The Corner

The Corner

cropped-Logo_round_grey-background.png

ဒီနေ့ ယူကရိန်း မနက်ဖြန် ထိုင်ဝမ်လား

Share မယ်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တစ်ယောက် ယူကရိန်းကို ဥပေက္ခာပြုသွားတဲ့ အကျိုးဆက်ဟာ အက်တလန္တတစ် မဟာမိတ်များနဲ့ ဆက်ဆံရေးမှာ ငလျင်တစ်ခုလှုပ်သွားသလို အတော် လှုပ်ခတ် ရိုက်ခတ်သွားပါတယ်။ အာရှဖက်က မဟာမိတ်များနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ရည်ရွယ်ချက်နဲ့ အမေရိကန်က ဗိုလ်ချုပ်များနဲ့ စစ်ဖက်ဆိုင်ရာ အရာရှိများတက်ရောက်နေကြတဲ့ ဟိုနိုလူလူက ကာကွယ်ရေးဖိုရမ်မှာပါ ယူကရိန်းကိစ္စဟာ ပိစိဖိတ် ဒေသဖက်ကိုပါ အဖျားခတ် ရိုက်ခတ်ခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံက တက်ရောက်လာတဲ့ အရာရှိကြီးတစ်ဦးက ရုရှားနဲ့ အပေးအယူ လုပ်လို့ အောင်မြင်သွားမယ်ဆိုရင် အမေရိကန်အနေနဲ့ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို တန့်သွားအောင် လုပ်နိုင်မလား ဆိုတဲ့ အယူအဆတစ်ရပ်ကို ပြောသွားခဲ့ပါတယ်။ 

အာရှဖက်က နိုင်ငံများဟာ လောလောဆယ် ဘာသိဘာသာ နေနေကြတဲ့အတွက် အပေါ်ယံ ကြည့်မယ်ဆိုရင်တော့ အခြေအနေဟာ ငြိမ်ငြိမ်သက်သက်ပဲလို့ ထင်ရပါတယ်။ ဒီလို နေကြတာက အကြောင်းနှစ်မျိုးကြောင့် ဖြစ်နိုင်ပါတယ်။ တစ်ခုက ဥရောပမှာ ဖြစ်ပျက်နေတာတွေကို မသိကျိုးကျွံ ပြုနေတာကြောင့်လား၊ ဒါမှ မဟုတ် မစ္စတာ ထရမ့်ရဲ့ အရေးတယူ လုပ်တာကို ခံချင်လို့လား သို့မဟုတ် သူ့ဒေါသ ကိုယ့်ဆီ တိုက်ရိုက်ရောက်မလာအောင်လား။ ဒါမှသာ သူ (ထရမ့်)က အာရှတိုက်အတွက် လုံခြုံရေးကို အာမခံထားနိုင်မှာကိုး။  တကယ်တော့ ဒီနိုင်ငံတွေအနေနဲ့ မတော်တဆ ရုရှားကသာ ဒီပွဲမှာ အနိုင်ရသွားမယ်ဆိုရင် တရုတ် စစ်တပ်ရဲ့ အနိုင်ကျင့်တာခံရမယ့် အခြေအနေမှာ ရှိတယ်ဆိုတာ တွက်ဆထားကြမှာပါ။  

ထိုင်ဝမ်ကိုပဲ ကြည့်ပါ။ ရုရှားက ယူကရိန်းအပေါ် အနိုင်မယူနိုင်လို့သာ တရုတ်ကလည်း သီးခြား အုပ်ချုပ်ရေးနဲ့ ရပ်တည်နေတဲ့ ထိုင်ဝမ်ကို သိမ်းပိုက်ဖို့ နှောင့်နှေးနေတာပါလို့ ထိုင်ဝမ်ရဲ့ အစိုးရအဆက်ဆက် ကစောဒက တက်ခဲ့ပါတယ် ။ ဒီနေ့ ယူကရိန်း၊ မနက်ဖန် ထိုင်ဝမ် လို့ပြောနေ ကြတာက အခုတော့ တကယ် စိုးရိမ် ရေမှတ်ကို ရောက်နေပါပြီ။ ထိုင်ဝမ်အခြေစိုက် အတိုက်အခံ ဘက်ယိမ်းတဲ့ မီဒီယာတစ်ခုဖြစ်တဲ့ သည်ယူနိုက်တက် ဒေးလီး နယူးစ် (The United Daily News) က ထိုင်ဝမ်ဟာ စွန့်ပစ်ခံ စစ်တုရင် ရုပ်တစ်ခုလို ဖြစ်လာတော့မယ်လို့ သတိပေးခဲ့သလို ဂျပန် သတင်းစာကြီး နစ်ကီ Nikkei ရဲ့ အယ်ဒီတာ့ အာဘော်မှာ “ယူကရိန်းရဲ့ အနာဂတ်ကို အမေရိကန် လက်ထဲ မထည့်လိုက်ကြပါနဲ့” လို့ ရေးသား ထားပါတယ်။ 

အိန္ဒိယက “အားလုံးနဲ့ ဟန်ချက်ညီညီ လက်တွဲသွားရေး” ဆိုတဲ့ နိုင်ငံခြားရေး ဝါဒကို ဆုပ်ကိုင် ထားဆဲပါ။ အမေရိကန်နဲ့ နီးကပ်စွာ နေသလိုပဲ ရုရှားနဲ့ ခိုင်မာတဲ့ ရင်းနှီးဆက်ဆံရေး တည်ဆောက် လျက် ရှိကာ တရုတ်နဲ့လည်း အရင်ကထက် တိုးမြှင့် ဆက်ဆံလျက်ရှိပါတယ်။ အာဆီယံ နိုင်ငံငယ်များ ကတော့ အမေရိကန်ရဲ့ မသေချာ မရောရာမှုကြောင့် တရုတ်ဘက်ဆီကို တရွေ့ရွေ့ နဲ့ သွားနေကြပါတယ်။ စင်္ကာပူနိုင်ငံ ကာကွယ်ရေးဝန်ကြီး အင်အန်ဟန်း Ng Eng Hen က အမေရိကန်ဟာ “ကိုယ်ကျင့်တရားနဲ့ ပြည်စုံတဲ့ ပုဂ္ဂိုလ် တစ်ဦး” အဖြစ်ကနေ “အိမ်ငှားရှာနေတဲ့ အိမ်ရှင်တစ်ယောက်လို” ဖြစ်လာနေပြီလို့ မှတ်ချက်ပြုပါတယ်။  

တရုတ်ရဲ့ အန္တရာယ်ကတော့ ရှိနေဆဲပါပဲ။ အမေရိကန်ရဲ့ အင်ဒို-ပိစိဖိတ်ရေးရာ ကွပ်ကဲရေးမှူး ရေတပ်ဗိုလ်ချုပ်ကြီး ဆမ်မြူရယ် ပါပါရိုက ထိုင်ဝမ်ကျွန်းနားက တရုတ်စစ်တပ်များရဲ့ စစ်ရေး ပြမှုများဟာ လေ့ကျင့်ရေး လုပ်နေတာထက် ထိုင်ဝမ်ကျွန်းကို သိမ်းယူဖို့ ဇာတ်တိုက်နေတာလို့ သတိပေးပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်တပ်များရဲ့ အသင့်ဖြစ်နေမှုကို “ကျုပ်တို့ရဲ့ ခဲယမ်းမီးကျောက် နည်းပါးလာနေပါတယ်။ အရေးပါတဲ့ လေ၊ တိုက်ချင်းပစ် ဒုံးများနဲ့ ရေတပ်အခြေအနေဟာ အသစ်တွေနဲ့ အစားထိုးဖို့ကို အလျင်မမီအောင်ပဲ ဟောင်းနွမ်းပျက်စီး နေပါတယ်” လို့ နှိုးဆော်ထားပါတယ်။ တရုတ်က ရုရှားနဲ့ မြောက်ကိုရီးယားနိုင်ငံများကို တိုးမြှင့်ဆက်ဆံနေပြီး သုံးယောက်ပေါင်း လောင်းကျော် လုပ်ကာ ဒီနေရာတစ်ဝိုက်ကို လွတ်လပ် ကျယ်ပြောတဲ့ ဒေသတစ်ခုကနေ စစ်ထိုးပြီး ထိန်းချုပ်ထားမယ့် နေရာတစ်ခုအဖြစ်ပြောင်း လုပ်လာနိုင်ပါတယ်။  

မဟာဗျူဟာကျကျ စဥ်းစားသူများကတော့ ဥရောပနဲ့ အာရှ ဇာတ်ပေါင်းခန်း အကြောင်း ပြောနေကြမှာပါပဲ။ သို့သော် အမေရိကန်မှာ စစ်လက်နက်ကရိယာတွေ နည်းပါးလာမှုကြောင့် စစ်ရေး အပေးအယူ ကိစ္စတွေ မရှိသလောက် ရှားပါးသွားနိုင်ပါတယ်။ ဥရောပဘက်ကို ပံ့ပိုးနေရတာကြောင့်လဲ အာရှဘက်မှာ စစ်လက်နက်ပစ္စည်းတွေ နည်းပါးသွားတာ ဖြစ်နိုင်ပါတယ်။

ဟိုနိုလူလူဆွေးနွေးပွဲမှာ တရုတ်အပေါ် သဘောထားတင်းမာနေသူများအကြား ထရမ့် အစိုးရရဲ့ ဥရောပ အပေါ် မြန်မြန်ဆန်ဆန် ပြောင်းလဲလာပုံအပေါ်မှာ သဘောထားကွဲလွဲခဲ့ကြပါတယ်။ တချို့က အဟန့်အတားဖြစ်နေတာက နေရာကို လိုက်ပြီးဖြစ်နေမှာ မဟုတ်နိုင်ပါဘူးလို့ ဆိုပါတယ်။ ပြောချင် တာက အမေရိကန်ဟာ ဥရောပရဲ့ မဟာမိတ်များအကြား ယုံကြည်ကိုးစားမှု လျော့နည်း လာမယ်ဆိုရင် အာရှဖက်မှာလဲ ဒီလိုဖြစ်လာမှာပဲလို့ ဆိုလိုချင်ပုံရပါတယ်။ အမေရိကန် နိုင်ငံခြားရေး အရာရှိဟောင်း ဒေးဗစ် စတီလ်ဝဲလ်က အခမဲ့ လှေကြုံစီးနေကြတဲ့ မဟာမိတ်များကို အပြစ်တင်ပြီး တစ်နေရာမှာ အားနည်းချက်တွေ ရှိလာမယ်ဆိုရင် နေရာတိုင်းမှာ ရှိလာမှာပဲ လို့ ဆိုပါတယ်။ ဥရောပကို ဘာမှ သိပ်လုပ်မပေးဘူးဆိုရင် အာရှဘက်ကို ပိုပိုသာသာ လုပ်ပေးနိုင်မှာလို့ ထင်မြင်သူများလဲ ရှိပါတယ်။ ကျန်သူများကတော့ အမေရိကန်ဟာ နေရာတိုင်းအတွက် သိပ်ပြီး မလုပ်ပေး တော့မှာကို စိုးရိမ်နေကြပါတယ်။  

ခုချိန်ထိတော့ သမ္မတ ထရမ့်ဟာ အင်ဒို-ပိစိဖိတ် ဒေသကို ဘာမှ ဝင်ရောက်စွက်ဖက်လာတာ မရှိသေးပါဘူး။ သူ့အနေနဲ့ တရုတ်အပေါ် သွင်းကုန် အခွန်တိုးကောက်တယ်လို့ ဆိုပေမယ့်လဲ ဒါက ရှီကျင့်ဖျင်ကို ကုန်သွယ်ရေး အပေးအယူလုပ်ဖို့ ပြင်ဆင်တဲ့ သဘောလောက်ပါပဲ။ မကြာခင်က ထရမ့်ရဲ့ အကြီးဆုံးသားဖြစ်သူ ဒေါ်နယ်ထရမ့် ဂျူနီယာက “အမေရိကန်အနေနဲ့ စစ်ရေးရင်ဆိုင်ဖို့ ပြင်ဆင်ထားဖို့လိုသလို စကားပြောကြဖို့လဲ လမ်းဖွင့်ပေးထားရမယ်” လို့ ပြောခဲ့ပါတယ်။ သမ္မတထံ စောစောစီးစီးရောက်လာတဲ့ ဧည့်သည်တော်တွေထဲမှာ ဂျပန် ဝန်ကြီးချုပ် အီရှိဘာ ရှေဂရု Ishiba Shigeru၊ မရှေးမနှောင်းမှာ အိန္ဒိယ ဝန်ကြီးချုပ် နရိန်ဒရာ မိုဒီ Narendra Modi တို့ရောက်လာကြပြီး အင်ဒို-ပိစိဖိတ်ဒေသအပေါ် ဆက်လက် အာရုံစိုက်လာစေဖို့ လူရိပ် လာပြနေ ကြသလိုပါပဲ။ 

မဟာဗျူဟာကျကျ စဥ်းစားသူများကတော့ ဥရောပနဲ့ အာရှ ဇာတ်ပေါင်းခန်း အကြောင်း ပြောနေကြမှာပါပဲ။ သို့သော် အမေရိကန်မှာ စစ်လက်နက်ကရိယာတွေ နည်းပါးလာမှုကြောင့် စစ်ရေး အပေးအယူ ကိစ္စတွေ မရှိသလောက် ရှားပါးသွားနိုင်ပါတယ်။ ဥရောပဘက်ကို ပံ့ပိုးနေရတာကြောင့်လဲ အာရှဘက်မှာ စစ်လက်နက်ပစ္စည်းတွေ နည်းပါးသွားတာ ဖြစ်နိုင်ပါတယ်။ 

ခက်ခဲတဲ့ ရွေးချယ်မှုတွေ လုပ်ရတာခက်ပေမယ့် ရေတပ်ဗိုလ်ချုပ်ကြီး ပါပါရိုကတော့ အမေရိကန် အနေနဲ့ ဘယ်နေရာကို အဓိကထား ဦးစားပေးသင့်ကြောင်း ဒီလိုပြောပါတယ်။ “ရွေးချယ်ရမယ်ဆိုရင် ကမ္ဘာ့အလယ်ဗဟိုနေရာကျကျကိုသာ ရွေးချယ်သင့်ပါတယ်။ လွန်ခဲ့တဲ့ အနှစ်တစ်ရာလောက်ကတော့ အဲဒီ ဗဟိုချက် နေရာဟာ ဥရောပရဲ့ အရှေ့ အလယ်ပိုင်း လောက်မှာ မှာထင်ပါတယ်။ ဒီနေ့မှာတော့ အင်ဒို-ပိစိဖိတ်နေရာဟာ ဗဟိုချက် ဖြစ်နေပါပြီ”  

မူရင်း Will it be Ukraine today, Taiwan tomorrow? How Donald Trump’s about-turn in Europe will affect Asia, The Economist, February 2025 

Click to rate this post!
[Total: 0 Average: 0]