The Corner

The Corner

cropped-Logo_round_grey-background.png

ခေါင်းလောင်းလည်းကြေး၊ ချူလည်းကြေး

Share မယ်

ပညာရေးနယ်ပယ်မှာ သင်ယူခွင့် အခွင့်အလမ်းတွေ တဖြည်းဖြည်း ပိုများလာတာ ဝမ်းသာစရာပါ။ ဟိုနေရာ၊ ဒီနေရာ စသည်အားဖြင့် နေရာ အတော်များများမှာ အခွင့်အလမ်းတွေများလာတဲ့ သဘောရှိပါတယ်။ အထူးသဖြင့် မဟာဘွဲ့၊ ဘွဲ့လွန်ဒီပလိုမာစတဲ့သင်တန်းတွေတက်လိုသူတွေအတွက် အရင်ကထက် အခွင့်အလမ်း ပိုများလာတယ်လို့ ပြောရင် ရနိုင်မှာပါ။

ပညာရေး အဖွဲ့အစည်းတွေထူထောင်လာကြတာတွေရှိသလို ထူထောင်ထားတဲ့တက္ကသိုလ်၊ ကောလိပ် တွေမှာလည်း သင်တန်းအမျိုးအစားအသစ်တွေ တိုးတိုးဖွင့်ကြတာတာတွေရှိတာပေါ့။ ဒါ့ထက်ပိုတာက သင်ကြားမှု ပုံစံတွေပါ ပြောင်းလာကြတာပါ။ ဟိုအရင်ကတော့ တက္ကသီလာ မြကျွန်းသာဆိုတာ အဝေးသင် တက္ကသိုလ်တွေကလွဲလို့ ကျောင်းပရိဝုဏ်ထဲ ကိုယ်တိုင်ကိုယ်ကျ နှစ်ပေါက်အောင် ဥဒဟိုသွားနိုင်မှ ကျောင်းတော်သားအဖြစ် ရောက်ရတာ မဟုတ်လား။ အခုနောက်ပိုင်းကျတော့ အခြေအနေအကြောင်းကြောင်း တွေရဲ့တွန်းပို့မှုအရ ရာနှုန်းပြည့် အွန်လိုင်းစနစ်နဲ့ ဖွင့်ပေးတာမျိုးတွေတောင် ရှိလာကြပြီ။

အွန်လိုင်းစနစ်ဆိုတာက တက္ကသိုလ်၊ ကောလိပ်တွေနဲ့ အလှမ်းကွာနေတဲ့ ပညာလိုလားသူတွေအတွက် တကယ့်ဆု လာဘ်ကြီးပါပဲ။ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းတစ်ခုကို သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်ပရိဝုဏ်ထဲ အထိ ကိုယ်တိုင် ကိုယ်ကျ အစအဆုံးတက်နိုင်ဖို့ဆိုတာက တချို့လူတွေအတွက် အတော်ကိုမလွယ်တဲ့ကိစ္စပါ။ အထူးသဖြင့် လုပ်ငန်းခွင်ထဲ ရောက်ပြီးသား လူတွေအတွက်ပေါ့။ ပညာလိုအိုသည်မရှိ၊ ပညာရေးဝေးသည်မရှိ လို့ ဆိုရိုးရှိပေမယ့် အခြေအနေအရပ်ရပ်အရ မအိုချင်ဘဲအိုနေကြရပြီး၊ မဝေးချင်ဘဲဝေးနေကြရသူတွေ။

ကိုယ်တိုင်ကိုယ်ကျ အစအဆုံးတက်ယူမှရမယ့်သင်တန်းတွေကို အွန်လိုင်းစနစ်နဲ့ဖွင့်ပေးလိုက်တော့ အခြေအနေ အကြောင်းကြောင်းတွေကြောင့် ပညာရေးနဲ့ဝေးနေရသူတွေက ဝမ်းသာအယ်လဲနဲ့ လျှောက်လွှာတွေ တင်ပြီး ကျောင်းတော်သူ၊ ကျောင်းတော်သားဘဝကိုပြန်ရောက်ကြတယ်။ ဒါ့ကြောင့် ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းတွေ၊ အထူးသဖြင့် ဘွဲ့လွန်သင်တန်းတွေကို အွန်လိုင်းစနစ်နဲ့ဖွင့်ပေးလိုက်တဲ့ကိစ္စတွေက ဝမ်းပန်းတသာ ကြိုဆိုကြရမယ့် ကိစ္စတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။

ကျောင်းပညာရေးနဲ့ ခဏတာဝေးပြီးမှ တက္ကသီလာကိုပြန်ရောက်လာရသူတွေမှာ အားသာချက် တွေရှိပါတယ်။ ဘွဲ့ကြိုသင်တန်းအတွက် ဘာသာရပ်ရွေးချယ်တုန်းက ကိုယ့်ဝါသနာ၊ ကိုယ့်ဆန္ဒ အပြင်တခြားတခြားသော ဖိအားတွေ အောက်မှာ ရွေးခဲ့ရတာဖြစ်ပေမဲ့ လုပ်ငန်းခွင်ထဲကနေပြန်တက်တဲ့ ဘွဲ့လွန်သင်တန်းတွေကတော့ အများအားဖြင့် ကိုယ့်ဝါသနာအရပဲဖြစ်ဖြစ်၊ လုပ်ငန်းလိုအပ်ချက်အရပဲဖြစ်ဖြစ် တက်ကြတာမို့ ဟိုအရင်တုန်းကထက်ပိုပြီး ဘာသာရပ် အပေါ် စိတ်ဝင်စားမှုရှိနေတတ်ကြပါတယ်။ စိတ်ပါလက်ပါရှိတဲ့အလျောက် ကြိုးကြိုးစားစားလည်း ရှိတတ်ကြ ပါတယ်။ ဒီလိုမဟုတ်ဘဲ ဘွဲ့လက်မှတ် ရချင်ရုံသက်သက်နဲ့ တက်တာမျိုးလည်းရှိတော့ရှိနိုင်တာပေါ့လေ။ အများ အားဖြင့်ကတော့ စိတ်ဝင်တစားရှိလို့ တက်ကြတာပါပဲ။ ဒါကအားသာချက်တစ်ခု။ အကျိုးဆက်အားဖြင့် ပညာရပ် နယ်ပယ်မှာ လုပ်ငန်း အတွေ့အကြုံအပေါ်အခြေခံပြီး စဉ်းစားသုံးသပ်နိုင်လာတာပေါ့။ လက်တွေ့နဲ့သီအိုရီကို နှိုင်းယှဉ်ချိန်ဆ ကြည့်နိုင်လာတာပေါ့။ စာတွေ့လက်တွေ့ပေါင်းစပ်ထားတဲ့အသိသစ်ကြောင့် တစ်ခါတစ်ခါမှာ ပညာရပ် နယ်ပယ်ကိုရော၊ လက်တွေ့နယ်ပယ်ကိုပါ အကျိုးပြုနိုင်သွားတာပေါ့။ တစ်ဖက်မှာလည်း အားနည်းချက်တွေ မရှိတာတော့မဟုတ်ပါဘူး။ ရှိတာပဲပေါ့။ အရွယ်တစ်ခုကို ရောက်လာပြီဖြစ်တဲ့အတွက် ကျက်နိုင် မှတ်နိုင်စွမ်းတွေ ကျသွားတတ်တယ်။ ကျက်အားမှတ်အားကို အခြေခံပြီးစစ်ဆေးတဲ့ စာမေးပွဲမျိုးတွေနဲ့ မဆီလျော်တော့ဘဲ ဖြစ်သွားတယ်။ အံမဝင်တော့ဘဲဖြစ်သွားတယ်။ တွေးခေါ်မြော်မြင်မှုအပိုင်းကို မေးမှသာ ကောင်းကောင်း ဖြေနိုင်ဖို့ အလားအလာများသွားတယ်။ လူနဲ့စနစ် လိုက်ဖက်ညီနေတဲ့နေရာမျိုးဆိုရင်တော့ ဒီအားနည်းချက်မရှိနိုင်ဘူးပေါ့လေ။ တဖြည်းဖြည်းချင်းတော့ အံဝင်ခွင်ကျဖြစ်တဲ့စနစ်တွေကို ကျင့်သုံး နိုင်အောင်ကြိုးစားကြရမှာပေါ့။

ပညာသင်ယူခွင့်အခွင့်အလမ်းတွေများများဖွင့်ပေးလိုက်ပြီး ပညာသင်အရေအတွက်များလာအောင် ဆောင်ရွက်ပြီးတဲ့ နောက်မှာတော့ သင်တန်းကာလပြီးမြောက်ချိန်မှာ ပေးအပ်မယ့်ဘွဲ့ဒီဂရီတွေ၊ အောင်လက်မှတ်တွေကို အရည်အသွေးမီ၊ စံချိန်စံညွှန်းမီတဲ့အာမခံချက်အထောက်အထားတစ်ရပ်ဖြစ်အောင် အလေးဂရုပြုရမယ့်အပိုင်းကလည်း အတော်လေး အရေးကြီးလာပါတယ်။

ပထမဆုံးကြုံရမှာကတော့ တက်ရောက် ပျက်ကွက်ကိစ္စပါ။ အွန်လိုင်းနဲ့တက်ရတာဖြစ်တဲ့အတွက် ထိုက်သင့်တဲ့ အမြန်နှုန်းရှိတဲ့ အင်တာနက် ဆက်သွယ်ရေး ကွန်ရက် ရှိနေဖို့လိုတယ်။ အင်တာနက်လိုင်း မကောင်းတဲ့ အခါကျတော့ တက်တဲ့ ကျောင်းသားက ဗီဒီယိုဖွင့်လို့မရတာမျိုးတွေရှိတတ်တယ်။ ဒါကိုအကြောင်းပြုပြီး တချို့ကလည်း လိုင်းကောင်း နေပေမယ့် မဖွင့်ဘဲထားထားတယ်။ အွန်လိုင်းသင်တန်းပဲဖြစ်ဖြစ်၊ အွန်လိုင်း အစည်းအဝေးပဲဖြစ်ဖြစ် ဗီဒီယိုရော အသံရော ဖွင့်ပြီးတက်ရတာနဲ့ နှစ်ခုစလုံးပိတ်ပြီးတက်ရတာနဲ့ သက်သာ ပုံချင်းကတော့မတူဘူးပေါ့။ သက်သက်သာသာ နေလိုသူတွေက ဗီဒီယိုမဖွင့်တော့ဘဲတက်လာတယ်။ ဒီတော့ သင်ပေးနေတဲ့ဆရာ၊ ဆရာမ အနေနဲ့လည်း တစ်ဖက်က ကျောင်းသား စိတ်ဝင်တစားနားထောင်နေသလား၊ ငေးချင်ရာငေး၊ တွေးချင်ရာ တွေးနေ သလား ဒါမှမဟုတ် တက်ရောက်တယ်ဆိုရုံကလေးပဲ ဖွင့်ထားတာလား ဆိုတာတွေကို မကြည့်နိုင်တော့ဘူး။ သင်စရာ ရှိတာသင်၊ မေးစရာ ရှိတာမေး၊ ဖြေစရာရှိတာဖြေပြီး အတန်းတစ်တန်းပြီးလိုက်ရတယ်။ ဒီနေရာမှာ အရေးကြီးတဲ့ အချက် တစ်ချက်ကတော့ တတ်နိုင်သမျှ ဗီဒီယိုဖွင့်ပြီးတက်စေဖို့နဲ့ တက်ရောက်၊ ပျက်ကွက် အခြေအနေတွေကို တိတိကျကျမှတ်တမ်းမှတ်ရာ ထားနိုင်ဖို့ပါ။ ကျောင်းတက်ချိန် မမှန်လည်း ဖြစ်ပါတယ် ဆိုတာမျိုးနဲ့ ဆိုရင် ရေရှည်မှာ မူလရည်ရွယ်ချက်နဲ့ လမ်းလွဲသွားနိုင်ပါတယ်။ မူလကတည်းက တတ်သိနားလည်ပြီးသား ကျောင်းသားပဲ ဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် ထိုက်သင့်တဲ့ ကျောင်းခေါ်ချိန် ရာခိုင်နှုန်းတစ်ခု အထိတော့ ပြည့်မီအောင် တက်ဖို့လိုပါတယ်။ တွေ့ဖူးတဲ့ ပါမောက္ခကြီး တစ်ယောက်ဆိုရင် သူ့စာသင်ချိန်ကို တစ်ချိန်ပျက်ကွက်ရင်သတိပေးပြီး နှစ်ချိန်နဲ့အထက် ပျက်ကွက်ရင် F နဲ့ ချပစ်လိုက်တာ မျိုးအထိ လုပ်ပါတယ်။ သူ့စံချိန်ကိုသူ တင်းတင်းကျပ်ကျပ် ထိန်းပါတယ်။ ဒီပါမောက္ခကြီးလောက်အထိ လုပ်ဖို့မလိုပေမယ့် စာသင်ချိန် ၂၅ ရာခိုင်နှုန်းထက်တော့ ပိုပြီးပျက်ကွက်ခွင့် မပြုသင့်ဘူးလို့ ဆိုနိုင်လိမ့်မယ်ထင်ပါတယ်။ အခြားအမြင်တွေလည်း ရှိကြမှာပေါ့လေ။

အတန်းတက်တဲ့ ကိစ္စပြီးတော့ စာမေးပွဲကိစ္စကို ဆက်ချင်ပါတယ်။ အွန်လိုင်းစနစ်နဲ့ကျင်းပတဲ့ စာမေးပွဲတွေမှာ မသမာမှုတွေ မကျူးလွန်နိုင်အောင် စောင့်ကြည့် ထိန်းချုပ်ဖို့ဆိုရင် အဆင့်မြင့် Software တစ်ခုခု၊ ပလက်ဖောင်း တစ်ခုခု လိုပါတယ်။ ဒီလိုမဟုတ်ဘဲ သင့်လျော်သလို၊ အဆင်ပြေသလို ကျင်းပမယ်ဆိုရင် ဒီလိုကျင်းပတဲ့ စာမေးပွဲမျိုးမှာ လူအင်အားများများသုံးပြီး စေ့စေ့စပ်စပ်လည်း စောင့်မကြည့်နိုင်ဘူးဆိုရင် ခိုးချတဲ့သူ၊ စာအုပ်ဖွင့် ဖြေတဲ့သူ၊ အင်တာနက်ထဲမှာအဖြေရှာပြီးဖြေတဲ့သူ၊ အချင်းချင်းအဖြေတိုက်ပြီး ကူးတဲ့သူ၊ AI (Artificial Intelligence) သုံးပြီးဖြေတဲ့သူ စသည်အားဖြင့် မရိုးမသားပြုတဲ့သူတွေ အများကြီးရှိလာနိုင်ပါတယ်။ ဖြေဖူးတဲ့ အွန်လိုင်း စာမေးပွဲ တစ်ခုဆိုရင် ဖြေနေတုန်း ကိုယ့်ကွန်ပျူတာမှာရှိနေတဲ့ Screen တစ်ခုလုံးကိုလည်း Share ထားပေးရတယ်။ ကင်မရာကနေ တစ်ဆင့် ကိုယ့်မျက်စိကိုလည်း ဘယ်ကိုကြည့်နေသလဲဆိုတာကို အမြဲအကဲခတ်နေတယ်။ ဘေးကို နည်းနည်းအကြည့် လွှဲလိုက်တာနဲ့ ဒီကို တည့်တည့်ကြည့်ပါနော်ဆိုတဲ့စာမျိုး ပေါ်လာတာမျိုး။ ဘေးက အသံဗလံ နည်းနည်း ကြားရရင်တောင် စာပြောပေးတယ်ထင်ပြီး ‘အသံတစ်သံ ကြားရတယ်နော်’လို့ သတိပေးစာပေါ်လာတာ မျိုးပါ။

စာမေးပွဲမှာ AI သုံးပြီးဖြေတာမျိုး၊ အချင်းချင်းကူးချတာမျိုးတွေကို သေချာထိန်းနိုင်ဖို့လိုပါတယ်။ စာရွက်နဲ့ ဖြေရတာ မဟုတ်ဘဲ Word File မှာ စာစီပြီးပို့ရတာဆိုတော့ နာမည်နဲ့ခုံနံပါတ်တောင် မပြောင်းမိဘဲပို့လိုက်လို့ ပြဿနာ ဖြစ်ရတာ မျိုးလည်း ကြားရပါရဲ့။ ကူးချတဲ့သူရဲ့ပေါ့ဆမှုက ကူးခွင့်ပေးသူကိုပါ ဒုက္ခပေးမိသလို ဖြစ်သွားတာပေါ့။ စာမေးပွဲ တစ်ခုမှာ မရိုးမသားဖြေခဲ့တဲ့သူတွေကိုလျစ်လျူရှူလိုက်ရင် ရိုးသားကြိုးစားတဲ့ သူတွေကို ပြက်ရယ်ပြုရာ ရောက်သွား တတ်ပါတယ်။

Coursework မှာ သေသေချာချာကြပ်မတ်ဖို့အခွင့်မသာဘူးဆိုရင်လည်း သုတေသနနယ်ပယ်မှာတော့ ခပ်တင်းတင်း လေး ဆောင်ရွက်သင့်ပါတယ်။ နှစ်ခုစလုံးခပ်ချောင်ချောင်ဆိုရင်တော့ အပ်နှင်းတဲ့ဘွဲ့လက်မှတ် ရဲ့ တန်ဖိုးလည်း ကျသွား နိုင်ပါတယ်။

Photo: Pixabay

သုတေသန တစ်ခုပြုရာမှာ အသုံးပြုတဲ့အချက်အလက်၊ အထောက်အထား ခိုင်မာအားကောင်းမှုရှိ၊ မရှိ ဆိုတဲ့အချက်က အသက်တမျှအရေးပါတဲ့အချက်တစ်ခုဖြစ်ပါတယ်။  မူလအထောက်အထား၊ တစ်ဆင့်ခံ အထောက်အထား စသည် အားဖြင့် အချက်အလက်၊ အထောက်အထားရယူပုံတွေလည်း အမျိုးမျိုးရှိပါတယ်။ ဒီအချက်အလက်၊ အထောက်အထား တွေကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ပုံတွေလည်း အမျိုးမျိုးရှိပါတယ်။ ဒီမှာပြောချင်တာကတော့ အချက်အလက် ကောက်ယူပုံကိစ္စပါ။ စစ်တမ်းကောက်ရမယ့်ဟာကို အမှန်တကယ် မကောက်ယူဘဲ ကိုယ့်ဘာသာ ဖြည့်လိုက်တာမျိုးတွေရှိလာတယ်။ မကောက်ဘဲနဲ့အကောက်ပြထားတဲ့ ကိစ္စတစ်ခုက ပေါ်အောင်စစ်ဖို့ သိပ်မခက် ပါဘူး။ သုတေသန နယ်ပယ်နဲ့ အကျွမ်းတဝင်ရှိသူတွေက အကြမ်းဖျင်းကြည့်လိုက်တာနဲ့ ရိပ်မိကြပါတယ်။ မေးခွန်းလေး နည်းနည်းပါးပါး မေးကြည့်လိုက်ရင် ဘူးပေါ်သလိုပေါ်လာတာပါပဲ။ သဘာဝယုတ္တိမကျတာတွေ ဘွားခနဲ ပေါ်လာမှာ။ စစ်ဆေးတဲ့ Software လိုဟာမျိုးရှိရင်တော့ ဆိုဖွယ်ရာမရှိတော့ဘူးပေါ့။ ထိန်းသင့်ပါတယ်။ သိလျက်နဲ့ မျက်ကွယ်မပြုလိုက်မိဖို့ လိုပါတယ်။

သုတေသနကျမ်းကို AI နဲ့ရေးတာမျိုးအပြင် ကိုယ်တိုင်မရေးဘဲ တခြားတစ်ယောက်ယောက်ကို အပြတ်အပ်ပြီး သူများရေးတဲ့ စာအုပ်နဲ့ဘွဲ့ယူတာမျိုးတွေလည်းရှိလာကြပြန်တယ်။ ဒါကတော့ ဘယ်လိုမှကို မဖြစ်သင့်တဲ့ကိစ္စတစ်ခုပါ။ သုတေသနကျမ်းတစ်ခုကို ကျွမ်းကျွမ်းကျင်ကျင်မရေးနိုင်တာက ပြဿနာ မဟုတ်သေးပေမယ့် သူများကို အရေးခိုင်း တာမျိုးကျတော့ ကျင့်ဝတ်ပိုင်းဆိုင်ရာရှုထောင့်အရ ခွင့်မလွှတ်နိုင်စရာ ကိစ္စတစ်ခုဖြစ်သွားပါတယ်။ ကျင့်ဝတ်နဲ့ မညီတဲ့ ဒီကိစ္စကြီးကို ကျူးလွန်ဖို့ စိတ်ကူးဝံ့တဲ့ သူတွေရှိသလို သူများ အပ်တာတွေကို ဒိုင်ခံရေးပေးတဲ့ သူတချို့ ရှိနေတာ ကိုလည်း အံ့ဩဖွယ်တွေ့ရပြန်တယ်။ ပိုဆိုးတာက ဒီလိုလုပ်ရပ်မျိုးက ရှက်စရာ၊ ကြောက်စရာ လုပ်ရပ်မျိုး ဖြစ်တယ် ဆိုတာလောက်ကိုတောင် ရိပ်မိပုံ မရတဲ့ကိစ္စ ဖြစ်ပါတယ်။ မသိလို့ လုပ်ပေးခဲ့မိရင်တောင် လူသိ မခံဝံ့ဘဲ ရှိနေရမယ့်ကိစ္စမျိုးကို ပြောင်းပြန်ပြန်စဉ်းစားပြီး ဒီလိုဒီလို လက်ခံဆောင်ရွက်ပေးနေပါပြီ၊ ယုံယုံကြည်ကြည် အပ်နှံ နိုင်ပါပြီဆိုတဲ့ ကြော်ငြာမျိုးကို ဆိုရှယ်မီဒီယာ အထိ တက်ရေးဝံ့ကြသူတွေလည်း ပေါ်လာပါတယ်။ ဒါတင်မကသေးဘဲ အခုလိုသုတေသနကျမ်းကို ကိုယ်စားရေးပေးမဲ့သူက သင်ကြားရေး နယ်ပယ်မှာအချိန်ကာလဘယ်ရွေ့ဘယ်မျှ အတွေ့အကြုံရှိခဲ့တဲ့သူ ဖြစ်ကြောင်း၊ သူရေးပေးလို့ အဆင်ပြေသွားတာ လူဘယ်ရွေ့ဘယ်မျှရှိပြီဖြစ်ကြောင်း ဆိုတာတွေပါ ထည့်ရေးလိုက်တော့ ထူးထွေတည့်အံ့ရာသော်ဆိုတဲ့ကိန်းဆိုက်ရော။ 

ဒီပြဿနာတွေက အွန်လိုင်းစနစ်ကြောင့်လို့ချည်းပြောရမယ့်ဟာတွေတော့မဟုတ်ပါဘူး။ အခြားစနစ် တွေမှာလည်း ရှိနိုင်တာပါပဲ။ အများကြီး ဖြစ်ပျက်နေကြတာတော့ဟုတ်မယ်မထင်ပါဘူး။ ဘာပဲဖြစ်ဖြစ် တတ်နိုင်သမျှ နည်းအောင် လုပ်ဖို့တော့ လိုနေတာပါ။

နိုင်ငံတည်ဆောက်ရေးအတွက်ပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေးအတွက်ပဲဖြစ်ဖြစ် လူ့စွမ်းအား အရင်းအမြစ်တွေ လိုအပ်ပါတယ်။ အရည်အသွေးရော၊ အရေအတွက်ပါ နှစ်မျိုးစလုံးလိုပါတယ်။ ဒါပေမဲ့ ဒီနှစ်မျိုးထဲက တစ်မျိုးကို ဦးစားပေးရွေးကြစတမ်းဆိုရင်တော့ အရည်အသွေးကိုသာရွေးကြရမှာပါ။

တစ်ခါတုန်းက မုံရွေးဇေတဝန်ဆရာတော်ကို ကျည်းကန်ရှင်ကြီးကလာဖူးပါသတဲ့။ ဆရာတော်က ကျည်းကန်ရှင်ကြီးကို ဘာ့ကြောင့် ရဟန်းဘောင်မတက်ဘဲ သာမဏေဘဝနဲ့နေသလဲလို့မေးသတဲ့။ ဒီမေးခွန်းကို ကျည်းကန်ရှင်ကြီးက “ခေါင်းလောင်းလည်းကြေး၊ ချူလည်းကြေး၊ ရွေးမျှမထူးပါ”လို့ ဖြေလိုက် ပါသတဲ့။ ခေါင်းလောင်းနဲ့ချူဟာ ပုံပန်းသဏ္ဌာန်၊ အလေးချိန်နဲ့ အရွယ်အစားချင်သာမတူကြပေမယ့် ကြေးနဲ့ သွန်းလုပ်ထားပုံချင်းကတော့အတူတူပါပဲ၊ ရဟန်းနဲ့ရှင်ဆိုတာလည်း စောင့်ထိန်းရတဲ့သီလသိက္ခာချင်း ကွာပေမယ့် မဂ်ဖိုလ်နိဗ္ဗာန်ကိုရပုံချင်းကျတော့ အတူတူပါပဲ လို့ပြောတဲ့သဘော။ ဒီသဘောထားအပေါ်မှာ ဆရာတော်က “ခေါင်းလောင်းနဲ့ချူ၊ ကြေးချင်းတူ၊ သံမူကွဲပြားပါ”လို့ တုံ့ပြန်ချေပလိုက်သတဲ့။ ခေါင်းလောင်းနဲ့ ချူဟာ ကြေးနဲ့လုပ်ထားတာချင်းတူပင်တူပေမယ့် တကယ့် တကယ်တမ်း အသံထွက်ကြစတမ်းဆိုတော့ ခေါင်းလောင်းသံက ဒိုးဒိုးဒေါင်ဒေါင်နဲ့ အဝေးရပ်က ကြားရလောက်အောင် မြည်ဟိန်း နိုင်ပြီး ချူသံကလေး ကတော့ အနီးအနားကကြားရရုံလောက်ပဲ ချိုးချိုးချွင်ချွင်မြည်နိုင်တာကိုတွေ့ရမှာပါတဲ့။ ရဟန်းနဲ့သာမဏေ ဆိုတာကလည်း အသွင်အပြင်အားဖြင့်သာတူသယောင်ရှိပေမယ့် အကျဉ်းအားဖြင့် ၂၂၇ သွယ်၊ အကျယ်အားဖြင့် ကုဋေ ကိုးထောင်ကျော်ရှိတဲ့ ရဟန်းတို့ရဲ့သီလသိက္ခာကိုတော့ မယှဉ်သာပါဘူးတဲ့။

ဒီဇာတ်လမ်းမှာ ပါတဲ့ပုဂ္ဂိုလ်နှစ်ပါးလုံးက အကျော်အမော်တွေချည်း ဖြစ်တာမို့ ကျည်းကန်ရှင်ကြီးက ရဟန်းနဲ့သာမဏေ အတူတူပါပဲရယ်လို့ ယူဆလို့ ပြောခဲ့ဆိုခဲ့တာလို့တော့ မယူဆနိုင်ပါဘူး။ မုံရွေးဇေတဝန် ဆရာတော်ဘုရားကြီး ဘယ်လိုများ ပြန်လည်ချေပလိုက်မလဲဆိုတာကိုသာ သိချင်လို့ပြောခဲ့လျှောက်ခဲ့တာမျိုး ဖြစ်နိုင်လိမ့်မယ်လို့ ယူဆနိုင်စရာရှိပါတယ်။

စောစောက ဆွေးနွေးခဲ့တဲ့ ကိစ္စတွေကို ပြန်ကောက်ရရင် ပညာရပ်ဝန်းမှာ တကယ့်အစစ်အမှန် လေ့လာ သင်ယူ တတ်မြောက်လာကြသူတွေရော မသမာတဲ့နည်းလမ်းတွေနဲ့ စာမေးပွဲမျိုးစုံ၊ စစ်ဆေးမှုမျိုးစုံကို ဖြတ်သန်းလွန်မြောက် လာခဲ့ကြသူတွေပါ အဆုံးတစ်နေ့မှာတော့ ဘွဲ့ဒီဂရီတွေရကြတာချင်း အတူတူပါပဲ။ ဒါကို ကာယကံရှင်တွေရဲ့ အမြင်မှာပဲဖြစ်ဖြစ်၊ အများအမြင်မှာပဲဖြစ်ဖြစ် “ခေါင်းလောင်းလည်းကြေး၊ ချူလည်းကြေး” ဆိုတဲ့အမြင်မျိုးရှိသွားရင် ခက်ကုန်နိုင်ပါတယ်။ ပညာတန်ဖိုးအပေါ်မှာ ရှုမြင်ပုံတွေ ရှုပ်ထွေးသွားနိုင်ပါတယ်။

သိပ်အရေးမကြီးပါဘူးလို့ပြောခွင့်မရှိတဲ့အရာတွေထဲမှာ ပညာရေးကထိပ်ဆုံးမှာရှိပါတယ်။ အချိန်မီ ပြုပြင် ထိန်းသိမ်းနိုင်မှသာ တစ်ဦးချင်းအတွက်ရော တိုင်းပြည်အတွက်ပါ ဂုဏ်ယူစရာရလဒ်တွေကို ဆောင်ကြဉ်း လာနိုင်မှာ ဖြစ်ပါတယ်။   

Click to rate this post!
[Total: 2 Average: 5]