
စီမံခန့်ခွဲမှုဆိုတာ ပညာရပ်တစ်ခုလား။ စီမံခန့်ခွဲမှုအလုပ်လုပ်ဖို့အတွက် အတတ်ပညာတစ်ရပ်ရယ်လို့ သီးသန့် လိုအပ်မှု ရှိသလား။ ဒီမေးခွန်းမျိုးတောင် မေးသင့်တယ်ထင်ပါရဲ့။
လူနာတွေကိုဆေးကုသတယ်ဆိုတဲ့အလုပ်ဟာ ဆရာဝန်တွေ၊ သမားတော်တွေရဲ့အလုပ်ဖြစ်ပါတယ်လို့ ပြောလိုက်ရင် ဘယ့်နှယ်စကားမျိုးကိုများအထူးတဆန်းလုပ်ပြီး ဆိုလိုက်ပါလိမ့်ဆိုပြီး အံ့အဲဘနန်း စူးစမ်း အကဲခတ်တဲ့ အကြည့်မျိုးတွေနဲ့ ကြည့်ကြမှာပါ။ အိုးအိမ်တိုက်တာတွေဆောက်လုပ်တယ်၊ လမ်းတံတား အဆောက်အအုံတွေ ဆောက်လုပ်တယ်ဆိုတာ အင်ဂျင်နီယာတွေ၊ ဗိသုကာတွေရဲ့အလုပ်ဖြစ်ပါတယ်လို့ ဆိုလိုက်ပြန်ရင်လည်း ထိုနည်း လည်းကောင်းပဲဖြစ်မှာပါပဲ။ ဒီလူ့နှယ်၊ မထူးတာကိုအဆန်းလုပ်၊ ရှင်းနေတာကို ရှုပ်အောင်လုပ်ပြီး အရည်မရအဖတ်မရ ပြောတတ်ပလေတယ်ဆိုပြီး တမဲ့တရွဲ့ချီးမွမ်းထောမနာပြုကြမှာပါ။
တကယ့်တကယ်တမ်းကျတော့ အခုအချိန်မှာသာအထူးတဆန်းဖြစ်နေတာပါ။ ရောဂါဝေဒနာရယ်လို့ ဖြစ်လာရင် ဆရာဝန်တွေ၊ သမားတော်တွေနဲ့ကုမှ နည်းမှန်လမ်းမှန်ပျောက်ကင်းနိုင်မယ့်အကြောင်း၊ အိုးအိမ် တိုက်တာရယ်လို့ ဆောက်တော့မယ်ဆိုရင် ဗိသုကာတွေ၊ အင်ဂျင်နီယာတွေနဲ့ဆောက်မှ ခိုင်ခံ့လှပမှုအတွက် အာမခံချက် ပေးနိုင်မယ့် အကြောင်း တစ်ဆင့်စကား တစ်ဆင့်နားနဲ့ သတင်းစကားလက်ဆင့်ကမ်းခဲ့ကြရတာက နေ့ရက် လနှစ်တွေ မရေတွက်နိုင်တော့ လောက်အောင်ကို ကြာညောင်းခဲ့ပါပြီ။ “နေမကောင်းတာလောက်ကို ဆေးခန်းသွားနေမှတော့ အလကားပိုက်ဆံကုန်ရုံရှိတော့မှာပေါ့။ ဆေးမြီးတိုကလေးသောက်၊ ပျောက်ရောပေါ့ ဟယ်”ဆိုတာမျိုးနဲ့ နေလာလိုက်ကြတဲ့နှစ်ကာလတွေကိုပဲ မနည်းမနောကြီး ဖြတ်သန်းခဲ့ကြဖူးပြီလေ။ “နင့်ကလေးဗိုက်နာနေတာ ရွာသူ့လက်ချက်ဟဲ့” ဆိုတာနဲ့ အထိတ်ထိတ်အလန့်လန့် ခြေမကိုင်မိ လက်မကိုင်မိတွေဖြစ်ပြီး ဆရာကယ်ပါ၊ သမားကယ်ပါ၊ အရှင်ကြီးများစောင့်ရှောက်ပေးတော်မူပါရယ်လို့ တောင်းပန် တိုးလျှိုးခဲ့ရတဲ့ ကာလတွေကလည်း အတော့်ကိုရှည်လျားခဲ့လှပါပြီ။
ရောဂါဆိုတာ ကိုယ့်ဘာသာ ကုလို့ရနိုင်တာမျိုး မဟုတ်ဘဲ ကြုံရာလူနဲ့ လက်တန်း ကုလို့ရနိုင်တာမျိုး မဟုတ်ဘဲ ဆရာနဲ့သမားနဲ့ နည်းမှန်လမ်းမှန် ကုနိုင်ပါမှ တန်ကာကျတာမျိုးလို့ အသိ၊ သတိကလေးဝင်လာတဲ့ အချိန်မျိုးမှာတောင်မှ နားကြပ်နဲ့အပ်ကိုင်ထားရင် သမားစစ်သမားမှန်ပါပဲလို့ ထင်မိယုံမိလို့ ဆေးထိုး၊ ဆေးသောက်တွေမှားကြရတာမျိုး၊ ဘဝတစ်သက်စာ သေရာပါမယ့် ဝေဒါနာအရင့်စားကြီးတွေ ခံစားကြ ရတာမျိုး ကိုယ့်ပတ်ဝန်းကျင်မှာကြုံခဲ့ကြဖူးသလို ဆေးထိုးလေးတစ်ချက်မှားမိတာကြောင့် အချိန်မတန်သေး ပါဘဲနဲ့ ချစ်ခင်ကြင်နာရသူတွေအတွက် နှုတ်ဆက် လက်ပြတာလေးလောက်ကိုတောင် မလုပ်နိုင်တော့ဘဲ တမလွန်ခရီးလမ်း ရုတ်တရက် မြန်းရသူတွေလည်း များခဲ့ကြပါပြီ။ ဖြစ်ပြီးပျက်ပြီးခါမှ ပြန်ပြင်လို့မရတော့တဲ့ အမှားအယွင်း တွေအတွက် နောက်နှောင်းနောင်တ တစ်ပွေ့တစ်ပိုက်ကြီးနဲ့လည်း ယူကျုံးမရအပူလုံးကြွပြီး လူလုံးမလှဖြစ်ခဲ့ဖူးကြပါပြီ။ ဒီတော့မှ ဆရာနဲ့သမားနဲ့ ပြနိုင်ဖို့အရေးကြီးသလို ကိုယ်ပြမယ့်ဆရာသမားက ဘယ်လိုဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာကို ဝေဖန် ဆန်းစစ် လာခဲ့ကြတာပါ။
မျိုးဆက်နဲ့ချီပြီး ကြုံခဲ့ကြရတဲ့ အတွေ့အကြုံတွေကြောင့်လို့ပဲ ဆိုဆို၊ ကျန်းမာရေး အသိပညာပေးရေး ကဏ္ဍတွေရဲ့ တိုးတက် အောင်မြင်မှုကြောင့်လို့ပဲပြောပြော ဒီကနေ့ခေတ် ဒီကနေ့အခါ မှာတော့ဖြင့် ကိုယ်နဲ့ ကိုယ့်မိသားစုမှာ ဖြစ်တဲ့ရောဂါကို ပျောက်လို ပျောက်ငြား ဟိုဆေးဒီဆေးကလေးသောက်ကြည့်ဦးမှပဲဆိုတဲ့ အတွေးမျိုးတွေ ဝေးဝေးသွားကြပါပြီ။ ဘယ်လိုရောဂါမျိုးမဆို ဆရာနဲ့သမားနဲ့ နည်းမှန်လမ်းမှန် ကုသသင့်တယ်ဆိုတဲ့အတွေးမျိုးတွေ အတော်များများမှာပိုင်ဆိုင်ထားကြပါပြီ။ ဒီအတွက် အချိန်ကာလတွေ အများကြီးရင်းနှီးမြှုပ်နှံပြီး ကျန်းမာရေး ဗဟုသုတ၊ ကျန်းမာရေး အသိပညာတွေ ဖြန့်ဖြူး ခဲ့ကြသူတွေကိုရော နားလည် လက်ခံ သဘောပေါက်လာကြတဲ့၊ လိုက်နာကျင့်သုံး လာကြတဲ့သူအားလုံးကိုရော ချီးကျူးစကား ဆိုရမှာပါ။ သာဓု၊ သာဓု၊ သာဓု၊ ကောင်းလေစွ၊ ကောင်းလေစွတကား။
ရောဂါဆိုဆရာနဲ့၊ တိုက်တာဆို အင်ဂျင်နီယာနဲ့။ ဒီလို ဒီလို ဆိုင်ရာ ပညာရှင်တွေနဲ့သာ ရင်ဆိုင်ဖြေရှင်း သင့်တယ်ဆို ပေမယ့်လည်း အင်ဂျင်နီယာ၊ ဗိသုကာတွေဘက်က အသိပညာဖြန့်ဝေမှုအားနည်းချက်ရှိနေလို့ လေလားရယ်တော့ မပြောတတ်ပါ။ ရွာဘက် နယ်ဘက်၊ ဖွံ့ဖြိုးစမြို့ငယ်လေးတွေဘက်မှာ ဆိုရင်တော့ သုံးလေး ထပ်လောက် တိုက်တာတွေအထိကို ပန်းရန်ဆရာ၊ လက်သမားဆရာနဲ့ စခန်းသွားနေကြတုန်းပါ။ ယိုင်တာတွေရှိသလို ခိုင်တာတွေလည်း အများကြီးပါ။ အင်ဂျင်နီယာတို့၊ ဗိသုကာတို့ဆိုတာ အခုအချိန်အထိ မမြင်ဖူးတဲ့ ဒေသတွေ အများကြီးပါ။
အင်အားပြင်းမြေငလျင်ကြီးတွေလှုပ်ခတ်တဲ့ဒဏ်ကို ခံစားခဲ့ကြရပြီးချိန်၊ အိုးအိမ်တိုက်တာ အပြိုအပျက်တွေကြားမှာ အသက်ဘေးအန္တရာယ်နဲ့ နဖူးတွေ့ဒူးတွေ့ကြုံခဲ့ကြရပြီးချိန်မှာတော့ အင်ဂျင်နီယာ ပညာရပ်၊ ဗိသုကာပညာရပ်ရဲ့ တန်ဖိုးကို ဟိုအရင်ကထက်ပိုပြီး သဘောပေါက်နားလည်လာကြပါတယ်။ ပညာရှင်မပါဘဲ တည်ဆောက်တဲ့ အဆောက်အအုံတွေ၊ တစ်နည်းအားဖြင့် ပညာရှင် အမည်ခံထားသူတွေ ပါပေမယ့် ပညာရပ်အပေါ်မှာ သစ္စာရှိရှိနဲ့ မတည်ဆောက်ဘဲ တခြား အကျိုးအမြတ်ကို ငဲ့ခဲ့သူတွေ တည်ဆောက်ခဲ့တဲ့ အဆောက်အအုံတွေနဲ့ နည်းလမ်းတကျ တည်ဆောက်ထားတဲ့ အဆောက်အအုံတွေကြားမှာ သဘာဝဘေးဒဏ် ခံနိုင်ရည်ချင်းဘယ်လောက်ကွာသွားတယ်ဆိုတာ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ကြရပြီကိုး။ မျက်စိတစ်မှတ် လျှပ်တစ်ပြက် သာသာအချိန်ကာလလေးအတွင်းမှာ အိုးအိမ်တိုက်တာအဆောက်အဦတွေ အလဲလဲအပြိုပြို ဖြစ်၊ နဖူးကွဲ၊ ဒူးပြဲနဲ့ကိုယ်လက်အင်္ဂါထိခိုက်ပွန်းပဲ့ကြသူတွေ၊ ခြေကျိုး၊ လက်ကျိုး ကျိုးကြသူတွေ၊ အပြိုအပျက် ကြားမှာအသက်စွန့်သွားရသူတွေနဲ့ အနိဋ္ဌာရုံ မြင်ကွင်းအဖြစ် ချက်ချင်းရောက်ခဲ့ကြသလို ထိခိုက်ပွန်းပဲ့မှု ဘေးကလွတ်လို့ ကျန်ရစ်ခဲ့သူတွေလည်း ဒုက္ခတွေပင်လယ်ဝေရင်း စိတ်မောလူမောမောခဲ့ကြရတာပါ။ ဒီတော့ အင်ဂျင်နီယာပညာရဲ့ တန်ဖိုး၊ ဗိသုကာပညာရဲ့တန်ဖိုးကို ဟိုအရင်ကထက် တိုးပြီး နားလည်လက်ခံခဲ့ကြရပြီ ပေါ့လေ။
ဆေးပညာတို့၊ အင်ဂျင်နီယာပညာတို့မှမဟုတ်ပါဘူး။ ဘယ်လိုကိစ္စမျိုးမဆို သူ့ပညာရပ်နဲ့သူ အလုပ်နဲ့ လူ၊ လူနဲ့အလုပ် အံဝင်ခွင်ကျဖြစ်မှသာ လုပ်ဆောင်ချက်အားလုံး နည်းမှန်လမ်းမှန်ဖြစ်ပြီး တိုးတက် အောင်မြင်မှုရနိုင်ကြတာပါ။ ဒီလိုမဟုတ်ဘဲ လူလွဲနေရာလွဲ ဖြစ်နေရင် ရေသတ္တဝါကိုကုန်းပေါ်အပြေးခိုင်းပြီး ကုန်းသတ္တဝါကို ရေထဲအငုပ် ခိုင်းမိသလို၊ အင်ဂျင်နီယာကို ဆေးအကုခိုင်းပြီး ဆရာဝန်ကို တံတား အဆောက်ခိုင်းမိသလို အလွဲလွဲ အမှားမှား ဖြစ်ကုန်နိုင်တာမျိုးပါ။
စီမံခန့်ခွဲမှုပညာကျတော့ စောစောကထက် ပိုအရေးကြီးသွားပါပြီ။ လူ့အဖွဲ့အစည်းတစ်ရပ် အနေနဲ့ပဲ ကြည့်ကြည့်၊ အရွယ်အစား ကြီးကြီးငယ်ငယ် ဘယ်လိုအဖွဲ့အစည်းမျိုးပဲဖြစ်ဖြစ် စီမံခန့်ခွဲတဲ့နေရာမှာ နေရတဲ့သူ ဆိုတာ သတ်သတ်မှတ်မှတ်ရှိကြပါတယ်၊ ရှိရပါတယ်။ အဲဒီနေရာမှာနေရတဲ့သူက ဘယ်လိုဘယ်လိုလုပ်ငန်း ဆောင်တာမျိုးတွေ လုပ်ကြကိုင်ကြမယ်ဆိုပြီး အစီအစဉ်တွေ ရေးဆွဲကြတယ်။ အစီအစဉ်တစ်ခုချင်းစီအတွက် ရည်ရွယ်ချက်၊ ဦးတည်ချက်တွေသတ်မှတ်ကြတယ်။ ဒီရည်ရွယ်ချက်၊ ဦးတည်ချက်တွေ အကောင်အထည် ဖော်နိုင်ဖို့အတွက် ဘာတွေလုပ်ကြမယ်၊ ဘယ်လိုနည်းလမ်းတွေနဲ့လုပ်ကြမယ်၊ ဘယ်သူတွေက ဘယ်လို တာဝန်မျိုးတွေယူကြမယ်၊ လိုအပ်တဲ့ပစ္စည်းပစ္စယအင်အားတွေ၊ လူအင်အား၊ ငွေအင်အားတွေကို ဘယ်လို စီစဉ်ကြမယ်ဆိုတဲ့ အစီအစဉ်တွေ အသေးစိတ်ထည့်သွင်းရေးဆွဲကြတယ်။
ဒီလိုအစီအစဉ်တွေရေးဆွဲရာမှာလည်း ရေးဆွဲပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်၊ အတည်ပြုပိုင်ခွင့်ရှိတဲ့သူကပဲ ရေးဆွဲ၊ အတည်ပြုလိုက်တာနဲ့ အဖွဲ့အစည်းထဲက အလွှာအသီးသီးမှာပါဝင်သူတွေစုပေါင်းရေးဆွဲလိုက်တာနဲ့ အားနည်းချက်၊ အားသာချက်တွေရှိနေပြန်ရော။ ဟိုးအထက်ဆုံးကနေ မဟာဗျူဟာမြောက်အမြင်နဲ့ ဒီလိုဒီလို အကောင်အထည် ဖော်ကြဖို့ ရေးဆွဲချမှတ်လိုက်ပြန်တော့ လက်တွေ့ အကောင်အထည်ဖော်ရမယ့်အဆင့်က သူ့ကျွမ်းကျင်မှု၊ သူ့အတွေ့အကြုံနဲ့ အံဝင်ခွင်ကျမဖြစ်တာကြောင့် ထိထိရောက်ရောက် အကောင်အထည် မဖော်နိုင်ဘဲ ဖြစ်နေတာမျိုး တွေလည်း ရှိနေတတ်ပြန်ရော။
အစီအစဉ်တွေရေးပြီးတဲ့နောက် ဒီအစီအစဉ်ကိုအကောင်အထည်ဖော်နိုင်ဖို့အတွက် လိုအပ်တဲ့ စုဖွဲ့မှုတွေ၊ ပြင်ဆင်မှုတွေ လုပ်ရပြန်ရော။ ဘယ်သူတွေကဘယ်လိုအကောင်အထည်ဖော်မလဲ၊ အဖွဲ့အစည်းကို ဘယ်လို ဖွဲ့စည်းထားမလဲ၊ ဘယ်လို ဆုံးဖြတ်ချက်တွေကို ဘယ်သူတွေကချမှတ်ပိုင်ခွင့်ရှိပြီး ဘယ်လိုအလုပ် မျိုးတွေကို ဘယ်သူတွေက တာဝန်ယူ အကောင်အထည် ဖော်ရမလဲ၊ ကိစ္စကြီးငယ်တွေပေါ်ပေါက်လာရင် ဘယ်လိုကိစ္စတွေအတွက် ဘယ်သူတွေက ဘယ်သူတွေဆီကို ဘယ်နည်း ဘယ်ပုံ ပြောရဆိုရမလဲ၊ အခက်အခဲ တွေကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာတွေ ကြိုကြိုတင်တင်သတ်မှတ်ပေးထားရတာပေါ့။
စီစဉ်မှုတွေ၊ စုဖွဲ့မှုတွေပြီးရင် ခေါင်းဆောင်မှုပေးရမယ့်အပိုင်းရှိလာပြန်တယ်။ ကိုယ့်ဦးဆောင်မှု အတိုင်း လိုက်ပါ လာအောင် ဘယ်လိုလွှမ်းမိုးမလဲ၊ လုပ်ချင်ကိုင်ချင်စိတ်၊ တက်တက်ကြွကြွကြိုးစားအားထုတ် ချင်စိတ်ရှိအောင် ဘယ်လို စေ့ဆော် တိုက်တွန်း မလဲ၊ ခေါင်းဆောင်မှုပုံစံတွေအများကြီးရှိတဲ့အထဲက ဘယ်လိုပုံစံမျိုးနဲ့ အံဝင်ခွင်ကျ ဖြစ်နိုင်မလဲဆိုတာတွေ စဉ်းစားရတဲ့ အပိုင်းပေါ့။ ဒီမှာတစ်ချက်ရှိတာက ခေါင်းဆောင်မှုအရည်အသွေးဆိုတာ အဖွဲ့အစည်းရဲ့ဟိုးအထက်ဆုံးက ထိပ်ပိုင်းခေါင်းဆောင် အတွက်ပဲ လိုအပ်တာမဟုတ်ဘဲ အလွှာအသီးသီးမှာ ဦးစီးဦးဆောင်ပြုနေရတဲ့ပုဂ္ဂိုလ်တွေအတွက်ပါ လိုအပ်တယ်ဆိုတဲ့ အချက်ပါ။
နောက်ထပ်အဓိကကျတဲ့အလုပ်တစ်ခုကတော့ ကြပ်မတ်ကွပ်ကဲမှုပါ။ ကိုယ်စီစဉ်ထားတာနဲ့ လက်တွေ့ ပေါ်ပေါက်လာတဲ့ ရလဒ်တွေနဲ့ လိုက်လျောညီထွေရှိရဲ့လားဆိုတာကို နှိုင်းယှဉ်သုံးသပ်ရတာတွေ၊ အပိုင်းအလိုက်၊ ကဏ္ဍအလိုက် အကောင်အထည် ဖော်ကြတဲ့ တစ်စုတစ်ဖွဲ့ချင်း၊ တစ်ဦးတစ်ယောက်ချင်းစီရဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေ၊ စွမ်းဆောင်မှုတွေကို နှိုင်းယှဉ် သုံးသပ်ရတာတွေ၊ လိုအပ်သလို ထိန်းကျောင်း တည့်မတ်ပေးရတာတွေ ဆောင်ရွက်ရတာပါ။ ဟိုအရင်ကတော့ ကြပ်မတ် ကွပ်ကဲတာတို့၊ ကြီးကြပ်တာတို့ ဆိုရင် တည်ဆဲဥပဒေ၊ နည်းဥပဒေတွေနဲ့ ညီမညီ၊ ထုတ်ပြန်ထားတဲ့ အမိန့်၊ ညွှန်ကြားချက်တွေနဲ့ ညီ မညီ ကြည့်ပြီး မညီရင်တည့်ပေးရုံ လောက်ပဲလို့ နားလည်လက်ခံထားကြတာပါ။ နောက်ပိုင်းမှာတော့ ဒီလောက်နဲ့ မလုံလောက် တော့ဘူးဆိုတာ လက်ခံလာကြပါပြီ။ စီစဉ်ထားတဲ့အတိုင်းမဖြစ်ဘူးဆိုရင် အလွှာအသီးသီးက ပုဂ္ဂိုလ်တွေရဲ့ တုံ့ပြန်သံတွေကို နားထောင်ပြီး ဘယ်ဟာတွေက အဟန့်အတားဖြစ်နေသလဲ၊ ဘယ်နေရာတွေမှာ ဘယ်လိုလိုအပ်ချက်တွေဖြစ်နေသလဲ၊ ဘာတွေကို ဘယ်နည်းဘယ်ပုံ ပြုပြင်သင့်သလဲဆိုတာမျိုးတွေကို အသေးစိတ် စိစစ်သုံးသပ်ပြီးတော့ ပြုပြင် သင့်တာတွေကို အချိန်နဲ့ တစ်ပြေးညီ ပြုပြင်နေကြတာပါ။ အဖွဲ့အစည်းဝင် တစ်ဦးချင်းစီက လက်တွေ့ လုပ်ကိုင်ဆောင်ရွက် နေတာတွေက ဦးတည်ရာ လမ်းကြောင်း မှန်ရဲ့လားဆိုတာကြည့်ပြီး မမှန်ရင် ပြန်တည့် ပေးရတာပေါ့။ စဉ်ဆက်မပြတ် လေ့လာသင်ယူတာ၊ စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်အောင်လုပ်နေတာ၊ ဒါတွေကတော့ အနှစ်သာရပေါ့။ ထားပါတော့လေ။ စီမံခန့်ခွဲမှုအကြောင်းပြောတာက အတော်လေးများသွားပါပြီ။
ဒီနေရာမှာ အဓိက တင်ပြလိုတဲ့ အကြောင်းကတာ့ စီမံခန့်ခွဲမှုဆိုတာ ပညာရပ်တစ်ခုဖြစ်တဲ့အကြောင်း၊ စီမံခန့်ခွဲမှုပညာဆိုတာကို တကူးတကအချိန်ယူပြီး သီးသီးသန့်သန့်လေ့လာဖို့လိုတဲ့အကြောင်း၊ လုပ်ငန်းခွင် အတွေ့အကြုံလည်း လိုတဲ့အကြောင်း၊ စာတွေ့ လက်တွေ့နှစ်ခုစလုံးပြည့်စုံမှသာ စီမံခန့်ခွဲမှုပညာမှာ ကျွမ်းကျင်နှံ့စပ်လာနိုင်တဲ့အကြောင်းနဲ့ စီမံခန့်ခွဲခွင့်ရှိတဲ့နေရာမှာ ကျွမ်းကျင်သူ ပရော်ဖက်ရှင်နယ်သမားတွေ ရှိနေသင့်တဲ့အကြောင်းပါ။
စီမံခန့်ခွဲမှုပညာဆိုတာ အလေးအမြတ်ပြုအပ်တဲ့ ပညာရပ်တစ်ခုဖြစ်ကြောင်း ကမ္ဘာနဲ့အဝန်းမှာ လက်ခံ အသိအမှတ်ပြု နေကြပြီဖြစ်တဲ့အတွက် တက္ကသိုလ်၊ ကောလိပ်ကြီးတွေမှာ စီမံခန့်ခွဲမှုပညာဌာနတွေ၊ မဟာဌာနတွေဖွင့်လှစ်ပြီး သီးသန့် ဘာသာရပ်တစ်ခု အနေနဲ့ သင်ကြားပို့ချတာတွေ ရှိတဲ့အပြင် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်ဆိုတာမျိုးတောင် ပေါ်နေပါပြီ။ ကိုယ့်နိုင်ငံမှာလည်း အမျိုးသား စီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်ရယ်လို့ ရှိခဲ့တာ ကြာပြီဖြစ်သလို သမဝါယမ တက္ကသိုလ်တွေနဲ့ အမည်ကိုလည်း သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်ဆိုပြီး နာမည်ပြောင်းနေကြပြီဖြစ်ပါတယ်။ စီးပွားရေး တက္ကသိုလ် တွေမှာလည်း စီမံခန့်ခွဲမှုပညာဌာန ဆိုတာ သီးသန့်ရှိပါတယ်။

ဒီပညာရပ်က နက်နဲတာဖြစ်တဲ့အတွက် ယေဘုယျသဘောခြုံပြီးသင်ယူဖို့တောင် မဖြစ်နိုင်တော့ ပါဘူး။ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု၊ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု၊ ငွေကြေးစီမံခန့်ခွဲမှု၊ ဈေးကွက်စီမံခန့်ခွဲမှု၊ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု၊ လုပ်ငန်း စီမံခန့်ခွဲမှု စသည်အားဖြင့် ဘာသာရပ်ခွဲပေါင်းမြောက်မြားစွာကို တစ်ခုချင်းစီအလိုက်သီးသန့်သင်ယူလေ့လာနေကြတာပါ။ ဒီကဏ္ဍ ကိုတော့ဖြင့် သီးသန့် လေ့လာဖို့လိုတယ် ဆိုပြီး ဘာသာရပ်ခွဲ အသစ်အသစ်တွေ ပေါ်နေတဲ့အပြင် ရှိပြီးသား ဘာသာရပ်တွေ ကလည်း ဘယ်ရွေ့ဘယ်မျှ လေ့လာပြီးရင် လုံလောက်ပြီဆိုတာမျိုးမရှိဘဲ စဉ်ဆက်မပြတ်လေ့လာသင်ယူနေမှ အဆင်ပြေနိုင်တာ မျိုးပါ။
ဆေးကုတာ ဆရာဝန်အလုပ်ဖြစ်ကြောင်း၊ တိုက်ဆောက်တာ အင်ဂျင်နီယာအလုပ်ဖြစ်ကြောင်း၊ ဆေးကုတာတို့၊ တိုက်ဆောက်တာ တို့က လေးနက်တဲ့ပညာရပ်တွေဖြစ်တဲ့အတွက် မုဆိုးစိုင်သင်သဘောမျိုး နှလုံးသွင်းလို့ မရနိုင်တဲ့အကြောင်း လူတိုင်း နားလည် လက်ခံလာဖို့အတွက် အချိန်တွေအများကြီးယူခဲ့ကြရ တာပါ။ ဒါတောင်မှ ရာနှုန်းပြည့်တော့ မအောင်မြင်သေးပါဘူး။ ဒီလိုပါပဲ။ စီမံခန့်ခွဲမှုပညာဆိုတာလည်း လေးနက်တဲ့ ပညာရပ်တစ်ခု ဖြစ်တဲ့အကြောင်း၊ မလေ့လာမသင်ယူဘဲ လုပ်ကိုင်ဆောင်ရွက်ရင် အဆင်မပြေ နိုင်ကြောင်း၊ ဘယ်သူ့မဆို အခုခိုင်းလိုက်တာနဲ့ အခုထလုပ်နိုင်တဲ့ကိစ္စတစ်ခုမဟုတ်တဲ့အကြောင်း၊ လူတိုင်း လူတိုင်းဟာ စီမံခန့်ခွဲမှုပညာကို အလိုအလျောက် တတ်မြောက်နေတာမျိုးမဟုတ်တဲ့အကြောင်း အများစုနားလည်လက်ခံအောင် ကြိုးစားကြရဦးမှာပါ။
ဗိသုကာကောင်းတစ်ယောက်၊ အင်ဂျင်နီယာကောင်းတစ်ယောက်၊ ဆရာဝန်ကောင်းတစ်ယောက်၊ သမားတော်ကောင်း တစ်ယောက် ဖြစ်ဖို့ လေ့လာသင်ယူမှုတွေအများကြီး၊ လုပ်ငန်းအတွေ့အကြုံတွေ အများကြီးလိုအပ်သလို စီမံခန့်ခွဲမှု ပညာမှာ ထူးချွန်ထက်မြက်သူတစ်ယောက်ဖြစ်လာဖို့ဆိုတဲ့ကိစ္စမှာ လေ့လာ သင်ယူမှုတွေ၊ လက်တွေ့ လုပ်ငန်းခွင် အတွေ့အကြုံတွေ အများကြီးလိုအပ်တာပါပဲ။ အဓိကအချက်ကတော့ ဒါကို ပညာရပ်တစ်ခုပါလို့ လက်ခံ အသိအမှတ်ပြုဖို့ပါပဲ။
စီမံခန့်ခွဲမှု အလုပ်ဆိုတာ အတတ်ပညာတစ်ရပ်ဖြစ်သလို အနုပညာတစ်ရပ်လည်းဖြစ်ပါတယ်။ ခိုင်လုံတဲ့ အချက်အလက် အထောက်အထားတွေအပေါ် အခြေခံပြီး သိပ္ပံနည်း သုံးသပ်ဆုံးဖြတ်ဖို့လိုသလို စိတ်ရောကိုယ်ပါနှစ်မြှုပ်ပြီး စိတ်ကူးစိတ်သန်း ဖြန့်ကြက်နေဖို့လည်း လိုမှာပါ။
စီမံခန့်ခွဲမှုဆိုတာ ပညာရပ်တစ်ခုလား။ စီမံခန့်ခွဲမှုအလုပ်လုပ်ဖို့အတွက် အတတ်ပညာတစ်ရပ်ရယ်လို့ သီးသန့် လိုအပ်မှု ရှိသလား။ ဒီအချက်က သေချာစဉ်းစားဖို့ကောင်းတဲ့ကိစ္စတစ်ခုပါ။ တကယ့်ကို အလေးအနက် စဉ်းစားဖို့ ကောင်းတဲ့ကိစ္စတစ်ခုဖြစ်ကြောင်းပါ။

