော ဗင်နီဇွဲလားနိုင်ငံသည် လိုလားအပ်သော ကိစ္စရပ်ဖြစ်ပြီး အမေရိကန်၏ အကျိုးစီးပွား အတွက်လည်း ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း သဘောပေါက် ထားကြသည်။ ထို့ကြောင့် မျှော်လင့်ချက်တော့ ရှိနေသေးသည်။ အမေရိကန်နိုင်ငံသည် သဘောတရား အရ NABEP အပေါ် ယင်းနိုင်ငံ၏ အာဏာကို အသုံးပြု၍ ဗင်နီဇွဲလား၏ ရေနံလုပ်ငန်းတွင် ပွင့်လင်း မြင်သာသော ယှဉ်ပြိုင်မှုများရှိလာစေရန် ဖိအားပေးနိုင်သည်။ ယင်းကတစ်ဆင့် အတိုက်အခံများကို အဆိုပါသဘောတူညီချက်ကို မထိခိုက်စေသည့် အခြေခံတစ်ခုဖြင့် မဲဆွယ်စည်းရုံးခွင့် ရရှိလာစေမည် ဖြစ်သည်။ သို့ရာတွင် ထိုအချက်များအားလုံးသည် မစ္စတာထရမ့်အပေါ်၌သာ မူတည်နေသည်။ အနာဂတ်အတွက် မကောင်းသည့်လက္ခဏာမှာ ထရမ့်က လူထုရှေ့မှောက်တွင် မစ္စ ရော့ဒရီဂက်ဇ်ကို ဗင်နီဇွဲလား၏ “ရွေးကောက်ခံသမ္မတ” ဟု စတင်ခေါ်ဝေါ်သုံးစွဲလာခြင်းပင်ဖြစ်ကြောင်း လန်ဒန်ထုတ် အီကော်နော်မစ်စာစောင် ဆောင်းပါးရှင် သုံးသပ်ရေးသားထားကြောင်း တင်ပြလိုက်ရပေသည်။

ရည်ညွှန်း – The Economist, September 5–11, 2026


