The Corner

The Corner

cropped-Logo_round_grey-background.png

အရှေ့အလည်ပိုင်းအတွက် မရေရာတဲ့ ထရမ့်ရဲ့ လက်ဆောင်

Share မယ်

[ဒေါ်နယ်ထရမ့်ရဲ့ ပါလက်စတိုင်းသားတွေကို ငရဲတွင်းမှ နှင်ထုတ်ရေးစီမံချက်ဟာ အင်ပါယာ အရှင်သခင်ရဲ့ စိတ်ကူးယဉ်အိပ်မက်လေလား၊ သို့မဟုတ် စေ့စပ်ညှိနှိုင်းရေး ပရိယာယ်ပေပဲလား။] 

ဂါဇာသားတွေဟာ ဟားမာ့စ်နဲ့ အစ္စရေးတို့အကြား ဖြစ်ပွားနေတဲ့ တစ်ဆယ့် ငါးလကြာ စစ်ပွဲအတွင်းမှာ ကြီးစွာသော ဒုက္ခတွေကို ရင်ဆိုင်ကာ နေထိုင် နေကြ ရပါတယ်။ ထိုစစ်ပွဲအတွင်းမှာ ထောင်နဲ့ချီတဲ့လူတွေ သေခဲ့ကြရတယ်။ သို့ပေမယ့် သူတို့ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူတို့ရဲ့ ဒုက္ခသုက္ခတွေကို အဆုံးသွား အောင်လုပ်ပေးမယ်ဆိုတဲ့ အံ့အားသင့် စရာကောင်းတဲ့ စီမံကိန်း အကြောင်းကို ကြိုတင် မသိခဲ့ကြပါဘူး

ထိုစီမံကိန်းကတော့ ပါလက်စတိုင်းတွေအားလုံးကို ဂါဇာမှ နှင်ထုတ်ပြီး ဂါဇာ ဒေသကို အရှေ့အလယ်ပိုင်းရဲ့ သာမောဖွယ်ကောင်းတဲ့ ပငယ်လယ်ကမ်းခြေ အပန်းဖြေ ဒေသတစ်ခုအဖြစ် ပြောင်းလဲပစ်မယ့် စီမံကိန်းပါ။ 

ထိုစီမံကိန်းအကြောင်းကြားလျှင်ကြားခြင်းပဲ အာရပ်အစိုးရတွေဟာ ထိတ်လန့် တုန်လှုပ် ကြတယ်။ ထိုလုပ်ရပ်ကြောင့် မတည်ငြိမ်မှုတွေ ပေါ်ပေါက်လာမှာကို စိုးရိမ် ကြတယ်။ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီအစိုးရတွေက ယင်းအဆိုကို ရှုတ်ချချင်ကြ တယ်။ ဒီနောက် အစ္စရေးနိုင်ငံအနီးမှာ ပါလက်စတိုင်းနိုင်ငံထူထောင်ပြီး နှစ်နိုင်ငံ အတူ ယှဉ်တွဲ တည်ရှိရေး ဆိုတဲ့ အဆိုအပေါ် မိမိတို့ နိုင်ငံတွေရဲ့ ထောက်ခံမှုကို ပြန်လည် အတည်ပြု ခဲ့တယ်။ 

ကုလသမဂ္ဂကလည်း ဂါဇာဒေသခံတွေကို နှင်ထုတ်ခြင်းဟာ လူမျိုးသန့်စင်ရေး လုပ်ရာ ရောက်ပြီး ထိုလုပ်ရပ်ဟာ အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်ရာ ရောက်တယ်လို့ ဆိုပါတယ်။ အမေရိကနိုင်ငံမှာတော့ ရီပတ်ဘလီကန်အချို့က သမ္မတရဲ့ စီမံကိန်းဟာ တကယ့်ကို ထူးချွန်ထက်မြက် လှတဲ့ ပါရမီရှင်တစ်ဦးရဲ့ လုပ်ရပ်ပဲလို့ ချီးကျူး ကြတယ်။ အခြားသူတွေ ကတော့ မယုံသင်္ကာနဲ့ ကြည့်ကြပါတယ်။ 

လက်ယာစွန်း အစ္စရေးဝန်ကြီးတစ်ဦးကတော့ “ဘုရားသခင်ဟာ ကျွန်ုပ်တို့အတွက် ကြီးမားတဲ့ အရာတွေကို လုပ်ပြီးခဲ့ပြီ။ ကျွန်ုပ်တို့ ဝမ်းမြောက်ဝမ်းသာဖြစ်ရမှာပါ” လို့ ပြောခဲ့ပါတယ်။ 

သမ္မတထရမ့်ဟာ အိမ်ဖြူတော်မှာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနဲ့ တွေ့ဆုံ စည်းဝေးခဲ့ပြီး နောက်မှာ သူ့ရဲ့မြားကို ပစ်လွှတ်ခဲ့တာပါ။ သမ္မတက “အမေရိကန် ပြည်ထောင်စုဟာ ဂါဇာကမ်းမြောင်နဲ့အတူ အလုပ်တစ်ခုကို လုပ်ပါမယ်။ ကျွန်ုပ်တို့ဟာ ယင်းနေရာကို ပိုင်ဆိုင်မယ်။ ပြီးတော့ အန္တရာယ်အလွန်များတဲ့ မပေါက်ကွဲသေးတဲ့ ဗုံးတွေနဲ့ အခြား လက်နက်တွေကို ဖျက်ဆီး ရှင်းလင်းပစ်မယ်” လို့ ပြောပါတယ်။ 

ထရမ့်က “ဂါဇာကို အမေရိကားက ကာလရှည်ပိုင်ဆိုင်မှု အနေအထား နဲ့ယူမှာပါ”လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်တပ်ဖွဲ့တွေ ထိုနေရာကို စေလွှတ် မှာလားဆိုတဲ့ မေးခွန်းကို ဖြေကြားရာမှာတော့ သမ္မတထရမ့်က “လိုအပ်ရင် အဲဒီလို လုပ်မှာပါ”လို့ ဖြေခဲ့ပါတယ်။ 

သမ္မတက “သူ့အနေနဲ့ လုံးဝကို အလေးအနက်ထားပါတယ်”လို့ ပြောခဲ့ပါတယ်။ ဆက်လက် ပြီးတော့လည်း အမေရိကပြည်ထောင်စုက ထိုမြေကိုပိုင်ဆိုင်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ကာ ထောင်ပေါင်းများစွာသော အလုပ်အကိုင်နေရာ တွေ ဖန်တီးပေးမယ့် အလုပ်ဟာ သိပ်ကို အံ့သြဘနန်း ဖြစ်မယ့်အလုပ်ပါ။ ဒါ့ကြောင့် ကျွန်တော် စကားပြောဖြစ်ခဲ့တဲ့ လူတိုင်းကို ထိုစိတ်ကူးကို ချစ်ကြဖို့ ပြောခဲ့ရပါတယ်”လို့ ပြောပါတယ်။ 

ဒီနောက်မှာလည်း ထရမ့်က “ဖြိုဖျက်ခံထားရတဲ့ ဂါဇာမှာ ပါလက်စတိုင်းတွေ မနေသင့်ပါဘူး။ အခြားနိုင်ငံတွေမှာ သူတို့ရဲ့ နှလုံးသားတွေကို ဖွင့်လှစ်သွားတာဟာ သူတို့အတွက် ပိုကောင်းမှာပါ။ သူတို့ကို ထိုနေရာတွေဆီကို ခေါ်ဆောင်သွား ပြီး လူ့အဖွဲ့အစည်း အသစ်တွေမှာ ပြန်လည် နေရာချ ထားပေးရမှာပါ။ ဂါဇာကို ပြန်လည် ဆောက်ပြီးတာနဲ့ ပါလက်စတိုင်းအချို့ အပါအဝင် ကမ္ဘာတစ်ဝန်းက လူတွေဟာ ဂါဇာမှာ နေထိုင် ကြပါလိမ့်မယ်”လို့ ပြောခဲ့ပါတယ်။ 

သမ္မတ နေတန်ယာဟုကတော့ ပျော်ရွှင်မှုတစ်ဝက်၊ မယုံနိုင်အောင် မှင်တက်နေမှု တစ်ဝက်နဲ့ ရှိနေတာ တွေ့ရပါတယ်။ သူဟာ ထရမ့်ရဲ့ အဆိုနဲ့ပတ်သက်ပြီး အသေးစိတ် တွေ ဘာတစ်ခုမှ ဝင်မပြောပါဘူး။ သို့ပေမယ့် မစ္စတာထရမ့်ကို ချီးကျူးပြီး “ဒီစီမံကိန်း ဟာ အထူးတလည် အလေး ဂရုပြုဖို့ ထိုက်တန်ပါတယ်။ ဒါဟာ သမိုင်းကို ပြောင်းလဲ ပစ်နိုင်တဲ့ စီမံကိန်းပါ”လို့ ခပ်ဝါးဝါး ပြောခဲ့ပါတယ်။ 

ခင်ဗျားတို့အနေနဲ့ တူညီတဲ့ အမှားတစ်ခုကို ထပ်ကာထပ်ကာ မကျူးလွန် သင့်ဘူး၊ ယခုအခါမှာတော့ ဂါဇာဟာ ငရဲတွင်း ဖြစ်နေပြီ

အမေရိကန်အချို့အတွက်ကတော့ ထိုစီမံကိန်းဟာ သူ့အတွက် အန္တရာယ် မများပေမယ့် “ဂရင်းလန်းကို ဝယ်မယ်”ဆိုတဲ့ မစ္စတာထရမ့်ရဲ့ လေလုံးထွားတဲ့ ပြောစကားနဲ့ ဆင်ဆင်တူတယ်လို့ ရှုမြင်ကြတယ်။ အချို့လည်း “ထရမ့်ဟာ သူ ကာလရှည်ကြာ ဝေဖန်ရှုတ်ချခဲ့တဲ့ အာဖဂန်နစ္စတန်နဲ့ အီရတ်တို့မှာ အမေရိစစ်သား အမြောက်အမြား သွေးမြေကျခဲ့တဲ့ မှားယွင်းတဲ့ စွန့်စားခန်းတွေကို မေ့များ မေ့သွား ပြီလား”လို့ ပူပန်နေကြတယ်။ 

အချို့ကလည်း မစ္စတာထရမ့်ဟာ အခွန်တွေ တိုးကောက်မယ်ဆိုတဲ့ သူ့ရဲ့ ခြိမ်းခြောက်မှု တွေကြောင့် စေ့စပ်ညှိနှိုင်းတဲ့ အခါမှာ အပေါ်စီးရအောင် ကိုးရိုးကားယား နိုင်တဲ့ အနေအထားတစ်ခုကို ဖန်တီးနေသလားလို့ စဉ်းစားတွေးတောနေကြပါတယ်။ 

ပွဲဆူသံတွေ အုတ်အော်သောင်းတင်း ဖြစ်လာချိန်မှာတော့ အိမ်ဖြူတော်က လမ်းကြောင်းကို ပြန်ပြောင်းခဲ့တယ်။ 

အိမ်ဖြူတော်ရဲ့ သတင်းပြန်ကြားရေးအရာရှိက ပါလက်စတိုင်းတွေကို ရွှေ့ပြောင်း ရေးဟာ ယာယီမျှသာ ဖြစ်ပါလိမ့် မယ်။ သမ္မတအနေနဲ့ ဂါဇာမှာ အမေရိကန်တပ်ဖွဲ့တွေ ချထားမှာမဟုတ်သလို အခွန်ထမ်း ပြည်သူတွေရဲ့ ငွေကြေးတွေကိုလည်း ဂါဇာမှာ သုံးစွဲ မှာမဟုတ်ဘူး လို့ ပြောခဲ့ပါတယ်။ အမျိုးသားလုံခြုံရေးအကြံပေး မစ်ခေးလ်ဝေါ့(ဂ) ကလည်း “သမ္မတရဲ့ စီမံကိန်းဟာ ဒေသတစ်ခုလုံးကို သူတို့ရဲ့ ကိုယ်ပိုင် ဖြေရှင်းနည်းနဲ့ ဖြေရှင်း စေမှာပါ”လို့ ပြောပါတယ်။ 

ပေါက်ကြားလာတဲ့ သတင်းတချို့ကတော့ မစ္စတာထရမ့်ဟာ သူ့ရဲ့စိတ်ကူးကို ရက်သတ္တပတ် အတော်ကြာမျှ ပြောခဲ့ ပေမယ့်လည်း အရာရှိတွေကတော့ ထိုစိတ်ကူးကို အကောင်အထည်ဖော်ဖို့ ဘာစီမံကိန်းမှ မဆွဲရသေးဘူးလို့ ဆိုပါတယ်။ 

မစ္စတာထရမ့်ရဲ့ ပထမအကြိမ် သမ္မတသက်တမ်းက ပြုလုပ်ခဲ့တဲ့ အဆိုပြုချက် တစ်ခု အပါအဝင် အဆိုပြုချက် အများအပြား မှာတော့ ဂါဇာကို ပါလက်စတိုင်းနိုင်ငံပိုင်နဲ့ ဂျူး ပိုင်နယ်မြေ အဖြစ် ပိုင်းခြားဖို့ဆိုတာ ပါဝင်ခဲ့တယ်။ ထိုအဆိုပြု ချက်ကြောင့် အကြမ်းဖက် မှုတွေ ပိုမို ပေါ်ပေါက်ခဲ့တယ်။ 

ထိုကိစ္စနဲ့ ပတ်သက်ပြီး မစ္စတာထရမ့်က “ခင်ဗျားတို့အနေနဲ့ တူညီတဲ့ အမှားတစ်ခုကို ထပ်ကာထပ်ကာ မကျူးလွန် သင့်ဘူး၊ ယခုအခါမှာတော့ ဂါဇာဟာ ငရဲတွင်း ဖြစ်နေပြီ”လို့ ပြောခဲ့ဖူး ပါတယ်။ သို့ပေမယ့် နှစ်ပေါင်းများစွာ အကြမ်းဖက် မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ၁၉၄၈ ခုနှစ်အတွင်းမှာ ဗြိတိန်နိုင်ငံက ထိုနယ်မြေအပေါ်မှာ သူ ရရှိထားတဲ့ လုပ်ပိုင်ခွင့်အာဏာကို စွန့်လွှတ် ခဲ့ပါတယ်။ ထိုအချိန် ကစပြီး အနောက်နိုင်ငံ တွေဟာ ပါလက်စတိုင်းဒေသကို အနောက်တိုင်းရဲ့ ကိုလိုနီ စီးပွားရေး လုပ်ငန်းဒေသ အဖြစ် ဖော်ဆောင်မယ့် သဘောထားအဖြစ်ကို ထပ်ပြီး မစဉ်းစား တော့ပါဘူး။ 

အလားတူပဲ အမေရိကန်ပြည်ထောင်စုကလည်း ပထမကမ္ဘာစစ်အတွင်းက အော့တိုမန် အင်ပိုင်ယာ ပြိုကွဲသွားပြီး နောက်မှာ အရှေ့အလယ်ပိုင်းဒေသကို အုပ်ချုပ်ခွင့် အာဏာ ငြင်းပယ် ခဲ့ပါတယ်။ 

မစ္စတာထရမ့်ကတော့ တစ်ခုနဲ့ တစ်ခုခြားနားလွန်းတဲ့အတွက် နှိုင်းခိုင်းလို့ပင် မရနိုင်တဲ့ စိတ်ကူးတွေကို အရှေ့အလယ်ပိုင်း ဒယ်အိုးကြီးထဲက ကောက်ယူဖို့ ကြိုးပမ်း နေပုံရပါတယ်။ မစ္စတာ နေတန်ယာဟု တောင်းဆိုတဲ့ ဟားမာ့စ်တွေကို ဂါဇာ ဒေသမှ ဖယ်ရှားပစ်ရေး သူ့ရဲ့ လက်ယာစွန်း မဟာမိတ်တွေ တောင်းဆိုတဲ့ ပါလက်စတိုင်း ဒေသခံတွေကို နှင်ထုတ်ရေး၊ ဂါဇာ ဒေသကို နောက်ထပ် ဒူဘိုင်းနိုင်ငံလေးတစ်ခု အဖြစ် ပြောင်းလဲပစ်ရေး ဆိုတဲ့ အိပ်မက်ဟောင်း၊ ဂါဇာဒေသ ပြန်လည်တည် ဆောက်ရေး အတွက် အာရပ်ရေနံဒေါ်လာတွေ ဝင်ရောက်လာရေးမျှော်လင့်ချက်နဲ့ အမေရိကန် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးထိန်း သိမ်းမှုအပေါ် စတဲ့ စိတ်ကူးတွေပါ။ 

ထိုစိတ်ကူးတွေအပြင် အဓိပတိအိမ်ခြံမြေသူဌေးကြီးဖြစ်တဲ့ ထရမ့်နောက်ထပ် ပေါင်းထည့် လိုက်တဲ့ စိတ်ကူးကတော့ ဂါဇာမှာ ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဖို့ပါပဲ။ 

မစ္စတာ နေတန်ညာဟုတို့ အဖွဲ့အနေနဲ့ ထရမ့်နဲ့ တွေ့ဆုံရာမှာ ရန်လိုမှုတွေ အမြဲတမ်း ရပ်စဲရေးနဲ့ အစ္စရေးတပ်တွေ အပြည့်အဝ ဆုတ်ခွာရေးအပါအဝင် ဟားမာ့စ်နဲ့ ဒုတိယအဆင့် စစ်ရပ်စဲရေး ဆွေးနွေးပွဲ တွေလုပ်ဖို့ ထရမ့်က သူတို့ကို တိုက်တွန်း လိမ့်မယ်လို့ မျှော်လင့်ထားခဲ့တယ်။ ဒါ့အပြင် တတိယအဆင့်မှာ ဆွေးနွေးပွဲ ဂါဇာဒေသကို ပြန်လည်ထူထောင်ဖို့ ဆိုတဲ့ လုပ်ငန်းတွေ ပါဝင်မှာပါ။ 

ထိုအချက်တွေအားလုံးက ဆော်ဒီအာရေးဗီးယားနိုင်ငံနဲ့ အစ္စရေးအကြားမှာ ပုံမှန် ဆက်ဆံရေး ကို ပြန်လည်ထူထောင် စေနိုင်မှာပါ။ ထိုအချက်တွေအတွက် အလဲအလှယ် အနေနဲ့ကတော့ ပါလက်စတိုင်း နိုင်ငံ ပေါ်ပေါက်လာရေးပဲဖြစ်တယ်။ ထို့နောက်မှာတော့ အမေရိကန် ပြည်ထောင်စု၊ အစ္စရေးနိုင်ငံနဲ့ အနောက်လိုလားတဲ့ အာရပ် အစိုးရတွေ အကြားမှာ မဟာညွန့်ပေါင်း အုပ်စုကြီး ထူထောင်ရေးပဲ ဖြစ်ပါတယ်။ 

အမေရိကအနေနဲ့ ဂါဇာဒေသကို တစ်သီးတစ်သန့် သီးခြားခွဲထုတ်ရေးဆိုတဲ့ ထရမ့်ရဲ့ စိတ်ကူးဟာ အစ္စရေးတွေ မစဉ်းစားမိခဲ့တဲ့ စိတ်ကူးပါ။ 

ထရမ့်ရဲ့ အစီအစဉ်ဟာ အကောင်အထည်ဖော်ဖို့ ခက်ခဲပြီး တရားဥပဒေနဲ့လည်း မညီညွတ်ဘူး ဆိုတာကို မစ္စတာ နေတန်ယာဟုအနေနဲ့ ကောင်းစွာသိရှိထားပါတယ်။ ဂါဇာဒေသခံတွေဟာ နောက်ထပ် “ဗာခါ” (Vakha) သို့မဟုတ် ကပ်ဆိုးကြီးတစ်ခုကို ရင်ဆိုင်ရဖို့အတွက် မိမိဆန္ဒအလျောက် ‘စေလိုရာစေ’ မလုပ်လိုကြပါဘူး။ “ဗာခါ” ဆိုတာက ၁၉၄၈ ခုနှစ်အတွင်းက အစ္စရေးနိုင်ငံ ပေါ်ပေါက် လာချိန်မှာ မိမိတို့ဒေသမှ ရှင်းလင်းဖယ်ရှားခြင်းခံခဲ့ရတဲ့ ပါလက်စတိုင်းတွေက ပေးခဲ့တဲ့ နာမည်ပါ။ 

အာရပ်ခေါင်းဆောင်တွေဟာ ပါလက်စတိုင်းတွေရဲ့ အတိဒုက္ခတွေနဲ့ပတ်သက်ပြီး တစ်ဦးနဲ့ တစ်ဦး အဖြစ်ချင်း မတူ ကြပေမယ့်လည်း ပါလက်စတိုင်းဒေသခံတွေကို သူတို့ရဲ့ အမိမြေမှ အတင်းအကျပ် မောင်းထုတ်တာကိုတော့ မသိကျိုးကျွံပြုကာ လျစ်လျူရှု နေမယ့်သဘော မရှိပါဘူး။ ဒါ့အပြင် သူတို့အနေနဲ့ ဒုက္ခသုက္ခတွေကြောင့် စိတ်အချဉ် ပေါက်နေကြတဲ့ ပါလက်စတိုင်းသားတွေကို နောက်ထပ် လက်သင့်ခံလိုခြင်း မရှိကြပါဘူး။ 

အီဂျစ်နိုင်ငံနဲ့ ဂျော်ဒန်နိုင်ငံတွေက ထိုသို့လက်သင့်ခံဖို့ ငြင်းပယ်ခဲ့ကြတယ်။ ထိုသတင်းကို ကြားတော့ မစ္စတာထရမ့် က ပခုံးတွန့်ခဲ့တယ်။ ပြီးတော့လည်း “သူတို့က လက်မခံဘူးလို့ ပြောပါတယ်။ ကျွန်တော်ကတော့ သူတို့လက်ခံမှာပါလို့  ပြောချင် ပါတယ်”လို့ ပြောခဲ့တယ်။ 

သမ္မတနေတန်ယာဟုကတော့ မစ္စထရမ့်နဲ့ ချိတ်ဆက်မှုကိုလည်း ခိုင်မာအောင် လုပ်ရင်း မိမိနိုင်ငံရဲ့ ပြည်တွင်းအကျိုး စီးပွားလည်း ရရှိလာအောင် ထိုဖြစ်စဉ်တွေနဲ့အတူ လိုက်ပါ ကစားမယ့် လက္ခဏာ တွေ့ရပါတယ်။ အစ္စရေးနိုင်ငံနဲ့ လက်ယာစွန်း မဟာမိတ်တွေက “အကယ်၍ သူ့အနေနဲ့ ဟားမာ့စ်တွေနဲ့ အပြည့်အဝ အပစ်အရပ်ရေးကို ဦးတည်မယ်ဆိုရင် သူ့ရဲ့အစိုးရကို ဖြုတ်ချပစ်မယ်”လို့ ခြိမ်းခြောက်နေကြပါတယ်။ 

မစ္စတာနေတန်ယာဟုကတော့ ဂါဇာမှာ လုံးဝအောင်ပွဲရရှိရေးအတွက် ဆက်လက် ကြိုးပမ်းရင်း မိမိအတွက် အချိန်ပို ရအောင် ကြိုးပမ်းနေတာပါ။ သို့ပေမယ့် ထိုလုပ်ဆောင်မှုက အပစ်ရပ်စဲရေး သဘောတူညီချက်ကို အပြည့်အဝ အကောင်အထည် ဖော်ရမယ်လို့ ယုံကြည်ကြောင်း ဖော်ထုတ် ပြနေတဲ့ မစ္စတာထရမ့်နဲ့ ဆိုးရွားတဲ့ ကွဲပြားမှုတွေဖြစ်လာနိုင်တယ်။  

သမ္မတထရမ့်နဲ့ ဂါဇာစီမံကိန်းဟာ ဝန်ကြီးချုပ်နေတန်ယာဟုအတွက် အသက်ဆက် စေတဲ့ လမ်းကြောင်းပဲ ဖြစ်ပါ တယ်။ တကယ်တော့ အစ္စရေး လက်ယာစွန်းဝါဒီ တွေဟာ အစိုးရအဖွဲ့ကိုလည်း ဖြုတ်ချမှာမဟုတ်သလို ဂါဇာကို ပြန်လည် နေရာချထားမယ့် အိပ်မက်ကိုလည်း အန္တရာယ်ပြုကြမှာ မဟုတ်ပါဘူး။ 

အစ္စရေးလက်ယာစွန်း ဝါဒီတွေရဲ့ ခြိမ်းခြောက်မှုကတော့ “ပါလက်စတိုင်းနိုင်ငံ ထူထောင်ခွင့် မရဘဲနဲ့ အစ္စရေးနဲ့ သံတမန်ဆက်ဆံရေးထူထောင်မှာ မဟုတ်ဘူး”ဆိုတဲ့ ဆော်ဒီ အာရေးဗီးယားနိုင်ငံရဲ့ ပြောစကားကို ရှင်းပြနေတာပဲ ဖြစ်တယ်။ 

ဒီနေရာမှာ “ဆော်ဒီတွေအနေနဲ့ မစ္စတာထရမ့်ရဲ့ စီမံကိန်းကို ကြိုတင်ဟန့်တားတဲ့ သဘောတူညီ ချက်တစ်ခုကို လက်ခံပြီး ပါလက်စတိုင်းတွေကို အစုလိုက်အပြုံလိုက် နှင်ထုတ်တာကို တားဆီးဖို့ လုပ်မှာလား”ဆိုတဲ့ မေးခွန်းကို မေးမြန်း ရာမှာတော့ ဆော်ဒီတွေက “သူတို့ အဲဒီလို မလုပ်ပါဘူး” လို့ ဖြေပါတယ်။ 

အာရပ်ခေါင်းဆောင်တွေဟာ သမ္မတထရမ့်ကို ဆန့်ကျင်တာမျိုး မဖြစ်အောင် သတိထား လျက်ရှိကြပါတယ်။ သို့ပေမယ့် မစ္စတာထရမ့်အနေနဲ့ သူ့ရဲ့ နောက်ဆုံး အဆိုပြချက်နဲ့ ပတ်သက်ပြီး သိပ်ကို အလေးအနက် လုပ်ဆောင်လာမယ် ဆိုရင်တော့ ဆန့်ကျင်ရှုတ်ချမှုတွေ အင်နဲ့အားနဲ့ ပေါ်ပေါက် လာနိုင်ပါတယ်။ မစ္စတာထရမ့်ဟာ သူ့ရဲ့ရွေးကောက်ပွဲအောင်မြင်မှု ကို “အမေရိကကို နောက်တစ်ဖန် အင်အားကြီးနိုင်ငံ ဖြစ်လာအောင်လုပ်ပါ”ဆိုတဲ့ အတွေးအခေါ်ပေါ်မှာ တည်ဆောက် ခဲ့တာပါ။ 

သို့ပေမယ့် သူ့ကိုကြည်ညိုလေးစားတဲ့ နောက်လိုက်တွေကတော့ ဂါဇာ အမေရိကန် ဖြစ်အောင် လုပ်ပါဆိုတဲ့ ဆောင်ပုဒ်  ကိုတော့ ထောက်ခံကြမှာ မဟုတ်ပါဘူး။ 

မူရင်း – A deal too far, The Economists, February 2025 

Click to rate this post!
[Total: 0 Average: 0]