The Corner

The Corner

cropped-Logo_round_grey-background.png

ဦးခေါင်းတစ်လုံး၏ မျက်နှာ နှစ်ဖက်လေလား၊ လက်တွေ့ကျ မူဝါဒလေလား

Share မယ်

အစိုးရတပ်ဖွဲ့တွေ အနေနဲ့ မကြာသေးခင်က ဆီးရီးယားနိုင်ငံ အနှံ့အပြားမှာ အရုဏ်တက် စီးနင်းတိုက်ခိုက်မှုတွေ တစ်ခုပြီးတစ်ခု ဆိုသလို လုပ်လာတဲ့အတွက် ဘယ်သူ့ကို ဦးတည်ဆောင်ရွက်နေသလဲဆိုတာကို မေးခွန်း ထုတ်ရမလို ဖြစ်လာပါတယ်။ ဆီးရီးယားနိုင်ငံ အနောက်ဘက်မှာရှိတဲ့ ဟုမ်းစ် (Homs) မြို့မှာ မျက်နှာဖုံးတွေ တပ်ထားတဲ့ သေနတ်သမားတွေ သယ်ဆောင်လာတဲ့ အမိုးဖွင့် ထရပ်ကား ငယ်တန်းကြီးဟာ ခရစ်ယာန်တွေ နေထိုင်တဲ့ အပိုင်းကို ဒရောသောပါး ရုတ်ရုတ်သဲသဲ ဝင်လာပါတယ်။ ဒီကားပေါ်မှာ ဘာသာရေး အစွန်းရောက် အကြမ်းဖက် အဖွဲ့ဖြစ်တဲ့ “အစ္စလာမ် နိုင်ငံတော်” (Islamic State – IS) ရဲ့ အဖွဲ့ဝင် ၇၀ ကျော်ကို ဖမ်းဆီးထားပါတယ်။ အာမက် အယ်ရှာရာ (Ahmed al-Sharaa) နဲ့ သူ့အပေါ် ထောက်ခံသူတွေ အာဏာရယူခဲ့တဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ နောက်ပိုင်း ဒါဟာ အကြီးမားဆုံး ဖမ်းဆီးမှုကြီးပါ။ ဒီစစ်ဆင်ရေးဟာ ဘာသာရေး အစွန်းရောက် အကြမ်းဖက်အဖွဲ့ရဲ့ လက်ကျန်အင်အားစုတွေ ရှင်းလင်းရေး ဖြစ်သလို အမေရိကန်နိုင်ငံရဲ့ ထောက်ခံအားပေးမှုရအောင် ရည်ရွယ်တဲ့ နိုင်ငံရေး လုပ်ရပ်လည်း ဖြစ်ပါတယ်။

အမေရိကန်သမ္မတ အိမ်ဖြူတော်ကို အလည်အပတ် ရောက်လာတဲ့ ဆီးရီးယားသမ္မတ အာမက် အယ်လ်ရှာရာ (Photo: AL-Monitor)

နောက် ၄၈ နာရီ အကြာမှာ အာမက် အယ်လ်ရှာရာဟာ အိမ်ဖြူတော်ကို ရောက်လာတဲ့ ပထမဦးဆုံးသော ဆီးရီးယား ခေါင်းဆောင်ဖြစ်လာပြီး အိမ်ဖြူတော်မှာ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံမှု အပြီး သမ္မတ ဒေါ်နယ်ထရမ့်က သတင်းစာ ရှင်းလင်းပွဲမှာ ဒီလို ရှင်းလင်းပြောဆိုခဲ့ပါတယ်။

“ဆီးရီးယား သမ္မတ ရှာရာဟာ အင်မတန် ခက်ခဲ ကြမ်းတမ်းတဲ့ နေရာက လာခဲ့ရတဲ့ ပုဂ္ဂိုလ်ပါ။ ကျွန်တော် သူ့ကို သဘောကျ ပါတယ်။ ဆီးရီးယားနိုင်ငံ အောင်မြင်မှုရအောင် ကျွန်တော်တို့ လုပ်နိုင်တာ အားလုံး ကျွန်တော်တို့ ဆောင်ရွက်ပေးမှာပါ”

ခေါင်းဆောင်နှစ်ဦး ဆွေးနွေးအပြီး သမ္မတထရမ့်က ဆီဇာ ဥပဒေ (Caesar Act) နုတ်သိမ်းထားတာကို နောက်ထပ် ခြောက်လ သက်တမ်းတိုးပေးဖို့ ပြောခဲ့ပါတယ်။ (ဆီဇာ ဥပဒေဆိုတာ သမ္မတဟောင်း ဘာရှာ အယ်လ်အာဆတ်ဒ် အစိုးရ လက်ထက်က ဆီးရီးယားနိုင်ငံအပေါ် အမေရိကန်နိုင်ငံက ချမှတ်ခဲ့တဲ့ ပြင်းထန်သော စီးပွားရေး ပိတ်ဆို့မှု ဥပဒေပါ။ ဘာသာပြန်သူ) ဒီဥပဒေအရ ချမှတ်ထားတဲ့ အမျိုးမျိုးသော ပိတ်ဆို့ အရေးယူမှုတွေက ဆီးရီးယားနိုင်ငံ ပြန် တည်ဆောက်ရေး လုပ်ငန်းစဥ်ကို ပိတ်ဆို့ဟန့်တား နေတာပါ။ ဒီကိစ္စဟာ ကြားကာလ သမ္မတ ရှာရာ အတွက် ဦးစားပေးကိစ္စပါ။ ဒါပေမဲ့ ဒီတွေ့ဆုံမှုနဲ့ ပတ်သက်တဲ့ တုံ့ပြန်ချက်တွေ အပေါ် ဖုံးလွှမ်းနေတဲ့ အခြားသော ကြေညာချက် တစ်ရပ်ရှိနေပါတယ်။ ဆီးရီးယားသမ္မတ ရှာရာ အစိုးရဟာ အစ္စလာမ်နိုင်ငံတော် ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့မှာ ပါဝင်မယ်လို့ ပြောဆိုခဲ့ကြောင်း အမေရိကန် အရာရှိတွေက ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ်က စပြီး နိုင်ငံပေါင်းစုံ ပါဝင်တဲ့ စစ်ရေး မဟာမိတ်အဖွဲ့ဟာ အရှေ့အလယ်ပိုင်း ဒေသအနှံ့ “အစ္စလာမ်နိုင်ငံတော်” အကြမ်းဖက်အဖွဲ့ အမြစ်ဖြတ် ချေမှုန်းနိုင်ရေးအတွက် လေကြောင်းကနေ ထိုးစစ် ဆင်နွှဲခဲ့ပါတယ်။ ဒီလေကြောင်း စစ်ဆင်ရေးတွေက တစ်ချိန်က ဒီဘာသာရေး အစွန်းရောက် အကြမ်းဖက် အဖွဲ့က ထိန်းချုပ်ခဲ့တဲ့ စတုရန်း ကီလိုမီတာ ထောင်ပေါင်းများစွာကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ အီရတ်ရဲ့ ကာဒ့်တပ်ဖွဲ့တွေကို ထောက်ပံ့ ကူညီပေးနိုင်ဖို့ပါ။ သမ္မတ ရှာရာ အာဏာမရခင် အချိန်အထိ နိုင်ငံပေါင်းစုံ စစ်ရေး မဟာမိတ်အဖွဲ့ရဲ့  စစ်ဆင်ရေးတွေဟာ ဆီးရီးယားနိုင်ငံရဲ့ သဘောတူ ပူးပေါင်းမှု မရှိဘဲ ဆောင်ရွက်ခဲ့တာပါ။ ဆီးရီးယားနိုင်ငံရဲ့ သက်တမ်းရှည်ကြာ အာဏာရှင်ဖြစ်ခဲ့တဲ့ ဘာရှာ အယ်လ်အာဆတ်ဒ်က ဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့တွေကို တိုက်ခိုက်တာထက် သူ့ပြည်သူတွေအပေါ် လူမျိုးတုံး သတ်ဖြတ်ရေးကို ကျူးလွန်ခဲ့တာပါ။ သုတေသန အဖွဲ့ဖြစ်တဲ့ Washington Institute for New East Policy ရဲ့ ပညာရှင် အာရွန် ဇယ်လင်းက အာဆတ်ဒ်နဲ့ မတူပဲ ဆီးရီးယား သမ္မတသစ် ရှာရာက “အစ္စလာမ်နိုင်ငံတော်” အစွန်းရောက် အကြမ်းဖက်အဖွဲ့ ကို တိုက်ခိုက်ခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူး လို့ ပြောပြီး “ဘာပဲပြောပြော ဒီအကြမ်းဖက် အဖွဲ့ကို သမ္မတသစ် ရှာရာက ချေမှုန်းနေတာပဲ” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ဒါပေမဲ့ ဖြစ်စဥ်တစ်ခုလုံးကို ကြည့်လိုက်ရင် ဒီလောက်တော့ မရိုးစင်းပါဘူး။ ရှုပ်ထွေးနေတာပါ။ သမ္မတ ရှာရာက အာဏာရယူ ခဲ့တဲ့ လမ်းကြောင်းကို ကြည့်လိုက်ရင် အယ်လ်ကိုင်ဒါ တိုက်ခိုက်ရေးသမားဘဝနဲ့ စတင်ခဲ့တာပါ။ အယ်လ်ကိုင်ဒါဆိုတာ အစ္စလာမ်နိုင်ငံတော် အဖွဲ့ သန္ဓေတည်ခဲ့တဲ့ ကနဦး အဖွဲ့အစည်းပါ။ သမ္မတ ရှာရာရဲ့ ဒမတ်စကတ်မှာ ရှိတဲ့ အင်အားစုတွေကို ကြည့်လိုက်ရင် ဒီလို အရောင်အသွေး ရှိတဲ့သူတွေ များပါတယ်။ ဆီးရီးယား လုံခြုံရေး တပ်ဖွဲ့တွေဟာ တစ်ခါတစ်ရံ အစ္စလာမ် နိုင်ငံတော် အမှတ်အသားပါတဲ့ တံဆိပ်တွေကို ဝတ်ဆင်ထားတာပါ။ အိမ်ဖြူတော်တွေ့ဆုံမှုအပြီး နာရီပိုင်းအကြာမှာ သမ္မတ ရှာရာက Fox News နဲ့ တွေ့ဆုံခဲ့ပြီး “သူ့ရဲ့ အယ်လ်ကိုင်ဒါနဲ့ ပတ်သက်မှုဟာ အတိတ်က ကိစ္စသာဖြစ်ပြီး ဆီးရီးယားနိုင်ငံကဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးမှာ အမေရိကန်နိုင်ငံနဲ့ လက်တွေဆောင်ရွက်ဖို့ အသင့်ပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ သူအဖွဲ့အတွင်းမှာရှိတဲ့ တချို့ အင်အားစုတွေ ကတော့ အမေရိကန် နိုင်ငံထက် အစ္စလာမ်နိုင်ငံတော်အဖွဲ့ကို လိုလားနေကြတာပါ။

အမေရိကန်နိုင်ငံ ဦးဆောင်တဲ့ နိုင်ငံပေါင်းစုံ မဟာမိတ်အဖွဲ့ရဲ့ နှစ်ပေါင်းများစွာ ဖိအားတွေ ရှိနေပေမယ့် အစ္စလာမ်နိုင်ငံတော် အင်အားစုတွေက ဆီးရီးယားနိုင်ငံထဲမှာ ရှိနေဆဲပါ။ ဒီအကြမ်းဖက် အင်အားစုတွေဟာ နိုင်ငံကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေမယ့် ဒမတ်စကတ် အစိုးရအဖွဲ့ကို “အနှောင့်အယှက်၊ အဟန့်အတား” ပေးနိုင်စွမ်းတော့ ရှိပါတယ်။ အစ္စလာမ်နိုင်ငံတော် အကြမ်းဖက် အင်အားစုတွေဟာ သမ္မတ ရှာရာ အုပ်စုတွေနဲ့ တိုင်းပြည်ရဲ့ အရှေ့မြောက်ဘက်မှာ ရှိတဲ့ ကာဒ့်အင်အားစုတွေကြားက ‘အကွဲအပြဲ’ အပေါ် အမြတ်ထုတ် အသုံးချနေတာပါ။ ဒီအကြမ်းဖက်သမားတွေဟာ သမ္မတ ရှာရာကို လုပ်ကြံဖို့ အကြိမ်ပေါင်းများစွာ ကြိုးပမ်းခဲ့တာပါ။ ဇွန်လက ဒမတ်စကတ်မှာရှိတဲ့ ဘုရားကျောင်းကို အသေခံ ဗုံးခွဲ အကြမ်းဖက်သမားက ဝတ်ပြုနေသူ ၂၅ ဦးကို သတ်ဖြတ်ခဲ့တာပါ။ ဒီလို လုပ်ကြံမှုတွေ ပိုပိုတွေ့လာနေရပါတယ်။

ဒီလုပ်ကြံမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ သမ္မတရှာရာရဲ့ တပ်ဖွဲ့ တွေဟာ မကြာခဏဆိုသလို အမေရိကန်နိုင်ငံရဲ့ ပံ့ပိုးမှုကို ရယူပြီး အစ္စလာမ်နိုင်ငံတော် အကြမ်းဖက် အစုအဖွဲ့တွေကို အဆက်မပြတ် စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။ နိုဝင်ဘာလ ၁၀ ရက် ထုတ်ပြန် ကြေညာချက်ဟာ လက်တွေ့ အသက်ဝင်နေပြီဖြစ်တဲ့ အကြမ်းဖက်တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရေးကို တရားဝင် အတည်ပြုလိုက်တာပါ။ ဒါပေမဲ့ ဘာသာရေး အခြေခံ အင်အားစု တပ်မှူးဟောင်း တစ်ယောက် အနေနဲ့ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့မှာ ပူးပေါင်းဆောင်ရွက်ရတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ သမ္မတ ရှာရာရဲ့ အကြံပေးပုဂ္ဂိုလ် တွေက သမ္မတရှာရာရဲ့ စက်တင်ဘာ ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ပွဲမှာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို ထုတ်ပြန်ဖို့ မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမဲ့ သမ္မတရှာရာ အနေနဲ့ သြဇာကြီးမားတဲ့ ဘာသာရေး ခေါင်းဆောင်တွေရဲ့ ထောက်ခံမှု ရယူနိုင်ဖို့ အချိန် ထပ်ဆွဲဆန့်ဖို့ လိုအပ်နေခဲ့ပါတယ်။ အကျိုးအမြတ်မယူတဲ့ နိုင်ငံတကာ အဖွဲ့အစည်းဖြစ်တဲ့ International Crisis Group (ICG) ရဲ့ သုံးသပ်သူ ပညာရှင် ဂျရွမ်း ဒေဗွန် (Jerome Devon) က “သမ္မတ ရှာရာအနေနဲ့ ဆီးရီးယားနိုင်ငံ ကောင်းကျိုးအတွက် မဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ရတာပါလို့ အခိုင်အမာ ပြောကြားခဲ့တာပါ” လို့ ရှင်းပြခဲ့ပါတယ်။ ဂျရွမ်း ဒေဗွန်က သမ္မတရှာရာရဲ့ အဖွဲ့ဖြစ်တဲ့ Hayat Tahrir al-Sham အကြောင်းကို ရေးသားခဲ့သူပါ။ သူကပဲ ဆက်ပြီးတော့ “အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ အတွက် ဘာသာရေးဆိုင်ရာ ခေါင်းဆောင်တွေရဲ့ အတည်ပြု ထောက်ခံမှု လိုအပ်နေသေးတာနဲ့အတူ သမ္မတရှာရာရဲ့ လှုပ်ရှားမှုအပေါ် အတိတ်က အရိပ်မည်းက လွှမ်းမိုးနေဆဲပါ” လို့ ထောက်ပြခဲ့ပါတယ်။

အယ်လ်ကိုင်ဒါ တိုက်ခိုက်ရေးသမားဘဝနဲ့ စတင်ခဲ့တာပါ… (Photo: Times of India)

လက်ရှိမှာတော့ ဘာသာရေးခေါင်းဆောင်တွေဟာ သဘောတူ ထောက်ခံမယ့်ပုံ ဖြစ်လာပါတယ်။ အထူးဘာသာရေး ကောင်စီ ဆွေးနွေးပွဲ တစ်ခုမှာ နိုင်ငံပေါင်းစုံ မဟာမိတ်အဖွဲ့နဲ့ ဆီးရီးယားနိုင်ငံ ပူးပေါင်းဆောင်ရွက်တဲ့အပေါ် ဘာသာရေးခေါင်းဆောင် ၂၀ ဦးက ထောက်ခံမှု ပေးခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံရဲ့ ဘာသာရေး စစ်ပွဲဝါဒီ အသိုင်းအဝိုင်းမှာ ထင်ရှားတဲ့ ဆော်ဒီဘာသာရေး ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အဗ္ဗဒူလာ အယ်လ် မူဟေဆီနီက လူမှုမီဒီယာမှာ ဒီတစ်ပတ်အတွင်း နိုင်ငံပေါင်းစုံ မဟာမိတ်ဖွဲ့စည်းတဲ့ သဘောတူညီချက်ကို “စစ်ရေး မဟာမိတ် ဖွဲ့စည်းတာ မဟုတ်ပါဘူး နိုင်ငံရေး သဘောတူညီချက်ပါ” လို့ ပုံဖော်ပြောဆိုခဲ့ပါတယ်။ ပြောရရင် ဆီးရီးယားနိုင်ငံ ပြိုကွဲတာကို ဟန့်တားထားတဲ့ နိုင်ငံရေး သဘောတူညီချက် ဆိုတဲ့ သဘောပါ။ သတင်းတွေ ပျံ့နှံ့နေသလို ဒမတ်စကတ်မှာ စစ်အခြေစိုက် စခန်း တည်ဆောက်မယ့် အမေရိကန်ရဲ့ ကမ်းလှမ်းချက်ကို ဆီးရီးယားနိုင်ငံက လက်ခံမယ့် ပုံတော့ မရှိသေးပါဘူး။ ဒါပေမဲ့ ဆီးရီးယားနိုင်ငံမှာရှိတဲ့ အမေရိကန် သံရုံးအတွင်း လုံခြုံရေးရုံးခန်း ဖွင့်တာမျိုးတော့ ဖြစ်နိုင်ပါတယ်လို့ သမ္မတ ရှာရာနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။

ဆီးရီးယားနိုင်ငံမှာရှိတဲ့ ကာ့ဒ်လူမျိုးတွေ အပေါ် သက်ရောက်မှုက အတော့်ကို ကွဲပြားနေတာပါ။ ကာ့ဒ် လူမျိုးတွေ အတွက်တော့ စိုးရိမ်စရာတွေ ရှိနေတာပါ။ ဆီးရီးယားနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းမှာ ကာ့ဒ်တွေ ဦးဆောင်တဲ့ စစ်ရေးအဖွဲ့ဖြစ်တဲ့ ဆီးရီးယား ဒီမိုကရက်တစ် အင်အားစု (Syrian Democratic Forces – SDF) ဟာ အစ္စလာမ် နိုင်ငံတော် အကြမ်းဖက် တိုက်ခိုက်ရေး စစ်ပွဲတွေမှာ ပါဝင်ဆင်နွှဲခဲ့တဲ့အတွက် သစ္စာရှိရမယ် ဆိုတဲ့ ခံစားချက်မျိုး ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ကာ့ဒ်တွေက သမ္မတ ရှာရာ အစိုးရအဖို့ သူတို့ရဲ့ ဗဟိုချုပ်ကိုင်မှု လျှော့ချထားတဲ့ ဖက်ဒရယ်နိုင်ငံရေး မျှော်မှန်းချက်ဟာ အကြီးမားဆုံး အန္တရာယ်ဆိုတာ သဘောပေါက်ကြပါတယ်။

ဒီအိမ်ဖြူတော် တွေ့ဆုံမှုဟာ ရန်သူတော်ဟောင်းတွေကြား လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှုကို အခိုင်အမာ ပုံဖော်တည်ဆောက်လိုက်တာပါ။ တစ်ဖက်မှာလည်း ဒါက သမ္မတရှာရာရဲ့ နိုင်ငံတကာ ပုံရိပ်ကို မြှင့်တင်ပေးမှာပါ။ ပိုပြီးအရေးပါတာကတော့ မဟာမိတ်ဖွဲ့ရေး သဘောတူညီချက်ဟာ သမ္မတရှာရာကို ပြည်တွင်းမှာရှိတဲ့ ဘာသာရေး အခြေခံ စစ်ရေး ဝါဒီတွေကို သတိပေး ဟန့်တားရာမှာ ထိရောက်တဲ့ လက်နက်တစ်ခုအဖြစ် အသုံးချနိုင်တာပါ။ မဟာမိတ်ဖွဲ့တာကို သဘောမတူ ငြင်းဆန်တဲ့ အင်အားစုတွေအဖို့ကတော့ ဆီးရီးယားအစိုးရရဲ့ အမျက်ဒေါသကို သာ ရင်ဆိုင်ရမှာ မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံအပါအဝင် သူ့ရဲ့ များစွာသော မဟာမိတ်နိုင်ငံတွေရဲ့ အမျက်ဒေါသကိုပါ ထိပ်တိုက်တိုးရမှာပါ။

ကိုးကား – Syria’s ex-jihadist president, now Donald Trump’s new bestie, The Economist Nov25

Click to rate this post!
[Total: 1 Average: 5]