လွန်ခဲ့သော ၁၉၈၀ ဝန်းကျင်က ပန်းချီစာအုပ်ဆို၍ လက်ချိုးရေရလောက်အောင် နည်းပါးလှသည်။ ထိုအထဲကမှ တရှိုက်မက်မက်ဖတ်ဖြစ်ခဲ့သည့်စာအုပ်က ဂျီလှမောင်ရေးသော ကမ္ဘာပန်းချီသိ မြန်မာပန်းချီသိစာအုပ်ဖြစ်သည်။ ထိုစာအုပ်ကို ဖတ်ပြီး ယနေ့အချိန်အထိ စိတ်ထဲစွဲကျန်နေရစ်သည့် ပန်းချီဆရာတစ်ယောက်ရှိခဲ့သည်။ ပန်းချီဆရာကြီး ဦးစံလွင်ဖြစ်သည်။ ဆရာကြီးဦးစံလွင်က ဘုန်းကြီးပျံမှသည် ဧည့်ခန်းဆောင် မရောက်မီကြားကာလ၌ ပန်းချီဆရာများ၏ ခက်ခဲကြမ်းတမ်းသည့် ဘဝများကို စကားလုံးနည်းနည်းဖြင့် ကွက်ကွက်ကွင်းကွင်း မြင်လာအောင် ပြောခဲ့သည့် အတွက်ကြောင့်ပင်ဖြစ်သည်။
“ကြက်ငှက် အစာကောက်သလို ကျောက်ခဲတွေလည်းမျိုရ၊ စပါးတွေလည်း စားရ၊ ထမင်းတွေလည်းဟပ်ရသလို တွေ့ရာအလုပ် ရရာဈေးနဲ့ ဘဝလမ်းကြောင်းကိုထိန်းကွပ်ရတဲ့အလုပ်ဆိုရင် (ပန်းချီဆရာတွေပဲကွ)။ အိမ်ဆေး သုတ်သင့်လည်း သုတ်လိုက် ရတာပဲ၊ ဆိုင်းဘုတ်ရေးချင်တဲ့သူနဲ့တွေ့လည်းရေးပေးလိုက်ရတာပဲ၊ အဲဒီလိုအဓိဋ္ဌာန်နဲ့ စိတ်ကိုလူလုံးဘယ်ဘဝရောက်ရောက် ပန်း ချီဆရာဆိုတဲ့ နာမည်ကြီး ထမင်းငတ်ဘဝကို ဇောက်ချ လုပ်ကိုင်ရင်း ကြီးလေငတ်လေပေါ့ကွာ၊ ဦးထွန်းလှကိုကြည့် အသက် (၇၀) ကျော်မှ ငတ်သေခဲ့ရတယ်”
ဤသို့ပန်းချီဆရာတို့၏ သရုပ်ဖော် စကားလုံးများကိုပြောခဲ့သူမှာ စိတ်ကူးအသစ်များ၊ တီထွင်မှု အသစ်များစွာဖြင့် ရှင်သန်နေထိုင်ခဲ့သော ပန်းချီဆရာကြီးဦးစံလွင်ပင်ဖြစ်သည်။ ဦးစံလွင်ကို ပန်းချီဆရာတစ်ယောက်အဖြစ် နောက် မျိုးဆက်သစ်များက သိရှိနိုင်ကြ တော့မည်မဟုတ်ပေ။
ဆရာကြီးဦးစံလွင်ကို ဧရာဝတီတိုင်း ကျိုက်လတ်ကွင်းပေါက်ရွာနေ အဖဦးကျော်လှ အမိဒေါ်နန်းတို့မှ ၁၈၉၁ ခုနှစ်တွင် မွေးဖွား ခဲ့သည်။ မိဘများမှာ ကုန်သည်မျိုးရိုးဖြစ်သည်။ ဦးစံလွင်ငယ်စဉ်ကပင် အရုပ်ရေးခြင်း၊ ပုံရေးခြင်းများ ကိုသာ စိတ်ဝင်စားလေသည်။ ကျိုက်လတ် မငေးဆရာတော်ထံတွင် ပညာသင်ကြားနေစဉ် ရန်ကုန်မြို့မှ ခေတ္တ ရောက်လာသော ပန်းချီဆရာကြီး ဆရာမြစ်နှင့် တွေ့ကြုံခဲ့ရသည်။ အရွယ်ရောက်လာသည့်အခါ အစ်ကိုဖြစ်သူ ကိုဘသော် ရှိသည့် ရန်ကုန်မြို့တွင် သွားရောက်နေထိုင်ကာ ဆရာမြစ်ထံမှ ပန်းချီပညာကိုသင်ယူဆည်းပူးခဲ့လေသည်။
ဦးစံလွင်သည် ၁၉၂၀ ဝန်းကျင်တွင် ဦးဘဉာဏ်၊ ဦးဘဇော်၊ ဦးဘလုံ၊ ဦးဘစိန်၊ ဦးထွန်းကြွယ်၊ ဦးထွန်းမင်းတို့နှင့် အတူပေါ်ပေါက် လာခဲ့သော ခေတ်ပြိုင်ပန်းချီဆရာတစ်ဦးပင်ဖြစ်သည်။ ဒဂုန်မဂ္ဂဇင်း ထုတ်ဝေချိန်နှင့်မရှေးမနှောင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိ လာသူပင်ဖြစ်သည်။ ဒဂုန်မဂ္ဂဇင်း၏ ပန်းချီဆရာတစ်ဦးလည်းဖြစ်ခဲ့၏။ ထိုအချိန်၌ ဒဂုန် မဂ္ဂဇင်းကြီးသည် ပန်းချီဆရာများစွာဖြင့် ပန်းချီဓာတ်ပုံများစွာဖြင့် ဝေဝေဆာဆာထုတ်ဝေနေသည့် အချိန်သမယလည်း ဖြစ်၏။ မက်မပြေ၊ လွမ်းမပြေ၊ ရေမွှေးကြော်ငြာ ရေးဆွဲသူ ဦးဘိုးလိပ်နှင့် ဘော်လံဒီယာပင်မင်းဆိုင်ကြော်ငြာ၊ မြတ်စွာဘုရားပဉ္စဝဂ္ဂီငါးဦးအား ဓမ္မစကြာဟောနေပုံ ပန်းချီကားရေးဆွဲ သူဦးစံလွင်တို့မှာ တိုင်းသိပြည်သိပင်ဖြစ်ခဲ့သည်။


ဦးစံလွင်သည် ဒဂုန်မဂ္ဂဇင်း၌ အနောက်တိုင်းပန်းချီရေးနည်းကိုအခြေခံမှစ၍ အဆင့်ဆင့်ရေးဆွဲပုံတို့ကို လပေါင်းများစွာ ရေးသား ခဲ့လေသည်။ ထိုအပြင် ၎င်းလေ့ကျင့်သော sketch စာအုပ်မှ ပုံများကိုလည်းအလျဉ်းသင့်သလို ဖော်ပြခဲ့သည်။ သူသည် ခက်ခဲနက်နဲသော တီထွင် စမ်းသပ်မှုတစ်ခုကို မပြုလုပ်မီ စာပေများဖတ်ရှုခြင်းဖြင့်ဗဟုသုတအလို့ငှာ သိသင့် သိထိုက်သည်များကို ရှာဖွေခဲ့သည်။ ထိုနောက် စမ်းသပ်ခြင်းများကို အကြိမ်ကြိမ်ကြိုးစားအားထုတ်ခဲ့သည်။ အနုပညာ အပြင် နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး များ၌လည်း အများနှင့်အတွေးအခေါ်အယူအဆမတူဘဲ ကိုယ်ပိုင် အတွေးအခေါ် အယူအဆများဖြင့် ရပ်တည်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။ တော်လှန်ရေးတွင်လည်း ပါဝင် ဆောင်ရွက် ခဲ့သည်။ ပန်းချီသင်တန်းလည်း ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ ထိုသင်တန်းသို့ ပုံမှန် တက်ရောက်လေ့ ရှိသူများမှာ မောင်ဉာဏ်ထွန်း၊ မောင်စောလှိုင်၊ မောင်စိန်ညွှန့် (ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ သား) တို့ ဖြစ်ကြသည်။ တပည့်များကို ဆုံးမရာတွင် စိတ်ရှည်သလို “မင်းတို့ ငွေရအောင်မလုပ်နဲ့ အလုပ်သာလုပ်၊ အလုပ်လုပ်ရင်း ငွေရ လာလိမ့်မယ်”ဟုလည်းပြောလေ့ရှိသည်။ တစ်ခါတစ်ရံ တပည့်များအာရုံစိုက်စေလို၍ မီးများမှိတ်ကာ အမှောင်ထဲတွင် ဩဝါဒပေးလေ့ ရှိသည်။
ဆရာကြီးသည် ဝတ္ထုခေတ်ဦး၌လည်း ပီမိုးနင်း၏ တကိုယ်တော်ဝတ္ထု၊ တနိုင်ငံ မြိုင်ယံခြားနှင့် ဇေယျ၏ တောကြီး မာယာဝတ္ထု အပြင်အခြားသော ဝတ္ထုများအတွက်လည်း သရုပ်ဖော် ပန်းချီများ ရေးဆွဲခဲ့သည်။ တာရာမဂ္ဂဇင်း အတွက်လည်း ရေးဆွဲပေးဖူးလေသည်။ ၎င်းအဖုံးမှာ ထူးခြားသလို နောက်ဆုံးထုတ်ဝေခြင်းလည်းဖြစ်သည်။ ဆရာ၏ မင်ကလောင် ရေးချက်များမှာ ခေတ်မီသလို ဆီဆေးရေးချက် များမှာလည်း အထူးပင် ပိုင်နိုင်လှသည်။ ဗြိတိသျှ ဘားမားတွင် ပန်းချီ တာဝန်ခံ လုပ်ခဲ့သောကြောင့် ရုပ်ရှင်နှင့်နီးစပ်သဖြင့် လူ့ဘဝ ၊ လောကနိဗ္ဗာန် ၊ သာသနာ ဒါယကာ၊ ပဒုမ္မာဒေဝီ ဆိုသည့် ရုပ်ရှင်လေးကားကို Art Director အဖြစ်ရိုက်ကူးခဲ့သည်။ “လူ့ဘဝဆိုသော”ရုပ်ရှင်ကိုလည်း အများနည်းတူ သမားရိုးကျ မရိုက်ကူးပဲ စိတ်ကူးစိတ်သန်းထူးထူးခြားခြားဖြင့်ရိုက်ကူး၍ ကုမ္ပဏီမှ ဓာတ်ပုံဆရာ များ၊ မီးထိုး၊ မှန်ထိုးမှအစ ရုပ်ရှင်အလုပ်သမားများနှင့်အဆင်မပြေသဖြင့် ပြီးဆုံးအောင်မရိုက်တော့ဘဲ နုတ်ထွက်ခဲ့လေသည်။
ရန်ကုန်မြို့ ယခု ဗိုလ်အောင်ကျော်လမ်းအထက်ရှိ ရန်ကုန် ရှေးခေတ် အင်္ဂလိပ် သတင်းစာတိုက် တောင်ဘက် နှစ်ခန်းတွဲ ထိပ်မှ ဆိုင်းဘုတ်ကြီးတစ်ခုတွင် အင်္ဂလိပ်ဘာသာဖြင့် Art Company ဟု ရေးထားသော တိုက်ခန်းတစ်ခန်း အတွင်း၌ ရေးလက်စ ပိုစတာကြီးများ၊ ပန်းချီကားများ၊ စက္ကူလိပ်များဖြင့်ပြည့်နေသောအခန်းမှာ ပန်းချီဆရာကြီး ဦးစံလွင်၏ အလုပ်ခန်းပင်ဖြစ်သည်။ ဆရာကြီးသည် ပန်းချီရေးဆွဲခြင်း အလုပ်ကိုသာ လုပ်သူမဟုတ်ဘဲ အခြားသော စက်မှုလက်မှု အနုပညာ အမျိုးမျိုးတို့ကိုလည်း ကိုယ်တိုင် တီထွင်လုပ်ကိုင်ခဲ့သလို ဖောင်းကြွရုပ်ပုံများကို မြန်မာပြည် ပုံနှိပ်စက်များ တွင် ရိုက်နှိပ်နိုင်အောင်ဖန်တီးခဲ့ခြင်း၊ မေသက်ဘရားသား အတွက် ပန်းအတုများဖန်တီးပေးခြင်းတို့အပြင် ဖောင်းကြွ ရွှေတံဆိပ်ကိုလည်းစွန့်ဦးတီထွင်ခဲ့သူလည်းဖြစ်သည်။ ကုန်ပစ္စည်းများ တွင်ကပ်ရန်ဖောင်းကြွများကိုလည်း ကုန်တိုက် ကြီးများ၊ ကုမ္ပဏီများအတွက်၎င်း၏ကိုယ်စွမ်းကိုယ်စဖြင့် အောင်မြင်အောင် ဆောင်ရွက်ခဲ့ပေသည်။ ဆရာကြီးသည် ပန်းချီပညာအပြင် ဓာတ်ပုံပညာကိုလည်း လေ့လာလိုက်စားခဲ့ရာ ဓာတုဆေးများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲ နိုင်ခဲ့သဖြင့် စက္ကူပေါ်တွင်ပုံနှိပ်ရုံသာမက ဖန်၊ မှန်၊ သားရေ၊ သတ္တုပြားများပေါ်တွင်လည်း ရိုက်နှိပ်၍ ရအောင် ကြံစည်ခဲ့သူ တစ်ဦးပင် ဖြစ်သည်။ ဘလောက်ပညာသင် တပည့်များစွာထဲမှ ဦးထွန်းရင် (ဓာတ်ကောလီ) နှင့် ဦးထွန်းရီ (ပြည်တော်သာ) တို့မှာ လက်ရင်းတပည့်များဖြစ်သည်။ ထိုအပြင် ဆရာကြီးသည် ငွေကြေး မည်မျှရစေကာမူ ပညာရပ်ကို တန်ဖိုးထားပြီး အလုပ်လုပ်သူ လည်းဖြစ်သည်။ တစ်ခါတွင် မြပိုးထည်တိုက်မှ မောင့်ကျက်သရေ ခေါင်းပေါင်း တံဆိပ်ကို ဆရာကြီးစိတ်တိုင်းကျ ပြုလုပ်ပေးပါရန် အလုပ်အပ်လေသည်။ သို့သော်လည်း ၎င်းတံဆိပ်ကို မြပိုးထည်တိုက်က မကြိုက်ဟုဆိုသဖြင့် ပြုလုပ်ပေးသည့် တံဆိပ်တစ်သောင်းကုန် သည့်အခါတွင် နောက်ထပ် ဆက်မလုပ် ပေးတော့ပေ။
ထို့အပြင် ဆရာကြီးသည် စစ်ပြီးခေတ်၌ ယောက်လမ်းတွင်နေထိုင်ပြီး ပြည်တွင်းဖြစ်အထည်များရှားပါးနေ၍ လူတန်းစားအလွှာစုံ ဝတ်ဆင်နိုင်သည့်အဝတ်အထည်များကို ကိုယ်တိုင်ဒီဇိုင်းများထုတ်လျက် ဆေးဆိုးပန်းရိုက် လုပ်ငန်းကိုလည်းလုပ်ကိုင်ခဲ့သည်။ ရာသီကိုလိုက်၍ အဝတ်အစားဒီဇိုင်းများကိုရေးဆွဲခဲ့သည်။ စစ်ပြီးစဖြစ်သဖြင့် နိုင်ငံခြားမှ ကုန်ကြမ်းမရရှိ၍ လုပ်ငန်းရှားပါးနေချိန် တွင် ပြည်တွင်းမှ ကုန်ကြမ်းများဖြင့် စမ်းသပ် တီထွင် အသုံးပြု ခဲ့သည်။ ထိုကြောင့် ဆရာကြီး၏ တပည့်များတွင် ပန်းချီဆရာများ၊ ဓာတ်ပုံဆရာများ၊ ရွှေတံဆိပ်ပြုလုပ်သူများ၊ ဘလောက်ဆရာများ၊ ဒီဇိုင်းနှင့်ပုံနှိပ်စက်ဆရာများ စသည်ဖြင့် အသီးသီးပေါ်ထွက် လာခဲ့ကြသည်။
ဆရာကြီးဦးစံလွင်နှင့် အရင်းနှီးဆုံးသူများမှာ ပန်းချီဆရာကြီးဦးဘဉာဏ်နှင့် ဦးသန့်တို့ဖြစ်သည်။ ထိုအချိန်က ဦးဘဉာဏ်၏ ပန်းချီကားများကို မည်သူတစ်ဦးတစ်ယောက်ကမှ ဝေဖန်ဆန်းစစ်ခြင်းမရှိခဲ့သော်လည်း ဦးစံလွင်ကမူ သူ၏ အတွေး သူ၏အမြင်ဖြင့် အကျိုးသင့်အကြောင်းသင့်ဝေဖန်ခဲ့သည်ကို ဦးဘဉာဏ်မှလည်း လိုလိုလားလား လက်ခံခဲ့သည်ဟု မှတ်သားခဲ့ရပါသည်။ ထိုအပြင် ဦးဘဉာဏ် ဘိလပ်မသွားခင်ကတည်းကပင် ဥရောပ ပန်းချီဆရာများ အကြောင်းကို ရာစုနှစ်အလိုက်ပြောပြ ရှင်းပြခဲ့သည်။ ဦးဘဉာဏ်ကလည်း ဦးစံလွင်၏ အတွေ့အကြုံ ဗဟုသုတကြွယ်ပုံနှင့် အတွေးအခေါ်အယူအဆများကို သဘောကျခဲ့သည်။ ကိစ္စ တစ်ခုခု တိုင်ပင် ဆွေးနွေးစရာ ရှိပါကလည်း ဦးစံလွင်နှင့် တိုင်ပင်လေ့ရှိသည်။ မော်လမြိုင်တွင် မိန်းမသွားတောင်းသည်ကိုပင် ဦးစံလွင်အား ခေါ်ဆောင် သွားခဲ့သည်အထိ ဖြစ်သည်။ ဦးဘဉာဏ်ဘိလပ်မှပြန်ရောက်လာချိန်တွင် ခင်မင်ရင်းနှီးစွဲရှိသောဦးစံလွင်၏ တိုက်ခန်းတွင် လာနေခဲ့သည်။ နောက်မှ မင်းကြီးကတော်ဒေါ်မြမေအိမ်သို့ ပြောင်းရွှေ့သွားခြင်းဖြစ်သည်။ ဆရာကြီး၏ ပန်းချီကားတစ်ချပ်ကိုလည်း ရွှေဒင်္ဂါး ငါးပြားပေး၍ အားပေးဝယ်ယူခဲ့သည်။ ဦးဘဉာဏ် ဒုတိယအကြိမ် အင်္ဂလန်မှ ပြန်ရောက်လာသောအခါ တစ်ကြိမ်လျှင် ရွှေဒင်္ဂါးတစ်ပြားနှုန်း အခငွေကြေးပေး၍ သွားရောက်သင်ကြားခဲ့လေသည်။ “အဘယ်ကြောင့် ဤမျှ ငွေကြေးပေး၍ သင်ကြားရသနည်းဟုမေးရာ” ဦးစံလွင်က “ပူပူနွေးနွေး ဝယ်စားလိုက်တဲ့ သဘောပေါ့ကွာ”ဟုဖြေခဲ့သည်။
ဦးစံလွင်သည်သူ၏ ဇနီးပုံကိုလည်းကိုယ်ဟန်အနေအထားအစုံဖြင့် ပန်းချီရေးဆွဲခဲ့သည်။ ၎င်း၏ ဇနီး အသက် ၃၂ နှစ်အရွယ်က ရေးဆွဲခဲ့သော ပုံတူ ပန်းချီကားမှာ လူပုံ ပီပြင်လှသည့်အပြင် အိမ်ထောင်ပရိဘောဂများကအစ အသေးစိတ် ရေးဆွဲထားသဖြင့် လက်ရာ မြောက်လှပေသည်။ ၎င်း၏ ဇနီးပုံကိုလည်း ဦးဘဉာဏ်၊ ဦးဘဖန်နှင့် ဦးစံလွင်တို့က စံပြမယ် ထား၍ ပုံစံအမျိုးမျိုးဖြင့် ပန်းချီရေးခဲ့ ကြသေးသည်။ ဇမ္ဗူမိတ်ဆွေမှ ထုတ်မည့် ဗုဒ္ဓဝင် စာအုပ်အတွက် သုမေဓာရှင်ရသေ့ကို ဒိုတီဝတ်၍ အသုံးအဆောင်ပစ္စည်းများကို အိန္ဒိယဆန်ဆန်ရေးဆွဲပေးသဖြင့် အလုပ်ပျက် ခဲ့ဖူးပေသည်။
ထိုနောက် ဦးစံလွင်သည် ရုပ်ရှင်ဘက်သို့ လုံးဝခြေဦးမလှည့်တော့ဘဲ ကုန်ဈေးတန်းတွင် နှစ်ထပ်တိုက်ကြီးတစ်လုံးငှား၍ ဦးအုန်းလွင်နှင့် တွဲဖက်လျက် ပန်းချီအလုပ်ခန်း ဖွင့်လှစ်လုပ်ကိုင်ခဲ့သည်။ သို့သော်လည်း ဦးစံလွင်သည် ၎င်းရေးပေး သောပုံကို အခြားဘလောက်ဆရာများနှင့် လုပ်ရာတွင် စိတ်တိုင်းမကျခဲ့သောကြောင့် ဘလောက်လုပ်ငန်းနှင့် ပုံနှိပ်စက် လုပ်ငန်းများကိုပါလုပ်ကိုင် ခဲ့သည်။ နောင်တွင် ကန်တော်ကြီးအနီး ၁၃၃ လမ်းရှိ အိမ်အိုကြီးတစ်လုံးကိုဝယ်ယူပြီး ၎င်းစိတ်တိုင်းကျ တီထွင်ဖန်တီးမှုများကို ဆက်လက်လုပ်ကိုင်ခဲ့ပြီးအသက် ( ၇၇ ) နှစ်အရွယ်တွင်ကွယ်လွန်ခဲ့ပေသည်။ ထိုကြောင့် ဆရာကြီး ဦးစံလွင်သည် ပန်းချီပညာကို ကျွမ်းကျင်တတ်မြောက်ပါသော်လည်း ပန်းချီနှင့်ပင် တင်းတိမ် ရောင့်ရဲမနေဘဲ စိတ်ကူးသစ်များ၊ တီထွင်ဖန်တီးမှုများဖြင့် ရှင်သန်နေထိုင်သွားခဲ့သည်မှာ သူ၏လက်ရာများစွာက သက်သေခံနေမည့် ပန်းချီဆရာကြီးတစ်ဦးပင်ဖြစ်ပေတော့သည်။
ရည်ညွှန်း
ဦးဉာဏ်ရှိန် = မြန်မာ့ပန်းချီ ပန်းပု ဗိသုကာပညာရှင်များ ( ၁ )
စာပေဗိမာန် စာတမ်းဖတ်ပွဲ ( ပ )
ဂျီလှမောင် ( ကမ္ဘာ့ပန်းချီသိ မြန်မာ့ပန်းချီသိ )
ဘထွေး ( ဦးစံလွင် ( သို့ ) အနုပညာနှင့်တီထွင်မှု ) မိုးဝေ
ရှုမဝ ဦးကျော် ( ပန်းချီလော ပန်းပုလော စက်မှုလော လက်မှုလော ) ၁၉၇၃ – မေ ရှုမဝမဂ္ဂဇင်း


