ခရစ္စမတ်အကြို AI ရေစီးကြောင်းများ
ဒီနှစ် ခရစ္စမတ်ပွဲတော်အတွက် ထုတ်လုပ်ထားတဲ့ ခြေအိတ် တွေထဲမှာ ကလေးတွေအတွက် ပုံမှန်ထက် ပိုပြီး အံ့သြစရာတွေ ပါလာနိုင်ပါ တယ်။ဘာကြောင့်လဲဆိုတော့ သူတို့ဖွင့်လိုက်တဲ့ လက်ဆောင်ပစ္စည်းတွေဟာ ကလေးတွေကို စကားပြန်ပြောနိုင်တဲ့ ပစ္စည်းတွေ ပါဝင် နေလို့ပါပဲ။ ကလေးတွေအတွက် သူတို့နဲ့ စကားပြောပြီး အပြန်အလှန် ဆက်ဆံလို့ရတဲ့ အရုပ်တွေဟာ တစ်မူထူးခြားလှပါတယ်။
တရုတ်နိုင်ငံက အရုပ်ထုတ်လုပ်သူတွေက ၂၀၂၅ ခုနှစ်ကို ‘ဉာဏ်ရည်တု နည်းပညာနှစ်’ (Year of Artificial Intelligence – AI) လို့ ကြေညာထား ကြပါတယ်။ သူတို့ဟာ စက်ရုပ် (Robots) တွေနဲ့ အမွေးပွ ဝက်ဝံရုပ်(Teddies) တွေကို ထုတ်လုပ်နေကြပြီး အဲဒီအရုပ်တွေက ကလေးတွေကို စာသင်ပေးနိုင်တယ်၊ သူတို့နဲ့အတူ ကစားနိုင်တယ်၊ ဒါမှမဟုတ် သူတို့ကို ပုံပြင် ပြောပြနိုင်ပါတယ်။
အသက် နည်းနည်း ပိုကြီးလာတဲ့ ကလေးတွေအတွက်ကတော့ AI ဗီဒီယိုတွေ နဲ့ AI စနစ် မြှင့်တင်ထားတဲ့ ဂိမ်းတွေ ရေပန်းစားနေပြီး ဒီအရုပ်တွေနဲ့ အတူ ပျော်ပျော်ရွှင်ရွှင် ကစားနိုင်ကြပြီပေါ့။
ကျောင်းတွေမှာလည်း ကလေးတွေကို ChatGPT လိုမျိုး ကိရိယာတွေနဲ့ ဖန်တီးထားတဲ့ သင်ထောက်ကူ ပစ္စည်းတွေနဲ့အတူ သင်ကြား ပေးနေကြ ပါတယ်။ အချို့ ကျောင်းသားတွေဆိုရင် ‘ချက်ဘော့ နည်းပြ’ (Chatbot-tutors) တွေနဲ့တောင် အတူတူ စာသင်ယူနေကြပါပြီ။
ဒါတွေကို ကြည့်ခြင်းအားဖြင့် AI ရဲ့အကျိုးကျေးဇူးတွေကို လူမှုဘဝမှာ လက်တွေ့ ပိုမို မြင်လာကြရပါပြီ။ AI ဟာ ကလေးတွေ ကြီးပြင်း လာပုံကို တစ်နည်းတစ်ဖုံ ပြောင်းလဲပေးနိုင်တယ်။ သူတို့အတွက် စိတ်ကြိုက် သင်ယူမှုနဲ့ ပျော်စရာ အတွေ့အကြုံတွေကို ဖန်တီးပေးနိုင်တယ်။ ဥပမာ- ကလေးတွေက သူတို့အကြောင်း စပ်ထားတဲ့ သီချင်းတွေ နားထောင်နိုင်မယ်။ သူတို့ ကိုယ်တိုင် သူရဲကောင်း ဖြစ်တဲ့ ပုံပြင်တွေကို ဖတ်နိုင်မယ်။ သူတို့ရဲ့ ကျွမ်းကျင်မှုအဆင့်နဲ့ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲထားတဲ့ ဂိမ်းတွေကို ကစားနိုင်မယ်။ ချတ်ဘော့ (Chatbots) တွေက သူငယ်ချင်းလို အားပေးနိုင်တယ်။ ချက်ဘော့သူငယ်ချင်း အုပ်စုတွေတောင် ပိုင်ဆိုင်နိုင်ပါတယ်။
ဒီလို ကလေးဘဝမျိုးဟာ အရင်က ချမ်းသာတဲ့ မိသားစု အလွှာက ကလေးတွေကပဲ ရနိုင်ခဲ့ပေမယ့် အခုတော့ လူတိုင်း အတွက် ဖြစ်လာနိုင် ပါပြီ။ AI ဖြင့် ကလေးဘဝ ပြန်လည် ပုံဖော်ခြင်း (ထုဆစ်ခြင်း) ဟာ ဒီနေ့ နည်းပညာခေတ်ကြီးထဲမှာ အထူးတလည် ပေါ်လွင် ထင်ရှား လာနေပါပြီ။
ဉာဏ်ရည်တု (AI) ဟာ ပညာသင်ယူရာမှာရော ကစားတဲ့နေရာမှာပါ ကလေးတွေရဲ့ဘဝကို လုံးဝ ပုံစံပြောင်းလဲ ပစ်နေပါတယ်။ ယခင်က လူကုံထံ လူ့မလိုင် အသိုင်းအဝိုင်းကပဲ ရနိုင်ခဲ့တဲ့ ကလေးဘဝ ပုံစံမျိုးကို ကလေးတိုင်း ရရှိလာနိုင်ဖို့ AI က ရည်မှန်းလာပါပြီ။
ချမ်းသာသူ မိသားစုတွေရဲ့ ကလေးဘဝ ဆိုတာငွေကြေး ပြည့်စုံ ကုံလုံတဲ့ မိဘတွေရဲ့ သားသမီး ဖြစ်မှ ရနိုင်တာမျိုး မဟုတ်ပါလား။ ဘယ်လိုမျိုးလဲ ဆိုတော့ သီးသန့် ကျူရှင်ဆရာတွေ ထားနိုင်တာ၊ တစ်ဦးချင်းအတွက် သီးသန့်ရေးဆွဲထားတဲ့ သင်ရိုးညွှန်းတမ်းတွေနဲ့ သင်ကြားပေးနိုင်တာ၊ ပြီးတော့ သူတို့နဲ့ ကိုက်ညီတဲ့ ဖျော်ဖြေရေးတွေနဲ့ ပျော်တော်ဆက်နိုင်တာ စသည်တို့ပဲ ဖြစ်ပါတယ်။ ဒါကို ဘုရင်နဲ့တူတဲ့ ကလေးလို့ တင်စား ခေါ်ဝေါ်နိုင်တယ်။ ဘုရင် ဆိုတာ သူစိတ်တိုင်းကျ နေထိုင်နိုင်တယ်၊ လုပ်ကိုင်နိုင်တယ်။ ဘုရင်နဲ့တူသော ကလေးဘဝ ကတော့ တော်ဝင် နန်းဆန်ပါတယ်။ အဆင့်မြင့်ပါတယ်။
AI နည်းပညာ ခေတ်ကြီးထဲမှာ ကလေးတွေဟာ အခုလိုမျိုး တော်ဝင် နန်းဆန်ခြင်း၊ လူကုံထံ အသိုင်းအဝိုင်းထဲ နေထိုင်ရခြင်း စတဲ့အရာတွေကို ခံစားရသလို အဆင့်အတန်း မြင့်တဲ့ ဒစ်ဂျစ်တယ်လူနေမှု ပုံစံမှာ နေတိုင်နိုင်မှာ ဖြစ်လို့ ဘုရင်တစ်ပါးနဲ့တူတဲ့ ကလေးဘဝ ဟာ လူတိုင်းအတွက် ဖြစ်လာနိုင်ပါတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။
သို့သော်လည်း ဘုရင်တွေ ကိုယ်တိုင် မကြာခဏ တွေ့ကြုံရသလို အနေကြာလာရင်တော့ အထီးကျန်ဆန်ပြီး လုံးဝ တစ်ကိုယ်ရေဆန်တဲ့ ကလေးဘဝကို ဖန်တီးပေးနိုင်ပါတယ်။နည်းပညာ အဝန်းအဝိုင်းလေးထဲမှာပဲ ထီးတည်းနေတာကြောင့် လူတွေနဲ့ ဝေးတဲ့ သီးသန့် ကမ္ဘာလေးထဲက လူသားဘဝကို ကျရောက်သွားခြင်းပါ။
ဒါ့အပြင် ဒီလို ပြုစုပျိုးထောင်မှုမျိုးဟာ နောင်တစ်ချိန်မှာ လက်တွေ့ဘဝနဲ့ အလှမ်းဝေးတဲ့ လူကြီးတွေ ဖြစ်လာအောင် ဖန်တီးပေးနိုင်ပါတယ်။ ပေါင်းသင်းဆက်ဆံရေး ညံ့ပြီး လူ့အရိပ်အကဲ မသိသူမျိုး ဖြစ်လာနိုင်တယ်။
ဉာဏ်ရည်တု (AI) ဟာ ကလေးဘဝကို အကောင်းရော၊ အဆိုးပါ ပြောင်းလဲပစ်နေချိန်မှာ လူ့အဖွဲ့အစည်းအနေနဲ့ ကြီးပြင်းလာမှုဆိုတဲ့ လုပ်ငန်းစဉ်ကြီး တစ်ခုလုံး ကို အခြေခံကျကျ ပြန်လည် စဉ်းစားသုံးသပ်ဖို့ လိုအပ်နေပါပြီ။
ဒီနေရာမှာ AI နည်းပညာသစ်အပေါ် ပြန်လည် သုံးသပ်စရာ ရှိနေပါတယ်။ AI နည်းပညာ အကျိုး ကျေးဇူးနဲ့အတူ လူမှုဘဝမှာ အခွင့်အလမ်းတွေ ပြည့်နှက်နေ တယ်လို့ ဆိုနိုင်ပေမယ့် တစ်ဖက်မှာ ပုန်းကွယ်နေတဲ့ ထောင်ချောက်တွေနဲ့ မမြင်နိုင်တဲ့ ကျော့ကွင်းတွေလည်း ရှိနေတဲ့ အနာဂတ် တစ်ခု ရှိနေပါတယ်။
တရုတ်နိုင်ငံရဲ့ မြို့တော် ပေကျင်း မှာရှိတဲ့၊ နှစ်ပေါင်း ၅၀၀ နီးပါးကြာ တရုတ်ဧကရာဇ်တွေ နေထိုင်ခဲ့တဲ့ နန်းတော်ကြီး ( ၁၄၂၀ ပြည့်နှစ်- ၁၉၂၄ ခုနှစ်)ကို “တားမြစ်ထားသော မြို့တော်” (Forbidden City) လို့ ခေါ်ရသလဲဆိုတော့ ဝင်ရောက်ခွင့်ကို ကန့်သတ်ထားလို့ပါ။ ပုံမှန် အများပြည်သူ လူအများစုက ဒီနန်းတော်ထဲကို ဝင်ခွင့်မရခဲ့ပါဘူး။ ဧကရာဇ်မင်းမြတ်နဲ့ တော်ဝင်မိသားစုဝင်တွေ၊ အဆင့်မြင့်အရာရှိကြီးတွေမှအပ ပုံမှန် အများပြည်သူ လူအများစုကို ဒီနန်းတော်ထဲကို လုံးဝ ဝင်ရောက်ခွင့်မပြုခဲ့ပါဘူး။
ဒါကြောင့်ပဲ ဒီနေရာဟာ အပြင်လောကနဲ့ ပြတ်တောက်ပြီး ဧကရာဇ်မင်းတွေဟာ ဒီနန်းတော်ကြီးထဲမှာပဲ ကိုယ့်ကမ္ဘာလေးနဲ့ကိုယ် အထီးကျန် ဆန်စွာ နေထိုင်ခဲ့ရတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါဟာ ခေတ်သစ်နည်းပညာကြောင့် ဖြစ်လာတဲ့ အထီးကျန်ဆန်မှု နဲ့ တစ်ကိုယ်တည်း ဆန်မှု တွေနဲ့လည်း တစ်နည်းအားဖြင့် တူနေပါတယ်။ ဧကရာဇ်တွေဟာ အခမ်းအနားနဲ့ ဘုန်းတန်ခိုးတွေကြားမှာ လူအများနဲ့ ဝေးကွာပြီး၊ တာဝန်တွေ ကြောင့် တစ်ဦးတည်းနေထိုင်ရတဲ့ အထီးကျန်ဆန်တဲ့ ဘဝမျိုးကို ခံစားခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။
တကယ့်ဘုရင်တွေ မကြာခဏ တွေ့ကြုံရသလိုမျိုး နည်းပညာနဲ့ဖန်တီးထားတဲ့ သီးသန့်ပြုစုပျိုးထောင်မှုဟာ အထီးကျန်ဆန်ပြီး တစ်ကိုယ်ရေ ဆန်တဲ့ ကလေးဘဝကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ အဲဒီလို ပြုစုပျိုးထောင်မှုက လက်တွေ့ဘဝအတွက် အဆင်သင့် မဖြစ်သေးတဲ့ လူကြီး ဘဝတွေကို ဖန်တီးပေးနိုင်ပါတယ်။ နည်းပညာက ကိုယ့်လိုအပ်ချက်၊ ကိုယ့်စိတ်ကြိုက်ကို အဓိကထားပြီး ဖြည့်ဆည်းပေးတော့ အုပ်စုလိုက်၊ အဖွဲ့အစည်းလိုက် နေထိုင်တာထက် ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ကိုယ်ပိုင်လွတ်လပ်မှုကို ပိုပြီး အလေးထား လာကြတယ်။ AI နဲ့ ကြီးပြင်းတာ က ကလေးတွေဟာအထီးကျန်သလို ခံစားရနိုင်ပြီး လက်တွေ့ဘဝ ပြဿနာတွေကို ကိုင်တွယ်ဖို့ မသင်ယူရမှာကို စိုးရိမ်ရတယ်။
တစ်ခါတလေ AI က အဖြေမှားတွေ ပေးတတ်သေးတယ်၊ ဒါမှမဟုတ် မသင့်တော်တဲ့ အပြုအမူတွေ လုပ်တတ်သေးတယ်။
ကလေးတွေဟာ AI ကို သုံးပြီး တစ်ဖက်သားကို လိမ်လည်တာ၊ ဒါမှမဟုတ် အွန်လိုင်းမှာ တခြားသူတွေကို ဒုက္ခပေးတာ တွေ လုပ်နိုင်တယ်။ ဒါက နည်းပညာကို အလွဲသုံးမှုပေါ့။ အကြီးမားဆုံး စိုးရိမ်စရာကတော့ AI ဟာ ကလေးတွေ သဘောကျပြီးသား အရာတွေကိုပဲ ပြသနေတာမျိုး ဖြစ်တယ်။အဲဒီတော့ အမြင်သစ်တွေ မတွေ့ဘဲ ဖြစ်သွားမှာ ကို စိုးရိမ်ရတယ်။
AI သူငယ်ချင်းတွေ နဲ့ပဲ စကားပြောနေရင် လူမှုဆက်ဆံရေး စွမ်းရည်တွေ ထိခိုက်နိုင်တယ်။ ချတ်ဘော့တွေက ဘယ်တော့မှ မတူကွဲပြားတဲ့ အမြင်ကို မပြဘူး။ ဒါမှမဟုတ် စိတ်ခံစားမှု အစစ်အမှန်တွေ မမျှဝေဘူး။ ဒီတော့ ကလေးတွေဟာ လက်တွေ့ဘဝဆက်ဆံရေးမှာ အပေးအယူ အလျှော့အတင်းလုပ်ဖို့ ဒါမှမဟုတ် တစ်ဖက်သားကို နားလည်ဖို့ ခက်သွားနိုင်တယ်။
ဉာဏ်ရည်တု (AI) ဟာ ကလေးဘဝကို ကောင်းကျိုးရော၊ ဆိုးကျိုးပါ သက်ရောက်စေတဲ့အတွက် လူ့အဖွဲ့အစည်းအနေနဲ့ ကလေးတစ်ယောက် ကြီးပြင်းလာမှုဆိုတဲ့ လုပ်ငန်းစဉ် ကို ပြန်လည် စဉ်းစားဖို့ လိုအပ်လာပါပြီ။နည်းပညာနဲ့ လူ့သဘော လူ့မနောကို ဘောင်ချိန်ကိုက်အောင် ထိန်းညှိတတ်ဖို့ အရေးကြီးလာပါပြီ။
စက်ရုပ်တွေနဲ့ AI တွေက ပညာရေးလောကထဲကို ဝင်လာပြီ
ဒီနေ့ခေတ်မှာ စက်ရုပ်တွေနဲ့ AI တွေက ပညာရေးလောကထဲကို ဝင်လာနေတာဟာ တော်တော်လေး စိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲ တစ်ခုပါ။ အားသာချက်တွေ ရှိသလို စိန်ခေါ်မှုတွေလည်း ရှိပါတယ်။ ချိန်ဆ သွတ်သွင်းရမယ့် နည်းပညာပါ။
AI က ကျောင်းသားတစ်ဦးချင်းစီရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ပြောင်းလဲပေးနိုင်တဲ့ Personalized Learning စနစ်တွေကို ဖန်တီးပေး နိုင်ပါတယ်။
ဆရာတွေရဲ့ သင်ကြားရေး အလုပ်တချို့ကို အလိုအလျောက် လုပ်ဆောင်ပေးနိုင်တာကြောင့် ဆရာရဲ့ အခန်းကဏ္ဍပါ ပြောင်းလဲ လာနိုင်ပါတယ်။ မကြာခင်မှာ AI အခြေခံတဲ့ ပညာရေး လက်ထောက်စနစ်တွေဟာ အွန်လိုင်း သင်ခန်းစာတွေနဲ့ ပေါင်းစပ်ပြီး ဆရာတွေကို ကူညီပေးမယ့် အရာတွေ ဖြစ်လာတော့မယ်လို့ ခန့်မှန်းထားပါတယ်။ AI နဲ့ စက်ရုပ်တွေဟာ ပညာရေးရဲ့ အနာဂတ်အတွက် အလွန်အရေးပါတဲ့ အပြောင်းအလဲ တွေ ယူဆောင်လာနေပါပြီ၊ ဆရာတွေရဲ့သင်ကြားမှု နဲ့ ကလေးတွေရဲ့သင်ယူမှုပုံစံကိုပါ ပြောင်းလဲပစ်တော့မယ်ဆိုတာကို ပြသနေပါတယ်။ အားသာတဲ့အချက်တွေကို ပြောရရင် ဒီလိုပါ။
AI က ကျောင်းသားတစ်ဦးချင်းစီရဲ့ အားနည်းချက်၊ အားသာချက်ကို အချိန်နဲ့တစ်ပြေးညီ သိပြီး လိုအပ်သလို သင်ခန်းစာတွေ ပို့ချပေးနိုင်လို့ သင်ယူမှု စွမ်းရည် တိုးတက်စေပါတယ်။ ပြီးတော့ စက်ရုပ်တွေက အချိန်ပြည့် ကူညီနိုင်တာကြောင့် ဆရာတွေရဲ့ ဝန်ထုပ်ဝန်ပိုးတွေ လျော့ကျပြီး ဆရာတွေက ကလေးတွေကို ပိုပြီး ဂရုစိုက် ကြပ်မတ် (Coaching) နိုင်ပါလိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ၊ ဆုံးဖြတ်ချက်ချမှုတွေမှာ အကြံပေးပြီး ကူညီပေးတာမျိုးပါ။
ဒါပေမဲ့ စိန်ခေါ်မှုတွေကလည်း မသေးပါဘူး။ အဓိကကတော့ လူမှုရေးနဲ့ စိတ်ခံစားမှု ကွာဟချက်ပါပဲ။ ကလေးတွေဟာ စာနာမှု (Empathy) နဲ့ စိတ်စွမ်းရည်တွေ (Soft Skills) တွေကို လူသားချင်း ထိတွေ့ဆက်ဆံမှုကနေပဲ အပြည့်အဝ ရမှာပါ။ Soft Skills တွေဟာ လူတစ်ဦးရဲ့ စိတ်နေစိတ်ထား၊ အပြုအမူနဲ့ အခြားသူတွေနဲ့ အလုပ်တွဲလုပ်နိုင်စွမ်း တွေကို ဖော်ပြတဲ့ အရည်အချင်းတွေ ဖြစ်ပါတယ်။ နောက်ပြီး ဒေတာ လုံခြုံရေးနဲ့ နည်းပညာ မရနိုင်တဲ့သူတွေအတွက် ပညာရေး ကွာဟမှု ပိုကြီးလာမှာကိုလည်း စိုးရိမ်ရပါတယ်။
ဒါကြောင့် AI နဲ့ လူသားဆန်မှုအကြား ဟန်ချက်ညီအောင် ထိန်းညှိဖို့ပါပဲ။ စက်ရုပ်တွေကို ဆရာနေရာမှာ အစားမထိုးဘဲ ဆရာတွေကို အထောက်အကူပြုမယ့် ကိရိယာ (Tools) အဖြစ်သာ သုံးသင့်ပါတယ်။သင်ရိုးညွှန်းတမ်းတွေထဲမှာလည်း လူ့ဂုဏ်သိက္ခာ၊ EQ နဲ့ ဖန်တီးနိုင်စွမ်း တွေကို အလေးပေးပြီး သင်ကြားပေးရပါမယ်။ ဘာကြောင့်လဲဆိုတော့ စက်ရုပ်တွေဟာ အချက်အလက်ကို သင်ပေးနိုင်ပေမယ့်၊ ဘဝ နေထိုင်နည်း ကိုတော့ လူသားဆရာကသာ သင်ပြနိုင် လို့ပါပဲ။
(EQ ဆိုတာ Emotional Intelligence Quotient ကို အတိုကောက် ခေါ်တာ ဖြစ်ပြီး မြန်မာလို စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်လို့ အဓိပ္ပာယ် ရပါတယ်။ ရိုးရိုး IQ (ဉာဏ်ရည်တိုင်းတာမှု) က ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ ယုတ္တိဗေဒ စွမ်းရည်တွေကို တိုင်းတာသလို EQ ကတော့ လူတစ်ယောက်ရဲ့ စိတ်ခံစားမှုနဲ့ပတ်သက်တဲ့ စွမ်းရည် ကို တိုင်းတာပါတယ်။)
ကလေးတွေကို စက်ရုပ်တွေနဲ့ ပြုစုပျိုးထောင်တာက အားသာချက်တွေ ရှိပါတယ်။ ဆရာ၊ ဆရာမတွေနဲ့ သင်ထောက်ကူပစ္စည်းတွေ ရှားပါးတဲ့ နေရာတွေမှာ ဉာဏ်ရည်တု (AI) က ဘယ်လို သင်ယူမှုကို မြှင့်တင်ပေးနိုင်လဲဆိုတာကို နည်းပညာ ကုမ္ပဏီတွေကပြသနေကြပါပြီ။ စာဖတ်စွမ်းရည်နဲ့ ဘာသာစကားသင်ယူမှုတွေဟာ စမ်းသပ်ကာလအစောပိုင်းမှာပဲ အားကောင်းလာတာကို တွေ့ရပါတယ်။ AI ကျူရှင်ဆရာ တစ်ဦးနဲ့ သင်ယူခြင်းဖြင့် ထက်မြက်တဲ့ကျောင်းသားတွေ ပျင်းရိလာပြီး ဉာဏ်နည်းတဲ့သူတွေ ပိုညံ့လာတဲ့ သင်ကြားရေးစနစ် ခပ်ညံ့ညံ့ အခြေအနေဆိုး တွေကနေ ကလေးတွေကို ကယ်တင်နိုင်မယ်လို့ ဆရာတွေက မျှော်လင့်လာကြပါတယ်။
AI နည်းပြ (AI Tutor) တစ်ယောက်ရှိခြင်းအားဖြင့် ကလေးတွေကို အရည်အသွေးပျမ်းမျှအဆင့်အတွက်သာ ထုတ်လုပ်ပေးနိုင်တဲ့ သမားရိုးကျ အတန်းတွေ ကနေ ကယ်တင်နိုင်မယ်လို့ ဆိုကြပါတယ်။
အင်္ဂလိပ်လို ရေးသားထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို ရှစ်နှစ်သား ဟင်ဒီစကားပြောသူတစ်ဦး နားလည်ချင်တယ်ဆိုရင် AI က ပြန်လည် ရေးသား ပေးနိုင်ပါတယ်။ အကြောင်းအရာ တစ်ခုကို ကာတွန်းရုပ်ပြ သို့မဟုတ် ပုံပြင်အဖြစ် ဒါမှမဟုတ် သီချင်းအဖြစ် ဖန်တီးဖို့ ဆိုတာဟာလည်း AI ခေတ်မှာ မခက်ခဲတော့ပါဘူး။
ဒါဟာပုဂ္ဂလိကစရိုက်အားလျော်စွာလေ့လာမှု (Personalized Learning) ပါပဲ။ ဒါဟာကျောင်းသားတစ်ဦးချင်းစီရဲ့လိုအပ်ချက်၊ စိတ်ဝင်စားမှု၊ သင်ယူမှု အရှိန်အဟုန် နဲ့ သင်ယူမှုပုံစံ တို့အပေါ် အခြေခံပြီး သင်ကြားရေးကို ဒီဇိုင်းဆွဲပြောင်းလဲပေးလိုက်တဲ့ သင်ကြားရေးချဉ်းကပ်မှု နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
ပညာရေးကို စနစ်တကျ ပြန်လည်ညှိနှိုင်းပေးတဲ့ သင်ကြားရေး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ရိုးရာ ပညာရေးစနစ်ကလို တပည့်အားလုံးကို တစ်ပုံစံတည်း ပုံသေကားကျ သင်ကြားပေးနေတာကို ဖယ်ရှားပြီး ကျောင်းသားတစ်ဦးချင်းအတွက် အသင့်တော်ဆုံး ဖြစ်အောင် စီစဉ် ပေးတာဖြစ်ပါတယ်။
AI ခေတ် ဖျော်ဖြေရေး ပုံစံသစ် တွေ ပေါ်ထွန်းလာခြင်း
နည်းပညာဟာ ပျော်စရာကောင်းတဲ့ ပုံစံအသစ်တွေကိုလည်း ဖန်တီးပေးနိုင်ပါတယ်။
ဟောလိဝုဒ် (Hollywood) ကတော့ AI ဗီဒီယိုတွေကို အရည်အသွေးညံ့တဲ့ “Slop” (အရည်အဖတ်မပါတဲ့အရာ) လို့ ဆိုပြီး ပယ်ချကောင်း ပယ်ချပါလိမ့်မယ်။ ဒါပေမဲ့ လူငယ်တွေ ကတော့ အဲဒီ ဗီဒီယိုတွေကို စိတ်ဝင်တစား ကြည့်ရှုနေကြပြီး၊ ကိုယ်တိုင်လည်း ဖန်တီးနေကြပါတယ်။ (slop ဆိုတဲ့ ဗန်းစကားရဲ့ အဓိပ္ပာယ်က အင်တာနက်ကို လွှမ်းမိုးနေတဲ့ အရည်အသွေးနိမ့်၊ တန်ဖိုးမရှိတဲ့ အကြောင်းအရာတွေကို ရည်ညွှန်း ပါတယ်။)
စက်ရုပ် (AI) တွေက အလျင်စလို ထုတ်လုပ်ထားတဲ့၊ အဓိပ္ပာယ်ပြည့်စုံမှု သိပ်မရှိတဲ့ စာသားတွေ၊ ဆောင်းပါးတွေကို “AI-generated slop” လို့ ခေါ်ပါတယ်။
အဆင့်မြှင့်ထားတဲ့ ကစားစရာများဟာလည်း AI ခေတ်မှာ ဝင်ရောက်နေရာယူလာကြပါပြီ။ အရင်က ထုတ်လုပ်ဖူးတဲ့ ကစားစရာတွေကို နည်းပညာနဲ့ ပေါင်းစပ်ပြီး အဆင့်မြှင့်တင်လာကြပါတယ်။ ဥပမာ – “Trivial Pursuit” ဆိုတဲ့ ဗဟုသုတမေးခွန်း ကစားနည်းရဲ့ AI စနစ်ပါဝင်တဲ့ ဗားရှင်း အသစ်က ဘယ်အကြောင်းအရာမဆို မေးခွန်းတွေ မေးနိုင်ပါတယ်။ ဂိမ်းကို ဉာဏ်ရည်တု (AI) စနစ်နဲ့ ပေါင်းစပ်လိုက်တဲ့အတွက် အဲဒီ ဗားရှင်းအသစ်ဟာ ဘာသာရပ်၊ အကြောင်းအရာ ကန့်သတ်ချက်မရှိ မေးခွန်းအမျိုးမျိုးကို ဖန်တီးမေးမြန်းပေးနိုင်ပါတယ်။
(Trivial Pursuit ဟာ ကမ္ဘာတစ်ဝန်းမှာ အရမ်းလူသိများတဲ့ ဗဟုသုတမေးခွန်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဘုတ်ဂိမ်းတစ်ခု ဖြစ်ပြီး ကစားသမား တွေဟာ မေးခွန်းတွေကို ဖြေဆိုရင်း pie-shaped token (ကိတ်မုန့်တစ်စိတ်ပုံစံ သေးငယ်တဲ့ အရောင်စုံ အမှတ်အသား) အရောင်ခြောက်မျိုး ပါတဲ့ တိုကင်တွေ (colored wedges) ကို စုဆောင်းရကာ ဒီ တိုကင်တွေ အပြည့်စုဆောင်းနိုင်မှ ဂိမ်းကို အနိုင်ရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းက ကစားရတာ ဆွဲဆောင်မှုရှိတဲ့အပြင်၊ သမိုင်း၊ သိပ္ပံ၊ ဖျော်ဖြေရေး စသဖြင့် ခေါင်းစဉ်အမျိုးမျိုးနဲ့ ထုတ်ထားတဲ့ (Themed Editions) တွေ အများကြီးရှိတာကြောင့် ထင်ရှားပါတယ်။)
ဗီဒီယိုဂိမ်းတွေဟာ ကစားသူတွေအတွက် ဆန်းသစ်ပြီး ထူးခြားတဲ့ အတွေ့အကြုံတွေ ဖန်တီးပေးနေပါတယ်။ ဥပမာအားဖြင့်၊ “Fortnite” လို ဂိမ်းမျိုးတွေမှာ “Star Wars” ထဲက Darth Vader လို ထင်ရှားတဲ့ ဇာတ်ကောင်တွေနဲ့တောင် တိုက်ရိုက် စကားပြောဆိုနိုင်တာမျိုးပေါ့။
(Darth Vader ဟာ စကြဝဠာကို အကြောက်တရားနဲ့ အုပ်ချုပ်ဖို့ကြိုးစားခဲ့သူ ဇာတ်ကောင်ဖြစ်တယ်။ မူလက လူကောင်းတစ်ဦးဖြစ်ခဲ့ပေမယ့် ဆိုးရွားတဲ့ ဗီလိန်အဖြစ် ပြောင်းလဲသွားခဲ့တယ်။၊ Star Wars ဇာတ်လမ်းရဲ့ အရေးပါတဲ့ ခေါင်းဆောင် ဗီလိန် တစ်ဦး ဖြစ်ပါတယ်။ သူက ခေါင်းအစ ခြေအဆုံး အမည်းရောင် သံချပ်ကာဝတ်စုံကြီး ကို ဝတ်ထားတယ်။ မျက်နှာဖုံးကြီးကလည်း လုံးဝန်းပြီး ကြောက်စရာကောင်းတယ်။ အသက်ရှူသံက ဟူးဟူးနဲ့ စက်သံကြီး ပုံမှန်ထွက်နေတာက သူ့ရဲ့ ထူးခြားတဲ့ အမှတ်အသားပါ။ သူဟာအနီရောင် ရောင်ခြည်ဓားကို ကိုင်ဆောင်ပြီး တိုက်ခိုက်တယ်။ သူက စွမ်းအား ကို အသုံးပြုနိုင်တဲ့သူပါ။ အထူးခြားဆုံးကတော့ အဝေးကနေ လူတစ်ယောက်ရဲ့ လည်ပင်းကို ညှစ်သလို လုပ်နိုင်တာပါပဲ။)
ဘယ်ကလေးမဆို သူတို့ရဲ့ သူရဲကောင်းတွေ နဲ့ တွေ့ဆုံနိုင်သလို မနှစ်သက်တော့တဲ့ ဇာတ်ကောင်ကို ပစ်ခတ် နိုင်တဲ့ အခွင့်အရေးမျိုးကိုလည်း ရနေပါပြီ။
AI ရဲ့ အန္တရာယ်များ
AI ရဲ့ အန္တရာယ်များကို ပြောပြချင်ပါသေးတယ်။ သတိပြုစရာ တစ်ချက်ကတော့အချက်အလက် မှားယွင်းမှုပါပဲ။ AI နည်းပြဆရာတွေဟာ အဖြေမှားတွေကို အမှန်လို ထင်ယောင်ထင်မှား ဖြစ်အောင် ဖန်တီးထုတ်ပေးနိုင်ပါတယ်။ AI စနစ်ပါဝင်တဲ့ ကစားစရာအရုပ်တွေကလည်း လူ့ကျင့်ဝတ်မှ သွေဖည်တာမျိုး ဖြစ်နိုင်ပါတယ်။ လိင်ပိုင်းဆိုင်ရာ ရိုင်းပျတဲ့ စကားတွေ ပြောဆိုတဲ့ AI ဝက်ဝံရုပ် (Teddy Bear) တွေ ခရစ္စမတ်မှာ ပါလာမလားဆိုတာကို မိဘတွေအနေနဲ့သတိထား စစ်ဆေးသင့်ပါတယ်။
AI ကို အလွဲသုံးပြီးပညာရေးမှာ မရိုးမသား လုပ်နိုင်လာတယ်။ အိမ်စာခိုးချဖို့ လွယ်ကူလာတယ်။ ဒါ့အပြင်”Deepfake” လို့ခေါ်တဲ့ လုပ်ကြံဖန်တီး ဗီဒီယိုတွေ နဲ့ တစ်ယောက်ကိုတစ်ယောက် အနိုင်ကျင့် စနောက်ဖို့ အသုံးပြုနိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်နိုင်တဲ့ အန္တရာယ်ကိုလည်း လျှော့မတွက်သင့်ပါဘူး။ စကားပြောစက်ရုပ် (Chatbots) တွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်လွယ်တဲ့ ဆယ်ကျော်သက်တွေကို မိမိကိုယ်ကို ထိခိုက်အောင် လုပ်ဖို့အထိ ဖြားယောင်း သွေးဆောင်နိုင်ခြေ ရှိပါတယ်။
ဒီလို အန္တရာယ်တွေရှိနေပေမဲ့၊ နည်းပညာကုမ္ပဏီတွေကတော့ ဒီ ပြဿနာတွေအားလုံးကို ပြုပြင်နိုင်မယ်လို့ အခိုင်အမာ ပြောဆိုနေကြပါတယ်။
သူတို့ရဲ့ ပြောဆိုချက်အရဆိုရင် ChatGPT လို နည်းပညာဟာ သုံးနှစ်သား ကလေးအရွယ်ပဲ ရှိပါသေးတယ် တဲ့။ ဒါကြောင့် အချိန်ပေးပြီး ဆက်လက် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရင် အသုံးပြုသူတွေအန္တရာယ်တွေ ကင်းဝေးမယ်လို့ ဆိုတယ်။
AI က သူ့ရဲ့ ရည်ရွယ်ချက်အတိုင်း တိုးတက်အောင် လုပ်ဆောင်နေပေမယ့် ကလေးဘဝကို ပြောင်းလဲဖျက်ဆီးပစ်နိုင်ခြေ ရှိပါတယ်။
ဒီနည်းပညာရဲ့ သဘောကတော့ ကလေးတစ်ယောက် ဘာကို ကြိုက်လဲဆိုတာကို မြန်မြန်ဆန်ဆန် လေ့လာတယ်၊ ပြီးရင် သူကြိုက်တဲ့ အရာတွေကိုပဲ ပြန်ပေးနေတာပါပဲ။ ကျွန်တော်တို့ သုံးနေတဲ့ လူမှုမီဒီယာ ဖိဒ် (Social Media Feeds) တွေတောင်မှ အရင်ကတည်းက “ပဲ့တင်သံအခန်း” (Echo Chambers) တွေ ဖန်တီးခဲ့ပြီးသားပါ။ အဲဒီအခန်းထဲမှာဆိုရင် လူတွေက ကိုယ်နှစ်သက်တဲ့ အရာတွေကိုပဲ မြင်နေရတာပေါ့။ ဒါကို ပဲ့တင်သံအခန်းထဲမှာ ပိတ်မိခြင်းလို့ ခေါ်ပါတယ်။
Echo Chamberဆိုတာက နည်းပညာနဲ့ လူမှုရေးဆိုင်ရာ ဝေါဟာရဖြစ်ပြီး အဓိကအားဖြင့် လူမှုကွန်ရက်နဲ့ အင်တာနက် ပေါ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတစ်ခုကို ဖော်ပြတာပါ။ ကိုယ့်ရဲ့ အမြင်၊ ယုံကြည်ချက်၊ သဘောထားတွေနဲ့ တူညီတဲ့ အကြောင်းအရာတွေ၊ သတင်းအချက်အလက် တွေနဲ့ လူတွေသာ ဝန်းရံနေတဲ့ အွန်လိုင်း အသိုင်းအဝိုင်း (Online Community) ကို ခေါ်တာပါ။
တကယ့် အခန်းထဲမှာ အသံတစ်ခု ပြောလိုက်ရင် ပဲ့တင်ထပ်ပြီး ကိုယ့်ဆီ ပြန်လာသလိုမျိုး ဒီအသိုင်းအဝိုင်းထဲမှာ ကိုယ်လိုချင်တဲ့၊ ယုံကြည်ထားတဲ့ အမြင်တွေကိုပဲ ထပ်ကာထပ်ကာ ကြားနေရတာ မြင်နေရတာကို ဆိုလိုပါတယ်။
လူမှုကွန်ရက် Algorithm အရ Facebook, TikTok, YouTube လိုမျိုး Platform တွေက ကိုယ်အရင်က ဖတ်ခဲ့ဖူးတဲ့၊ ကြိုက်ခဲ့ဖူးတဲ့၊ Share လုပ်ခဲ့ဖူးတဲ့ အကြောင်းအရာတွေနဲ့ ဆင်တူတာတွေကိုပဲ ပိုပြီး ပြသပေးပါတယ်။ ဒါကြောင့် ကိုယ်နဲ့ သဘောထားမတူတဲ့ အမြင်တွေကို မြင်ရဖို့ နည်းသွားပါတယ်။
AI က ဒီ ပဲ့တင်သံအခန်း တွေကို ပိုပြီး အားကောင်းအောင် လုပ်လာနိုင်တဲ့ အန္တရာယ် ရှိတယ်။ ဒါဆိုရင် ကလေးတွေဟာ ငယ်ငယ်လေး ကတည်းက အဲဒီထဲမှာ ပိတ်မိနေသလို ဖြစ်သွားနိုင်တယ်။
ကလေးတွေအတွက် AI က ဘယ်လို အန္တရာယ်ဖြစ်စေနိုင်သလဲဆိုတာကို ပြောရရင် စိတ်ဝင်စားတဲ့အရာမှာပဲ ပိတ်မိနေခြင်းဖြစ်တယ်။
ဘောလုံးကို ကြိုက်တဲ့ ကလေးတစ်ယောက်ဟာ သူ့ရဲ့ AI ဝက်ဝံရုပ်ဆီကနေ ဘောလုံးပုံပြင်တွေချည်းပဲ နားထောင်ရမယ်။ AI ဆရာဆီ ကနေလည်း ဘောလုံးနဲ့ပတ်သက်တဲ့ ဥပမာတွေချည်းပဲ ရနေမယ်။ ဒါက ကလေးတွေကို သူတို့ဘာသာအသစ်တွေ ရှာဖွေတွေ့ရှိဖို့ တားဆီး ထားသလို ဖြစ်သွားနိုင်တယ်။ ကိုယ်ကြိုက်တဲ့အရာကိုပဲ အမြဲကြားနေရတော့၊ မရင်းနှီးတဲ့ ဒါမှမဟုတ် မကြိုက်တဲ့ အရာတွေကို လက်ခံနိုင်ဖို့ လုံးဝ သင်ယူနိုင်တော့မှာ မဟုတ်ဘူး။

လူမှုဆက်ဆံရေး ပြဿနာများ
Chatbot တွေနဲ့ပဲ စကားပြောနေတာလည်း ပြဿနာပဲ။ ဘာလို့လဲဆိုတော့ AI သူငယ်ချင်းတွေက ဘယ်တော့မှ အပြစ်မတင်ဘူး၊ ခံစားချက်တွေကိုလည်း မျှဝေတာ မရှိဘူး။ ဒီလို အဖော်မျိုးတွေက ကလေးတွေကို လက်တွေ့ဘဝက လူသားတွေနဲ့ ဘယ်လို ဆက်ဆံရမလဲဆိုတာ ပြင်ဆင်ပေးနိုင်စွမ်း မရှိဘူး။
အမေရိကန် ဆယ်ကျော်သက် သုံးပုံတစ်ပုံက AI သူငယ်ချင်းနဲ့ စကားပြောရတာဟာ လူအစစ်နဲ့ ပြောရသလိုပဲ ကောင်းတယ်၊ မိဘတွေနဲ့ ပြောတာထက်တောင် ပိုလွယ်တယ်လို့ ပြောတယ်။ အမြဲတမ်း ခေါင်းညိတ်ပြီး သဘောတူနေတဲ့ စက်ရုပ်တွေကြောင့် ကလေးတွေဟာ အလှည့်ကျ ပြောဆိုဖို့ မသင်ယူနိုင်ဘူး။ လူကြီးတွေ ဖြစ်လာတဲ့အခါမှာလည်း အပေးအယူလုပ်ဖို့ (Compromise) ဒါမှမဟုတ် အဖွဲ့နဲ့ ကောင်းကောင်း ပူးပေါင်းလုပ်ဆောင်ဖို့ မသိတော့ဘူး။
ခေတ်ရေစီးကြောင်းတွေရဲ့ သက်ရောက်မှုကလည်း အရေးကြီးပါတယ်။ ကလေးမွေးဖွားနှုန်း နည်းလာတော့ မောင်နှမအရင်းအချာမရှိဘဲ ကြီးပြင်းရတဲ့ ကလေးတွေ များလာတယ်။ လူငယ်တွေက ရေရှည်ဆက်ဆံရေးကို တန်ဖိုးမထားတော့ဘူး။ အိမ်ကနေ အလုပ်လုပ်တာ (Working from Home) များလာတော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့တောင် ဖန်သားပြင်ကနေပဲ ဆက်ဆံရတော့မယ်။
ဒါကြောင့် အမြန်ဆုံး အရေးတကြီးလုပ်ကြရမယ့် အရာတွေ ရှိပါတယ်။ မိဘတွေအနေနဲ့ ကလေးတွေကို စက်ရုပ်အရုပ်ထဲမှာဖြစ်စေ၊ စက်ရုပ်မပါဘဲဖြစ်စေ စကားလုံးတွေကိုပဲ ပြန်ရွတ်နေတဲ့ Chatbot တွေနဲ့ ပေးမပြောမိဖို့ ဂရုစိုက်သင့်တယ်။
အစိုးရတွေအနေနဲ့ AI Chatbot တွေကို သုံးစွဲနိုင်တဲ့ အသက်အရွယ် ကန့်သတ်ချက်ကို တင်းတင်းကျပ်ကျပ် သတ်မှတ်ပေးဖို့ လိုတယ်။ လူမှုမီဒီယာ ကုမ္ပဏီတွေကို ပေးခဲ့သလို လွတ်လပ်လွန်းတဲ့ လည်ပတ်ခွင့်ကို AI ကုမ္ပဏီတွေကို ပေးလို့ မရဘူး။
ဆရာတွေ အနေနဲ့တော့ အိမ်ကနေ ရေးလာတဲ့ စာစီစာကုံးတွေကို အယုံအကြည် မရှိသင့်တော့ဘူး။ AI ကြောင့် ကျောင်းတွင်း စာမေးပွဲတွေနဲ့ စစ်ဆေးမှုတွေဟာ ပိုပြီး အရေးပါလာပြီ။
ရေရှည်မှာတော့ AI က ကလေးတွေဆီကနေ လူမှုဆက်ဆံရေးကို လုယူသွားနိုင်တာကို ဘယ်လို ကာကွယ်ရမလဲဆိုတာကို စဉ်းစားရမယ်။ ကလေးဘဝရဲ့ အချိန်အများစုကို ကုန်ဆုံးစေတဲ့ ကျောင်းတွေဟာ ဒီကိစ္စအတွက် အကောင်းဆုံး နေရာပဲ။ ကျောင်းတွေဟာ Personalized Teaching (ပုဂ္ဂလိက စရိုက် အားလျော်စွာသင်ကြားမှု) နည်းလမ်းတွေကို သုံးသင့်ပေမယ့် AI မလုပ်နိုင်တဲ့ အရာတွေကို ပိုပြီး အာရုံစိုက် သင်ပေးရမယ်။ ဥပမာ-အငြင်းပွားနည်း (Debating) ၊ သဘောမတူတဲ့အခါ ကိုင်တွယ်နည်း (Disagreeing) ၊အဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်နည်း (Working with others) ၊ Chatbot လို အမြဲတမ်း စိတ်ကျေနပ်အောင် လုပ်မပေးနိုင်တဲ့ လူတွေကိုပါ တန်ဖိုးထားတတ်အောင် သင်ယူခြင်း စတာတွေပဲ ဖြစ်ပါတယ်။
ဒီလို AI တွေ ဝင်လာတဲ့ခေတ်မှာ ကျောင်းတွေရဲ့ အခန်းကဏ္ဍကို ပိုပြီး အားကောင်းအောင် လုပ်ဖို့ လိုအပ်ပါတယ်။
AI ကို စူးစမ်းလေ့လာ တွေ့ရှိချက်တွေရဲ့ အထောက်အကူပြု ကိရိယာသဖွယ် အသုံးချကြရမယ်။ AI (ဉာဏ်ရည်တု) ကို သုတေသန လုပ်ငန်းတွေနဲ့ ရှာဖွေတွေ့ရှိမှုတွေအတွက် အဓိက ကိရိယာတစ်ခုအဖြစ် အသုံးပြုရတဲ့ အကြောင်းရင်းကတော့ AI က အရမ်းများပြားတဲ့ အချက်အလက် (Data) တွေကို လူတွေထက် ပိုမိုမြန်ဆန် တိကျစွာ ခွဲခြမ်းစိတ်ဖြာပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ သုတေသန လုပ်ငန်းစဉ်ရဲ့ ထပ်တလဲလဲ လုပ်ရတဲ့ အဆင့်တွေကို AI က အလိုအလျောက် လုပ်ဆောင်ပေးနိုင်တာကြောင့် သုတေသီတွေဟာ ပိုပြီး စဉ်းစားတွေးခေါ်ရမယ့်၊ ဖန်တီးရမယ့် အပိုင်းတွေမှာ အချိန်ပိုပေးနိုင်ပြီး လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ပေးနိုင်ပါတယ်။
AI က ကလေးတွေ လိုချင်တာကိုပဲ အလျှံပယ် ပေးနေတဲ့အတွက် ကျောင်းတွေအနေနဲ့ ကလေးတွေရဲ့ အတွေ့အကြုံနယ်ပယ်ပြင်ပက လူတွေ နဲ့ အယူအဆသစ်တွေ ကို ထိတွေ့ဖို့ အခွင့်အရေး ပေးဖို့ ပိုပြီး အရေးကြီးလာပါတယ်။
AI ရဲ့ ဒီလို ကိုယ်ပိုင်စိတ်ကြိုက် ချိန်ညှိပေးမှု (Algorithmic Personalization) ဟာ ကလေးတွေကို ဘောင်ခတ်ပေးရာ ရောက်ပြီး လူမှုရေးအရ ဘဝတိုးတက်မှု (Social Mobility) အတွက် ကြီးမားတဲ့ အတားအဆီး ဖြစ်လာနိုင်ပါတယ်။
မညီမျှမှု ပိုမိုကျယ်ပြန့်ခြင်း မဖြစ်စေသင့်ပါဘူး။ဆင်းရဲတဲ့ ကျောင်းတွေက လူသားဆရာတွေရဲ့ နေရာမှာ စျေးသက်သာတဲ့ အစားထိုးပစ္စည်း အဖြစ် Chatbot တွေကိုသာ သုံးလိုက်မယ်ဆိုရင် ပညာရေး မညီမျှမှုဟာ ပိုပြီး ကျယ်ပြန့်လာနိုင်ပါတယ်။ (လူချမ်းသာတွေက လူ့ဆရာကို ငှားနိုင်ပြီး ဆင်းရဲသူက စက်နဲ့ပဲ သင်ရမယ်)။
အနှစ်ချုပ် သုံးသပ်ကြည့်ရင် –
AI (ဉာဏ်ရည်တု) ဟာ ပညာရေးနယ်ပယ်ကို တိုးတက်စေဖို့နဲ့ ကျွန်တော်တို့ရဲ့ ဖျော်ဖြေရေး ကဏ္ဍကို ပိုပြီး ကြွယ်ဝစေဖို့အတွက် ငြင်းမရတဲ့ အလားအလာကောင်းတွေ အများကြီး ရှိပါတယ်။ တစ်ချိန်ကျရင် AI ရဲ့ ပုဂ္ဂိုလ်ရေးအလိုက် သင်ယူမှု စွမ်းရည်တွေကြောင့် ကလေးတိုင်းဟာ သင်ယူမှုမှာ ဘုရင်တစ်ပါးလို သူ့စိတ်တိုင်းကျ၊ ကိုယ်နဲ့ အသင့်တော်ဆုံး ပုံစံအတိုင်း သင်ယူပြီး နေထိုင်ရနိုင်ပါတယ်။
ဒါပေမဲ့ ဒီနည်းပညာရဲ့ တကယ့် အခွင့်ထူးခံ ဖြစ်မယ့်သူတွေကတော့ “ဘယ်အချိန်မှာ AI ကို ပိတ်ပစ်ရမလဲ” ဆိုတာကို ကောင်းကောင်းသိတဲ့ မိဘတွေနဲ့ ဆရာတွေက ဦးဆောင်ပြီး ထိန်းကျောင်း ပဲ့ပြင်ပေးတဲ့ ကလေးတွေပဲ ဖြစ်ပါလိမ့်မယ်။ ဆိုလိုတာက နည်းပညာကို အသုံးပြုရုံ သက်သက်ထက် ဘယ်အချိန်မှာ နည်းပညာနဲ့ ခဏတာ အဆက်ဖြတ်ပြီး တကယ့်လက်တွေ့ဘဝက လူမှုဆက်ဆံရေးတွေ၊ စဉ်းစား တွေးခေါ်မှုတွေ၊ ဖန်တီးမှုတွေဆီကို ပြန်သွားရမယ်ဆိုတဲ့ ဆုံးဖြတ်နိုင်စွမ်းနဲ့ ကိုယ်ပိုင် ထိန်းချုပ်နိုင်စွမ်း (self-control) ကို သင်ကြား ပေးနိုင်သူတွေသာ အနာဂတ်မှာ ပိုပြီး အောင်မြင်တဲ့ မျိုးဆက်ကို ဖန်တီးပေးနိုင်မှာပါ။
SOURCES:
- How AI is rewiring childhood, The Economist
- Artificial intelligence and robotics in education: Advances, challenges, and future perspectives, ScienceDirect


