The Corner

The Corner

cropped-Logo_round_grey-background.png

အိန္ဒိယ-တရုတ် အငြင်းပွားမှုနဲ့ ပြောင်းလဲလာတဲ့ နိုင်ငံခြားရေးမူဝါဒ

Share မယ်

[တရုတ်နဲ့အိန္ဒိယ ပထဝီဝင်နိုင်ငံရေး ယှဉ်ပြိုင်မှုက အိန္ဒိယနိုင်ငံရဲ့ ဆယ်စုနှစ်တွေနဲ့ချီပြီး ကျင့်သုံးခဲ့တဲ့ ပြည်တွင်းနဲ့ နိုင်ငံခြားရေးမူဝါဒတွေကိုသိသိသာသာပုံပေါ်စေပြီး ဆက်လက် ပုံဖော်နေဆဲ ဖြစ်တယ်]

တရုတ်နဲ့အိန္ဒိယနိုင်ငံတွေရဲ့ ပထဝီဝင်နိုင်ငံရေးအရ ယှဉ်ပြိုင်မှုက လွန်ခဲ့တဲ့ ငါးနှစ်ကျော် ကာလမှ မီဒီယာတွေရဲ့  အကြီးအကျယ် အာရုံစိုက်မှု ကိုရရှိခဲ့တယ်။ ၂ဝ၂ဝပြည့်နှစ်ဇွန်လအတွင်းက ဂါလဝမ် တောင်ကြားဒေသမှာ စစ်ရေး ပဋိပက္ခ တစ်ရပ် ပေါ်ပေါက်ခဲ့တာဟာ တရုတ်ပြည်ဟာ  အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်း နိုင်ငံရေး မှတ်တမ်းမှာ အရင်ကတစ်ကြိမ်းတစ်ခါမှ မကြုံခဲ့ရဖူးတဲ့ လမ်းစဉ်တစ်ခုကိုဖန်တီး ခဲ့တယ်။ 

ဖေဖေါ်ဝါရီ ဒုတိယပတ်တုန်းက အိန္ဒိယပါလီမန်မှာ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက အတိုက်အခံ ခေါင်းဆောင် ရာဟူးလ်ဂန္ဒီရဲ့ သဘောထား မှတ်ချက်ကို တုံ့ပြန် ပြောကြား ရာမှာ တရုတ်အစိုးရက အိန္ဒိ ယနိုင်ငံရဲ့ ပြည်တွင်းနဲ့ နိင်ငံခြားရေး မူဝါဒ မှတ်တမ်းတွေကို ဘယ်လိုပုံဖော်စေခဲ့သလဲ ဆိုတာ ကိုယ်တွေ့ မျက်မြင်ပဲ ဖြစ်တယ်လို့ ဆိုတယ်။ 

ဂန္ဒီက တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Deep Seek သူ့ရဲ့ ဉာဏ်ရည်တုပုံစံသစ်ကို စတင် ဖော်ထုတ် အသုံးပြု လိုက်တာကို ဖော်ပြပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ အိန္ဒိယနိုင်ငံ ဟာ တရုတ်နိုင်ငံထက် နောက်ကျနေတာနဲ့ စပ်လျဉ်းလို့  မိုဒီအစိုးရကို ဝေဖန် ပြောကြား ခဲ့တယ်။ ဒီလို သဘောထားမှတ်ချက်ကို အလေးထားဖော်ပြတာက  အိန္ဒိယနိုင်ငံဟာ ထွန်းကားခါစ ကမ္ဘာ့အင်အား ကြီးနိုင်ငံတစ်နိုင်ငံအဖြစ် မားမားမတ်မတ် ရပ်တည် နေတယ် ဆိုတာ သူ့ဘာသာ ဖော်ပြဖို့ကြိုးပမ်းအား ထုတ်နေရတဲ့ အခြေအနေမှာ သူ့ရဲ့ ပြည်တွင်းနဲ့ နိုင်ငံခြားရေး မူဝါဒ တွေကို တရုတ်နိုင်ငံက အကျိုးသက်ရောက် စေတယ် ဆိုတဲ့ မှတ်တမ်းပဲဖြစ်တယ်။ 

ဒါပေမဲ့ တရုတ်ပြည်ဟာသူ့ရဲ့အိမ်နီးချင်း အိန္ဒိယနိုင်ငံရဲ့ပြည်တွင်းနဲ့ နိုင်ငံခြားရေး မူဝါဒ ပေါ်မှာ ဆယ်စုနှစ် တွေနဲ့ချီပြီး သြဇာ လွှမ်းမိုးမှုရှိခဲ့တာမို့ အိန္ဒိယနိုင်ငံရဲ့ တရုတ်နဲ့ ထိပ်တိုက် ရင်ဆိုင်တိုးတဲ့ ပဋိပက္ခဟာ တိတိကျကျ ပြောရရင် အသစ် အဆန်း တော့ မဟုတ်ပါဘူး။ ၁၉၉ဝပြည့်လွန်နှစ်တွေကာလ ရာဂျစ်ဂန္ဒီ လက်ထက်မှာ ကျင့်သုံး ခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ အရှေ့မျှော်မူဝါဒ (Look East Policy) ကနေစပြီး အခု ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီလက်ထက် အရှေ့တိုင်း မူဝါဒကျင့်သုံး (Act East Policy) အထိအိန္ဒိယ နိုင်ငံဟာ အရှေ့နီး ဒေသမှာထားရှိတဲ့ သူ့နိုင်ငံရဲ့မူဝါဒကို တရုတ်နိုင်ငံရဲ့ ပြည်ပ ဆက်ဆံရေး နဲ့ အဆင်ပြေအောင် ညှိနှိုင်းဖို့ ဖြစ်ထွန်း တိုးတက်မှု တွေကိုတုံ့ပြန်ခဲ့ပါတယ်။ 

၂၁ ရာစုနှစ်အတွင်းမှာ တရုတ်နိုင်ငံထွန်းကားတိုးတက်လာတာဟာ အိန္ဒိယနိုင်ငံရဲ့ စစ်ရေးနဲ့ လုံခြုံ  ရေးတည်ဆောက်မှုအတွက် လုံခြုံရေး  ဘေးကျပ်နံကျပ် အခြေအနေ အတွက် ပိုပြီး ဆိုးရွားလာစေတယ်။ တရုတ်ရဲ့ ပြန်လည် ရှင်သန် နိုးကြား လာတာကြောင့် အိန္ဒိယနိုင်ငံ ရဲ့အရှေ့ဘက်က အကဲစမ်းစိန်ခေါ်မှု တွေဟာ ပိုပြီး ရှုပ်ထွေး မြားမြောင် လာတယ်။ ဒါပေမဲ့လက်ရှိ ပထဝီနိုင်ငံရေး ပတ်ဝန်းကျင် အခြေအနေ မတိုင်ခင်က တရုတ်နိုင်ငံက အိန္ဒိယရဲ့ အရှေ့နီး ဒေသအငြင်းပွားမှုတွေကို  ဆယ်စုနှစ်တွေနဲ့ချီပြီး လေးစားမှု မရှိပါဘူး။ 

အာဗီနက်ရှ်ပါလီဝါးလ် (Avinash Paliwal’s) ရဲ့ ချိန်ကိုက် စာအုပ်သစ်လို့ဆိုနိုင်တဲ့ “India’s Near East A New History” စာအုပ်မှာ အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းရေးမူဝါဒကို ပုံဖော်ရာမှာ ဆယ်စုနှစ်တွေနဲ့ချီရှိခဲ့ တဲ့ တရုတ်ရဲ့အခန်း ကဏ္ဍ အကြောင်းအချက် တချို့ကို ဖော်ပြထားပါတယ်။ 

၁၉၆၂ ခုနှစ် တရုတ်နဲ့ အိန္ဒိယစစ်ပွဲမှာ တရုတ်နိုင်ငံက အောင်ပွဲရလိုက်တာဟာ ပါလီဝါးလ် ဖော်ပြသလိုဆိုရင် အိန္ဒိယနိုင်ငံရဲ့ “စစ်မျက်နှာ နှစ်ခုနဲ့တစ်ဝက်” လုံခြုံရေး ဘေးကျပ်နံကျပ် အခြေအနေကို မွေးဖွား ဖန်တီး ပေးလိုက်တာပဲ လို့ဆိုပါတယ်။ ဒီအကျပ်အတည်း အခြေအနေက အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ဒေသမှာ ဖြစ်နေတဲ့ တော်လှန် ပုန်ကန်သူ တွေရဲ့လှုပ်ရှားမှုကို အရေးယူ ဖြေရှင်းရာမှာ တရုတ်နဲ့ ပါကစ္စတန်ကိုပါ တစ်ပြိုင်နက်တည်း ဟန့်တားဖို့ လိုအပ်လာစေပါတယ်။ 

တရုတ်ပြည် ထွန်းကားတိုးတက်လာတာက အိန္ဒိယနိုင်ငံရဲ့ဒေသကြီးဆိုင်ရာ နိုင်ငံခြားရေး မူဝါဒကို အထူးသဖြင့် ကတော့ ၁၉၆၂ ခုနှစ် စစ်ပွဲ နောက်ပိုင်း အခြေအနေတွေနဲ့ ပြန်ပြီးတော့ စံကိုက်ညှိဖို့ အိန္ဒိယနိုင်ငံကို ဘယ်လို တွန်းအား ပေးခဲ့သလဲ ဆိုတာကို ပါလီဝါးလ်က အသေးစိတ် ဖော်ပြခဲ့တယ်။ အိန္ဒိယနိုင်ငံ အရှုံးနဲ့ ပြီးဆုံးခဲ့ရတဲ့ ဒီစစ်ပွဲက သူ့နိုင်ငံရဲ့ အရှေ့မြောက် နယ်ခြားဒေသက ခုခံနိုင်စွမ်းမရှိတဲ့ အားနည်း ချက်တွေကို ထုတ်ဖော် ပြသခဲ့တယ်။ ဒါ့ပြင် ဒေသကြီး အတွင်း လုံခြုံရေး အတွက် အိန္ဒိယ အစိုးရရဲ့ ချဉ်းကပ်မှု နည်းလမ်း ထူးထူးခြားခြား ပြောင်းလဲမှုတစ်ရပ် ပေါ်ပေါက်စေရေး ကိုပါ ဦးတည်စေတဲ့တယ်။ အဲဒီကိစ္စ အတွက် လက်ငင်း အကျိုး ရလဒ်တစ်ခုကတော့ အိန္ဒိယနိုင်ငံက သူ့ရဲ့နယ်စပ်ဒေသပြည်နယ် တွေ အထူးသဖြင့် တော်လှန် ပုန်ကန်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော် ပေါ်ပေါက်တဲ့ အရေးအခင်းတွေ အများဆုံးဖြစ်ရာ အချက်အချာ ဒေသတွေ အဖြစ် ဆက်လက် တည်ရှိနေကြတဲ့  အရူနာချာပရာဒေ့ရှ်၊န နာဂလန်းနဲ့ မဏိပူရ် ပြည်နယ်တွေပဲ ဖြစ်တယ်။ 

အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ဒေသမှာတရုတ်နိုင်ငံရဲ့ အခန်းကဏ္ဏဟာ မီဒီယာတွေ ရေရှည် ရေးသား ဆွေးနွေး ပြောစရာနေရာတစ်စိတ်တစ်ဒေသ ဖြစ်လာတယ်။ ပါလီဝါးလ်ရဲ့ စာအုပ်က အိန္ဒိယနိုင်ငံ အရှေ့ဘက် အိမ်နီးချင်း ဒေသတွေကို တရုတ်က ဘယ်ပုံဘယ်နည်း လိုအပ်သလို ပုံသွင်းခဲ့သလဲဆို တာကို  ဒီဖြစ်ရပ်တွေမှာ ထဲထဲဝင်ဝင် ပတ်သက်ပြီး ကိုယ်တိုင်တွေ့ကြုံ သိရှိခဲ့တဲ့ သူတွေက ပြန်ပြောပြတဲ့ အချက်အလက် တွေကိုအခြေခံထား ကိုးကားပြီး အသေးစိတ် နှိုက်နှိုက် ချွတ်ချွတ် ရေးသားဖော်ပြခဲ့ တယ်။ 

အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ဒေသက တော်လှန်ရေး လှုပ်ရှားမှုတွေကို တရုတ်က ရုပ်ဝတ္ထု ပစ္စည်း အကူအညီ အထောက်အပံ့တွေကို ဖြည့်ဆည်းပေးခဲ့တယ်။ ဒီအချက်က ထင်ရှား ကျော်ကြားတာမျိုး မရှိပေမဲ့ လူအတော် များများ ကတော့သိထားကြပြီးသား ဖြစ်တယ်။ အဲဒီအချက်ကို ပါလီဝါးလ်ရဲ့ စာအုပ်မှာ သာဓက အထောက် အထား ခိုင်ခိုင်လုံလုံနဲ့ တင်ပြထားတယ်။ လုံခြုံရေးဌာနမှာ အလုပ်လုပ်ခဲ့တဲ့ အိန္ဒိယ အစိုးရ အရာရှိဟောင်း တွေဆီကနေ ကိုယ်တွေ့ ကြုံခဲ့ရတဲ့ အချက်အလက် တွေနဲ့ တင်ပြထားတယ်။  တော်လှန်ရေး အုပ်စုတွေက အဖွဲ့ဝင်တွေနဲ့ အိန္ဒိယ အရာရှိ ဟောင်းတွေကို တွေ့ဆုံ မေးမြန်းထားတဲ့ အချက်တွေကို နောက်ခံထားပြီး အိန္ဒိယ ပြည်နယ်နဲ့ တော်လှန်ရေး အုပ်စုတွေ ကြားမှာ အွန်လိုင်းကနေ ဆွေးနွေး တဲ့ အချက်တွေ ကိုပါ အသေးစိတ် ဖော်ပြထားတယ်။ 

ပြိုင်ဖက် အင်အားကြီးနှစ်နိုင်ငံဖြစ်ကြတဲ့ တရုတ်နဲ့ အမေရိကန် ပြည်ထောင်စု တို့ဟာ အိန္ဒိယနိုင်ငံရဲ့ တရုတ်နိုင်ငံနဲ့ ဘူမိမဟာဗျူဟာယှဉ်ပြိုင်မှုကို မီးမောင်း ထိုးပြ ခဲ့တယ်။ ဒါပေမဲ့ ပါလီဝါးလ်ကတော့ အိန္ဒိယနဲ့ တရုတ် ပထဝီနိုင်ငံရေးယှဉ်ပြိုင်မှုဟာ အိန္ဒိယ နိုင်ငံခြားရေး မူဝါဒကို သိသိသာပြန်ပြီးပြောင်းလဲ စေခဲ့တယ်။ အခုအချိန်အထိ တိုင် ဒီလိုပဲ လုပ်တုန်းဖြစ်တယ်လို့ အခိုင်အမာဆိုတယ်။ 

မြန်မာနိုင်ငံကိုလဲ သာဓကတစ်ခု အဖြစ် ဖေါ်ပြတယ်။ ကနဦးပိုင်းမှာ အိန္ဒိယနိုင်ငံဟာ ၁၉၈ဝပြည့်လွန်နှစ် တွေ ကာလတုန်းက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကို ထောက်ခံအားပေးခဲ့တယ်။ ကျောက်ဖြူ ရေနက် ဆိပ်ကမ်း နဲ့ ဓာတ်ငွေ့ပိုက်လိုင်း လုပ်ငန်းစီမံကိန်းတွေ အပါအဝင် မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေခံ အဆောက်အဦမှာ တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှုတွေက အိန္ဒိယ သမုဒ္ဒရာမှာ တရုတ်နိုင်ငံ တည်ရှိမှုကို သိသိသာသာ မြှင့် တင်ပေးခဲ့တယ်။ 

ပါလီဝါးလ်က ထောက်ပြရာမှာ အိန္ဒိယနိုင်ငံက ကုလားတန်မြစ်ဝှမ်းဘက်စုံ ပို့ဆောင်ရေး ရပ်နားစခန်း လုပ်ငန်းစီမံကိန်းနဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေး လမ်းမကြီး စီမံကိန်းတွေမှာ မဟာဗျူဟာ ရင်းနှီးမြုပ်နှံမှုတွေကို ဆောင်ရွက် ခဲ့တယ်။ ဒီလိုကနဦးစတင်ဆောင်ရွက် တာတွေဟာ တရုတ်နိုင်ငံရဲ့ ဒေသကြီးအတွင်း ရပ်ဝန်းနဲ့ လမ်းမစီမံကိန်းကြီး (BRI) နဲ့ယှဉ်လိုက်ရင် အားနည်း ပြီး သေးနုပ်တယ်လို့ သူကဆိုတယ်။  

အလားတူ တလောတုန်းက ဘရာမော့စ် (Brahmos) ဒုံးကျည်စနစ် ဖိလစ်ပိုင်နိုင်ငံကို ရောင်းချတာ ဗီယက်နမ်နဲ့အင်ဒိုနီးရှားနိုင်ငံတွေကို ဒုံးကျည်တွေ ရောင်းချဖို့ စီစဉ် ထားခဲ့တာတွေ ကလည်း အရှေ့ တောင် အာရှဒေသမှာ တရုတ်ရဲ့ ပထဝီဝင် မဟာဗျူဟာအရ လွမ်းမိုးထားမှုကို တုံ့ပြန်ဖို့လိုအပ်ချက် အရ အားပေး လှုံ့ဆော် ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ အိန္ဒိယနဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံစလုံးဟာ အိန္ဒိယနဲ့ တရုတ်နယ်စပ်တလျောက်နဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ မီးခိုးရောင် ရပ်ဝန်း နည်းဗျူဟာ (gray zone tactic – နိုင်ငံတော်ဒါမှမဟုတ် အစိုးရနဲ့မဆိုင်တဲ့ လှုပ်ရှား ဆောင်ရွက်သူတွေ ယှဉ်ပြိုင်ရာ စစ်ပွဲနဲ့ငြိမ်းချမ်းရေး ကြားနယ်မြေ ဖြစ်တယ်။ ဒီနယ်မြေမှာ စစ်ရေး မဟုတ်တဲ့ လူမှုရေး ဆောင်ရွက်ချက် တွေလုပ်ပြီး နိုင်ငံက သယံဇာတ ရင်းမြစ်တွေကို တခြားနိုင်ငံ ကပါမဖြစ်မနေ အသုံးပြုလာအောင် တမင် သက်သက် ဆောင်ရွက်တဲ့ နည်းမျိုးနဲ့ယှဉ်ပြိုင် တာမျိုးဖြစ်တယ်) အရ ဖိအားပေး ဆောင်ရွက်မှု တစ်နေ့တခြား တိုးပွားလာတာကို နှစ်နိုင်ငံစလုံး ရင်ဆိုင် နေရတဲ့အလျောက် သူတို့ နှစ်နိုင်ငံ ရင်းနှီးတဲ့ ဆက်ဆံရေး တိုးတက်လာခဲ့တယ်။ 

ဂါလဝမ် ဒေသမှာ ၂ဝ၂ဝပြည့်နှစ် ဇွန်လတုန်းက ဖြစ်ပွားခဲ့တဲ့ အိန္ဒိယနဲ့တရုတ် နယ်စပ် တင်းမာမှု အရေးအခင်း အရိပ်မည်းကြီးအောက်မှာပဲ အိန္ဒိယ နိုင်ငံ နဲ့ ထိုင်ဝမ်ကျွန်း (တရုတ်တိုင်ပေ) ဆက်ဆံရေး ကလည်း ဆင့်ကဲ တိုးတက် လာတယ်။ ငါးနှစ်ကျော် ကာလအတွင်းမှာ အိန္ဒိယနဲ့ထိုင်ဝမ်တို့ရဲ့ စီးပွားရေး ဆက်ဆံမှုနဲ့ လုံခြုံရေး ပူးပေါင်း ဆောင်ရွက်တာတွေ ပိုမို နက်ရှိုင်းလာခဲ့တယ်။ အိန္ဒိယနိုင်ငံဟာ ထိုင်ဝမ်က တစ်ပိုင်း လျှပ်စီး ပစ္စည်း (semiconductor) ကုမ္ပဏီတွေကို အိန္ဒိယနိုင်ငံမှာ လာရောက် ရင်းနှိး မြုပ်နှံကြဖို့ ဖိတ်ခေါပြီး ထိုင်ဝမ် ကျွန်းနဲ့ စီးပွားရေးဆက်ဆံမှု ပိုမို အားကောင်း လာအောင် အထူးအာရုံစိုက် ဆောင်ရွက်ခဲ့တယ်။ ဒါပေမဲ့ အိန္ဒိယနဲ့ ထိုင်ဝမ်ကျွန်းတို့ အမြော်အမြင် နဲ့တွက်ချက်ပြီး ဆောင်ရွက်တဲ့ လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု တွေရဲ့ နောက်ကွယ်က အရေးပါတဲ့ အကြောင်းရင်း ကတော့ အချက်အချာ ကျတဲ့ နည်းပညာတွေမှာ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးထားတာကို လျော့ပါးအောင် ချိန်ခွင်ညှာမျှ သွားအောင် လုပ်တာပဲ ဖြစ်ပါတယ်။ 

ဘင်္ဂလားဒေ့ရှ် နိုင်ငံက အာဏာသိမ်းမှု ပေါ်ပေါက်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ အိန္ဒိယနိုင်ငံ အတွက် စိန်ခေါ်မှုကတော့ ဘင်္ဂလားဒေ့ရှ် အစိုးရအပေါ်  တရုတ်နိုင်ငံရဲ့ သြဇာ လွှမ်းမိုးမှု တိုးလာတာကို နယူးဒေလီအစိုးရက သတိပြုမိ တာပဲဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဟာ တရုတ်နိုင်ငံထုတ် လက်နက်တွေကို အများဆုံး ဝယ်တဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ် ပေါ်ထွန်းလာတာက တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ရဲ့ မဟာဗျူဟာ မိတ်ဖက် ဖြစ်တာပိုပြီး အလေး ဂရုပြုနိုင်အောင် သတိပေးလိုက်တာပဲ ဖြစ်တယ်။ 

အိန္ဒိယနိုင်ငံဟာ ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲမှာ အဓိက မဏ္ဍိုင်နေရာ ကနေ ပါဝင် ဆောင်ရွက်ခဲ့တဲ့ တိုင်အောင် ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ပြည်တွင်း နိုင်ငံရေး အခြေအနေနဲ့ တရုတ် နိုင်ငံရဲ့ ပြည်ပ စီးပွားရေး အကူအညီ ပေးမှုတိုးချဲ့ လုပ်ကိုင်တာ တွေကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရ ကို အိန္ဒိယနိုင်ငံရဲ့ သြဇာ လွှမ်းမိုးမှုဟာ အတက်အကျတွေနဲ့ မတည်မငြိမ် ဖြစ်ခဲ့ရတယ်။ ပက်ဒမာမြစ်ကူး တံတားကြီး နဲ့ ရေနက် ဆိပ်ကမ်းတွေ အပါအဝင် စီးပွားရေးအခြေခံ အဆောက်အဦ ဆိုင်ရာ လုပ်ငန်း စီမံကိန်းကြီး တွေမှာ တရုတ်ပြည်ရဲ့ ရင်းနှီးမြုပ်နှံမှု အပါအဝင် တရုတ်နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် တို့ရဲ့ စီးပွားရေး ဆက်သွယ်မှု တိုးမြင့်လာ တာက ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အိန္ဒိယက အစဉ် အလာအရ လွှမ်းမိုးထားနိုင် တာကို ဘယ်နည်းဘယ်ပုံ အကဲစမ်း စိန်ခေါ်နေတာနဲ့ စပ်လျဉ်းလို့ ပာလီဝါးလ်က အထူး အလေးထား ဖော်ပြခဲ့တယ်။ 

၂ဝ၂၄ ခုနှစ် အောက်တိုဘာလ အတွင်း တရုတ်နဲ့ အိန္ဒိယတို့ဟာ ၂ဝ၂ဝပြည့်နှစ် ကတည်းက  လာဒက် အရှေ့ပိုင်းဒေသမှာ အခရာကျတဲ့ တင်းမားမှုတွေဖြစ်ပွားခဲ့ရာ အချက်အချာ နေရာနှစ်ခုမှာရှိတဲ့  သူတို့ရဲ့ တပ်ဖွဲ့တွေ ဆက်ပြီးတော့မတိုက်တော့ဘဲ တပ်ဆုတ်ဖို့ သဘောတူခဲ့ကြတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရကို တရုတ်ကထောက်ခံအားနေတာကို အိန္ဒိယက တုံ့ပြန်ရာမှာ စီးပွားရေးအရ မက်လုံးပေးတာနဲ့ မဟာဗျူကျတဲ့ သံခင်း တမန်ခင်း နည်းလမ်း နှစ်မျိုး ရောထွေး နေတယ်။ အိန္ဒိယက ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ချေးငွေ ထုတ်ချေးတဲ့ လမ်းကြောင်းကို တိုးချဲ့လိုက်ပြီး နှစ်နိုင်ငံကုန်သွယ်ရေးကို အားဖြည့် ခဲ့တယ်။ ဒါပေမဲ့ တရုတ်ရဲ့ အင်အား ကောင်းလှတဲ့ ငွေကြေး အထောက်အကူနဲ့ လျင်မြန်လှတဲ့ လုပ်ငန်း စီမံကိန်း ကြီးတွေ အကောင်အထည် ဖော်ဆောင်ရွက်မှု တွေကပိုမို ကောင်းမွန်တဲ့ အခွင့်ထူးတွေကို ပေးခဲ့တယ်။ 

ပြည်တွင်းမှာတော့ အိန္ဒိယနိုင်ငံရဲ့ စက်မှုလုပ်ငန်းမူဝါဒဟာ တရုတ် အစိုးရက ချမှတ် ထားတဲ့ စီးပွားရေး မူဝါဒအရ ပို့ကုန် မြှင့်တင်ရေး စီးပွားရေးပုံစံကြောင့် ပြောင်းလဲ ပုံဖော်မှုတွေ တိုးလာတယ်။ ၂ဝ၂၄ ဘဏ္ဍာရေးနှစ်မှာ အိန္ဒိနိုင်ငံရဲ့ ကုန်သွယ်ရေး လိုငွေပြတာဟာ  ဒေါ်လာ ၈၅ ဘီလီယံ အထိ ရောက်ရှိခဲ့တယ်။ ၂ဝ၂၄ ခုနှစ် ဧပြီလကနေ အောက်တိုဘာလအထိ  စုစုပေါင်းဒေါ်လာ  ၆၅.၈၉ ဘီလီယံ တန်ဖိုး ကုန်ပစ္စည်းတွေ တင်သွင်းခဲ့ပြီး တရုတ်ပြည်ဟာ အိန္ဒိယရဲ့ အကြီးဆုံး သွင်းကုန်နိုင်ငံ အဖြစ် ဆက်ပြီး ရပ်တည် ခဲ့တယ်။ အဲဒီမတိုင်ခင် နှစ်ကနဲ့ နှိုင်းယှဉ်ရင် ၉.၈ ရာခိုင်နှုန်းတိုးလာတာကို ထင်ဟပ် ဖော်ပြ နေတာပဲ ဖြစ်တယ်။ အဲဒီကာလအတွင်းမှာပဲ အိန္ဒိယနိုင်ငံ ကနေ တရုတ်ကို တင်ပို့တဲ့ ပို့ကုန် တန်ဖိုးဟာ ၉.၃၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အလားတူ ကာလအတွင်း ဒေါ်လာ ၈ ဘီလီယံ ဖိုးဘဲရှိပါတယ်။ တရုတ် နဲ့ကုန်သွယ်ရေးမှာ အိန္ဒိယ နိုင်ငံဘက်က လိုငွေပြတာက အိန္ဒိယနိုင်ငံကို သူ့ရဲ့အဓိက မဟာဗျူဟာ ပြိုင်ဖက်နိုင်ငံနဲ့ ကုန်သွယ်ရေးအရ အချင်းချင်း အပြန်အလှန် မှီခိုမှုနဲ့ စပ်လျဉ်းလို့ နိုးနိုးကြားကြားနဲ့ သတိ ဝိရီယရှိဖို့ ဖန်တီး ပေးလိုက်တယ်။ 

၂ဝ၂၄ ခုနှစ် အောက်တိုဘာလ အတွင်း တရုတ်နဲ့ အိန္ဒိယတို့ဟာ ၂ဝ၂ဝပြည့်နှစ် ကတည်းက  လာဒက် အရှေ့ပိုင်းဒေသမှာ အခရာကျတဲ့ တင်းမားမှုတွေဖြစ်ပွားခဲ့ရာ အချက်အချာ နေရာနှစ်ခုမှာရှိတဲ့  သူတို့ရဲ့ တပ်ဖွဲ့တွေ ဆက်ပြီးတော့မတိုက်တော့ဘဲ တပ်ဆုတ်ဖို့ သဘောတူခဲ့ကြတယ်။ ဒါပေမဲ့ တပ်ဆုတ်ဖို့ သဘောတူ ခဲ့တဲ့တိုင် အိန္ဒိယ နိုင်ငံတပ်မတော် အကြီးအကဲ ဦးစီးချုပ်ရဲ့ မကြာသေးခင်က ပြောကြားတဲ့ သဘောထား မှတ်ချက်အရ ဆိုရင် တရုတ်နဲ့ အိန္ဒိယတို့ဟာ လာဒက်အရှေ့ပိုင်းဒေသမှာ ဘယ် ဘက်ကမှ အနိုင်မရဘဲ  လိပ်ခဲတည်းလည်း အခြေအနေဖြစ်ကာ တင်းမာမှု အချိန်မရွေး ထဖြစ်နိုင်တဲ့ အခြေအနေမှာ ပိတ်မိနေဆဲ ဖြစ်တယ်လို့သိရတယ်။ 

၂ဝ၂ဝပြည့်နှစ် လာဒက်ဒေသမှာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ပစ်ခတ် တိုက်ခိုက်တာတွေ ဖြစ်ပွား ခဲ့ပြီးတဲ့နောက်ပိုင်း ပိတ်ထားခဲ့ရတဲ့ ကုန်သွယ်မှုကို ပြန်ပြီး ဆောင်ရွက်ဖို့ တရုတ်က လိုလား တယ်။ ဒါပေမဲ့ တရုတ်က ကုန်သွယ်ရေးနဲ့ ရင်းနှီး မြုပ်နှံမှုလုပ်ငန်းတွေ ပြန်စဖို့ကို အိန္ဒိယနိုင်ငံရဲ့ စီပွားရေး စီမံကိန်းထူထောင်မှု အတွင်း ပြင်းပြင်းထန်ထန် အခြေအတင် ဆွေးနွေးပွဲ ပြီးတဲ့နောက်ပိုင်းမှ ကမ်းလှမ်းမှု စတင်လာတာ ဖြစ်တယ်။ ၂ဝ၂၄ခုနှစ် အောက်တိုဘာလအတွင်းက အိန္ဒိယနိုင်ငံရဲ့ ဘဏ္ဏာရေး ဝန်ကြီး နီမာလာ စီတာရာမန်က ပြောကြား ရာမှာ “ကျွန်မတို့ စီးပွားရေး လုပ်ငန်းတွေ လိုချင်တယ်။ ကျွန်မတို့ ရင်းနှီးမြုပ်နှံမှုတွေ လိုချင်ပါတယ် ဒါပေမဲ့ ကျွန်မတို့ လုံခြုံ စိတ်ချရတာကိုလည်း လိုချင်ပါတယ်။ အိန္ဒိယနိုင်ငံဟာ အတော့်ကို အမှားအယွင်း အတိမ်း အစောင်းမခံတဲ့ အိမ်နီးချင်းနိုင်ငံ တစ်နိုင်ံရှိတယ်။ ဒါကြောင့်မို့ ကျွန်မကတော့ FDI (Foreign Direct Investment) လို့ခေါ် တဲ့ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြုပ်နှံမှုမျိုးကို ဘယ်နိုင်ငံကနေ လာတယ်ဆိုတာ မစဉ်းစား မဆင်ခြင်ဘဲ မျက်စိစုံမှိတ်ပြီး မကြိုဆိုပါဘူး” လို့ပြောကြား လိုက်တယ်။ 

စီတာရာမန်ရဲ့ သဘောထားမှတ်ချက်ဟာ အိန္ဒိယနိုင်ငံ စီးပွားရေး အကြံပေး အရာရှိရဲ့ စောစောပိုင်း အစီရင်ခံစာ တစ်ခုမှာ တရုတ်နိုင်ငံနဲ့ စီးပွားရေး ဆက်ဆံမှု ပုံမှန် ပြန်ဖြစ်စေရေး အတွက် တိုက်ရိုက် ရင်းနှိးမြုပ်နှံမှုတွေကို ပိုပြီးတော့ ထောက်ခံ အားပေးတယ် ဆိုတာကို တုံ့ပြန်ပြောကြား လိုက်တာ ဖြစ်တယ်။ 

၂ဝ၂၄ ဇူလိုင်လမှာ ထုတ်ဝေတဲ့ အိန္ဒိယနိုင်ငံ စီးပွားရေးစစ်တမ်း စာစောင်မှာ “ဒီလို ရွေးချယ်မှု တွေထဲမှာ တရုတ်နိုင်ငံက နိုင်ငံခြား တိုက်ရိုက်ရင်နှိးမြုပ်နှံမှုကို အဓိက အာရုံစိုက် ဆောင်ရွက်တာဟာ အိန္ဒိယနိုင်ငံရဲ့ ပို့ကုန်တွေ အမေရိကန် ပြည်ထောင်စုကို ပိုပြီး တင်ပို့နိုင်ဖို့ အလားအလာ ကောင်းတွေ ပေါ်လာမယ့် ပုံရှိပြီး အရှေ့အာရှ စီးပွားရေး အင်အားကောင်းတဲ့ နိုင်ငံကြီးတွေ အရင်က ဘယ်လို ဆောင်ရွက်ခဲ့သလဲ ဆိုတာနဲ့ အလားတူဖြစ်တယ်” လို့ဖော်ပြထားပါတယ်။ 

   ဒါပေမဲ့လို့  ၂ဝ၂၅ခုနှစ်ဇန်နဝါရီလမှာထုတ်ပြန်တဲ့ နောက်ဆုံး စီးပွားရေး စစ်တမ်း မှာတော့ တရုတ်ပြည်ကို ကုန်သွယ်ရေးအရ မှီခိုအားထားမှုဟာ အလားအလာ ရှိတဲ့ ပြဿနာတွေနဲ့ အန္တရာယ်တွေကို ခွဲခြား သိမြင်ဖို့နဲ့ သတိပြုဖို့လိုအပ်တယ်လို့ ဒီစစ်တမ်းရဲ့ စောစောပိုင်းက သဘောထားမှတ်ချက်တွေကို ပြန်ပြီး ညှိနှိုင်း ပြင်ဆင် ဖော်ပြထားတယ်။ 

အခုအချိန်မှာတော့ အိန္ဒိယနိုင်ငံရဲ့စီးပွားရေးနဲ့လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်တဲ့ စီမံခန့်ခွဲမှုဟာ တရုတ်ပြည်ရဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံနဲ့ ကျန်ကမ္ဘာ့ နိုင်ငံတွေမှာပဲ ကျင့်သုံတဲ့ တရုတ်ရဲ့ ကျွမ်းကျင်တဲ့ စီမံခန့်ခွဲမှု တွေကို တုံ့ပြန်မှုတွေ တိုးပြီး ဆောင်ရွက် နေပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေကို တရုတ်ပြည်ရဲ့ သြဇာ လွမ်းမိုးမှုဟာ ပါလီဝါးလ် စာအုပ်မှာ ဖော်ပြထားသလို သမိုင်းစဉ်အတော် ရှည်လျား ခဲ့တာပါ။ ဒါပေမဲ့ ပီကင်း အစိုးရ ကျွမ်းကျင်စွာ ဆောင်ရွက်မှုအသစ်တွေကြောင့် ပေါ်လာတဲ့ အကဲစမ်း စိန်ခေါ်မှု အသစ်တွေဟာ အခုအခါမှာ တရုတ်ရဲ့ လုပ်ရပ်တွေ အတွက် အိန္ဒိယက ထားရှိတဲ့ နိုင်ငံခြားရေးနဲ့ ပြည်တွင်းရေးရာ မူဝါဒတွေနဲ့ အနုစိတ်ကို ဆက်နွယ် နေတဲ့အကြောင်း ဖော်ပြလိုက်ရပါတယ်။ 

ရည်ညွန်း-  Aadil Brar : How India ‘s China Chllenge is Reshaping Its Domestic and Foreign Policy, The Diplomat ,February 13, 2025. 

Click to rate this post!
[Total: 1 Average: 5]