၂၀၂၅ ခုနှစ်ထဲမှာ အသံအကျယ်ဆုံးက သမ္မတ ဒေါ်နယ်ထရမ့်ပါ။ သမ္မတ ဒီကရီ အမိန့်တွေကို အတွဲလိုက် ထုတ်ပြန်ပြီး သူ့ရဲ့ ပစ်မှတ်တွေကို တစ်ခုပြီးတစ်ခု ပစ်ခဲ့ပါတယ်။ အီလွန်မတ်စ်က်ရဲ့ အကူအညီနဲ့ ပြည်ထောင်စု အုပ်ချုပ်ရေး ယန္တရားကြီးကို ဖြိုခွဲဖို့ လုပ်ခဲ့ပါတယ်။ “Liberation Day” မှာ ကုန်သွယ်ခွန် စည်းမျဉ်းတွေ ပြန်ဆွဲခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းမှာလည်း ငြိမ်းချမ်းရေးတွေ ဖြစ်စေသလို စစ်ပွဲတွေနဲ့လည်း ခြိမ်းခြောက် ခဲ့ပါတယ်။
ဒါပေမဲ့လည်း အကျိုးအမြတ်အရဆုံးသူက တရုတ်သမ္မတ ရှီကျင်းဖျင် ဖြစ်သွားပါတယ်။ ဒီနှစ်ထဲမှာ ထရမ့်က ကုန်သွယ်ခွန်ကို လက်နက် အဖြစ် အသုံးချပြီး တိုးလျှိုးလာအောင် ကြိုးစားခဲ့တာကို တရုတ်ဘက်က ကောင်းကောင်းခုခံနိုင်ခဲ့ပါတယ်။ အသာစီးရသွားတဲ့ ရှီက အမေရိကန်ဟာ ဘယ်လောက်အထိ သူ့ရဲ့ မူဝါဒတွေအပေါ် မှီခိုနေရကြောင်း ပြသွားပါတယ်။ ၂၁ ရာစု အင်အားကြီးနိုင်ငံတွေရဲ့ ပါဝါပြိုင်ပွဲ မှာ တရုတ်က နိုင်သွားပါပြီ။
စက်မှုလုပ်ငန်းတွေအပေါ် လည်ပင်းညှစ်ထားနိုင်တဲ့ တရုတ်ရဲ့ ပါဝါကို ဒီနှစ်ထဲမှာ မြင်လိုက်ရပါတယ်။ တရုတ်နိုင်ငံရဲ့ ကုန်ချော ထုတ်လုပ်မှုဟာ တစ်ကမ္ဘာလုံးရဲ့ သုံးပုံတစ်ပုံကို ကျော်လွန်လာတဲ့အတွက် ကမ္ဘာ့ ကုန်ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးမှုကို တစ်ညတာအတွင်းမှာ ရပ်တန့်သွားစေနိုင်တဲ့ စွမ်းအားကို ရောက်ရှိလာ ပါတယ်။ လောင်စာချွေတာရေး နည်းပညာပိုင်းမှာ လေအားလျှပ်စစ်၊ ဆိုလာပြား၊ လျှပ်စစ်ကားတို့ရဲ့ အစိတ်အပိုင်းတွေ၊ အချောသပ်ကုန်ပစ္စည်းတွေကို ၆၀ % နဲ့ ၈၀ % လောက် တရုတ်ကုမ္ပဏီတွေက ထုတ်လုပ်ပါတယ်။ အမေရိကန်က ထိန်းချုပ်နိုင်ဖို့ အကောင်းဆုံး ကြိုးစားနေတဲ့ ကြားထဲကပဲ တရုတ်ရဲ့ Deepseek က ဉာဏ်ရည်တု AI နည်းပညာမှာ သူတို့ဘယ်လောက် လုပ်နိုင်တယ်ဆိုတာ ပြသခဲ့ပါတယ်။ တရုတ် ဆေးဝါးစက်ရုံတွေက သူတို့ရဲ့ ပြိုင်ဘက် အမေရိကန် ကုမ္ပဏီတွေလိုပဲ ကုသမှုစမ်းသပ်ချက် တွေ လုပ်ဆောင်လျက်ရှိပြီး ပိုပြီးမြန်ဆန်တာတွေ့ရပါတယ်။ အနောက်နိုင်ငံ ဆေးကုမ္ပဏီတွေဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က သက်သာတဲ့ လုပ်အားခနဲ့ ကြီးမားတဲ့စျေးကွက်ကြောင့် တရုတ်ပြည်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ အခုအချိန်မှာတော့ တရုတ်ပြည်မှာ ဓာတ်ခွဲခန်းတွေ ဆောက်လာပါတယ်။ ၂၀၂၅ မှာ ရှီကျင်းဖျင်ဟာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို ဓန အင်အားတွင်သာ မဟုတ်ပဲ အာဏာပါဝါမှာ ပါ သုံးချင်တဲ့ သူ့ရဲ့ ဆန္ဒကို ထုတ်ပြခဲ့ပါတယ်။ သူ့ရဲ့ မြေရှားသတ္တု ပြည်ပတင်ပို့မှု ကန့်သတ်ချက်ကို ကြည့်ရင် အခြားနိုင်ငံတွေရဲ့ မှီခိုနေရမှုအပေါ်မှာ တရုတ်က လက်နက်တစ်ခုလို အသုံးချခြင်းရဲ့ သာဓက တစ်ခုပါပဲ။ ဒီလအတွက် ဩစတြေးလျ အဖွဲ့တစ်ခုရဲ့ တွေ့ရှိချက်အရ တရုတ်တွေဟာ သူတို့ တင်သွင်းတဲ့ သိပ္ပံသုတေသနစာတမ်းတွေအရ က ၇၄ ခုရှိတဲ့အထဲ ၆၆ ခုမှာ ဦးဆောင်နေပါတယ်တဲ့။ အဲဒီထဲမှာ ကွန်ပျူတာဆိုင်ရာ ရှေ့ပြေး တီထွင်မှု၊ လျှပ်စစ်လုပ်ငန်း စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေက နှစ်ဒါဇင်ကျော် ပါဝင်ပါတယ်။
ထင်ရှားပေါ်လွင်လွန်းတဲ့ အချက်တစ်ချက်ကတော့ ထရမ့်ဟာ သူ့ရဲ့ ပြည်တွင်းနဲ့ ပြည်ပ ကုန်သွယ်ခွန်ကျ ဆုံးမှုတွေနဲ့အတူ ရှီရဲ့ လက်တွင်း သက်ဆင်းသွားတာပါ။ တရုတ်ကို ဒဏ်ခတ်ဖို့ နှစ်နိုင်ငံသဘောတူ ကုန်သွယ်ခွန်နည်းလမ်းကို ရွေးလိုက်တာ အမှားကြီးပါ။ ဘာကြောင့်လဲ ဆိုတာ တစ်စိတ်တစ်ပိုင်းအရ တရုတ်ကုမ္ပဏီတွေဟာ ဒီလိုဒဏ်ချက်မျိုးကို ခံဖူးကြပြီးသားပါ။ နောက် တစိတ်တစ်ပိုင်းကတော့ တရုတ်ဟာ ဒီမိုကရေစီ နိုင်ငံ မဟုတ်တဲ့အတွက် သူတို့စီးပွားရေးက အမေရိကန်ထက် အထုအထောင်း ပို ခံနိုင်ရည်ရှိပါတယ်။ ထရမ့်အနေနဲ့ အဲလို လုပ်မယ့်အစား အမေရိကန်ရဲ့ မိတ်ဖက်တွေနဲ့ နက်နက်ရှိုင်းရှိုင်း ပေါင်းစပ်စေခြင်းဖြင့် တရုတ်နဲ့ ကုန်သွယ်မှု အဝန်းအဝိုင်းကို ညှိနှိုင်းသင့်ပါတယ်။ ဒါပေမဲ့ မိုက်မဲစွာပဲ အားလုံးကို ကုန်သွယ်ခွန်တွေသုံးပြီး သူစိမ်းဆန်ပစ်ခဲ့ပါတယ်။
အလားတူပဲ ထရမ့်ရဲ့ သိပ္ပံပညာအပေါ် တိုက်ခိုက်ချက်တွေက အမေရိကန်ရဲ့ တီထွင်ကြံဆမှုတွေအပေါ် အတားအဆီးဖြစ်စေပါလိမ့်မယ်။ ထရမ့်ဟာ သုတေသနပညာရှင်တွေအပေါ် ပစ်မှတ်ထားပြီး ရန်ပုံငွေတွေ ကို ရပ်ဆိုင်း၊ သူမကြိုက်တဲ့ အဖွဲ့အစည်းတွေကို ထောက်ပံ့နေတဲ့ ဘီလီယံချီ ဒေါ်လာတွေကို ရပ်စေခဲ့ပါတယ်။ ဖြုန်းတီးမှုတွေ၊ ဝါဒအသစ်တွေကို ပယ်ဖျောက်ဖို့ဆိုတဲ့ သူ့လုပ်ရပ်တွေဟာ အရေးကြီး သုတေသနတွေအတွက် ရန်ပုံငွေ စီးဆင်းမှုအပေါ် ထိန်းချုပ်လိုက်ပါတယ်။ နိုင်ငံခြားသား သိပ္ပံပညာရှင် တွေအပေါ် ထရမ့်ရဲ့ ရန်လိုမှု အထူးသဖြင့် တရုတ်လူမျိုး သိပ္ပံပညာရှင်တွေအပေါ် သူ့ရဲ့ တိုက်ခိုက်မှု ကို လူဝင်မှုကြီးကြပ်ရေးမူဝါဒမှာ မြင်နိုင်ပါတယ်။ ထူးချွန်သူ တရုတ်ပညာရှင်တွေ အတွက် အမေရိက ကနေထွက်သွားမလား၊ ဒါမှမဟုတ် ရှိတဲ့နေရာမှာပဲ နေတော့မလား။ ဘာပဲဖြစ်ဖြစ် တရုတ်နိုင်ငံ ကတော့ အမြတ်ပါပဲ။
မေးခွန်းက စူပါပါဝါ က ဘယ်နားမှာလဲ ဆိုတာပါ။ ရေတိုမှာ တရုတ်အတွက် အမြတ်ဆိုတာ သေချာပါ တယ်။ အမေရိကနဲ့ သူ့မိတ်ဖက်တွေဟာ လည်ပင်းညှစ်ခံထားရကနေ တရုတ်ကို ပိတ်ပင်တားဆီးဖို့ မလုပ်နိုင်သေးပါဘူး။ ရှီကျင်းဖျင်က ထိုင်ဝမ်ကို အကျပ်ကိုင်လာမယ်ဆိုရင် အမေရိကန်နဲ့ မဟာမိတ်တွေ စဉ်းစားလာရမှာက တရုတ်ကို နောက်ပြန်ဆုတ်ဘို့ လုပ်တဲ့ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေက သူတို့ရဲ့ စီးပွားရေးနဲ့ နိုင်ငံသားတွေ ခံနိုင်တာထက် ပိုဆိုးမယ်ဆိုတာပါ။ ဒါဟာ အရှေ့အာရှ လုံခြုံရေးနဲ့ အနောက် ပစိဖိတ်ဒေသမှာ အမေရိကန်ရဲ့ ကဏ္ဍကို ရှုပ်ထွေးလာစေနိုင်ပါ တယ်။
ရေရှည်မှာတော့ တရုတ်ရဲ့ စွမ်းအားဟာ သူ့ရဲ့ တင်းကျပ်တဲ့ နိုင်ငံရေးကြောင့် ထိန်းချုပ်မှုတွေ ရှိလာမှာ ပါ။ နိုဝင်ဘာလ စက်ရုံထုတ်စျေးဟာ ပြီးခဲ့တဲ့နှစ်ကထက် ၂.၂% ကျသွားပြီး ၃၈လ ဆက်တိုက် ကျလာ တာပါ။ စျေးကွက်မှာတော့ အမြင့်ဆုံးရောက်ခဲ့တဲ့စျေးရဲ့ ၂၀ % အောက်ကို ရောက်နေပြီး ဆက်လည်းကျဦး မှာပါ။ နောင်နှစ်မှာ ပြည်တွင်းဝယ်လိုအားကို တက်လာစေမယ်လို့ ပါတီက ကတိပြုပေမယ့် အဲဒါလည်း ထုတ်လုပ်မှုတွေ ကျဆင်းလာမှာပါ။ လိုတာထက်ပိုထုတ်တာတွေထဲ နစ်ဝင်သွားစေမယ့် အကြံပါ။
၂၀၂၆ မကုန်ခင် ထောင်လွှားမာနတွေကို မြင်ရမှာပါ။ ပြည်နယ်တွေ မြို့ကြီးတွေက အကြွေးကျေဖို့ ရုန်းကန်နေစဉ်မှာ တိုးတက်မှုက အမြစ်တွယ် ရပ်တန့်နေမှာပါ။ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို မဆုံးရှုံးချင်တဲ့ နိုင်ငံတွေက တရုတ်ရဲ့ စျေးချ ကုန်ပစ္စည်းတွေကို ပိတ်ပင်လာရင် ငွေတန်ဖိုးကျမှုက ပိုဆိုးလာပါမယ်။ ၂၀၂၇ မှာ ရှီကျင်းဖျင်က သူ့ရဲ့ စတုတ္ထသက်တမ်းကို စပါမယ်။ သူ့ကို ဘယ်သူမှ ဆန့် ကျင် စိန်ခေါ်နိုင်မှာ မဟုတ်သလို ဆန့်ကျင်ကြမှာလည်း မဟုတ်ပါ။
တရုတ်ပြည်မှာ အမှားက ကြီးလေလေ ပါတီက ပြုပြင်ပြောင်းလဲစိတ် နည်းလေလေပါ။ အမေရိကန်မှာက ဆန့်ကျင်ဘက်ပါ။ ပြောင်းလဲဖို့က တစ်ခါတည်း ပါလာပြီးသားပါ။ “Make America Great Again” က ကန့်သတ်ချက်တွေ ကင်းလွတ်ဖို့ ရည်ရွယ်သလို ပညာတတ် နိုင်ငံရေးသမားတွေရဲ့ အသက်ရှုကျပ် အမှန်တရားတွေကို သည်းမခံခြင်းဟာ ဒီအပြောင်းအလဲကို အသက်ဝင်လာစေတဲ့ လှုပ်ရှားမှုတွေပါ။ တရုတ်ပြည်ဟာ လူမျိုးကြီးဝါဒ နိုင်ငံဖြစ်ပြီး ဟန် လူမျိုးမဟုတ်တဲ့ တရုတ်တွေခမျာ လူတွေက လက်ခံ လာအောင် ကြိုးစားရုန်းကန် ကြရပါတယ်။အမေရိက ကတော့လူမျိုးစုအားလုံးစုစည်းထားတဲ့ တန်ဖိုး တွေနဲ့ တည်ဆောက်ထားတာပါ။ ဒီတန်ဖိုးတွေက ထူးချွန်သူတွေကို သံလိုက်လို ဆွဲဆောင်ပြီး ကမ္ဘာ ပေါ်မှာ ဩဇာကြီးမားလာစေတာ ဖြစ်ပါတယ်။ အတိတ်မှာ သူတို့ဟာ သူတို့ရဲ့ မဟာမိတ်တွေနဲ့ လက်တွဲ ခဲ့ကြပါတယ်။
သီအိုရီအရတော့ ဒါတွေဟာ ဆက်လက်ရှင်သန်ဖို့ အခြေခံတွေပါ။ သို့ပေမယ့်လည်း ကမ္ဘာ့ အသိအမှတ်ပြု တန်ဖိုးတွေကို ထရမ့်က တိုင်းတစ်ပါးသားတွေရဲ့ အခွင့်အရေးရှာ ထွင်လုံးတွေပါလို့ အထင်အမြင်သေး ရှုတ်ချပါတယ်။ ဖိနှိပ်မှုဆိုတာ သူ့အတွက် မဆန်းပါ။ ရက်စက်တဲ့ အာဏာရှင်တွေကို သူအားကျပါ တယ်။ အထူးသဖြင့် အာဏာရှင် သူဌေးတွေပေါ့။ မကြာသေးခင်က သူ့ရဲ့ National Security Strategy (NSS) မှာ MAGA အနေနဲ့ လူမျိုးနဲ့ ဘာသာ ကွဲပြားခြားနားမှုကို အင်အားလို့ မမြင်ဘဲ ခြိမ်းခြောက်မှုလို့ မြင်ပါသတဲ့။ တကယ်လို့ အမေရိကသာ ရုရှားလို တရုတ်လို လူမျိုးကြီး ဝါဒ နိုင်ငံ ဖြစ်ခဲ့ရင် ပိုပြီး အခွင့်ကောင်းတွေ ရှိမှာပါတဲ့။
လာမယ့် နွေရာသီမှာ အမေရိကန်ဟာ လွတ်လပ်ရေးကြေငြာစာတမ်း နှစ် (၂၅၀) မြောက် အခမ်းအနားကို ကျင်းပမှာပါ။ နိုင်ငံထူထောင်ခြင်း စည်းမျဉ်းစည်းကမ်းများနဲ့ ပတ်သက်လို့ အငြင်းအခုံများ လုပ်သင့်ပါတယ်။ အမေရိကန်ရဲ့ စီးပွားရေးကို တစ်ကမ္ဘာလုံးက အားကျနေရဆဲပါ။ ဘယ်နိုင်ငံမှ စိတ်ကူးစိတ်သန်းတွေ နဲ့ အရင်းအနှီးတွေကို အမေရိကန်လောက် လက်တွေ့ဖြစ်အောင် မလုပ်နိုင်ပါဘူး။ နိုင်ငံသားတွေက ထူးခြား ကောင်းမွန်တဲ့ ကျွမ်းကျင်မှုတွေနဲ့ တီထွင်ကြံဆမှုတွေကို ပိုင်ဆိုင်ကြပါတယ်။

အကောင်းဆုံးအနေနဲ့က ဒီအချက်တွေကြောင့် ဆက်လက်ရှင်သန်သွားဖို့ မျှော်လင့်ချက်က ထွန်းလင်း တောက်ပလို့ နေပါတယ်။ မေးခွန်းက ပုဂ္ဂိုလ်ရေးဘ၀ကို ထရမ့်ဘယ်လောက် အလွဲသုံးစား လုပ်မလဲ၊ သူ့အစိုးရရဲ့ ပြည်သူ့ဝန်ထမ်းတွေအပေါ်ထားတဲ့ အာဃာတနဲ့ ကွန်ဂရက်ကို သေးသိမ်အောင်လုပ်မှု စတာတွေက အမေရိကန်ရဲ့ အကျိုးစီးပွားကို မှေးမှိန်ယုတ်လျော့စေပါလိမ့်မယ်။ စောင့်ကြည့်နေမှာကတော့ သမ္မတ ရှီကျင်းဖျင်ဖြစ်ပါကြောင်း။
၂၀၂၅ ဒီဇင်ဘာလထုတ် The Economist Magazine ပါ “China proved its strengths in 2025—and Donald Trump helped” ဆောင်းပါးကို ပြန်ဆိုသည်။


