The Corner

The Corner

cropped-Logo_round_grey-background.png

ဗော့ဒကာ၊ ချပါတီ နဲ့ ဟမ်ဘာဂါတို့ရဲ့ သုံးပွင့်ဆိုင်အချစ်

Share မယ်

၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၄ရက်နေ့မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ အိန္ဒိယ – ရုရှား (၂၃) ကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲအတွက် ဒေလီမြို့ကို ဆိုက်ရောက်လာပါတယ်။ ဒါဟာ ယူကရိန်းနဲ့ စစ်စတင်တဲ့ ၂၀၂၂ ကတည်းက အခုထိ သူ့ရဲ့ ပထမဆုံး အိန္ဒိယနိုင်ငံ ခရီးစဉ် ဖြစ်ပါတယ်။ ရင်းနှီးနွေးထွေးမှုတွေ အပြည့်နဲ့ ခရီးစဉ်ပါ။ ဝန်ကြီးချုပ် မိုဒီရဲ့ အိန္ဒိယအိမ်တော်မှာ သီးသန့် ညစာစားပွဲ၊ တစ်နေကုန်မယ့် ထိပ်သီးဆွေးနွေးပွဲ၊ သမ္မတအိမ်တော် ညစာစားပွဲ၊ ကမ္ဘာ့ငြိမ်းချမ်းရေးဖခင်ကြီး မဟတ္တမဂန္ဒီရဲ့ အမှတ်တရနေရာ အလည်ခရီး၊ စတဲ့ အစီအစဉ်တွေနဲ့ ပူတင့်ကို အိန္ဒိယက အခမ်းနားဆုံးအကြီးကျယ်ဆုံး ဧည့်ခံကြိုဆိုခဲ့ပါတယ်။ အိန္ဒိယ နဲ့ ရုရှားတို့မှာ နက်ရှိုင်းကြာမြင့်တဲ့ ဆက်ဆံမှု ရှိခဲ့တာပါ။

စစ်အေးတိုက်ပွဲအတွင်း အင်အားကြီးနိုင်ငံတွေအကြား အိန္ဒိယ ရဲ့ ဘက်မလိုက်မူဝါဒကျင့်သုံးခဲ့တဲ့ အချိန်တွေမှာရော ပြန်လည်ပြင်ဆင်လိုက်တဲ့ အားလုံးနဲ့ ဆက်ဆံရေး မူဝါဒ အချိန်အတွင်းမှာရော နှစ်နိုင်ငံစ လုံးဟာ မဟာမိတ်တွေအဖြစ်ရှိခဲ့တာပါ။ အိန္ဒိယ က ရုရှားကို အကူအညီလိုတဲ့ အချိန်မှာ ပေးတဲ့ မပြောင်းလဲတဲ့ မဟာမိတ်အဖြစ် ရှုမြင်ပါတယ်။ အမေရိကန် ဆန်းစစ်ချက်တစ်ခုရဲ့ ၂၀၂၃ခုနှစ် ရလဒ်မှာ အိန္ဒိယ နိုင်ငံသား ထက်ဝက်ကျော်က ရုရှားကို ကြိုက်ကြပါသတဲ့။ အခြား ၂၅ နိုင်ငံက လူတွေရဲ့ အကြိုက် ၁၅ % နဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ ရုရှားအစိုးရရဲ့ ထောက်ပံ့ခံ ဝါဒဖြန့်ချိရေးဌာနက “မိတ်ဟောင်းဆွေဟောင်း၏ အသံသစ်” လို့ အိန္ဒိယ မှာ ကြော်ငြာပါတယ်။

ပြီးခဲ့တဲ့ နှစ် ၂၀အတွင်းမှာ အိန္ဒိယဟာ ရုရှားရဲ့ အဝန်းအဝိုင်းထဲကနေ ရွေ့မျောလာရာက အနောက်နိုင်ငံ တွေရဲ့ သူ့အပေါ် ရာဇဝင်နဲ့ ချီပြီး မယုံကြည်မှုကို တဖြည်းဖြည်း ကျော်လွှားနိုင်လာပါတယ်။ အမေရိကန်နဲ့ဆိုရင် နှစ်နိုင် ငံစလုံးက အဓိကပါတီကြီးတွေရဲ့ ခေါင်းဆောင်တွေ အကြား အရင်းနှီးဆုံးအခြေအနေကို ရောက်ခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ ပထမ သမ္မတ သက်တမ်းမှာ ပိုပြီး ခိုင်မာလာပါတယ်။ ဒေါ်နယ်ထရမ့်နဲ့ မိုဒီတို့ဟာ ဆက်ဆံရေးပို ကောင်းအောင် တည်ဆောက်နိုင်ခဲ့ပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်တွေဟာ အပြန်အလှန် လည်ပတ်မှုတွေ လုပ်ခဲ့ ပြီး မဟာမိတ်တွေအဖြစ် ဖော်ဆောင်ခဲ့ပါတယ်။ ထရမ့်ရဲ့ ဒုတိယ သက်တမ်းမှာတော့ အိန္ဒိယကို ရုရှားက ရေနံဝယ်တဲ့အပိုင်းမှာ ကုန်သွယ်ခွန် ၅၀ % အထိသတ်မှတ်လိုက်တာ အိန္ဒိယအတွက် ရိုက်ချက်တစ်ခုဖြစ်ခဲ့ တဲ့အပြင် မကြာသေးတဲ့ သုံးလပိုင်းအတွင်း ၈.၂% တိုးတက်နေတဲ့ အိန္ဒိယ စီးပွားရေးကို အဆုံးသတ်သွားပြီ လို့  ပြောခဲ့ပါသေးတယ်။ ဝန်ကြီးချုပ် မိုဒီက ထရမ့်နဲ့ ဆုံနိုင်တဲ့ ထိပ်သီးအစည်းအဝေးတွေကို ရှောင်ပါ တော့တယ်။

အဲဒီနောက် အိန္ဒိယဟာ ပြောင်ပြောင်ပဲ ပူတင်တို့၊ ရှီကျင်းဖျင်တို့နဲ့ နွေးနွေးထွေးထွေးလုပ်လာတာကို တွေ့ရပါ တယ်။ အထူးသဖြင့် ဘေဂျင်းနားမှာ ဩဂုတ်လထဲ ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးမှာ ဖြစ်ပါတယ်။ အခု ရက်သတ္တပါတ်ထဲ ထွက်ပေါ်လာတဲ့ မိုဒီနဲ့ ပူတင်တို့ ဖက်ယမ်းနှုတ်ဆက်နေပုံဟာ အိန္ဒိယမှာ စီးပွားရေးနဲ့ ကာကွယ်ရေးအတွက် မဟာမိတ်တွေအများကြီး ရှိသေးတယ် ဆိုတဲ့ အမေရိကန်ကို ပေးထားတဲ့ သတင်းစကားကို ထပ်ပြီး ခိုင်မာစေချင်ပုံ ရှိပါတယ်။ ဒါပေမဲ့ ရုရှားဟာ တရုတ်ရဲ့ ဩဇာအာဏာအောက် လုံးလုံးလျားလျား ကျရောက်သွားမှာကိုတော့ အိန္ဒိယအနေနဲ့ မြင်ချင်ပုံမရပါဘူး။ ဒီတစ်ပတ်ဆွေးနွေးပွဲတွေက စီးပွားရေးနဲ့ ကာကွယ်ရေး ပိုမို ပူးပေါင်း ဆောင်ရွက်ဘို့ အရေးတွေ ဆွေးနွေးကြမှာပါ။ ရုရှားရဲ့ S 400 ဝေဟင် ကာကွယ်ရေး စနစ်ဟာ မေလအတွင်းကဖြစ်ခဲ့တဲ့ အိန္ဒိယ-ပါကစ္စတန် စစ်ပွဲရဲ့ သော့ချက်ဖြစ်တယ်လို့ အိန္ဒိယ လေတပ်ဦးစီးချုပ် က  မကြာခင်က ပြောခဲ့ပါတယ်။ အိန္ဒိယ က ထပ်ပြီး လိုချင်နေတာပါ။ တခြား ကမ်းလှမ်းမှုတွေလည်း ရှိပါသေးတယ်။ SU 57 ရေဒါလွတ်ဖိုက်တာဂျက်ကို အိန္ဒိယက တကယ်ရေဒါမလွတ်ဘူးဆိုပြီး တခါတုံးက ငြင်းဆန်ခဲ့ပါတယ်။ အခု ကမ်းလှမ်းချက်အသစ်မှာတော့ နည်းပညာ အားလုံးကို လွှဲပြောင်းပေးဘို့ ပါပါတယ်။ သမ္မတပူတင်ရဲ့ အလည် အပတ်ခရီးစဉ်မှာ SU 57 နဲ့ S 400s တို့ဟာ ဦးစားပေးဖြစ်ကြောင်း သမ္မတ ပူတင်ရဲ့ ပြောရေးဆိုခွင့် ရှိသူက ပြောတယ် လို့ အိန္ဒိယ အစိုးရ သတင်းဌာနက ဆိုပါတယ်။ ဒုံးကျည်ကာကွယ်ရေးစနစ် မျိုးဆက်သစ် S 500s ကို ပူးတွဲထုတ်လုပ်ကြဖို့ ခေါင်းဆောင်နှစ်ဦး ဆွေးနွေး ကြမယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ (၅) ရက်နေ့က ရုရှား သမ္မတ ပူတင်နှင့် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီတို့ တွေ့ဆုံစဥ် (Photo: The Hindu)

အိန္ဒိယ အတွက် ကာကွယ်ရေးပစ္စည်းတင်သွင်းသူများထဲမှာ တတိယဖြစ်တဲ့ ရုရှားဟာ အိန္ဒိယ ရဲ့ အကြီးဆုံး လက်နက်ရောင်းချသူ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ၁၀ နှစ်လောက်အတွင်းမှာတော့ လေးပုံ သုံးပုံအထိ ကျဆင်းသွား ပါတယ်။ အိန္ဒိယ ဟာ အမေရိကန်၊ ပြင်သစ်၊ အစ္စရေးတို့ကနေ ခေတ်မီလက်နက်တွေ တင်သွင်းမှုကို တိုးမြှင့် လာခဲ့ပြီး ကိုယ်တိုင်ထုတ်လုပ်ဖို့လည်း ကြိုးစားလာပါတယ်။ ရုရှားလက်နက်တွေက ဖြစ်ကတတ်ဆန်း လုပ်ထားတယ်ဆို တဲ့ နာမည်ပျက်တွေ ရလာပြီး ပို့ဆောင်ရာမှာလဲ ယူကရိန်းစစ်ကြောင့် ကြန့်ကြာမှုတွေ ရှိလာပါတယ်။ ၂၀၁၈ ကတည်းက ရုရှားကနေ မှာထားတဲ့ S 400s ငါးခုထဲက နှစ်ခုကို အိန္ဒိယ က မရသေးပါဘူး။

နောက်ဆွေးနွေးမယ့်ခေါင်းစဉ်က ကုန်သွယ်ရေးပါ။ အိန္ဒိယ ဟာ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း ရုရှားရဲ့ ရေနံကို လျှော့စျေးနဲ့ ဝယ်ပြီး သွင်းကုန်စရိတ်ကို လျှော့ချခဲ့သလို ရုရှားကို ယူကရိန်းနဲ့ စစ်စရိတ်အတွက် အကူအပံ့ ဖြစ်စေခဲ့ပါတယ်။ ICRA အိန္ဒိယစီရင်ခံစာအရ ရုရှားကနေ သွင်းတဲ့ ရေနံပမာဏဟာ ၂၀၂၂ ခုနှစ်မှာ ၂ % သာရှိရာက မနှစ်ကတော့ ၃၆% အထိ တက်သွားပြီး အိန္ဒိယ အတွက် သွင်းကုန်စရိတ်ကို ယူကရိန်းစစ်ပွဲ ပထမ နှစ်နှစ်အတွင်းမှာ အမေရိကန် ဒေါ်လာ သုံးဘီလျံအထိ သက်သာစေခဲ့တယ်လို့ တွေ့ရပါတယ်။ ဒါပေမဲ့ အရင်လက ရုရှား ရေနံ ထုတ်လုပ်သူတွေအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့မှုနဲ့ နောက်လမှာ စတင်မယ့် ဥရောပနိုင်ငံတွေရဲ့ ပိတ်ဆို့မှု ကြောင့် ဒီ ရေနံတင်သွင်းမှုဟာ အဆုံးသတ်သွားတော့မှာပါ။

အိန္ဒိယ ရဲ့ အစိုးရပိုင်နဲ့ ပုဂ္ဂလိက ရေနံစက်ရုံတွေဟာ ရုရှားရေနံစိမ်းတွေကို သိုလှောင်ထားကြပြီး အိန္ဒိယ အစိုးရအဖွဲ့က ဘယ်တော့ ပြန်ပွင့် မလဲလို့ စောင့်ကြည့်နေကြပါတယ်။ လေ့လာသူတွေက တခြားနည်းလမ်းတွေ ရှိလာမှာ လို့ ထင်ပေမယ့် ချက်ချင်းကြီးတော့ မဟုတ်သေး ပါဘူး။ အိန္ဒိယက အမေရိကန်နဲ့ ကုန်သွယ်ရေး စာချုပ်ချုပ်ဆိုပြီးသည် အထိ သို့မဟုတ် ရုရှားက ယူကရိန်းစစ်ပွဲကို ရပ်သည်အထိ စောင့်ရမယ် လို့ ဆိုပါတယ်။ ရက်၊ လ၊ နှစ်များ ကြာ သွားနိုင်ပါတယ်။ အခုအချိန်မှာတော့ အိန္ဒိယ –  ရုရှား ဆက်ဆံရေး ပြန်လည်ကြီးမားလာဘို့ ထရမ့်က လုပ်ပေးနေပါတယ်။

၂၀၂၅ ဒီဇင်ဘာလထုတ် The Economist ပါ Donald Trump looms over Vladimir Putin’s visit to India ဆောင်းပါးကို ပြန်ဆိုသည်။

Click to rate this post!
[Total: 0 Average: 0]