အေဂျေရာ ဘာဒရာခါနဲလ် (Ajaya Bhadra Khanal) ရဲ့ ရုံးကနေ မြင်ရတဲ့ မြင်ကွင်းဟာ သူ့အလုပ်အကိုင်က ဘယ်လောက်ထိ အန္တရာယ်များ မလုံခြုံတာကို အမြဲသတိပေးနေသလိုပါပဲ။ သူ့ရုံးက ပေရာဂဏန်းလောက် အကွာမှာ မီးလောင်ပြီး အခွံသာကျန်တဲ့ ဆင်ဂါဒါဘာ (Singha Durbar) နန်းတော်ရှိပါတယ်။ သက်တမ်း (၁၁၇) နှစ်ရှိပြီဖြစ်တဲ့ နန်းတော်ပါ။ ဒီနန်းတော်ဟာ စက်တင်ဘာလ (၉) ရက်နေ့အထိ နီပေါနိုင်ငံရဲ့ ဝန်ကြီးချုပ် ရုံးထိုင်ရာ နေရာပါ။ အဲဒီနေ့က လူအုပ်ကြီးဟာ ပါလီမန်၊ အခြားဖက်ဒရယ်ရုံးတွေနဲ့ စီးပွားရေးလုပ်ငန်း အမြာက်အမြား အပါအဝင် နန်းတော်ကို ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့တာပါ။ အကျဥ်းထောင်တွေကို ဖွင့်ပေးခဲ့သလို နိုင်ငံရေးသမားတွေကို သူတို့ရဲ့ နေအိမ်တွေမှာ တိုက်ခိုက်ခဲ့ ကြပါတယ်။ ဝန်ကြီးချုပ် ကေပီ ရှားမားအိုလီ (K.P. Sharma Oli) နုတ်ထွက် သွားခဲ့ပါတယ်။ ရဲတွေက လူမြင်ကွင်းကနေ ပျောက်သွားကြပါတယ်။ အုပ်ချုပ်ရေး ယန္တရားကတော့ လုံးဝ အသက်မဝင်တော့ပါဘူး။ ကသောင်းကနင်း ကာလပါ။

တစ်ရက်မှာ အကျင့်ပျက် လာဘ်စားမှု နဲ့ ဆိုရှယ်မီဒီယာ အသုံးပြုခွင့်ပိတ်ပင်တဲ့အပေါ် နီပေါလူထုရဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြမှုဟာ ရဲတပ်ဖွဲ့က ဘာလက်နက်မှ မပါတဲ့ ဆန္ဒပြ ပြည်သူ (၁၉) ဦးကို ပစ်သတ်ခဲ့ပြီးတဲ့ နောက်မှာတော့ ဒေါသတကြီး တုံ့ပြန်မှုဆီကို တစ်ရှိန်ထိုး ကူးပြောင်း သွားခဲ့ပါတယ်။ သေဆုံးခဲ့သူ အများစုဟာ ကျောင်းသူကျောင်းသားတွေပါ။ ခံပြင်း ဒေါသထွက်နေတဲ့ ပြည်သူလူထုဟာ တစ်နိုင်ငံလုံး အနှံ့ လမ်းမတွေပေါ် ထွက် ဆန္ဒပြ လာကြပါတယ်။ အဲဒီ လူအုပ်ကြီးဟာ ကသောင်းကနင်း အခြေအနေအပေါ် အခွင့်ကောင်းယူပြီး အစိုးရရဲ့ ယန္တရားတွေကို လက်စားချေ တိုက်ခိုက်ကြပါတော့တယ်။ စက်တင်ဘာလ (၁၀) ရက်နေ့မှာတော့ စစ်တပ်ဟာ ဥပဒေစိုးမိုးမှုကို ပြန်ဖော်ဆောင်ဖို့ တပ်ဖြန့် ဆောင်ရွက်လာပါတယ်။ နောက်နှစ်ရက် အကြာမှာတော့ နီပေါနိုင်ငံ သမ္မတက ပါလီမန်ကိုဖျက်သိမ်းခဲ့ပြီး ဆူရှီလာကာကီ (Sushila Karki)ကို အိမ်စောင့် အစိုးရ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ တရားလွှတ်တော်တရားသူကြီးချုပ်ဖြစ်ခဲ့သူ ဆူရှီလာကာကီဟာ ဖြောင့်မတ် မှန်ကန်မှုအတွက် တိုင်းပြည်က ရိုသေလေးစားရတဲ့ အမျိုးသမီး တရားသူကြီး တစ်ဦးပါ။ အေဂျေ ရာဘာ့ဒရာခါနဲလ်ဟာ ဆူရှီလာကာကီရဲ့ အကြံပေး ပုဂ္ဂိုလ်ပါ။ နန်းတော်ဟောင်းဘေး ရုံးခန်းကနေ ဆူရှီလာကာကီနဲ့ အေဂျေရာဘာ့ဒရာခါနဲလ်တို့ ထမ်းဆောင်ရမယ့် တာဝန်ကတော့ တိုင်းပြည်ကို ပုံမှန်အခြေအနေကို ပြန်ရောက်အောင် ဖော်ဆောင်ပေးဖို့ပါပဲ။ နံပတ်တစ် ဦးစားပေး တာဝန်က ရွေးကောက်ပွဲ ကျင်းပဖို့ပါပဲ လို့ အေဂျေရာဘာ့ဒရာခါနဲလ်က ပြောဆိုခဲ့ပါတယ်။ ရွေးကောက်ပွဲကို နောက်နှစ် မတ်လ (၅) ရက်နေ့မှာ ကျင်းပဖို့ စီစဥ်ထားပါတယ်။
တိုင်းပြည် ပြိုကျတော့မလိုလို ကသောင်းကနင်းဖြစ်ပြီး သုံးလ နီးပါးအကြာမှာ မြို့တော် ခတ္တမန္ဒူဟာ အတွင်းသဘောမှာ တင်းမာနေပေမယ့် အပေါ်ယံမှာတော့ တည်ငြိမ်သလိုလို အခြေအနေမျိုး ဖြစ်လာပါတယ်။ မြို့တော်လူထု အပေါ် လွှမ်းမိုးနေတဲ့ စိတ်လှုပ်ရှားမှုကို ပြောပါဆိုရင် မျှော်လင့်ချက်နဲ့ ကြောက်ရွံ့မှုပါ။ မျှော်လင့်ချက်ကတော့ တိုင်းပြည်ရဲ့ မြောက်မြားစွာသော ပြဿနာတွေ ဖြေရှင်းဖို့ကို ဦးတည်ပြီး လူထုဆန္ဒကို ထင်ဟပ်ဖော်ဆောင်မယ့် ညွန့်ပေါင်း အစိုးရတစ်ရပ်ကို ရွေးကောက်ပွဲက တစ်ဆင့် ဖွဲ့စည်းနိုင်ဖို့ပါ။ တိုင်းပြည်ရဲ့ ပြဿနာတွေထဲမှာ အဓိက ပြဿနာတစ်ခုကတော့ အကျင့်ပျက် လာဘ်စားမှု နဲ့ အလုပ်လက်မဲ့ ပြဿနာပါ။ ကြောက်ရွံ့မှုကတော့ လုံခြုံရေးအရ မထိန်းသိမ်းနိုင်ခဲ့ရင် (ဒါမှမဟုတ်) အဓိက နိုင်ငံရေး ပါတီတွေက ရွေးကောက်ပွဲအပေါ် သပိတ်မှောက်ခဲ့ရင် ရွေးကောက်ပွဲ ကျင်းပဖို့ နှောင့်နှေးပြီး အကျပ်အတည်း အသစ်တစ်ခုဆီ ဦးတည် သွားစေနိုင်တဲ့ အန္တရာယ်ပါ။
ဒီအခြေအနေ နှစ်ရပ်စလုံးဟာ ဖြစ်လာနိုင်ခြေရှိပါတယ်။ နီပေါ နိုင်ငံရေး အပေါ် လက်ဝဲအင်အားစုတွေကလွှမ်းမိုးထားပြီး အဓိကအားဖြင့် လွှမ်းမိုးနေသူက ဝါရင့် နိုင်ငံရေးသမားကြီး သုံးဦးပါ။ နီပေါ ကွန်ဂရက်ပါတီ (Nepali Congress )က ရှယ်ဟာဘာဟာ ဒါဒူးဘာ (Sher Bahadur Deuba)၊ မော်ဝါဒီ ပရာချန်ဒါလို့ လူသိများတဲ့ ပွက်ရှ်ပါ ကာမဲလ်ဒါဟဲ(Pushpa Kamel Dahal)နဲ့ ကွန်မြူနစ်ပါတီရဲ့ မစ္စတာအိုလီ (Mr. Oli) တို့ပါ။ နီပေါနိုင်ငံရဲ့ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုခဲ့တဲ့ ၂၀၁၅-ခုနှစ်ကစပြီး ဒီဝါရင့်နိုင်ငံရေးသမားကြီး သုံးဦးဟာ ညွန့်ပေါင်း အစိုးရ ဖွဲ့နိုင်ဖို့သူ တို့အချင်းချင်းကြား အပြန်အလှန် အပေးအယူလုပ် ညှိနှိုင်းခဲ့ကြတာပါ။ နီပေါ လူထုကတော့ ဒီနိုင်ငံရေး ခေါင်းဆောင်တွေရဲ့ လုပ်ရပ်ဟာ တစ်ယောက် တစ်လှည့် လွှဲပြောင်းရယူဖို့ ကစားကွက် ဖန်တီးနေတာလို့ပဲ ယူဆကြပါတယ်။ ဒီလို ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းတာဟာ တည်ငြိမ်မှု မရှိတဲ့ လုပ်ရပ်ပါ။ လက်ရှိ အိမ်စောင့်အစိုးရကို ဖယ်ပြီး စဥ်းစားလိုက်ရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအသစ် အတည်ပြုပြီး နောက်ပိုင်း ဖွဲ့စည်းခဲ့တဲ့ အစိုးရအဖွဲ့ဟာ ခုနစ်ဖွဲ့ ရှိပါတယ်။ ဒါပေမဲ့ ဒီဖွဲ့စည်းခဲ့တဲ့ အစိုးရအားလုံးကို ပြန်သုံးသပ်ကြည့်ရင် အဓိက နိုင်ငံရေး ခေါင်းဆောင်တွေ အကျိုးစီးပွားအတွက်ပဲ ဦးတည် ဖွဲ့စည်းခဲ့တာကို တွေ့ရမှာပါ။

လူဟောင်းကြီးများက လူထုရဲ့ အမျက်ဒေါသအရှိန်ကို မထိန်းနိုင်သေးပါဘူး။ မစ္စတာအိုလီဆိုရင် ပါလီမန်ဖျက်လိုက်တာကို အခုအချိန်အထိ အခဲမကြေနိုင်သေးဘူး။ မော်ဝါဒီတွေကလည်း သူတို့ရဲ့ လုပ်ပုံကိုင်ပုံတွေကို ပြောင်းလဲလိုက်ပြီလို့ ပြောပေမယ့် ဒီအတိုင်းပဲ ဆက်သွားနေတုန်းပဲ။ နီပေါ ကွန်ဂရက်ကလည်း ပါတီတွင်း အားပြိုင်မှုတွေနဲ့ အပြည့်။ ရွေးကောက်ပွဲအတွက် စာရင်းပေးဖို့ နောက်ဆုံးရက်က နီးလာပြီ။ ဝါရင့် သုံးယောက် ကတော့ ရွေးကောက်ပွဲဝင်မယ်လို့ ပြောကြပါတယ်။
နိုင်ငံရေး နယ်ပယ်ကို အားသစ် လောင်းလိုက်သူတွေကတော့ လူငယ်ဆန္ဒပြ ခေါင်းဆောင်တွေပါ။ ဒီလူငယ် ဆန္ဒပြ ခေါင်းဆောင် အတော် များများဟာ သူတို့ ကိုယ်တိုင် နိုင်ငံရေးပါတီတွေ ထူထောင်ပြီး နိုင်ငံရေး နယ်ပယ်ထဲကို တိုးဝင်လာကြပါတယ်။ စက်တင်ဘာလက ဒဏ်ရာရ နေတဲ့ ဆန္ဒပြသူတစ်ဦးကို ကယ်တင်ပြီး လူသိများလာတဲ့ ကီရှိုးရီ ကာကီ (Kishori Karki) ရဲ့ အီကောနောမစ် မဂ္ဂဇင်းကို ပြောပြမှုအရ သူမရဲ့ ပါတီကို မှတ်ပုံတင်နိုင်ခဲ့ပါတယ်။ အခြားထင်ရှားတဲ့ ဆန္ဒပြ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ပရာဒစ် ဂါဝါလီ (Pradip Gyawali) ဟာ အိမ်စောင့် အစိုးရမှာ အကြံပေးပုဂ္ဂိုလ်အဖြစ် ပါဝင် ဆောင်ရွက်ခဲ့ပါတယ်။ အခြား ဆန္ဒပြ ခေါင်းဆောင်တွေကိုလည်း သက်တမ်းရင့် နိုင်ငံရေးပါတီတွေက စည်းရုံး သိမ်းသွင်း ခဲ့ကြပါတယ်။ သာမန်ပြည်သူလူထုကြားမှာလည်း နိုင်ငံရေး နိုးကြားမှု မြင့်မားလာပါတယ်။ စက်တင်ဘာလ နောက်ပိုင်း မဲဆန္ဒရှင် အသစ်တွေအဖြစ် မှတ်ပုံတင်ခဲ့ သူတွေဟာ (၈၄၀,၀၀၀) နီးပါး ရှိလာပါတယ်။
ဒီလို မဲဆန္ဒရှင်တွေ တိုးပွားလာမှုဟာ နီပေါနိုင်ငံ အပေါ်သြဇာ အကြီးမားဆုံး ပြည်ပ နှစ်နိုင်ငံအနေနဲ့ ရွေးကောက်ပွဲမှာ သူတို့ ဘယ်အင်အားစုကို အနိုင်ရစေချင်တယ်ဆိုတာ ပီပီသသ ဖော်ပြဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်။ အိန္ဒိယနိုင်ငံကတော့ အဓိက နိုင်ငံရေး ပါတီကြီးတွေ ပါဝင် အနိုင်ရရေး အပေါ် အားပြုထားပါတယ်။ ဒီလို ပါဝင်ဆောင်ရွက်ခဲ့ရင် တည်ငြိမ်လုံခြုံမှုရပြီး မဲဆန္ဒပေးရေးလုပ်ငန်းစဥ် ချောချောမောမော ဖြစ်မယ်လို့ ယူဆထားတာပါ။ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကို ကြည့်ရင်လည်း သူ့နိုင်ငံနယ်စပ်မျဥ်းရဲ့ တစ်ဖက်မှာ မတည်မငြိမ် ဖြစ်တာမျိုးကို ရှောင်ရှားလိုတာပါ။ အနောက်နိုင်ငံတွေကတော့ ခပ်လှမ်းလှမ်းက အသာစောင့်ကြည့် လေ့လာနေပေမယ့် နီပေါနိုင်ငံရဲ့ အပြောင်းအလဲကို အသံတိတ် ထောက်ခံနေကြတာပါ။
ရွေးကောက်ပွဲမှာ ပါဝင်လှုပ်ရှားမှုရဲ့ နောက်အကြောင်းရင်း တစ်ရပ်ကတော့ ကြောက်ရွံ့ စိုးရိမ်မှုပါ။ ရွေးကောက်ပွဲမှာသာ အာဏာလက်လွတ် ဖြစ်သွားခဲ့ရင် ဝါရင့် နိုင်ငံရေး ခေါင်းဆောင်တွေအပေါ် အရိပ်မည်း လွှမ်းနေတဲ့ အကျင့်ပျက် လာဘ်စားမှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုခံရနိုင်တဲ့ အလားအလာရှိနေတာဟာ ရွေးကောက်ပွဲမှာပါဝင်ဆောင်ရွက်စေဖို့ တွန်းအားဖြစ်နေပါတယ်။ ဆန္ဒပြ ပြည်သူတွေဘက်ကို ကြည့်ရင်လည်းပဲ ရဲတပ်ဖွဲ့က လက်တုံ့ပြန်မှာကို စိုးရိမ် ကြောက်ရွံနေပါတယ်။ လူငယ်လှုပ်ရှားမှုတွေနဲ့ မပတ်သက်တဲ့ ဂိုဏ်းတွေက ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက် ခဲ့သလို တစ်ချို့ကိုလည်း သတ်ဖြတ်ခဲ့ကြပါတယ်။ ဒါကြောင့် ရဲတပ်ဖွဲ့က လက်တုံ့ပြန် လက်စားချေလာမှာကို စိုးရိမ် နေကြတာပါ။ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်က မတ်လကျော်သွားခဲ့ရင် အိမ်စောင့်အစိုးရရဲ့ တရားဝင်မှု ဆုံးရှုံးမှာကို အိမ်စောင့် အစိုးရ ဝန်ကြီးချုပ် ဆူရှီလာကာကီက စိုးရိမ်နေတာပါ။ ပြောရရင် အားလုံးက မတည်မငြိမ်၊ကသောင်းကနင်းဖြစ်မှုတွေနောက်တစ်ကြိမ်ပြန်ဖြစ်လာမှာကို စိုးရိမ်နေကြတာပါ။
အကျင့်ပျက် လာဘ်စားမှုဟာ နီပေါပြည်သူတွေအတွက် အဓိက ပြဿနာအဖြစ် ရှိနေတာပါ။ ဒါပေမဲ့ ပြည်သူတွေကြား အမြစ်တွယ်နေတဲ့ ဒီစိုးရိမ်မှုဟာ အနာဂတ်အတွက် ပြည်သူတွေရဲ့ နက်ရှိုင်းတဲ့ စိုးရိမ်သောကလည်း ဖြစ်နေပါတယ်။ နီပေါနိုင်ငံရဲ့ အလယ်အလတ် သက်တမ်း (median age) ဟာ (၂၆) နှစ်ပါ။ (တိုင်းပြည်မှာလူငယ်များတဲ့အဓိပ္ပာယ်ပါ။ ဘာသာပြန်သူ) ဒါပေမဲ့ နီပေါနိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ လူငယ်တွေအတွက် အလုပ်အကိုင်၊ အခွင့်အလမ်း မဆိုသလောက်ကိုပဲ ဖန်တီးပေးနိုင်ပါတယ်။ လူငယ်ငါးဦးမှာ တစ်ဦးက အလုပ်လက်မဲ့ ဖြစ်နေပါတယ်။ ပြည်သူတစ်ဦးချင်း ဂျီဒီပီ (GDP per person) (အမေရိကန် ဒေါ်လာ ၁၄၀၀) သာသာပဲရှိပါတယ်။ အကြမ်းဖျင်းပြောရရင် အိမ်နီးချင်း အိန္ဒိယနိုင်ငံရဲ့ တစ်ဝက်လောက်ပဲ ရှိပါတယ်။ အိန္ဒိယနိုင်ငံဆိုတာ နီပေါပြည်သူတွေ သွားရောက် အလုပ်လုပ်ရာ နိုင်ငံတစ်ခုပါ။ တချို့ နီပေါပြည်သူတွေက အရှေ့အလယ်ပိုင်း (သို့) တောင်ကိုရီးယား (သို့) အနောက်နိုင်ငံတွေကို သွားရောက် အလုပ်လုပ်ကြပါတယ်။ နီပေါပြည်သူ (၂၉) သန်းမှာ (၂ ဒသမ ၂) သန်း ဝန်းကျင်က ပြည်ပမှာ နေထိုင် အလုပ်လုပ်ကြပါတယ်။ ဒီလို နေထိုင်သူ အများစုဟာ အမျိုးသားတွေပါ။ အကြံပေး ပုဂ္ဂိုလ် ပရာဒစ် ဂါဝါလီက “ကျွန်တော့် မိတ်ဆွေ တော်တော်များများဟာ နိုင်ငံခြားမှာပါ။ သူတို့က ကျွန်တော့်ကို သူတို့ နိုင်ငံတွေဆီ လာဖို့ ခေါ်နေကြတာပါ။ ဒါပေမဲ့ ကျွန်တော် ကိုယ့်တိုင်းပြည်မှာပဲ နေချင်ပါတယ်။ ကိုယ့်ရဲ့ ကျွမ်းကျင်မှုကို တိုင်းပြည်တည်ဆောက်ရေးမှာ အသုံးချချင်တာပါ” လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။
ကိုးကား – Nepal’s youth toppled the government. Now they want to remake it, The Economist, November 2025


