EV ကို မေ့လိုက်တော့ – ပိုပြီး မြန်ဆန်၊ ထိရောက်တဲ့ စက်ဘီး တော်လှန်ရေး။
ရိုးရှင်းတဲ့ စက်ဘီး တွေဟာ ကားတွေထက် ပိုမို ထိရောက် မြန်ဆန်ပြီး သဘာဝပတ်ဝန်းကျင်ကို မထိခိုက်တဲ့ သယ်ယူပို့ဆောင်ရေး “နည်းပညာသစ်” တစ်ခုအနေနဲ့ မြို့ပြတွေကို လျင်မြန်စွာ ပြောင်းလဲပစ် နေပါတယ်။ ဒီလို ပြောင်းလဲလာမှုတွေက ယာဉ်ကြောပိတ်ဆို့မှုကို သက်သာ စေပြီး စီးပွားရေး အကျိုးကျေးဇူးတွေ ပေးနေသော် ငြားလည်း လမ်းနေရာနဲ့ ပတ်သက်တဲ့ နိုင်ငံရေး၊ ယဉ်ကျေးမှု ပဋိပက္ခတွေနဲ့ E-Bike ဘေးကင်းရေး စိန်ခေါ်မှုတွေကိုပါ ဖန်တီးနေပါတယ်။
စက်ဘီးတွေဟာ လူတွေကို ကားတွေထက် ပိုပြီး ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် သယ်ယူပို့ဆောင် ပေးနိုင် တယ်ဆိုတာကို မြို့ပြပညာရှင်တွေ မျက်စိပွင့်လာကြလို့ အခုနောက်ပိုင်း စက်ဘီးကို အလေးပေး လာကြတယ်။ ဒီအချက် ဘယ်လောက် မှန်သလဲဆိုတာ သိချင်ရင် သာယာတဲ့ ကြာသပတေးနေ့ ညနေခင်း၊ အလုပ်ဆင်းချိန် (Rush Hour) မှာ ၁၀ မိနစ်တိတိ ရေတွက်ထားတဲ့ စစ်တမ်းတစ်ခုကို ကြည့်ရအောင်။
ကနေဒါနိုင်ငံရဲ့ မွန်ထရီယယ် (Montreal) မြို့က စိန့်ဒင်းနစ် (Saint Denis) လမ်းမကြီးရဲ့ တစ်နေရာရာမှာ ခဏလေး ရပ်ပြီး ဖြတ်သွားဖြတ်လာ လုပ်နေတဲ့ ယာဉ်တွေကို ရေတွက်ကြည့်တဲ့အခါ ရလဒ်တွေက တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်။
အဲဒီ ၁၀မိနစ်အတွင်းမှာ စက်ဘီး ၁၃၂စီး ဟာ လမ်းတစ်ဖက်ကို ဦးတည်ပြီး ဖြတ်သွားခဲ့ပါတယ်။ ပိုအံ့ဩဖို့ ကောင်းတာက အဲ့ဒီ ၁၃၂စီး ထဲက အနည်းဆုံး ၆စီး မှာဆိုရင် ကလေးငယ်တွေကို နောက်က ကယ်ရီယာပေါ်မှာ တင်ဆောင်ထား သေးတယ်။
ဘေးချင်းကပ်လျက်မှာရှိတဲ့ စက်ဘီးလမ်းထက် အများကြီး ပိုကျယ်တဲ့ ကားလမ်းမ ပေါ်မှာကျတော့ ကား ၈၂စီး ပဲ ဖြတ်သွားခဲ့တယ်။ အဲဒီကား အားလုံးနီးပါး ဟာလည်း ယာဉ်မောင်း တစ်ယောက်တည်းပဲ လိုက်ပါလာတာကို တွေ့ရတယ်။ ဒီ ၁၀ မိနစ်အတွင်းမှာ မြို့ပတ် ဘတ်စ်ကားတစ်စင်း လည်း ဖြတ်သွားခဲ့တာပေါ့။
ဖြတ်သွားကြတဲ့ ကားနဲ့ ဘတ်စ်ကားတွေ ကတော့ တစ်စင်းနဲ့တစ်စင်း ထိလုနီးပါး အရှိန်နှေးနှေးနဲ့ တရွေ့ရွေ့ သွားနေကြရတယ်။
အဲဒီလမ်းထဲကို ကားတစ်စီး ထပ်ဝင်လိုက်ရင် ယာဉ်ကြောပိတ်ဆို့မှု ချက်ချင်း ဖြစ်သွားနိုင်တဲ့ အခြေအနေမျိုးလို့ ဆိုရမှာပါ။ တကယ်တမ်းကျတော့ ကားလမ်းက လူကျပ်နေ ပေမယ့် ဘေးက စက်ဘီးလမ်းကတော့နေရာ နေရာလွတ် တွေ အများကြီး ကျန်နေပါသေးတယ်။ မှတ်တမ်းအရ ဇွန်လရဲ့ တစ်ရက်တည်းမှာပဲ စိန့်ဒင်းနစ် လမ်းပေါ်က စက်ဘီးလမ်းကို စက်ဘီးစီးသူ ၁၄,၀၀၀ ကျော် အသုံးပြုသွားခဲ့တာကို တွေ့ရတယ်။
ဒီစစ်တမ်းက ဘာကိုဖော်ပြနေတာလည်း ဆိုတော့ မွန်ထရီယယ်မြို့ဟာ ဆယ်စုနှစ်တစ်ခုအတွင်းမှာ မြောက်အမေရိက ရဲ့ ထိပ်တန်း စက်ဘီးမြို့တော် တစ်ခုအဖြစ် ပြောင်းလဲလာခဲ့ပါပြီ။ ၂၀၁၇ ခုနှစ်မှာ ဗယ်လာရီ ပလန့်တီ (Valérie Plante) မြို့တော်ဝန် ဖြစ်လာပြီးနောက်ပိုင်း ဒီပြောင်းလဲမှုက ပိုလို့တောင် သိသိသာသာ ဖြစ်လာတာပါ။
Plateau ရပ်ကွက် မှာဆိုရင် သွားလာတဲ့ ခရီးစဉ်အားလုံးရဲ့ ၂၀% (ငါးပုံတစ်ပုံ)ဟာ စက်ဘီးနဲ့ သွားကြတယ်။ ဒါဟာ ကားနဲ့သွားလာ ပမာဏနဲ့ သိပ်မကွာတော့ဘူး လို့ ပြောရမှာပေါ့။
မြို့တစ်မြို့လုံးမှာ လူဦးရေရဲ့ သုံးပုံတစ်ပုံကျော် က အနည်းဆုံး တစ်ပတ်ကို တစ်ကြိမ် စက်ဘီးစီး ဖြစ်ကြတယ်တဲ့။
မြို့ရဲ့ Bixi လို့ခေါ်တဲ့ စက်ဘီးငှားရမ်းခြင်း အစီအစဉ်ကို အသုံးပြုမှုက ၂၀၁၉ နောက်ပိုင်း နှစ်ဆတိုး လာပြီး ပြီးခဲ့တဲ့ နှစ်မှာ ခရီးစဉ်ပေါင်း ၁၃ သန်း အထိ ရောက်သွားခဲ့ပါပြီ။
မြို့ကြီးတွေကို ပြောင်းလဲပစ်နေတဲ့ နည်းပညာသစ်
မွန်ထရီယယ်လ်မှာ စက်ဘီးစီးသူ ဦးရေ ရုတ်တရက် ခုန်တက်လာတာဟာ ချမ်းသာတဲ့နိုင်ငံတွေက မြို့ကြီးတွေကို အရှိန်အဟုန်နဲ့ ပြောင်းလဲနေတဲ့ သယ်ယူပို့ဆောင်ရေး နည်းပညာသစ် တစ်ခုရဲ့ သာဓကတစ်ခုပါပဲ။
အဲဒီ နည်းပညာသစ်ဆိုတာက တခြားမဟုတ်ပါဘူး၊ ရိုးရှင်းတဲ့ စက်ဘီး ပါ။ နည်းပညာ သူဌေးတွေနဲ့ ကားကုမ္ပဏီ အကြီးအကဲတွေ အိပ်မက်မက်နေကြတဲ့ အလိုအလျောက် မောင်းတဲ့ လျှပ်စစ်ကား (Self-driving electric car) တွေ မဟုတ်ပါဘူး။
စက်ဘီးက ပေးတဲ့ စူပါအကျိုးကျေးဇူးတွေ
စွမ်းအင် အလွန်သက်သာတာက အဓိက အကျိုးကျေးဇူးပါ။ လူအားနဲ့ သွားရလို့ စွမ်းအင်အရမ်း ထိရောက်မှုရှိတယ်။ ကုန်ကျစရိတ် နည်းပါးတာလည်းအကျိုးကျေးဇူးတစ်ခုပါ။ စီးရတဲ့ ကုန်ကျစရိတ်က လုံးဝနီးပါး မရှိသလောက်ပါပဲ။
လမ်းပိတ်တာကို လျော့နည်းစေတာက နောက်ထပ် အကျိုးကျေးဇူး တစ်ခုပါ။ ဒါ့အပြင် ယာဉ်ကြောပိတ်ဆို့မှုကို သိသိသာသာလျှော့ချပေးတယ်။ လေထုကိုလည်း သန့်ရှင်းစေတယ်။ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေမယ့် အငွေ့တွေ ထွက်တာ လုံးဝမရှိဘူး။ လေထုညစ်ညမ်းမှု မရှိဘူးပဲ ဆိုပါတော့။ ကားပါကင်အတွက် နေရာအများကြီးယူတဲ့ နေရာ ကြီးကြီးတွေ မလိုတော့ဘူး။ ဒါပေမဲ့ စိန်ခေါ်မှုကတော့ ရှိသေးတယ်။
စက်ဘီးစီးတာ များလာတာနဲ့အမျှ မြို့တွေကလည်း စက်ဘီးစီးရတာ ပိုကောင်းအောင်၊ လုံခြုံအောင် လုပ်ပေးလာတဲ့ အခါ ဒီကိစ္စဟာ လူတွေကြားမှာ သဘောထားကွဲလွဲမှုတွေ၊ လမ်းနေရာနဲ့ ပတ်သက်ပြီး “ယဉ်ကျေးမှုဆိုင်ရာ စစ်ပွဲတွေ (Culture Wars)” ကိုပါ ဖြစ်ပေါ်လာစေတယ် (ဥပမာ- ကားလမ်းကို ဖျက်ပြီး စက်ဘီးလမ် းဖောက်တာမျိုးကို လက်မခံသူတွေရှိပြီး အကြီးအကျယ် အငြင်းပွားကြတာမျိုးပါ)။
ဥရောပမှာလည်း စက်ဘီးစီးသူဦးရေ ပိုများလာပြီ
ဥရောပမှာ ကားထက် စက်ဘီးက အသာစီးရလာပြီ။ လန်ဒန် ရဲ့ စီးပွားရေး ဗဟိုချက်လို နေရာမျိုးမှာဆိုရင် ကားထက် စက်ဘီးစီးသူက နှစ်ဆ ပိုများ နေပြီ။ ပြင်သစ်နိုင်ငံ ပါရီ မြို့တစ်မြို့လုံးမှာလည်း ကားမောင်းသူထက် စက်ဘီးစီးသူက ပိုများလာတာ တွေ့ရတယ်။ စံပြမြို့တွေဖြစ်တဲ့ နယ်သာလန်နိုင်ငံက အမ်စတာဒမ်မြို့ နဲ့ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ တို့ရဲ့ အဆင့်ကို ပါရီက လိုက်မီဖို့ နီးစပ်လာနေပြီ။ ကိုပင်ဟေဂင် မှာဆိုရင် အလုပ်သွား၊ ကျောင်းသွားတဲ့ ခရီးစဉ် အားလုံးရဲ့ တစ်ဝက်နီးပါးကို စက်ဘီးနဲ့ပဲ သွားလာကြတယ်တဲ့။
တရုတ်နိုင်ငံ ဘေဂျင်းမှာလည်း စက်ဘီး တစ်ခေတ် ပြန်လာနေပြီ။ လွန်ခဲ့တဲ့ အနှစ် ၃၀လောက်က ကားတွေ နေရာယူလာလို့ စက်ဘီးစီးသူလျော့ကျသွားခဲ့တဲ့ ဘေဂျင်း မှာ မကြာသေးခင်ကမှ စက်ဘီးစီးသူ ဦးရေဟာ တဖြည်းဖြည်း ပြန်တက်လာနေပါတယ်။ ဒီနေ့ခေတ် စက်ဘီးသမားတွေက အရင်ခေတ် ရိုးရာ Flying Pigeon လို စက်ဘီးမျိုး မစီးကြတော့ဘဲ Brompton လိုမျိုး ပိုကောင်းတဲ့၊ ခေတ်မီတဲ့ စက်ဘီးတွေကို ရွေးစီးလာကြတယ်။
စက်ဘီးတွေ ခေတ်ပြန်စားလာရတဲ့ အဓိက အကြောင်းရင်း သုံးခု
၁။ COVID-19 ကပ်ရောဂါရဲ့ သက်ရောက်မှု
ကပ်ရောဂါ စဖြစ်ပြီးနောက် လူတွေဟာ လူထူတဲ့ ဘတ်စ်ကား၊ ရထားတွေကို ရှောင်ချင်လာကြ လို့ စက်ဘီး ရောင်းအားတွေ အကြီးအကျယ် မြင့်တက် လာခဲ့တယ်။ အစိုးရတွေကလည်း လူအချင်းချင်း ခပ်ခွာခွာနေဖို့ အားပေးတဲ့ အနေနဲ့ ယာယီ စက်ဘီးလမ်းတွေ ကိုတောင် ဖော်ထုတ်ပေးခဲ့ကြတယ်။ အမေရိကန် စစ်တမ်းတစ်ခုအရ လူ ၁၈% ဟာ စက်ဘီးအသစ် ဝယ်ခဲ့ကြပြီး အဲဒီထဲက အများစုဟာ ပထမဆုံးအကြိမ် စက်ဘီး ဝယ်သူတွေ ဖြစ်ကြတယ်။ တိုကျိုမြို့မှာဆိုရင် စီးပွားရေးသမားများရဲ့ ၂၃% ဟာ ရထားကျပ်လို့ အလုပ်ကို စက်ဘီးနဲ့ သွားကြတယ်တဲ့။
၂။ ဘက်ထရီနဲ့ E-Bike နည်းပညာ တိုးတက်မှု
E-Bike (လျှပ်စစ်စက်ဘီး) နည်းပညာတွေ တိုးတက်လာတာကြောင့် စက်ဘီးတွေက ပိုပြီး စျေးသက်သာ လာသလို စီးရတာလည်း ပိုပျော်စရာကောင်း လာတယ်။ အားစိုက်နင်းရတာကို သက်သာစေဖို့ (Pedal Assist) စနစ်ပါလို့ ကိုယ်လက်ကြံ့ခိုင်မှု သိပ်မရှိတဲ့သူတွေနဲ့၊ အားကစားဝတ်စုံ တင်းတင်းကျပ်ကျပ် ဝတ်ရတာ မကြိုက်တဲ့သူတွေပါ စီးလာနိုင်တယ်။ ဝန်ထမ်းတွေ ဆိုရင် ချွေးမထွက်ဘဲ၊ အဝတ်လဲစရာမလိုဘဲ အစည်းအဝေးခန်းတွေကို တန်းပြီး ဝင်နိုင်တာပေါ့။
ဒါ့အပြင် E-Bike တွေဟာ ဒေသတွင်း စက်ဘီးငှားရမ်းတဲ့ အစီအစဉ်တွေကိုပါ တွက်ခြေကိုက်အောင် အရှိန်မြှင့် လုပ်ဆောင်ပေးခဲ့တယ်။ ဥပမာ- ချီကာဂိုရဲ့ “Divvy” အစီအစဉ်မှာ E-Bike တွေက သာမန်စက်ဘီးတွေထက် စျေးပို ကြီးပေမယ့် စီးနင်းမှုက ၇၀% ပိုများ နေတယ်။
၃။ စက်ဘီးလမ်းတွေ သီးခြား စီစဥ်ထားရှိမှု
စက်ဘီး ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရတဲ့ အဓိကအကြောင်းက ကားတွေများလာလို့ စက်ဘီးစီးတာ အသက်အန္တရာယ် ရှိလာလို့ပါ။ ၁၉၅၀ ပြည့်နှစ်တုန်းက ဗြိတိန်မှာ စက်ဘီးစီးသူ ၈၀၅ ဦး မတော်တဆသေဆုံးခဲ့ရတာကိုကြည့်ရင် သိနိုင်ပါတယ်။
ဒါကို ကယ်တင်ခဲ့တာကတော့ စက်ဘီးလမ်း သီးသန့် (Separated Bike Lane) ကို တီထွင်လိုက်တာပါပဲ။ ဒီစက်ဘီးလမ်းတွေဟာ ပေါ့ဆတဲ့ ဒါမှမဟုတ် ရန်လိုတဲ့ ကားမောင်းသူတွေရဲ့ အန္တရာယ်ကို များစွာ လျှော့ချ ပေးလိုက်ပါတယ်။
စစ်တမ်းတွေအရ စက်ဘီးစီးသူတွေ လုံခြုံတယ်လို့ ခံစားရတဲ့ နိုင်ငံတွေ မှာ စက်ဘီးစီးနင်းမှုနှုန်းက ပိုမြင့်မား ပါတယ်။
စက်ဘီးလမ်းတွေ ဖောက်တာဟာ မြေအောက် ရထားလမ်း (Subway) အသစ်တွေ ဆောက်တာထက် အများကြီး ကုန်ကျစရိတ် သက်သာစေပါတယ်။ ဒါ့အပြင် လူတွေကို ကား လေးဘီးအစား စက်ဘီးနှစ်ဘီးကို ပြောင်းစီး စေခြင်းဖြင့် ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချ နိုင်သလို၊ မြို့အတွက် ငွေကုန်ကြေးကျကိုပါ သက်သာစေမှာ ဖြစ်ပါတယ်။
မွန်ထရီရယ်လ်က စိတ်ဝင်စားစရာ ဥပမာတစ်ခု
ကနေဒါ နိုင်ငံ မွန်ထရီရယ်လ်မှာနေတဲ့ မက်ဒလင်း ဆိုသူ အသက် ၃၇ နှစ် အရွယ် ကလေး သုံးယောက် မိခင်က မြို့မှာ စက်ဘီးလမ်းတွေ မရှိခင်က စက်ဘီးလုံးဝ မစီးဖူးဘူး။ စက်ဘီးလမ်းတွေ ပေါ်လာပြီးနောက်မှာတော့ သူတို့ လင်မယားဟာ အိမ်က ဒုတိယကားကိုတောင် ရောင်းပစ်လိုက်တယ်။ အခုဆို သူက နေ့တိုင်း ကလေးတွေကို ကျောင်းလိုက်ပို့ပြီးရင် အလုပ်ကို စက်ဘီးနဲ့ပဲ သွားနေပါပြီတဲ့။
ဒါ့အပြင် မြို့တော်ဝန် ဗယ်လာရီက လမ်းအချို့ကို ကျဉ်းတာ၊ ကားပါကင် နေရာတွေ ဖျက်တာမျိုးတွေ လုပ်ခဲ့ပေမယ့် သူ့ရဲ့ ရည်ရွယ်ချက်က ကားသမားတွေကို တားဆီးဖို့ မဟုတ်ဘဲ အရှိန်လျှော့မောင်းစေဖို့ နဲ့ လမ်းသွားလမ်းလာ၊ စက်ဘီးစီးသူ အပါအဝင် အားလုံးအတွက် လမ်းတွေကို ဘေးကင်းစေဖို့ ပါ။
“ကားကို ယှဉ်လာတဲ့ စက်ဘီးစစ်ပွဲ” လို့ ခေါ်တဲ့ နိုင်ငံရေး ပဋိပက္ခ
လမ်းနေရာ လုနေတဲ့ ဒီကိစ္စဟာ နိုဝင်ဘာလ ၂ ရက်နေ့မှာ ကျင်းပမယ့် မြို့တော်ဝန် ရွေးကောက်ပွဲမှာတောင် အကြီးအကျယ် အငြင်းပွားစရာ ခေါင်းစဉ်တစ်ခု ဖြစ်လာခဲ့တယ်။ တကယ်တမ်းကျတော့ မွန်ထရီယယ်လ်မှာ စက်ဘီးလမ်းတွေက စုစုပေါင်း လမ်းဧရိယာရဲ့ ၂ ရာခိုင်နှုန်းအောက်လောက်ပဲ နေရာယူထားတာပါ။ ကားတွေကတော့ ၈၀ရာခိုင်နှုန်းအထိတောင် ယူထားတာပါ။

ဒီကိစ္စကို ကားသမားနဲ့ စက်ဘီးသမားတွေကြား လမ်းနေရာနဲ့ ကားပါကင်နေရာ လုနေတဲ့တိုက်ပွဲ အဖြစ် မြင်ကြပြီး ပြင်းထန်တဲ့ ယဉ်ကျေးမှု စစ်ပွဲတစ်ခုလို ဖန်တီးနေတယ်။ ဒီလို ပဋိပက္ခမျိုးက ကမ္ဘာတစ်ဝန်းမှာလည်း ရှိနေတယ်။
ကနေဒါနိုင်ငံ တိုရွန်တိုမြို့တော်ဝန်ဟောင်း ရော့ဘ်ဖို့ထ်က “ကားကို ယှဉ်တဲ့ စက်ဘီးစစ်ပွဲ” ဆိုတဲ့ စကားလုံးကို လူသိများအောင် လုပ်ခဲ့ပြီးတဲ့နောက် ကမ္ဘာတစ်ဝန်းက ပြည်သူ ကြိုက်ဝါဒီ (populist) နဲ့ ညာယိမ်း နိုင်ငံရေးသမားတွေ က ဒီအသုံးအနှုန်းကို ဆက်သုံးလာခဲ့တယ်။
ပြည်သူ ကြိုက်ဝါဒီ နိုင်ငံရေးသမား အယူအဆကတော့ “လူထုစစ်စစ်” (the pure people) နဲ့ “ယိုယွင်းနေတဲ့ အထက်တန်းလွှာ/အုပ်ချုပ်သူလူတန်းစား” (the corrupt elite) လို့ နှစ်ပိုင်းခွဲခြား မြင်ပြီးသူတို့ဟာ ကိုယ့်ကိုယ်ကိုယ် သာမန်ပြည်သူတွေရဲ့ စစ်မှန်တဲ့ ကိုယ်စားလှယ်အဖြစ် တင်ပြကြပြီး လက်ရှိ အစိုးရစနစ်၊ နိုင်ငံရေးသမားဟောင်းတွေနဲ့ ချမ်းသာတဲ့ အသိုင်းအဝိုင်းကို ဝေဖန် တိုက်ခိုက်လေ့ရှိပါတယ်။
သူတို့ရဲ့ ဟောပြောမှုတွေ၊ လုပ်ရပ်တွေက လူထုအများစုရဲ့ စိတ်ခံစားချက်၊ လိုအင်ဆန္ဒကို တိုက်ရိုက်ထိအောင် လှုံ့ဆော် ပြောဆိုပြီး လူကြိုက်များအောင် လုပ်တတ်ကြပါတယ်။
ဂျာမနီနိုင်ငံ ဘာလင် မှာ ကွန်ဆာဗေးတစ် ပါတီက အာဏာရလာတော့ အစောပိုင်း လက်ဝဲယိမ်းအစိုးရ စီစဉ်ထားတဲ့ စက်ဘီးလမ်းအသစ် ဖောက်ဖို့ရှိတဲ့ အစီအစဥ်တွေကို ချက်ချင်း ရပ်ဆိုင်း လိုက်တာမျိုးတွေ ရှိခဲ့တယ်။
E-Bike ဘေးကင်းရေးနဲ့ အနာဂတ် စိန်ခေါ်မှုများ
E-Bike တွေ တိုးတက်လာတာနဲ့အမျှ ဘေးကင်းရေး ပြဿနာတွေ ကလည်း ရှိလာပါတယ်။E-bike တွေဟာ သမားရိုးကျ စက်ဘီးတွေထက် ပိုလေး၊ ပိုမြန်နိုင်သလို အတွေ့အကြုံမရှိသူတွေ စီးနင်းတာများလို့ မတော်တဆ မှုတွေက ပိုပြီး ပြင်းထန်တတ်တယ်။ နယ်သာလန် မှာဆိုရင်တောင် စက်ဘီးစီးသူ သေဆုံးမှုက ၂၀၂၂ မှာ စံချိန်တင် မြင့်မားခဲ့ပြီး E-bike စီးသူတွေရဲ့ သေဆုံးနှုန်းက သိသိသာသာ ပိုများ နေတယ်။
စက်ပိုင်းဆိုင်ရာကို နားလည်စရာ မလိုဘဲ အလွယ်တကူ အရှိန်မြှင့်လို့တော့ ပရမ်းပတာ မောင်းနှင်တာ အရှိန်နဲ့ မောင်းတာ အခြား လမ်းလျှောက်သွားသူတွေကို အန္တရာယ် ဖြစ်စေတာကတော့ ပြဿနာတစ်ခုပဲ။ အထူးသဖြင့် လန်ဒန်နဲ့ နယူးယောက်မြို့က အစားအသောက် ပို့ဆောင်ပေးသူများ အကြားမှာ ရေပန်းစားပြီး ပိုမြန်လေ ပိုက်ဆံပိုရလေ ဖြစ်လို့ ဖြစ်ပါတယ်။
စက်ဘီးစီးခြင်းရဲ့ အနာဂတ်ကို မျှော်ကြည့်ရင်တော့ စိန်ခေါ်မှုတွေက ရှိနေဆဲပါ။ ဒီစိန်ခေါ်မှုတွေဟာ လူတွေ စက်ဘီးကို ပြန်လည်အသုံးပြုလာမယ့် အရှိန်ကို နှေးကွေးစေနိုင်ပါတယ်။ ဒါပေမဲ့ စက်ဘီးကို အဓိကထားတဲ့ မြို့ကြီးများမှာတော့ ကားတွေ ပြည့်ကျပ်နေတဲ့ လမ်းတွေဆီ ပြန်သွားဖို့ စိတ်ကူးက ရယ်စရာလို ဖြစ်နေပါပြီ။
မြို့ကြီးပြကြီးတွေမှာ ကားတွေပိတ်ဆို့တာမျိုးမဟုတ်ဘဲ စက်ဘီးတွေ ပိတ်ဆို့တဲ့အထိ ဖြစ်လာတာက ကမ္ဘာကြီးရဲ့ မြို့ပြနေထိုင်မှုပုံစံတွေ ပြောင်းလဲသွားပြီဆိုတာကို အထင်းအရှားပြနေတာပဲ။ ကောင်းတဲ့ဘက်က ကြည့်ရင်တော့ မြို့ပြတွေ ပိုစိမ်းလန်းလာပြီ၊ ပိုကျန်းမာလာပြီ လို့ ပြောရမှာပေါ့။
စိုင်းအောင်မြင့် (တာချီလိတ်)
SOURCE: Forget EVs. Cycling is revolutionizing transport, The Economist


