The Corner

The Corner

cropped-Logo_round_grey-background.png

ခရိုအေးရှား၌ ကော်ဖီသောက်ခြင်း

Share မယ်

ကိုကိုလာမယ်ဆိုလို့ ကော်ဖီရည်တွေကျိုလို့

ပေါ်လာသေး မျှော်ကာတွေး ငေးရသူပါ။

(တေးဆို – ပုလဲ / ပိုးဒါလီသိန်းတန်။ တေးရေး – ?)

(၁)

နောက်တစ်နေ့မနက် ကျွန်တော်တို့ ကော်ဖီသောက်ထွက်ကြသည်။ ကျွန်တော့်အမျိုးသမီးက အပြင်မှာ ကော်ဖီ ထွက်သောက်ဖို့ ပြောလာတဲ့အခါ ကျွန်တော်အကြိုက်တွေ့သွားသည်။ SPLIT မြို့ထဲကို ဘတ်စ်ကားစီးပြီးဝင်လာတုန်းက မြင်သမျှတွေ့သမျှနှင့်ပင် ကျွန်တော်တို့အခြေချနေထိုင်ရမည့်မြို့ကို ကျွန်တော်သဘောအကျကြီးကျနေပြီဖြစ်သည်။ အခုလိုကော်ဖီသောက်ထွက်တဲ့အခါ စတားဘတ်တစ်ခွက်ကိုင်ပြီး မြို့ထဲလျှောက်ကြည့်မည်။ စတားဘတ် ကော်ဖီအရှိန်နှင့် လှိမ့်ကြမည်။ ကျွန်တော်တွေးထားတာတွေထဲ အလွဲတွေ၊ အမှားတွေ အများကြီး၊ အများကြီး ပါနေတာကို အခု ကျွန်တော်သိသွားပြီ။ (SPLIT က ခရိုအေးရှားမှာ မြို့တော် ဇာဂရက်ပြီးလျှင် ဒုတိယ အကြီးဆုံးမြို့။)

(၂)

ပထမဦးဆုံးအလွဲက ဒီစာရေးနေတဲ့အချိန်အထိ ခရိုအေးရှားမှာ စတားဘတ်ဆိုင်တစ်ဆိုင်မှမရှိသေးကြောင်းပါ ခင်ဗျား။ ကျွန်တော်မွေးဖွားကြီးပြင်းခဲ့သည့်အမေရိကန်နိုင်ငံမှာ စတားဘတ်က လမ်းတစ်လမ်းထဲမှာကို ဟိုဘက်ဒီဘက်ရှိနေတာ။ အစ္စတန်ဘူလ်မြို့တော်မှာ၊ ချက်သမ္မတနိုင်ငံ / ပိုလန်နိုင်ငံ၊ ဘူလ်ဂေးရီးယားနိုင်ငံ၊ ရိုမေးနီးယားနိုင်ငံ အချို့မြို့တွေမှာဆို တစ်လမ်းတည်း စတားဘတ်သုံးဆိုင်လောက်ရှိတာ။ ခရိုအေးရှားမှာ စတားဘတ်က မူးလို့တောင် ရှူစရာမရှိဟု ပြောရမည်။ အင်း… မြို့တော် ဇာဂရက်မှာတော့ စတားဘတ်တစ်ဆိုင်ဖွင့်မယ်ကြားတယ်။ သိတယ်မဟုတ်လား။ လာမယ် ကြာမယ်လေ။ ကော်ဖီသောက်သုံးတာကို ခရိုအေးရှန်းတွေဘယ့်ကလောက် ကြိုက်နှစ်သက်တယ်ဆိုတာ သိထားသူ တွေအဖို့ ဒီကိစ္စဟာဖြင့် အင်မတန်မှထူးပြီးမဆန်းပေဘူးလားဗျာ။ (၂၀၂၅ ခုနှစ်အထိ   ခရိုအေးရှားမှာ စတားဘတ်ဆိုင် မရှိသေးပါ။)

ခရိုအေးရှားမရောက်ခင်ကတည်းက ခရိုအေးရှန်းတွေ ကော်ဖီကိုနှစ်ခြိုက်စွာသောက်သုံးမှန်း ကျွန်တော် သိပါသည်။ ကျွန်တော့်မှာ စာရင်းဇယားတွေရှိသည်။ ၂၀၀၉ ခုနှစ်တွင် ကောက်ယူခဲ့သည့်စစ်တမ်းအရ တစ်နှစ် တစ်နှစ်ကို ခရိုအေးရှန်း တစ်ယောက်က ကော်ဖီ ငါးကီလိုသောက်သတဲ့။ တစ်နိုင်ငံလုံး အတိုင်းအတာအရ တစ်နှစ်ကို ကော်ဖီ တန်ချိန်ပေါင်း ၂၂,၅၀၀ တန် သောက်သည်တဲ့။ ကော်ဖီသောက်ဖို့ သုံးစွဲလိုက်သည့်အချိန်က တစ်နှစ်ကို နာရီပေါင်း ၂ ဒသမ ၂၅ သန်း ရှိပါသတဲ့။ ခရိုအေးရှန်း တစ်ဦးအဖို့ ကော်ဖီသောက်ချိန်က တစ်ရက်မှာနာရီဝက်ရှိသတဲ့။ ဒါတောင် အိမ်မှာ ကော်ဖီသောက်ချိန် မပါသေးဘူးတဲ့ဗျ။ ဒါက အပြင် ထွက်ကော်ဖီသောက်ရင်း ဖြုန်းတဲ့ အချိန်ကို ပြောနေတာ။ ခရိုအေးရှားမှာ ကော်ဖီဆိုင်တွေက ပေါလှသမို့ ခဲတစ်လုံး ကောက်ကိုင်ပြီး စိတ်ကူးတည့်ရာပစ်လိုက်ရင် အကြိမ် ၁၀၀ မှာ ၉၇ ကြိမ် (အကြိမ် ၁၀၀ နီးပါး) ထိဖို့ သေချာတာက ကော်ဖီဆိုင် တစ်ဆိုင်ဆိုင်ဖြစ်သတဲ့။ ၉၇% ကြီးများ တောင်ရှိသတဲ့ဗျာ။ ဇာဂရက်မြို့တော် တစ်ခုတည်းမှာကိုပဲ ကော်ဖီဆိုင်က ၁၀၀၀ ကျော်ရှိသတဲ့။

ခရိုအေးရှန်းတွေ ကော်ဖီကြိုက်သည်။ သူတို့အတွက် ကော်ဖီက ကော်ဖီ မည်ကာမတ္တ မဟုတ်ပေဘူး။ ခရိုအေးရှားမှာ ကော်ဖီဆိုတာ ဘယ်လိုကိစ္စဖြစ်ဖြစ် သူပါမှပြီးရတာလေ။ သူငယ်ချင်း မိတ်ဆွေဆုံတွေ့ရာမှာလည်း သူကပါသည်။ အရောင်းအဝယ်ကိစ္စ ညှိကြနှိုင်း ကြရာမှာလည်း သူကပါသည်။ အပေးအယူကိစ္စ လုပ်ရာမှာလည်းသူကပါသည်။ အလုပ်အတွက် လူငှားရမ်းရာမှာ၊ ခန့်ဖို့ကိစ္စမှာ၊ ထုတ်ပစ်ဖို့ ကိစ္စရာမှာ၊ တစ်ဦးနှင့်တစ်ဦး မိတ်ဆွေဖွဲ့ရာမှာ၊ အိမ်ထောင်ပြုရာမှာ၊ လင်မယားကွာရှင်းရာမှာလည်း သူကပါသည်။ ပြောရရင် နေရာတကာ သူပါသည်။ ကော်ဖီအတူတူ ထိုင်သောက်တယ်ဆိုတာ ခရိုအေးရှားမှာက မိမိတို့ ကြုံတွေ့ရသမျှ ပြဿနာအားလုံးကို ဖြေရှင်းခြင်း ဟုပင်ပြော၍ရသည်။ ဘာလုပ်လုပ် ကော်ဖီပါရသည်။ ကော်ဖီပါစရာ မလိုအပ်ဘူး ထင်ရတဲ့နေရာတွေမှာ ပင်လျှင် သူက ပါရသည်။ အိမ်တစ်အိမ်က ခင်ဗျားကို ညစာဖိတ်ကျွေးတယ် ဆိုပါစို့။ အဲ … ကော်ဖီတော့ ယူသွားဗျ။

ကျွန်တော့်ရဲ့ နောက်ထပ်အလွဲတစ်ခုက ခရိုအေးရှားမှာ ကော်ဖီသောက်ပုံရယ် အမေရိကန်မှာကော်ဖီသောက်ပုံရယ် ဒီနှစ်ခုက ဘာမှမထူးခြားဘူးလို့ ထင်မှားမိတာ။ သူတို့ ကော်ဖီသောက်ပုံက ကျုပ်တို့သောက်ပုံနှင့် ဘာကမှ မဆိုင် ခြားနား လှပါချေတကား။ ခင်ဗျား စဉ်းစားမိတဲ့ အတိုင်းပါပဲ။ ကော်ဖီ သောက်ခြင်းက ခရိုအေးရှားမှာ လူမှုရေး ကျင့်စဉ်ကြီးတစ်ခုဖြစ်သဗျ။ အမေရိကန်မှာက ကော်ဖီသောက်ခြင်းအမှုက လူမှုရေးကိစ္စ မဟုတ်ပေဘူး။ အလုပ်ပို လုပ်နိုင်အောင်လို့ အားဆေးတင်သလိုမျိုး။ လူကို စိတ်ကြွဆေးပေးပြီး မောင်းသလိုမျိုး။ ကဲ… နမူနာတချို့ ကြည့်ရအောင်။

ခရိုအေးရှားက ကော်ဖီဆိုင်

ခရိုအေးရှားကော်ဖီဆိုင်ထဲက စားပွဲတွေကိုကြည့်လိုက်ရင် စားပွဲတိုင်းလိုလိုမှာ လူတစ်ဦးထက်ပိုထိုင်နေတာတွေ့ရမည်။ ထိုင်နေသူ အားလုံးလိုလို သူတို့အချင်းချင်း စကားပြောနေတာ တွေ့ရမည်။ (ပုံထဲက ဘဲတစ်ပွေကတော့ တစ်ယောက်တည်း ထိုင်နေလေရဲ့။ သူ့တီရှပ်မှာ အမေရိကန်အလံနဲ့။ ဒါဆိုသဘောပေါက်။) လူတွေက ထိုင်နေရုံ သက်သက်၊ သူတို့စမတ်ဖုန်းတွေနဲ့ ဆော့နေရုံသက်သက် မဟုတ်ပေဘူးဗျ။ သူတို့က စကားပြောနေတာ။ အပြန်အလှန် ပြောနေကြတာ၊ သူငယ်ချင်းတွေ ဘော်ဒါတွေနဲ့ စုစုဝေးဝေးထိုင်နေကြတာ။ တစ်ဦးကို တစ်ဦး အဖော်သဟဲ ပြုနေကြတာ။

အမေရိကန်က စတားဘတ် ကော်ဖီဆိုင်

ဒါက အမေရိကန်က စတားဘတ်ကော်ဖီဆိုင်ထဲကမြင်ကွင်း။ သတိထားကြည့်စမ်းဗျာ။ လူတိုင်းလူတိုင်း လုံးချင်း ထိုင်နေတာသတိထားကြည့်။ နောက်ဘက်ကျကျနေရာက စုံတွဲတစ်တွဲကိုတွေ့တာနှင့် ပျော်မသွားနှင့်ဦး။ သေချာ ကြည့်လိုက်ရင် အမျိုးသားက အမျိုးသမီးရှေ့ချထားတဲ့ ခုံသတ်သတ် တစ်ခုံမှာ ထိုင်နေတာ။ အမျိုးသမီးက သူ့ပေါင်ပေါ် တင်ထားတဲ့ လက်ပ်တော့ပ်ကို ရိုက်နေတာ။ ဘယ်သူ တစ်ဦးတစ်ယောက်မှ စကားပြောနေတာမတွေ့ရဘူး။ သူတို့အားလုံး အိုင်ပေါ့ကိုယ်စီနှင့် ငြိမ့်နေကြတာဖြစ်မည်။ သူတို့အားလုံး အလုပ်တစ်ခုမဟုတ်တစ်ခုထဲ နစ်နေကြတာ ဖြစ်မည်။ ခရိုအေးရှားမှာ “ငါတော့ ကော်ဖီသောက်ရင်း အလုပ်လုပ်လိုက်ဦးမယ်” လို့များပြောမိရင် “ငါတော့ နွားနို့ထဲ ရှာလကာရည် ခပ်များများထည့်သောက်ဦးမှပဲ”ဆိုသည့်အဓိပ္ပာယ်ပေါက်သွားနိုင်သည်။ ဒါမျိုး – ခင်ဗျား – မလုပ် – လေနှင့်။ ခရိုအေးရှန်းတွေက အလုပ်လုပ်ဖို့ ကော်ဖီသွားသောက်သူတွေမဟုတ်ဘူး။ သူတို့ ကော်ဖီဆိုင်ထိုင်တာက စကားပြောဖို့၊ ဆုံတွေ့ဖို့၊ အပန်းဖြေဖို့။ နားကို နားကြပ်နှင့်ဆို့ပြီး သီချင်းနားထောင်ရင်း ဖြေရတော့မယ့် စာမေးပွဲကြီး အတွက် စာတွေ ကပ်တွန်းနေတာမျိုး မဟုတ်ရေးချမဟုတ်ပေဘူးဗျ။ ခရိုအေးရှားမှာ ဒီလိုကိစ္စအတွက် စာကြည့်တိုက် တွေရှိသဗျ။ ဟုတ်တယ်ဟုတ်။

အမေရိကန်တွေအတွက် ကော်ဖီသောက်တယ်ဆိုတာက ကားကို ဆီဖြည့်သလိုမျိုး။ ကျွန်တော်တို့ ကော်ဖီ သောက်တယ်၊ ဒါမှအလုပ်ဆက်လုပ်နိုင်မယ်။ ဆက်ဆက်လုပ်နိုင်မယ်။ ဒါပဲ။ ကော်ဖီခွက်တွေ ကြီးကြီးလာပုံကို ကြည့်ပါဦး။ ၁၂ အောင်စခွက် (၃၅၄ စီစီ)၊ ၁၆ အောင်စခွက် (၄၇၃ စီစီ)၊ အောင်စ ၂၀ ခွက် (၀.၅၉ လီတာ)၊ ၃၁ အောင်စ ခွက် (၀.၉၁ လီတာ)၊ ၃၁ အောင်စခွက်ဆိုရင် ပါတဲ့ကော်ဖီက တစ်လီတာနီးပါးရှိနေပြီ။ ကော်ဖီခွက်က အဖုံးပါသည်။ ဒါမှ အလုပ်လုပ်တဲ့ဆီ သယ်သွား နိုင်မှာ။ ကော်ဖီသောက်ရင်း လမ်းလျှောက်နိုင်မှာ။ အပြေးလမ်း လျှောက်လုပ်လို့ တောင်ရသေး။ (ကော်ဖီသောက်ရင်း အပြေးလမ်းလျှောက်တယ်? ဟုတ်စ။ ဟုတ်ပဗျာ။) ကော်ဖီခွက်ဆိုက်တွေ ကြီးလာရတဲ့ အခြားသော အကြောင်းတစ်ခုက ကော်ဖီခွက်က ခင်ဗျားရဲ့ အဆင့်ကိုပြောနေတာဖြစ်သတဲ့ဗျ။ (ခရိုအေးရှားမှာ ဘီအမ်ဒဗလျူကား အမည်းကြီးကို စီးနိုင်သူက ‘အကောင်’ဆိုသလိုပေါ့) ကော်ဖီခွက်ကြီးလေလေ ခင်ဗျားက ပိုလို့အရေးပါလေလေ။ ခင်ဗျားက’အကောင်’ပဲ။ ခင်ဗျားက ‘ဗီအိုင်ပီ’ပဲ။ ခင်ဗျားမှာ လုပ်စရာတွေက တစ်ပုံတပင်ကြီး။ ဒီတော့ ကော်ဖီတွေဒီလောက်များများသောက်ထားပါမှ ခင်ဗျား ဒါတွေလုပ်နိုင်မှာ။ ဟုတ်တယ်ဟုတ်။ ကျွန်တော်ဘွဲ့လွန်သင်တန်းတက်တုန်းက ဘွဲ့ကြိုကျောင်းသားတွေနဲ့ ကျွန်တော့်ကိုရောမမြင်စေ့ချင်ဘူး။ ဒီတော့ ဘာလုပ်သလဲသိလား။ ဆိုင်မှာရှိတဲ့အကြီးဆုံးကော်ဖီခွက်နဲ့ကော်ဖီဝယ်၊ စာအုပ်ထူထူကြီးတွေကို လက်မောင်းနဲ့ ညှပ်ပြီးတက္ကသိုလ်ထဲလျှောက်ပတ်။ အရေးတကြီးကိစ္စရှိလို့ အပြေးအလွှားသွားနေရတဲ့ပုံအပြည့်နဲ့ပေါ့ဗျာ။

ဒါက စတားဘတ်ကော်ဖီခွက်ဆိုက်တွေ အဆင့်ဆင့်ပြောင်းလဲလာပုံ (ဓာတ်ပုံ – စာရေးသူ)

ကဲ။ အခု ခရိုအေးရှားက အကြီးဆုံးကော်ဖီခွက် ခင်ဗျားတို့ကိုပြမယ်။

ရယ်ဒီ။ ဝမ်း တူး … အဲ ချောင်းမကြည့်နဲ့နော်။

ကဲ … လာပြီ။ ကြည့်ကြပေရော့။

ခရိုအေးရှားက ကော်ဖီခွက်

ဟုတ်ပ မလားဗျာ။ ဟုတ်ပ။ ခရိုအေးရှားမှာ ခင်ဗျားတွေ့ရမယ့် အကြီးဆုံး ကော်ဖီခွက်က ဒါပဲ။ ခင်ဗျား ဘယ်သွားသွား။ ဒါပဲ။

(၃)

ဇနီးသည်ရဲ့မြို့ (SPLIT) ပြန်ရောက်တဲ့အခါ ဇနီးသည်၏သူငယ်ချင်းတချို့နှင့်ဆုံမိပြီး ကော်ဖီအတူသောက်ဖြစ်သည်။ အိုကေ … ကျွန်တော်တို့ ကော်ဖီသောက်ရင်း ဟိုဒီလျှောက်မသွားကြတော့ဘူး။ ဒီမှာ စတားဘတ်လည်းမရှိဘူး။ သို့ပေမယ့် အခုကော်ဖီသောက်ရမှာတော့သေချာသွားပြီ။ ဇနီးသည် မှာတဲ့ ကော်ဖီအတိုင်း ကျွန်တော်မှာလိုက်သည်။ မလိုင်ကို အမြှုပ်ပွအောင် ခလောက်ထားတဲ့ကော်ဖီ (coffee with whipped cream) တဲ့ဗျ။

ကျွန်တော့်စိတ်ကူးထဲက ကော်ဖီ
ကျွန်တော်တကယ်ရတဲ့ကော်ဖီ

ခရိုကို ဒိုင်းလ်ဒန်ဒီ (Crocodile Dundee )က လူရှုပ်ကလေးကို ဓားအစစ်တစ်လက်ပြလိုက်တာမျိုး ကျွန်တော် ခံစားလိုက်ရသည်။ ခေါင်းထဲမေးခွန်းတွေ ပလုံစီထနေသည်။ ဒါ ကော်ဖီခွက်မဟုတ်ဘူး။ ဒါကော်ဖီခွက်ဟုတ်တယ်။ ဒါထက်ဆိုးတာတွေလာဦးမည်။ ဒီကော်ဖီခွက်သေးတာတာလေးက ခရိုအေးရှန်းတစ်ယောက်ရဲ့လက်ထဲ မျက်လှည့် ပစ္စည်းတစ်ခု ဖြစ်သွားသည်။ ကော်ဖီခွက်ထဲပါတယ်လို့ထင်ရတဲ့ကော်ဖီရည်ထက် ဒီခွက်ကလေးထဲမှာ ကော်ဖီရည်တွေ ပိုပါသည်။ တကယ်တော့အဲဒါလည်း မဟုတ်သေးဘူးဗျို့။ ဒီခွက်ထဲ ကော်ဖီရည်က နည်းနည်းကလေးရယ် တကယ့်ကို နည်းနည်းလေးမှ နည်းနည်းလေး။ သို့ပေမယ့် ခရိုအေးရှန်းတစ်ယောက်ကော်ဖီသောက်တဲ့အခါ ဒီခွက်ကလေးထဲက ကော်ဖီရည်က ကုန်တယ်ရယ်လို့မရှိဘူးဗျ။ ခရိုအေးရှန်းတစ်ယောက်က ဒီကော်ဖီတစ်ခွက်ကို နှစ်နာရီ၊ သုံးနာရီ ခံအောင် သောက်နိုင်စွမ်းရှိသည်။ သုံး – နာရီ – နော်။ ဒီ – သေးတာတာ – ခွက်ကလေး – တစ်ခွက်တည်းနော်။

ကျွန်တော်လား။ ဒီခွက်သေးတာလေးထဲက ကော်ဖီကို ဘယ်လောက်အချိန်ယူပြီးသောက်ပစ်သလဲ။  အင်း… ငါး မိနစ်လောက်ရှိမလား။ (တကယ်က နှစ်မိနစ်လောက်ရှိမှာ) သောက်ပြီး မျက်စိဝေ့ကြည့်  လိုက်တဲ့အခါ လူတိုင်းရဲ့ လက်ထဲက ကော်ဖီခွက်တွေထဲ ကော်ဖီအပြည့်။ အမလေး။ ငါတို့ဒီမှာကြာဦးမှာပါကလား။ ဟုတ်ကဲ့။ ထင်တဲ့အတိုင်းပါပဲ။ ခရိုအေးရှားမှာ ကော်ဖီထက်ပိုအရေးကြီးတာက အပေါင်းအသင်းတွေနှင့်တွေ့ဖို့ဆုံဖို့ စကားစမြည်ဆိုဖို့။ ကျွန်တော်ဆက်ထိုင်နေသည်။ လူတိုင်း လူတိုင်း စကားတွေပြောကြ၊ စကားတွေဆိုကြ၊ တွတ်ထိုးကြ။ သူရို့စကားဝိုင်းပြီးတဲ့အခါ ကျွန်တော့်ခမျာ အတော်နွမ်းနယ်နေပါပြီ။ ဟုတ်ပ။ ကျွန်တော် ကော်ဖီတစ်ခွက် ထပ်မှာရမည်။

(၄)

နှစ်အတန်ကြာသည့်အခါ ခရိုအေးရှားမှာ ကော်ဖီသောက်ခြင်းဆိုတဲ့အမှုကြီးက ခရိုအေးရှားနိုင်ငံကို  အတိတ်ကာလ ကျွန်တော်နေထိုင်ခဲ့ဖူးသည့် အခြားသောနိုင်ငံများနှင့် စည်းခြားလိုက်ခြင်းပေကပဲဆိုတာ ကျွန်တော်နားလည်သွားသည်။ ခရိုအေးရှားမှာနေထိုင်ရခြင်းရဲ့ ပျော်ရွှင်စရာကြည်နူးစရာအ    ကောင်းဆုံးတွေထဲမှာ ဒီကော်ဖီသောက်ခြင်းအမှုက တစ်ခုအပါအဝင်ဖြစ်သည်။ မိမိကော်ဖီသောက်သုံးရခြင်းသက်သက်ထက် ကော်ဖီ သောက်သုံးနေသူတွေကို မြင်ရတာ ကိုက ကြည်နူးစရာ။ ဇာဂရက်    မြို့တော်ရဲ့ ဇန်နဝါရီလ တစ်ခုသော ညနေခင်းမှာ ဆောင်းဥတု၏ ညှိုးလျော် နွမ်းလျမှုကို မြို့တော်ရဲ့မရေမတွက်နိုင်အောင်များပြားလှတဲ့ ကော်ဖီဆိုင်တွေကထွက်လာတဲ့ တောက်ပ အလင်းရောင် တွေက အန်တုနေသည်။ အအေးတောထဲမှာ ဒီဆိုင်လေးတွေကို ခင်ဗျားဖြတ်လျှောက်သွားမည်။ ဆိုင်ထဲ ပူ နွေး နေတာ မြင်ရမည်။ အပြင်ကလူကိုဖိတ်ခေါ်နေသလို။ အထဲမှာ အသက်ဓာတ်ကအပြည့်။ ယောက်ျားတွေရော၊ မိန်းမတွေရော၊ လူငယ်တွေရော၊ လူကြီးတွေရော၊ စားပွဲတစ်ဝိုင်းတစ်ဝိုင်း လူနှစ်ယောက်ကနေ လေးယောက်အထိ စကားတွေ ဖောင်ဖွဲ့လို့။ ရယ်လို့မောလို့။ ဆောင်းညနေခင်းမှာ မြို့တော်ကြီးအသက်ဝင်နေတာ ခင်ဗျားခံစားရမည်။ မီးရောင် လင်းလက်နေတဲ့ ကော်ဖီဆိုင်တစ်ဆိုင်ကိုဖြတ်သွားမိတိုင်း ခင်ဗျားရင်ထဲ သူတို့နှင့် နှစ်ကိုယ့်တစ်စိတ် ဖြစ်ချင်တဲ့ ဆန္ဒပေါ်လာမည်။ ဒီစိတ်ခံစားမှုက ခင်ဗျားနှင့်ကပ်ပါလာမည်။ ခင်ဗျားကို ဆောင့်ဆွဲနေမည်။ အနီးဆုံး ကော်ဖီဆိုင်ထဲ ဝင်ထိုင်ဖို့ရာ ခင်ဗျားကိုသွေးဆောင်နေမည်။ နောက်ဆုံး သူငယ်ချင်းတစ်ဦးဦးက ခင်ဗျားကို လှမ်းမခေါ်မချင်း၊ ခင်ဗျားကို “ကော်ဖီသွားသောက်ရအောင်” မပြောမချင်း ခင်ဗျားတောင့်ခံနေမည်။ ဒီကိစ္စက ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ကိစ္စတစ်ခု ပေကပဲ။ သူငယ်ချင်းကိုခင်ဗျားကမဆိုင်းမတွပြန်ပြောလိုက်မည်။ “အေး”။                  

၂ ဧပြီ ၂၀၂၄

ဘာသာပြန်ဆိုသည်။

၂၉ စက်တင်ဘာ ၂၀၂၅

စာညွှန်း။ Chasing a Croatian Girl: A Survivor’s Tale. 2015 by Cody McClain Brown. ၎င်းစာအုပ်မှ အခန်း (၄) Having Coffee in Croatia ကိုပြန်ဆိုခြင်းဖြစ်သည်။

ဓာတ်ပုံများအား ပို့ပေးလာသည့် ဆရာ ဒေါက်တာအောင်ကြီးအား ကျေးဇူးတင်ပါသည်။

Click to rate this post!
[Total: 2 Average: 5]