The Corner

The Corner

cropped-Logo_round_grey-background.png

ကျူ ဝါးရုံလား . . .  ကျူဝါးရုံလား

Share မယ်

ဤအကြောင်းအရာ၏အစသည် ကဗျာဆရာမ ဝသုန္ဓေကဟုဆိုရပေမည်။ သူမနှင့် လူမှုကွန်ရက်အပေါ်တွင် စာတွေ ကဗျာတွေ‌ရေးကြရင်း ရင်းနှီးကြပေမင့် နောက်ပိုင်းကျွန်တော်တို့ မြို့နယ်အတွင်းသို့ပြောင်း‌ရွှေ့လာသဖြင့် ပိုနီးစပ်လာသည်။ သို့သော်လည်း သူနေသည့်နေရာ နှင့် မိုင် ၃၀ လောက်ဝေးနေ၍ မဆုံဖြစ်ကြ။ ဆုံဖြစ်ရန် ချိန်းဆိုကြပါသော်လည်း အခက်အခဲပေါင်း များစွာကိုမကျော်နိုင်သည့်အပြင် သူမကလည်း ခြေထောက်ဗွေပါနေ၍ မဆုံသောလမ်းဖြစ်နေသည်။ ထိုအနေတွင် မဆုံမဖြစ်ဆုံကြရန်ကိစ္စပေါ်လာသည်က သူမပင်စင်ထုတ်ရန် အတွက် အကူအညီ တောင်းလာခြင်း ပဲဖြစ်သည်။ သို့သော်လည်း သူမကဒီပြောင်းလာပြီးမှ ရန်ကုန်ကိုယ်ပိုင် ကျောင်းတစ်ခုတွင် ဆရာမဝင်လုပ်နေပြန်သဖြင့် ပင်စင်ထုတ်ချိန်ဆုံကြပါသော်လည်း စကားကောင်းကောင်း ပြောမဖြစ်ကြပေ။ ရောက်သည်နှင့် ဘဏ်ပြေး။ ပင်စင်ထုတ်။ လက်ဖက်ရည်ဆိုင်တွင် နေ့လည်စာစား။ စားရင်း ဖြင့် ကြုံရဆုံရ တွေ့ရမြင်ရသည်တို့ကို စကားရည် လုကြရသည်။ သို့နှင့် စာအကြောင်းပေအကြောင်းသို့ ဂိတ် မထိုးဖြစ်ပေ။ ပြီးသည်နှင့် ကားဂိတ်ပြန်ပြေး။ သို့မှ ရန်ကုန်မြို့အဝင်သို့ ညနေစောင်းရောက်မည်။ အိမ်သို့ ညဦး ပိုင်းတိုင် ရောက်ချိမ့်မည်။ ၈၅ မိုင်သာ ကွာသည့်ခရီးက ဤသို့။ တစ်ချိန်က အိပဲ့အိပဲ့ ကားဖြင့်သွားလျှင် အသွားအပြန် နှစ်ကြောင်းလောက်ရသည့်ခရီးကို ယခု တစ်ကြောင်းတည်းပင် အသည်းအသန်။

ဤသို့ နှစ်လတစ်ခါလောက် တွေ့ဖြစ်သည့် အချိန်တစ်ခုတွင် ဘဏ်ကိစ္စကလည်းစောစောပြီးသဖြင့် ဘေးဘယာ ကိစ္စများအပြီးတွင် ကျောင်းသင်ခန်းစာများအကြောင်းပြောဖြစ်သည်။ ကျွန်တော်ကစာမသင်သော်လည်း ကျောင်း များနှင့်ဆက်စပ်နေသည့်အချို့ကိစ္စရပ်များရှိနေ၍ဖြစ်သည်။ သို့နှင့် “အရှေ့ကိုလျှောက်ပါလို့ ၊ အနောက်ကိုတဲ့ မျှော်လိုက်ရင်” ဆိုသည့်ကဗျာလေးကို ဆွေးနွေးကြည့်မိသည်။ ကျွန်တော်ယူဆသည်က အရှေ့ကိုလျှောက်ပါလို့ ဆိုတာသည် လမ်းလျှောက်သည်ဆိုသည်ထက် လူ့ဘဝတို့၏ထုံးစံအတိုင်း အသက်တဖြည်းဖြည်းကြီးရင့်သွားပြီး သံသရာတစ်ခုလုံးလည်သွားသည်ကိုဆိုလိုချင်ပုံရသည်။ အဘယ်ကြောင့်နည်းဆိုရလျှင် အနောက်ကိုတဲ့မျှော် လိုက်ရင် ဆိုတာက မျှော်ဆိုတဲ့စကားအသုံးအနှုန်းက နောက်ပြန်လည်ကြည့်တဲ့ သဘောကိုဆိုချင်ပုံမရ။ မျှော်ဆို တာက အဝေးကို ကြည့်တဲ့သဘော။ စကားအသုံးအနှုံးကိုကြည့်ပြန်ရင်လည်း “ မျှော်လင့်၊ လှမ်းမျှော် “ တို့မှာ သာသုံးတာဖြစ်လို့ နောက်ဘဝကို ဆိုလိုချင်သည်များ ဖြစ်နေမလားဟု ပြောကြည့်မိသည်။ သူမက “အေး ဒါ လည်းဖြစ်နိုင်တာပဲ” ဟု မှတ်ချက်ပေးသည်။ တစ်ဆက်တည်းမှာပင် “နေဦး ငါကြုံရတာလေးလည်း ပြောဦးမယ်” ဆို၏။

သူမက ကျောင်းဆရာမဘဝဖြင့် အငြိမ်းစားယူခဲ့သူဖြစ်သည်။ ယခုကိုယ်ပိုင်ကျောင်းတွင် စာသင်ရင်းတွေ့ကြုံခဲ့ရ ခြင်းဖြစ်သည်။ “ဟိုကဗျာလေးလေဟယ်။ ကျူဝါးရုံ တူစုံကွဲ့ဖော်နှော ၊ ငှက်ကြီးရွှေဝံပိုတို့ဝဲခိုလိုမျှော” အကြောင်းပင် ဖြစ်သည်။ “သူတို့က ကျူပင် ၊ ဝါးရုံပင်လို့ ဆိုနေလို့ အဲ့ဒါကိုငါက ကျူပင် ဝါးရုံပင်မဟုတ်ဖူး၊ ကျူဝါးပင်ကိုလို့ ရှင်းခဲ့ရသေးတယ်အေ့”။ ဆက်၍ “ငါတို့ငယ်ငယ်က အဲ့ဒီကျူဝါးပင်လေးတွေကိုချိုးပြီး ကောက် ညှင်းကျည်တောက် လုပ်တမ်းတောင် ကစားကြသေးတယ်။ သူ့မှာက ဝါးပင်လို အဆစ်လေးတွေပါတယ်လေ။ နောက်ပြီး ကျူယားပင် ဆိုတာရှိသေးတယ်။ အဲဒီအပင်က အမွေးလေးတွေပါတယ်။ သွားထိရင် ယားတယ်ဟ”။ ဤသို့ အလ္လာပ သလ္လာပ လေကန် အာလူးဖုတ်ပြီးသူမလည်းပြန်သွားသည်။

ကျူပင်ရုံ
ဝါးပင်ရုံ

ကျွန်တော်သည်လည်း မေ့မေ့ပျောက်ပျောက်ပင်။ သို့သော်လည်း မေ့နေသည်ကို အစပြန်ဖော်ရန် အကြောင်းကပေါ် လာပြန်သည်။ တစ်ရက် မည်သည့်စာအုပ် ဖတ်ရန် ကောင်းမည်နည်းဟု တစ်ယောက်တည်း စိတ်လည်လည် ရှိနေသည်။ စာအုပ်အသစ်များကလည်း ဝယ်ထားသည်မရှိ။ ထိုကြောင့် အိမ်တွင်ရှိသည့် စာအုပ်များကို ဟိုအပုံလှန် ဒီအပုံလျှောဖြင့် ဝေခွဲ၍မရ။ နောက်ဆုံးကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေးကိစ္စရပ်များရှိနေသဖြင့် လိုလို မယ်မယ် ပညာလောက စာစောင်တွေ ပြန်ဖတ်တာပဲကောင်းပါတယ်ဟု ဆုံးဖြတ်မိသည်။ အဓိက မြန်မာစာနှင့် ပက်သက်သည့် ဆောင်းပါးများ ကိုသာ ဖတ်မိသည်။ သို့နှင့် ဆရာဆရာဦးလှရွှေရေးသည့် ပါပဟိန်ပြဇာတ် အကြောင်းဖတ်မိသည်တွင် အနှီး မေ့ထားခဲ့သည့် ကျူပင်အကြောင်း တို့မိသွားသည်။ ဆရာက ကုန်းဘောင် ခေတ်ပြဇာတ်ဆရာတစ်ဦးဖြစ်သည့် ဦးကြင်ဥ၏ ပါပဟိန် ပြဇာတ်ထဲမှ နောက်ဆုံးအခန်းဖြစ်သည့် အသ္ဘမိန်မင်း သားကိုဆေးကုပြီးပြန်သည့် ဇော်ဂျီက သဘာဝတောတောင်အလှအကြောင်းကိုဖွဲ့နွဲ့သီကျူးသော ဇာတ်ဝင်သီ ချင်း ( ဝါ ) ဇာတ်ချင်း အကြောင်း ကိုသာ ရေးထားခြင်း ဖြစ်သော်လည်း ထိုအထဲတွင် ကျူပင်အကြောင်းကပါနေ သည်။ “ကြိမ်ကျူဝါးရုံ ၊ စေးချုံနွယ်ဝင်၊ တပင်ကအခက် တပင်မှာရောယှက်၊ အထက်ရှုပ် အောက်ခြေရှင်း၊ မြေတလင်းသဲမွေ့ရာ၊ နတ်လာလို့ခင်းသည့်နှယ် ၊ နေခင်းလည်းသာပေ့” ဆိုသည့်အဖွဲ့ကိုဖတ်ပြီး မည်သို့ အနက်ပြန်သည်ကိုဆက်ဖတ်ကြည့်သည့်အခါ ဆရာက ကြိမ်ပင် ၊ ကျူပင် ၊ ဝါးရုံပင်ဟုသာဆိုသည်။ ကဗျာ နှစ်ပုဒ်၏ ဖွဲ့စည်းပုံနှင့် အကြောင်းအရာမှာ မတူသဖြင့် ဤဇာတ်ချင်းသည် ကျူပင် ဝါးရုံပင်ကသာ သဘာဝကျပေ သည်။

ဤသို့အမောင်ကျူမျိုး မီးဆက်ပျိုးလာသဖြင့် ကျူပင်နှင့်ပတ်သက်သည့်အကြောင်းအရာများကို စိတ်ဝင်တစား ရှိလာမိသည်။ ကျွန်တော်တို့ပတ်ဝန်းကျင်တွင် ထင်ထင်ရှားရှားရှိသည်က “ကျူပင်ခုတ် ၊ ကျူငုတ်မကျန်စေနှင့်” စကားပင်ဖြစ်သည်။ တခုခုကိုလုပ်နေလျင် “ဟေ့ကောင် ကျူပင်ခုတ် ၊ ကျူငုတ်မကျန်စေနဲ့” ဟုပြောလေ့ရှိသည်။ ကိုယ်တိုင်လည်းသုံးဖူး၏။ သို့သော်လည်း အပေါ်ယံမျှသာဖြစ်သည်။ သစ်ပင်ခုတ်လျှင် ရေသောက်မြစ် ကိုဖြတ်သလိုပင်ဖြစ်မည်ဟုယူဆမိသည်။ ယခု ကျူအကြောင်းလေ့လာမိသည်မှ အတော်လေးပင်ထိတ်လန့် သွားမိသည်။ ကျူပင်ဆိုသည်က အခြားသစ်ပင်ကြီးများကဲ့သို့ အမြစ်ဖြတ်တိုင်းသေသည့်အပင်မဟုတ်ချေ။ အခြားအပင်များကဲ့သို့ အစေ့မှလည်းရှင်သန်နိုင်သလို အမြစ်ကြွင်းနည်းနည်းလေးရှိသည်နှင့် တစ်ဖန်ပြန်လည် ရှင်သန်နိုင်ပေသည်။ ရှင်သန်ပြန်လည်း အုံနှင့် ကျင်းနှင့် အပြိုင်းပြိုင်းထလို့။ ဤသို့ ရှင်သန်နိုင်မှုစွမ်းအား ကောင်းသည်ကိုမှ မည်သို့မှမရှင်သန်နိုင်အောင် “ကျူပင်ခုတ် ၊ ကျူငုတ်မကျန်စေနှင့်” ဆိုသည့်မှာ အင်မတန် ရက်စက်လွန်းသည့် စကားရပ်ဖြစ်မှန်း သဘောပေါက်လာသည်။ နောက်ထပ်ပြောရန်ပင် မဝံ့စား။

သို့သော်လည်း လိုချင်သည့်အဖြေမရသေးသဖြင့်ဆက်ရှာမိသည်။ ရှိသည့်စာကြည့်တိုက်တွေကိုမေးသည်။ မရ။ အင်တာနက်ပေါ်တွင်ရှာကြည့်သည့်အခါ ဆရာတက်တိုး၏ တွေးတဲ့ကျူပင် စာအုပ်ကိုတွေ့သည်။ သို့မှ ရှားရှားပါးပါးအကြောင်းအရာတစ်ခုအား ဆရာတက်တိုး ရေးထားမှန်းသိသည်။ ခက်သည်က စာအုပ်အကုန်ဖတ်မရ။ နိဒါန်းစကားဦးကလေးမျှသာဖတ်ရသည်။ စကားဦးတွင် ပြင်သစ်အတွေးအခေါ်ပညာရှင်ကြီး ပတ်စကယ်လ်က “လူသည်ကျူပင် ပင်ဖြစ်သည်” ဟုအတိအကျဆို၏။ ဤအဆိုကိုအစပြု၍ ဆရာတက်တိုးကကျူပင်သည် နွဲ့နောင်းသော အပင်ဖြစ်သည်။ နွဲ့နောင်းခြင်းမှ ဘဝအင်အားကိုယူသည်။ သစ်ပင်ကြီးများသည် ထည်ဝါသော် လည်း လေပြင်းမုန်တိုင်းဒဏ်ကိုမခံနိုင်ချေ။ ကျူပင်ကား လေတိုက်ရာသို့အလိုက်သင့်ယိမ်းသည်။ အတိုက်အခံ အစား လိုက်လျောခြင်းကို သရုပ်ဆောင်သည်။ ယင်းသို့ နွဲ့နောင်းခြင်း သည်ပင်လျှင် အဖိုးမဖြတ်နိုင်သည့် ထူးခြား သော သတ္တိတစ်ရပ်ဖြစ်သည်။ “လိုက်လျောညီထွေ ကျင့်တတ်စေ” ဟု ပညာရှိတို့၏ ဆုံးမစကားအတိုင်း လိုက်နာ ကျင့်သုံးလျှင် နောက်ဆုံး၌ မိမိဦးတည်ရာစခန်းကို ရောက်မည်ဟု အနက်ဖွင့်ပြခဲ့သည်။

ကျူပင်နှင့် ပတ်သက်၍ နှစ်လိုဖွယ်ရာအဖြေသို့မရောက်သေးသော်လည်း အတော်လေးဝင့်ထည်သည့်အပင်ပါ လားဟု တွေးစပြုမိလာသည်။ ထို့ကြောင့် ဟိုရှာသည်ရှာနှင့် ဘုရားဟောကပိလမစ္ဆသုတ္တန်တွင် ထပ်မံတွေ့ခဲ့ သည်။ ကျူပင်၏ သဘာဝကိုဆိုသည်မဟုတ်သော်လည်း ကျူပင်သည်ကားအနှိုင်းခံအဖြစ်ပါနေသည်။ ၎င်းတွင် ကျူပင်မည်သည်ကား ရေအလျဉ်၏ တိုက်စားမှုကြောင့်ပျက်စီးတတ်သကဲ့သို့ လူသားတို့သည်လည်း ကိလေသာ၏ တိုက်စားမှုကြောင့် ပျက်စီးတတ်ပုံကို ဥပမာပေး ဟောကြားထားခြင်း ဖြစ်သည်။ တစ်ခုသတိထားစရာရှိသည် က လူသည် ကျူပင် ဖြစ်သည်ဟု ပြောခဲ့သည့် ပတ်စကယ်လ်၏စကားကိုပင်။ လူဆိုသည်က မိမိဘဝရှင်သန် ရေးအတွက် ဉာဏ်စွမ်း ကိုယ်စွမ်းရှိသမျှအကုန်ရုန်းသည်။ ကျူပင်များသည်လည်း လူ့သဘာဝအတိုင်းပင် သူတို့ ကိုမည်သို့ပင်ပျက်စီးစေကာမူ အနည်းငယ်မျှသောအခွင့်အရေးမှသည် ကျူတောကြီးဖြစ်သည်အထိရုန်းကန် ရှင်သန်ကြပုံမှာ လူသားတို့ တူသည်။ ဤသို့ သဘောသဘာဝခြင်း မခြားသည့် ကျူပင်ကို ဥပမာ အနေထား၍ ဘုရား ရှင်ကပင် ဟောကြားခဲ့ကြောင်း ကိုပင် ဖြစ်သည်။

နောက်ဆုံး ရှာရင်းဖွေရင်း မူးနောက်လာသဖြင့် မထူးဇာတ်ခင်းသည့်အနေဖြင့် ယနေ့ခေတ်စားနေသည့် အေအိုင်ကို သွားမေးကြည့်သည်။ ပထမတစ်ခု ဘာတွေမှန်းမသိ။ နောက်တစ်ခုပြောင်း။ သို့နှင့် အေအိုင်တစ် ခုတွင် ပြန်ဖြေသည်က “ကျူဝါးရုံ” ဆိုတဲ့ စကားရပ်ဟာ ရုပ်ဝတ္ထုအရ သိပ်သည်းပြီး သွားလာရခက်တဲ့ နေရာကို ရည်ညွှန်းရင်း၊ စိတ်ကူးအရ ဆိုရင်တော့ ရှုပ်ထွေးခက်ခဲမှု၊ အတားအဆီးများမှု နဲ့ ခိုင်မာစွာစည်းစည်းလုံးလုံးရှိမှု ဆိုတဲ့ အဓိပ္ပာယ်မျိုးစုံကို သယ်ဆောင်ထားတဲ့ မြန်မာ့ယဉ်ကျေးမှု စကားပုံတစ်ခု ဖြစ်ပါတယ်”ဟူ၍ဖြစ်သည်။ သို့မှ “ဟ ဟုတ်တာပေါ့ “ ဟု အားရဝမ်းသာဖြစ်ပေသည်။ “ကျူဝါးရုံ တူစုံကွဲ့ ဖော်နှော” ဆိုသည့်အဖွဲ့သည် ကဗျာဆရာမပြောသလို ကျူဝါး ပင်ဟု မဟုတ်ကြောင်း။ ကျူပင် ဝါးပင်သာဖြစ် ကြောင်း အေအိုင်ကောင်းမှုကြောင့်တွေ့လိုက်ရပေသည်။ အဘယ်ကြောင့် ဆိုသော် တူစုံကွဲ့ဖော်နှောဆိုသည် မှာ အတူတကွပေါင်းဖက်နေထိုင်သည်ကိုရည်ညွှန်းသည်။ ထိုကြောင့် ထိုအဓိပ္ပာယ်ဖြင့် သင့်လျော်သည့် ခိုင်မာစွာ စည်းစည်းလုံးလုံးရှိမှုကို သင်္ကေတပြဆိုခြင်းကို အေအိုင်က ဖော်ထုတ်ခဲ့၍ ဖြစ်သည်။ တစ်ဆက်တည်း ကျူပင် ဝါးပင်တို့လို ခိုင်မာစွာစည်းစည်းလုံးလုံးနေထိုင်ခြင်းအနက်ကို ဘာကြောင့် မတွေးမိသနည်းဟု မိမိဘာသာ ပြန် မေးမိသည်။ နောက်ဆုံး ရေခံမြေခံမကောင်း၍ သာဖြစ်မည်ဟု ကိုယ်ကျိုးငဲ့ လူသားဝါဒကို ဆွဲကိုင်၍သာ ဖြေသိမ့်မိပါတော့သည်။                                                                                                                  

Click to rate this post!
[Total: 0 Average: 0]