The Corner

The Corner

cropped-Logo_round_grey-background.png

တရုတ်သိပ္ပံဝတ္ထုစာရေးဆရာလျူစီရှင်း နှင့် စာပေအင်တာဗျူး

Share မယ်

၂၀၁၈ ခုနှစ်က စာတမ်းဖတ်ပွဲတစ်ခုတွင် သိပ္ပံဝတ္ထု စာရေးဆရာ လျူစီရှင်း (Liu CiXin) ကို စာပေပညာရှင် ပါမောက္ခ ဂျွန်ပလော့ က စကားပြန် ပူဝမ်နှင့်အတူ မေးမြန်း ပြောဆိုသည်များကို ဆီလျော်အောင် ဘာသာပြန် ထားခြင်း ဖြစ်သည်။ လျူစီရှင်းမှာ Hugo Award အပါအဝင် ဆုပေါင်းများစွာ ရရှိခဲ့သည့် ကမ္ဘာကျော် “ကြယ်သုံးစင်းပုစ္ဆာ (The Three-body Problem)” သုံးအုပ်တွဲဝတ္ထုများအပြင် အခြား သိပ္ပံဝတ္ထုတို၊ ဝတ္ထုရှည် များစွာကို ရေးသားခဲ့သူလည်း ဖြစ်သည်။ သိပ္ပံဝတ္ထုများအတွက် ပေးသော Hugo Award ကို အာရှသားများထဲမှ ပထမဆုံးရရှိသူလည်း ဖြစ်၏။ သူ၏ ဝတ္ထုလတ်တစ်ပုဒ်ဖြစ်သော “ခရီးသွားကမ္ဘာမြေ (The Wondering Earth)” ကို ရုပ်ရှင်ကားကြီးအဖြစ် ရိုက်ကူးပြသခဲ့ပြီး “ကြယ်သုံးစင်းပုစ္ဆာ” ကိုလည်း Netflix က ရုပ်သံဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးကာ Season I ပြသပြီး ဖြစ်ပါသည်။

Photo: IMDB

ဂျွန်ပလော့။ ။ ဟဲလို မစ္စတာလျူ။ ဘယ်စာရေးဆရာက ခင်ဗျားအပေါ် ဩဇာလွှမ်းမိုးမှုရှိလဲ ဆိုတဲ့ မေးခွန်းနဲ့ပဲ စခွင့်ပြုပါ။ အိတ်ခ်ျဂျီဝဲလ်တို့ ဂျူးလ်စ်ဗန်းတို့ ခင်ဗျားအပေါ် သက်ရောက်မှုရှိသလိုမျိုး တခြားကဗျာဆရာ၊ ပန်းချီ ဆရာ၊ ရုပ်ရှင် ဖန်တီးသူ တွေထဲက ရှိပါသေးသလား။

လျူစီရှင်း။ ။ ဩဇာလွှမ်းမိုးမှုရှိတဲ့ စာရေးဆရာတွေကို အမျိုးအစား နှစ်မျိုးခွဲပြီး ပြောချင်တယ်။ ပင်မရေစီးကြောင်း ဦးသျှောင် စာရေးဆရာကြီးတွေရယ်၊  သိပ္ပံဝတ္ထု စာရေးဆရာတွေရယ် ပေါ့ဗျာ။  ပထမ အမျိုးအစားဖြစ်တဲ့ စာကြီးပေကြီးထဲမှာ ကျွန်တော့် အပေါ် အကြီးမားဆုံး လွှမ်းမိုးတာက ရုရှားရွှေခေတ်စာပေပါပဲ။ အထူးသဖြင့် တော်လ်စတွိုင်းပေါ့။

ရုရှားစာပေအ‌ပေါ် ကျွန်တော့်ရဲ့ စွဲလမ်းမှုကို တစ်ခါတုန်းက နားလည်မှုလွဲခဲ့ဖူးတယ်။ ဒီစွဲလမ်းမှုဟာ သမိုင်းနောက်ခံ အခြေအနေ‌တွေကြောင့်လို့ ကျွန်တော် ထင်ခဲ့တယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ရုရှားစာပေဟာ တရုတ်ယဉ်ကျေးမှုအပေါ်ကို အတော်ဩဇာကြီးခဲ့တာကိုး။ ရုရှားစာပေနဲ့ ရုရှားတော်လှန်ရေးကို ကျွန်တော် ချစ်မြတ်နိုးခဲ့တာက ဒီယဉ်ကျေးမှုဆိုင်ရာ အခြေအနေတွေကြောင့်လို့ ယုံခဲ့မိတယ်။

ဒါပေမဲ့ ထပ်ပြီး ပြန်စဉ်းစားကြည့်လိုက်တော့ ကျွန်တော့်ဘဝမှာ စာကို သဲကြီးမဲကြီး အဖတ်ဆုံးအချိန်က အလယ်တန်းနဲ့ အထက်တန်းကျောင်းသားဘဝလောက်မှာ စခဲ့တာဗျ။ အဲဒီအချိန် တရုတ်နိုင်ငံမှာ တံခါးဖွင့်ပြီးလို့ ပြုပြင်‌ပြောင်းလဲရေးကာလ စတောင်စနေပြီ။ အဲဒီကာလမှာ အနောက်တိုင်း စာပေလက်ရာတွေ အများကြီး တရုတ်ပြည်နဲ့ စတင်မိတ်ဆက်ခဲ့ကြတယ်။ တရုတ်ဘာသာကို ပြန်ဆိုခဲ့ကြတယ်။ ရုရှားလက်ရာတွေအပြင် မြောက်အမေရိကနဲ့ ဥရောပအနောက်ပိုင်းက စာပေလက်ရာတွေ အများကြီးပါတယ်။ အဲဒီအချက်ကို ထည့်စဉ်းစားရင် ရုရှားစာပေအပေါ် ကျွန်တော့်ရဲ့ ချစ်မြတ်နိုးခြင်းဟာ ကျွန်တော့် ပင်ကိုစရိုက်ကြောင့်ပဲ ဖြစ်လိမ့်မယ်။ ကိုယ့်ကိုယ်ကို ကျေးဇူးတင်ရမှာပဲ။ အထူးသဖြင့် ကျွန်တော့်အပေါ် တော်လ်စတွိုင်းရဲ့ ကြီးမားတဲ့ လွှမ်းမိုးမှုပေါ့။

ဂျွန်ပလော့။ ။ အင်မတန် စိတ်ဝင်စားစရာကောင်းပါတယ်။ ကျွန်တော်လည်း အခု စစ်နှင့်ငြိမ်းချမ်းရေးကို ဖတ်နေတာပါ။ သူ့ရဲ့ ကမ္ဘာလောကကြီးကို တည်ဆောက်တဲ့ အရည်အသွေးကတော့ အံ့မခန်းပါပဲ။ စစ်ရယ် ငြိမ်းချမ်းရေးရယ်က ဆက်စပ်မှုမရှိဘူးလို့ ထင်ရပေမယ့် နောက်ကွယ်က နက်ရှိုင်းတဲ့ ဆက်နွှယ်မှုကို စာဖတ်သူတွေ ချက်ချင်း သဘောပေါက်သွားကြတယ်။ တော်လ်စတွိုင်းရဲ့ စာတွေနဲ့ ခင်ဗျား စာတွေကို ဘယ်လိုနှိုင်းယှဉ်မလဲ။ ပိုပြီး ပြောပြနိုင်မလား။

လျူစီရှင်း။ ။ ကျွန်တော့် အကြိုက်ဆုံး တော်လ်စတွိုင်းဝတ္ထုကလည်း စစ်နဲ့ ငြိမ်းချမ်းရေးပဲ။ အဲဒါက ကျွန်တော့်အပေါ် အကြီးမားဆုံး လွှမ်းမိုးမှု ရှိပါတယ်။

စစ်နဲ့ ငြိမ်းချမ်းရေးကို ကျွန်တော် အင်မတန် နှစ်သက်ရတဲ့အကြောင်းက နှစ်ချက်ရှိတယ်။ ပထမအချက်က တော်လ်စတွိုင်း ဖန်တီးခဲ့တဲ့ ရာဇဝင်နောက်ခံ ကမ္ဘာလောကကြီးရဲ့ ပြည့်စုံကျယ်ပြောလှတဲ့ မြင်ကွင်းပါပဲ။ အဲဒီ ခမ်းနားလှတဲ့ ဇာတ်လမ်း ပြောပုံကိုက ကျွန်တော့်အတွက် ခွန်အားရှိလွန်းတယ်ဗျ။ ဒါပေမဲ့ နောက်တစ်ချက်ကတော့ ဒီဝတ္ထုကြီးရဲ့ ရုရှားဆန်မှုပေါ့ဗျာ။ ရုရှားတွေရဲ့ စိတ်ဓာတ်၊ ရုရှားတွေရဲ့  ဝိညာဉ်ထဲမှာ နက်နက်ရှိုင်းရှိုင်း အခြေတည်ထားတာကိုး။

ဒီဝတ္ထုမှာ‌တွေ့ရတဲ့ နက်နဲသိမ်မွေ့တဲ့ အရသာကလည်း ကျွန်တော့်အပေါ် လွှမ်းမိုးခဲ့တယ်။ ကျွန်တော့်ရဲ့ မကြာသေးခင်က ဝတ္ထုတွေမှာ စစ် နဲ့ ငြိမ်းချမ်းရေးရဲ့ အရိပ်တွေ၊ အငွေ့အသက်တွေ အမြဲရှိနေတာပေါ့။ ဒါပေမဲ့ အဲဒါတွေဟာ အင်မတန် အဆင့်နိမ့်တဲ့ တုပမှုတွေပါပဲ။ တော်လ်စတွိုင်းရဲ့ နက်နဲသိမ်မွေ့မှုကို ယှဉ်ဖို့ကတော့ မဖြစ်နိုင်ပါဘူး။

ဂျွန်ပလော့။ ။ စာရေးဆရာ မဟုတ်ဘဲ တခြား အနုပညာရှင်တွေထဲက ခင်ဗျားအပေါ် ဒီလိုမျိုး ဩဇာသက်ရောက်တဲ့သူ ရှိသေးလား။

လျူစီရှင်း။ ။ ရှိပါတယ်။ တစ်ယောက်ပြောရရင် စတန်လေ ကူးဘရစ်ပေါ့။ သူက ကျွန်တော် သဘောကျတဲ့ ရုပ်ရှင်ဖန်တီးသူလေ။ ၂၀၀၁ အာကာသခရီးရှည် ဟာ ကျွန်တော် သိပ်ကြိုက်တဲ့ ဂန္ထဝင်ဇာတ်ကားပါပဲ။ ဒါ့အပြင် သူ့လက်ရာအားလုံးက ကျွန်တာ့်အပေါ် အများကြီး ဩဇာညောင်းခဲ့ပါတယ်။

ဒီနှစ် (၂၀၁၈) က ၂၀၀၁ အာကာသခရီးရှည်ကို ရိုက်ခဲ့တာ ၅၁ နှစ် ပြည့်တဲ့နှစ်ဗျ။ ကျွန်တော့်လို သိပ္ပံရုပ်ရှင် ပရိသတ်တွေ အတွက်တော့ ဒီရုပ်ရှင်ဟာ သမ္မာကျမ်းစာနဲ့ တစ်တန်းတည်းပါပဲ။ ပြီးခဲ့တဲ့လ (၂၀၁၈ အတွင်း) က ပေကျင်းမှာ တခြား သိပ္ပံဝတ္ထု‌ စာရေးဆရာတွေ၊ ဝေဖန်ရေးဆရာတွေနဲ့အတူ ဒစ်ဂျစ်တယ်နည်းနဲ့ ပြန်ပြုပြင်ထားတဲ့ ၂၀၀၁ ကို ကျွန်တော် ကြည့်ခဲ့သေးတယ်။ ကျွန်တော်တို့အားလုံးက ရိုးရိုးရုပ်ရှင်သွားကြည့်တဲ့သူတွေ အနေနဲ့ မဟုတ်ဘဲ ဒီရုပ်ရှင်ကို သွားပြီး ဂါရဝပြုကြတာလေ။ ကျွန်တော် လေးစားမြတ်နိုးတဲ့ ကဗျာဆရာတွေ၊ ပန်းချီဆရာတွေ အများကြီး ရှိသေးတယ်။ ဒါပေမဲ့ ကျွန်တော့်အပေါ် ဩဇာသက်ရောက်တဲ့ အပိုင်းမှာတော့ ခုပြောခဲ့တဲ့သူတွေနဲ့ မယှဉ်နိုင်ပါဘူး။

ဂျွန်ပလော့။ ။ ခင်ဗျား စာရေးဆရာ စဖြစ်လာချိန်မှာ ဘယ်လိုမျိုးတွေကို ရေးခဲ့သလဲ။ ပြီးတော့ သိပ္ပံဝတ္ထုတွေကို ဘယ်တုန်းက စရေးခဲ့တာလဲ။

လျူစီရှင်း။ ။ ကျွန်တော့်ရဲ့ စာရေးတဲ့အတွေ့အကြုံကတော့ ရိုးစင်းပါတယ်။ သိပ္ပံဝတ္ထုတွေကိုပဲ ကျွန်တော်က ရေးတာပါ။ သိပ္ပံဝတ္ထုတွေနဲ့ စခဲ့ပြီး သိပ္ပံဝတ္ထုစာရေးဆရာအဖြစ်နဲ့ အဆုံးသတ်ခဲ့တာပေါ့။ သိပ္ပံဝတ္ထုတွေရဲ့ အမာခံပရိသတ်အ‌နေနဲ့ စခဲ့တာ ဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ပြောရရင် ကိုယ့်ကိုယ်ကိုယ် သိပ္ပံဝတ္ထုစာရေးဆရာအဖြစ် စိတ်ထဲခံယူပြီး သိပ္ပံဝတ္ထုတွေ ရေးခဲ့ကြတဲ့ ပထမမျိုးဆက် တရုတ်စာရေးဆရာတွေထဲမှာ ကျွန်တော် ပါကောင်းပါနိုင်တယ်။ အဓိပ္ပာယ်ကတော့ ကျွန်တော်တို့ ကိုယ်၌ကိုက သိပ္ပံဝတ္ထုစာရေးဆရာတွေ ဖြစ်ချင်ခဲ့တာမျိုးပေါ့။

ဒီနေရာမှာ သိပ္ပံဝတ္ထုစာရေးဆရာနဲ့ သိပ္ပံဝတ္ထုပရိတ်သတ် ခြားနားပုံကို ကျွန်တော် ထပ်ရှင်းပြချင်တယ်။ ကျွန်တော်က သိပ္ပံဝတ္ထုတွေရဲ့ တကယ့်အမာခံ ပရိသတ်လည်း ဖြစ်ခဲ့တယ်။ အဲဒါက တရုတ်ပြည်မှာတော့ သီးခြားလူ့အဖွဲ့အစည်းအသစ်လေး ခင်ဗျ။ သိပ္ပံဝတ္ထုတွေကို ကိုယ့်အသိစိတ်နဲ့ ကြိုက်ခဲ့ကြတဲ့ ပထမမျိုးဆက် ပရိသတ်ထဲမှာလည်း ကျွန်တော်ပါတယ်။ ဒါပေမဲ့ ကျွန်တော် စာစမရေးခင်မှာကို တရုတ်ပြည်မှာ သိပ္ပံဝတ္ထုစာရေးဆရာတွေ ရှိခဲ့တာပဲလေ။ သိပ္ပံဝတ္ထု လူမှုအဖွဲ့အစည်းလေး အနေနဲ့ပြောရရင် ကျွန်တော်တို့ဟာ အဲဒီလို ကိုယ့်ကိုယ်ကိုယ် သိပ္ပံဝတ္ထု ချစ်သူဆိုတဲ့ စိတ်မျိုးတွေ ပေါ်လာစေခဲ့တဲ့ ပထမ မျိုးဆက်ပါပဲ။

ဂျွန်ပလော့။ ။ အဲဒီအသိုင်းအဝိုင်းလေး ဘယ်လိုတည်ရှိခဲ့သလဲဆိုတာ ခင်ဗျား ပြောပြနိုင်မလား။ အဲဒါက မဂ္ဂဇင်းတွေကတစ်ဆင့် ဆက်စပ်နေတာလား။ ဒါမှမဟုတ် အွန်လိုင်းယဉ်ကျေးမှုရော ရှိသလား။ တခြားတရုတ်စာရေးဆရာတွေရဲ့ စာအုပ်တွေထဲက ဒါမှမဟုတ် ခင်ဗျားဖတ်တဲ့ ဘာသာပြန်စာအုပ်တွေကနေ ဆက်စပ်မှုရှိခဲ့တာလား။ ခင်ဗျားကို သိပ္ပံဝတ္ထုဝါသနာအိုး ဖြစ်လာစေတဲ့ ရုပ်ဝတ္ထုဆိုင်ရာ ဆက်နွှယ်မှုက ဘာများဖြစ်မလဲ။

လျူစီရှင်း။ ။ ကျွန်တော် မူလတန်းကျောင်းသား ဘဝကတည်းက သိပ္ပံဝတ္ထုတွေကို စကြိုက်ခဲ့တာဗျ။ အဲဒီအချိန်က ယဉ်ကျေးမှု တော်လှန်ရေးရဲ့ နောက်ပိုင်းနှစ်တွေထဲမှာပဲ ရှိသေးတယ်။ ကျွန်တော်တို့ ဒီနေ့သိတဲ့ မီဒီယာ ယဉ်ကျေးမှု မြင်ကွင်းတွေ မရှိသေးပါဘူး။ သိပ္ပံဝတ္ထုဆိုတဲ့ သဘောတရားကိုက တရုတ်ပြည်ထဲမှာ မရှိသေးဘူး။ အဲဒီအချိန် ကျွန်တော်ဖတ်ခဲ့တာတွေဟာ ၁၉၅၀ ခုနှစ်တွေက ဘာသာပြန်သိပ္ပံဝတ္ထုတွေပါ။ အစောပိုင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခေတ်ပေါ့။ ဆိုရှယ်လစ် ခေတ်ဦးကာလ ကို ယဉ်ကျေးမှုဆိုင်ရာအရ အတော်ပွင့်လင်းတဲ့ ခေတ်လို့ ပြောရမယ်။ အဲဒီအချိန်တုန်းက အနောက်တိုင်း သိပ္ပံဝတ္ထု အတော်များများ ကို တရုတ်ဘာသာ ပြန်ခဲ့ကြတယ်။

ကျွန်တော်ဖတ်ခဲ့တဲ့ အဲဒီ ပထမသိပ္ပံဝတ္ထုတွေက ကျွန်တော့်အဖေဥစ္စာတွေဗျ။ ယဉ်ကျေးမှုတော်လှန်ရေးကာလမှာ အဲဒီစာအုပ်တွေဟာ နိုင်ငံရေးအရ လက်မခံနိုင်တဲ့ စာအုပ်အမျိုးအစား မဟုတ်တော့ဘူး။ စာအုပ်တွေကို ကျွန်တော့် အဖေက ခုတင်အောက် ဒီအတိုင်း ထိုးထည့်ထားတာပဲ။ အဲဒီတော့ ကျွန်တော်ကလည်း ကလေးပဲလေ။ ခုတင်အောက် တိတ်တိတ်လေး ဝင်ပြီး အဲဒီစာတွေကို စဖတ်တော့တာပေါ့။ အဲဒီ စာရေးဆရာတွေထဲမှာ အိတ်ခ်ျဂျီဝဲလ်စ်ရယ် ဆိုဗီယက် သိပ္ပံဝတ္ထု စာရေးဆရာတွေရယ် ပါတယ်။

ဂျွန်ပလော့။ ။ ခင်ဗျားအပြင် တခြားသိပ္ပံဝတ္ထုပရိသတ်တွေရော ရှိခဲ့သေးလား။

လျူစီရှင်း။ ။ ကျွန်တော် ဒီစာအုပ်တွေဖတ်ခဲ့တဲ့ အတွေ့အကြုံက ပုဂ္ဂလိကဆန်လွန်း သီးခြားဖြစ်လွန်းတယ် ပြောရမယ်။ အဲဒီအချိန်တုန်းက ဒီလိုစာအုပ်မျိုးတွေ ကျွန်တော်ဖတ်နေတာ တခြားသူတွေကို မသိစေချင်ခဲ့ဘူး။ တခြားကောင်လေးတွေ ကောင်မလေးတွေ ဒါမျိုးပဲ ဖတ်ခဲ့ကြသလား။ ကျွန်တော် မသိပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီလိုမျိုးစာဖတ်ခြင်းက ကျွန်တော့်ကို တသီးတခြားရှိနေတဲ့ ကျွန်းတစ်ကျွန်းလို ဖြစ်စေခဲ့တယ်။

ဂျွန်ပလော့။ ။ ဒဿနနဲ့ ဘာသာရေးအကြောင်း ပြောရရင် ခင်ဗျားအပေါ် လွှမ်းမိုးမှုရှိတဲ့ စာရေးဆရာ ဒါမှမဟုတ် အတွေးအခေါ်ရှင်တွေ ရှိပါသလား။

လျူစီရှင်း။ ။ ဘာသာရေးပြောရရင် ကျွန်တော်က ဘာသာမဲ့ပါ။ အဲဒီတော့ ဘယ်ဘာသာကမှ ကျွန်တော့်အပေါ် ဩဇာ မသက်ရောက်ပါဘူး။

အတွေးအခေါ်ဆိုင်ရာ လွှမ်းမိုးမှုတွေကိုပဲ အဓိကထား ပြောပါရစေ။ ဒဿနဗေဒက ကျွန်တော့်အပေါ် ကြီးကြီးမားမားကို သက်ရောက်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်အမြင်မှာ သိပ္ပံပညာနဲ့ ဒဿနဗေဒကို နှိုင်းယှဉ်ကြည့်ရင် ဘယ်သင်းက သိပ္ပံဝတ္ထုတွေနဲ့ ပိုနီးစပ်မယ် ထင်သလဲ။ တကယ်တော့ ဒဿနဗေဒက သိပ္ပံဝတ္ထုတွေနဲ့ ပိုနီးစပ်တာဗျ။

ဂျွန်ပလော့။ ။ ကျွန်တော်လည်း ခင်ဗျားနဲ့ တစ်သဘောတည်းပါပဲ။

လျူစီရှင်း။ ။ ကျွန်တော်တို့က သိပ္ပံပညာကို လောကမြင်ကွင်းလို့ သတ်မှတ်ကြည့်ရင် အဲဒီမြင်ကွင်းအရ ကမ္ဘာကြီးရဲ့ ပုံရိပ်ဟာ တစ်ခုပဲ ရှိလိမ့်မယ်။ ဒါပေမဲ့ ဒဿနဗေဒကတော့ လုံးဝကို ခြားနားပါတယ်။

အတွေးအခေါ်ရှင်တိုင်းမှာ သူတို့ကိုယ်ပိုင် လောကအမြင် ရှိကြတယ်။ လောကအမြင် တစ်ခုစီတိုင်းဟာလည်း တခြားလောက အမြင်တွေနဲ့ အများကြီး ခြားနားကြတယ်။ စကြဝဠာအပြင်ဘက်က ဂြိုဟ်သားတွေသာ ရောက်လာရင် ကျွန်တော်တို့ အတွေးအခေါ်ရှင်ကြီးတွေ အချင်းချင်း ငြင်းခုံနေတာကို ကြည့်ပြီး အတော်ခေါင်းခြောက်သွားမှာပဲ။ ဘာကြောင့်လဲဆိုတော့ အတွေးအခေါ်ရှင်တွေ ပြောနေကြတဲ့ ကမ္ဘာလောကဟာ တစ်ခုတည်းလို့ မထင်ရဘူးလေ။

ဒီအချက်တွေအရ ဒဿနဗေဒဟာ သိပ္ပံဝတ္ထုတွေနဲ့ အနီးစပ်ဆုံး ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သိပ္ပံဝတ္ထုစာရေးဆရာ အမျိုးမျိုးဟာ စကြဝဠာ၊ သမိုင်းနဲ့ လူမှုဖွဲ့စည်းပုံရဲ့ လောကပုံရိပ်အမျိုးမျိုးကို ဖန်တီးနေကြလို့ပါပဲ။ အတွေးအခေါ်ရှင်ကြီးတွေရဲ့ ကျွန်တော့်အပေါ် လွှမ်းမိုးပုံက တခြားလူတွေ ဒဿနိက အတွင်းသဘောကို လေ့လာလိုက်စားကြတာနဲ့ ခြားနားပါလိမ့်မယ်။

တခြားသူတွေ လိုချင်တာက ဒဿနိက ဟောပြောချက် ရေးသားချက်တွေထဲမှာ အမှန်တရားကို ရှာတွေ့ဖို့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်ကတော့ ဒဿနိက ဟောပြောရေးသားချက်တိုင်းကို စံနှုန်းတစ်ခုတည်းနဲ့ပဲ တိုင်းတာပါတယ်။ အဲဒါကတော့ စိတ်ဝင်စားဖို့ကောင်းသလား။ ပြောပြစရာ ဇာတ်လမ်းရှိသလား ဆိုတာပါပဲ။

ဒီနေရာမှာ တကယ် စိတ်ဝင်စားဖို့ကောင်းတဲ့ ရလဒ်တစ်ခု တွေ့ရတယ်။ တချို့ လုံးလုံးလျားလျားကို တစ်ကျောင်းနဲ့တစ်ကျောင်း ဆန့်ကျင်ဘက်ဖြစ်တဲ့ ဒဿနိကကျောင်းတော်တွေဟာ ကျွန်တော့်အပေါ် လွှမ်းမိုးတာကျတော့ အတူတူပဲဗျ။ ဥပမာပြောရရင် စိတ်ကူးယဉ်ဝါဒဟာ ရုပ်ဝါဒနဲ့ အင်မတန် ကွဲပြားခြားနားတယ် မဟုတ်လား။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ နှစ်ခုစလုံးဟာ ဉာဏ်ကွန့်မြူးဖို့အတွက် အရင်းအမြစ်တွေပါပဲ။

ဂျွန်ပလော့။ ။ “သိပ္ပံ နဲ့ စိတ်ကူးယဉ်” ဆိုတာနဲ့ အဓိပ္ပာယ်တူ “ခါဟွမ်” ဆိုတဲ့ တရုတ်စကားလုံး ရှိတယ်။ သိပ္ပံပညာက အယူအဆ ဒါမှမဟုတ် ဟောပြောချက်လည်း ဖြစ်နိုင်တယ်။ သဘာဝသိပ္ပံတွေရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ရည်ညွှန်းတာလည်း ဖြစ်နိုင်တယ်။ ဒါ့အပြင် စည်းမျဉ်းစည်းကမ်းတွေက ဝေမျှတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်တယ်။ ကမ္ဘာလောကအမြင်လို့လည်း အဓိပ္ပာယ်ရတယ်။ ခေတ်သစ်ဉာဏ်အလင်းပွင့်ခြင်းရဲ့ စဉ်းစားတွေးခေါ်ပုံပေါ့ဗျာ။

ဒါပေမဲ့ တစ်ခါတလေ သိပ္ပံပညာကို နည်းပညာနဲ့ မှားတတ်ကြတယ်။ ဒီအချက်က သိပ္ပံဝတ္ထုတွေအတွက် အရေးကြီးတယ်လေ။ နည်းပညာမှာက သူ့ရဲ့ ကိုယ်ပိုင်လောကပုံရိပ်ကို ဖန်တီးထားပြီးသား။ ခင်ဗျားက အင်ဂျင်နီယာတစ်ယောက်လည်း ဖြစ်တယ်။ အိုင်းစတိုင်းအလွန် နည်းပညာကမ္ဘာထဲမှာ နေတဲ့ သိပ္ပံဝတ္ထုစာရေးဆရာလည်း ဖြစ်တယ်။ ခင်ဗျားရဲ့ သိပ္ပံပညာအပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်က ဘာများဖြစ်မလဲ။

လျူစီရှင်း။ ။ ဒါဟာ အင်မတန် ရှုပ်ထွေးတဲ့ ကိစ္စတစ်ခုပါပဲ။ အထူးသဖြင့် နည်းပညာနဲ့ သိပ္ပံပညာ လာပတ်သက်တဲ့ အခါမျိုး မှာပေါ့။

ပထမဆုံးပြောရရင် နည်းပညာက သိပ္ပံပညာရဲ့အရင် လာတာဗျ။ ခေတ်သစ်သိပ္ပံပညာ မပေါ်ပေါက်လာခင် ဟိုးအရင်ကတည်းက နည်းပညာတွေ အများကြီး ရှိခဲ့တယ်။ နည်းပညာဆိုင်ရာ တီထွင်မှုတွေ အများကြီး ရှိခဲ့တယ်။ ကနေ့ခေတ် နည်းပညာတွေဟာ သိပ္ပံပညာ တိုးတက်မှုထဲမှာ နက်နက်ရှိုင်းရှုင်းကို ပတ်သက်နေပြီ။ မျက်မှောက်ကမ္ဘာကြီးပေါ်မှာ သိပ္ပံပညာက နည်းပညာကို မှန်သားမျက်နှာကြက်နဲ့ ကန့်သတ်ထားတယ်။ နည်းပညာတိုးတက်မှု အတိုင်းအတာကို ကြိုတင် အဆုံးအဖြတ်ပေးနေတာက သိပ္ပံပညာ ဘယ်လောက် ရှေ့ဆက်နိုင်မလဲ ဆိုတဲ့အချက် ဖြစ်နေတယ်။

ဒါပေမဲ့ အဲဒီနှစ်ခုအကြားမှာ အပြန်အလှန် ဝိရောဓိ ဖြစ်နေပြန်ရော။ သိပ္ပံပညာနဲ့ နည်းပညာဟာ ဘယ်လိုဘယ်ပုံ အပြန်အလှန် ဆက်စပ်ခဲ့သလဲ ဆိုတာက စိတ်ဝင်စားစရာလည်း‌ ကောင်းတယ်။ မှတ်သားစရာလည်း ကောင်းတယ်။ ရှေးဂရိခေတ်တုန်းကတော့ ကျိုးကြောင်းဆင်ခြင်မှုတို့၊ ယုတ္တိဗေဒတို့ကနေ သိပ္ပံပညာ ဖွံ့ဖြိုးတိုးတက်လာခဲ့တာ။ နည်းပညာအပေါ် မမှီခိုခဲ့ပါဘူး။ ကြီးမားတဲ့ အပြောင်းအလဲကတော့ ဂယ်လီလီယိုရဲ နည်းလမ်းပေါ့။ သီအိုရီတစ်ခုကို သက်သေပြဖို့အတွက် စမ်းသပ်မှုတွေ လုပ်တယ်။ ပြီးရင် စမ်းသပ်မှုတွေထဲမှာ သီအိုရီကို ပြန်ထည့်တယ်။ ဂယ်လီလီယို နောက်ပိုင်းလည်းကျရော နည်းပညာအပေါ် သိပ္ပံပညာက မှီခိုရတော့တာပါပဲ။ အဲဒီလို မှီခိုရတာက များသထက်များလာလိုက်တာ ကျွန်တော်တို့ခေတ် ရောက်တဲ့အထိပါပဲ။

ဒီနေ့ခေတ်မှာ ရူပဗေဒနယ်ပယ်ရဲ့အခြေအနေက နည်းပညာတိုးတက်မှုအပေါ် လုံးလုံးလျားလျား မှီခိုနေရပါပြီ။ ဒါမျိုး အရင်က မကြုံဖူးခဲ့ဘူး။ ဒြပ်မှုန်အရှိန်ပေးစက် အသစ် တည်ဆောက်သင့် မသင့်ကို တရုတ်ပြည်မှာ အကြီးအကျယ် ငြင်းခုံခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ အဲဒါတည်ဆောက်ဖို့အတွက် ယွမ်ငွေ ဘီလီယံ၁၀၀ လောက်အထိ ရင်းနှီးမြှုပ်နှံရမှာလေ။

ဒါပေမဲ့ ဒီကနေ့ခေတ် နည်းပညာတွေသုံးထားတဲ့ ဒြပ်မှုန်အရှိန်မြှင့်စက်ဆီက ဘာတွေ ခင်ဗျား ရနိုင်မလဲ။ ရှေ့တန်းအရောက်ဆုံး ရူပဗေဒ စမ်းသပ်မှုတွေအတွက် လိုအပ်တဲ့ အချက်အလက်တွေ ရဖို့ဆိုရင် အဝေးကြီး လိုပါသေးတယ်။ ခြားနားချက်က သုညဆယ့်တစ်လုံးဗျ။ နည်းပညာရဲ့ လုပ်နိုင်စွမ်းနဲ့ သိပ္ပံပညာပုစ္ဆာတွေအတွက် လိုအပ်ချက်ကြားက ခြားနားချက်ကို ပြောတာပေါ့။ ဒီခြားနားချက်အတွက် ကဗျာဆန်ဆန် နာမည်ပြောင် တစ်ခု ရှိတယ်။ ရူပဗေဒ ကန္တာရ တဲ့။

ဂျွန်ပလော့။ ။ ပြောစရာတွေ အများကြီးရှိသေးတယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး သင်္ချာရဲ့ အခန်းကဏ္ဍကို စဉ်းစားကြည့်ရင် စိတ်ဝင်စားစရာပဲဗျ။ သင်္ချာကို သိပ္ပံပညာထဲမှာ ခင်ဗျား ထည့်စဉ်းစားပါသလား။ ဒါမှမဟုတ် သူက သိပ္ပံပညာနဲ့ ထောင့်မှန်အနေအထား ပတ်သက်နေတာလား။ ဘာလို့လဲဆိုတော့ သင်္ချာက အဲဒီလို လက်တွေ့မျက်မြင်ဖြစ်မှ ရတာတွေကို အခြေခံဖို့ မလိုအပ်ဘူး မဟုတ်လား။

လျူစီရှင်း။ ။ အဲဒါကို ကျွန်တော်တို့ ဘယ်ဘက်မှာထားချင်လဲ ဆိုတာက စိတ်ဝင်စားစရာ ကောင်းပါတယ်။ တချို့လူတွေက သိပ္ပံပညာထဲမှာ သင်္ချာမပါဘူးလို့ ပြောကြတယ်။ ဒါပေမဲ့ သင်္ချာက သိပ္ပံပညာရဲ့ အစိတ်အပိုင်းလို့ ပြောရင်တောင်မှ ခြွင်းချက် ထားရမယ့် ကိစ္စတစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ သူက နည်းပညာအပေါ် မှီခိုမနေဘူးကိုး။

သိပ္ပံပညာက နည်းပညာအပေါ် မှီခိုနေတာကို လိုက်ကြည့်တဲ့အခါ အင်မတန်မှ ဝိရောဓိဖြစ်နေတဲ့ ဆန်းကြယ်မှုကို ကျွန်တော် ညွှန်ပြချင်တယ်။ အခုအချိန်မှာ နည်းပညာက သိပ္ပံပညာတိုးတက်မှုအပေါ် အခြေခံနေတာကို ကျွန်တော်တို့ တွေ့နိုင်တယ်။ တစ်ချိန်တည်းမှာပဲ အတည်ပြုချက်တွေအတွက် သိပ္ပံပညာကလည်း နည်းပညာအပေါ် မှီခိုနေရပြန်ရော။ ဒီလိုမျိုး သံသရာ လည်နေတာဟာ ကောင်းတယ်လို့ ပြောရမယ့် အချိန်ရှိခဲ့သလား။ ဆိုလိုတာက သိပ္ပံပညာ နဲ့ နည်းပညာ နှစ်ခုဟာ တစ်ခုရဲ့ တိုးတက်မှုအပေါ် တစ်ခုက အပြန်အလှန် အထောက်အပံ့ပေးခဲ့တဲ့ ခေတ် ရှိဖူးတယ်။ အဲဒီကာလဟာ ‌ခေတ်သစ်ရူပဗေဒရဲ့ ရွှေခေတ်ဖြစ်တဲ့ ၂၀ ရာစု အစောပိုင်းလို့ ပြောချင်ပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့ ဒီကနေ့ ဖြစ်နေတာကတော့ ဂျာအေး သူ့အမေရိုက်နေတဲ့ အဖြစ်မျိုးဗျ။ သိပ္ပံပညာ နဲ့ နည်းပညာဟာ နှစ်ဦးနှစ်ဖက် အချင်းချင်း ကန့်သတ်နေကြတော့တာပါပဲ။

သိပ္ပံပညာကို သစ်သီးပင်တစ်ပင်နဲ့ နှိုင်းယှဉ်ကြည့်ရင် ကျွန်တော်တို့ လက်လှမ်းမီတဲ့ အသီးတွေဟာ ခူးပြီးသွားပြီဗျ။ အရေးအပါဆုံး၊ ရှေ့အပြေးဆုံး သစ်ကိုင်းတွေက ကျွန်တော်တို့ လုံးဝ မမီနိုင်တဲ့ နေရာမှာ ရှိနေတယ်။

ကျွန်တော်တို့ ဘာလုပ်နိုင်လဲ။ ဆက်သွယ်ရေး နဲ့ အချက်အလက် နယ်ပယ်တွေဘက်ကို ကျွန်တော်တို့ လှည့်ခဲ့တယ်။ ဒါပေမဲ့ အဲဒီ ဆက်သွယ်ရေး နဲ့ အချက်အလက်ကို ကျော်ပြီးကြည့်ရင် အနာဂတ်မှာ ကြီးကြီးမားမား အပြောင်းအလဲ ဖြစ်လာစရာရယ်လို့ ကျွန်တော် မမြင်သေးဘူး။

ဂျွန်ပလော့။ ။ သိပ္ပံပညာနဲ့ နည်းပညာရဲ့ ဒီလို ဂျာအေးသူ့အမေရိုက်နေတဲ့အဖြစ်ကို အပြင်ကထွက်ပြီး စဉ်းစားနိုင်မယ့် နည်းလမ်းကော မရှိဘူးလား။ အဲဒီလို အကျပ်ရိုက်နေတဲ့ အဖြစ်ကို သိပ္ပံဝတ္ထုတွေက ပြောင်းလဲပေးနိုင်မလား။ သိပ္ပံနဲ့ နည်းပညာအတွက် မတူညီတဲ့ စဉ်းစားပုံစဉ်းစားနည်းနဲ့ ကူညီနိုင်မလားပေါ့။

လျူစီရှင်း။ ။ အင်မတန် ကြီးကျယ်မြင့်မြတ်တဲ့ တာဝန်တစ်ခုကို လုပ်ပေးဖို့ ခင်ဗျားက သိပ္ပံဝတ္ထုတွေကို ခိုင်းလိုက်တာပဲဗျ။ ကျွန်တော်ကတော့ သိပ္ပံဝတ္ထုတွေကို ခေတ်စားနေတဲ့ ယဉ်ကျေးမှု အစိတ်အပိုင်း တစ်ခုလို့ပဲ ရိုးရိုးလေး မြင်ပါတယ်။ စာဖတ်သူတွေရဲ့ မိုးကုပ်စက်ဝိုင်းကို ဖွင့်လှစ်ပေးပြီး စူးစမ်းလိုစိတ် ပိုဖြစ်လာအောင် စေ့ဆော်ပေးနိုင်ရင်ပဲ ဧရာမ အောင်မြင်မှု ရနေပါပြီ။

ဂျွန်ပလော့။ ။ “ခါဟွမ်” ဝေါဟာရရဲ့ ဒုတိယ သဘောတရားအကြောင်း ပြောကြရအောင်။ အဲဒါက စိတ်ကူးယဉ် အိပ်မက် လို့ အဓိပ္ပာယ်ရတယ်။ မေးခွန်းကတော့လက်တွေ့ဝါဒ နဲ့ စိတ်ကူးယဉ်ဝါဒ အကြား ဆက်စပ်မှုပါပဲ။ အဲဒီနှစ်ခုက သိကြတဲ့အတိုင်း ခေတ်ပြိုင်ဝတ္ထုတွေရဲ့ အဓိက အစိတ်အပိုင်းပဲလေ။

ခင်ဗျားရဲ့ စာပေဖွဲ့စည်းပုံထဲမှာ လက်တွေ့ဝါဒက ကဏ္ဍတစ်ခုအနေနဲ့ ရှိပါသလား။ သိပ္ပံဝတ္ထုတွေဟာ လက်တွေ့ဝါဒရဲ့ ပုံသဏ္ဍာန်တစ်ခုလို့ ခင်ဗျား ထင်ပါသလား။

လျူစီရှင်း။ ။ ကျွန်တော့် တစ်ယောက်တည်းရဲ့ အမြင်ကတော့ သိပ္ပံဝတ္ထုတွေအတွက် စံနမူနာ တစ်ခုတည်း မရှိသင့်ဘူးလို့ မြင်ပါတယ်။ သိပ္ပံဝတ္ထု အမျိုးအစား အများကြီး ရှိသင့်ပါတယ်။

စာရေးဆရာတချို့ကတော့ သဘာဝကို တင်စားပုံဖော်ဖို့အတွက် သိပ္ပံဝတ္ထု ဒါမှမဟုတ် စိတ်ကူးအိပ်မက် အပိုင်းအစတွေကို သုံးချင်သုံးလိမ့်မယ်။ စစ်မှန်တဲ့သဘာဝကို ထင်ဟပ် ကိုယ်စားပြုနိုင်ဖို့ရယ်၊ ပြီးတော့ သဘာဝရဲ့ အရေးပါမှု ဖြစ်ဖို့ရယ် အတွက်လည်း သုံးကြတယ်။ ဒီလို သိပ္ပံဝတ္ထုမျိုးအတွက် သီးသန့် တရုတ်နာမည်တစ်ခု ရှိတယ်။ သိပ္ပံ စိတ်ကူးယဉ် လက်တွေ့ဝါဒ လို့ ဝေဖန်ရေးဆရာတွေက တံဆိပ်ကပ်ချင်ကြတယ်။

ဒါပေမဲ့ ကျွန်တော့်အတွက် ပြောရရင် အစဉ်အလာအရပဲ ဖြစ်ဖြစ်၊ စရိုက်လက္ခဏာတစ်ခုကို တိမ်းညွတ်တာပဲဖြစ်ဖြစ် ဒီလို ချဉ်းကပ်ပုံမျိုးကို စိတ်မဝင်စားပါဘူး။ ရူပကအလင်္ကာသုံးတာတွေ၊ ဝေဖန်ဆန်းစစ်တာတွေ ပြီးတော့ သဘာဝကို ကိုယ်စားပြုတာတွေ ကျွန်တော် စိတ်မဝင်စားပါဘူး။ ကျွန်တော့်အတွက် အရေးအပါဆုံး တန်ဖိုးအထားဆုံး သိပ္ပံဝတ္ထုတွေရဲ့ အစိတ်အပိုင်းကတော့ ကမ္ဘာလောကကြီး တစ်ခုလုံးကို စိတ်ကူးဉာဏ်ကွန့်မြူးမှုအပေါ်မှာ အခြေခံပြီး တည်ဆောက်နိုင်တာကိုပါပဲ။

အရာအားလုံးက လေထဲမှာ ရှိနေတယ်လေ။ ကျွန်တော် သိပ္ပံဝတ္ထုတွေကို မြတ်နိုးရတဲ့ အချက်က အဲဒီလို ရင်သပ်ရှုမောစရာ စိတ်ကူးဖန်တီးမှုကြောင့် ဖြစ်ပါတယ်။ သမိုင်းပညာရှင်တစ်ယောက် ပြောတာကို ကျွန်တော် မှတ်မိသေးတယ်။ လူသားတွေနဲ့ တခြားသတ္တဝါတွေကြား ခြားနားချက်က ကျွန်တော်တို့ဆီမှာ စိတ်ကူးဉာဏ် သုံးပြီး တစ်ခုခုကို တည်ဆောက်နိုင်တဲ့ အရည်အသွေး ရှိတာပဲတဲ့။ တကယ်တော့ ကျွန်တော်တို့ လူသားမျိုးစိတ်ရဲ့ ဆင့်ကဲဖြစ်စဉ်ထဲမှာ ဒီစိတ်ကူးနိုင်စွမ်းရဲ့ ကဏ္ဍကို ကြည့်ရင် ဒီလို တကယ်မရှိတာကို ဖန်တီးတာဟာ ဉာဏ်ရည်တုတွေကို ယှဉ်ပြိုင် ကျော်လွှားနိုင်ဖို့အတွက် တစ်ခုတည်းသော အရည်အသွေး ဖြစ်လိမ့်မယ်။

ဂျွန်ပလော့။ ။ ဒါပေမဲ့ ခင်ဗျားက တော်လ်စတွိုင်းကိုကျတော့ မြတ်နိုးတာပါပဲ။ ကျွန်တော်တို့ သိပြီးသား တကယ်ဖြစ်ခဲ့တဲ့ အချက်အလက်တွေကို သူက ရေးတာကိုး။ အဲဒါ တော်လ်စတွိုင်းဝတ္ထုတွေထဲက ပကတိတရားပေါ့။ နောက်တော့မှ အဲဒီ ချက်ကျလက်ကျ တည်ဆောက်ထားတဲ့အထဲမှာ စိတ်ကူးကွန့်မြူးတာတွေကို ထည့်တယ်။ နပိုလီယံခေတ် စစ်ပွဲတွေ အထဲမှာ တော်လ်စတွိုင်းက တည်ဆောက်တာလေ။ ဒီတော့ စာရေးဆရာတစ်ယောက် အနေနဲ့ဆိုရင် ခင်ဗျား လုပ်နေတာတွေက တော်လ်စတွိုင်းနဲ့တူတယ်လို့ မြင်မိလား။

လျူစီရှင်း။ ။ လက်တွေ့ကျမှုဟာ ကျွန်တော့် စိတ်ကူးစိတ်သန်းတွေ ပျံတက်ဖို့အတွက် အခြေခံအုတ်မြစ်တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့ကျမှုနဲ့ စခဲ့ရင်တောင် ကျွန်တော့်ရဲ့ပန်းတိုင်ကတော့ စိတ်ကူးယဉ်လောက နယ်ပယ်စစ်စစ်ကို အရောက် လှမ်းနိုင်ဖို့ပါပဲ။

သိပ္ပံဝတ္ထုတွေကို စိတ်ကူးယဉ် အဆင့်ကနေ လက်တွေ့အဆင့်အထိ ဆွဲချဖို့ မသင့်ပါဘူး။ အဲဒီအစား ကျွန်တော်ကတော့ သိပ္ပံဝတ္ထုတွေကို လေထဲမှာပဲ ရှိနေစေချင်တယ်။ တကယ် လုံးဝ မဟုတ်တဲ့ တစ်ခုခုကို ဖန်တီးရင်းပဲ ဖြစ်ဖြစ်ပေါ့။

တရုတ် စာဖတ်သူတွေကတော့ လက်တွေ့ကျကျ တင်ပြမှုနဲ့ စချင်ကြတယ်။ ဒါဟာ အနောက်တိုင်း သိပ္ပံဝတ္ထုတွေရဲ့ ဓလေ့ထုံးစံနဲ့ အများကြီး ကွာခြားပါတယ်။ အနောက်တိုင်း သိပ္ပံဝတ္ထုတွေက တစ်ခါတလေဆိုရင် စာဖတ်သူကို မြေကြီးပေါ်ကနေ ဆံပင် ဆွဲမသွားပြီး လေထဲကို လွှင့်ပစ်လိုက်တာမျိုးဗျ။ ဒါပေမယ့် တရုတ်စာဖတ်ပရိသတ် အတွက်ကိုတော့ ခင်ဗျားအနေနဲ့ ဒီစိတ်ကူးယဉ်မှုတွေကို တဖြည်းဖြည်းချင်း တည်ဆောက်ပြဖို့ လိုတယ်။ အဲဒီအတွက် လက်တွေ့ကျမှုက လိုနေ‌သေးပြန်ရောဗျ။

ကျွန်တော့်စာတွေထဲက လက်တွေ့ဝါဒရဲ့ အခန်းကဏ္ဍကို ပိုပြီးရှင်းပြဖို့ဆိုရင် စွန်တစ်စင်းကို ဥပမာပေးရလိမ့်မယ်။ ကျွန်တော့် စိတ်ကူးစိတ်သန်းတွေကို လေထဲမှာ အမြင့်ကြီး လွှင့်ထားနိုင်ပေမယ့် လက်တွေ့လောကနဲ့ ပြန်ဆက်ထားတဲ့ ကြိုးမျှင်ကလေး ကျွန်တော့်မှာ ရှိရသေးတာပဲလေ။ အဲဒါကပဲ ကျွန်တော့်စာတွေကို ဘက်ညီစေတဲ့ စွမ်းအင် ဖြစ်နိုင်ပါတယ်။

ဂျွန်ပလော့။ ။ စိတ်ကူးယဉ်သက်သက်နဲ့ ခြားနားသွားတာပေါ့။ အဲဒီလို ပြောနိုင်မလား။

လျူစီရှင်း။ ။ ဟုတ်ပါတယ်။ အဲဒါဟာ စိတ်ကူးယဉ်သက်သက်နဲ့ ကျွန်တော့်စာတွေ ကွဲပြားခြားနားတဲ့ အချက်လို့ မြင်ပါတယ်။ တရုတ်စကားမှာ “သိပ္ပံဝတ္ထု” ဆိုတာက “စိတ်ကူးယဉ်သိပ္ပံ” လို့ အဓိပ္ပာယ်ရောက်တယ်။ ကျွန်တော့်အမြင်ကတော့ သိပ္ပံဝတ္ထုတွေဟာ တကယ်မဟုတ်ပေမယ့် သဘာဝလွန်လည်း မဟုတ်ပါဘူး။

ခုပြောခဲ့တဲ့ အချက်တွေကြောင့် ဒဏ္ဍာရီပုံပြင်‌တွေနဲ့ ပတ်သက်ပြီး ကျွန်တော် စဉ်းစားမိတာ ရှိတယ်။ ဒီကနေ့မှာ ဒဏ္ဍာရီတွေအပေါ် ကျွန်တော်တို့က အမြင်မှားနေကြတယ်။ ဒဏ္ဍာရီတွေဟာ ပုံဝတ္ထုတွေလို့ ထင်ကြတယ်။ ဒါပေမဲ့ ဒဏ္ဍာရီတွေကို လက်ခံခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ ရှေးကဘိုးဘွားတွေ အကြောင်း တွေးကြည့်စမ်းပါ။ သူတို့အတွက် ဒဏ္ဍာရီဆိုတာ လက်တွေ့ အစစ်အမှန်ပဲဗျ။

ကျွန်တော်တို့ ခေတ်ပြိုင်ယဉ်ကျေးမှုနယ်ပယ်မှာ ဒဏ္ဍာရီတွေရဲ့ အခန်းကဏ္ဍကို အစားထိုးနိုင်တဲ့ တစ်ခုတည်းသော စာပေအမျိုးအစားဟာ သိပ္ပံဝတ္ထုတွေပဲလို့ ကျွန်တော် ထင်တယ်။ ဘာလို့လဲဆိုတော့ သိပ္ပံဝတ္ထုတွေက စိတ်ကူးယဉ်သက်သက် ဖြစ်နေရင်တောင်မှ မှန်ကန်မှုကို ခံစားနိုင်တယ်။ စိတ်ကူးယဉ်စာပေအမျိုးအစားကျတော့ အဲဒီလို မှန်ကန်တဲ့ ခံစားမှုကို မပေးနိုင်ပါဘူး။

ဂျွန်ပလော့။ ။ နည်းနည်းလောက် ဂီယာ ပြောင်းလိုက်ကြရအောင်။ ခင်ဗျားကိုယ်ခင်ဗျား ပရိသတ်တွေအတွက် သတင်းစကားပေးသူအဖြစ် မြင်ပါသလား။

လျူစီရှင်း။ ။ ကျွန်တော့်ကြိုးစားမှုတွေရဲ့ ကိုးဆယ်ရာခိုင်နှုန်းလောက်က စိတ်ဝင်စားစရာကောင်းတဲ့အပြင် ဖန်တီးမှုလည်းရှိရမယ့် ဇာတ်လမ်းတွေ ပြောပြဖို့ ဖြစ်တယ်။ စာရေးဆရာတစ်ယောက်အနေနဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းပြောဖို့အတွက်ပဲ ကြိုးစားပြီး အာရုံစိုက်ပါတယ်။ ကျွန်တော့်စာထဲမှာ သတင်းစကားတချို့ပါတယ်လို့ဆိုရင် အဲဒါက နောက်ပိုင်းကျမှ ကျွန်တော် ပြန်တွေ့တာ ဖြစ်ရင်ဖြစ်မယ်။ ဒါမှမဟုတ် ချစ်လှစွာသော ဝေဖန်ရေးဆရာတွေရဲ့ အဓိပ္ပာယ်ဖွင့်ဆိုတာလည်း ဖြစ်နိုင်ပါတယ်။

ကျွန်တော့် အာဘော်တွေအတွက် ရူပကအလင်္ကာဆောင်ပြီး လှုံ့ဆော်တာရှိဖူးလား။ တင်စားခိုင်းနှိုင်းပြီး သတင်းစကား ပေးဖူးသလားလို့ မေးရင် ရှိမယ် မထင်ပါဘူး။ ကျွန်တော့်စာတွေကို ထူးထူးဆန်းဆန်း အဓိပ္ပာယ်ဖွင့်ဆိုကြတာတွေကို ကြည့်ပြီး အံ့လည်းဩ၊ သဘောလည်းကျမိပါတယ်။ သူတို့ဖွင့်ဆိုတဲ့ ဆန်းပြားပြီး သွယ်ဝိုက်ပါဝင်နေတဲ့ အဓိပ္ပာယ်တွေကို စဉ်းတောင် မစဉ်းစားမိပါဘူး။ အဓိပ္ပာယ်ဖွင့် ပြန်ဆိုကြတဲ့သူတွေကသာ လုပ်ကြတာပါ။

ဂျွန်ပလော့။ ။ ဘာသာပြန်နဲ့ ပတ်သက်ပြီး ခင်ဗျားကို မေးလို့ရမလား။ ခင်ဗျားရဲ့ လက်ရာကောင်းတွေကို ကမ္ဘာအနှံ့ ဘာသာပြန်ကြ၊ ဖတ်ကြတယ်လေ။ ကျွန်တော့်လို တရုတ်စကားမတတ်တဲ့သူတွေက ခင်ဗျားစာတွေကို ဘာသာပြန်ကနေ ဖတ်ကြရတာ။

ဒီလိုမျိုး ဘာသာအပြန်ခံရတာကို ဘယ်လိုခံစားရလဲ။ ဘာသာပြန်တဲ့အခါ ကျန်သွား ပျောက်သွားတဲ့ အချက်တွေအတွက် စိုးရိမ်မိလား။ ဒါမှမဟုတ် ဘာသာပြန်ခြင်းအပေါ် တစ်ခုခု ထပ်ရလာတဲ့ ဒုတိယအကြိမ် မွေးဖွားခြင်းဆိုပြီး စိတ်လှုပ်ရှားမိလား။

လျူစီရှင်း။ ။ ပြောနေကျအတိုင်း ပြောရရင် ဘာသာစကားတစ်ခုက နောက်တစ်ခုကို ဘာသာပြန်တဲ့အခါ သေချာပေါက် ဆုံးရှုံးသွားတာတွေ ရှိပါတယ်။ စာရေးဆရာရဲ့ စာတွေက သူ့ရိုးရာယဉ်ကျေးမှုအထဲ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေလေလေ ဘာသာပြန်တဲ့အခါ ဆုံးရှုံးမှု ပိုများတာကို ကြုံရလေပါပဲ။ ဒီကိစ္စနဲ့ ပတ်သက်ရင် လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းကမှ နိုဘယ်ဆုရခဲ့တဲ့ မိုးယန်ကို ဥပမာ ပေးရလိမ့်မယ်။ မိုးယန်ရဲ့ စာပေတွေကို ခင်ဗျား ဘာသာပြန်ပြီဆိုရင် တရုတ်တို့ရဲ့ စစ်မှန်တဲ့ အရာတစ်ခုခုဟာ လိုအပ်ချက်အရကို ကျန်ခဲ့တော့မှာပါ။

ဒါပေမဲ့ ဒီနေရာမှာတော့ သိပ္ပံဝတ္ထုတွေက ဝမ်းသာစရာအနေနဲ့ ခြွင်းချက်ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ တရုတ်ပြည်ထဲမှာက သိပ္ပံဝတ္ထုဆိုတာ ၁၀၀ ရာခိုင်နှုန်း နိုင်ငံခြားသွင်းကုန်လေ။ တရုတ်သိပ္ပံဝတ္ထုတွေမှာ ကျွန်တော်တို့ သုံးတဲ့ အယူအဆတွေက အနောက်တိုင်း ဝေါဟာရတွေ၊ အနောက်တိုင်းကမ္ဘာ၊ အနောက်တိုင်း အယူအဆတွေကနေ မူလပထမ လာခဲ့တာကိုး။ ဒါကြောင့်မို့ ကျွန်တော်တို့ရဲ့ ဘာသာပြန်သူတွေအတွက်တော့ တရုတ်သိပ္ပံဝတ္ထုတွေကို အနောက်တိုင်း ဘာသာစကားဆီ ပြန်ယူသွားဖို့က နည်းနည်းပိုလွယ်တာပေါ့ဗျာ။

ပိုအရေးကြီးတာက သိပ္ပံဝတ္ထုတွေရဲ့ သဘောသဘာဝပေါ့။ သူတို့က စိတ်ကူးယဉ်ပြီး ဇာတ်လမ်းဆင်ပြောပြတဲ့ ပုံသဏ္ဌာန်အနေနဲ့ ရှိတာလေ။ သိပ္ပံဝတ္ထုတွေရဲ့ သမိုင်းမှာ လူသားမျိုးနွယ်ဟာ နိုင်ငံအမျိုးမျိုး ကွဲနေတာထက်စာရင် တစုတစည်းတည်း ပေါ်လာ တတ်တယ်။ ဒါကိုကြည့်ရင် လူ့အဖွဲ့အစည်း တစ်ခုလုံး အတူတူ ရှာဖွေနေတဲ့ အရာတွေကို သိပ္ပံဝတ္ထုတွေက မေးခွန်း ထုတ်ပေးတယ်လို့ ပြောနိုင်တယ်ဗျ။

လူ့အဖွဲ့အစည်းတစ်ခုတည်း၊ လူမျိုးစု တစ်ခုတည်း ဒါမှမဟုတ် နိုင်ငံတစ်နိုင်ငံတည်းအတွက် သီးသန့်မေးခွန်းထုတ်တာမျိုး သိပ္ပံဝတ္ထုတွေက မလုပ်ဘူး။ လူသားမျိုးနွယ်တစ်ခုလုံး ရင်ဆိုင်ရတဲ့ ပြဿနာမျိုးတွေကို သိပ္ပံဝတ္ထုတွေက အဖြေထုတ်ပေးတယ်။ အဲဒီတော့ သိပ္ပံဝတ္ထုတွေဟာ နိုင်ငံအချင်းချင်း၊ ယဉ်ကျေးမှုအချင်းချင်း ကူးလူးဆက်သွယ်နိုင်ဖို့ အင်မတန်သင့်လျော်တဲ့ စာပေအမျိုးအစားတစ်ခု ဖြစ်လာတာပေါ့ဗျာ။

ကျွန်တော့်စာတွေအကြောင်း ပြောရရင် ကျွန်တော် ထူးထူးခြားခြားကို ကံကောင်းတယ်ဗျ။ တကယ်တော့ တခြားသိပ္ပံဝတ္ထု စာရေးဆရာ အများစုထက်ကို ကျွန်တော်က ကံကောင်းပါတယ်။ ကျွန်တော့်မှာ တကယ့်ကို တော်လှတဲ့ ဘာသာပြန်ဆရာ နှစ်ယောက် ရှိတာကိုး။ ကျွန်တော့်စာတွေကို သူ့တို့လက်ထဲအပ်လိုက်ရင် ဘာသာပြန်တဲ့အခါမှာ ယုတ်လျော့သွားစရာမရှိဘူးလို့ အာမခံပါတယ်။ ဘာသာပြန်တဲ့အတွက် ကျွန်တော့စာတွေက ပိုတောင်ကောင်းလာသေးတယ်။ ချဲ့ကားပြောတာတော့ မဟုတ်ဘူးဗျ။ ကျွန်တော့်ဝတ္ထုတွေရဲ့ အင်္ဂလိပ်ဘာသာပြန်တွေဟာ စာပေအရည်အသွေးအအရဆိုရင် မူရင်းထက်တောင် ကောင်းပါတယ်။

ဂျွန်ပလော့။ ။ အဲဒါတော့ ကျွန်တော် မယုံဘူးဗျို့။

လျူစီရှင်း။ ။ ခင်ဗျားက အင်္ဂလိပ်လို ဖတ်နိုင်တဲ့သူဆိုရင် ကျွန်တော့်စာအုပ်တွေရဲ့ အင်္ဂလိပ်ဘာသာပြန်ကိုသာ ဝယ်ဖတ်ပါဗျာ။

ဂျွန်ပလော့။ ။ ပုံရိပ်ယောင်လောက အကြောင်း ကျွန်တော့်မှာ မေးစရာရှိတယ်ဗျ။ ခင်ဗျားရဲ့ ပြောင်မြောက်လှတဲ့ “ကြယ်သုံးစင်းပုစ္ဆာ” သုံးအုပ်တွဲဝတ္ထုရဲ့ ပထမစာအုပ်မှာ တကယ့် သမိုင်း အဖြစ်အပျက်ရယ်၊ ပြီးတော့ အွန်လိုင်းဂိမ်း “ကြယ်သုံးစင်းပုစ္ဆာ” ဆိုတဲ့ ပုံရိပ်ယောင်လောက အိုင်ဒီယာရယ်နဲ့ စထားတယ်။ ဒီ ပုံရိပ်ယောင်လောက ဂိမ်းကို ထည့်ရေး ထားတာကိုက ဇာတ်လမ်းကို ပုံဖော်ပြောပြဖို့ ဗျူဟာတစ်ခုပဲ မဟုတ်လား။ သဘာဝအတိုင်းဆို ပုံဖော်ဖို့ မဖြစ်နိုင်တဲ့ အရာကို ကိုယ်စားပြု တင်ပြလိုက်နိုင်တာပေါ့။

Photo: Wikimedia

ပုံရိပ်ယောင်လောက၊ ပြီးတော့ ပုံရိပ်ယောင်စကြဝဠာရဲ့ နယ်ပယ်အသစ်ကို ခင်ဗျား ဘယ်လိုမြင်ပါသလဲ။ ပုံရိပ်ယောင်စကြဝဠာ ဆိုတာကလည်း ကိုယ့်စိတ်ထဲမှာပဲ လောကတစ်ခု တည်ဆောက်နေတဲ့ လူတစ်ယောက်ချင်းစီရယ်၊ မီဒီယာအသစ်တွေကြားထဲက လူ့အဖွဲ့အစည်းကလေးရယ် နှစ်ခုစလုံးထဲမှာ ဖန်တီးထားတာလေ။ မီဒီယာအသစ်‌ အောက်မှာ လူမှုကွန်ရက်တွေ၊ ဗီဒီယိုဂိမ်းတွေ၊ အွန်လိုင်း ဆက်သွယ်ရေးတွေ ပါတာပေါ့။

မေးခွန်းကို ပိုရှင်းအောင် မေးရရင် ခင်ဗျားက ဗီဒီယိုဂိမ်းတွေ၊ ပုံရိပ်ယောင်လောကတွေ၊ အပလီကေးရှင်းတွေ၊ လူမှုကွန်ရက် မီဒီယာတွေရဲ့ ပရိသတ်တစ်ယောက်လား။ အဲဒီ ယဉ်ကျေးမှုပုံစံကွဲတွေထဲမှာ စိတ်ပါလက်ပါ နှစ်မြှုပ်ထားခဲ့ဖူးသလား။

လျူစီရှင်း။ ။ ဒီခေတ်ရဲ့တီထွင်ဆန်းသစ်မှုတွေကိုက မီဒီယာနဲ့ ပတ်သက်နေတာ။ အဲဒီတော့ မီဒီယာထဲမှာ နှစ်မြှုပ်ထားတာမျိုးကို ကျွန်တော် လုံးဝ ကြိုဆိုပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ကွန်ပျူတာတို့ ဖုန်းတို့ ကြည့်တဲ့ အချိန်ကတော့ အကန့်အသတ် ဖြစ်လာတာပေါ့။ အခုဆို အလုပ်နဲ့ ပတ်သက်တာတွေအတွက် အချိန်တစ်ခု သတ်မှတ်ထားရတယ်။ ဒီထက်ပိုပြီး မီဒီယာတွေကို သုံးဖို့လည်း စိတ်ဝင်စားပါတယ်။ ဒါပေမဲ့ မတတ်နိုင်ဘူးဗျာ။ ကျွန်တော်က အလုပ်များလွန်းတာကိုး။

ကာလတိုတစ်ခုမှာ ဗီဒီယိုဂိမ်းဆော့တာကို ကျွန်တော် အရူးအမူး ဖြစ်ခဲ့ဖူးတယ်။ အင်တာနက် မပေါ်ခင်တုန်းက ဗီဒီယိုဂိမ်းတွေကို ပြောတာပါ။ အဲဒီအချိန်တုန်းက ဝင်းဒိုးစနစ်တောင် မထွက်သေးဘူး။ ဒါပေမဲ့ အလုပ်ကိစ္စ၊ မိသားစုကိစ္စတွေနဲ့ အင်မတန် အလုပ်များခဲ့လို့ အဲဒီ ဂိမ်းစွဲတာလည်း ပျောက်သွားတာပါပဲ။ ဗီဒီယိုဂိမ်းကို ချစ်တဲ့စိတ်က နောက်တန်းရောက်သွားရတာပေါ့ဗျာ။

သတင်းအချက်အလက် နည်းပညာ ကဏ္ဍထဲက အရေးကြီးတဲ့ လားရာတစ်ခုကို ကျွန်တော်တို့ အာရုံစိုက်ဖို့ လိုပါတယ်။ သတင်းအချက်အလက် နည်းပညာတွေ တိုးတက်လာခြင်းက အခြေအနေ အသစ်တစ်ခုကို ဖန်တီးပေးလိုက်ရောဗျ။ ကျွန်တော်တို့ရဲ့ ဆန္ဒတွေ၊ လိုအင်တွေ အများစုကို အင်တာနက်ကမ္ဘာ ဒါမှမဟုတ် ပုံရိပ်ယောင်လောကထဲမှာ တွေ့ရှိနိုင်တဲ့ အခြေအနေပေါ့။

အခုပြောနေတဲ့အချိန်မှာတော့ လူသားတွေရဲ့ လိုအင်ဆန္ဒကို အပေါ်ယံလောက်ပဲ ပုံရိပ်ယောင်လောကနဲ့ အင်တာနက်က ဖြည့်ဆည်းပေးနိုင်သေးတယ်။ ဒါပေမဲ့ မဝေးတော့တဲ့ အနာဂတ်မှာ ပုံရိပ်‌ယောင်လောက၊ ဉာဏ်ရည်တု၊ ပြီးတော့ အင်တာနက် ကမ္ဘာတွေထဲမှာ လူသားတွေရဲ့ လိုအင်ဆန္ဒအားလုံးနီးပါး ပြည့်ဝသွားပါလိမ့်မယ်။ လက်ငင်းရလဒ်ကတော့ လူ့ဘောင်လောကကြီးရဲ့ အပြောင်းအလဲပေါ့။ လူ့ယဉ်ကျေးမှုအဖွဲ့အစည်းဟာ ပြင်ပကို လှမ်းမျှော်ကြည့်နေရာကနေ အတွင်းဘက် အဇ္ဈတ္တကိုပဲ ကြည့်တဲ့ ယဉ်ကျေးမှုအဖွဲ့အစည်း ဖြစ်လာလိမ့်မယ်။

ဒီလူ့ယဉ်ကျေးမှုအဖွဲ့အစည်း အမျိုးအစား နှစ်ခုကို ကျွန်တော်တို့ ဘယ်လို ခွဲခြားမလဲ။ ကျွန်တော့်အတွက်တော့ ပြင်ပကို မျှော်ကြည့်တဲ့ ယဉ်ကျေးမှုအဖွဲ့အစည်း ဆိုတာကို သမုဒ္ဒရာကြီးတွေထဲ သွားလာခဲ့တဲ့ ခေတ်၊ ကုန်းမြေတိုက်ကြီး အသစ်တွေ ရှာဖွေတွေ့ရှိခဲ့တဲ့ ခေတ်လို့ အဓိပ္ပာယ် ဖွင့်ရလိမ့်မယ်။ လူသားတွေရဲ့ တိုးတက်မှု နယ်ပယ်အသစ်ကို ရှာတွေ့ဖို့အတွက် အဲဒီ ဆာလောင်မှု ဖြစ်လာတာပေါ့။ အနာဂတ်မှာ ပေါ်လာမယ့် အဇ္ဈတ္တကြည့်တဲ့ ယဉ်ကျေးမှုအဖွဲ့အစည်း ဆီမှာတော့ ဒီလို ဆာလောင်မှုမျိုးက လက်တွေ့မကျတော့ဘူး။

ရေတိုမှာ ကိုယ့်ရဲ့ အဇ္ဈတ္တ အတွင်းကို ကြည့်တဲ့ ယဉ်ကျေးမှုအဖွဲ့အစည်းက ပျော်စရာကောင်းချင်ကောင်းလိမ့်မယ်။ ရေရှည်မှာတော့ သူတို့အတွက် ဘာတီထွင်ဆန်းသစ်မှု အမြင်မှ မရှိ၊ ဘာအလားအလာမှ မရှိပါဘူး။ ကျွန်တော် ခိုင်ခိုင်မာမာ ယုံကြည်ထားတာ တစ်ခုရှိတယ်။ ကျွန်တော့် တစ်ယောက်တည်းရဲ့ အမြင်လည်း ဖြစ်နိုင်ပါတယ်။ ဘာလဲဆိုတော့ ကျွန်တော်တို့ အတွက် အင်မတန်မှကို ဖွံ့ဖြိုးတိုးတက်တဲ့ အနာဂတ်က ရှိပြီးသားပါ။ ဒါပေမဲ့ အဲဒီအနာဂတ်မှာ နေအဖွဲ့အစည်းတစ်ခုက တခြားတစ်ခုကို မသွားနိုင်ဘူးဆိုရင် လူသားတွေရဲ့ ရှေ့ရေးဟာ မကောင်းနိုင်ဘူးဗျ။

အဲဒါကြောင့် ပျက်စီးယိုယွင်းနေတဲ့ အနာဂတ်ကမ္ဘာကို ကျွန်တော် စိတ်ထဲမှာ တွေးကြည့်မိတယ်။ အဲဒီအနာဂတ်ကာလ အဇ္ဈတ္တအတွင်းကိုကြည့်တဲ့ ယဉ်ကျေးမှုအဖွဲ့အစည်းမှာ ကမ္ဘာမြေရဲ့ ဂေဟစနစ်က ပြန်ကောင်းလာလိမ့်မယ်။ သစ်တောတွေ ပြန်ရှင်သန်လာပြီး ကမ္ဘာ့မျက်နှာပြင်ပေါ်က ဂေဟစနစ်ဟာလည်း အကောင်းဆုံး အခြေအနေ ပြန်ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ ကမ္ဘာတစ်ခုလုံးမှာ ဘယ်လူသားတစ်ယောက်ချင်းဆီကိုမှ ခင်ဗျား တွေ့ရမှာ မဟုတ်တော့ဘူး။ အဲဒီအစား အင်မတန်ကြီးမားတဲ့ လိုဏ်ဂူကြီးထဲမှာ စူပါကွန်ပျူတာကြီးတစ်လုံး ရှိမယ်။ စူပါကွန်ပျူတာကြီးထဲမှာ လူသားသန်းတစ်သောင်း ရှိနေကြလိမ့်မယ်။ အဲဒီလူသား သန်းတစ်သောင်းဟာ ပျော်ရွှင်နေလိမ့်မယ်။ ကျွန်တော့်အတွက်တော့ အဲဒီလို ပျော်ရွှင်မှုမျိုးက ကြောက်စရာ ကောင်းလွန်းတယ်ဗျ။

အဲဒီလို ဘဝမျိုးရဲ့ လက္ခဏာတချို့ကို အခုပဲ စတွေ့နေရပြီလေ။ ကြိုက်တဲ့ မြို့ကြီးပြကြီး တစ်ခုခုကို သွားကြည့်ပါ။ ဥပမာ ခင်ဗျားက နယူးယောက်မှာပဲ ဖြစ်ဖြစ် ပေကျင်းမှာပဲဖြစ်ဖြစ် နေတယ်ဆိုပါစို့။ ‌ခင်ဗျားရဲ့ မွေးစာရင်း လုပ်တဲ့အချိန်ကနေ သေစာရင်းလုပ်တဲ့အချိန်အထိ ဝိုင်ဖိုင်တပ်ထားတဲ့ အခန်းတစ်ခန်းထဲက ခင်ဗျား ထွက်စရာကို မလိုတော့ဘူး။ အင်တာနက် ကမ္ဘာလောကမှာပဲ ခင်ဗျား တစ်ဘဝလုံးကို ဖြတ်သန်းလို့ ရနေပြီ။

ဂျွန်ပလော့။ ။ အမလေး။ ဒါက သိပ္ပံပညာအတွက် နည်းပညာအတွက် အမှောင်ဘက်အခြမ်းက ကြည့်တဲ့ အမြင်ပဲဗျ။ အီး အမ် ဖော်စတာ ရဲ့ “ယန္တရားများ ရပ်သွားသောအခါ” ဝတ္ထုကိုတောင် သတိရသွားတယ်။ အဲဒီဇာတ်လမ်း ခင်ဗျား သိလား။

လျူစီရှင်း။ ။ အိုး။ သိတာပေါ့။ ခင်ဗျား ဆိုလိုချင်တာ သဘောပေါက်ပါတယ်။

ဂျွန်ပလော့။ ။ ပျားအုံထဲက ပျားတွေလို မြေအောက်က ဆဋ္ဌဂံပုံ အခန်းလေးတွေထဲမှာ လူတိုင်း နေကြတာလေ။

လျူစီရှင်း။ ။ အီး အမ် ဖော်စတာ အကြောင်း စဉ်းစားမိတော့ သူ အဲဒီဝတ္ထုကို ရေးခဲ့တာ နှစ်ဆယ်ရာစု အစောပိုင်းကာလက ဖြစ်မယ် ထင်တယ်။

ဂျွန်ပလော့။ ။ မှန်ပါတယ်။

လျူစီရှင်း။ ။  ခင်ဗျား တွေ့လား။ ကျွန်တော် ပြောတဲ့ ယိုယွင်းပျက်စီးနေတဲ့ အနာဂတ်ကမ္ဘာ ဆိုတာကို အရင်ကတည်းက သူများတွေ ခန့်မှန်းခဲ့ပြီးသားဗျ။

မူရင်း – “To reach the pure realm of the imaginary”: A conversation with Cixin Liu By John Plotz & Pu Wang

Click to rate this post!
[Total: 1 Average: 5]