The Corner

The Corner

cropped-Logo_round_grey-background.png

ကာဗွန်မိုနော့ဆိုက် အသုံးပြုမှု (သို့မဟုတ်) စက်ဘီးစီး အားကစား လောကအတွက် စိန်ခေါ်မှု အသစ်

Share မယ်

ကာဗွန်မိုနော့ဆိုဒ် (CO) အန္တရာယ်  

ကာဗွန်မိုနော့ဆိုဒ်ဆိုတာ လူ့ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို တော်တော်ထိခိုက်စေနိုင်တဲ့ ဓာတ်ငွေ့ပါ။ (chemical formula: CO) အရောင်လည်းမရှိ၊ အနံ့လည်းမရှိတော့ လူတွေက မျက်စိနဲ့လည်း မမြင်နိုင်၊ အနံ့ခံလို့လည်း မသိနိုင်ဘူး။ နှစ်တိုင်း ကမ္ဘာတဝှမ်းမှာ လူပေါင်း သုံးသောင်းလောက်က အိမ်သုံးမီးဖိုတွေ၊ ကားအိတ်ဇောတွေ၊ မီးလောင်တာတွေကနေ ထွက်တဲ့ ဒီကာဗွန်မိုနော့ဆိုဒ်ကြောင့် အသက်ဆုံးရှုံးနေရတယ်။ အန္တရာယ်ရှိတဲ့ ဒီဓာတ်ငွေ့ကို ရှူမိရင် သွေးထဲက ဟေမိုဂလိုဘင်နဲ့ ပေါင်းပြီး အောက်ဆီဂျင် သယ်တာကို တားဆီးလို့ အသက်ရှူလမ်းကြောင်းကို ပိတ်ပြီး အသက်အန္တရာယ်ကိုတောင် ဖြစ်စေနိုင်တယ်။ 

ဒါပေမဲ့ အခု သိပ္ပံပညာရှင်တွေ၊ အားကစားသမားတွေနဲ့ အားကစားလောကက ကျွမ်းကျင်သူတွေက ကာဗွန်မိုနော့ဆိုဒ်က အားကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင် ပေးနိုင်လားဆိုတာကို အလေးအနက် စဉ်းစားဆွေးနွေးနေကြတယ်။ တချို့ သုတေသနတွေအရ ကာဗွန်မိုနော့ဆိုဒ် နည်းနည်း သုံးရင် အားကစားသမားတွေရဲ့ ခံနိုင်ရည်အားကို တိုးတက်စေနိုင်တယ်လို့ တွေ့ရတယ်။ စက်ဘီးသမား တွေက CO ကို နည်းနည်းလေး၊ ထိန်းချုပ်ပြီး ရှူသွင်းတာပါ။  အဲလိုလုပ်ရင် ခန္ဓာကိုယ်က အောက်ဆီဂျင် မလုံလောက်ဘူးလို့ ထင်ပြီး သွေးနီဥတွေ ပိုထုတ်မယ်လို့ ယူဆကြတယ်။  အဲဒါက အောက်ဆီဂျင် သယ်နိုင်စွမ်းကို တိုးစေပြီး ခံနိုင်ရည်ကို ပိုကောင်းစေနိုင်တယ်။ ဒါပေမဲ့ CO အများကြီး ရှူမိဖို့ အရမ်းလွယ်တယ်၊ အဲလိုဆိုရင် ကျန်းမာရေး ပြဿနာတွေ အများကြီး ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် သေတောင် သေနိုင်တယ်။

UCI ရဲ့ အခန်းကဏ္ဍ  

 ဒီဓာတ်ငွေ့ရဲ့ အန္တရာယ်များတဲ့ သဘောသဘာဝနဲ့ အားကစားလောကမှာ တရားမျှတမှုရှိအောင် ဒီဓာတ်ငွေ့ကို သုံးတာနဲ့ ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ဖို့ လိုတယ်လို့လည်း အများက ထောက်ပြနေကြတယ်။ ဒါကြောင့် ကာဗွန်မိုနော့ဆိုဒ်နဲ့ ပတ်သက်တဲ့ ရှုပ်ထွေးတဲ့ အခြေအနေတွေက အားကစားလောကအတွက် စိန်ခေါ်မှုတွေ အများကြီး ဖြစ်စေတယ်။ 

နိုင်ငံတကာ စက်ဘီးစီး အဖွဲ့ချုပ်  (Union Cycliste Internationale) ဆိုတာ ပရော်ဖက်ရှင်နယ် စက်ဘီးစီး အားကစားရဲ့ နိုင်ငံတကာ အုပ်ချုပ်ရေး အဖွဲ့အစည်း တစ်ခုပါ။ သူတို့က စက်ဘီးစီး အားကစားနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေတွေနဲ့ စံချိန်စံညွှန်းတွေကို ချမှတ်ဖို့ တာဝန်ယူထား ပါတယ်။ တချို့ ပရော်ဖက်ရှင်နယ် စက်ဘီးစီးအားကစားသမားတွေက ကာဗွန်မိုနော့ဆိုဒ် ဓာတ်ငွေ့ကို သုံးပြီး မရိုးမသား လုပ်နိုင်တယ်လို့ သူတို့က စိုးရိမ်နေကြတယ်။ အားကစားသမားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အပြင် အားကစားလောကရဲ့ တရားမျှတမှု ကိုလည်း ပျက်ပြားစေနိုင်လို့ UCI က ဒီကိစ္စကို အလေးအနက် စုံစမ်းစစ်ဆေးနေတယ်။ 

ဇန်နဝါရီ ၃၁ ရက်နေ့မှာ လုပ်တဲ့   UCI  အစည်းအဝေးမှာ သိပ္ပံနည်းကျ သုတေသနတွေ၊ ဆေးဘက် ဆိုင်ရာ အထောက်အထားတွေနဲ့ အားကစားသမားတွေရဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို အခြေခံပြီး စက်ဘီးစီးအားကစားသမားတွေကို ကာဗွန်မိုနော့ဆိုဒ်ဓာတ်ငွေ့ သုံးတာကို တားမြစ်ဖို့ အကြံပြုချက်တွေ ထုတ်ပြန်ဖို့ တိုင်ပင်ဆွေးနွေးကြတယ်။ 

WADA ရဲ့ ပါဝင်ပတ်သက်မှု  

ဒါ့အပြင် အဲဒီအစည်းအဝေးမှာ UCI က ကမ္ဘာ့တားမြစ်ဆေး  တိုက်ဖျက်ရေးအဖွဲ့  (World Anti-Doping Agency) ကို ဒီကာဗွန်မိုနော့ဆိုဒ်ဓာတ်ငွေ့ကို ပုံမှန်သုံးတာက အားကစား စည်းမျဉ်းစည်းကမ်းအရ မရိုးမသားလုပ်တာလို့ သတ်မှတ်နိုင်လားဆိုတာကို အမြန်ဆုံး ဆုံးဖြတ်ပေးဖို့ တရားဝင် တောင်းဆိုဖို့ ရည်ရွယ်ထားတယ်။ WADA ရဲ့ ဆုံးဖြတ်ချက်က UCI ရဲ့ ရှေ့ဆက်လုပ်မယ့် လုပ်ငန်းစဉ်တွေအတွက် အရေးကြီးတဲ့ အခြေခံအချက်တစ်ခု ဖြစ်လာမယ်လို့ ယူဆရတယ်။ 

အခုချိန်ထိ ပရော်ဖက်ရှင်နယ် စက်ဘီးစီးအားကစားလောကမှာ ကာဗွန်မိုနော့ဆိုဒ်ဓာတ်ငွေ့ သုံးတာကို တရားဝင် တားမြစ်ထားတဲ့ ပြဋ္ဌာန်းချက်တွေ မရှိသေးဘူး။ ဒါပေမဲ့ တချို့ ပရော်ဖက်ရှင်နယ် အားကစား အသင်းတွေက သူတို့ရဲ့ စက်ဘီးစီး အားကစားသမားတွေရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုအခြေအနေနဲ့ စွမ်းဆောင်ရည်ကို တိုင်းတာစစ်ဆေးဖို့ ကာဗွန်မိုနော့ဆိုဒ်ဓာတ်ငွေ့ကို တကယ်သုံးနေကြတယ်။ ဒီဓာတ်ငွေ့ကို သုံးရင် အားကစားသမားတွေရဲ့ သွေးထဲမှာ အောက်ဆီဂျင် သယ်ဖို့ အရေးကြီးတဲ့ ဟေမိုဂလိုဘင် ပမာဏကို တိုင်းတာလို့ ရတယ်။  ဒီနည်းလမ်းကို သုံးပြီး ကာဗွန်မိုနော့ဆိုဒ်ဓာတ်ငွေ့ကို စမ်းသပ်တိုင်းတာမှုတွေ လုပ်ကြောင်း ကမ္ဘာကျော် ထိပ်တန်း စက်ဘီးစီးအားကစားသမားတွေဖြစ်တဲ့  TadejPogacarနဲ့    JonasVingegaard   တို့လို အားကစားသမား တွေကပြောထားပြီး အဲလို လုပ်တာ ကိုလည်း အားကစား စည်းမျဉ်းစည်းကမ်းတွေ အရ ခွင့်ပြု  ထားတယ်။ 

ပြီးခဲ့တဲ့နှစ်အတွင်း တချို့ ပရော်ဖက်ရှင်နယ် အားကစားအသင်းတွေက သူတို့ရဲ့ အားကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို တိုးတက်စေဖို့ ကာဗွန်မိုနော့ဆိုဒ်ဓာတ်ငွေ့ကို သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း တွေထက် ကျော်ပြီး အများကြီး သုံးနေနိုင်တယ်လို့ Escape Collective ဆိုတဲ့ စက်ဘီးစီး အားကစားသတင်း ဝက်ဘ်ဆိုက်တစ်ခုက ဖော်ပြထားတယ်။ 

ကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်မှု 

ဒီစိုးရိမ်မှုတွေက အားကစားလောကအတွင်း တရားမျှတမှုနဲ့ အားကစားသမားတွေရဲ့ ကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို ဖြစ်ပေါ်စေခဲ့တယ်။ ဒါကြောင့် ကာဗွန်မိုနော့ဆိုဒ်ဓာတ်ငွေ့ သုံးတာနဲ့ ပတ်သက်ပြီး အားကစားလောကအတွင်း ဆွေးနွေးငြင်းခုံမှုတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ဖို့ လိုတယ်လို့ အများအပြား ထောက်ပြနေကြတယ်။ 

ဒီအခြေအနေက တကယ်ကို အံ့သြစရာကောင်းတယ်။ ဘာလို့လဲဆိုတော့ ကာဗွန်မိုနော့ဆိုဒ်ဓာတ်ငွေ့က လူတွေရဲ့ ကျန်းမာရေးကို အန္တရာယ်ပြုနိုင်တဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်ငွေ့ဖြစ်ပေမဲ့ အားကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို တိုးတက်စေနိုင်တဲ့ အလားအလာတွေလည်း ရှိနေလို့ပဲ။ လူတွေရဲ့ ခန္ဓာကိုယ်ထဲက ဟေမိုဂလိုဘင်ရဲ့ အဓိကအလုပ်က အောက်ဆီဂျင်ကို ခန္ဓာကိုယ်အနှံ့ သယ်ပေးဖို့ပဲ။ ဒါပေမဲ့ ကာဗွန်မိုနော့ဆိုဒ်ဓာတ်ငွေ့က အောက်ဆီဂျင်ဓာတ်ငွေ့ထက် ဟေမိုဂလိုဘင်နဲ့ ပိုပြီး ခိုင်မာစွာ ချိတ်ဆက်နိုင်တယ်။ ဒါကြောင့် သွေးနီဥတစ်ခုထဲမှာ ကာဗွန်မိုနော့ဆိုဒ်ဓာတ်ငွေ့ ပါနေရင် အောက်ဆီဂျင်ဓာတ်ငွေ့ကို သယ်နိုင်စွမ်း လျော့သွားတယ်။ ကာဗွန်မိုနော့ဆိုဒ်ဓာတ်ငွေ့ အများကြီး ပါလာရင် အသက်ရှူလမ်းကြောင်းကို ပိတ်ပြီး အသက်ရှူကျပ်တာကို ဖြစ်စေနိုင်တယ်။ ဒါပေမဲ့ နည်းနည်းလောက် ပါလာရင် ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင် လုံလောက်အောင် မရနိုင်တဲ့ အခြေအနေကို ဖန်တီးပေးနိုင်တယ်။ အဲဒီလို အခြေအနေမျိုး ကြာကြာဖြစ်လာရင် လူတွေရဲ့ ခန္ဓာကိုယ်က အဲဒီပြဿနာကို ဖြေရှင်းဖို့ သွေးနီဥတွေကို ပိုထုတ်ဖို့ ကြိုးစားလာတယ်။ 

ဒီဖြစ်စဉ်က ခံနိုင်ရည်ကောင်းတဲ့ အားကစားသမားတွေအတွက် တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်။ ဘာလို့လဲဆိုတော့ သွေးနီဥတွေ များလာရင် ကြွက်သားတွေဆီ အောက်ဆီဂျင်ဓာတ်ငွေ့ ပိုရောက်နိုင်တယ်၊ အထူးသဖြင့် အချိန် ကြာကြာ  ပြိုင်ပွဲတွေမှာ သူတို့ရဲ့ စွမ်းဆောင်ရည်ကို အမြင့်ဆုံးအထိ မြှင့်တင်ပေးနိုင်လို့ပဲ။ ပရော်ဖက်ရှင်နယ် အားကစားသမားတွေက သူတို့ရဲ့ သွေးနီဥအရေအတွက်ကို တိုးမြှင့်ဖို့ အောက်ဆီဂျင်နည်းတဲ့ အမြင့်ပိုင်းနေရာတွေမှာ မကြာခဏ လေ့ကျင့်ကြတယ်။ အဲလိုလုပ်လို့ ရလာတဲ့ အပို အောက်ဆီဂျင်ဓာတ်ငွေ့က သူတို့ အနိမ့်ပိုင်းမှာ ပြိုင်တဲ့အခါ တော်တော် အထောက်အကူ ဖြစ်စေတယ်။ ဥပမာ၊ တောင်မြင့်တွေမှာ လေ့ကျင့်တာက ခန္ဓာကိုယ်ကို အောက်ဆီဂျင်နည်းတဲ့ ပတ်ဝန်းကျင်နဲ့ အသားကျစေပြီး သွေးနီဥတွေ ထုတ်တာကို အားပေးတယ်။ ဒါကြောင့် အနိမ့်ပိုင်းမှာ ပြိုင်တဲ့အခါ အားကစားသမားတွေက အောက်ဆီဂျင် ပိုရလို့ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်တယ်။ 

၂၀၂၄ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ နောက်ထပ် သုတေသနတစ်ခုအရ အမြင့်ပိုင်းလေ့ကျင့်မှုနဲ့အတူ ကာဗွန်မိုနော့ဆိုဒ်ဓာတ်ငွေ့ သုံးတာက အမြင့်ပိုင်းလေ့ကျင့်မှုတစ်ခုတည်းထက် အားကစားသမားတွေကို ပိုပြီး အထောက်အကူပြုနိုင်တယ်လို့ တွေ့ရတယ်။

EPO နဲ့ နှိုင်းယှဉ်မှု  

တိုက်ရိုက် သွေးနီဥတွေ ပိုထုတ်ဖို့ ခန္ဓာကိုယ်ကို ကူညီပေးတဲ့ EPO (erythropoietin) ဆိုတဲ့ တားမြစ်ဆေးကို သုံးတာရဲ့ နောက်ကွယ်မှာလည်း အဲဒီလို အယူအဆပဲ။ EPO က ခန္ဓာကိုယ်ထဲမှာ သွေးနီဥတွေ ထုတ်တာကို နှိုးဆွပေးလို့ အားကစားသမားတွေက ခံနိုင်ရည်အားကို မြှင့်တင်နိုင်တယ်။ ဒါပေမဲ့ EPO သုံးတာက အားကစားလောကမှာ တရားမဝင်ဘူး၊ အားကစားသမားတွေရဲ့ ကျန်းမာရေးကိုလည်း ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တယ်။ 

သိပ္ပံနည်းကျ သုတေသနတွေအရ ကာဗွန်မိုနော့ဆိုဒ်ဓာတ်ငွေ့က အားကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ကြောင်း အထင်အရှား ပြထားတယ်။ ၂၀၂၀ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ ကာဗွန်မိုနော့ဆိုဒ်ဓာတ်ငွေ့ နည်းနည်းကို သုံးပတ်ကြာ တစ်နေ့ ငါးကြိမ်    ရှူသွင်းရင် အားကစားသမားတွေရဲ့ ဟေမိုဂလိုဘင် အဆင့်ကို ၅% လောက် တိုးပေးနိုင်တယ်လို့ တွေ့ရတယ်။ ဒါ့အပြင် ခံနိုင်ရည်မြင့်မားတဲ့ အားကစားတွေအတွက် အရေးကြီးတဲ့ ခန္ဓာကိုယ်က အောက်ဆီဂျင်ကို ဘယ်လောက်ကောင်းကောင်း သုံးနိုင်လဲဆိုတာကိုလည်း တိုးတက်စေတယ်လို့ တွေ့ရတယ်။  

၂၀၂၄ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ နောက်ထပ် သုတေသနတစ်ခုအရ အမြင့်ပိုင်းလေ့ကျင့်မှုနဲ့အတူ ကာဗွန်မိုနော့ဆိုဒ်ဓာတ်ငွေ့ သုံးတာက အမြင့်ပိုင်းလေ့ကျင့်မှုတစ်ခုတည်းထက် အားကစားသမားတွေကို ပိုပြီး အထောက်အကူပြုနိုင်တယ်လို့ တွေ့ရတယ်။ ဆိုလိုတာက ကာဗွန်မိုနော့ဆိုဒ်ဓာတ်ငွေ့ သုံးတာက အားကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တဲ့ အလားအလာကောင်းတွေ ရှိနေတယ်လို့ ထင်ရှားစွာ ပြနေတယ်။ ဒါပေမဲ့ ကာဗွန်မိုနော့ဆိုဒ် ဓာတ်ငွေ့က အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်ငွေ့တစ်မျိုးဆိုတော့ အားကစားလောကမှာ သုံးတာနဲ့ ပတ်သက်ပြီး သတိထားဖို့ လိုတယ်။ 

ကာဗွန်မိုနော့ဆိုဒ်ဓာတ်ငွေ့က EPO လို စွမ်းဆောင်ရည် မြှင့်တင်မှု အာနိသင် မပြင်းပေမဲ့ အားကစားလောကမှာ မရိုးမသား လုပ်ဖို့ ကြိုးစားနေတဲ့သူအတွက် တော်တော် အသုံးဝင်နိုင်သေးတယ်။ အဓိက အကြောင်းရင်းတစ်ခုက ဒီဓာတ်ငွေ့က ခန္ဓာကိုယ်ထဲက မြန်မြန် ထွက်သွားလို့ သုံးကြောင်းကို ဖုံးကွယ်ဖို့ ပိုလွယ်တာပဲ။ ဥပမာ၊ သွေးစစ်ရင် တွေ့ရင် ကားအိတ်ဇောက ထွက်တဲ့ ဓာတ်ငွေ့တို့၊ မီးလောင်ရာက ထွက်တဲ့ မီးခိုးတို့လို တခြားဟာတစ်ခုခုက ရတာလို့ လွယ်လွယ် ငြင်းလို့ရတယ်။ ဒါပေမဲ့ စတီးရွိုက်တို့ EPO တို့လို တားမြစ်ဆေးတွေ သုံးလို့ မိရင် ရှင်းပြဖို့ တော်တော် ခက်တယ်။ 

စည်းမျဉ်းတွေ လိုအပ် 

ဒါ့အပြင် ကာဗွန်မိုနော့ဆိုဒ်ဓာတ်ငွေ့ကို ဆေးပညာမှာ တရားဝင် ရည်ရွယ်ချက်တွေ အများကြီးနဲ့ သုံးနေလို့ ဘယ်သူမှ သတိမထားမိဘဲ လူတွေက အလွဲသုံးစားလုပ်ဖို့ ပိုလွယ်တယ်။ လူတွေ ဘယ်လောက် သုံးနိုင်လဲဆိုတာ စည်းမျဉ်းစည်းကမ်းတွေ ချဖို့ ကြိုးစားတာက အာဏာပိုင်တွေအတွက် တော်တော် ခက်လိမ့်မယ်။ ၂၀၁၄ ခုနှစ်မှာ WADA က ကာဗွန်မိုနော့ဆိုဒ်ဓာတ်ငွေ့နဲ့ အလားတူ အကျိုးကျေးဇူး တွေရှိတဲ့ ဇီနွန်နဲ့ အာဂွန်လို တခြားဓာတ်ငွေ့တွေကို တားမြစ်ခဲ့တယ်။ 

အားကစားသိပ္ပံပညာရှင် ဒေါက်တာတပ်ကာက မကြာသေးခင်က ပရော်ဖက်ရှင်နယ် စက်ဘီးစီးတာတွေ အရှိန် ပိုမြန်လာတာကို သတိထားမိတယ်။ ဒါက စက်ဘီးကောင်းတာတို့၊ လေ့ကျင့်မှုကောင်းတာတို့၊ ပြိုင်ပွဲတွေမှာ အာဟာရကောင်းတာတို့ကြောင့် ဖြစ်နိုင်တယ်။ ဒါပေမဲ့ ပရော်ဖက်ရှင်နယ် စက်ဘီးစီးတာတွေမှာ အရင်က မရိုးမသားလုပ်တာတွေ ရှိခဲ့တော့ လူတွေက ဘယ်လိုတွေးရမလဲ မသေချာဘူး။ ကာဗွန်မိုနော့ဆိုဒ်ဓာတ်ငွေ့က အရှိန်မြန်တာကို ဖြစ်စေလား၊ မဖြစ်စေဘူးလား …  ဘာပဲဖြစ်ဖြစ် အားကစား မှာ   တရားမျှတစေဖို့ အာဏာပိုင်တွေက အဲဒါကို လုံးဝ တားမြစ်ဖို့ ဆုံးဖြတ်နိုင်တယ်။ 

SOURCE:  Riding high, The Economist, Feb, 2025 

Click to rate this post!
[Total: 0 Average: 0]