ပါတီတွေဟာ အခမဲ့ ကမ်းလှမ်းမှုတွေနဲ့ မက်လုံးပေးပြီး ဖေဖော်ဝါရီ (၈) ရက်နေ့မှာ ကျင်းပမယ့် ထိုင်းနိုင်ငံ အထွေထွေ ရွေးကောက်ပွဲအတွက် အပြိုင်အဆိုင် မဲဆွယ်နေကြတယ်
ကလေး တစ်ယောက် မွေးလာရင် ဒေါ်လာ နှစ်ထောင် ထောက်ပံ့ပေးမယ်၊ ပြည်သူတွေမှာ တင်နေတဲ့ အကြွေးတွေ အားလုံးကိုလည်း လျှော်ပစ်ပေးမယ်၊ ဆင်းရဲနွမ်းပါးတဲ့ အိမ်ထောင်စုတွေကိုတွေ ကို တစ်လကို ဒေါ်လာ ၁၀၀ နှုန်းနဲ့ စုစုပေါင်း ဒေါ်လာ ၆,၃၀၀ ဖိုး ငွေသားနဲ့ ကူညီမယ်လို့ ထိုင်းနိုင်ငံက နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲကာလမှာ နည်းလမ်းမျိုးစုံနဲ့ မဲပေးကြမယ့် ပြည်သူတွေကို ကမ်းလှမ်း မဲဆွယ်နေကြပါတယ်။
သို့ပေမယ့်လည်း နိုင်ငံရေး အကျပ်အတည်း ဖြစ်နေချိန်၊ စီးပွားရေးက နှေးကွေးပြီး ရပ်လုမတတ် ဖြစ်နေချိန်မျိုး ဖြစ်တဲ့အတွက် ဒီလို မတန်တဆ ပေးမယ်လို့ ကမ်းလှမ်းမှုတွေကြောင့် တန့်နေတဲ့ စီးပွားရေးဟာ ပြန်လည် ဦးမော့လာနိုင်မှာ မဟုတ်နိုင်ဘူးလို့ ဘောဂဗေဒ ပညာရှင်တွေက သတိပေး နေကြတယ်။
အသက် (၃၄) နှစ်အရွယ် ထိုင်းလူမျိုး “တုံ”လို ထိုင်းပြည်သူ တော်တော်များများကလည်း ဒီလို မဲဆွယ်နေတဲ့ လက်ကမ်းကြော်ငြာတွေက အခုဖြစ်နေတဲ့ ထိုင်းနိုင်ငံရဲ့ နက်ရှိုင်းလှတဲ့ စီးပွားရေး ပြဿနာတွေကို ဖြေရှင်းနိုင်မယ် မထင်ဘူးလို့ မြင်ကြတယ်။
“ကျွန်တော့်လခက ဒီအတိုင်းပဲ ဘာမှ မပြောင်းဘူး။ ဒါလိုဖြစ်နေတာ နှစ်နဲ့ချီနေပြီ။ ဒါပေမဲ့ ကုန်စျေးနှုန်းတွေက ဒီအတိုင်းမနေဘူး တက်ကုန်ပြီ” လို့ တုံက ပြောပါတယ်။ တုံဟာ ဘန်ကောက်မြို့က ဟိုတယ်တစ်ခုမှာ အလုပ်လုပ် နေသူပါ။ သူ့လစာက တစ်လကို ဘတ် တစ်သောင်း ရှစ်ထောင် (ဒေါ်လာ ၅၈၀ ခန့်) ရတယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ဟာ ဆင်းရဲသထက် ဆင်းရဲတွင်း နက်လာဖို့ပဲရှိတယ်။ နိုင်ငံတစ်ခုလုံးရဲ့ စီးပွားရေးကို ဘာမှ မပြုပြင် နိုင်ဘဲနဲ့တော့ အခုလို ပါတီတွေက မက်လုံးပေးနေတာ အလကားပါပဲ” လို့ တုံက ဆက်ပြောတယ်။
ဖေဖော်ရီလ ၈ နေ့မှာကျင်းပမယ့် ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ သန်းနဲ့ချီတဲ့ မဲပေးမယ့် ပြည်သူ ပြည်သားများဟာ တုံလိုပဲ မအီမလည်ကြီး ဖြစ်နေကြမှာပါပဲ။ အိမ်ထောင်စု တစ်ခုရဲ့ အကြွေးက ဂျီဒီပီ (GDP – Gross Domestic Product) စုစုပေါင်း ပြည်တွင်းကုန်ရဲ့ ၉၀ ရာခိုင်နှုန်းလောက် ဖြစ်နေတယ်။ ကြွေးပိနေတယ်လို့ ပြောရမှာပေါ့။ ထိုင်းနိုင်ငံရဲ့ စီးပွားရေးကလည်း ၂၀၂၅ ခုနှစ်မှာ နှစ်ရာခိုင်နှုန်း သာသာ လောက်ပဲ တက်လာခဲ့တာ။ ဒါဟာ အရှေ့တောင်အာရှက တကယ့် စီးပွားရေးကောင်းတဲ့ နိုင်ငံတွေနဲ့ နှိုင်းယှဥ်ရင် အနှေးဆုံး အနေအထားမှာလို့ ပြောလို့ရတယ်။ ၂၀၂၆ ခုနှစ်မှာ ဒီထက်ပိုနည်းမယ်လို့ ခန့်မှန်းထားကြတယ်။
တစ်ချိန်တုန်းက အာရှရဲ့ စီးပွားရေး အတောင့်တင်းဆုံး ထိုင်းနိုင်ငံရဲ့ နေရာကို နောက် ဆယ်စုနှစ်တစ်ခု အတွင်းမှာ ဗီယက်နမ်နိုင်ငံက ဖြတ်ကျော်သွားဖို့ရှိတယ်လို့ ဘောဂဗေဒနဲ့ စီးပွားရေး သုတေသနဌာန (the Centre for Economics and Business Research) က ကျွမ်းကျင်သူတွေက ခန့်မှန်းကြတယ်။ ထိုင်းနိုင်ငံမှာ ၂၀၂၃ ခုနှစ်က ပြီးစီးခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲ နောက်ပိုင်း ဝန်ကြီးချုပ် သုံးဦး ပြောင်းခဲ့တဲ့ အချိန်အတွင်းမှာ နိုင်ငံ့အတွက် မူဝါဒတွေက ထပ်တူကျမနေဘဲ တစ်ယောက် တစ်မျိုးစီ ဖြစ်ခဲ့တယ်။
ဒါပေမဲ့လည်း နိုင်ငံ အနှံ့အပြားမှာ မြင်နေရတဲ့ ရွေးကောက်ပွဲ ပိုစတာတွေပေါ်မှာ ရေးထားတဲ့ ကတိကဝတ်ကြီးတွေကို လူတွေက အရင်လိုပဲ အားပေးနေကြတုန်းပါပဲ။

ဒီမိုကရက်တစ်ပါတီက ထိုင်းနိုင်ငံရဲ့ အိုမင်းလာတဲ့ လူထုအတွက် သွေးသစ်လောင်းဖို့ကို အားပေးတဲ့ အနေနဲ့ ကလေးတစ်ယောက်မွေးတိုင်း ထိုင်းဘတ်ငွေ ၆၅,၀၀၀ (ဒေါ်လာ ၂,၀၈၀ ခန့်) ကို မိဘတွေကို ပေးအပ် ထောက်ပံ့မယ်လို့ ကတိပေးတယ်။ ဒီမိုကရက်တစ်ပါတီဆိုတာ ထိုင်းနိုင်ငံရဲ့ သက်တမ်း အရင့်ဆုံးပါတီ တစ်ခုဖြစ်ပြီး အရင် ဝန်ကြီးချုပ်ဟောင်း အဘီဆစ် ဝေ့ချာချီဝါက ဦးဆောင်နေပါတယ်။ ဒီပါတီက သူတို့ကိုယ်သူတို့ သန့်ရှင်းတဲ့ အစိုးရအဖြစ် ဂုဏ်ဖော်နေပြီး ဘဏ္ဍာငွေတွေကိုလည်း အကျိုးရှိရှိ သုံးစွဲမယ်လို့ မဲဆွယ်နေပါသေးတယ်။ သူရဲ့ ကွန်ဆာဗေးတစ်ဖြစ်ပြီး နိုင်ငံ့အပေါ်မှာ သစ္စာရှိတဲ့ ပါတီဟာ လာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရ နိုင်ခြေ နည်းပါး နိုင်သလို နိုင်ခဲ့မယ်ဆိုရင်လည်း အစိုးရ ဘယ်လိုဖွဲ့မယ်ဆိုတာ ဆုံးဖြတ်ထားပြီးပုံ မတွေ့ရသေးပါ။
၂၀၁၄ ခုနှစ် ထိုင်းအာဏာ သိမ်းမှုနဲ့အတူ ပေါ်ထွက်လာပြီး စစ်တပ်က အရာရှိကြီးများရဲ့ ယူနိုက်တက် ထိုင်းနိုင်ငံ ပါတီကတော့ ဆန္ဒအလျှောက် စစ်မှုထမ်းလိုတဲ့သူတွေကို ဘတ် သုံးသောင်းပေးမယ်။ စစ်တိုက်ဖို့ပါ တာဝန်ယူမယ် ဆိုရင် ထိုသူကို ဘတ် နှစ်သိန်းပေးမယ်လို့ ရက်ရက်ရောရော ကမ်းလှမ်း လာပါတယ်။ ဒါဟာ ပြီးခဲ့နှစ်က ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ နယ်စပ်ကိစ္စနဲ့ အငြင်းပွား ထိတွေ့ ပွတ်တိုက်မှုတွေ အပေါ် စိုးရိမ်လာတဲ့ ပြည်သူတွေ အတွက်လို့ ယူဆရပါတယ်။
ဒီလို အပြိုင်အဆိုင်တွေ များနေချိန်မှာ မကြာခင်နှစ်တွေက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်ခဲ့တဲ့ ဖြူထိုင်းပါတီဟာ လူထုအကြိုက် ဖန်တလဲလဲ ပေးခဲ့တဲ့ ကတိကဝတ်တွေကိုပဲ နာမည် အမျိုးမျိုး ပြောင်းကာ ပြန်လည် မဲဆွယ် နေပါတယ်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာရဲ့ ဖြူထိုင်း ပါတီဟာ အခုတော့ သက်ဆင်ရဲ့ တူတော်မောင် ရိုချန်နန် ဝေါင်ဆဝပ်က ဦးဆောင်သူနေရာကို တာဝန်ယူ ထားပါတယ်။ ဖြူထိုင်းပါတီက ဘန်ကောက်မှာ အများပြည်သူသုံး ပို့ဆောင်ရေးအတွက် တစ်နေ့ ဘတ် ၂၀ ဖိုး အခမဲ့ ပေးသုံးမယ်။ ပြည်သူတွေဆီမှာ တင်နေတဲ့ အကြွေးတွေကိုလည်း လျှော်ပစ်ပေးမယ်လို့ ဆိုတဲ့ အပြင် ထိုင်းနိုင်ငံက ဆင်းရဲတဲ့ မိသားစုတွေကို တစ်လကို ဘတ် ၃,၀၀၀ လောက် ဝင်ငွေရ နိုင်အောင်ပါ လုပ်ပေးမယ်လို့ ပြောဆိုပြီး မဲဆွယ်နေပါတယ်။ ဒါ့အပြင် ဒစ်ဂျစ်တယ် နည်းပညာ တီထွင်မှုနဲ့အတူ ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်မယ့် သူ့ပါတီရဲ့ ၁၀နှစ် စီမံကိန်းကို ရိုချန်နန်က ချပြခဲ့တယ်။ အဓိကကျတဲ့ နည်းပညာမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်မှသာ စီးပွားရေး တိုးတက်မှာ ဖြစ်ကြောင်းကို မကြာခင်က တီဗီကနေ ထပ်ပြီး မဲဆွယ်ခဲ့သေးတယ်။
ဒါပေမဲ့ တစ်ချိန်က သူတို့ပေးခဲ့တဲ့ ဒစ်ဂျစ်တယ် ငွေပိုက်ဆံ ဘတ်တစ်သောင်း ပေးမယ်ဆိုတဲ့ ကတိအတိုင်း မပေးခဲ့ တာကို သူတို့ကို မဲပေးခဲ့တဲ့ ပြည်သူတွေကတော့ မမေ့ကြသေးပါဘူး။ မဲဆွယ်စဥ်တုန်းက သူတို့ရဲ့ အထင်ကရ အစီအစဥ် တစ်ခု ဖြစ်ခဲ့တဲ့ တိုးရစ်တွေကို ဆွဲဆောင်နိုင်မယ့် ကာစီနို လောင်းကစားရုံ ဆောက်လုပ်မယ့် အစီအစဥ်ဟာ ညွန့်ပေါင်းအစိုးရအတွင်း ပဋိပက္ခ တွေကြောင့် ပျက်သွားခဲ့တာမို့လို့ ပေးခဲ့တဲ့ ကတိအတိုင်း ပေးရမယ့် ဘတ်တစ်သောင်းကို မပေးနိုင်ဘဲ တစ်ဝက်တစ်ပြက်သာ ပေးနိုင်ခဲ့လို့ပါ။
ပြီးတော့ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲတုန်းက လူကြိုက်အများဆုံး မဲရခဲ့ပေမယ့် ရှေးရိုးစွဲ ဝါဒီတွေရဲ့ ဘေးဖယ်ခြင်းကို ခံခဲ့ရပြီး နာမည်အသစ်နဲ့ ပြန်ပေါ်ထွက်လာတဲ့ ပြည်သူ့ပါတီဆိုတာလည်း ရှိသေးတယ်။ အဲဒီပါတီကနေ ဝန်ကြီးချုပ် အဖြစ် လျာထားခံရတဲ့ ဗီယာယု ကန်ချူးချက်ကတော့ ထိုင်းနိုင်ငံဟာ အာရှရဲ့ ငါးကောင်မြောက်ကျား ဖြစ်လာဖို့ အိပ်မက်ဟာ မကြာခင်အတွင်းမှာ တကယ် ဖြစ်လာတော့မယ်လို့ ဆိုပါတယ်။ ၁၉၆၀ကနေ ၁၉၉၀ နှစ်တွေအတွင်း စက်မှုလုပ်ငန်းတွေ မြန်မြန် ဆန်ဆန် ဖွံ့ဖြိုးအောင် ကြိုးစားခဲ့ကြပြီး ပို့ကုန်အားပေး အဓိက မူတည်ပြီး လုပ်ခဲ့ကြလို့ လောလောဆယ် အာရှတိုက် ရဲ့ ကျားလေးကောင်လို့ သတ်မှတ်ထားတာ တွေက ဟောင်ကောင်၊ စင်္ကာပူ၊ ထိုင်ဝမ်နဲ့ တောင်ကိုရီးယား နိုင်ငံတွေပါ။ ဒါကို ဗီယာယုက “လာမယ့် ငါးနှစ်အတွင်း ထိုင်းနိုင်ငံရဲ့ စီးပွားရေးသာ ပြန်မကောင်း လာခဲ့ဘူးဆိုရင် ထိုင်းဟာ “အာရှရဲ့ ငါးကောင်မြောက်ကျား” ဖြစ်လာဖို့ ဆိုတာ ပုံပြင်တစ်ပုဒ်ပဲ ဖြစ်သွားမှာပေါ့” လို့ဆိုပြီး ပြောခဲ့တယ်။
သူ့တို့ ပြည်သူ့ပါတီက တရုတ်နိုင်ငံက ဝင်လာတဲ့ စျေးပေါပြီး အရည်အသွေးမကောင်းတဲ့ ပစ္စည်းတွေကို ပိတ်ပင် ပစ်မယ်။ မှောင်ခိုစီးပွားရေးကို ပိုပြီးကြပ်မတ်ဖို့လိုတယ်၊ တစ်ပိုင်း လျှပ်ကူးပစ္စည်းမျိုးလို တန်ဖိုးကြီး လုပ်ငန်းတွေကို ပိုမိုထွန်းကားလာအောင် ဆောင်ရွက်ပေးရမယ်လို့ မဲဆွယ်နေပါတယ်။
ပြည်သူ့ပါတီရဲ့ နောက်နားက ကပ်လိုက်နေတာကတော့ လက်ရှိ ယာယီအစိုးရ ဝန်ကြီးချုပ် တာဝန်ယူ နေတဲ့ အနုတင် ဘမ်ဝီရကူးလ် ရဲ့ ဘူမ်ဂျိုင်ထိုင်း ပါတီပဲ ဖြစ်ပါတယ်။ ပြည်သူ့ပါတီရဲ့ နောက်က လိုက်တယ်ဆိုတာကတော့ လောလောဆယ် ယေဘုယျ လူထုစစ်တမ်းအရ ဖြစ်ပါတယ်။ အနုတင်ရဲ့ ဘူမ်ဂျိုင်ထိုင်းပါတီကတော့ ပါးပါးနပ်နပ်နဲ့ သူတို့သာလျှင် တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ဆက် လျှောက်မယ်လို့ဆိုတဲ့ အနေအထားကို ယူထားပုံရပါတယ်။ သူတို့က အခြားပါတီတွေလို ငွေတွေနဲ့ မက်လုံး မပေးဘဲ မဲပေးကြမယ့် လူကြီးတွေ အကြိုက် အသက်အာမခံကိစ္စ၊ ကင်ဆာ ဖြစ်ရင် ဘယ်လို ပြုစု စောင့်ရှောက်ရေး အစီအမံတွေ၊ အလုပ်အကိုင် ဖန်တီးပေးရေးစတာတွေကို သူတို့ ရည်မှန်းထား တဲ့ မဲပေးမယ့် အသက်ရွယ် အုပ်စုတွေကို ဦးတည်ပြီး မဲဆွယ်ပါတယ်။ အနုတင်က တီဗီက မဲဆွယ်တဲ့အခါ “ကျွန်တော်တို့ ပြည်သူတွေ စားဖို့ ငါးကို မပေးဘူး။ ငါးဖမ်းဖို့ ငါးမျှားချိတ်တွေကို ပေးဖို့ပဲ ပိုပြီး အာရုံ ထားတယ်” လို့ ပြောသွားတယ်။
ဘယ်သူပဲ ရွေးကောက်ပွဲမှာ နိုင်ပါစေ။ ထိုင်းနိုင်ငံမှာ ရပ်တန့်လုနီးပါးနေပြီဖြစ်တဲ့ စီးပွားရေးကို ပြန်ပြီး လည်ပတ် တည့်မတ် တည်ငြိမ်အောင်လုပ်ဖို့လိုတာမို့လို့ ငွေသားတွေနဲ့ မက်လုံးပေးတာထက် အများကြီး ပိုကောင်းပါတယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ ပဉ္စမမြောက် အကြီးဆုံး ဘဏ်တစ်ခုဖြစ်တဲ့ ခရွန်ဆရီဘဏ်ရဲ့ စီးပွားရေး ဆိုင်ရာ အကြီးအကဲ ပင်နာရာ ဟီရန်ကာစီ က “နိုင်ငံရေး ရေချိန်ကို မြန်မြန်ဆန်ဆန် တည်ငြိမ်အောင် လုပ်နိုင်လေလေ၊ ပြည်သူတွေရဲ့ ယုံကြည် အားကိုးမှုနဲ့ မူဝါဒချမှတ်တာတွေ အမြန်ဆုံး ရလာမှာပါ” လို့ ပြောပါတယ်။
သူက ဆက်ပြီးတော့ “ဒါပေမဲ့ ရေရှည်မှာတော့ အစိုးရသစ်အနေနဲ့ လက်ရှိ နိုင်ငံရေး စီးပွားရေး အကျပ်အတည်းတွေကို ဖြေရှင်းချင်သလား၊ ဖြေရှင်းနိုင်မှာလားဆိုတာက တကယ့်အရေးကြီးတဲ့ မေးခွန်းတစ်ခု ဖြစ်လာပါလိမ့်မယ်။ ဒီပြဿနာတွေက အမြစ်တွယ်နေတာ ကြာပြီဆိုတော့ မူဝါဒ ချမှတ်ရုံနဲ့တင် မရသေးဘဲ ဖြေရှင်းသွားဖို့လည်း တကယ်လိုအပ်နေတာ” လို့ ပြောပါသေးတယ်။
“Thailand’s election turns into a cash splash contest to win votes, South China Morning Post သတင်းစာ ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။


