The Corner

The Corner

cropped-Logo_round_grey-background.png

တိတ်ဆိတ်သွားတဲ့ တောင်-မြောက်ကိုးရီးယား နှစ်နိုင်ငံ ကြားနယ်ခြားဒေသ

Share မယ်

တောင်ကိုးရီးယား သမ္မတက မြောက်ကိုရီးယား နဲ့ တင်းမာမှုတွေကို လျှော့ချချင်နေပါတယ်

တောင်ကိုးရီးယားနိုင်ငံသား “ကင်ချမ်းဝှမ်” (Kim Chang Hwan) ဟာမြောက်ကိုးရီးယားနယ်စပ်အနီးမှာရှိတဲ့ ဒေဒေါင်းရီ (Daedong-ri) ရွာကသူ့အိမ်မှာ ညအိပ်ရာဝင်တိုင်းအသံတွေ မကြားရအောင် တပ်ထားတဲ့ နားဆို့ပလတ် (earplugs) တွေနဲ့ နားနှစ်ဖက်ကို ဆို့ပိတ်ပြီးမှ အိပ်လေ့ရှိပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကစပြီး တောင်ကိုးရီးယား အာဏာပိုင် တွေဟာ မြောက်ကိုးရီးယား နယ်စပ်တစ်လျှောက်မှာ တပ်ဆင်ထားတဲ့ အသံချဲ့စက်ကြီးတွေကနေ တစ်ဆင့် တောင်ကိုးရီးယား ခေတ်ပေါ် ကေပေ့ါ (K- pop) သီချင်းတွေနဲ့ သတင်းတွေကို မြောက်ကိုးရီးယားဘက်ကို ထုတ်လွှင့် နေပါတယ်။ မြောက်ကိုးရီးယားကလည်း နယ်စပ် တစ်လျှောက်မှာ အလားတူ အသံချဲ့စက်တွေ တပ်ဆင်ပြီး တိရစ္ဆာန် မျိုးစုံရဲ့ အော်သံတွေ ကျောချမ်းစရာ တဝီဝီမြည်သံတွေကို နားမခံနိုင်အောင် ထုတ်လွှင့်ပြီး တန်ပြန်ပါတယ်။ ဒီလိုဖြစ်နေခဲ့ရာက ဒီနှစ် စောစောပိုင်းကစပြီး နယ်စပ်တစ်လျှောက်မှာ ဆူညံသံတွေ တိတ်ဆိတ်သွားခဲ့ပါတယ်။ မစ္စတာ ကင် တစ်ယောက် ခုမှပဲ ဟင်းချပြီး ကောင်းစွာအိပ်နိုင်ပါပြီ။

ဒီလိုတိတ်ဆိတ် သွားရတာက တောင်ကိုးရီးယား သမ္မတသစ် လီဂျယ်မြောင် (Lee Jae Myung) က ရန်လိုလှတဲ့ အိမ်နီးချင်းအပေါ် ချဥ်းကပ်မှု ပုံစံ ပြောင်းလိုက်လို့ပါ။ သူ့အရင် တောင်ကိုးရီးယား သမ္မတဟောင်း ယွန်ဆွတ်ယို (Yoon Suk Yeol) လက်ထက်တုန်းကတော့ တောင်နဲ့မြောက် နှစ်နိင်ငံကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။ ကွန်ဆာ ဗေးတစ် တစ်ဦးဖြစ်တဲ့ သမ္မတ ယွန်ဟာ ၂၀၂၂ မှ ၂၀၂၄ အတွင်း အုပ်ချုပ်ခဲ့ပါတယ်။ နယ်စပ်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် တွေက ဆိုးဝါးလာတဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို ထင်ဟပ်ပြနေခဲ့ပါတယ်။ တောင်ကိုးရီးယား တက်ကြွ လှုပ်ရှားသူများက မြောက်ကိုးရီးယားအစိုးရကို ပုတ်ခတ်တိုက်ခိုက်တဲ့ စာရွက်တွေကို နယ်စပ်ပေါ်ကနေပြီး ကြဲချခဲ့ ကြရာ မြောက်ကိုးရီးယားဘက်ကလည်း မိုးပျံပူဖောင်းများတွင် အမှိုက်သရိုက်အညစ်အကြေးများနှင့် မစင်များကိုပင် ချိတ်ဆွဲကာ တောင်ကိုးရီးယားဘက်သို့ ပြန်လှန်ပစ်လွှတ်ခဲ့ကြပါတယ်။

နယ်ခြားကနေ မြောက်ကိုရီးယားဘက်ကို စပီကာကြီးများနဲ့ ကေပေါ့ သီချင်းများ ဖွင့်ဖို့ တောင်ကိုရီးယား စစ်သားများ ပြင်ဆင်နေကြစဥ် (Source: RNZ/AFP)

နှစ်နိုင်ငံနယ်စပ်ဒေသမှာ တစ်ချိန်က ဒီအသံချဲ့စက်ကြီးတွေကို ပုံမှန် အသုံးပြုခဲ့ကြသော်လည်း အမှန်မှာ၂၀၁၈ ခုနှစ်က စပြီး ဒီအသံချဲ့စက်တွေကို အသုံးမပြုဘဲ ပိတ်ထားခဲ့ကြတာပါ။ ဒါကိုမနှစ်ကမှ သမ္မတဟောင်း ယွန်က ပြန်ဖွင့်လို့ တင်းမာမှုတွေ ပြန်မြင့်တက်ခဲ့တာပါ။

လက်ဝဲဝါဒီ တစ်ယောက်ဖြစ်တဲ့ သမ္မတလီဟာ ၂၀၂၅ခုနှစ် ဇွန်လ အတွင်းက သမ္မတဖြစ်လာခဲ့ပြီးနောက် မြောက် ကိုးရီးယား နဲ့ ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ကြိုးစားခဲ့ပါတယ်။ အသံချဲ့စက်တွေကို ပိတ်ပစ်လိုက်တာဟာ သူသမ္မတဖြစ်လာပြီး ပထမဆုံး လုပ်ဆောင်မှုပါ။ စာရွက်တွေ ဖြန့်ဝေမှုကိုလည်း အများအားဖြင့် ရပ်လိုက်ပါပြီ။ သူဒီလိုရပ်ပြီး ရက်အနည်းငယ် အတွင်းမှာပဲ မြောက်ကိုးရီးယားကလည်း သူ့အသံချဲ့စက် အားလုံးကိုပိတ်လိုက်ပါတယ်။

နှစ်နိုင်ငံ နယ်စပ်ဒေသမှာ ဒီလိုနားမခံနိုင်လောက်တဲ့ အသံဆိုးတွေ မရှိတော့တာကိုတော့ ဘယ်သူကမှ လွမ်းနေမယ် မထင်ပါဘူး။  ဒါပေမဲ့ ဒါဟာမြောက်ကိုးရီးယားကို ဒေါသထွက်စေမယ့် လုပ်ဆောင်မှုတွေကို ရပ်ဆိုင်းပစ်မယ့် သမ္မတ လီရဲ့ လုပ်ဆောင်မှုတွေထဲက တစ်ခုပဲ ရှိပါသေးတယ်။ သူ့ရဲ့ အခြားပြုပြင်ပြောင်းလဲမှုတွေက လူအချို့ကို စိုးရိမ်စိတ် တွေတောင် ဖြစ်စေခဲ့ပါတယ်။ မြောက်ကိုးရီးယားထဲက သာမန်နိုင်ငံသားတွေ ဆင်ဆာမဖြတ်တဲ့ သတင်းမှန်တွေ သိရအောင် တောင်ကိုးရီးယား ထောက်လှမ်းရေး အေဂျင်စီတွေက နှစ်ပေါင်းများစွာကတည်းက ရေဒီယိုကနေ သတင်းတွေ ထုတ်လွှင့်ပေးနေခဲ့ပါတယ်။

ဒီနှစ်မှာ အဲဒီရေဒီယို အသံလွှင့်ဌာနတွေ အားလုံး ရပ်တန့်သွားခဲ့ ပါတယ်။ ၂၀၁၀ ခု နောက်ပိုင်းပထမဆုံးဖြစ်ရပ်ပါ။ အမေရိကန် အစိုးရ ထောက်ပံ့ထားတဲ့ သတင်းဌာနတွေကို သမ္မတ ဒေါ်နယ်ထမ့်က ဖျက်သိမ်းပြီး မကြာမီ ဒီရေဒီယို အသံလွှင့်ဌာနတွေ ထုတ်လွှင့်မှု ရပ်တန့်သွားတာပါ။ ဒီထဲမှာ မြောက်ကိုးရီးယားကို ထုတ်လွှင့်ပေးနေတဲ့ ရေဒီယိုဌာနလည်း ပါသွားပါတယ်။ အကျိုးဆက်အနေနဲ့ မြောက်ကိုးရီးယားထဲ ရောက်ရှိနိုင်တဲ့ ရေဒီယိုအစီအစဥ် ၈၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားခဲ့တယ်လို့ အမေရိကန် လေ့လာရေးအဖွဲ့ Stimson Center ရဲ့ လေ့လာချက်အရ သိရှိရပါတယ်။

ကျန်ရှိနေသေးတဲ့ အသံလွှင့်ဌာနလေးတွေကို တက်ကြွ လှုပ်ရှားသူတွေက ထိုင်ဝမ်၊ ဖိလစ်ပိုင်နဲ့ ဥဇဘက်ကစ္စတန် အပါအဝင် နိုင်ငံအချို့ကနေပြီး လှိုင်းတို မီတာ နဲ့ လွှင့်ထုတ်ပေးနေပါတယ်။ တောင်ကိုးရီးယားကနေသာ လွှင့်ခွင့်ရခဲ့ရင် မြောက်ကိုးရီးယားက ကြားဖြတ်နှောင့်ယှက်ဖို့ ပိုမို ခက်ခဲသွားစေမှာဖြစ်ပါတယ်။ ဒါပေမဲ့ တောင်ကိုးရီးယားအစိုးရက လွှင့်ခွင့်မပြုဘူးလို့ တက်ကြွ လှုပ်ရှားသူတစ်ဦးက စိတ်မကောင်းစွာ ပြောပြခဲ့ပါတယ်။

အခုတော့ တက်ကြွလှုပ်ရှားသူတွေဟာ မြောက်ကိုးရီးယား ပြည်သူတွေထံ ရောက်အောင် သတင်းတွေကို ဘယ်ပုံ ဘယ်နည်းနဲ့ လွှင့်ထုတ်ရပါ့မလဲလို့ နည်းလမ်းသစ်တွေကို ခေါင်းကုတ်ကာ စဥ်းစား နေကြရပါပြီ။ မြောက်ကိုးရီးယား ကနေ ထွက်ပြေး လွတ်မြောက်လာပြီး ယခုဆိုးလ်မြို့မှာ နေထိုင်နေသူတစ်ဦးက အင်တာနက် အခြေပြု ရေဒီယို အသံလွှင့်ဌာနတစ်ခုကို မကြာမီက စတင် ဖွင့်လှစ်လိုက်ပါတယ်။ ကိုးရီးယားကျွန်းဆွယ် အပြင်ဘက် ရောက်ရှိနေတဲ့ မြောက်ကိုးရီးယားနိုင်ငံသားတွေ ဥပမာ ပြည်ပရောက် မြောက်ကိုးရီးယား ကျောင်းသားတွေနဲ့ အလုပ်သမားတွေ အတွက် ရည်ရွယ်ပါတယ်။ သူတို့ ရေဒီယိုက ကြားသိရတဲ့ သတင်းအချက်အလက်တွေကို မြောက်ကိုးရီးယားမှာ ရှိနေတဲ့ သူတို့ မိသားစုဆွေမျိုးသားချင်းနဲ့ မိတ်ဆွေတွေထံ တစ်ဆင့် လက်ဆင့်ကမ်းနိုင်စေဖို့ပါ။ ဆင်ဆာဖြတ် တောက်ထားခြင်း မရှိတဲ့ သတင်းအချက်အလက်တွေဟာ သူတို့ အုပ်ချုပ်မှု အာဏာအတွက် အန္တရာယ် တစ်ခုလို့ ယုံကြည် ယူဆထားတဲ့ မြောက်ကိုးရီးယား အာဏာရှင်အဖို့တော့ ဒါတွေဟာ လွန်လွန်းတယ်လို့ ယူဆမှာပါ။ နိုင်ငံခြားက သတင်းတွေ ရယူခြင်း၊ နားထောင်ခြင်း၊ ဖြန့်ဝေခြင်းတွေလုပ်ရင် ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံရ ပါတယ်။ ဒီထဲမှာ နှစ်ရှည် ထောင်ဒဏ်တွေသာမက သေဒဏ်တွေတောင် ပါဝင်ပါတယ်။ နိုင်ငံခြားလုပ် ရေဒီယိုတစ်လုံး ရလာခဲ့ရင် ရဲဌာနမှာ သွားပြီး မှတ်ပုံတင်ရပါတယ်။ ပြည်တွင်းက ထုတ်လွှင့်တဲ့ အသံတွေပဲ ဖမ်းနိုင်ပြီး ပြည်ပက ထုတ်လွှင့်တဲ့ အသံတွေ ဖမ်းမရအောင် ရေဒီယိုကို ပြင်ဆင် ဖျက်ဆီးပစ်ပါတယ်။ အဲဒီလို ပြင်ဆင်ပြီးမှသာ အသုံးပြုခွင့်ရှိ ပါတယ်။ ဒီလိုမလုပ်ရသေးတဲ့ မှတ်ပုံတင်မထားတဲ့ ရေဒီယိုဟာ တရားမဝင် ပစ္စည်းဖြစ်လို့ ပိုင်ဆိုင်ခွင့် အသုံးပြုခွင့် မရှိပါဘူး။ ဒါပေမဲ့ မြောက်ကိုးရီးယားတွေကတော့ ပြည်ပရေဒီယိုက သတင်း နားထောင်ရတာဟာ အခြားနည်းတွေထက် ပိုမို အန္တရာယ်ကင်းတယ်လို့ ဆိုပါတယ်။ အခြား မှောင်ခိုနည်းနဲ့ သွင်းလာရင် လမ်းမှာ ဖမ်းဆီး ခံရနိုင်ခြေ ပိုများလို့ပါ။ ရေဒီယိုတွေဟာ တီဗွီတွေထက် သက်ဆိုင်ရာက မတွေ့နိုင်အောင် ဝှက်ရတာ ပိုမို လွယ်ကူပါတယ်။ ဓာတ်ခဲနဲ့ အသုံးပြုရလို့ လျှပ်စစ် ရှားပါးပြတ်တောက်တဲ့ နိုင်ငံမှာ ပိုပြီး အဆင်ပြေပါတယ်။

ရေဒီယိုထုတ်လွှင့်မှုဟာ ရှေးကျ ခေတ်မမီတော့လို့ ငွေကို အလဟဿ ဖြုန်းတီးရာ ရောက်တယ်လို့ အကြောင်းပြပြီး သမ္မတလီက ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ “အင်တာနက်မှာ လိုချင်တာ ရှာလို့ရနေတာပဲဗျာ” လို့ ပြီးခဲ့တဲ့လက ပြောခဲ့ပါတယ်။ သမ္မတက ဒီလိုပြောသာပြောရတယ်, မြောက်ကိုးရီးယားနိုင်ငံသားတွေဟာ အင်တာနက်ကို လွတ်လွတ်လပ်လပ် သုံးခွင့် ရကြတာ မဟုတ်ဘူး ဆိုတာ သူလည်းသိပါတယ်။ သမ္မတလီဟာ သူဒီလိုတွေ လုပ်ပြ လိုက်ရင် မြောက်ကိုးရီးယား အာဏာရှင် ကင်ဂျုံအန်ကို ဆွေးနွေးပွဲ စားပွဲဆီကို ခေါ်လို့ရမယ်လို့ သူမျှော်လင့်နေပုံ ရပါတယ်။ “သမ္မတဟာ အခြေအနေ ပိုမို ဆိုးဝါးမလာအောင် ဟန့်တားထားနိုင်မယ့်နည်း လမ်းလေးတွေကို ရှာဖွေ စမ်းသပ်နေပုံ ရပါတယ်” လို့ Korea National Diplomatic Academy မှအငြိမ်းစားဂုဏ်ထူးဆောင် ပါမောက္ခ Jun Bong-geun ကပြောပါတယ်။

ဒါတွေ အလုပ်ဖြစ်ပါ့မလား။ တရုတ်နဲ့ ရုရှားရဲ့ ထောက်ခံအားပေးမှု အနည်းနဲ့အများ ရနေတဲ့ မြောက်ကိုရီးယား အာဏာရှင် အစိုးရဟာ တောင်ကိုရီးယားနဲ့ စားပွဲမှာ အတူထိုင်ပြီး ဆွေးနွေးချင်တဲ့ အရိပ်အယောင်တောင် မမြင်ရပါဘူး။ တကယ်တော့ မြောက်ကိုရီးယား အာဏာရှင် ခေါင်းဆောင်ဟာ မကြာမီမှာ အမေရိကန်ဆီက အခွင့်အလမ်း အကြီးကြီး တစ်ခုခု ကြံဖန်ရရှိနိုင်တော့မယ်လို့ ယုံကြည်နေပုံ ရပါတယ်။ သူ့ရဲ့ နျူကလီယား လက်နက် ပိုင်ဆိုင်မှုကို ခွင့်ပြု လက်ခံလိုက်တာ မျိုးပေါ့။ သမ္မတ ဒေါ်နယ်ထရမ့်ဟာ မြောက်ကိုရီးယား အာဏာရှင်နဲ့ ဒုတိယ အကြိမ်အဖြစ် နောက်နှစ်ထဲမှာ တွေ့ဆုံကြဖွယ် ရှိတယ်လို့ မျှော်လင့်နေကြတာလည်း ရှိတယ်။ နောက်ဖြစ်လာမှာ တွေကတော့ အဲဒီ တွေ့ဆုံ ဆွေးနွေးပွဲမှာ အမေရိကန် သမ္မတရဲ့ သတိသမ္ပဇဥ် ဥာဏ်ပညာ အမြော်အမြင်နဲ့ ချဥ်းကပ် ဆွေးနွေးမှုအပေါ်မှာ မူတည်မှာပါပဲ။ ဘာပဲ ဖြစ်နေဖြစ်နေ နယ်စပ် အနီးနားမှာ နေထိုင်ကြရတဲ့ တောင်ကိုရီးယားတွေ အဖို့တော့ အိပ်ရေးပျက်ခဲ့ကြရတာ ကြာပြီမို့ အတိုးချ အိပ်ဖို့ အခွင့်ရတာမို့ ဟန်ကျပါတယ်။

ကိုးကား – Why has the border between the Koreas fallen silent? The Economist Dec 25

Click to rate this post!
[Total: 1 Average: 5]