၁) ဒေါ်နယ်ထရမ့် ဒုတိယအကြိမ် အိမ်ဖြူတော် ရောက်လာခြင်း
သမ္မတအဖြစ် ဒုတိယအကြိမ် ပြန်အရွေးခံရပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပထမ တစ်နှစ်အတွင်း ပြည်တွင်းရော ပြည်ပမှာရော နိုင်ငံရေး အခြေအနေများ ကမောက်ကမ ဖြစ်သွားခဲ့ပါတယ်။ ပါရီ သဘောတူညီချက် လို့ လူအများသိကြတဲ့ ရာသီဥတုဆိုင်ရာ ပြုပြင်ပြောင်းလဲရေး စာချုပ်ကနေ အမေရိကန် နုတ်ထွက်လိုက်ပါတယ်။ နယ်စပ်ဖြတ်ပြီး တရားမဝင် ဝင်ရောက်လာသူများကို နှိမ်နင်းဖို့ ဆိုပြီး နယ်စပ် ဒေသတွေဆီကို လက်နက်ကိုင် တပ်ဖွဲ့တွေ စေလွှတ်တယ်။ အမျိုးသား ကာကွယ်ရေး တပ်တွေကို တရားမဝင် ဝင်ရောက်လာသူတွေကို ဝိုင်းဝန်းဖမ်းဆီးပေးဖို့လို့ အကြောင်းပြပြီး အမေရိကန်ရဲ့ မြို့ကြီးတွေဆီကို စေလွှတ်ခဲ့တယ်။ ဒါတင် မကသေးဘူး မတူကွဲပြားမှု၊ တန်းတူညီမျှမှု နှင့် အားလုံး ပါဝင်စေမှုနဲ့ ပတ်သက်တဲ့ အစိုးရ လုပ်ငန်းတွေ ရပ်ပစ်ပြီး ချောင်ထိုး ခံလိုက်ရတယ်။ အသစ် ပြန်ပြည့်မြဲ စွမ်းအင်တွေကို အားပေးတဲ့ ပေါ်လစီတွေ ကိုလည်း ရပ်ဆိုင်းလိုက်တယ်။ ထရမ့်က သူ့လုပ်ခိုင်းတဲ့အတိုင်း မလုပ်ဘူးလို့ ယူဆတဲ့ တရားသူကြီး တွေကို နင်ပဲငဆ ပြောတယ်။ ကာကွယ်ရေး ဝန်ကြီးဌာနကိုလည်း စစ်ရေး ဝန်ကြီးဌာနဆိုပြီး သူ့သဘောနဲ့သူ အမည်ပြောင်း ပစ်လိုက်တယ်။ ရန်လိုတာတွေ ကြီးမားလာတဲ့ အမေရိကန် ပြည်တွင်းရေးဟာ ယူတား တက္ကသိုလ်မှာ သူ့ရဲ့ ကွန်ဆာဗေးတစ် အယူအဆတွေ ဟောပြောမယ့် လူငယ် ခေါင်းဆောင် ချာလီကတ် တစ်ယောက် လူအုပ်ကြားထဲမှာ လုပ်ကြံ ခံရပြီးတဲ့နောက်မှာ ပိုဆိုးလာပါတယ်။
ထရမ့်ဟာ သူ့ရဲ့ ပြင်းထန်လှတဲ့ ကုန်သွယ်ရေး ပေါ်လစီတွေနဲ့ နိုင်ငံတကာကို ကိုင်ပေါက် ခြိမ်းခြောက် ခဲ့တယ်။ ဒါပေမဲ့ ထူးခြားစွာပဲ ကမ္ဘာ့ စီးပွားရေးဟာ တည်ငြိမ်နေပြီး ၂၀၂၅ ခုနှစ်ထဲမှာ ၃ ရာခိုင်နှုန်း အတက်ဘက်ကို ပြခဲ့တယ်။ သူ့ရဲ့ ဧပြီလ လွတ်မြောက်ရေးနေ့ သွင်းကုန်ခွန်တွေ ကြေညာ ပြီးတဲ့နောက် အမေရိကန်ရဲ့ စတော့စျေးတွေ အကြီးအကျယ် ကျဆင်းသွားတယ်။ နိုင်ငံတွေ အပေါ်ကို ချမှတ်ထားတဲ့ သွင်းကုန် ခွန်တွေကို လျှော့တန်လျှော့ နောက်ဆုတ်တန်နောက်ဆုတ် လုပ်တော့မှာ စတော့စျေး ပုံမှန် အနေအထားကို ပြန်ရောက် လာတော့တယ်။
၂) အေအိုင်မှ အေအိုင်ပဲ
ထရမ့် သမ္မတအဖြစ် ကျမ်းသစ္စာကြိမ်ဆိုပွဲ အပြီး မကြာခင်မှာပဲ အိုးပင်း အေအိုင် (OpenAI)၊ အော်ရကယ်လ် (Oracle) နဲ့ ဆော့ဖ်ဘဏ် (Softbank) တွေက သူဌေးကြီးတွေ နဲ့ ထရမ့်နဲ့ ပူးပေါင်းပြီး အိမ်ဖြူတော်မှာ ဒေါ်လာ ဘီလီယံ ၅၀၀ တန်တဲ့ စတားဂိတ် ပရောဂျက် (Stargate Project) ကို ကြေညာခဲ့ပါတယ်။ ဒီပရောဂျက်ဟာ ဉာဏ်ရည်တု (အေအိုင် – AI) အတွက် အခြေခံ အဆောက်အအုံ တွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဖြစ်တယ်။ ဒီလိုနဲ့ပဲ အေအိုင် လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အမေရိကန်မှာ ပြောစရာ ခပ်ကြီးကြီး ဖြစ်လာခဲ့တယ်။ အင်တဲလ် (Intel) ကုမ္ပဏီကြီးမှာ အစိုးရရဲ့ရင်းနှီးမြှုပ်နှံမှုက ၁၀ ရာခိုင်နှုန်းရှိတယ်။ အေအိုင်နဲ့ ပတ်သက်လို့ ရင်းနှီးမြှုပ်နှံကြတာ အင်မတန် များလှတယ်။ ဟိုမှာ ဒေါ်လာ ဘီလီယံ ၅၀၊ ဒီမှာ ဘီလီယံ ၃၀၀ ချက်ချင်း ဆိုသလိုပဲ အေအိုင် ကုမ္ပဏီတွေ ရဲ့ စတော့ စျေးတွေ မိုးထိုး တက်လာတယ်။ အေအိုင် အတွက် ချစ်ပ်ပြားတွေ ထုတ်ပေးရာမှာ နာမည်ကြီးတဲ့ အန်ဗီးဒီးယား (Nvidia) ဟာ ကမ္ဘာ့ ပထမဆုံးသော ဒေါ်လာ လေး ထရီလီယံ တန်ကြေးရှိတဲ့ ကုမ္ပဏီ ဖြစ်လာပြီး မကြာခင် ငါး ထရီလီယံ အထိ တက်သွားတယ်။ (ဒါပေမဲ့ ဒါက ခဏတာပါပဲ) သို့သော်ငြားလည်း အေအိုင်အပေါ် ရင်းနှီးမြှုပ်နှံသူတွေဟာ သူတို့ ရင်းနှီးခဲ့ သလောက် အကျိုး ရှိမယ် မရှိဘူး ဆိုတာကိုတော့ မသေမချာ ဖြစ်နေကြပါတယ်။ ၂၀၂၅ ဇန်နဝါရီလမှာ တရုတ် ကုမ္ပဏီ ဒိပ်ဆိခ် (Deepseek) က အမေရိကန် ပြိုင်ဘက် အေအိုင် ကုမ္ပဏီတွေ ကုန်ကျစရိတ်နဲ့ နှိုင်းယှဥ်ရင် မပြောပ လောက်တဲ့ စရိတ်နဲ့ အတူတူလောက်ရှိတဲ့ အေအိုင် မော်ဒယ်ကို ထုတ်ပြ လိုက်တော့ အေအိုင် စတော့ စျေးကွက် ကမောက်ကမတွေ ဖြစ်ကုန်ကြ ပါတယ်။
၃) အရှေ့အလယ်ပိုင်းအတွက် ငြိမ်းချမ်းရေး
နောက်ဆုံးမှာတော့ ဂါဇာကို အပစ်အခတ် ရပ်စဲရေး အခြေအနေအထိ ရောက်လာခဲ့ပါပြီ။ ဒီလို ဖြစ်လာတာဟာ သမ္မတ ထရမ့်က အစ္စရေးနဲ့ ဟားမတ်စ်တို့ အပေါ် ဖိအားတွေပေးခဲ့တာရယ်၊ အမေရိကန်ရဲ့ ငြိမ်းချမ်းရေး သံတမန်တွေက အစ္စရေးနဲ့ ဟားမတ်စ်တို့ကို စားပွဲဝိုင်း တစ်ဝိုင်းတည်းမှာ မတွေ့ကြဘဲ တစ်ဖက်စီနဲ့ တစ်ခါတွေ့ပြီး အပြန်အလှန် လွန်းထိုးသလို သွားချည် ပြန်ချည်နဲ့ ညှိနှိုင်းတာကနေ ထွက်လာတဲ့ ရလဒ်တွေပါ။ အမေရိကန်က ထုတ်ပြန်လိုက်တဲ့ ကြီးမားလှတဲ့ ငြိမ်းချမ်းရေး အစီအစဥ်ကြီးကိုလည်း ကမ္ဘာတစ်ဝန်းက သတိကြီးစွာနဲ့ ကြိုဆိုလိုက်ပါတယ်။ ဟားမတ်စ်က ဆက်လက်ထိန်းသိမ်းထားတဲ့ ကျန်နေတဲ့ ဓားစာခံအားလုံးကို ပြန်လွှတ်ပေးလိုက်ပြီး စိစိညက်ညက် ကြေနေပြီဖြစ်တဲ့ ဂါဇာဒေသက ငတ်မွတ်နေတဲ့ လူထုအတွက် အကူအညီတွေပေးဖို့ လမ်းတွေကို အစ္စရေးတို့က ပြန်ဖွင့်ပေးလိုက်ပါတယ်။ အဲဒီနောက်ပိုင်း နှစ်ဖက် ထိတွေ့ ပစ်ခတ်မှုတွေ ရှိနေဆဲဖြစ်ပြီး အကဲဆတ်တဲ့ အခြေအနေမှာပဲ ရှိနေပါသေးတယ်။
ဒီကြားထဲမှာ အစ္စရေးက အီရန်ကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အီရန် စစ်တပ်အရာရှိတချို့ သေဆုံး သွားပါတယ်။ သေဆုံးကြတဲ့ သူတွေအထဲ စစ်တပ်အကြီးအကဲ နဲ့ အစ္စလာမ္မစ် တော်လှန်ရေး ခေါင်းဆောင် တို့အပြင် နျူကလီးယား ကျွမ်းကျင် ပညာရှင် ၁၁ ဦးတို့ ပါသွားပါတယ်။ ၁၂ ရက်ကြာတဲ့ တင်းမာမှုအဆုံးမှာ အမေရိကန်က အီရန်ရဲ့ ယူရေနီယံ သန့်စင်တဲ့ အဆောက်အအုံတွေကို မြေအောက် မှာသာ ပေါက်ကွဲစေနိုင်တဲ့ ဗုံးများ ကြဲချပြီး အဆုံးသတ်စေခဲ့တယ်။ အီရန်က ကာတာနိုင်ငံ မှာရှိတဲ့ အမေရိကန် စစ်စခန်းကို ဟန်ပြ လက်တုံ့ပြန်တဲ့ အနေနဲ့ ဒုံးကျည်များနဲ့ ပစ်ခတ် တိုက်ခိုက် ခဲ့ပါတယ်။
၄) Western Hemisphere ကို စိုးမိုးချင်သူ
အမေရိကတိုက် အထူးသဖြင့် တောင်ဘက်ခြမ်း ဒေသမှာ အမေရိကန်က သူ့ရဲ့ နိုင်ငံလုံခြုံရေး မဟာဗျူဟာသစ်ကို အခိုင်အမာ ပြသလိုက်ပါတယ်။ ကာရေဘီယံနဲ့ ပစိဖိတ် အရှေ့ပိုင်း ပင်လယ်မှာ ပထမဦးဆုံး တိုက်ခိုက်မှုလို့ ပြောနိုင်မယ့် အမေရိကန်စစ်တပ်က မူးယစ်ဆေးဝါးများ သယ်ဆောင်လာတယ်လို့ သံသယရှိတဲ့ သင်္ဘောငယ်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အမေရိကန် သမ္မတ ထရမ့်က ဗင်နီဇွဲလား သမ္မတ နီကိုလတ်စ် မာဒူရိုကို ဖြုတ်ချဖို့ ဗုံးကြဲ၍သော်လည်းကောင်း လိုအပ်ရင် နိုင်ငံကိုပါ ဝင်ရောက် သိမ်းပိုက် တိုက်ခိုက်မှာ ဖြစ်ကြောင်း ခြိမ်းခြောက်လိုက်ပါတယ်။ ကိုလံဘီယာ နိုင်ငံ ကိုလည်း မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့ မဟာမိတ်နိုင်ငံများ စာရင်းက ပယ်ဖျက်လိုက်ပြီး နိုင်ငံခေါင်းဆောင် လက်ဝဲယိမ်း သမ္မတ ဂူစဆာဘို ပေဒရို ကို “တရားမဝင်တဲ့ မူးယစ်ဂိုဏ်း ခေါင်းဆောင်” အဖြစ် ထရမ့်က သမုတ် လိုက်ပါ သေးတယ်။ ကိုလံဘီယာနိုင်ငံအတွင်းမှာလည်း ရှုပ်ထွေးကာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်နေပြီး ကွန်ဆာဗေးတစ် သမ္မတ အဖြစ် အရွေးချယ် ခံမယ့် မီဂယ်လ် အူရီဘေ တာဘိုင် ဟာ မဲဆွယ်ပွဲတစ်ခုမှာ သေနတ်နဲ့ ပစ်ခတ် လုပ်ကြံခံရကာ ကွယ်လွန်သွား ပါတယ်။ သမ္မတထရမ့်က ပနားမားတူးမြောင်းကိုလည်း အင်အားသုံးပြီး သိမ်းယူမယ်လို့ လေသံလွှင့်ခဲ့ ပါသေးတယ်။ သူနဲ့ လက်တင်အမေရိက နိုင်ငံအားလုံးနဲ့ အဆင်မပြေတာတော့ မဟုတ်ပါဘူး။ အမေရိကန်က သူ့နိုင်ငံထဲမှာရှိတဲ့ မူးယစ်မှုနဲ့ ပတ်သက်တဲ့ ရာဇဝတ်သားတွေကို အယ်ဆာဗေဒိုနိုင်ငံရဲ့ အကျဥ်းထောင်တွေမှာ ထိန်းသိမ်းထားဖို့ သဘောတူ ထားခဲ့ကြတာမျိုးတော့ ရှိပါတယ်။
ဘရာဇီးနိုင်ငံရဲ့ တရားရုံးချုပ်က သမ္မတဟောင်း ဂျေယာ ဘော်ဆိုနာရို ကို ၂၀၂၂ခုနှစ် သမ္မတ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် နိုင်ငံကို အာဏာသိမ်းရန် ကြံစည် ကြိုးစားမှုနဲ့ စွဲချက်တင်ပြီး ထောင်ဒဏ် ၂၇ နှစ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ ၂၀၂၅ ခုနှစ် မကုန်ခင်လေးတင်မှ ဘရာဇီး ကွန်ဂရက်ကနေ ပြစ်ဒဏ် အနည်းငယ် လျှော့ပေးဖို့ ဥပဒေတစ်ရပ်ကို ပြဌာန်းခဲ့ပေမယ့် တရားရုံးရဲ့ ဆုံးဖြတ်ချက် ရယူဖို့ ကျန်နေပါသေးတယ်။
၅) အီလွန်မတ်စ်
သမ္မတ ထရမ့် အိမ်ဖြူတော် ရောက်လာချိန်မှာ အမေရိကန် သူဌေးကြီး အီလွန်မတ်စ်ကို ဝန်ကြီးဌာန အသစ်တစ်ခုဖြစ်တဲ့ ဒို့ချ် (DOGE – Department of Government Efficiency) မှာ တာဝန်ပေးခဲ့ ပါတယ်။ ဒေါ့ချ်ရဲ့ အဓိက တာဝန်မှာ အမေရိကန်ရဲ့ အစိုးရဝန်ထမ်းများကို တာဝန်မှ ရပ်စဲစေဖို့ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဥ်မှာ အစိုးရဝန်ထမ်း ၃၁၇,၀၀၀ ဦး အကြောင်းတစ်ခုမဟုတ် တစ်ခုနဲ့ အလုပ်ပြုတ်/ထွက် သွားခဲ့ကြပါတယ်။ သို့သော်လည်း မကြာခင်မှာပဲ အီလွန်မတ်စ်နဲ့ သမ္မတ ထရမ့်တို့ ခွာပြဲသွားခဲ့ကြပါတယ်။ အကြောင်းကတော့ ထရမ့် ကမကထလုပ်ခဲ့တဲ့ “လှလှပပ ဧရာမ ဥပဒေကြီး – Big Beautiful Bill” ကြောင့် နိုင်ငံရဲ့ လိုငွေပြမှုတွေ တက်လာနိုင်ကြောင်း မတ်စ်က ထောက်ပြခဲ့လို့ပဲ ဖြစ်ပါတယ်။
တက်ဆလာ (ကား ကုမ္ပဏီ) က အီလွန်မတ်စ်ကို သူ့ရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုတဲ့ အနေနဲ့ ဒေါ်လာ တစ် ထရီလီယံ ချီးမြှင့်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်ဟာ တက်ဆလာ ကားကုမ္ပဏီအတွက် အတက်ကြမ်း အကျကြမ်း နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။
၆) အာရှဘက်က အရွေ့များ
ဆယ်စုနှစ်များအတွင်း အဆိုးဝါးဆုံး စစ်ရေး တင်းမာမှုတစ်ခု အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်အကြားမှာ ဖြစ်ပွားခဲ့ပါတယ်။ ဂျမူးနဲ့ ကက်ရှ်မီးယား ဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှုကနေ စတင်ဖြစ်ပွားခဲ့တဲ့ စစ်ရေး ထိတွေ့မှုမှာ လူပေါင်း ၂၆ ဦး အသက်ဆုံးရှုံး ခဲ့ရပါတယ်။ အကြမ်းဖက် တိုက်ခိုက်သူများကို အားပေးအားမြှောက်လုပ်နေတယ်လို့ အိန္ဒိယက ပါကစ္စတန်ကို စွပ်စွဲခဲ့ပြီး ပါကစ္စတန်နိုင်ငံတွင်းက အကြမ်းဖက်သမား များရဲ့ စခန်းလို့ ယူဆရတဲ့ ပစ်မှတ်များကို ဒုံးကျည်များနှင့် တိုက်ခိုက်ခဲ့ပါတယ်။ ပါကစ္စတန်ဘက်ကလည်း ဒရုန်းများ၊ ဒုံးကျည်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပါတယ်။ နှစ်နိုင်ငံ တင်းမာမှု ကတော့ ဆက်လက် မြင့်တက်နေဆဲပါ။
အာရှဘက်ခြမ်းရဲ့ အဓိကဖြစ်ရပ်များမှာတော့ တောင်ကိုရီးယား သမ္မဟောင်း ယွန်းဆတ်ယိုးလ်ကို ၂၀၂၄ ခုနှစ်နှောင်းပိုင်းမှာ စစ်ဥပဒေ ပြဋ္ဌာန်းခဲ့မှုနဲ့ ပတ်သက်တဲ့ အမှုကြောင့် သမ္မတ ရာထူးကနေ ရပ်ဆိုင်း လိုက်ပါတယ်။ အဲဒီနောက်ပိုင်း ကျင်းပတဲ့ ရွေးကောက်ပွဲမှာ သမ္မတ အသစ်အဖြစ် ဒီမိုကရက်တစ် ပါတီမှ လီးဂျေမြောင် ကို ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။ ဂျပန်ရဲ့ ပထမဦးဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာတဲ့ တာကိုင်ချီ ဆာနေးကို ဂျပန်ရဲ့ မာဂရက်သက်ချာအဖြစ် တင်စား ခေါ်ဝေါ်ကြပါတယ်။ တာကိုင်ချီ ဝန်ကြီးချုပ်ဖြစ်ပြီး မကြာခင်မှာပဲ ဂျပန်ရဲ့ အစဥ်အလာအတိုင်း ထိုင်ဝမ်နိုင်ငံနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ သံတမန်ရေး အပြန်အလှန် အငြင်းပွားဖွယ်ရာ ကိစ္စများ ပေါ်ပေါက် လာပါတယ်။ ထိုင်းနိုင်ငံရဲ့ အခြေခံဥပဒေ တရားရုံးက ပေတုန်တန် ရှင်နာဝါထရာ ကို ဝန်ကြီးချုပ် အဖြစ်မှ တာဝန်များ ရပ်ဆိုင်းခဲ့ပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီယား နှစ်နိုင်ငံ နယ်စပ်ပြဿနာ အငြင်းပွားနေချိန်အတွင်း ပေတုန်တန်ဟာ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ကိုယ်ရေးကိုယ်တာ ဖုန်းစကား ပြောသံများ အပြင်ကို ပေါက်ကြားလာအပြီးနောက် ထိုင်း နိုင်ငံရေးအခြေအနေများ ပြန်လည် ရှုပ်ထွေး လာခြင်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ငလျင်အကြီးအကျယ် လှုပ်ခတ်မှု နှင့်အတူ နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်ခဲ့မှုကြောင့် လူပေါင်း ၅,၅၀၀ ခန့် သေဆုံးခဲ့ရပြီး အဆောက်အအုံများစွာ ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။ ငလျင်ရဲ့ ဗဟိုချက်က မန္တလေးနှင့် အနီးမှာဖြစ်သော်ငြားလည်း ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံများ အထိ ပျက်စီးမှုများ ရှိခဲ့ပါတယ်။ ဘန်ကောက်မြို့မှာ ဆောက်လက်စ တိုက်မြင့်တစ်လုံး ပြိုကျသွားခဲ့ပြီး လူပေါင်း ၉၅ ယောက်ခန့် သေဆုံးသွားပါတယ်။ သီးခြား ဖြစ်စဥ် တစ်ခုအဖြစ် အာဖဂန်နစ္စတန် နိုင်ငံမှာလည်း ငလျင်ဒဏ် ခံခဲ့ရပြီး လူပေါင်း ၂,၂၀၀ ခန့် သေဆုံးခဲ့ရပါတယ်။
၇) ရုရှား-ယူကရိန်း
ယူကရိန်းစစ်ပွဲကတော့ အရှိန်ကောင်းလျက်ပါ။ ရုရှားက နယ်မြေတွေ ပြန်ရတယ်တို့ ပြောပေမယ့် အမြောက်အမြားတော့ မဟုတ်ပါဘူး။ သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းအပေါ် အမေရိကန်ရဲ့ အကူအညီတွေ ဖြည်းဖြည်းချင်း လျှော့ချနေပါတယ်။ ၂၀၂၅ ခုနှစ် စောစောပိုင်း သမ္မတအိမ်ဖြူတော်ကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး အလည်အပတ် ရောက်ခဲ့ချိန် အဖြစ်အပျက်က အကျည်းတန် သွားခဲ့ပါတယ်။ သတင်းထောက်တွေရှေ့မှောက်မှာ ဒု-သမ္မတ ဂျေဒီဗန့်စ်ရဲ့ ဇလန်းစကီးအပေါ် ဒေါသတကြီးနဲ့ ပြောဆို ဆက်ဆံခဲ့မှုဟာ သမိုင်းတစ်လျှောက် ကမ္ဘာ့ခေါင်းဆောင်များကို အမေရိကန် အစိုးရ တာဝန်ရှိသူများ အဆိုးဝါးဆုံး မြင်ကွင်းတစ်ခုဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ယူကရိန်းက ရုရှားရဲ့ လေတပ်စခန်းများ၊ ရေနံချက် စက်ရုံများ တည်ရှိတဲ့ ရုရှားမြေ အတွင်းအထိ ဒရုန်းများဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်လာပါတယ်။ သြဂုတ်လအတွင်း အမေရိကန်နဲ့ ရုရှား ခေါင်းဆောင်နှစ်ဦး အလာစကာ တွေ့ဆုံပွဲဟာ ရုပ်ပြသက်သက်သာဖြစ်ပြီး မည်သည့်ရလဒ်မှ ထွက်လာခြင်း မရှိပါ။ ၂၀၂၅ အကုန်မှာတော့ အမေရိကန်က ငြိမ်းချမ်းရေး အစီအစဥ်တစ်ခု ထုတ်လာပြီး ယူကရိန်းကို ဖိအားပေးဖို့ ကြိုးစားခဲ့ပါတယ်။
၈) ထိုင်ခုံလှုပ်နေတဲ့ ဥရောပ
ဥရောပဘက်ကို ကြည့်မယ်ဆိုရင် ဖရက်ဒရစ် မားဇ်ဟာ ဂျာမနီနိုင်ငံရဲ့ အဓိပတိ အသစ်ဖြစ်လာပြီး ဥရောပတိုက် ကာကွယ်ရေးအတွက် အမေရိကန်ကို အားကိုးစရာမလိုတော့ဘူးလို့ ကြုံးဝါးပြီး ဂျာမနီနိုင်ငံရဲ့ အခြေခံဥပဒေအချို့ကို လက်နက်နဲ့ စစ်ရေးနဲ့ပတ်သက်တဲ့ အသုံးစရိတ်များ အတွက် ပိုမိုသုံးစွဲနိုင်အောင် ဖြေလျှော့ပေးလိုက်ပါတယ်။ ပြင်သစ်နိုင်ငံမှာ ဝန်ကြီးချုပ် ဖရန်ဆွာ ဘေရုဟာ ဘတ်ဂျက် အသုံးစရိတ်များနဲ့ ပတ်သက်ပြီး ရာထူးမှနုတ်ထွက်သွားပါတယ်။ သူ့နေရာကို အစားထိုးဝင်ရောက်လာသူ ဆီဘက်ရှန် လီကော်နူဟာလည်း ရာထူးမှာ တစ်လမပြည့်ခင် နုတ်ထွက် သွားပြန်တဲ့အတွက် သမ္မတ အီမန်နျူရယ် မာခရွန်က ဆီဘက်ရှန်ကိုပဲ ပြန်လည် ခန့်အပ်ခဲ့ပါတယ်။
ဗြိတိန်နိုင်ငံရဲ့ စစ်တမ်းတစ်ခုအရ လက်ရှိ ဝန်ကြီးချုပ် ကီယာ စတန်မာဟာ လူကြိုက်အနည်းဆုံး ဝန်ကြီးချုပ် တစ်ဦးဖြစ်ကြောင်း ထွက်ပေါ် လာပါတယ်။
၉) အာဖရိကဘက်က ထူးထူးခြားခြား
ဆူဒန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ဟာ ၂၀၂၅ ခုနှစ်အတွင်း ပြန်လည် ပြင်းထန်လာပါတယ်။ ဒါဖာဒေသမှာရှိတဲ့ အယ်လ်ဖာရှာမြို့ကို RSF – Rapid Support Forces အဖွဲ့က သိမ်းပိုက်ခဲ့ပြီး မြို့တွင်းမှာ လူအများအပြား သတ်ဖြတ်ခံနေရပါတယ်။ RSF အဖွဲ့ဟာ အာရပ် ဂျန်ဂျာဝီ စစ်သွေးကြွ အဖွဲ့ဝင် အများစုနဲ့ ဖွဲ့စည်းထားတဲ့ သူပုန်အဖွဲ့ တစ်ဖွဲ့ ဖြစ်ပါတယ်။ အမေရိကန်ကတော့ လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှု (ဂျီနိုဆိုက်) အဖြစ် စွပ်စွဲထားပြီး အပြည်ပြည်ဆိုင်ရာ စစ်ရာဇဝတ်မှုဆိုင်ရာ တရားရုံးကလည်း စစ်ရာဇဝတ်မှု မြောက်တဲ့ ဖြစ်ရပ်တစ်ခုအဖြစ် လေးလေးနက်နက် အချက်ပေး နေကြောင်း ပြောကြားပါတယ်။
ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းက အကြီးဆုံးမြို့ဖြစ်တဲ့ ဂိုမာဟာ တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီး ရဝမ်ဒါနိုင်ငံက အထောက်အပံ့ပေးထားတဲ့ M23 သူပုန်များ သိမ်းပိုက်လိုက်ပါတယ်။ ၂၀၂၅ ခုနှစ် ကုန်ခါနီးလောက်မှာ ကွန်ဂိုနဲ့ ရဝမ်ဒါ သမ္မတနှစ်ဦးတို့ အမေရိကန် ဝါရှင်တန်မှာ ငြိမ်းချမ်းရေး စာချုပ် လက်မှတ် ရေးထိုးခဲ့ကြ ပေမယ့် မြေပြင်မှာတော့ တိုက်ခိုက်မှုတွေ ရပ်တန့်သွားခြင်း မရှိသေးပါ။
၁၀) ၂၀၂၅ခုနှစ်အတွင်း အခြား မှတ်မှတ်သားသား ဖြစ်ရပ်များ
၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ သြစတြေးလျနိုင်ငံ ဆစ်ဒနီမှာရှိတဲ့ ဘွန်ဒီ ကမ်းခြေမှာ ဂျူး ဘာသာရေး ဆိုင်ရာ ပွဲတစ်ခုအတွင်း သေနတ်သမား နှစ်ယောက်ရဲ့ ပစ်ခတ်မှုကြောင့် လူပေါင်း ၁၅ ဦးထက်မနည်း သေဆုံးသွားကြရပါတယ်။ အလားတူ အမေရိကန် ဝါရှင်တန်မြို့မှာလည်း ဂျူး ပြတိုက် တစ်ခုရဲ့ အပြင်ဘက်မှာ ပါလက်စတိုင်း ဘက်တော်သားက အစ္စရေး သံရုံးဝန်ထမ်း နှစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါသေးတယ်။
တာဝန်ကနေ နုတ်ထွက်သွားတဲ့ ဂျက်စတင် ထရူးဒိုးနေရာအတွက် ကနေဒါနိုင်ငံက မာ့ခ်ကာနေးကို ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ် လိုက်ပါတယ်။ မစ္စတာ ကာနေးက အမေရိကန်ကို “မားမားမတ်မတ် ရင်ဆိုင်” သွားမယ်လို့ ကတိပေးလိုက်ပြီး အမေရိကန် သမ္မတ ထရမ့်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံစဥ် ကနေဒါဟာ ရောင်းကုန်မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
၂၀၂၅ ခုနှစ်ဟာ အမေရိကန်နိုင်ငံက လော့စ် အိန်ဂျလိစ်မြို့ အတွက် ကံမကောင်းတဲ့ နှစ်တစ်နှစ်လို့ ဆိုရမှာပါ။ ဇန်နဝါရီလမှာ လောင်ကျွမ်းခဲ့တဲ့ တောမီးကြောင့် ချမ်းသာကြတဲ့ လူနေရပ်ကွက်အတွင်း လူပေါင်း ၁၂ ဦး သေဆုံးခဲ့ပြီး အဆောက်အအုံပေါင်း ၆,၈၃၇ လုံး မီးလောင်ကျွမ်း ပျက်စီးသွားပါတယ်။ အောက်တိုဘာလတုန်းကတော့ လူတစ်ဦးကို မီးရှို့မှုနဲ့ တရားစွဲခဲ့ပါတယ်။ မီးလောင်သွားခဲ့တဲ့ အဆောက်အအုံ များထဲမှ ပထမဦးဆုံး တစ်လုံးကို နိုဝင်ဘာလအတွင်းကျမှ ပြီးစီးအောင် ပြန်ဆောက်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီကာလအတွင်း အမေရိကန်ကို ပြည်ပမှ ဝင်ရောက်လာ သူများကို ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့အတွက် ဆန္ဒပြမှုများ အကြီးအကျယ် ဖြစ်ပွားခဲ့ပါသေးတယ်။ လော့ အိန်ဂျလိစ်ရဲ့ အခြားဘက်ခြမ်းက နယူးယောက်မှာ ဒီမိုကရက်တစ် ဆိုရှယ်လစ် တစ်ဦးဖြစ်သူ ဇိုရန် မမ်ဒါနီကို မြို့တော်ဝန်အဖြစ် ရွေးချယ်လိုက်ပါတယ်။ မစ္စတာ မမ်ဒါနီက ရွေးကောက်ပွဲ မဲဆွဲစဥ် ကာလအတွင်း ရေပန်းအစားဆုံး ဖြစ်တဲ့ “စျေးသက်သာတဲ့ အိမ်ရာများကို တည်ဆောက် ပေးမယ်” ဆိုတဲ့ ကတိတစ်ခုပေးခဲ့ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ ၎င်းရဲ့ မြို့တော်ဝန် ရာထူး တာဝန်ကို စတင် ထမ်းဆောင်မှာ ဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်သွားပြီးနောက် ဗာတီကန်ရဲ့ လျှို့ဝှက် တင်းကျပ်တဲ့ ပုပ်ရဟန်း မင်းကြီးအသစ် ရွေးချယ်ပွဲမှာ ကာဒီနယ် ရောဘတ် ပရီဘို့စ်ကို ရွေးချယ်လိုက်ပါတယ်။ ၎င်းဟာ အမေရိကန်နိုင်ငံမှ ပထမဆုံး ထွက်ပေါ်လာတဲ့ ပုပ်ရဟန်းမင်းလည်း ဖြစ်ပါတယ်။ ပုပ်လီယို ဘွဲ့ခံ ပုပ်ရဟန်း မင်းကြီး အသစ်ဟာ ပထမဦးဆုံး နိုင်ငံခြား ခရီးစဥ်အဖြစ် တူရကီနိုင်ငံ နဲ့ လက်ဘနွန်နိုင်ငံ များကို သွားရောက် ခဲ့ပါတယ်။ အဆိုပါ နိုင်ငံများမှာ ခရစ်ယာန်ဘာသာဝင်ဟာ လူဦးရေ အားလုံးရဲ့ ၄၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။
၂၀၂၅ ခုနှစ်ဟာ တူရကီနိုင်ငံအတွက် နိုင်ငံရေး ကသောင်းကနင်း ဖြစ်တဲ့ နှစ်တစ်နှစ်လို့ ပြောရမှာပါ။ သမ္မတ အာဒိုဂန်ရဲ့ အဓိကပြိုင်ဘက် တစ်ဦးဖြစ်သူ အစ္စတန်ဘူမြို့တော်ဝန် ကို ဖမ်းဆီးခဲ့တာကြောင့် ဆန္ဒပြမှုများ နေရာအနှံ့ပေါ်ပေါက်ခဲ့ပါတယ်။ မြို့တော်ဝန်ကို အဂတိလိုက်စားမှုနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပြီး သူ့ကို ထောက်ခံသူများက နိုင်ငံရေးအရ နှိပ်ကွပ်ခဲ့တာလို့ မကျေမနပ်ဖြစ်ကြတာပါ။ တူရကီရဲ့ နိုင်ငံရေး မတည်မငြိမ် ဖြစ်မှုက စတော့စျေးကွက်လည်း ကမောက်ကမ ဖြစ်သွားစေပါတယ်။
အမေရိကန်ရဲ့ စီးပွားရေးကတော့ အခြေအနေကောင်းတုန်းပါ။ ၂၀၂၅ ခုနှစ် တစ်လျှောက်လုံး သမ္မတ ထရမ့်က ဗဟိုဘဏ်ကို အတိုးနှုန်း ချပေးဖို့ တောက်လျှောက် ဖိအားပေးခဲ့ပြီး ဗဟိုဘဏ် ဘုတ်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ လီဆာကွတ်ကို အလုပ်မှထုတ်ပယ်ခဲ့ပါတယ်။ ၂၀၂၆ ဇန်နဝါရီလမှာ တရားရုံးချုပ် ကနေ သမ္မတထရမ့်မှာ လီဆာကွတ်ကို အလုပ်မှ ထုတ်ပယ်ခွင့် ရှိမရှိ ဆုံးဖြတ်ဖို့ ရှိပါတယ်။
ဘာခ့်ရှိုင်းရား ဟာသာဝေးလုပ်ငန်းကြီးကို အနှစ်ခြောက်ဆယ်နီးပါး ဦးဆောင်လာသူ သူဋ္ဌေးကြီး ဝါရင်ဘူဖတ် အနားယူသွားပါပြီ။ အသက် ၉၅နှစ်အရွယ် ဘူဖတ်ဟာ ကုမ္ပဏီ ဥက္ကဋ္ဌအဖြစ်တော့ လုပ်ငန်းမှာ ဆက်လက် ရှိနေမှာဖြစ်ပြီး စီအီးအိုတာဝန်ကို လာမယ့် ဇန်နဝါရီလမှာ ဂရက် အေဘယ်ထံကို လွှဲပြောင်းသွားမှာ ဖြစ်ပါတယ်။ အဆိုပါ အပြောင်းအလဲကြောင့် ဘာခ့်ရှိုင်းရား ရှယ်ယာစျေးများ ထိုးတက်သွားခဲ့ပါတယ်။
ကိုးကား – What happen in 2025? The Economist December 2025


