The Corner

The Corner

cropped-Logo_round_grey-background.png

စာဖတ်ခြင်းနှင့် ဒစ်ဂျစ်တယ်ကမ္ဘာကြီး

Share မယ်

ကျွန်တော်တို့ စာအုပ်တစ်အုပ်ကို လက်ကကိုင်ပြီး ဖတ်ခဲ့ဖူးတာ လွန်ခဲ့တဲ့ တစ်ရက်ကလား၊ တစ်ပတ်ကလား၊ တစ်လကလား ဒါမှမဟုတ် လွန်ခဲ့တဲ့ တစ်နှစ်ကလား။ ကျွန်တော်တို့ရဲ့ အလေ့အကျင့်နဲ့ ပတ်ဝန်းကျင်ပေါ် မူတည်ပြီး အဖြေက အမျိုးမျိုးဖြစ်မှာပါ။ နောက်ထပ်မေးခွန်း တစ်ခုအနေနဲ့ ကျွန်တော်တို့ အင်တာနက်သုံးရင်း ဖတ်မိလိုက်တဲ့ အမှတ်တရဖြစ်နေတဲ့ စာတစ်ပုဒ်လို့ မေးမယ်ဆိုရင်ရော အခုဒီစာဖတ်သူမှာ အဖြေရှိပါသလား။ ရှိတာလည်း ဖြစ်နိုင်သလို မရှိတာလည်း ဖြစ်နိုင်ပါတယ်။

စာဖတ်ခြင်းနဲ့ပတ်သက်ပြီး ဆောင်ပုဒ်တွေ၊ ဆိုစကားတွေအများကြီးထဲမှာမှ ကျွန်တော် အကြိုက်ဆုံးကတော့ ဆရာကြီး လယ်တွင်းသားစောချစ် ပြောခဲ့တဲ့ ဆိုစကားကို မှတ်မှတ်သားသား အရှိဆုံးပါပဲ။ စာတတ်ပါလျှက်နဲ့ စာမဖတ်တဲ့သူက ဘာနဲ့ တူသတုံးဆိုတော့ ပြတင်းပေါက်ပါတဲ့အိမ် တစ်လုံး ပြတင်းပေါက်မဖွင့်တာနဲ့ အတူတူပဲတဲ့။ ပြတင်းပေါက်တွေပါသားနဲ့ တစ်ခါမှ မဖွင့်ဘူးဆိုရင် အဲ့ဒီအိမ်ထဲကို အလင်းရောင်တွေ လေကောင်းလေသန့်တွေ မဝင်နိုင်သလို စာတတ်ပြီး စာမဖတ်သူ ဟာလည်း ပြတင်းပေါက်ပါပြီး မဖွင့်တဲ့အိမ်လိုပါပဲ။ သူ့ဆီကို အသိဉာဏ်ပညာ အမြင်အလင်းတွေ ဝင်မလာပါဘူး။ အတွေးအခေါ်၊ အယူအဆကောင်း၊ ဆင်ခြင် ထက်မြက်တဲ့ ဉာဏ်ပညာကောင်းတွေ ရမလာပါဘူး။ ဒါကြောင့်မို့ အိမ်မှာ ပြတင်းပေါက် ဖွင့်ပြီး နေသလို စာပေအသိဉာဏ်ပညာတံခါးကို ဖွင့်ပြီးတော့ စာတတ်တာနဲ့အမျှ စာဖတ်ပါဆိုပြီး ဆရာကြီးက တိုက်တွန်း စကား ဆိုခဲ့ပါတယ်။

Photo: Pixabay

စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူး (၃) ချက်

စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးများစွာထဲက ကျွန်တော်အကြိုက်ဆုံး အချက် သုံးချက်ကို ဖော်ပြပါရစေ။

(၁) စာဖတ်ခြင်းက အာရုံစူးစိုက်မှုအားကို ကောင်းစေပါတယ်။ တစ်စုံတစ်ခုမှာ အောင်မြင်ဖို့ဆိုရင် အာရုံစူးစိုက်မှု အားကောင်းခြင်းဆိုတာ အခြေခံကျတဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။ စာကို စိတ်ဝင်တစား ဖတ်ရှုဖန်များတဲ့အခါ အာရုံ စူးစိုက်မှုကို တိုးမြင့်စေပါတယ်။ အာရုံစူးစိုက်မှု ကောင်းခြင်းက တစ်ခုခုကိုလေ့လာရာမှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် အကောင်းဆုံး အရည်အချင်းတစ်ရပ် ဖြစ်ပါတယ်။ အာရုံထွေပြားစရာ social media တွေက သတင်းတွေ အတင်း တွေကို ဖုန်းတစ်လုံးရဲ့ မျက်နှာပြင်မှာ အထက်အောက် စုန်ဆန်ချည်ဖတ်ရင်း များပြားလှတဲ့ အချက်အလက်တွေကြား ပျံ့လွင့်နေတတ်တဲ့ ဦးနှောက်နဲ့ အာရုံကို စာတစ်ပုဒ် ဒါမှမဟုတ် စာအုပ် တစ်အုပ်ကို တစိုက်မတ်မတ်ဖတ်ခြင်းနဲ့ ပြန်ပြီး ထိန်းကွပ်နိုင်ပါတယ်။

(၂) စာဖတ်ခြင်းက နှလုံးသားရော ဦးနှောက်အတွက် ကောင်းမွန်မှုတစ်ခုပါ။ ကျွန်တော်မှတ်သား ထားဖူးတဲ့ စာစုလေးကို ဖော်ပြရမှာဆိုရင် နှလုံးသားကြီးချင်ရင် ရသစာပေဖတ်ပါ။ ဦးနှောက် ကြီးချင်ရင် သုတစာပေ ဖတ်ပါတဲ့။ မူရင်းစာပိုင်ရှင်ကို မမှတ်မိပေမယ့် ဒီစာစုကတော့ အမှတ်တရ ပါပဲ။ ကျွန်တော်တို့ဟာ အခြားသူတွေရဲ့ ဘဝကို ကိုယ်ချင်းစာတတ်တဲ့ နှလုံးသားရှိဖို့ ဘဝသရုပ်ဖော် ရသစာပေတွေဖတ်သင့်ပါတယ်။ ရသစာပေတွေထဲမှာလည်း ဗဟုသုတတွဲလျက်ပါလေ့ရှိပြန်ပါတယ်။ ထို့အတူပဲ ဗဟုသုတတွေအစုံစုံရရှိဖို့ သုတစာပေတွေကိုလည်း ဖတ်မှတ်ရပါမယ်။

(၃) စာဖတ်ခြင်းက အသက်အရွယ်ကြီးရင့်မှုကြောင့် သိမြင်မှုစွမ်းရည် ကျဆင်းလာမှုကို နှေးကွေး စေပါတယ်။ ဦးနှောက်ပိုင်း ဆိုင်ရာ သိမြင်မှုစွမ်းရည်လုပ်ဆောင်မှုတွေဖြစ်တဲ့ မှတ်ဉာဏ်၊ အာရုံ စူးစိုက်မှု၊ ဆုံးဖြတ်ချက်ချနိုင်မှု စတာတွေက အသက်ကြီး လာတာနဲ့အမျှ သဘာဝအလျောက် ကျဆင်းနိုင်ပါတယ်။ စာဖတ်ခြင်းက ဦးနှောက်ကို လေ့ကျင့်ပေးတဲ့ ဆောင်ရွက်ချက် တစ်ခုအနေနဲ့ ဦးနှောက်ဆဲလ်တွေအကြား လှုံ့ဆော်မှုကို ဖြစ်စေနိုင်ပါတယ်။ စာဖတ်ခြင်းနဲ့ သိမြင်မှုစွမ်းရည် အကြား ဆက်စပ်မှု ကိုလည်း သုတေသနများစွာ လုပ်ခဲ့၊ လုပ်နေဆဲဖြစ်ပါတယ်။ လေ့လာချက်များ အရ စာဖတ်တဲ့အခါ နားလည်မှု၊ ဝေါဟာရ အသုံးချမှု၊ အာရုံစူးစိုက်မှု၊ မှတ်ဉာဏ်နဲ့ ဝေဖန်ပိုင်းခြား တွေးခေါ်မှုများ လိုအပ်ပါတယ်။ ကြိမ်ဖန်များစွာ စာဖတ်ခြင်းက အဲဒီ လိုအပ်ချက်တွေကို လေ့ကျင့် ပေးသလိုဖြစ်ပြီးတော့ ဦးနှောက်ဆဲလ်တွေအကြား ဆက်သွယ်မှုကို တိုးမြင့်စေပြီး သိမြင်မှု စွမ်းရည် ကျဆင်းမှုကို ကာကွယ်ပေးတာဖြစ်ပါတယ်။

ဒစ်ဂျစ်တယ်ခေတ်မှာ စာဖတ်ခြင်းအလေ့အထ မပျောက်စေဖို့

ခေတ်ကာလတွေ ပြောင်းလဲလာတာနဲ့အမျှ စာဖတ်ခြင်းအလေ့တွေကလည်း ပြောင်းလဲလာ ခဲ့ပြီပဲဖြစ်ပါတယ်။ အရင်တုန်းက ဘယ်နေရာသွားသွား အများအပြားတွေ့ရတဲ့ သတင်းစာ၊ မဂ္ဂဇင်းနဲ့ ဂျာနယ်တွေလည်း လုံးဝမဟုတ်သည့်တိုင်အောင် အတွေ့ရနည်းလာခဲ့ပါပြီ။ လုံးချင်းဝတ္တုတွေ ထုတ်ဝေတဲ့ဘက်မှာလည်း အုပ်ရေနည်းလာခဲ့ပြီ။ ဒါတွေကို ကျွန်တော်တို့ စာချစ်သူတွေက ဘာခေတ်ကြီးလဲကွာဆိုပြီး တွေးနေတာထက် ဘယ်လိုပုံစံနဲ့ ခေတ်ထဲကို စီးမျောကြမလဲ။ ကိုယ့်ရဲ့ နောက်ဂျင်နရေးရှင်း (Generations) တွေ စာဖတ်ခြင်းနဲ့ ဝေးမသွားအောင် ဘာတွေလုပ်ကြမလဲ ဆိုတာကိုပဲ ဦးစားပေးစဉ်းစားရမယ့် အချိန်ဖြစ်ပါတယ်။

Picture: Freepik

ဒစ်ဂျစ်တယ် ခေတ်ကြီးထဲမှာ စာအုပ်ကိုင်ပြီး စာဖတ်သူထက် ဖုန်းတစ်လုံး၊ တက်ဘလက် (tablet) တစ်လုံးပေါ်မှာ ကိုယ်ဖတ်ချင်တဲ့ သတင်းတွေ၊ စာအုပ်တွေကို အလွယ်တကူဖတ်နိုင်တဲ့ ခေတ် ဖြစ်ခဲ့ပေပြီ။ ကိုယ်လိုချင်တဲ့ အချက်အလက်တွေကို စာအုပ်ပေါင်းများစွာလှန်ပြီး စာအုပ်ပုံထဲ ခေါင်းနှစ်ရှာရတဲ့ အချိန်အခါကနေ အင်တာနက်ကို အသုံးပြုပြီး ဂူးဂဲလ် (Google) ပေါ်မှာ ကလစ် တစ်ချက်နှိပ်ပြီးရှာမလား အေအိုင်  (AI) ကိုမေးပြီး ရှာမလား။ တစ်ခဏအတွင်း ရှာလို့လွယ်တဲ့အထိ မြန်ဆန်နေပါပြီ။ ကောင်းတဲ့ဘက်ကပြောရရင် ဒါ တိုးတက်ခြင်းပဲ မဟုတ်ပေဘူးလားဗျာ။

တိုးတက်လာမှုတွေနဲ့အတူ စာဖတ်ခြင်းအလေ့အထ မပျောက်ဖို့ စာတွေကို ဒစ်ဂျစ်တယ် အဖြစ် ပြောင်းလဲဖို့လိုတာနဲ့အမျှ နာမည်ရှိပြီးသား မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေကလည်း ဒစ်ဂျစ်တယ် ပလက်ဖောင်းမျိုးစုံကနေ တင်ဆက်ပေးနေတာကို တွေ့မြင် ရပါတယ်။ ခေတ်အလို ခေတ်ဆန္ဒကို မလိုက်နိုင်လို့ ကျန်ခဲ့တဲ့ ဂျာနယ်၊ မဂ္ဂဇင်းတွေလည်း ရှိသလို ခေတ်နဲ့အညီ အသစ် ပေါ်ထွက် လာတဲ့ ဒစ်ဂျစ်တယ်မဂ္ဂဇင်း၊ စာစောင်၊ အွန်လိုင်းပလက်ဖောင်းတွေလည်း ရှိနေပါပြီ။ ကျွန်တော်တို့က ဒီစာစောင်တွေနဲ့ စာပေ မီဒီယာတွေ အားလုံးကို အဓွန့်ရှည်တည်တံ့အောင် ဘက်ပေါင်းစုံက ကြိုးစားပေးသင့်သလို လူတွေအကြား ပျံ့နှံ့ အောင်လည်း တစ်ဖက်တစ်လမ်းကနေ ဆောင်ရွက်ပေးရမှာပဲ ဖြစ်ပါတယ်။

ဒစ်ဂျစ်တယ်စာပေ ဖြစ်ပေါ်လာခြင်းရဲ့ အကျိုးကျေးဇူးများ

(၁) ဖတ်ရှုရန် လွယ်ကူမှု

ဒစ်ဂျစ်တယ်စာပေများဖြစ်တဲ့  အီးဘွတ်ခ် (eBooks)၊ အွန်လိုင်းမဂ္ဂဇင်း  (Online Magazine)၊ အွန်လိုင်း ဆောင်းပါးများ ကို အင်တာနက်ချိတ်ဆက်မှုရှိတဲ့ ဘယ်နေရာကမဆို အလွယ်တကူရယူ ဖတ်ရှုနိုင်ပါတယ်။ ဒါ့အပြင် သွားလေရာ ပါလေ့ရှိတဲ့ စမတ်ဖုန်းနဲ့ ဖတ်ရှုနိုင်တာကြောင့် စာအုပ်တွေလို တကူးတက သယ်ယူသွားစရာလည်း မလိုတော့ပါဘူး။ စာအုပ် ဝယ်တာထက် အီးဘွတ်ခ် (eBooks) ဝယ်ရတာကလည်း ဈေးပိုချိုပါတယ်။

(၂) ကုန်ကျစရိတ်သက်သာမှုနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး

ဒစ်ဂျစ်တယ်စာပေများ ဖြန့်ချိခြင်းက ပုံနှိပ်စာအုပ်များ ထုတ်ဝေခြင်းထက် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို သက်သာ စေပါတယ်။ စာရွက်အသုံးပြုမှုမရှိတာကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုလည်း အထောက်အကူဖြစ်စေပါတယ်။ စာအုပ်တွေ ပုံနှိပ်ခြင်းက ကုန်ကျစားရိတ် များတာနဲ့အတူ အချိန်ကြာမြင့်နိုင်ပါတယ်။ ဒစ်ဂျစ်တယ်အသွင် ထုတ်ဝေခြင်းက အပ်ပ်တူဒိတ် သတင်း (up-to-date news) များကို အချိန်အနည်းဆုံးနဲ့ စာဖတ်သူထံ ပို့ဆောင်ပေးနိုင်ပါတယ်။

(၃) သတင်းနှင့် ယဉ်ကျေးမှုဖြန့်ဝေနိုင်ခြင်း

အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ ဒစ်ဂျစ်တယ် မဂ္ဂဇင်း၊ စာပေများကို နိုင်ငံတကာက လူများကလည်း အင်တာနက်ပေါ် ကနေတစ်ဆင့် ဖတ်ရှုနိုင်တာဖြစ်တဲ့အတွက် ကိုယ့်နိုင်ငံရဲ့ သတင်းနဲ့ ယဉ်ကျေးမှုတွေကို ကမ္ဘာကသိအောင် ဖြန့်ဝေပေးနိုင်ပါတယ်။

(၄) လူငယ်များအကြား စာဖတ်သည့်အလေ့အထ မြှင့်တင်ပေးနိုင်ခြင်း

နည်းပညာခေတ်က လူငယ်တွေအတွက် စာအုပ်ကိုင်ပြီး စာဖတ်ခြင်းက ပျင်းရိစေနိုင်ပေမယ့် အသွင်အပြင်ဆန်းဆန်းနဲ့ ဒစ်ဂျစ်တယ် မဂ္ဂဇင်း၊ စာစောင်များက ဆွဲဆောင်မှုတစ်ခုဖြစ်စေနိုင်သလို အပ်ပ်တူဒိတ်သတင်းနဲ့ အကြောင်းအရာတွေကို အမြန်ဆုံး တင်ဆက်နိုင်တာကလည်း လူငယ်တွေ စိတ်ဝင်စားစေမယ့် အဓိက အားသာချက်တစ်ခုဖြစ်ပါတယ်။

(၅) မှတ်တမ်းသိမ်းဆည်းနိုင်ခြင်း

စာရွက်၊ စာအုပ်အနေနဲ့ ထုတ်ဝေထားခြင်းမဟုတ်တာကြောင့် ပျက်စီးပျောက်ဆုံးမှာ စိုးရိမ်စရာမလိုဘဲ ထုတ်ဝေသည့် နေ့အလိုက်၊ လအလိုက်၊ နှစ်အလိုက် အချက်အလက်များကို လွယ်ကူစွာ မပျောက်မပျက် ထိန်းသိမ်းနိုင်တဲ့အပြင် လိုအပ်လို့ ပြန်လည်ရှာဖွေတဲ့အခါမှာလည်း တစ်ခဏအတွင်း မပင်မပန်း ရှာဖွေနိုင်မှာပဲ ဖြစ်ပါတယ်။

ဒစ်ဂျစ်တယ် ကမ္ဘာကြီးမှာ စာဖတ်ခြင်းအတွက် စိန်ခေါ်မှု

ဒစ်ဂျစ်တယ်ကမ္ဘာကြီးက စာဖတ်ခြင်းကို ပိုမိုလွယ်ကူစေပြီး အကျိုးကျေးဇူးအသစ်၊ အခွင့်အလမ်းအသစ်တွေ ဖန်တီး‌ပေးနေပေမယ့် အင်တာနက်ပေါ်မှာ အာရုံမပျံ့မလွင့် စာဖတ်နိုင်ဖို့ ဆိုတဲ့ အာရုံစူးစိုက်မှု၊ တစ်ချက် ကလစ်လိုက်တာနဲ့ ပေါ်ထွက်လာတဲ့ စာတွေအကြား အချက်အလက် မှန်ကန်ဖို့၊ စာကောင်းပေမွန်တွေ ရွေးချယ်နိုင်ဖို့အပါအဝင် နေရာဒေသတိုင်း အင်တာနက်ရရှိနိုင်ဖို့ ကလည်း စိန်ခေါ်မှုတွေအနေနဲ့ ရှိနေဆဲပဲဖြစ်ပါတယ်။

HARMONY

Click to rate this post!
[Total: 4 Average: 5]