“ကိုတိုးလှ ရှိပါသလား”
အိမ်ရှေ့မှ ဧည့်သည်အသံကြောင့် ထမင်းအိုး ကမန်းကတန်းတည်ရင်း ထွက်လာခဲ့သည်။ ဖြူဖြူသွယ်သွယ် အနီမလေးနှင့် ခပ်တုတ်တုတ် အညိုရင့်မတို့ကို တွေ့ရသည်။
“ထိုင်ကြပါခင်ဗျ”
အညိုရင့်မ၏ နှာခေါင်းရှုံ့ဟန်ကို ကြည့်လိုက်ရင်း တိုးလှ ပြုံးလိုက်မိသည်။ လောကွတ်စကားသာ ဆိုလိုက်ရ သော်လည်း နေရာထိုင်ခင်းက အဆင်သင့်မဖြစ်။ ဖရိုဖရဲနှင့် ပွဲပျက်နေသည်။ ခြင်ထောင်ကို ကမန်းကတန်း သိမ်းလိုက်ရင်း ခေါင်းအုံးပေါ် ပြီးစလွယ်တင်လိုက်သည်။ စောင်ကို လုံးထွေးကာ ခေါင်းရင်းဘက် ပစ်တင် လိုက်သည်။ တစ်လုံးတည်းသော ကုလားထိုင်ကို ခုတင်ခြေရင်းဘက် ဆွဲယူသည်။
“အခန်းကျဉ်းကျဉ်းလေးထဲမှာ နှစ်ယောက်တည်း ဖြစ်သလို နေကြတာမို့ ဧည့်သည်အတွက် နေရာထိုင်ခင်း အဆင်သင့် မဖြစ်တာ ခွင့်လွှတ်ပါ”
“ရပါတယ်၊ ကျွန်မတို့ကလည်း ကိုယ်ဖြစ်ချင်တာ တစ်ခုတည်းကို ကြည့်ပြီး စောစောစီးစီး လာဒုက္ခပေးရတာကိုး “
အနီမလေးက ရှက်ရွံ့အားနာစွာ ဆိုလာသည်။ အနီရောင် ဝတ်စုံလေးက တခြားသူတွေဝတ်လျှင် သည်လောက် ကြည့်ကောင်းမည် မဟုတ်။ အညိုရင့်မကတော့ အညိုရင့်မကလို့ ဘာရောင်ပဲဝတ်ဝတ် သူမ ဖွဲ့စည်းပုံနှင့် လိုက်လျော ညီထွေဖြစ်မည့်ပုံ မမြင်။ အနီမလေးနှင့် အညိုရင့်မတို့၏ ကြားဝယ် လှပခြင်း အကွာအဝေး သည် ကြာကြာကြည့်လေ ပိုဝေးလေ၊ စေ့စေ့ကြည့်လေ ပိုလှမ်းလေ။
အညိုရင့်မက ခုတင်ခြေရင်းတွင် ဦးစွာ ဝင်ထိုင်မှ အနီမလေးက ကုလားထိုင်ပေါ် မရဲတရဲထိုင်သည်။ နေပုံထိုင်ပုံ ကလည်း ရုပ်ရည်ချင်း ကွာခြားသလို ခြားနားသည်။ အနီမလေးက သေသေသပ်သပ် လှပစွာထိုင်သည်။ အညိုရင့်မက ထီမထင်သည့်ဟန်ဖြင့် မာန်ဝင့်စွာ ထိုင်သည်။ တိုးလှ ခုတင်ခေါင်းရင်းတွင် နေရာယူသည်။
“အစ်ကို… လက်ရေးဒီဇိုင်း ရေးသေးလား”
“ဟုတ်ကဲ့၊ ရေးပါတယ်။ ကျွန်တော် ဒါနဲ့ပဲလုပ်ကိုင်စားသောက်နေပါတယ်”
တိုးလှ ကိုယ့်အနေအထားကိုယ် သိရသည်။ အကူအညီ တောင်းခံလာသူများကို အခမဲ့ ဆောင်ရွက်ပေးနိုင်သည့် အခြေအနေက မရှိ။ ဒါနှင့် လုပ်စားရသည့် သဘောကို ကြိုတင် အသိပေးထားရသည်။
“ရပါတယ် အစ်ကို၊ ကျွန်မတို့ ကလည်း တန်ရာတန်ကြေး ပေးမှာပါ”
ငွေကြေးစကား ပြောလျှင် မကျေနပ်ချင်သည့် သဘောကို စောကြောမိသည်။ အညိုရင့်မ၏ ခပ်ရင့်ရင့် လေသံအရ ဝေဖန်သိရှိနိုင်သည်။
“ကျွန်တော်အပြော နည်းနည်းရင့်သွားရင် ခွင့်လွှတ်ပါ၊ ကျွန်တော် လက်ရေးဒီဇိုင်း ရေးရင်းနဲ့ တစ်ဖက်က ဝင်ငွေ ရှာရပါတယ်၊ ကျွန်တော့် တစ်ဝမ်းတစ်ခါးနဲ့ ကျောင်းနေစရိတ်အတွက် အထောက်အပံ့ ဆိုပါတော့ဗျာ၊ ဟိုတုန်းကတော့ ကျူရှင် ပို့ချချက်တွေအတွက် တော်တော်လေး ရေးရပါတယ်။ ခုတော့ ကွန်ပျူတာတွေ ခေတ်စား လာတော့ ကျွန်တော်တို့ လုပ်ငန်းက မှေးမှိန် သွားပါပြီ၊ ကျွန်တော်တို့တစ်တွေလည်း ကွန်ပျူတာတွေ ပြန်သင်ရင်း ဝင်တိုးနေရတယ်၊ ကိုယ်ပိုင် မဝယ်နိုင်တော့ လက်ခစားပဲ လုပ်နေရတယ်”
တိုးလှက ရှည်ရှည်ဝေးဝေး ရှင်းပြရသည်။
“ကျွန်မတို့ကလည်း သတင်းကြားနဲ့ လာခဲ့ရတာပါ၊ သလ္လာကွက်သစ်မှာ ပန်းချီ ဒီဇိုင်းရေးတဲ့သူ ဆိုလို့ အစ်ကိုတို့ပဲရှိတာ မဟုတ်လား”
အလုပ်စကား မပြောရသေး။ အာလာပ သလ္လာပစကားတွေနှင့် အချိန်ကုန်သည်။ ထမင်းအိုးဘက် အာရုံ ရောက် သွားသည်။
“ခဏနော်၊ ထမင်းအိုးတည်ထားလို့ သွားကြည့်ဦးမယ်”
အနီမလေးနှင့် အညိုရင့်မကြားက ဖြတ်လာခဲ့သည်။ ထမင်းအိုးက ပွက်စပြုပြီ။ ယောက်မဖြင့် တစ်ချက်မွှေ ကာ ထွက်လာခဲ့သည်။
“အပ်ဖို့ ပါလာသလား၊ စုံစမ်းရုံပဲလား”
အလုပ်သဘော ပြောရင်းမှပင် ဝင်ထိုင်သည်။
“အပ်ဖို့ ပါပါတယ်”
“လက်ရေးဒီဇိုင်းလား၊ ကွန်ပျူတာ ဖောက်ပေးရမှာလား”
“အစ်ကို့လက်ရေးကိုပဲ သဘောကျပါတယ်”
အနီမလေးက ပြောရင်း ရှက်နေသည်။ ပြုံးစစ လှမျက်ဝန်းနှင့် ကြော့ရွှန်းနွဲ့ လျနေသည်။
“ကဲ…ဘာတွေ ရေးရမှာလဲ “
“ကျွန်မတို့က ကဗျာစာအုပ် ထုတ်မလို့ပါ”
“ရေးရမယ့် ကဗျာစာရွက်တွေသာပေးပါ၊ လက်ရေးဒီဇိုင်းကိုတော့ အဆင်ပြေအောင် ရေးပေးပါ့မယ်၊ စာအုပ်ဖြစ်တဲ့ အဆင့်ထိ လုပ်ပေးရမှာလား၊ ပန်းချီဘယ်နှပုံ ထည့်မလဲ၊ တစ်ခုတော့ရှိတယ်၊ လက်ရှိအစိုးရပေါ်လစီနဲ့ မလွတ်ကင်းတာ တို့တော့ လုံးဝရေးမပေးနိုင်ဘူး”
“လူကို အဖျက်သမားကျလို့”
အညိုရင့်မကြောင့် ခက်ရသည်။ တိုးလှ စိတ်မရှည်ချင်။ လွမ်းနွယ်ကို စစ်ကူတောင်းရအောင်ကလည်း မနက်စောစော ကတည်းက ပျောက်ချက်သားကောင်းနေသည်။ လက်ဖက်ရည်ဆိုင် ရောက်နေမည် ထင်သည်။
“ကျွန်တော့်ဘက်က မကျန်ရအောင် ရှင်းပြရတာပါ”
“ကျွန်မတို့ သဘောပေါက်ပါတယ်၊ ကဗျာစာအုပ်ဖြစ်တဲ့အထိ တာဝန်ယူပေးစေချင်ပါတယ်၊ ကျွန်မတို့ ဘာသာရပ် ဆိုင်ရာအသင်းက ရန်ပုံငွေအတွက် ရောင်းချဖို့ တာဝန်ပေးလို့ပါ ၊ ဖူးစကက်ပေပါ သုံးချိုးတစ် ချိုးပုံစံမျိုး လိုချင် ပါတယ်။ အဖုံးပန်းချီကော ထည့်ပေးပါ”
အနီမလေး၏ အဆင်ချောစေမည့် အမောပြေစရာ စကားကြောင့် သက်မချရတော့သည်။ အညိုရင့်မနှင့် သာဆိုလျှင် ကသိကအောက် ဖြစ်ရမည်။ ကဗျာပုဒ်ရေ နှစ်ဆယ်မျှရှိမည့် စာရွက်ထပ်ကို အနီမလေးက ကမ်းခဲ့သည်။
**************************
“ထမင်းက စတူးချက်ပါလား ဟ”
“အေးကွာ၊ ကောင်မလေးနှစ်ယောက် ဝင်ရှုပ်သွားလို့”
“ကောင်မလေးနှစ်ယောက်အကြောင်း စဉ်းစားရင်း ထမင်းချက်တာလား၊ လောဘကြီးလှချည်လား၊ တစ်ယောက်လောက်ပဲ ဖြစ်ဖြစ်မြောက်မြောက် စိတ်ကူးယဉ်ပါ တိုးလှရာ”
“စိတ်ကူးယဉ်တာ မဟုတ်ရပါဘူး လွမ်းနွယ်ရာ၊ အလုပ်လာအပ်တဲ့ ကောင်မလေးနှစ်ယောက်နဲ့ စကားပြော နေရလို့ပါ”
အာလူးတစ်ဖတ်ကို ခပ်ထည့်ရင်း လွမ်းနွယ်က ထမင်းနှင့် နယ်နေသည်။
“ဘာအလုပ်မို့လဲကွာ၊ ပန်းချီဘယ်နှပုံ ရေးပေးရမလဲ”
လွမ်းနွယ်က ပန်းချီသမားမို့ ပန်းချီကိစ္စပဲ စိတ်ဝင်စားသည်။
“ကဗျာစာအုပ်ပါ၊ ပန်းချီကတော့ သင့်လျော်သလိုပေါ့။ ဟောဟိုမှာ ပြေစာဖြတ်ပိုင်းထဲ ရေးထားတယ်”
စနစ်တကျ လုပ်တတ်ကိုင်တတ်ခြင်းတွင် ဝါသနာမပါသူမို့ စားပွဲပေါ်က ပြေစာကို လွမ်းနွယ်က သာမန်ကာ လျှံကာမျှ လှမ်းကြည့်သည်။
“ဟေ့ကောင်၊ ဒါမျိုးတွေ လက်မခံနဲ့၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး ဥပဒေတွေနဲ့ မလွတ်ကင်းဘဲ ဖြစ်နေလိမ့်မယ်။ တော်ကြာ ဥပဒေနဲ့ ငြိစွန်းပြီး ဒုက္ခရောက်နေပါဦးမယ်ကွာ”
“သူတို့ ကဗျာလေးတွေက အချစ်အလွမ်း သန့်သန့်လေးတွေပါ၊ ပုံနှိပ်ရေးနဲ့ စာအုပ်ထုတ်ဝေရေး ဥပဒေကတော့ မသိဘူး၊ နိုင်ငံရေးနှင့် ပတ်သက်တာတွေ မပါပါဘူး”
“နောက် မှတ်ထား၊ အရမ်းလက်မခံနဲ့၊ စရန်ကော ယူထားသေးလား”
“ယူမထားလို့ ခုလို အာလူးဟင်းနဲ့ ရေစက်ဆုံနေရတာပေါ့ကွာ၊ ကောင်မလေးတစ်ယောက်က စိတ်ကူးယဉ် ချင်စရာကောင်းတဲ့ ရုပ်မျိုးကွ၊ ငါဖြင့် သူတို့နှစ်ယောက် ထိုင်ဖို့ ရှင်းလင်းရေးလုပ်ရတာ အသည်းအသန်ပဲ “
“ငါ့မိဘတွေကလည်း ဒီ အိမ်စုတ်လေးတစ်လုံးပဲ အမွေပေးသွားနိုင်တယ်ကွာ၊ တိုက်တစ်လုံး၊ ကားတစ်စီး၊ စိန်ရွှေရတနာ အပြည့်နဲ့သာဆိုရင်…. ဟင်းဖိုး တစ်ရက် တစ်သောင်းလောက်ရဲ့လား၊ မလောက်ရင် တစ်သိန်းဖိုးဝယ်ခဲ့”
စကားကောင်း ပြောနေရာက လွမ်းနွယ်က ဖောက်လာသည်။
“ငါ့မိဘတွေက နှယ်နှယ် ရရတော့ မဟုတ်ဘူး သိလား၊ မုံရွာက တိုက်တာ၊ အဆောက်အအုံ ပေါင်းစုံမှာ နေရတာကွ “
“စိတ်ကူးယဉ်ရတာ ဘဝအမောကို ပြေစေနိုင်ပါတယ် လွမ်းနွယ်ရာ၊ ပြောသာပြော”
“ဟာကွာ၊ မင်းကလည်း ငါ တကယ်ပြောနေတာပါ”
“အေးပါ၊ ဟုတ်ဟုတ် မဟုတ်ဟုတ် ငါ နားထောင်နေပါတယ်ဆို”
“မင်းကလည်းကွာ၊ ပြောအားမရှိလိုက်တာ နည်းနည်းပါးပါးလေး မြှောက်ပေးစမ်းပါဟ”
တိုးလှ ရယ်နေမိသည်။
“တကယ်ကွာ၊ မင်းနဲ့စကားပြောရတာ ငါဟိုတစ်ခါ ချိန်းဝိုင်းစောင့်လုပ်ရတာ သွားသတိရတယ်”
“ဘာချိန်းဝိုင်းလဲဟ”
“ကြေးကြီးတဲ့ ဖဲဝိုင်းတစ်ဝိုင်း ချိန်းရိုက်ကြတာ၊ ငါက အစောင့်လုပ်ရတယ်၊ မဆိုးဘူးကွ၊ ဝင်ငွေက သက်သက်သာသာနဲ့ရတာ၊ အတီးလေး အမှုတ်လေးနဲ့ အနုပညာဆန်ဆန်ဗျ”
“ဖဲဝိုင်းနဲ့ အတီးအမှုတ် အနုပညာနဲ့က တခြားစီပဲ လွမ်းနွယ်ရာ”
“တကယ် အနုပညာမြောက်တယ် တိုးလှရာ၊ ဖဲဝိုင်းက အသံတွေ အနီးအနားက မကြားရအောင် မယ်ဒ လင်လေးနဲ့ ဖျော်ဖြေရတယ်။ ဘာတီးတီး လက်ခံတယ်၊ ငါကလည်း ပလေးဘက် နောက်ခံတေးဂီတပုံစံနဲ့ ဖဲဝိုင်း အသံတိုးရင် နုနုရွရွလေးတီးတယ်၊ အသံဆူရင် ခပ်ဟော့ဟော့တီးတယ်၊ တစ်ခုတော့ရှိတယ်၊ ဖဲဝိုင်းဖမ်းမယ့် အဖွဲ့တွေ့မြင်ရင် စိန်ခြူးကြာညောင်သီချင်း ဆိုတီး တီးပေးရတယ်”
“ကြံကြံမှ ဖန်ဖန် လွမ်းနွယ်ရာ၊ မင်းဟာက အထူးအဆန်းပဲ “
“အေးကွ၊ ပိုက်ဆံရလို့သာ ငါလက်ခံလိုက်ရတာ၊ စိန်ခြူးကြာညောင် ဘောလယ်လက်ကွက် ငါသိပ်မရဘူး၊ ဒါနဲ့ တခြားသီချင်းတွေ တီးရင်း စိန်ခြူးကြာညောင် လက်ကွက် ကျင့်ဦးမှပဲလို့တွေးပြီး တီးကြည့်တယ်၊ ဘာပြော ကောင်းမလဲ တိုးလှရာ တစ်ဝိုင်းလုံး ဖဲထုပ်တွေသိမ်း၊ ပိုက်ဆံတွေသိမ်း၊ နေရာထိုင်ခင်းရှင်းနဲ့ ရုတ်ရုတ်သဲသဲကို ဖြစ်သွားတာပဲ၊ ငါလည်း မျက်လုံးတော်တော်ပြူးသွားတယ်”
လွမ်းနွယ်က ထမင်းတစ်လုတ်သွတ်ရင်း ရေနွေးကြမ်းတစ်ကျိုက် သောက်လိုက်သည်။
“ရေနွေးကြမ်းကလည်း အဖန်ပေါ့လှပါလား”
“လက်ဖက်ခြောက် ကုန်နေတယ်”
“အေးကွာ၊ တို့ဘဝကလည်း ရေနွေးကြမ်းလေးတောင်မှ ပီပီပြင်ပြင် မသောက်ရပါလား”
လွမ်းနွယ်က တစ်ခါတစ်ခါ စိတ်ဓာတ်ကျတတ်သည်။ ရေဆန်ချည်း လှော်ခတ်ရဖန်များလာတော့ လက်ပန်းကျချင် ဟန်တူသည်။
“လုပ်ပါဦး မင်းရဲ့ စိန်ခြူးကြာညောင်”
တိုးလှက အာရုံပြောင်းပေးလိုက်သည်။
“ဒါနဲ့ ငါလည်း တောင်းပန်ရတာပေါ့ကွာ၊ တီးကွက်မေ့နေလို့ အစမ်းလေ့ကျင့်တဲ့အကြောင်း၊ အဖမ်းအဆီး လာရင် ဟန်ကျပန်ကျ တီးတတ်မှ သဘာဝကျမှာ ဖြစ်ကြောင်း ပြောရတာပေါ့၊ သူတို့ကလည်း ခွင့်လွှတ်ကြ ပါတယ်။ ငါလည်း ဆက်ပြီး လေ့ကျင့်နေတုန်း ဗြုန်းစားကြီး ဖဲဝိုင်းဖမ်းမယ့်ရဲတွေ ရပ်ကွက်လူကြီးတွေ ရောက်လာတယ်၊ အော်ပြီး သတိပေးဖို့ကလည်း မဖြစ်ဘူးမဟုတ်လား ဒါနဲ့ စိန်ခြူးကြာညောင် ဘောလယ်ကို ဆိုပြီး သတိပေးရတယ်”
အာခြောက်သွားဟန်တူသည်။ ရေနွေးကြမ်းကို တစ်ကျိုက် သောက်လိုက်ပြန်သည်။
“ဒါပေမဲ့ ဖြစ်ချင်တော့ တစ်ဝိုင်းလုံးက ငါသီချင်းလေ့ကျင့်နေတယ်လို့ပဲ ထင်ပြီး ဆက်ကစားနေကြတာ ငါလည်း အစွမ်းကုန် ကြိုးစားကြည့်သေးတယ်၊ စိန်ခြူးရယ်တဲ့ ကြာညောင် ကြာညောင်”
လွမ်းနွယ်က အသံထည့်၍ ဆိုပြနေသည်။
“ဝိုင်းက မသိမ်းသေးဘူး။ ဒါနဲ့ ငါလည်းအသံမြှင့်ပြီး တကယ့်ကိုတဲ့မှ စိန်ခြူးကြာညောင်၊ အဟုတ်ကိုတဲ့မှ စိန်ခြူးကြာညောင် လုပ်ကြပါဦး စိန်ခြူးကြာညောင် “
လွမ်းနွယ်၏ အသံနှင့် ဟန်ကြောင့် တိုးလှ ပွဲကျသွားသည်။
“ကြာတော့ စိန်ခြူးကြာညောင် ဘောလယ်လည်း ငါဆိုမှ ပျက်၊ ဖဲဝိုင်းလည်း အဖမ်းခံရတော့တာပဲ ၊ ရုံးတင် တရားစွဲ ခံရတာ စိန်ခြူးကြာညောင် အဆိုကောင်းလို့ပေါ့ကွာ”
တိုးလှ ထမင်းပင် သီးချင်သွားသည်။ လွမ်းနွယ်က ဟာသကို ပြောမှန်းမသိ ပြောတတ်သည်။ ဗြုန်းစားကြီး ရယ်ရတော့ အူတက်မတတ်ပင်။
“အခုလည်း မင်းက ငါ့မိဘတွေအကြောင်းပြောတော့ ဟာသလုပ်တယ်ပဲ ထင်နေတယ်၊ တကယ်ကိုတဲ့မှ စိန်ခြူးကြာညောင် အဟုတ်ကိုတဲ့မှ စိန်ခြူးကြာညောင်ကွ”
“ပြောစမ်းပါဦး၊ တိုက်တာအဆောက်အအုံ ပေါင်းစုံမှာ နေခဲ့ပါလျက်နဲ့ တို့နှစ်ယောက် ချောင်ချောင် လည်လည် မနေလောက်တဲ့ ဟောဒီမုံရွာမြို့စွန်က သလ္လာကွက်သစ်မှာရှိတဲ့ တဲစုတ်ကလေးပဲ အမွေပေးခဲ့တာ ဘာသဘောလဲ “
“တိုက်တာ အဆောက်အအုံပေါင်းစုံမှာ နေခဲ့ရမှာပေါ့ တိုးလှရာ၊ ငါ့မိဘတွေက ပန်းရန်သမားတွေကိုးကွ”
လွမ်းနွယ်က ဟာသပြောမှန်းမသိ ပြောတတ်ပါတယ် ဆိုမှပဲ။
“သနားတယ်”
**********************
“ကိုတိုးလှ ရှိပါသလား”
ထမင်းအိုး ငဲ့လျက်တန်းလန်းမို့ အသံမပြုလိုက်၊ လွမ်းနွယ်လည်း အိမ်မှာ ရှိနေသည်မို့ သူပဲ ဧည့်ခံစကား ပြောပေလိမ့်မည်။
“ဪ ရှိပါတယ် ဘာကိစ္စလဲ “
“ကျွန်မတို့ အပ်ထားတဲ့ ကဗျာစာအုပ် ပြီးပြီလားလို့”
“ကဗျာစာအုပ်လား ပြီးပါပြီ၊ ထိုင်ပါဦး၊ ကျွန်တော် ယူပေးပါ့မယ်”
ကဗျာစာအုပ် လာအပ်သည့် ဟိုကောင်မလေးတွေပဲ ဖြစ်မည်။ ထွက်မတွေ့တာဘဲ အေးပါသည်။ အနီမ လေးကို တွေ့ ချင်မြင်ချင်စိတ် ရှိသော်လည်း အညိုရင့်မနှင့် စကားပြော အဆင်မပြေ ဖြစ်နေလျှင် ဒုက္ခ။
လွမ်းနွယ် ကြည့်ရှင်းပေလိမ့်မည်။ ထမင်းအိုးကို ခွင်ပေါ်တည်လိုက်ရင်း ထင်းကို မီးခဲခြွေချကာ ဆုတ်လိုက်သည်။ ဖတ်လက်စ ရူပစာအုပ်ကို ယူ၍ ဖတ်နေမိသည်။ စာမေးပွဲက နီးလှပြီ။
“အခု လာယူတာ အနီမလေး ကိုယ်တိုင်နော်”
လွမ်းနွယ်၏ စကားသံကြောင့် တိုးလှ မျက်လုံးပြူးသွားသည်။
“ဘာရှင့်”
“ဪ… ဟိုနေ့က ကျွန်တော့်သူငယ်ချင်း တိုးလှဆီ ကဗျာစာအုပ် လာအပ်ပါရော့လား၊ အနီမလေးကို ကျွန်တော် မတွေ့လိုက်ရဘူး၊ ဒါကြောင့် မေးရတာပါ၊ အနီမလေးကိုယ်တိုင် လာယူလာတာလားလို့လေ”
“ကျွန်မ အနီမလေး မဟုတ်ဘူးရှင့်”
“ဪ…အနီမလေး မဟုတ်ဘူးလား၊ ဒါဆို အညိုရင့်မကော ပါသလား”
“ဘာအညိုရင့်မလဲ”
လွမ်းနွယ် ဒုက္ခဖြစ်နေပြီ၊ တိုးလှက ပြေစာတွင် သူနားလည်သည့် သင်္ကေတဖြင့် ရေးထားသည်ကို လွမ်းနွယ် သိနိုင်လိမ့်မည် မဟုတ်။
သူကလည်း သူပင်။ နာမည်မေးလျှင် ရှည်မည်စိုး၍ မမေးဘဲ ပြီးစလွယ် ရေးခဲ့သည်။ ကျူရှင်တစ်ခုမှ အရေးတကြီး အပ်လာသည့် ပို့ချချက်ကို အလောတကြီး ရေးနေရ၍ လွမ်းနွယ် ကဗျာစာအုပ် မျက်နှာဖုံး ဘယ်ပုံ ရေးဆွဲပြီး ဘယ်နည်းဖြင့် စာအုပ်ချုပ်လာသည်မသိ။
ကဗျာ အပုဒ်နှစ်ဆယ်ကိုတော့ လက်ကျလက်န ကောင်းစွာ ရေးကူးပြီး လွမ်းနွယ်ထံ အလှအပ မွမ်းမံရန် ပေးထားခဲ့သည်။ ခုမှ လွမ်းနွယ်အား မူရင်းကဗျာစာရွက်များပေးရန်နှင့် ကလောင်နာမည်များ ခွဲခြားဖော်ပြရန် သတိရတော့သည်။ ကိုယ့်တာဝန်အေးပြီဟု ယူဆ၍ ကဗျာစာအုပ်ကိစ္စကို မေ့လျော့ထားမိသည်။ နီးလာပြီဖြစ်သော စာမေးပွဲအတွက်လည်း လုံးပန်းနေရသေးသည် မဟုတ်ပါလား။
လွမ်းနွယ်ကလည်း လွမ်းနွယ်ပင်။ သူ့ကို မေးလာစမ်းလား တစ်ခွန်းမျှ မလုပ်။ သူ တာဝန်ရှိသည့်အတိုင်း မွမ်းမံ၍ ပုံလေးတွေ ထည့်ပေးနေသည်။ တိုးလှရေးသည့် ပြေစာပေါ်က အမည်များအတိုင်း ရေးသားဖော်ပြလိုက် ဟန်တူသည်။
“ဒီကလောင်နာမည်မျိုး ကျွန်တော် တစ်ခါမှ မတွေ့ဖူးဘူး၊ အနီမလေးနှင့် အညိုရင့်မဆိုတာလေ၊ မဆိုးဘူး၊ ကျွန်တော် လက်စွမ်းကုန် မှုန်းခြယ်ပေးထားပါတယ်”
စာအုပ်ဖိုးရရန်ရှိသည့် ငွေမျက်နှာနှင့် လွမ်းနွယ် စွတ်တင်နေသည်။ တိုးလှ မီးဖိုချောင်ထဲမှ ရင်ပူလှပြီ။
“အစ်ကိုပြောတာ မှားနေပြီ၊ အနီမလေးနှင့် အညိုရင့်မဆိုတာ ကျွန်မတို့ မဟုတ်ဘူး”
“ကဗျာစာအုပ် မဟုတ်လား”
“ဟုတ်တယ်လေ”
“ကျွန်တော်တို့ဆီ အပ်ထည်ထဲမှာ ကဗျာစာအုပ်ဆိုလို့ ဒီတစ်အုပ်တည်းရှိတာပါ”
“ဟင် ကျွန်မတို့ ကလောင်နာမည်က ချိုသဲနဲ့ ချစ်သဲပါ၊ ဘယ့်နှယ် မဟုတ်က ဟုတ်က အနီမလေးနဲ့ အညိုရင့်မလဲ၊ ကဗျာ မဆန်လိုက်တာ”
သွားပြီ။ လွမ်းနွယ် ဆိုသည့်ကောင် မမေးမစမ်းဘဲ သောက်ရမ်းလုပ်လိုက်သည်။ မူရင်းစာရွက်တွေ မရှာဖွေ ဘဲ ပြေစာထဲပါသည့် နာမည်တွေကို သူ့သဘောနှင့်သူ လုပ်လိုက်သည်။
“ရှင့်သူငယ်ချင်း ကိုတိုးလှ ဘယ်မှာလဲ၊ သက်သက် ကျွန်မတို့ကို နာမည်ဖျက်တာ”
တိုးလှ နောက်ဖေးချောင်က တစ်ချိုးတည်းလစ်ထွက်ခဲ့သည်။ အရှောင်အတိမ်းမတတ်လျှင် သက်သာဖွယ် ရာမမြင်။ ကဗျာဆန်သည့် ပုံပန်းတစ်စက်ကလေးမျှ မရှိသော အညိုရင့်မ၏ ပြောပေါက်ဆိုပေါက်မျိုးနှင့် ရင်ဆိုင် မတိုးချင်။
တိုးလှ အိမ်ထဲဝင်လာတော့ ခုတင်ပေါ် စိတ်ပျက်လက်ပျက် ပက်လက်လှန်နေသော လွမ်းနွယ်ကို တွေ့ရသည်။
“ဖြစ်မှဖြစ်ရလေ လွမ်းနွယ်ရာ၊ မူရင်းစာရွက်ကို လှန်လှောကြည့်ပါဦးတော့လား၊ ခုတော့ ပြီးစလွယ် လုပ်လိုက်တာ ထိပြီမဟုတ်လား”
“မင်းကလဲ မင်းပဲ၊ ဘာဖြစ်လို့ နာမည်မေးပြီး ပြေစာထဲ ရေးမထားရတာလဲ၊ အနီမလေး၊ အညိုရင့်မဆိုတော့ ကလောင်နာမည် မှတ်တာပေါ့၊ ကဗျာတစ်ပုဒ်စီရဲ့ အောက်မှာလည်း ကလောင်နာမည်က ရေးမထားဘူး မဟုတ်လား”
“ဘယ်ရေးမလဲကွ၊ သူတို့က တစ်ယောက်ဆယ်ပုဒ်စီ ရေးထားတာ မင်းသိပါတယ်ကွာ၊ ကဗျာဆယ်ပုဒ်ကို ခေါင်းစဉ်အလိုက်ခွဲပြီး ကလောင်နာမည်နှင့် ယှဉ်တွဲရေးရမှာပေါ့ ချိုသဲ၏ ကဗျာများ၊ ချစ်သဲ၏ ကဗျာများဆိုပြီး ဒစ်(စ)ပလေးလုပ်ပေးရမှာ မဟုတ်လား၊ ခုကျတော့”
“ငါလည်း အလောတကြီး လုပ်လိုက်တာကွ၊ ကျူရှင်ပို့ချချက်တွေကလည်း နားပူနားဆာ လုပ်လှပြီ မဟုတ်လား၊ မင်းရေးထားတဲ့ ပြေစာကြည့်တော့လည်း ပန်းညီလာ ကဗျာများလို့ ပါတယ်လေ၊ ကဗျာဖတ်မနေတော့ဘဲ ပန်းပုံလေးတွေ ရေးလိုက်တယ်၊ ကလောင်နာမည်ကိုလည်း တကူးတက ရှာမနေတော့ဘဲ ပြေစာထဲကအတိုင်း အလွယ်တကူ ရေးလိုက်တာပေါ့”
“သွားပြီပေါ့ကွာ၊ စာကူးခ၊ စာရွက်ဖိုး၊ စာအုပ်ချုပ်ခတွေ ချောပြီ”
တိုးလှက စိတ်ပျက်လက်ပျက် ညည်းလိုက်သည်။ ရှိသူတွေအတွက် အသေးအဖွဲပေမယ့် မရှိသူတွေ အတွက်တော့ အလေးကဲစရာပေါ့။
“စိတ်မလျှော့ပါနဲ့ တိုးလှရာ၊ အဆင်ပြေအောင်တော့ ငါပြောလိုက်ပါတယ်”
“ဘယ်လို ပြောလိုက်တာလဲ”
“တိုးလှဆိုတဲ့ကောင် အသုံးမကျလို့ ဖြစ်တာပါ၊ ကျွန်တော် ပြန်ပြင်ပေးပါ့မယ်၊ စာအုပ်လက်ရာကိုလည်း ကြည့်ပါ၊ အပြင်အဆင်ရော လက်ရေးလက်သားပါ ကောင်းပါတယ်ပေါ့ကွာ”
“ဒီတော့ သူတို့ ကျေနပ်သွားလား”
“ကဗျာစာအုပ်တော့ မလိုချင်ဘူး၊ မင်းကို ပါးရိုက်ချင်တယ်တဲ့ကွာ”
“ကောင်းကွာ”
တိုးလှ ခုတင်ပေါ် ပစ်လှဲလိုက်သည်။ ဖြစ်ချင်တော့ ယုံနိုင်ဖွယ်ရာမရှိ။ ကြံကြံဖန်ဖန် ကုသိုလ်ကံ အကျိုး ပေးနည်းလိုက်ပုံများ။ ငိုအားထက် ရယ်အားသန်ရပါသည်။
“မှတ်ထား၊ ကဗျာဆရာ ဒေါသဆိုတာ သိပ်ကြောက်ဖို့ကောင်းတာ၊ စာရေးဆရာနဲ့တောင် မတူဘူး၊ ကဗျာဆရာကို အပေါင်းအသင်းလုပ်ရင် ကြည့်ပေါင်းရတယ်၊ စကားတစ်လုံး အမှားမခံဘူး”
“ဟို အညိုရင့်မကတော့ ကဗျာဆရာရုပ်နဲ့ နည်းနည်းမှ မတူပါဘူးကွာ၊ ကဗျာမရေးဘဲ ကရာတေး သင်ရင် ပိုအောင်မြင်နိုင်တယ်”
“ဒီနေ့ မင်းကိုတွေ့လိုက်ရင် အစိမ်းလိုက် ဝါးစားမှာ သေချာတယ်၊ ကဗျာဆရာဆိုတာ သူ့ကဗျာကို ရည်းစား လို သဘောထားတာဟ၊ စာရေးဆရာဆိုတာက သူ့စာကို မိန်းမလို သဘောထားတာ”
“ဘယ်လိုလဲဟ၊ မျက်စိကို အရမ်းလည်သွားတာပဲ၊ ကဗျာဆရာကျတော့ သူ့ကဗျာကို ဘာဖြစ်လို့ ရည်းစားလို သဘောထားတာလဲ”
“စဉ်းစားကြည့်လေကွာ၊ ကိုယ့်ရည်းစား သူများထိကြည့် ကြိုက်မလားကွ၊ ကိုယ်လဲ ဒီလောက်ပဲ ထိရတဲ့ဟာ “
“ဒါဖြင့် စာရေးဆရာကျတော့ကော”
“မိန်းမက ရည်းစားနဲ့ မတူဘူးလေ၊ သူများထိကြည့် သူတို့က ဒီလောက်ပဲ ထိရတာပါ၊ ကိုယ်ကျတော့ ဒီထက်မက “
“ဟေ့ကောင် တော်ပါတော့ကွာ၊ ဒီစကား ကဗျာဆရာတွေ ကြားသွားရင် ဝိုင်းရန်လုပ်ခံရဦးမယ်၊ ကြောက် သွားပြီကွာ၊ တစိမ့်စိမ့်တွေးလေ ကြက်သီးထလေပဲ”
“ကြောက်မနေပါနဲ့၊ ဒါ နမူနာပဲရှိသေးတယ်၊ မယုံရင် အညိုမနဲ့ အနီးကပ်ပေါင်းကြည့်”
“ဟေး…ဟေး တော်သေးပြီး ဝေးဝေးကပဲ ရှောင်ပါရစေ”
****************
ရေကာတာကြီး ကျိုးပေါက်သလို၊ ကျီးအုပ်ကြီး လန့်ပျံလာသလို၊ ကျောင်းသားထုကြီး တရုန်းရုန်း ပြိုကျ လာသည်။ သဲသဲလှုပ်လှုပ် အုတ်အုတ်ကျက်ကျက်။ တတိယနှစ် စာမေးပွဲကြီး၏ နောက်ဆုံးဘာသာရပ်ကို လက်စသတ် လိုက်ပြီ။ လေးလံသော ဝန်ထုပ်ဝန်ပိုးကြီး ကွာကျသွားသလို ခံစားရသည်။ တိုးလှသည် ပေါ့ပါးသွက် လက်စွာ စက်ဘီးလေးကို တွန်းရင်း လူအုပ်ကြားမှ တိုးထွက်လာသည်။ ကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့၍လည်း နတ်မြင်းပျံသို့ မြူးကြွားကြွား။
ကျောက္ကာလမ်းတစ်လျှောက် စက်ဘီးပေါင်းစုံ ရက်ကန်း ယှယ်နေသည်။ ဖြူဖြူပြာပြာ နီနီဝါဝါ လူရောင်စုံတို့ ယှက်နွှယ် ကူးသန်း နေကြသည်။ စက်ဘီးယာဉ်ကြောဝယ် အလိုက်သင့် စီးမျောရင်း ဆိုင်ကယ်တစ်စီး သူနှင့် ဘေးချင်း ယှဉ်လာ သည်ကို သတိပြုမိသည်။ စက်ဘီးတွေ သည်လောက်ရှုပ်မှတော့ ဆိုင်ကယ်လည်း ခွန်အားရှိသမျှ မစွမ်းဆောင်နိုင်။
ဪ…အနီမလေးကိုး။
စက်ဘီးပေါင်းစုံ ဖြန့်ကြက်ခင်းကျင်းနေသော လမ်းတစ်လျှောက် မျှော်ခေါ်ကြည့်ကာ စိတ်ပျက်နေဟန်တူသည်။ အတု တပ်စရာမလိုသော မျက်တောင်ရှည်ရှည်ကော့ကော့၊ နှာတံစင်းစင်း ပါးပြင်ဝင်းဝင်းလေးတွေက ဘေးအမြင်အရ တင့်တယ်လှသည်။ ဆေးဆိုးပန်းရိုက် မများသော မျက်နှာ၏ သဘာဝအလှသည် လေတိုးသဖြင့် ခပ်ရိုင်းရိုင်း ဖြန့်ဝဲနေသော ဆံစမျှင်များကြောင့် သက်ဝင်လှုပ်ရှားနေသည်။
တိုးလှဘက် ဖျတ်ခနဲ လှည့်ကြည့်သည်။ အနီမလေး၏ တောက်လက်သော မျက်နက်ဝန်းများက သူ့ကို ချက်ချင်း အမှတ်ရသွားပုံပေါ်သည်။ သူက အပြုံးတစ်ခုဖြင့် အသိအမှတ်ပြုလိုက်သည်။ အနီမလေးက သူ၏ အသိအမှတ် ပြုဟန်ကို မလိုလားသည့်သဘော သက်ရောက်စွာ ဖျတ်ခနဲ လှည့်သွားသည်။ စက်ဘီးလမ်း အနည်း ငယ်ချောင်သည်ကို မလွတ်တမ်း အခွင့်အရေးယူကာ တိုးလှနှင့်ဝေးရာ စက်ကုန်ဖွင့်၍ လွှင့်လေသည်။ ဆံစဝဲဝဲ လေးနှင့် အနီမလေး၏ နောက်ကျောကို လွမ်းမောစွာ ငေးကြည့်ရင်း စက်ဘီးကို အရှိန်မပျက် နင်းလာခဲ့သည်။
သလ္လာကွက်သစ်ဘက် ချိုးကွေ့မည့် လမ်းအထိ အနီမလေး၏ ပုံရိပ်က ထက်ကြပ်မကွာ ကပ်၍ပါ လာသည်။ အိမ်ဘက် ချိုးကွေ့တော့မည် ပြုကာမှ လွမ်းနွယ် မှာထားသည့် အမှာစကားကို အမှတ်ရကာ ဆရာဦးမြကြီး ကျူရှင်ခန်းမရှိရာ ဗိုလ်ချုပ်ကြေးရုပ်ဘက် စက်ဘီးကို နင်းလာခဲ့သည်။ သလ္လာကွက်သစ်နှင့် ဆရာဦးမြကြီး ကျူရှင်ခန်းမက တော်တော် လှမ်းပါသည်။ ကျောက္ကာလမ်းအတိုင်း စက်ဘီးကို နင်းလာ၊ မီးရထား သံလမ်းကိုကျော်၊ မီးသတ်ဝင်းအလွန် ညာဘက်ကိုချိုး၊ ဘူတာလမ်းအတိုင်း အနောက်ဘက် ဆက်နင်းမှ ဆရာဦးမြကြီး ကျူရှင်ခန်းမကို ရောက်နိုင်သည်။
ဆရာဦးမြကြီး ကျူရှင်ဆိုင်းဘုတ်ကို အထူးရှာဖွေစရာမလိုဘဲ တွေ့ရသည်။ ကျူရှင်ချိန်မဟုတ်၍ ထင်သည်။ ကျူရှင်ခန်းမသည် သက်ဝင်လှုပ်ရှားခြင်း မရှိ။ သည်ကျူရှင်မှ ပို့ချချက်မှတ်စုများကို တိုးလှ လက်ရေးဖြင့် မိတ္တူပွား ဖူးသော်လည်း အဆက်အသွယ် အပို့အယူက လွမ်းနွယ်ဖြစ်၍ တစ်ကြိမ်မျှ ဆရာဦးမြကြီးထံ မရောက်ဖူးခဲ့။ ခုတလော လွမ်းနွယ်လည်း အရောက်အပေါက်ရှိဟန်မတူ။
“တိုးလှ ငါ တခြားလက်စသတ်စရာ လုပ်ငန်းတွေရှိနေတယ်။ ဦးမြကြီးဆီ ပြေးလိုက်ပါဦး၊ တို့ဆီ သူ့မှတ်စုတွေ လာမအပ်တာ အတော်ကြာပြီ၊ ငါလည်း အမှုမဲ့အမှတ်မဲ့မို့ သတိမထားမိဘူး”
လွမ်းနွယ်ပြောမှ သူလည်း အမှတ်ရမိလာသည်။ စာမေးပွဲနီးလာသဖြင့် ကြိုးစားအားထုတ်ရမှုများ၊ စားဝတ်နေရေး အတွက် ရရာလုပ်ငန်းကို စွမ်းသမျှ ကျုံးရုန်းဆောင်ရွက်မှုများကြောင့် ဆရာဦးမြကြီး ကျူရှင်ပို့ ချချက် မလာသည်ကို မေ့လျော့နေမိသည်။ ဦးမြကြီး မှတ်စုများ လာမအပ်သည်မှာ အနည်းငယ် ဆန်းသလိုလို ရှိသည်။ ကိုယ့်ထမင်းရှင် ဘဝင်မကျသည့် ကိစ္စရပ်များ ရှိက အမြင်ရှင်းသင့်သည်။ သည်ကိစ္စအတွက် ဆွေးနွေးရန် တိုးလှ လာခဲ့ရခြင်း ဖြစ်သည်။
ကျူရှင်ခန်းမ နောက်ပိုင်းတွင် ရုံးခန်းရှိသည်။ ခန်းဆီးဇာပါးကို ဖယ်၍ ရုံးခန်းထဲ ဝင်လိုက်သည်။ အကြည့် စိမ်းလေးဖြင့် ခရီးဦးကြိုပြုသည်။ မလိုလားဟန် အမူအရာဖြင့် ဧည့်ခံသည်။ လှည့်ပြန်ဖို့ပဲ ကောင်းတော့သည်။
“ဆရာဦးမြကြီး မရှိဘူးလား”
မေးရမည့် ဝတ္တရားရှိ၍သာ မေးရသည်။ ဆရာဦးမြကြီး ထိုင်မည့် အရာရှိစားပွဲနောက်တွင် မည်သူမျှ ရှိမနေပါ။ အခြားစားပွဲတစ်လုံးတွင်သာ မစိမ်းကားလေးက စာရွက်စာတမ်းတွေနှင့် အလုပ်ရှုပ်နေသည်။
“ဆရာ တခြားကျူရှင်မှာ စာသွားသင်နေတယ်၊ တွေ့ချင်ရင်တော့ ညနေခြောက်နာရီမှ ပြန်လာပေါ့ “
ချိုလွင်သော အသံလေးနှင့်မျှ မလိုက်ဖက်စွာ မာရေကျောရေဖြင့် ဆက်ဆံသည်။
“ဆရာနဲ့ မတွေ့မချင်း စောင့်ရုံဘဲ ရှိတော့တာပါ”
“ကျွန်မ အလုပ်ဖြောင့်ဖြောင့် လုပ်ချင်ပါတယ်၊ ညနေ ခြောက်နာရီမှ ပြန်လာဖို့ မေတ္တာရပ်ခံပါတယ်”
အသံက ချိုသော်လည်း အဓိပ္ပာယ်က မချို၊ ရင်ထဲအထိ ခါးသွားသည်။
“ခင်ဗျားကို ကျွန်တော် အနောင့်အယှက် မပေးပါဘူး၊ ကိုယ့်အတွက် တခြားသူတွေ ဝန်လေးနေရမှာမျိုး ဘယ်တုန်းကမှ မလိုလားပါဘူး၊ ဆရာ ဦးမြကြီးကို ကျွန်တော် အေးအေးဆေးဆေးပဲ စောင့်ပါ့မယ်”
မလိုလားဟန် အကြည့်တွေကို ခပ်ပြုံးပြုံး တုံ့ပြန်ရင်း ပြောလိုက်သည်။
“ဘာကိစ္စမို့လဲ”
“ဆရာ ဦးမြကြီးနဲ့ တွေ့ချင်တဲ့ ကိစ္စပါ”
“ကျွန်မ ဒီကျူရှင်ရဲ့ ရုံးလုပ်ငန်းတွေကို တာဝန်ယူရပါတယ်၊ ကိစ္စကိုသာ ပြောပါ”
မတတ်သာ၍ အလျှော့ပေးရဟန်တူသည်။ လေသံက ပျော့ပျောင်းသွားသည်။
“ကျွန်တော် ဒီကျူရှင်မှာ ပို့ချချက်မှတ်စုတွေ မိတ္တူပွားတာ မချိုသဲ သိပါတယ်နော်”
“သိပါတယ်”
“ကျွန်တော့်ဆီ ပို့ချချက် မှတ်စုတွေ လာမပို့တာ တစ်လကျော်သွားပါပြီ”
“ဒါကတော့ ရှင်းပါတယ် ၊ မပို့ချင်လို့ နေမှာပေါ့”
“မပို့ချင်တာက ဆရာဦးမြကြီးရဲ့ဆန္ဒ မပါဘူး မဟုတ်လား”
“ကျွန်မဆန္ဒအရ ဆိုရင်ကော ဘာပြောချင်သေးလဲ”
“မချိုသဲ ဆန္ဒအရဆိုရင်တော့ စိတ်မကောင်းတာကလွဲပြီး ဘာမှ ပြောစရာ မရှိပါဘူး၊ ဆရာဦးမြကြီးနဲ့ မျက်နှာပျက်စရာ အဖြစ်မခံနိုင်လို့ပါ”
ချိုသဲက ဆရာဦးမြကြီး၏ ကျူရှင်သို့ ဘယ်ပုံဘယ်နည်း ရောက်လာသည်မသိ။ သူမ ရောက်လာမှ ပြဿနာမီးပွားက ကြီးမားကျယ်ပြန့် လာပုံရသည်။
“ဒါကတော့ ဘယ်သူမပြု မိမိမှုပေါ့ရှင်”
“ကျွန်တော့်ရဲ့ ပေါ့ဆမှုကြောင့် မချိုသဲတို့ ကဗျာစာအုပ် အဆင်မပြေ ဖြစ်ရတဲ့အတွက် တကယ်စိတ် မကောင်းပါဘူး၊ ကျွန်တော့်အမှားကို ပြေရာပြေကြောင်း တောင်းပန်ချင်ပေမယ့် အကြောင်းမညီညွတ်တာလည်း ပါပါတယ် ၊ စာမေးပွဲအတွက် ပြင်ဆင်နေရတာရော၊ တခြားစားဝတ်နေရေးအတွက် ခေါင်းမဖော်အောင် အလုပ် လုပ်နေရတာရောကြောင့်ပါ”
“မတွေ့ရင် မတောင်းပန်ဘူး၊ တွေ့မှ တောင်းပန်မယ်လို့ သဘောထားတယ် ဆိုပါတော့၊ ဘာမှ လုပ်ဖို့ မလိုတော့ပါဘူး၊ တောင်းပန်ရင်လဲ ကျေအေးစရာ အကြောင်းမရှိလို့ပါ”
အလျှော့ပေးလေသံ နှင့် စကားလုံးတွေက သံပတ်ကုန်နေပါပြီ။ အလံဖြူပြ လက်နက်ချသော်လည်း အပစ် အခတ်က မရပ်စဲသေး။ သဲကြီးမဲကြီး ဇွဲကြီးလှပါပေရဲ့။
“စာမေးပွဲ ဖြေနိုင်ရဲ့လား မချို၊ ဒီနေ့ နားချင်နားပါလား”
ဆရာဦးမြကြီး ရောက်လာသည်မို့ တော်တော့သည်။ ခြောက်နာရီမှ ရောက်လာမည်ဟု ချိုသဲက ဖြစ်ကတတ်ဆန်း ပြောလိုက်မှန်း သိလိုက်သည်။ ခုမှ သူ ရောက်တာ နာရီဝက်ထက် မပိုသေး။
“ရပါတယ် ဦးလေး၊ မချို မနားတော့ပါဘူး”
“ဪ မောင်လွမ်းနွယ်ရဲ့ သူငယ်ချင်းလည်း ရောက်နေတာကိုး၊ လမ်းမှာ မောင်လွမ်းနွယ်နဲ့ တွေ့ခဲ့တယ်”
“ကျွန်တော့်နာမည် တိုးလှပါ ဆရာ”
မိတ်ဆက်ပြီး လက်ဆွဲနှုတ်ဆက်သည့် အလေ့အထက မိရိုးဖလာ ဓလေ့ထုံးစံလို ဖြစ်နေပြီ။ လက်ချင်းထိတွေ့သောအခါ ရင်းနှီးမှု အငွေ့နွေးလေးတွေ စီးဝင်ပျံ့နှံ့လာသလို ခံစားရသည်။
“ဆယ်တန်းတုန်းက လေးဘာသာဂုဏ်ထူးနဲ့ အောင်ခဲ့တယ်ဆို၊ ဘာဖြစ်လို့ ဆေးတက္ကသိုလ် မလျှောက်တာလဲ”
“ကျွန်တော် ငယ်ငယ်ကတည်းက မိဘတွေမရှိလို့ ဘကြီးဘုန်းကြီးကျောင်းမှာပဲ နေခဲ့ရပါတယ်၊ တက္ကသိုလ် တက်ဖို့တောင် အစီအစဉ် မရှိပါဘူး၊ ဘကြီးဘုန်းကြီးရဲ့ အစီအစဉ်နဲ့ မုံရွာမြို့က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ အပ်ပေးလို့ မုံရွာကောလိပ်ကို တက်ခွင့်ရတာပါ ဆရာ၊ လွမ်းနွယ်နဲ့က တက္ကသိုလ်ရောက်မှ တွေ့ရတာပါ၊ ဘဝတူချင်းမို့ ကျွန်တော့်ကို သူနဲ့လိုက်နေဖို့ ပြောတာနဲ့ သူ့အိမ်မှာ အတူနေပြီး သူ့အလုပ်ကို ဝင်ကူလုပ်ပေး နေတာပါ”
“အင်း… ဆရာ နားလည်ပါတယ်၊ မောင်လွမ်းနွယ်နဲ့ ဘဝတူချင်းပေပဲ၊ တစ်မြို့တည်းသားချင်းဆိုတော့ မောင်လွမ်းနွယ် အကြောင်း ဆရာတို့ သိထားတယ်၊ သူလည်း သူ့မိဘတွေ ဆုံးသွားပြီး ကိုယ်ထူးကိုယ်ချွန် ကြိုးစားလာတဲ့ သူငယ်ပေပဲ၊ မောင်တိုးလှတို့ မောင်လွမ်းနွယ်တို့လို ရိုးသားကြိုးစားသူတွေကို ဆရာ သဘော ကျတယ်”
ဆရာဦးမြကြီးက ချီးကျူးလေ တိုးလှ မနေတတ်လေ ဖြစ်နေသည်။ ချိုသဲ၏ ဝေခွဲမရသော အကြည့်ဖြင့် စူးစမ်းခြင်းကိုလည်း ခံနေရသည်။
“ဪ ဒါနဲ့ မချိုကိုတောင် မိတ်ဆက်မပေးရသေးဘူး၊ မချိုက ဆရာ့တူမပါ၊ ဒီမှာ ရုံးလုပ်ငန်းလုပ်တဲ့ မောင်သက် ဟိုလက အလုပ်ထွက်သွားတာနဲ့ မချိုကိုပဲ တာ၀န်ပေးထားရတယ်၊ လက်ရေးဒီဇိုင်းကိစ္စနဲ့ လာတာ မဟုတ်လား၊ မချိုကို ကြိုပြောထားလျက်နဲ့ ဘာဖြစ်လို့ မောင်တိုးလှတို့ဆီ သွားမအပ်သလဲ မသိဘူး၊ မောင်လွမ်းနွယ် ပြောမှ သိရတာ”
သူမ ဦးလေး၏ သြဇာကိုတော့ တော်လှန်နိုင်ဟန်မတူ။ ချိုသဲထံမှ စကားသံ ထွက်မလာ။ ဟိုစာအုပ်လှန် သလိုလို သည်စာရွက်မှာ ရေးမှတ်သလိုလိုနှင့် အလုပ်များဟန်ဆောင်နေသည်။ မကြားဟန် ပြုနေသည်။
“ကဲ ဒီကိစ္စတော့ ပြီးပါပြီ၊ နောက်ကိစ္စ ဆရာပြောစရာရှိတယ်။ တကယ်လို့များ မောင်တိုးလှ စိတ်ဝင်စားမယ် ဆိုရင် ဆရာ့ကျူရှင်မှာ ရုံးလုပ်ငန်းကူညီဆောင်ရွက်ဖို့ လူလိုနေတယ်၊ မောင်တိုးလှ လက်ခံဆောင်ရွက်မယ် ဆိုရင်တော့ ဆရာ ဝမ်းပန်းတသာ ကြိုဆိုပါတယ်၊ မောင်တိုးလှ ကျောင်းနေစရိတ်နဲ့ စားဝတ်နေရေးကိစ္စလည်း အဆင်ပြေအောင် ဆရာ လစာနှုန်းထား သတ်မှတ်ပေးပါ့မယ် “
တိုးလှ ဝမ်းသာသွားသော်လည်း ချိုသဲမှာမူ ဝမ်းနည်းသွားပုံ ပေါ်ပါသည်။ ဆရာဦးမြကြီး၏ သဘောထား ကိုလည်း နားလည်ဟန်မတူ။
“ဆရာ အလုပ်ခန့်မယ်ဆိုရင် ကျွန်တော် ဝမ်းမြောက်ဝမ်းသာ လက်ခံပါတယ် ဆရာ “
“ဒါဆို မချို နားလို့ရပြီနော် ဦးလေး”
“ဟာ ဘယ်ဖြစ်မှာလဲ၊ မောင်တိုးလှက ပို့ချချက်မှတ်စုမိတ္တူပွားဖို့ရယ်၊ နောင် ကွန်ပျူတာလုပ်ငန်း ဆရာတိုး ချဲ့ရင် မောင်တိုးလှ တာ၀န်ယူ ဆောင်ရွက်ဖို့ရယ်၊ လောလောဆယ် ဆရာ့ရုံးလုပ်ငန်းမှာ ဗာဟီရဝင်ကူညီဖို့ရယ် ဟာ ၊ မချိုက ငွေစာရင်းပိုင်း ကိုင်ရမှာ”
ချိုသဲ စိတ်ကသိကအောက် ဖြစ်သွားသည်မှာ သိသာလှသည်။ မတည့်အတူနေ ဇာတ်လမ်းက စတင်လာပြီ မဟုတ်လား။
ဘာပဲပြောပြော ဘဝအမော အထိုက်အလျောက် ပြေစေမည့် အခြေအနေကောင်း တစ်ရပ်ကို တိုးလှ ပိုင်ဆိုင်လိုက်ပြီဟု ဆိုနိုင်သည်။
***********************
“နတ်တို့ဖန် ရေကန်အသင့် ကြာအသင့်ပါပဲလားဟ “
“ဒါပေါ့ လွမ်းနွယ်ရ၊ ချိုသဲကတော့ မျက်စောင်းတခဲခဲနဲ့၊ တော်တော် မေတ္တာထားပုံပေါ်တယ်”
“အစပိုင်းကတော့ ဒီလိုပေါ့ကွာ၊ မပြေမပြစ် အထစ်အငေါ့လေးတွေနဲ့ ပြဿနာပေါ့၊ နောက်ပိုင်းကျတော့ အဲဒီ ပြဿနာလေးကိုပဲ တစိမ့်စိမ့်တွေးပြီး ကြည်နူးရမှာ”
“ဟာကွာ ဦးတည်ချက်တွေ လွဲကုန်ပါပြီ။ ခုဟာက သူ့ဦးလေးရဲ့ ကျေးဇူးကို မထောက်ညှာဘဲ သူ့တူမကို ပိုးဖို့ဆိုတာ မလွယ်ပါဘူး”
“ဘုရားဖူးဖို့ကတော့ အဓိကပေါ့ကွာ၊ အဆင်သင့်ရင် လိပ်ဥတူးမယ့်ကိစ္စလည်း ထည့်သွင်းလစဉ်းစားရမှာပေါ့၊”
“မစဉ်းစားရဲပါဘူး လွမ်းနွယ်ရာ၊ သူတို့ ကဗျာစာအုပ်ကိစ္စက ခုထိ ဒေါသမီးတောက် မငြိမ်းသေးဘူး”
“ငါပြောပါပကော တိုးလှရာ၊ ကဗျာဟာ သူတို့အသည်းနှလုံးပါဆို၊ မယုံရင် ဖက်နမ်းကြည့်၊ ဒီလောက် ဒေါကန်ချင်မှ ဒေါကန်မယ်”
“မဟုတ်တာကွာ၊ ပါးရိုက်ခံရမှာပေါ့ဟ”
“အင်းလေ၊ ပါးရိုက်ခံရရုံပဲရှိမယ်”
“အားပေးကြမ်းလိုက်ပုံများ၊ ကြောက်ခမန်းလိလိပါပဲ “
“တကယ်ပြောတာဟ တိုးလှရ၊ သူတို့က မင်းကို ဓားနဲ့နုပ်နုပ်စဉ်းရုံလောက်နဲ့ အားရချင်မှ အားရမှာ”
“ကိုယ့်သူငယ်ချင်း တရားသူကြီးဖြစ်မှ ထောင်လုံးလုံး ကျရတော့မလိုဘဲ”
“ဪ ဒါနဲ့ မင်း နက်ဖြန် ဓားနဲ့ နုပ်နုပ်စဉ်းခံ…အဲလေ ကျူရှင်လုပ်ငန်း ဝင်တော့မလား”
“ဟာကွာ”
**********************
“ကျွန်တော် ဘာလုပ်ပေးရမလဲ”
“မသိဘူး”
“အေးဗျာ၊ အဲဒီလုပ်ငန်းကိုတော့ ကျွန်တော် ကျွမ်းကျင်ပါတယ်”
“ဘာကို ကျွမ်းကျင်တာလဲ”
“မသိဘူးဆိုတဲ့ လုပ်ငန်းလေ”
ပြုံးယောင်ယောင် မျက်နှာကို ချက်ချင်းတည်ပစ်လိုက်သည်။ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရသေးဟန် မတူ။။ မျက်နှာမှုန်မှုန်လေးကပင် ချစ်စရာ ကောင်းနေသည်။
“ဒီနေ့ ပို့ချချက်အတွက် ကျွန်တော့်လက်ရေးနဲ့ မိတ္တူပွားလာခဲ့တယ်”
တစ်ချက်မျှပင် စောင်းငဲ့မကြည့်။ ပို့ချချက်မှတ်စုတို ပြသာပြရသည်။ ဖုတ်လေသည့်ငါးပိ ရှိသည်ဟုပင် မအောက်မေ့။
“ကျွန်တော့်လက်ရေး လှရဲ့လားလို့”
“မလှဘူး”
အငေါ်တူးလိုက်ပုံက ကြောက်ချင်စရာ။
“အေးဗျာ၊ ခုလို အားပေးတော့လည်း ရေးအားရှိတာပေါ့”
“ဘယ်သူက အားပေးလို့လဲ”
မျက်စောင်းလှလှလေး တစ်ချက်ရသည်။ တိုးလှ အားတက်သွားသည်။ တိုးတက်မှု အတန်အသင့် ရလာပြီ။
“မချိုပဲ ပြောတယ်မဟုတ်လား၊ အလှထူးလို့ ကြားလိုက်တယ်လေ”
“နက်ဖြန် ကိုတိုးလှ မုံရွာဆေးရုံကြီးကိုသွား”
“သွားဆို သွားရမှာပေါ့၊ ဘာကိစ္စလဲ”
“အဲဒီမှာ ကိုတိုးလှနားကို ပြကြည့်ဦး၊ ကုလို့မရအောင် ပင်းနေသလားလို့”
“အံမယ် ကျွန်တော့်နားက အကောင်းကြီးပါ”
“မျက်စိလည်း ပြကြည့်”
“မချိုရဲ့ ဆံကေသာထဲမှာ သန်းလင်မယား လမ်းလျှောက်နေတာတောင် မြင်ရသေးတယ်”
“နားက တစ်လွဲစီကြား၊ မဲ့တာကို ပြုံးတာလို့ မြင်နေမှတော့ ရှင့်နားရော မျက်စိရော မကောင်းတာသေချာတယ်”
“သူများ သားသမီးကို မှိုချိုးမျှစ်ချိုး မပြောပါနဲ့”
“အောင်မာ ကြီးကျယ်လို့”
“အမေက ရွှေမှုန်စားပြီး မွေးထားတာဗျ၊ ဆယ်တန်းတောင် လေးဘာသာဂုဏ်ထူးနဲ့ အောင်လာတာပဲ”
ပြောင်စပ်စပ်မျက်နှာနှင့် မချိုကို ဂျစ်တစ်တစ် ပြောရသည်မှာ ပျော်ဖို့ပဲ ကောင်းသေးတော့။ မချို၏ အမုန်းထုထည် ကြွယ်ဝသော မျက်နှာထားထဲတွင် အကြည့်ဝတ်မှုန် အပျော့စားလေးတွေ တစ်ချက်တစ်ချက် မြင်တွေ့လာရသည်။
“စကြွား ဘယ်သူကမှ အထင်မကြီးဘူး”
“ရုပ်ကလေး ချောသလောက် အပြောလေးက ချိုပါလား”
“ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ ကျွန်မကို စကားမရှိ စကားရှာ လာလာပြောတယ်လို့ ဦးလေး လာရင် တိုင်ပြောမယ်”
တိုးလှ လန့်သွားသည်။ သူ့ကိုယ်သူ မလုံမလဲ ခံစားလာရသည်။ ကိုယ့်ကို အလုပ်ခန့်ထားသော ကျေးဇူး တရားကို မထောက်ထား မငဲ့ညှာရာရောက်နေပါပေါ့လား။
“မလုပ်ပါနဲ့ဗျာ၊ ဒီက ခင်လို့ ရင်းရင်းနှီးနှီး နေတာပဲဟာ”
“ကိုယ့်အလုပ် ကိုယ်လုပ်၊ စကားမများနဲ့”
“ဟုတ်ကဲ့ခင်ဗျ”
ပျာပျာသလဲ ရိုရိုကျိုးကျိုး ဟန်ပန် အမူအရာကို ချိုသဲ သဘောကျသွားဟန်တူသည်။ ပြုံးလဲ့လဲ့နွဲ့မူရာကို ရှားရှားပါးပါး မြင်တွေ့လိုက်၍ ရင်ထဲ လှပ်ခနဲ ဖြစ်သွားသည်။
“ဟာ မမချစ်၊ လာ လာ မျှော်နေတာနဲ့ အတော်ပဲ”
” လာမယ် လာမယ်နဲ့ မလာဖြစ်တာ၊ ဟင် သူက ဘာကိစ္စနဲ့ ဒီရောက်နေတာလဲ”
စောစောက အပျော်လေးတွေ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားသည်။ ကျေအေးစပြုလာသော အခြေအနေ၊ ပြေငြိမ်းစပြုလာသော အနေအထားကို အညိုရင့်မ ဝင်ရောက်လာသည်နှင့် အားလုံး ကမောက်ကမ ဖြစ်ကုန် တော့သည်။
“ဦးလေးရယ်ပေါ့၊ သူ့ကျူရှင်မှာ ရုံးဗာဟီရ ကူညီဖို့ဆိုပြီး အလုပ်ခန့်ထားတယ်လေ”
ကိုယ့်ရှေ့မှာပင် မရှောင် ကိုယ့်အကြောင်း အတင်းပြောနေသည်မို့ တိုးလှ မျက်နှာထားရခက်စွာ အနေကျုံ့နေသည်။ ဘယ်လိုပါလိမ့်။ ကိုယ့်အပေါ် လူတစ်ယောက်အနေနှင့် အသိအမှတ်မှ ပြုပါလေစ။သစ်တုံး တစ်တုံး အရုပ်တစ်ရုပ်လိုပဲ သဘောထားလေရော့သလား။ တစ်ဖက်ရန်သူ စစ်ကူရောက်လာပြီမို့ အပစ်အခတ် အမုန်းကျည်ဆန်တွေ ပလူပျံ ရော့မည်။ သံယောဇဉ်ခံကတုတ်ကလေး မရှုမလှ ပျက်စီးရချေတော့မည်။
“ဪ …မချိုဦးလေးက ကိုယ့်တူမကို ဝဲမယ့် ရွှေစွန်ညိုလေးတစ်ကောင် ဝယ်ပေးထားတယ်ပေါ့”
ကိုယ့်ကို ပစ်ခတ်လိုက်သည့် စကားလုံးတွင် အမုန်းခွန်အား မည်မျှပင်ပါစေကာမူ အသုံးအနှုန်း တင်စားမှုကိုတော့ အတော်ကြီး သဘောကျသွားသည်။ သို့သော် သည်အတိုင်း ကြာကြာထိုင်ပြီး နားထောင် နေ၍ မဖြစ်။ အောင်မြင်စွာ ဆုတ်ခွာဖို့ အရေးတကြီး ပြင်ဆင်ရတော့မည်။ ကျူရှင်ချိန် နီးလာသည်က ကိုယ့်အတွက် အခွင့်ကောင်းတစ်ရပ်။
“မချို ခုမှ သတိရတော့တယ်၊ ကျောင်းသူတွေဆီ ရွှေစွန်ညိုဝဲ၊ ဟာ…စာစဉ်တွေ ဝေလိုက်ဦးမယ်”
မရှုမလှ တပ်ဆုတ်စကားမှာမှ အမှားက ပါဖြစ်အောင် ပါသွားသေးသည်။
“သွားသင့်တာ ကြာလှပြီ “ဟူသော မချို၏ စကားတစ်ခွန်းက အခန်းပြင် ထွက်လာသည်အထိ ကပ်ငြိပါလာသေးသည်။
**************************
“မချိုနဲ့ အပေးအယူ ကောင်းစပြုချိန်မှာ မချစ်သဲ ရောက်လာတော့ အားလုံးပျက်စီးကုန်တော့တာပဲ၊ မချစ်သဲဆိုတာ အညိုရင့်မလေ”
“ဆိုင်ကလုံးမုန်တိုင်းဒဏ် မရှုမလှ ခံခဲ့ရတယ် ဆိုပါတော့”
“အသေအချာပေါ့ လွမ်းနွယ်ရာ “
“ဓားနဲ့ နုပ်နုပ်စဉ်းမခံရတာ တော်သေးတယ်”
“မချစ်သဲ ရှိနေသမျှကာလပတ်လုံး မချိုလည်း အယူအဆ မပြောင်းလဲရေးဝါဒကို ဆုပ်ကိုင်ထားမှာ သေချာတယ်”
“ဘာမှ မစိုးရိမ်ပါနဲ့ တိုးလှ၊ လောကမှာ မပြောင်းလဲတာ ဘာမှ မရှိဘူး”
“ဖြစ်နိုင်ပါ့မလားကွာ”
“သက်ရှိ သက်မဲ့ အရာဝတ္ထု ပုပုရွရွ မှန်သမျှအားလုံး အစဉ်ပြောင်းလဲနေတဲ့ ဖြစ်စဉ်ဟာ မပြောင်းမလဲ တည်ရှိနေမှာ သေချာပါတယ်”
“ယုတ္တိဗေဒ ပို့ချချက်တွေ ပြန်ပြောမနေပါနဲ့ကွာ”
“တကယ်ပြောတာ တိုးလှရ၊ အခု ဟိုကောင်မလေး ချော်လဲ “
“နာမည်မဖျက်ချင်စမ်းပါနဲ့ လွမ်းနွယ်ရာ၊ ချော်လဲ မဟုတ်ပါဘူး ချိုသဲပါ”
“အေး ဟုတ်ပြီ၊ အဲဒီ ချော်လဲ၊ အဲ..ချိုသဲဟာ မင်းကို အမုန်းကြီး မုန်းနေတယ် မဟုတ်လား”
“မုန်းလိုက်တာမှ အတုံးလိုက် အတစ်လိုက်ပဲ”
“မုန်းပါစေ၊ အားရအောင် မုန်းပါစေ၊ နောက်ဆို ပြောင်းလဲခြင်းတရားအရ “
“ဘာဖြစ်လာမလဲ၊ ချစ်လာမယ် ထင်လို့လား”
“စိတ်သာချ သတ်ပစ်ချင်လာစေ့မယ် “
**************************
မုံရွာကောလိပ် ကျောင်းပိတ်ရက်များတွင် တိုးလှ အလုပ်သိပ်မရှုပ်သော်လည်း ကျောင်းပြန်ဖွင့်ပြီး နောက်ဆုံးနှစ် တက်ရောက်ရန် ပညာသင်နှစ် အစခရီး၌ပင် တိုးလှတစ်ယောက် ဗျာများရတော့သည်။ အိမ်တွင်ညဥ့်နက်သန်းခေါင် ထိုင်ရေးခဲ့သော ပို့ချချက်များကို စာကူး စက်ကိုပို့၊ စာကူးစက်က ကျသမျှကို ကျူရှင်ခန်းသို့ အချိန်မီ ဖြန့်ဝေပြီးမှ ကောလိပ်အရောက်ပြေး၊ ညနေပြန်လာ၊ စာကူးစက် ရှိရာသွား၊ ကျူရှင်ရှိရာလာ၊ မိုးချုပ်တော့ အိမ်ပြန်ဖြင့် သံသရာ လည်နေရသည်။
မချိုက ငွေစာရင်းပိုင်း တာဝန်ယူရသည့်မို့ လကုန်ပိုင်းနှင့် လဆန်းစလောက်တွင်သာ ကျူရှင်ခန်းမကို လာသည်။ တိုးလှနှင့်ကတော့ ဆက်ဆံရေး ပုံစံအသွင် မပြောင်းလဲသေး။ ယခု လကုန်ရက်နီးပြီး မို့ မချိုကို နေ့စဉ် တွေ့မြင် နေရသည်။ သို့ရာတွင် လေမပစ်သာသေး။ စာစဉ်တွေ ဝေနေရသေးသည်။ စာစဉ်ဝေရာတွင် ကျောင်းသားတွေက ပေးသမျှ အေးအေးသက်သာ လက်ခံသည်။ ကျောင်းသူတွေကတော့ အပိုစကားတွေ ပြောနေရသည်။
“မှင်နည်းနည်းပြားနေတယ်၊ လဲပေးဦး”
“တခြားစာရွက်တွေ ညှပ်မပေးနဲ့နော်”
“လူလှသလို လက်ရေးလေးတွေလည်း သိပ်လှတာပဲ။ စာစဉ်မဝေဘဲ ရုပ်ရှင်ရိုက်ပါလား”
“အဟဲ ပြုံးရင် ဒီအစ်ကိုက သိပ်လှတာ၊ ကြည့်…ကြည့် ပြုံးတော့မယ်၊ ပြုံးဖို့ အားယူနေပြီး ဟော.. ပြုံးပြီ”
“ဖြည်းဖြည်း ဝေပါ အစ်ကိုရ၊ နွားလိုက်တာကျနေတာပဲ”
မလိုအပ်ပဲ ရှည်တတ်သောကြောင့် စိတ်ညစ်ညစ်နှင့် ပြုံးရသည်။ သူတို့တစ်တွေလည်း ကျောင်းတက်ရ ကျူရှင်တက်ရနှင့်မို့ ကိုယ်ပိုင်လွတ်လပ်ချိန် နည်းပေလိမ့်မည်။ သင်ခန်းစာတွေနှင့် မွန်းကျပ်နေသော စိတ်ကို အခိုက်အတန့် ပြေရာပြေကြောင်း နောက်ပြောင် ဖန်တီးနေကြဟန် ဟူသည်။
“မောင်တိုးလှရေ၊ မချိုကို ငွေစာရင်း နည်းနည်းပါးပါး ကူညီလိုက်ပါဦး”
စာစဉ်ဝေအပြီး ရုံးခန်းအဝင်တွင် ဆရာဦးမြကြီး၏ တာဝန်ပေးစကားကြောင့် ပျော်သွားသည်။ မချိုကတော့ ကျောင်းချိန်မှီရန် ကမန်းကတန်း လုပ်နေရချိန်လည်း ဖြစ်ချင်ဖြစ်မည်။ မကြည့်ချင် မမြင်ချင်၍ အလုပ် အပေါ် အာရုံစိုက်ထားတာလည်း ဖြစ်နိုင်သည်။ မချို၏ အမူအရာကို ဝေခွဲ၍မရ။
“မချို ကျောင်းသွားရင် မောင်တိုးလှကိုပါ ကားနဲ့ခေါ်သွား၊ ဘတ်စ်ကားစောင့်နေရရင် ကျောင်းနောက်ကျ နေလိမ့်မယ်”
အချို့ပေါ် သကာလူးသလို ထပ်ဆင့် ကြည့်နူးရပြန်သည်။ ပြုံးဖြဲဖြဲမျက်နှာကို မချို၏ မျက်မှောင်တစ်ချက် အတွန့်ကြောင့် အချိန်မီ အရေးပေါ် မျက်နှာပိုးသတ်လိုက်ရသည်။
**************************
“ကိုယ်တော်မြတ်က ငိုက်နေပြီ”
ကြည့်မရဆုံး လူတစ်ယောက်ကို ပညာပေးရန် အခွင့်အရေးက ရနေသည်။ မချို ကားမောင်းရင်း တိုးလှဘက် စောင်းငဲ့ကြည့် နေမိသည်။ ပြောသာ ပြောရသည်။ တိုးလှက ထိကပါးရိကပါး ပတ်ချွဲနပ် ချွဲလုပ်တတ်သူတော့ မဟုတ်။ သူ့အလုပ်သူ ကြိုးစား၍ ရိုးသားသူဟု ဆိုနိုင်သည်။
မချို အနီးဝန်းကျင်တွင် တင့်တောင့်တင့်တယ် ဘဝလှလှ လူလှလှများ သံယောဇဉ်ဆက်နွယ်ရန် အမြဲ မပြတ် ရှိနေတတ်ပါသည်။ မချို ကားမောင်းလာလျှင် ရှေ့မှာရပ်၍ ပြောင်သလို နောက်သလို လာလုပ်သူတွေ လည်း ရှိသည်။ ကားပေါ်ကသာ တစ်ယောက်တည်း ဆင်းကြည့်၊ ခြေနှစ်လှမ်းပင် ဖြောင့်ဖြောင့် လှမ်းရမည်မဟုတ်။ သမုဒယ ကမ်းလှမ်းချက်တွေက အနုအလှမဆန်၊ကာရန်မညီဘဲ ရောက်လာလိမ့်မည်။ အပြတ်ကောလည်း မရ။ အပြတ်ခါလည်း မခွာ၊ ရေရေလည်လည် စိတ်ညစ်ဖို့ ကောင်းသည်။ သည်နေရာမှာတော့ မမချစ်ကို အားကိုးရသည်။ မမချစ်နှင့်သာ သွားရက ဘယ်ခရီးသွားသွား အန္တရာယ်ကင်းမည်။ ဘေးရှင်းမည်။ မမချစ်၏ အကြည့်တစ်ချက် အပြောတစ်ခွန်းဖြင့်ပင် မချို၏ အန္တရာယ်မှန်သမျှ ကင်းရာ ကုန်ရာ ချုပ်ရာငြိမ်းရာလားကုန်မည်။
မမချစ်က မချိုကားရပ်မည့် အနီးဝန်းကျင်တွင် ရှိနေလိမ့်မည်။ တိုးလှနှင့် ယှဉ်တွဲပါလာလို့ကတော့ မမချစ် မကြည်မှာ သေချာသည်။ မမချစ်လည်း သဘောကျ၊ မချိုလည်း ကျေနပ်၊ ကိုတိုးလှလည်း သင်ခန်းစာရ သွားစေမည့် နည်းလမ်းကို စဉ်းစားနေခဲ့သည်။ ကိုတိုးလှ အိပ်ငိုက်နေသည်ကို မြင်မှ သည်အကြံ ရလာသည်။ သူ့အကြံအတိုင်း လုပ်ဖို့ တွေးတုံဆတုံ ဖြစ်မိသည်။
မမချစ်၏ ဒေါသထပ်ဆောင်းမှုကြောင့် ကိုတိုးလှအပေါ် အမုန်းထပ်ဆင့် နေခဲ့သည်။ စာမေးပွဲ နောက်ဆုံးနေ့က မချို ဆိုင်ကယ်ဖြင့် လာခဲ့ရသည်။ ကားက ဝပ်ရှော့ထိုးထားသဖြင့် ဆိုင်ကယ်စီးခဲ့ခြင်းဖြစ်သည်။ စာမေးပွဲပြီး၍ အပြန်တွင် ကိုတိုးလှနှင့် ကြံကြံဖန်ဖန် လာဆုံသည်။ ပြီးတော့ ဆိုက်ဆိုက်မြိုက်မြိုက် ကျူရှင်ခန်းကို ရောက်လာခဲ့သည်။ အနီးကပ် ပေါင်းကြည့်မှ ကိုတိုးလှက ထင်သလောက်မဆိုး၊ မွန်မွန်ရည်ရည် တည်တည်တံ့တံ့ ခံ့ခံ့ညားညား ရှိသည်။ ဒါကြောင့်လည်း ကိုတိုးလှကို ပညာပေးရန် တွေးတုံဆတုံ ဖြစ်နေသည်။
အမှန်တကယ် မိမိကိုယ်မိမိ ပြန်လည်ဆန်းစစ်ကြည့်တော့လည်း ကိုတိုးလှအပေါ် အမုန်းခဝါ ချနိုင်ခဲ့ပြီဟု မဆိုနိုင်။ မကျေနပ်ကြောင်း သိသာစေမည့် မျက်စောင်းတွေ၊ မကြည်မလင် မျက်မှောင်ကျုံ့ အကြည့်တွေနှင့် အခွင့်သာလျှင် သာသလို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ပညာပေးသင့်သည်ဟုတော့ ထင်သည်။ မှတ်လောက် သားလောက်အောင် ပညာပေးမှလည်း ကျောင်းမှန်းကန်မှန်း သိမည်။ ကားက မြို့ပြင်ဘက် ရောက်လာပြီ။ စက်ရှိန်ကို တဖြည်းဖြည်း မြှင့်တင်လိုက်သည်။ ရုတ်ချည်း မြှင့်လိုက်လျှင် သူနိုးသွားနိုင်သည်။ ကြိုက်သည့်အရှိန်၊ ကြိုက်သည့်နေရာ၊ လူပြတ်လပ်သည့် လမ်းပေါ်အရောက်တွင် ကလပ်ကို လွှတ်၍ ခြေကန်အား မြဲမြဲယူကာ ဘရိတ်ကို အားကုန်ဆောင့်နင်းလိုက်သည်။
“ဒိုင်း”
ထင်ထားသည့်အတိုင်း ကိုတိုးလှခေါင်းက ရှေ့ကို ငိုက်ကျသွားသည်။ နဖူးက ထင်သည်ထက် ထိချက်ပြင်းပုံ ရသည်။ ခွေခွေကလေး လဲကျသွားသည်ကို တွေ့လိုက်ရတော့ ထိတ်ခနဲ ပျာသွားသည်။ ပွေ့ရ ထူရမည်လား၊ ကူကယ်မည့်သူကို ခေါ်ရမည်လား။ ပူပူထူထူ တွေးနေစဉ် ကိုတိုးလှက ရုတ်ခနဲ ထလာသည်။
“လူတိုက်မိသေးလား၊ ဖယ်-ဖယ် မချို၊ ကားမောင်းတဲ့နေရာ ကျွန်တော်ဝင်ထိုင်မယ်”
မချို၏ ပခုံးကို ဆုပ်ကိုင်ကာ ကယောင်ကတမ်းပြောလာသည်။ သူ့နဖူး ကွဲသွားသည်ကို တွေ့ရသည်။ သွေးတွေကလည်း တစ်မျက်နှာလုံး မြင်မကောင်းတော့။
“ရှင်က ကားမောင်းတတ်လို့လား”
“မမောင်းတတ်ပါဘူး၊ မချိုအဖမ်းခံရမှာ စိုးလို့ပါ”
ရင်ထဲ နင့်ခနဲ ဖြစ်သွားသည်။ ကိုယ့်အပေါ် သည်မျှ စေတနာထားမည် မထင်မိ။ သည်မျှ စိတ်ထားသ ဘောထား ဖြူစင်မည် မထင်မိ။ သည်မျှစွန့်လွှတ်အနစ်နာခံမည် မထင်မိ။ မချိုက လက်ကိုင်ပဝါထုတ်၍ ပေးလိုက်သည်။
“ရပါတယ်၊ သွေးတွေပေသွားလိမ့်မယ်”
“သွေးတွေ သုတ်လိုက်စမ်းပါ၊ ရှင့်ဒဏ်ရာ တော်တော်များတယ်။ လူမတိုက်မိပါဘူး။ ကလေးတစ်ယောက် ဖြတ်ပြေးလို့ ကမန်းကတန်း ဘရိတ်အုပ်မိလိုက်တာပါ၊ နီးရာဆေးခန်းကို ပို့ပေးမယ်”
“နေပါစေ၊ မချိုသာ ဆက်သွားပါ၊ ကျွန်တော် ဆင်းနေရစ်မယ်၊ တော်ကြာ ကျွန်တော့်ကြောင့် မချိုကလပ်စ်မမီဘဲ ဖြစ်နေလိမ့်မယ်”
“ဘယ်ဖြစ်မလဲ၊ သွေးတွေ အတော်ကျလာပြီ၊ မချို မောင်းပို့ပေးပါ့မယ်”
“ဆောရီးဗျာ၊ ညကစာစဉ်တွေကူးပြီးတော့ စာဆက်ကျက်တာ ညဉ့် တော်တော်နက်သွားတယ် ကျူတိုရီရယ်၊ ဖြေဖို့လည်းရှိတာနဲ့ပါ၊ ဒါကြောင့် အိပ်ငိုက်သွားလို့ ခုလို ဖြစ်ရတာ၊ မချိုအတွက် အလကား အချိန်ပုပ်တာပေါ့ “
မျက်ရည် မကျမိစေရန် မျက်တောင်ကို အကြိမ်ကြိမ် ပုတ်ခတ်လိုက်ရသည်။ ကိုတိုးလှထံမှ ဖြူစင်စိတ်ရင်းကို မထင်မှတ်ဘဲ တွေ့ရလေ ကိုယ့်ကိုယ်ကို ယူကျုံးမရလေ။ ပြင်လို့မရတဲ့အမှားတွေ ကျူးလွန်မိပါပြီ ကိုတိုးလှရယ်။ ထိုခဏတွင် အမုန်းခွန်အားတွေ ပျောက်ကွယ်၍ တစ်စုံတစ်ခုသော အဓိပ္ပာယ် ဖော်မရသည့် အင်အားသစ်တွေ ပေါ်ပေါက်လာသည်။ မသိစိတ်မှာ မည်သို့ ဖြစ်ပေါ်နေသည် မသိသော်လည်း သိစိတ်မှာတော့ သနားတာပဲနားလည်မိပါသည်။
***************************”
“ဟင် ကိုတိုးလှ မလာဘူးလား”
နှုတ်က လွှတ်ခနဲထွက်သွားသည်။ ကိုတိုးလှအတွက် စိတ်ရတက်မအေးကြောင်း အပြင်လူသိဖို့မကောင်း။ တခြားလူထက် ကိုလွမ်းနွယ် သိဖို့ ပိုမကောင်းသေး။ သူသိသွားလျှင် ကိုတိုးလှ သိသွားတာနှင့် ဘာမျှထူးခြားမည် မဟုတ်။
မနေ့က အဖြစ်အပျက်သည် ခုထိရင်ခုန်နေဆဲ။ နီးရာဆေးခန်းတွင် ဆေးထိုး၊ နဖူးက ဒဏ်ရာကို ဆေးထည့်) ပတ်တီးစည်းသည်။ ဆေးဖိုးပင် အလုအယက်ပေးနေသေးသည်။ စာသင်ဆောင်အထိ မချို လိုက်ပို့ ပေးသည်။ ကျူတိုရီရယ်ပြီးချိန် စာသင်ဆောင် သွားကြည့်တော့ ကိုတိုးလှ မရှိတော့။ သူ့အိမ် လိုက်သွားဖို့ ကလည်း လုပ်ကြံမှုတွေ ပေါ်သွားနိုင်သည်မို့ မသွားသာခဲ့။ နောက်နေ့ တွေ့မှာပဲလေဟု ဖြေနိုင်ခဲ့သည်။
သည်နေ့ ကိုတိုးလှ ရုံးခန်းကို ရောက်မလာ။ ကိုလွမ်းနွယ်သာ ပေါက်ချလာသည်။ တစ်ခုခုတော့ အကြီးအကျယ် လွဲမှားနေပြီ။
“သူ အတော်လေး အပြင်းဖျားတယ်၊ ဒါကြောင့် သူ့ကိုယ်စား လာခဲ့တာပါ”
“ဟင်…ဘာဖြစ်လို့လဲ၊ နဖူးကဒဏ်ရာကြောင့်လား”
သူမကြောင့် ကိုတိုးလှ တစ်ခုခု ဖြစ်သွားလျှင်..
စိုးရိမ်သောကသည် ဘယ်က ဘယ်လို ပေါ်ပေါက်လာသည်မသိ။ သောကနှင့်အတူ အကြင်နာ၊ ကရုဏာ တွေ တစ်လှေကြီး ပါလာသည်ထင်သည်။
“ဟုတ်တယ်၊ နဖူးက ဒဏ်ရာကြောင့်ပဲ၊ ဘယ်က ရလာမှန်းလည်း မသိပါဘူးဗျာ”
“သူက ဘာမှ မပြောဘူးလား”
“ပြောတော့ ပြောတယ်၊ ခြေခြေမြစ်မြစ် မရှိပါဘူး၊ ကျူတိုရီရယ် ဖြေအပြီး စာသင်ဆောင်အထွက်မှာ ခေါင်းမူးလို့ လဲတယ် ပြောတာပဲ၊ ဟုတ်ချင်မှလည်း ဟုတ်မှာပါ။ သူက အခြားလူတွေအပေါ်မှာ စေတနာ သိပ်ထားတတ်တာ၊ သူ့ကြောင့် တခြားလူတွေ ဝန်လေးရမှာကိုလည်း မလိုလားဘူး၊ ဪ ဒါနဲ့ သူ နုတ်ထွက်စာ လည်း ပေးလိုက်ပါတယ်”
“ဟင်… ဘာဖြစ်လို့ နုတ်ထွက်မှာလဲ”
“သူ့နဖူးက ဒဏ်ရာကြောင့် ဆေးရုံသွားရမယ် ပြောတယ်၊ ဆေးခန်းက ဆေးရုံကို လွှတ်တယ်၊ မျက်စိက လည်း ခုလိုတော့ ခပ်မှုန်မှုန်မို့ တလွဲတွေ မြင်နေတယ်၊ နားကလည်း ခပ်ဝါးဝါးမို့ တလွဲတွေ ကြားနေရတယ် ပြောတာပဲ”
မချိုရင်ထဲ မဖော်ပြနိုင်စွမ်းသော ဝေဒနာတွေ ခံစားလာရသည်။ ဆောက်တည်ရာမရ ဖြစ်မိသည်။
“ဆေးရုံသွားရမှာတော့ ဟုတ်ပါပြီ၊ ဘာဖြစ်လို့ နုတ်ထွက်ရမှာလဲ”
“သူ့မျက်စိနဲ့နားက ကောင်းချင်မှ ကောင်းလာမှာကိုး၊ ကောင်းလာဦးတော့ အချိန်ကြာကြာ ကုရမှာ မဟုတ်လား၊ လောလောဆယ် ကျူရှင်အလုပ်တွေ ဘယ်လုပ်နိုင်မှာလဲ၊ ဒါကြောင့် နုတ်ထွက်စာတင်ခဲ့ဖို့ သူ ပေးခဲ့တာပါ”
“ဟာ ဘယ်ဖြစ်မှာလဲ၊ သူ နုတ်ထွက်စာ မတင်ရဘူး၊ ဒီလိုဖြစ်ရတာ ကျွန်မကြောင့်”
နှုတ်က လွှတ်ခနဲ ထွက်သွားသည်။
“ဗျာ မချိုသဲကြောင့် ဖြစ်ရတာလား”
“ဟို…ဟို ကျွန်မတို့ ကျူရှင်မှာ တာဝန်ယူတုန်း ဖြစ်ရတာဆိုတော့ ကျွန်မတို့ တာဝန်လည်း ရှိတာပေါ့၊ ဒီတော့ ဆေးကုသချိန် ဘယ်လောက်ကြာကြာ လစာမပျက်စေရပါဘူး “
“သူက အလုပ်မလုပ်ဘဲ လစာယူချင်မှာ မဟုတ်ဘူး၊ မချိုသဲ ဖျောင်းဖျောင်းဖျဖျ ပြောရင်တော့ ရများရလေ မလားဘဲ “
“သူ အခု ဘယ်မှာရှိမလဲ”
“အိမ်မှာရှိမယ် ထင်ပါတယ်၊ ဆေးရုံက ပြန်လာလောက်ပါပြီ”
မချို အပြေးအလွှား အပြင်ထွက်သွားပြီး ကားသံကြားရတော့မှ လွမ်းနွယ် တစ်ချက် ပြုံးလိုက်သည်။ တိုးလှဆီက အစားအသောက် အဝကျွေးကြေးကတော့ နိုင်ခြေရာခိုင်နှုန်း တော်တော်များသွားပြီ။
ပတ်တီးအသစ်နှင့် မင်းသားပုံစံပေါက်နေသော သူ့မျက်နှာကို မှန်ထဲကြည့်၍ ပြုံးလိုက်သည် ။ မနေ့ကတော့ ခေါင်းနည်းနည်းကိုက်သဖြင့် ကျူတိုရီရယ် မပြီးမီ ပြန်လာခဲ့သည်။ သည်နေ့ ဆေးခန်းအသွားတွင် လွမ်းနွယ် အိမ်ပြင်ထွက်သွားဟန်တူသည်။ စာတိုလေး တစ်စောင်တော့ ရေးခဲ့သည်။
“ကျူရှင် မသွားနဲ့ဦး၊ ခဏစောင့်ပါ” တဲ့၊
ဘာများအရေးကြီးနေပါလိမ့်၊ ကျူရှင်သွားဖို့ အချိန်က နီးလှပြီ။ သူ့အပေါ် ကြင်နာတတ်သော မချိုကို တွေ့ချင်မြင်ချင်စိတ်တွေ စောနေသည်။
“ကို… ကိုတိုးလှ”
ကမန်းကတန်း ပြေးဝင်လာသော မချိုကို တွေ့၍ သူ အလန့်တကြားဖြစ်ကာ မှန်ချပ်လွတ်ကျသွားသည်။
“နေဦး မချို၊ မှန်ကွဲတွေ စူးလိမ့်မယ်”
သူ့ဆီ ပြေးလာသည်မို့ မှန်ကွဲတွေလွတ်အောင် ရှေ့နှစ်လှမ်းလောက် တိုးလိုက်သည်။ သူ့ရင်ခွင်ထဲတိုး ဝင်ကာ ရှိုက်ကြီးတငင် ငိုကြွေးလာသည်ကို အံ့ဩကြီးစွာဖြစ်မိသည်။ အလိုက်သင့် သိမ်းဖက်ထားရင်း ရင်ခုန်နေသည်။ ဘာဖြစ်လာမှန်း မသိ။ ဖက်မိဖက်ရာ ဖက်ထားရင်း လက်တွေပါ တုန်လာသည် ။
“မငိုပါနဲ့လား မချိုရယ်”
မျက်ရည်ကြားမှ တိုးလှမျက်နှာကို မော့ကြည့်သည်။
“ကျွန်မကို မြင်ရဲ့လား ကိုတိုးလှ”
“ဘာဖြစ်လို့လဲ မချို၊ မြင်ရပါတယ်”
“မညာနဲ့နော်၊ ကိုလွမ်းနွယ် အကုန်ပြောပြီးပြီ”
လွမ်းနွယ်ဆိုသည့်ကောင် ဘာတွေများ သွားရှုပ်သည်မသိ။ မနေ့ကတော့ သူနှင့် အကျောက်အကန် ငြင်းရသေးသည်။ သူ့နဖူးက ဒဏ်ရာသည် မချိုတမင်လုပ်ကြံ၍ ရသည်ဟု ဆိုသည်။ သူဘာသိတာမှတ်လို့။ ဆေးခန်း ပို့တာ၊ ဆေးကုသစရိတ် ပေးတာ၊ စာသင်ဆောင်အထိ လိုက်ပို့တာ၊ သူ့အပေါ် စိုးရိမ်တကြီး ဂရုစိုက်တာတွေက တမင်လုပ်ကြံတာ ဘယ်နည်းနှင့်မျှ မဖြစ်နိုင်။
လွမ်းနွယ်ကတော့ မုံရွာမြို့အထွက် လူနေရပ်ကွက် ဘာမျှမရှိသည့်နေရာတွင် ကလေးတစ်ယောက် ကားရှေ့ ဖြတ်ပြေးသည် ဆိုခြင်းမှာ ယုတ္တိဗေဒဘာသာရပ် ဆရာဆိုလျှင် သုညအမှတ်ထက် အနုတ် လက္ခဏာပင် ထပ်ပေးရဦး မည်ဟုဆိုသည်။ လွမ်းနွယ်က အလောင်းအစားနှင့် ကြေးခေါ်သည်။ ကိုယ်ရသည့် ဝင်ငွေထဲက အဝကျွေးကြေး။ သူကလည်း စိန်လိုက်။
သူဆေးခန်းသွားတုန်း ဘာတွေကြံဖန်လိုက်သည် မသိ။ မချိုပုံစံက သူမသိဖူးသော လူစိမ်းတစ်ယောက် ပုံစံ ပေါက်နေသည်။ သူ့အပေါ် ရှိုက်ကြီးတငင်နှင့် အသည်းအသန် ခံစားရပုံပေါ်သည်။
“အခု ဆေးရုံက ပြန်လာတာ မဟုတ်လား”
ဆေးခန်းနှင့် ဆေးရုံ မှားနေပြန်ပြီ။
“ဟုတ်ပါတယ်”
သူက အလိုက်သင့် ပြောလိုက်သည်။
“နားရောကောင်းရဲ့လား”
မျက်စိကောင်းရဲ့လား၊ နားကောင်းရဲ့လားနှင့် ဒုက္ခပါပဲ။ လွမ်းနွယ် မည်သို့လုပ်လိုက်သည် မသိ။
“ကောင်းပါတယ် မချို”
“ဟုတ်ကော ဟုတ်ရဲ့လား”
“ဟုတ်ပါတယ် မချို၊ မျက်စိရော နားရော ကောင်းပါတယ်”
“တော်သေးတာပေါ့၊ ဒါဆို နုတ်ထွက်စာ မတင်နဲ့တော့နော်”
ဘာနုတ်ထွက်စာပါလိမ့်။ တိုးလှ စဉ်းစား၍မရ။ ဘာပြန်ပြောရမည်မသိ။
“ဟင့်အင်း…. ဟင့်အင်း ကိုတိုး နုတ်ထွက်စာ မတင်ရဘူး”
သူ တွေဝေနေဆဲမှာပင် မချိုက အပူတပြင်း ပြောလာသည်။
“ဘာဖြစ်လို့လဲ မချိုရယ်”
ဘာဖြစ်လို့ ဖြစ်နေမှန်းမသိ၍ နားဝေတိမ်တောင်ဖြင့် မေးလိုက်မိသည်။
“သူ နုတ်မထွက်ရဘူး၊ ကိုတိုး လစာလဲ ယူကိုယူရမယ်”
ဒုက္ခပါပဲ၊ မနေ့က ဒဏ်ရာရတာ ခေါင်းသိပ်မကိုက်။ ခုမှ ခေါင်းပိုကိုက်လာသည်။ လွမ်းနွယ် ဘာတွေ တွန်းလွှတ် လိုက်သည် မသိ။ သူ့နာမည်တောင် အခေါ်အဝေါ်တွေ ပြောင်းလာသည်။ ကိုတိုးတဲ့၊ ဟား သူအိပ်မက်များ မက်နေရော့သလား။
“ကိုတိုးကို မမုန်းတော့ဘူးလား”
ရမ်းသမ်းပစ်လိုက်သော မြားတစ်စင်း။
“မမုန်းနိုင်တော့ပါဘူး ကိုတိုးရယ်”
မချိုတစ်ကိုယ်လုံးကို သူ ပိုမိုတင်းကျပ်စွာ ဖက်ထားလိုက်သည်။
“ကိုတိုးလေ…မချိုကို တွေ့စကတည်းက ချစ်နေတာပါ”
“သွားပါ၊ အရေးထဲမှ ရည်စားစကားပြောနေတယ်”
သူ့ရင်ခွင်ထဲမှ ထွက်ကာ မျက်ရည်စများကို သိမ်းနေသည်။ သူ ဘာတွေပြောလိုက်မိမှန်း သူ့ကိုယ်သူ မသိလိုက်။ သူ့ရင်ထဲက မမျိုသိပ်နိုင်အောင် ပေါက်ကွဲသွားသော စကားလုံးများသာ ဖြစ်မည်ထင်ပါသည်။
“မချို ကိုတိုးကို တကယ်ချစ်တယ်နော်”
“အို ဘယ်တုန်းက ပြောဖူးလို့လဲ”
“စောစောကတော့ မမုန်းဘူးဆို”
“မမုန်းတာနဲ့ ချစ်တာ မတူဘူးလေ”
“မမုန်းရင် ချစ်မှာပဲ၊ မချစ်ရင် မုန်းမှာပဲ၊ အမုန်းနဲ့အချစ်ကြားမှာ သရေဆိုတာ မရှိဘူး”
“တကယ်လို့ ကျွန်မက မချစ်ဘူး ဆိုရင်ကော”
“ကိုတိုး နုတ်ထွက်စာ တင်လိုက်မှာပေါ့”
ရမ်းသမ်းမှန်းစမ်းပြီးသာ ပြောလိုက်ရသည်။
နုတ်ထွက်စာကိစ္စက ရေရေရာရာ ဘာဆိုဘာမျှ မသိ။ လွမ်းနွယ်ကို ကျေးဇူးတင်စွာ စိတ်ထဲမှ ဆဲလိုက်မိသည်။ ဝမ်းမြောက်စွာ ကလော်တုတ်လိုက်မိသည်။
“အကျပ်တော်တော်ကိုင်နော်၊ စိတ်ပျက်ပါတယ်”
တကယ်စိတ်မပျက်မှန်း သိသာပါသည်။
“မချို မချစ်တဲ့သူနဲ့ ရုံးခန်းထဲမှာ ဆုံတွေ့မနေစေချင်လို့ပါ”
“ဒီလို စေတနာထားတတ်မှန်း သိလာလို့ ကိုတိုးကို သံယောဇဉ် ငြိတွယ်လာမိတာ ထင်ပါရဲ့”
“တကယ် ချစ်တယ်နော်”
“အို”
သူ့လက်များကို တွန်းဖယ်လာသည်။ သူအသာအယာ လွှတ်ပေးလိုက်သည်။ ကျေနပ်ခြင်းမက ကျေနပ်စရာ၊ ဝမ်းသာခြင်းမက ဝမ်းသာစရာတွေနှင့် ကြုံတွေ့ရသည်။ မျှော်လင့်မထားသော တိုက်ဆိုင်ကြုံတွေ့မှုတွေပါ။
ရည်းစားတစ်ကောင် အချောင်ရပုံမျိုး ဘယ်သူကြုံဖူးပါသလဲ။ နဖူးတော့ နည်းနည်းနာတာပေါ့၊ သူ့အဖြစ်က နဖူးစာမဟုတ်။ နဖူးနာဟု ဆိုရမည်။ မချိုက နဖူးနာကြေး အဆမတန် ပေးဆပ်ခဲ့ပြီကော။


