ထိုင်းနိုင်ငံဟာ ကုန်သွယ်ရေးနဲ့လုံခြုံရေးအတွက် ပိုပြီးအင်အားကြီးတဲ့အိမ်နီးချင်း တရုတ်ပြည်ကို မှီခိုအားထားမှု တိုးလာနေတယ်။
ထိုင်းနိုင်ငံရဲ့ဘုရင် တရုတ်ပြည်ကိုချစ်ကြည်ရေးခရီးမရောက်ခင်တစ်ရက်မှာ သူ့နိုင်ငံအစိုးရအဖွဲ့က အိမ်ရှင် တရုတ်ပြည်အတွက် အထူးလက်ဆောင် တစ်ခုပို့လိုက်ပါတယ်။ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ တရုတ်လူမျိုး ရာဇဝတ် ဂိုဏ်းခေါင်းဆောင် ရှဲကျိကျန်းကို ထိုင်းနိုင်ငံမှာ သုံးနှစ်ကျော်ကြာ တရားဥပဒေကြောင်း အရ ရှည်လျားရှုပ်ထွေးတဲ့ အငြင်းအခုံ ဖြစ်ပြီးတဲ့နောက် တရားခံအဖြစ် လွဲပြောင်းပေးခဲ့တယ်။ မစ္စတာရှီဟာ ထိုင်းနိုင်ငံရဲ့ နယ်စပ်တွေမှာ ကျယ်ပြန့်တဲ့အွန်လိုင်းလောင်းကစားနဲ့ငွေကြေးလိမ်လည်တဲ့လုပ်ငန်းတွေကိုဆောင်ရွက် နေတဲ့သူလို့ စွပ်စွဲထားပြီး တရုတ်ပြည်က သူ့ကိုပြည်တွင်းမှာ အမှုရင်ဆိုင်စေပြီး စစ်ဆေးဖို့ အချိန်အတော် ကြာကြာကတည်းက လိုချင်နေခဲ့တဲ့သူဖြစ်တယ်။
လက်ရှိဘုရင် မဟာဝိဇယ လောင်ကွန်ဟာ လွန်ခဲ့တဲ့ ရာစုနှစ်ဝက်ကျော် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင် ပြီးချိန်ကတည်းကဆိုရင် ပထမဆုံး တရုတ်ပြည်ကို လာရောက်လည်ပတ်ခဲ့တဲ့ ထိုင်းနိုင်ငံဘုရင်ဖြစ်တယ်။ တရုတ်နဲ့ အမေရိကန်နှစ်နိုင်ငံကြားမှာ သေသေချာချာ သတိထားပြီး ဘက်မလိုက်တဲ့ အနေအထားမျိုး၊ မျှတတဲ့အခြေအနေတစ်ခုရရှိအောင် လုပ်ဆောင်ခဲ့ရတဲ့ ထိုင်းနိုင်ငံအတွက်ကတော့ အခုထိုင်းဘုရင်ရဲ့ ခရီးစဉ်ဟာ သူ့နိုင်ငံ မြောက်ဘက် အိမ်နီးချင်း နိုင်ငံကြီးဘက်ကို ခါတိုင်းထက်ပိုပြီး ယိမ်းနေတယ်ဆိုတာကို ဖော်ပြတဲ့ အထင်ရှားဆုံး အချက်ပြမှု တစ်ခုဖြစ်တယ်။
ပိုပြီး တင်းကျပ်တဲ့ ဆက်ဆံရေး နယ်ပယ် အတော်များများက တစ်ဆင့် ထင်သာမြင်သာ ဖြစ်နေပါတယ်။ အထူးသဖြင့် သိသာတာ ကတော့ တရုတ်ပြည်ရဲ့ လိုက်လျောဖို့ ခက်ခဲတဲ့ တောင်းဆိုမှုကို ထိုင်းနိုင်ငံက တုံ့ပြန်တဲ့ပုံစံ ပါပဲ။ တရားခံ လွှဲပြောင်းမှုဟာ လောလောဆယ် ပေါ်ပေါက် ခဲ့တဲ့ ဖြစ်ရပ်တစ်ခုပေါ့။ ဩဂုတ်လတုန်းကဆိုရင် တရုတ်သံတမန်တွေက တောင်းဆိုလို့ဆိုပြီး ဘန်ကောက်မြို့မှာရှိတဲ့ အနုပညာ ပြခန်းတစ်ခုမှာ ပြသထားတဲ့ တိဘက်၊ ဝီဂါနဲ့ ဟောင်ကောင်သား ပန်းချီဆရာတွေရဲ့ ပန်းချီကားတွေကို ဖယ်ရှားပေးခဲ့ ရသေးတယ်။ ဒီနှစ် စောစောပိုင်း တုန်းကလည်း ထိုင်းနိုင်ငံဟာ ၂ဝ၁၄ခုနှစ် ကတည်းက ဖမ်းဆီးထိန်းသိမ်းထားခဲ့တဲ့ ဝီဂါ အမျိုးသား ၄ဝ ကို အမေရိကန်၊ ကနေဒါနဲ့ အခြား နိုင်ငံတွေက နိုင်ငံရေး ခိုလှုံခွင့် ပေးပါမယ်ဆိုတဲ့ကြား ကနေ တရုတ်ပြည်ကို ပြန်ပြီးပို့ဖြစ်အောင် ပို့ပေးခဲ့ရ သေးတယ်။ ဒီကိစ္စကို အမေရိကန်က သူနဲ့ကာလ တာရှည် မဟာမိတ်နိုင်ငံဖြစ်ခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ တုန်လှုပ်ချောက်ချားမှုလို့ မှတ်ယူထားလိုက်တယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံက ပြောတာ ကတော့ တကယ်လို့ ဝီဂါတွေကို တစ်နေရာရာမှာပြန်ပြီး အခြေတကျနေထိုင် ခွင့်ပြုလိုက်ရင် လက်စားချေ တိုက်ခိုက် လာမှာကို စိုးရိမ်ရ လို့ပါတဲ့။
အခုလို လှုပ်ရှားဆောင်ရွက်တာမျိုးတွေဟာ အင်အားကြီးတဲ့ အိမ်နီးချင်းနိုင်ငံကြီးရဲ့ ဖိအားပေးတဲ့ရလဒ် ကြောင့် ဖြစ်ဖွယ်ရှိတယ်လို့ တချို့က သုံးသပ်တယ်။ ဒါပေမဲ့ စီးပွားရေးလုပ်ငန်းတွေကလည်း မောင်းနှင်အား တစ်မျိုးပါပဲ။ တရုတ်ကုမ္ပဏီတွေဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေး အခြေခံအဆောက်အအုံမှာ စက်မှုဇုန်တွေကနေ မြန်နှုန်းမြင့် ရထားလမ်းလုပ်ငန်းစီမံချက်ကြီးတွေအထိ အကြီးအကျယ်ရင်းနှီးမြှုပ်နှံထားကြ တယ်။ နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံမှုဟာ ၂ဝဝ၃ ခုနှစ်မှာ အထူး တိုးတက်အောင် မြှင့်တင်နိုင်ခဲ့တယ်။ အဲဒီ အချိန်တုန်းက အာဏာရ ဖွေထိုင်း ပါတီက တရုတ်ပြည်ကနေ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ခရီးသွားလုပ်ငန်းအခွင့်အလမ်းတွေရအောင် ကြိုးပမ်းခဲ့လို့ဖြစ်တဲ့အကြောင်း တလောက နာရီဆူအန်တက္ကသိုလ်မှာ ပေါလ်ချိန်ဘာ ဖတ်ကြားခဲ့ တဲ့သုတေသနစာတမ်းကဆိုတယ်။ နှစ်နိုင်ငံ ကုန်စည်ကူးသန်းရောင်းဝယ်မှုဟာ အခု၂ဝ၂၅ခု နှစ်ပထမ ဆယ်လ အတွင်းမှာ တန်ဖိုးအရ ဒေါ်လာ ၁၂၂ ဘီလီယံ အထိရောက်ရှိခဲ့တယ်။ ၂ဝ၂၄ခုနှစ် တစ်နှစ်လုံးရဲ့ ကုန်စည် ရောင်းဝယ်မှု တန်ဖိုး ဒေါ်လာ ၁၁၆ ဘီလီယံကနေ တက်လာတာဖြစ်တယ်။

ပြည်တွင်းစုစုပေါင်းဝင်ငွေ (ဂျီဒီပီ) ရဲ့ ၁၂ ရာခိုင်နှုန်းနဲ့ လုပ်ငန်းအားလုံးရဲ့ ငါးပုံတစ်ပုံရှိတဲ့ ခရီးသွားလုပ်ငန်းကို မှီခို အားထားနေရတဲ့ ထိုင်းနိုင်ငံ အတွက် နိုင်ငံတကာခရီးသွား ဧည့်သည်တွေ လာရောက် လည်ပတ်ဖို့ရာမှာ တရုတ်နိုင်ငံဟာ အရေးပါတဲ့ ရင်းမြစ်တစ်ခု ဖြစ်တယ်။ မနှစ် ၂ဝ၂၄ တုန်းက ဆိုရင် ထိုင်းနိုင်ငံရဲ့ နိုင်ငံတကာ ခရီးသည်ရောက်ရှိမှု ၃၅ ဒသမ ၅ သန်းမှာ တရုတ်လူမျိုး ခရီးသွားဧည့်သည်ကတင် ၆ ဒသမ ၇ သန်း အထိရှိတယ်။ ၂ဝ၂၅ခုနှစ် နှစ်ဆန်းပိုင်းတုန်းက တရုတ်ဆယ်လီမင်းသား ဝမ်ရှင်းကို လူဆိုးဂိုဏ်းက ပြန်ပေးဆွဲပြီး နယ်စပ်ဖြတ်ကျော်လို့ မြန်မာနိုင်ငံ ဘက်ခြမ်းက လူလိမ်တွေရဲ့ ခြံဝင်းကြီးတစ်ခုထဲကို ခေါ်ဆောင်ထားတဲ့ ပြဿနာ ပေါ်ပေါက်ပြီးတဲ့ နောက်ပိုင်း ၂ဝ၂၅ခုနှစ် ပထမ ကိုးလတာ ကာလအတွင်း ရောက်ရှိလာတဲ့ တရုတ်ခရီးသည် ကိန်းဂဏန်းဟာ ၃ ဒသမ ၄သန်း အထိ ထိုးကျ သွားခဲ့တယ်။ တရုတ် ခရီးသွား အတော်များများက တကယ်လို့ သူတို့ထိုင်းနိုင်ငံကို ခရီးသွားရင် အလားတူ ဘေးဆိုးမျိုး ကြုံရမှာကို စိုးရိမ် ထိတ်လန့်လာကြ တယ်။ အခုတော့ ထိုင်းနိုင်ငံက တရုတ်ပြည်နဲ့ လက်တွဲပြီး ဒီလူလိမ်ဂိုဏ်းတွေကို ဖြိုခွင်း နှိမ်နင်းနေပါပြီ။
လုံခြုံရေး ရှုထောင့်ကဆိုရင်လည်း အလားတူ ထင်ရှားပေါ်လွင်နေတယ်။၂ဝ၁၄ ခုနှစ် ထိုင်းအာဏာသိမ်းမှု ပေါ်ပေါက်ခဲ့ပြီးတဲ့နောက်ပိုင်းကစလို့ အမေရိကန်က စစ်ရေးအတွက်ငွေကြေးအထောက်အပံ့တွေကို ဖြတ်တောက်လျှော့ချလိုက်ပြီး စစ်ရေးလေ့ကျင့်မှုတွေမှာလည်း အရွယ်အစား၊ အရေအတွက်၊ ပမာဏတွေကိုလျှော့ချခဲ့တယ်။ တရုတ်က ဒီဟာကွက်ကို အလျင်အမြန်ပဲ လက်ဦးအောင် ဝင်ဖြည့်လိုက်တယ်။ တရုတ်နိုင်ငံက ရေငုပ်သင်္ဘောတွေ၊ တင့်ကားတွေနဲ့ သံချပ်ကာကားတွေကို ဒီမိုကရေစီတွေ၊ လူ့အခွင့်ရေးတွေအကြောင်း အကြီးအကျယ် ဟောပြောမနေဘဲ အနောက်နိုင်ငံက အလားတူ ပစ္စည်း တွေထက်ဈေးလျှော့ရောင်းခဲ့တယ်။ ၂ဝ၁၆ခုနှစ်နဲ့ ၂ဝ၂၂ ကြားမှာ ထိုင်းနိုင်ငံက ဒေါ်လာ ၃၉၄ သန်းဖိုးရှိတဲ့ တရုတ်လက်နက်တွေကိုဝယ်ယူခဲ့ပြီး အလားတူကာလမှာ အမေရိကန်လက်နက် ဒေါ်လာ ၂ဝ၇ သန်းဖိုး ပဲဝယ်ယူခဲ့တဲ့အကြောင်း ဩစတြေးလျ သုတေသန ဌာနတစ်ခုဖြစ်တဲ့ Lowy Institute အဆိုအရ သိရတယ်။ အခုဆိုရင် ထိုင်းနိုင်ငံက သင်္ဘောပစ်ဒုံးကျည်၊ လေကြောင်းရန် ကာကွယ်ရေး စနစ်နဲ့ သံချပ်ကာယာဉ်တွေကို တရုတ်နိုင်ငံကနေ ဝယ်ယူတယ်။ အမေရိကန်ကနေ ထိုင်းနိုင်ငံကိုပေးတဲ့ စစ်ရေး အကူအညီ ကလည်း များမကြာသေးခင်ကပဲ ထပ်ပြီးတော့ ကျသွားတာမို့ ၂ဝ၂၃ခုနှစ် ဒေါ်လာ ၁ဝ၆ သန်း ရှိရာကနေ ၂ဝ၂၅ခုနှစ်မှာ ကိုးသန်းပဲ ရှိပါ တော့တယ်။
ထိုင်းနိုင်ငံဟာ အမေရိကန်နဲ့ မဟာမိတ်ဖွဲ့ထားတာကိုတော့ လုံးလုံးစွန့်လွှတ်တာမျိုး မဟုတ်ပါဘူး။ ဒီလို မဟာမိတ်ဖွဲ့ကို ခြေရာခံရာမှာ မူလဇာစ်မြစ်က ၁၈၃၃ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ “ချစ်ကြည်ရေးနဲ့ ကူးသန်းရောင်းဝယ်ရေး” စာချုပ်ပဲ ဖြစ်တယ်။ ဒီနှစ်နိုင်ငံဟာ အခုအချိန်အထိ ဒေသကြီးအတွင်းမှာ အကြီးဆုံး ဘက်စုံစစ်ရေးလေ့ကျင့်မှုကို နှစ်တိုင်းလုပ်ခဲ့ပါတယ်။ “ရွှေမြွေဟောက် (Cobra Gold) ” လို့ နာမည်ပေးထားတဲ့ အဲဒီ စစ်ရေးလေ့ကျင့်မှုမှာ နိုင်ငံပေါင်း ၃ဝ ပါဝင်ပြီး အမေရိကန် တပ်ဖွဲ့ဝင် ထောင်နဲ့ချီပြီး ပါဝင်တယ်။ သမ္မတ ဒေါ်နယ်ထရမ့် အကောက်ခွန်ကောက်ခံတာက ဒီအဆင့်အတန်းကို အကျိုးသက် ရောက်ပေမယ့် အခုအချိန်အထိ အမေရိကန်ဟာ ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ပို့ကုန်ဈေးကွက်အဖြစ် ဆက်ပြီး တည်ရှိနေတယ်။ ဒါ့ပြင် ထိုင်းနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ ဆိုင်ရာပိုင်ရာ နယ်ပယ်ထဲကနေ ဝေးသွား လွန်းမှာ ကိုလည်း သတိရှိတယ်။ ထိုင်းနိုင်ငံဟာတရုတ်နိုင်ငံကအများဆုံးတင်သွင်းတဲ့ ဈေးမကြီးလှတဲ့ လူသုံးကုန်ပစ္စည်း မျိုးတွေက ပြည်တွင်း စက်မှု ကုန်ထုတ်လုပ်ငန်းတွေကို ထိခိုက်နေရပြီး စက်ရုံတွေ ပိတ်ရ အလုပ်အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးခဲ့ရတယ်။ ထိုင်းနိုင်ငံက အလုပ် အမှုဆောင်အရာရှိချုပ်တွေရဲ့ ၇ဝ ရာခိုင်နှုန်း ကျော်က ဈေးပေါတဲ့တရုတ်ကုန်စည်တွေကြောင့် နောက်ထပ် ထိခိုက်နစ်နာပျက်စီးရမယ့်အရေးနဲ့ စပ်လျဉ်းပြီး စိုးရိမ် ပူပန်နေကြတယ်။ ထိုင်းဘုရင်ရဲ့ တရုတ်ပြည် ငါးရက်ကြာ ချစ်ကြည်ရေးခရီးစဉ် အဖြစ်သွားရောက်နေတုန်းမှာပဲ ထိုင်းနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး အက်နီတီ နီတီသန်ပရာပါ့စ်က ကြေညာလိုက်ရာမှာ ထိုင်းနိုင်ငံဟာ လာမယ့်နှစ် ဇန်နဝါရီလ ၁ရက်နေ့ကစပြီး တန်ဖိုးနည်း သွင်းကုန်တွေကို ၁ဝ ရာခိုင်နှုန်း အခွန်ကောက်မယ်လို့ဆိုတယ်။ ဒီလုပ်ရပ်ကတော့ ရှားပါးလှတဲ့ တန်ပြန်ထိုးနှက်ချက်ပါပဲ။ တရုတ်နဲ့ နီးနီး ကပ်ကပ် ဆက်ဆံရေးကတော့ ရှိရင်းစွဲ မသေချာမရေရာမှုနဲ့ အဖျက်သဘောဆောင်တဲ့ ရလဒ်တွေ ပေါ်ကောင်းပေါ်နိုင်တဲ့ အခြေအနေ မျိုးပဲလို့ အီကော်နောမစ်စာစောင်က နိုဝင်ဘာ ၂၇ ရက်နေ့ ဆောင်းပါးမှာ သုံးသပ်ထားတာကို တင်ပြလိုက်ရပါတယ်။
ရည်ညွန်း – The Economist November 29 – December 5th


