
သမ္မတဒေါ်နယ်ထရမ့်ရဲ့ ပထမသက်တမ်းကာလအတွင်းမှာ ဝါရှင်တန်မှာရှိနေတဲ့ စံနှုန်းတွေအရ ကမ္ဘောဒီးယား နိုင်ငံဆိုတာ တရုတ်ရဲ့ သြဇာခံနိုင်ငံတစ်ခုပါပဲ။ ၂၀၁၆ခုနှစ်ကနေ ၂၀၂၀ခုနှစ်ကာလအတွင်း အနည်းဆုံးဒေါ်လာ တစ်ဘီလျံ ပမာဏရှိတဲ့ တရုတ်နိုင်ငံရဲ့ ထောက်ပံ့မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အရှေ့တောင် အာရှ နိုင်ငံငယ် ကလေးဖြစ်တဲ့ ကမ္ဘောဒီးယား နိုင်ငံဟာ တရုတ်နိုင်ငံကို ရေတပ်အခြေစိုက်စခန်း ထူထောင်ခွင့်ပြု ထားတယ်လို့ အမေရိကန်အရာရှိတွေက သံသယရှိခဲ့ကြ ပါတယ်။ ဒီသတင်းသာမှန်ခဲ့ရင် ဒါဟာ တရုတ်နိုင်ငံရဲ့ ပြင်ပမှာရှိနေတဲ့ ဒုတိယမြောက် ရေတပ် အခြေစိုက်စခန်း ဖြစ်မှာပါ။ ဒါ့အပြင် ကမ္ဘောဒီးယားနိုင်ငံဟာ အာဆီယံအဖွဲ့အတွင်း သူတို့ရဲ့ ဗီတိုအာဏာ ကျင့်သုံးပိုင်ခွင့်ကို တရုတ်နိုင်ငံလက်ထဲ ရောင်းစားထားတယ်လို့ အမေရိကန်အရာရှိတွေက အတွင်းကျိတ် ပြောဆိုနေကြတာလည်း ရှိနေပါတယ်။ ဒါရဲ့ လက်တွေ့ အကျိုးသက်ရောက်မှုကတော့ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံရဲ့ ရည်မှန်းချက် တွေအပေါ် ဆန့်ကျင်တဲ့ ရပ်တည်ချက်မျိုးဟာ အာဆီယံအဖွဲ့အတွင်း ဖြစ်မလာအောင် ဟန့်တား ထားလိုက်နိုင်တာပါ။
ဒါပေမဲ့ ဒီကနေ့ ကာလမှာ တရုတ်နိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံအကြား အစစအရာရာ အဆင်ပြေ ချောမော နေတာတော့ မဟုတ်ပါဘူး။ မနှစ်ကဆိုရင် တရုတ်နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံကို ချေးငွေအသစ် ထုတ်မပေးခဲ့ပါဘူး။ အထူးသဖြင့် ကမ္ဘောဒီးယား အစိုးရရဲ့ အရေးကြီးဦးစားပေး စီမံကိန်းဖြစ်တဲ့ တူးမြောင်းစီမံကိန်းမှာ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံဖို့ လက်တွန့်နေခဲ့တာပါ။ ဒီတူးမြောင်းစီမံကိန်းက မဲခေါင်မြစ်နဲ့ ပင်လယ်ကို ဆက်သွယ်ပေးမယ့် စီမံကိန်းပါ။ ပြောရရင် ပြီးခဲ့တဲ့ နှစ်တွေ အတွင်း ကမ္ဘောဒီးယားအခြေစိုက်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အကြောင်းပြုပြီး မဟာမိတ် နှစ်နိုင်ငံကြား အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ကြတာပါ။ ဒီကိစ္စမှာ တရုတ် ရာဇဝတ်ဂိုဏ်းတွေနဲ့ ဆက်စပ် ပတ်သက်နေတာ ဖြစ်ပေမယ့် ဒီအွန်လိုင်း ငွေလိမ်ဂိုဏ်း တရုတ် နိုင်ငံသားတွေကို ပစ်မှတ်ထားသလို တရုတ်နိုင်ငံသားတွေကို ကမ္ဘောဒီးယား နိုင်ငံတွင်းမှာ ရှိတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ အလုပ် စေခိုင်းနိုင်ဖို့ လူကုန်ကူးဖို့မျိုး လုပ်တာတွေ တောင် ရှိခဲ့ပါတယ်။ ဒီကိစ္စတွေ နှိမ်နင်းဖို့ လုံလုံလောက်လောက် ကြိုးပမ်းတာမျိုး မရှိဘူးဆိုပြီး အပြန်အလှန်အပြစ်တင်မျိုးကို နှစ်နိုင်ငံစလုံးက လုပ်ခဲ့ကြ ပါတယ်။
ဒီအငြင်းအခုံဖြစ်မှုဟာ ကမ္ဘောဒီးယား မျိုးဆက်သစ် ခေါင်းဆောင်တွေအဖို့ စိန်ခေါ်မှု တစ်ရပ်ပါ။ ကမ္ဘောဒီးယားနိုင်ငံ ကို ဆယ်စုနှစ်လေးခုနီးပါး အုပ်ချုပ်ခဲ့တဲ့ တော်လှန်ရေး ခေါင်းဆောင် ဟွန်ဆန်ဟာ တော်လှန်ရေး ရဲဘော်ရဲဘက် ဖြစ်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ နဲ့ အတူ ၂၀၂၃ ခုနှစ်မှာ အစိုးရအဖွဲ့ကနေ နုတ်ထွက်သွားခဲ့ကြပါပြီ။ ပုံမှန် တွေ့မြင်နေကျ ပုံစံမျိုး မဟုတ်တဲ့ ဒီအာဏာ လွှဲပြောင်းမှုဖြစ်စဉ်မှာ ဟွန်ဆန်နဲ့ သူ့ရဲ့လက်တွဲဖော် ဝန်ကြီးအများစုဟာ သက်ဆိုင်ရာဝန်ကြီး ဌာနတွေကို သူတို့ရဲ့ သားတစ်ယောက်ယောက်စီ လွှဲပြောင်းပေးခဲ့ကြပါတယ်။ ကမ္ဘောဒီးယားပြည်တွင်းစစ်ရဲ့ ဆင်းရဲမွဲတေမှု၊ လူတိုင်းအပေါ် ရန်သူလို့ ထင်ယုံမှားသံသယ လွန်ကဲမှုတွေကြား ကြီးပြင်းခဲ့ရတဲ့ ဖခင်ဖြစ်သူတွေနဲ့မတူဘဲ ကမ္ဘောဒီးယား မျိုးဆက်သစ်ခေါင်း ဆောင်တွေဟာ ငြိမ်းချမ်းတဲ့ခေတ်ကာလမှာ ကြီးပြင်းခဲ့ကြရတဲ့ ပုဂ္ဂိုလ်တွေဖြစ်သလို အများစုကလည်း ပင်လယ်ရပ်ခြားမှာ ပညာသင်ကြား တတ်မြောက်ခဲ့ကြသူတွေ ဖြစ်ကြပါတယ်။ ဖခင်ဖြစ်သူရဲ့ ဝန်ကြီးချုပ်နေရာကို ဆက်ခံခဲ့တဲ့အချက် (၄၇)နှစ်အရွယ် ဟွန်မနက် (Hun Manet) ဟာ မျက်မှောက်ကာလမှာ ကမ္ဘာမှာ တစ်ဦးတည်းသော ဝက်စ်ပွိုင့်စစ်တက္ကသိုလ် (West Point) ဆင်း အစိုးရ အဖွဲ့ ခေါင်းဆောင်ပါ။ သူတို့ရဲ့ ရှေးအရင် မျိုးဆက်တွေနဲ့မတူဘဲ ဒီမျိုးဆက်သစ်ခေါင်းဆောင် တွေနဲ့ ဆွေးနွေး ပြောဆိုလို့ ရပါတယ်လို့ ဖနွမ်းပင်အခြေစိုက် အနောက်တိုင်း သံတမန်တစ်ဦးက မှတ်ချက် ပြုပါတယ်။ ဒီပုဂ္ဂိုလ်ကပဲ အနောက်တိုင်း ပညာတတ်ဆိုရုံနဲ့ ဒီမျိုးဆက်သစ် ခေါင်းဆောင်တွေက အနောက်နိုင်ငံတွေဘက် ယိမ်းလိုက် မယ်လို့ မကောက်ယူ နိုင်ကြောင်း သတိပေးပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ကမ္ဘောဒီးယား မျိုးဆက်သစ် ခေါင်းဆောင် တွေမှာ သူတို့ မိဘမျိုးဆက် တွေလို အနောက်တိုင်းအပေါ် သံသယလွန် စိတ်ဓာတ်မျိုး ဆွဲကပ်ပါမလာခဲ့ပါဘူး။
ရီးမ် (Ream) ရေတပ်အခြေစိုက်စခန်းမှာ တရုတ်တွေ ရှိနေတဲ့အပေါ် သံသယ ရှိနေမှုတွေ ကတော့ ရှိနေဆဲပါ။ ရီးမ် ရေတပ်အခြေစိုက်စခန်းမှာ တရုတ်နိုင်ငံကို သီးသန့် ဝင်ထွက် လှုပ်ရှား ခွင့်ပေးတဲ့ သဘောတူညီချက်မူကြမ်းဟာ ၂၀၁၉ ခုနှစ် က မီဒီယာတွေ ဆီ စပျံ့နှံ့လာခဲ့ပါတယ်။
အမေရိကန်နိုင်ငံမှာရှိတဲ့ တချို့သောပုဂ္ဂိုလ်တွေက ကမ္ဘောဒီးယား မျိုးဆက်သစ် ခေါင်းဆောင်တွေနဲ့ တရုတ်နိုင်ငံ ကြားက လွန်ဆွဲမှုအပေါ် တရုတ်နိုင်ငံရဲ့ သြဇာ လောင်းရိပ်အောက် ကနေ ကမ္ဘောဒီးယားနိုင်ငံကို စတင်ဆွဲထုတ်နိုင်မယ့် အခွင့်အလမ်းကောင်း လို့ ရှုမြင်ကြပါတယ်။ သူ့အစိုးရအဖွဲ့ရဲ့ နှောင်းပိုင်းကာလတွေမှာ သမ္မတဘိုင်ဒင်အစိုးရအဖွဲ့ဟာ ဝန်ကြီးအဆင့်တွေကို အခြေအနေ စနည်းနာဖို့ ကမ္ဘောဒီးယားနိုင်ငံကို စေလွှတ်ခဲ့ပါတယ်။ ဒီလိုစေလွှတ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေထဲမှာ ကာကွယ်ရေးဝန်ကြီး၊ ဗဟိုထောက်လှမ်းရေးအဖွဲ့ (CIA) ဒါရိုက်တာနဲ့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအကြီးအကဲ ပုဂ္ဂိုလ်တွေ ပါပါတယ်။ ဒီဇင်ဘာလထဲမှာ အမေရိကန်စစ်သင်္ဘောတစ်စင်းဟာ ကမ္ဘောဒီးယားနိုင်ငံကို ဆိုက်ကပ်ခဲ့ပါတယ်။ ဒါဟာ ၂၀၁၆ ခုနှစ် နောက်ပိုင်း ကမ္ဘောဒီးယားနိုင်ငံကို ပထမဦးဆုံး ဆိုက်ကပ်လာတဲ့ အမေရိကန် စစ်သင်္ဘောပါ။ တရုတ် နိုင်ငံရဲ့ စစ်ဖြစ်ခဲ့ရင် အမေရိကန်တပ်ဖွဲ့တွေကို ဦးဆောင်ရမယ့် အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး ဆင်မြူရယ်ပါပါရို (Samuel Paparo) (အမေရိကန်နိုင်ငံရဲ့ အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ စစ်ဘက် အကြီးအကဲပါ) ဟာ ဒီစစ်သင်္ဘောခရီးစဉ် အတွက် ကမ္ဘောဒီးယားနိုင်ငံကို လေကြောင်းကနေ သွားရောက်ခဲ့ပါတယ်။
ဒီလိုအခြေအနေတွေ ရှိနေပေမယ့် နှစ်နိုင်ငံကြား ဘယ်လောက် အတိုင်းအတာ အထိ သင့်မြတ်ရေး ဆောင်ရွက်နိုင်မလဲ ဆိုတာက မေးခွန်းထုတ်စရာပါ။ ခေါင်းဆောင်ဟောင်း ဖြစ်တဲ့ ဟွန်ဆန်ကလည်း သက်ရှိထင်ရှား ရှိနေဆဲပါ။ ဟွန်ဆန်ဟာ အာဏာရပါတီရဲ့ ဥက္ကဋ္ဌ ဖြစ်နေဆဲ ဖြစ်သလို အထက်လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ နိုင်ငံရပ်ခြား ဧည့်သည်တော်တွေကို လက်ခံ တွေ့နေဆဲပါ။ အစိုးရက တရားဝင်ချမှတ် အကောင်အထည်ဖော်လုပ်တာမျိုး မလုပ်သေးခင်မှာကိုပဲ မူဝါဒရေးရာတွေနဲ့ ပတ်သက်ပြီး လူမှုမီဒီယာပေါ်မှာ တရားဝင်ကြေညာပြောဆိုတာမျိုးကို ဟွန်ဆန်က မကြာခဏလုပ်လေ့ရှိပါတယ်။ ကမ္ဘောဒီးယားနိုင်ငံနဲ့ တရုတ်နိုင်ငံကြားက ရင်းနှီးတဲ့ ဆက်ဆံရေးကို ပြန်ထိန်းညှိနိုင်ဖို့ ဂျပန်နဲ့သြစတြေးလျနိုင်ငံတို့လို အမေရိကန် နိုင်ငံရဲ့ အနီးကပ် မဟာမိတ်နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းထိန်းထားနိုင်အောင် ဟွန်ဆန်က အတွေ့အကြုံရှိ ကျွမ်းကျင်တဲ့ ကြားခံ ပုဂ္ဂိုလ်တွေကို အသုံးချခဲ့ပါတယ်။ ဒါပေမဲ့ ဟန်ဆွန်ဟာ အမေရိကန်နိုင်ငံနဲ့ ပတ်သက်လာရင် စိုးရိမ်စိတ် ရှိနေဆဲပါ။ ၂၀၁၇ ခုနှစ်မှာ ဟွန်ဆန်က အမေရိကန်နိုင်ငံဟာ ကမ္ဘောဒီးယားအတိုက်အခံခေါင်းဆောင်နဲ့ ပူးပေါင်းပြီး သူ့အစိုးရအဖွဲ့ ဖြုတ်ချရေး ကြိုးပမ်းခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒီအတိုက်အခံ ခေါင်းဆောင်ကို ဖမ်းဆီးခဲ့ပြီး သူ့ရဲ့ပါတီကို လည်း နိုင်ငံရေးလှုပ်ရှားခွင့် ပိတ်ပင် ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဟွန်ဆန်က ဘယ်လို သက်သေ အထောက် အထားမှ တင်ပြနိုင်ခဲ့တာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒီဖြစ်ရပ်က ကမ္ဘောဒီးယားနိုင်ငံနဲ့ အမေရိကန် နိုင်ငံကြားက ဆက်ဆံရေးကို ဆိုးဆိုး ဝါးဝါး ဆုတ်ယုတ်စေခဲ့ပါတယ်။
ရီးမ် (Ream) ရေတပ်အခြေစိုက်စခန်းမှာ တရုတ်တွေ ရှိနေတဲ့အပေါ် သံသယ ရှိနေမှုတွေ ကတော့ ရှိနေဆဲပါ။ ရီးမ် ရေတပ်အခြေစိုက်စခန်းမှာ တရုတ်နိုင်ငံကို သီးသန့် ဝင်ထွက် လှုပ်ရှား ခွင့်ပေးတဲ့ သဘောတူညီချက်မူကြမ်းဟာ ၂၀၁၉ ခုနှစ် က မီဒီယာတွေ ဆီ စပျံ့နှံ့လာခဲ့ပါတယ်။ တရုတ်အင်ဂျင်နီယာတွေဟာ သောင်တွေတူးပြီး ရေလမ်းကြောင်း ချဲ့ထွင်တာ အပါအဝင် ဆိပ်ကမ်းသုံးကိရိယာ အဆင့်မြှင့်တင်တာတွေနဲ့ အလုပ်ရှုပ်နေတာကလည်း လူသိရှင်ကြား ဖြစ်လာခဲ့ပါတယ်။ ဒီဇင်ဘာမှာ ဟွန်ဆန်က ဆိပ်ကမ်းအဆင့်မြှင့် ပြုပြင်တည်ဆောက်ခြင်း ပြီးစီးသွားပြီ ဖြစ်လို့ ဆိပ်ကမ်းမှာ လာရောက် ဆိုက်ကပ်ဖို့ ပထမဦးဆုံး ဖိတ်ကြားခံရမယ့် နိုင်ငံဟာ ဂျပန်နိုင်ငံ ဖြစ်တယ်လို့ ထုတ်ဖော်ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ မနှစ်က တစ်နှစ်လုံးနီးပါး ဆိပ်ခံတံတား တစ်လျှောက် တရုတ်ကင်းလှည့် စစ်သင်္ဘောနှစ်စင်း စုန်ချည်ဆန်ချည် သွားလာနေတာကို တွေ့နေ ခဲ့ရပါတယ်။ ကမ္ဘောဒီးယား အရာရှိတွေကတော့ တရုတ်နိုင်ငံဟာ ဒီစစ်သင်္ဘော နှစ်စင်းကို ကမ္ဘောဒီးယားနိုင်ငံကို လှူဒါန်း သွားမှာဖြစ်ပြီး ကမ္ဘောဒီးယား ရေတပ်သား တွေကို ဒီစစ်သင်္ဘောတွေပေါ်မှာ လေ့ကျင့်ပေးနေတာသာဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ အနောက်တိုင်း သုံးသပ်သူ တွေကတော့ ဒီပြောဆိုချက်အပေါ် သံသယဝင်၊ မယုံကြည်ခဲ့ကြပါဘူး။
အပြီးသတ်သဘော သုံးသပ်ရရင် ကမ္ဘောဒီးယားနိုင်ငံအတွင်း တရုတ်နိုင်ငံရဲ့ အရေးကြီးဆုံးသော ရင်းနှီးမြှုပ်နှံမှုဟာ အခုအချိန်အထိ မပြုလုပ်ရသေးပါဘူး။ ၂၀၂၃ ခုနှစ်မှာ ဟွန်ဆန်က မဲခေါင်မြစ်ကနေ ပင်လယ်အထိ ဆက်သွယ်မယ့် ဒေါ်လာ (၁၀၇) ဘီလီယံတန် စီမံကိန်းကို ထုတ်ဖော်ကြေညာခဲ့ပါတယ်။ ဒီတူးမြောင်းဟာ ကမ္ဘောဒီးယား နိုင်ငံက သူ့ရဲ့ထုတ်ကုန် တွေကို ပြည်ပနိုင်ငံတွေကို တင်ပို့တဲ့အခါ မဲခေါင်မြစ်ဝကျွန်းပေါ် ဒေသကို မဖြတ်ရဘဲ ပင်လယ်အထိ တိုက်ရိုက်ထွက်ပေါက် ကို ဖန်တီးပေးမှာပါ။ တစ်ချိန်တည်းမှာပဲ ကိုလိုနီကာလအတွင်း မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ ဗီယက်နမ်ထိ ဆုံးရှုံးခဲ့ရတာကို တုံ့ပြန်တဲ့ သမိုင်းဝင်တုံ့ပြန်ချွေးသိပ် လုပ်ရပ်အဖြစ်လည်း ရှုမြင်နိုင် မှာပါ။ အမည်မဖော်လိုတဲ့ ကမ္ဘောဒီးယားသုံးသပ်သူတစ်ဦး ကတော့ “တူးမြောင်းရဲ့ နိုင်ငံရေးအရ အရေးပါမှုအပေါ် အလွန်အကျွံပုံဖော်တာကတော့ လက်တွေ့မှာ မဖြစ်နိုင်ပါဘူး” လို့ သုံးသပ်ခဲ့ပါတယ်။ ဟွန်ဆန်က ဒီတူးမြောင်းအပေါ် သူ့ရဲ့ ဂုဏ်သိက္ခာ လောင်းကြေးထပ် ထားပါတယ်။ တူးမြောင်းကို အမည် ပေးတဲ့နေရာမှာ သူ့အမည်ရှေ့မှာပါတဲ့ ဂုဏ်ထူးဆောင် စကားလုံး (techo) ကို ထည့်သုံးထားပါတယ်။ (ဟွန်ဆန်ရဲ့ ဂုဏ်ထူး ဆောင်အမည် အပြည့်အစုံက Samdech Akka Moha Sena Padei Techo Hun Sen ပါ။) ဒီဂုဏ်ထူးဆောင် စကားလုံး (techo) ရဲ့ အဓိပ္ပာယ်က “ကြီးမြတ်သော၊ ဘုန်းလက်ရုံး အာဏာ ပြည့်စုံသော” ပါ။
တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်ကာလတွေအတွင်း ကမ္ဘောဒီးယားနိုင်ငံမှာ စီးပွားရေးအရ အရှုံးပေါ်တဲ့ အခြေခံ အဆောက်အအုံစီမံကိန်းတွေကို ဘဏ္ဍာငွေ ပံ့ပိုးပေးခဲ့ပါတယ်။ ဆီရမ်ရိပ် (Siem Reap) လေဆိပ်အသစ်ကလည်း ဒီလို စီမံကိန်းတွေထဲက တစ်ခုပါ။ ဒီလေဆိပ်အသစ်ဟာ သူ့စွမ်းဆောင်နိုင်စွမ်းရဲ့ (၂၀) ရာခိုင်နှုန်း လောက်ကိုပဲ အသုံးချနိုင်စွမ်း ရှိပါတယ်။ ပြောရရင် သူတို့နိုင်ငံရဲ့ ကျဆင်းလာတဲ့ စီးပွားရေးအခြေအနေတွေအရ တရုတ်အရာရှိတွေဟာ တူးမြောင်း ဖြတ်သန်းခအပေါ် အခြေခံတဲ့ စီးပွားရေးအပေါ် စိုးရိမ်မကင်း ဖြစ်တာလည်း ဖြစ်နိုင် ပါတယ်။ ကုန်တင် သင်္ဘောကြီး တွေဟာ သုံးနေကျမဲခေါင်မြစ်ကို ဆက်သုံးဖို့ များပါတယ်။ ဒီနည်းက ဖြတ်သန်းခ ပေးဖို့မလို သလို ပိုကြီးတဲ့ကုန်သင်္ဘောတွေကိုလည်း အသုံးပြုနိုင်စွမ်း ရှိပါတယ်။ ဒီစီမံကိန်းကို လေ့လာခွင့်ရတဲ့ ဂျပန်အရာရှိတွေကတော့ အကောင်အထည်ဖော်ဖို့ သဘောမတူ ပါဘူး။ ဒီစီမံကိန်းကို အကောင်အထည် ဖော်မယ်ဆိုရင် တရုတ်ရင်းနှီးမြှုပ်နှံမှုကလွဲရင် တခြားရွေးချယ်စရာက မရှိသလောက် ပါပဲ။ နိုင်ငံရေးအရ ကြည့်တဲ့အခါမှာတော့ တူးမြောင်းဖောက်လုပ်ရုံကလွဲလို့ တခြား ရွေးချယ်စရာက မရှိသလောက်ပါပဲ။ တူးမြောင်းစီမံကိန်း အကောင်အထည် ဖော်နိုင်ခဲ့ရင် တော့ ကမ္ဘောဒီးယားနိုင်ငံနဲ့ တရုတ်နိုင်ငံကြားက ဆက်ဆံရေးဟာ မူလ အခြေအနေကို ပြန်ရောက်သွားမှာပါ။
ကမ္ဘောဒီးယားနိုင်ငံရဲ့ အာဏာတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်မှုကလည်း ပြဿနာ တစ်ရပ် ဖြစ်နေပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်က ဒီမိုကရေစီစံနှုန်းတွေအပေါ် ဂရုစိုက်တဲ့ပုဂ္ဂိုလ်မျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ မာကိုရူဘီရို (Marco Rubio) ကတော့ အထက်လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်စဉ်မှာ ဟွန်ဆန်ရဲ့အာဏာ အလွဲသုံးစား လုပ်မှုတွေအပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့တာပါ။ တကယ်လို့သာ မာကိုရူဘီရိုကသာ ကမ္ဘောဒီးယားကိစ္စ ကို ကိုင်တွယ်မယ်လို့ ဆုံးဖြတ် ခဲ့ရင်တော့ အမေရိကန်အစိုးရအဖွဲ့အတွင်းမှာ သူ့ရပ်တည်ချက်အပေါ် သဘောမတူ၊ စိန်ခေါ် နိုင်သူ မရှိသလောက် ဖြစ်မှာပါ။ မာကိုရူဘီရိုက ကမ္ဘောဒီးယားနိုင်ငံရဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေအပေါ် အရေးယူဖို့ ဆုံးဖြတ်ခဲ့ရင်တော့ အာရှဒေသမှာ အမေရိကန် အစိုးရနဲ့ တရုတ်အစိုးရအမြင် တစ်ထပ်တည်းရှိနိုင်တဲ့ ကိစ္စအနည်းငယ်ထဲက တစ်ခု ဖြစ်လာမှာ ကတော့ အသေအချာပါပဲ။ ။
မူရင်း Khmer Fugue, The Economist, February 2025

