(၁)
အီရန်ဆန္ဒပြပွဲတွေက စိုးရိမ်စရာအခြေအနေကို ရောက်လာတော့ ကမ္ဘာကြီးကလည်း ရင်တမမ ဖြစ်လာတယ်။ ကာတာမှာရှိတဲ့ အမေရိကန်စစ်စခန်း အယ်လ် အူဒိုက် က စစ်သားတွေ ပြန်ရုပ် နေပြီ ဆိုတဲ့ သတင်းနဲ့အတူ အမေရိကန်က အီရန်ကို လေကြောင်းကနေ တိုက်ခိုက်တော့မလားဆိုပြီး စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာတယ်။
ဗြိတိန်ကလည်း တီဟီရန်မှာရှိတဲ့ သူ့သံရုံးကို ယာယီပိတ်ထားလိုက်ပြီး တာဝန်ရှိသူတချို့ကို ပြန်ခေါ် လိုက်တယ်။ အီရန်ကလည်း သူ့ရဲ့လေပိုင်နက်ကို ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ ပိတ်ထား လိုက်ပြီ ဆိုတဲ့ အတွက် ကမ္ဘာကြီးက စိတ်လှုပ် ရှားစရာ မြင်ကွင်းတွေကို မြင်ရတော့မလားဆိုပြီး ထိတ်ထိတ်ပျာပျာ ဖြစ်လာတယ်။
အီရန်မှာ အခြေအနေဆိုးနေတာကတော့ အမှန်ပဲ။ ကုန်စျေးနှုန်း မတရားကြီးပြီး ငွေတန်ဖိုး ထိုးကျရာက ဒီဇင်ဘာ (၂၈) ရက်မှာ စတင်ခဲ့တဲ့ လူထုဆန့်ကျင်ဆန္ဒပြပွဲတွေဟာ ပြည်နယ်(၃၁)ခုက မြို့ပေါင်း (၁၈၀) အထိ ပျံ့နှံ့သွားတယ်။ ဆန္ဒပြပွဲ တွေဟာ အစောပိုင်းတုန်းက ကုန်စျေးနှုန်းကျဆင်းရေးသာ ဖြစ်ပေမယ့် နောက်ပိုင်းမှာ အာဏာရှင်အစိုးရ ကျဆုံးရေး အထိ တောင်းဆိုပြီး အရှိန်အဟုန်မြင့်လာခဲ့တယ်။
အီရန်လူထုဆန္ဒပြပွဲဟာ ဇန်နဝါရီ(၈)ရက်မှာ အဆိုးဆုံးအခြေအနေကို ရောက်ရှိလာတယ်။ အမေရိကန် အခြေစိုက်၊ အီရန် လူ့အခွင့်အရေးလှုပ်ရှားတက်ကြွသူများ သတင်းဌာန HRANA ရဲ့ ထုတ်ပြန်ချက်အရ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်နှိမ်နင်းမှုကြောင့် ဆန္ဒပြသူ ၂၄၀၀ ကျော် သေဆုံးသွားပြီလို့ သိရတယ်။ ဒီလို အခြေအနေဆိုးရွားလာချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နောက်ထပ် သေဆုံးမှုတွေ ဖြစ်လာရင် အမေရိကန်က တုံ့ပြန်အရေးယူဖို့ အသင့်ပဲလို့ ပြောဆိုလိုက်တယ်။ ဒါဟာ အီရန်အရေးမှာ အမေရိကန်က တိုက်ရိုက် ဝင်ပါတော့မယ့်အခြေအနေမျိုးပါ။ အမေရိကန် နဲ့ အီရန်ကြား တစ်ကျော့ပြန်စစ်ပွဲ ပြန်စတော့မယ့် အခြေအနေက ဖြစ်လာတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇွန်လကပဲ အီရန် နဲ့ အစ္စရေး ၁၂ ရက်ကြာ စစ်ပွဲဖြစ်ပွားခဲ့ပြီး အမေရိကန်တပ်တွေ က အီရန် နျူကလီးယားစက်ရုံတွေကို လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးခဲ့တယ်။ အဲဒီအချိန်တုန်း အီရန်ဟာ အလစ်အငိုက် မိသွားတာဖြစ်ပြီး ဒီတစ်ခါတော့ အမေရိကန်က တိုက်ခိုက်လာရင် တုံ့ပြန်ဖို့ အဆင်သင့်ရှိနေတယ်လို့ အီရန် နိုင်ငံခြားရေး ဝန်ကြီး အာဘတ်စ် အာရက်ချီက ပြောဆိုလိုက်တယ်။
ဒေါ်နယ်ထရမ့်က အီရန်အာဏာပိုင်တွေအနေနဲ့ ခုလို နှိမ်နင်းသတ်ဖြတ်မှုတွေအတွက် ကြီးမားတဲ့ ပေးဆပ်မှုနဲ့ ကြုံတွေ့ ရမှာ ဖြစ်ပြီး ဆက်လက်ဖိအားပေး ဆန္ဒပြဖို့ အီရန် ပြည်သူတွေကို တိုက်တွန်း ခဲ့တယ်။ ဆန္ဒပြပွဲတွေဟာ (ရှားဘုရင်ကို ဖြုတ်ချခဲ့တဲ့) ၁၉၇၉ ခုနှစ်၊ အစ္စလာမ္မစ် တော်လှန်ရေး နောက်ပိုင်း အီရန်နိုင်ငံမှာ အကြီးမားဆုံး လူထုအုံကြွဆန္ဒပြပွဲ ဖြစ်ခဲ့တယ်။
အီရန်အစိုးရဟာ အင်တာနက် နဲ့ ဆက်သွယ်ရေးကွန်ရက်အားလုံး ပိတ်ချလိုက်ပြီးနောက်မှာတော့ ဆန္ဒပြသူတွေကို စတင်ပစ်ခတ်နှိမ်နင်းခဲ့ကြတယ်။ အင်တာနက် နဲ့ ဆက်သွယ်ရေးလိုင်းအားလုံး ဖြတ်တောက် ထားတဲ့အတွက် အီရန်နိုင်ငံ အတွင်းမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ပြင်ပကမ္ဘာက အသေအချာ မသိရဘူး။
ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်တချို့အရ ဆေးရုံတွေမှာ သေဆုံးသူတွေရဲ့ အလောင်းတွေ ပုံနေတာ တွေ့ကြရပြီး အိတ်အမည်း နဲ့ ထည့်ထားတဲ့ အလောင်းတွေကိုလည်း သင်္ချိုင်းတွေမှာ တွေ့မြင် ကြရတယ်လို့ ဆိုတယ်။ ဆေးရုံတွေမှာ ဒဏ်ရာရသူတွေနဲ့ ပြည့်နှက်နေပြီး သွေးလိုအပ်ချက်အပါအဝင် လိုအပ်ချက်အများအပြားနဲ့ စစ်မြေပြင်တစ်ခုလို ဖြစ်နေတယ် လို့ မျက်မြင်သက်သေတွေက ဆိုတယ်။
အမေရိကန်ကာကွယ်ရေးဌာနက တာဝန်ရှိသူတွေက စီဘီအက်စ် သတင်းဌာနကို ပြောကြားချက်အရ ဒေါ်နယ်ထရမ့်က စစ်ရေးအရ အရေးယူဖို့ နည်းလမ်းမျိုးစုံ စဉ်းစားနေပြီး ဒီအထဲမှာ တာဝေးပစ်ဒုံးပျံနဲ့ ပစ်ခတ်တာ၊ ဆိုင်ဘာ စစ်ဆင်ရေး ပြုလုပ်တာမျိုးလည်း ပါဝင်တယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ချီကတော့ အီရန်အနေနဲ့ သံတမန်ရေးအရဖြစ်စေ၊ စစ်ရေးအရဖြစ်စေ အမေရိကန်ကို တုံ့ပြန်ဖို့ အသင့်မှာ ရှိနေတယ်လို့ ပြောဆိုလိုက်တယ်။ “အမေရိကန်က အရင် စမ်းသပ်ခဲ့သလို စစ်ရေး နည်းလမ်း နဲ့ စမ်းသပ်လာရင်လည်း တုံံ့ပြန်ဖို့ အဆင့်သင့်ပဲ” လို့ ဆိုတယ်။
အာဘတ်စ် အာရက်ချီက အခုဆန္ဒပြနေကြသူတွေဟာ ပြည်ပနိုင်ငံတွေက သွေးထိုးမြှောက်ပင့်ထားတဲ့ “အကြမ်းဖက် သမား” (terrorists)တွေသာဖြစ်ပြီး ဒီဆန္ဒပြပွဲဟာ အမေရိကန်နဲ့ အစ္စရေးရဲ့ နောက်ကွယ်က လှုံ့ဆော်မှု ကြောင့် ပေါ်ပေါက်တာလို့ ဆိုတယ်။ အီရန် လူ့အခွင့်အရေး လှုပ်ရှား တက်ကြွသူများ သတင်းဌာန HRANA ရဲ့ အဆိုအရ ခုဆိုရင် အီရန်တစ်နိုင်ငံလုံးမှာ ဖမ်းဆီးခံထားရတဲ့ ဆန္ဒပြသူပေါင်း (၁၆,၇၈၀) ရှိသွားပြီလို့ သိရတယ်။
အင်တာနက်တွေ ဖြတ်တောက်ထားလို့ နိုင်ငံတကာနဲ့ အဆက်အသွယ်ပြတ်တောက်နေတဲ့ အီရန်နိုင်ငံ ထဲက အဖြစ် အပျက် တချို့ကို အီလွန်မတ်စ်ရဲ့ စတားလင့် ဂြိုဟ်တုအင်တာနက်က တစ်ဆင့် ဆက်သွယ် ရရှိခဲ့ရာမှာ တီဟီရန်မြို့မှာ အတားအဆီး စစ်ဆေးရေးဂိတ်တွေကို နေရာအနှံ့တွေ့မြင်ကြရပြီး အီရန်လုံခြုံရေးတပ်တွေက ကားတွေနဲ့ ကားမောင်း သူရဲ့ ဖုန်းတွေကို စစ်ဆေးနေတာကိုလည်း တွေ့မြင်ကြရ တယ်လို့ ဆိုတယ်။
အီရန်နိုင်ငံမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ အရှိန်အဟုန်မြင့်မားလာတာနဲ့အမျှ ဘာသာရေး ခေါင်းဆောင် အလီခါ မေနီ ဦးဆောင်တဲ့ အီရန် အစ္စလာမ္မစ်အစိုးရ ပြုတ်ကျတော့မှာလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာတယ်။ အခြေအနေတွေက ရှုပ်ထွေးနေဆဲဖြစ်ပြီး အင်တာနက် ဆက်သွယ်ရေး ဖြတ်တောက် ထားတဲ့အတွက် အခြေအနေ မှန်ကို ပြင်ပကမ္ဘာက မသိနိုင်ဘူး ဖြစ်နေတယ်။

အီရန် လူထုအုံကြွဆန္ဒပြပွဲတွေဟာ ဦးဆောင်သူမရှိဘဲ အထွေထွေကုန်ဈေးနှုန်း ရုတ်တရက် ကြီးမြင့်လာရာက စတင်ခဲ့တာဖြစ်တယ်။ တစ်နိုင်ငံလုံး ဆန္ဒပြပွဲတွေကူးစက်လာပြီးနောက်မှာတော့ ခါမေနီဦးဆောင်တဲ့ အစွန်းရောက် အာဏာရှင်အစိုးရ ဖြုတ်ချရေး၊ အမျိုးသမီးများအပေါ် ဘာသာရေးဖိနှိပ်မှု ပပျောက်ရေးနဲ့ လွတ်လပ်ခွင့် တောင်းဆိုမှု တွေအထိ ဖြစ်လာခဲ့တယ်။
ဆန္ဒပြပွဲတစ်ခုမှာ အီရန်အမျိုးသမီးငယ်တစ်ဦးဟာ ဘာသာရေးခေါင်းဆောင်း (Hajib) ကို ချွတ်ချလိုက်ပြီး ခေါင်းမြီး မခြုံတော့ဘဲ ဘောင်းဘီရှည်၊တီရှပ်နဲ့ ထုတ်ဖော် ဆန္ဒပြခဲ့တာ တွေ့ရတယ်။ အမျိုးသမီးတွေအပေါ် ဘာသာရေးစည်းမျဉ်း တင်းကျပ်ထားတဲ့ အီရန်နိုင်ငံမှာ ဒီအပြုအမူဟာ ကြီးလေးတဲ့ ပြစ်မှုမြောက်ပြီး အီရန်လူငယ်အမျိုးသမီးတွေဟာ ရဲဝံ့တက်ကြွစွာနဲ့ ဆန့်ကျင်ဆန္ဒပြနေခဲ့ကြတာဖြစ်တယ်။
(၂)
အစဉ်အလာ ရှေးရိုးစွဲအယူအဆ ကြီးမားတဲ့ အီရန်နိုင်ငံဟာ ကမ္ဘာကြီးရဲ့ အပိတ်နိုင်ငံတွေထဲ ပါဝင်တဲ့ နိုင်ငံတစ်နိုင်ငံပါ။ ဘာသာရေး နဲ့ နိုင်ငံရေးကို ရောယှက်ထားတဲ့ အစ္စလာမ္မစ်သမ္မတ နိုင်ငံဖြစ်ပြီး ရုရှား၊ တရုတ်၊ မြောက်ကိုးရီးယား၊ လက်ဘနွန်အစရှိတဲ့ နိုင်ငံအချို့နဲ့သာ နီးကပ်တဲ့ ဆက်ဆံရေးရှိတယ်။ ၁၉၇၉ ခုနှစ် ရှားဘုရင်ကို ဖြုတ်ချခဲ့တဲ့ အီရန် တော်လှန်ရေးနောက်ပိုင်း အကြွင်းမဲ့အာဏာရှင် ခေါင်းဆောင် အယာတိုလာ ရူဟိုလာ ခိုမေနီက အစ္စလမ် သမ္မတနိုင်ငံ အဖြစ် ကြေညာပြီး အစ္စလာမ်ဘာသာရေးကို အခြေခံပြီး အုပ်ချုပ်ခဲ့တယ်။ အီရန်အစ္စလာမ္မစ် အစိုးရဟာ လွတ်လပ်စွာ စုဝေးခွင့်၊ထုတ်ဖော်ပြောဆိုခွင့်၊ မီဒီယာလွတ်လပ်ခွင့်၊ အမျိုးသမီးများနဲ့ လူမျိုးစုငယ်များအပေါ် တင်းကျပ်စွာ ဖိနှိပ် ထားမှု နဲ့ လူ့အခွင့်အရေး ချိုးဖောက်များကြောင့် အာဏာရှင်အစိုးရ (authoritarian regime) အဖြစ် လူသိများတယ်။
အီရန်က လူသားတွေရဲ့ သမိုင်းဦး ယဉ်ကျေးမှု စတင်ရာအရပ်လည်းဖြစ်တယ်။ အရင်က ပါရှားလို့ ခေါ်ခဲ့ကြပြီး အနောက်ဘက်မှာ အီရတ်၊ အနောက်မြောက်မှာ တူရကီ၊ မြောက်ဘက်မှာ ကက်စပီယန်ပင်လယ်၊ အရှေ့နဲ့ အရှေ့တောင်ဘက်မှာ အာဖဂန်နစ္စတန် နဲ့ ပါကစ္စတန်၊ တောင်ဘက်မှာ ပါရှန်းပင်လယ်ကွေ့နဲ့ အိုမန်ပင်လယ်ကွေ့တို့ ဝန်းရံထားတယ်။ ပထဝီအနေအထားအရအချက်အချာကျပြီး ကမ္ဘာ့ တတိယမြောက် ရေနံအရင်းမြစ် ပိုင်ဆိုင် ထားသလို တစ်နေ့ကို ရေနံစိမ်း စည်သုံးသန်း ဝန်းကျင်ထုတ်လုပ်နေတယ်။ အီရန်က အမေရိကန်နဲ့ အနောက်အုပ်စု နိုင်ငံများရဲ့ စီးပွားရေးပိတ်ဆို့ခံထားရပေမယ့် ရေနံရောင်းချမှုက တစ်ဆင့် ဝင်ငွေရရှိနေတယ်။ အီရန်ရဲ့ ရေနံစိမ်း အများဆုံးကို ဝယ်ယူနေတဲ့နိုင်ငံက တရုတ်ပါ။
လူဦးရေ သန်း(၉၀)ရှိပြီး အစ္စလာမ်ဘာသာရေးခေါင်ဆောင်ကြီး အလီခါမေနီ အုပ်ချုပ်နေတဲ့ အီရန်မှာ လူထု အုံကြွ ဆန့်ကျင်ဆန္ဒပြပွဲတွေ ယခင်က မကြာခဏဆိုသလို ပေါ်ပေါက်ခဲ့တယ်။ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အကြောင်း အမျိုးမျိုးနဲ့ (၁၉၉၉၊ ၂၀၀၉၊ ၂၀၁၁-၁၂၊ ၂၀၁၇-၁၈၊ ၂၀၁၉-၂၀၂၀) တို့မှာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တဲ့အနက် အကြီးမားဆုံး လူထုဆန္ဒပြပွဲကြီး တစ်ခုက ၂၀၂၂ ခုနှစ် စက်တင်ဘာလ(၁၆)ရက်မှာ ဖြစ်ပေါ်ခဲ့တဲ့ “မာဆာ အာမီနီ” ဆန္ဒပြပွဲပဲ ဖြစ်တယ်။ ကာ့ဒ်ပြည်နယ် ဆက်ကက်မြို့က အမျိုးသမီးငယ်လေး မာဆာ အာမီနီ ဟာ တီဟီရန်မှာ ဘာသာရေးရဲတွေရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရတယ်။ အာမီနီဟာ အစ္စလာမ်အမျိုးသမီးတွေ မဖြစ်မနေခြုံရမယ့် ခေါင်းဆောင်း(Hajib) ကို အသေအချာ မဆောင်းတဲ့အတွက် ဖမ်းဆီးခံခဲ့ရပြီး သူမကို ထိန်းသိမ်းထားစဉ်အတွင်း ရဲတွေရဲ့ ညှဉ်းပန်း နှိပ်စက်မှု ကြောင့် အသက်သေဆုံးသွားခဲ့ရတယ်။ အာမီနီ သေဆုံးခဲ့ရမှုကို အကြောင်းပြုပြီး ကာ့ဒ်ပြည်နယ် ဆက်ကက်မြို့က စတင်လိုက်တဲ့ ဆန္ဒပြပွဲတွေဟာ တီဟီရန်နဲ့တကွ တစ်နိုင်ငံလုံးကို ကူးစက်သွားပြီး လုံခြုံရေးတပ်တွေရဲ့ ပစ်ခတ် နှိမ်နင်းမှုကြောင့် လူပေါင်း ၅၅၀ ကျော် သေဆုံးခဲ့ရတယ်။ ဆန္ဒပြပွဲတွေဟာ ၂၀၂၃ ခုနှစ်ဆန်းပိုင်းအထိ ဆက်လက် ဖြစ်ပွားခဲ့ပြီး နောက်ဆုံးမှာ ပြန်လည်ငြိမ်သက်သွားတယ်။ အဲဒီတုန်းကလည်း အီရန်အစိုးရဟာ အင်တာနက်တွေကို ပိတ်လိုက်ပြီး သတင်းမှောင်ချခဲ့သလို ဆန္ဒပြသူအများအပြားကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့တယ်။ ၂၀၂၂ခုနှစ် မာဆာအာမီနီ ဆန္ဒပြပွဲမှာ မြို့ပေါင်း (၁၃၄)မြို့၊ တက္ကသိုလ်ပေါင်း (၁၃၂)ခုပါဝင်ပြီး အဓိကဆန္ဒပြကြသူများဟာ အမျိုးသမီးများနဲ့ ကျောင်းသားကျောင်းသူတွေ ဖြစ်ကြတယ်။ အမျိုးသမီးအခွင့်အရေးတိုးမြှင့်ပေးဖို့ တောင်းဆိုရင်း အလီခါမေနီအစိုးရ ဖြုတ်ချရေးအထိ တောင်းဆိုခဲ့တယ်။
အီရန် အစ္စလာမ္မစ်အစိုးရဟာ ပေါ်ပေါက်ခဲ့တဲ့ ဆန္ဒပြပွဲတိုင်းကို လုံခြုံရေးတပ်တွေရဲ့ ရက်ရက်စက်စက် ပစ်ခတ် နှိမ်နင်းမှုနဲ့ ချေမှုန်းပြီး ငြိမ်သက်သွားအောင် လုပ်ဆောင်လေ့ရှိတယ်။ ကုလသမဂ္ဂနဲ့ အနောက်အုပ်စုနိုင်ငံများက လူ့အခွင့်အရေး ချိုးဖောက်မှုအပါအဝင် အစုအပြုံသတ်ဖြတ်မှုတွေအတွက် အရေးယူအပြစ်ပေးဖို့ တောင်းဆိုမှုတွေ ကိုလည်း ဂရုမစိုက်ဘဲ နေခဲ့တယ်။ ဘာသာရေးခေါင်းဆောင် အလီခါမေနီက ဆန္ဒပြသူတွေဟာ ” အဖျက်သမား” တွေဖြစ်ပြီး ဆန္ဒပြပွဲတွေဟာ အနောက်အုပ်စုရဲ့ စစ်ရေးပရိယာယ်သာ ဖြစ်တယ်လို့ ဆိုတယ်။
ပေါ်ပေါက်ခဲ့တဲ့ ဆန္ဒပြပွဲတိုင်းကို ပစ်ခတ် သတ်ဖြတ်နှိမ်နင်းမှုနဲ့ အဆုံးသတ်လေ့ရှိတဲ့ အီရန်နိုင်ငံမှာ ဒီတစ်ခါ ဖြစ်ပေါ် လာတဲ့ လူထုအုံကြွဆန့်ကျင် ဆန္ဒပြပွဲကိုရော လက်ရှိ အီရန် ဘာသာရေးခေါင်းဆောင် အလီခါမေနီ အစိုးရက ငြိမ်သက်သွားအောင် လုပ်ဆောင်နိုင်ဦးမလား။ အရင်ဆန္ဒပြပွဲတွေလိုပဲ နောက်ဆုံးမှာ ရက်ရက်စက်စက် ဖိနှိပ်ပြီး အဆုံးသတ်စေဦးမလား။
လတ်တလောအခြေအနေမှာတော့ အမေရိကန်ရော၊ အီရန်ပါ စစ်ရေးတပြင်ပြင် ဖြစ်နေတယ်။
ဒီတခါတော့ ဘာသာရေးအစွန်းရောက် အာဏာရှင် အလီခါမေနီအစိုးရ ပြိုကျတော့မယ့် အရိပ်လက္ခဏာတွေ မြင်နေကြရတယ်။
ဆန္ဒပြသူ တချို့ဟာ ၁၉၇၉ခုနှစ်က အစ္စလမ္မစ်တော်လှန်ရေးနဲ့အတူ ဖြုတ်ချခံလိုက်ရတဲ့ ရှားဘုရင် မိုဟာမက် ရေဇာ ပါလာဝီရဲ့သား “ရေဇာ ပါလာဝီ” ကို ပြန်လာဖို့ တောင်းဆိုနေကြတယ်။
ဗုဒ္ဓဟူးနေ့(ဇန်နဝါရီ-၁၄)ရက်နေ့အထိ နောက်ဆုံးရရှိတဲ့ သတင်းတွေအရ ဒေါ်နယ်ထရမ့်က အီရန်မှာ နောက်ထပ် သတ်ဖြတ်မှုတွေ မရှိတော့ဘဲ ဆန္ဒပြပွဲတွေ ငြိမ်သက်သွားလို့ စစ်ရေးအရ တုံ့ပြန်မယ့်အစီအစဉ်ကို ဆိုင်ငံ့ပြီး အခြေအနေကို စောင့်ကြည့်နေတယ်လို့ သိရတယ်။
အီရန်အခြေအနေဟာ စိုးရိမ်စရာကောင်းပေမယ့် ဘာသာရေးခေါင်းဆောင်တွေဟာ ဆယ်စုနှစ် ငါးခုမက အာဏာကို ဓားမိုးပြီးအုပ်ချုပ်လာခဲ့ကြတယ်။ အီရန် ဘာသာရေးအစွန်းရောက် အာဏာရှင်ခေါင်းဆောင်တွေဟာ ပြည်သူတွေရဲ့ ဆန့်ကျင်အုံကြွမှုကို အကြီးအကျယ်ခံခဲ့ရပေမယ့် အကြိမ်ကြိမ် ဖိနှိပ် နှိမ်နင်းပြီး လွတ်မြောက်ခဲ့တယ်။ ခေါင်းဆောင် အလီခါမေနီအပေါ် အီရန် ရီပတ်ဘလစ်ကင် အစောင့်တပ်(IRGC) က သစ္စာစောင့်သိသလို လက်ရုံးတပ် ဘာဆစ်
ပြည်သူ့စစ် (Basij militia) ကလည်း ဆန္ဒပြသူတွေကို နှိမ်နင်းဖို့ အသင့်အမြဲ ရှိနေတယ်။
အားနက်စ် ဟဲမင်းဝေးကတော့ အကြွင်းမဲ့အာဏာရှင်တွေဟာ တဖြည်းဖြည်းချင်း ကျိုးပဲ့လာပြီး နောက်ဆုံးမှာ ရုတ်တရက် ပြိုကျသွားတတ်တယ်လို့ ဆိုတယ်။
၂၀၂၄ နှစ်ကုန်ပိုင်းမှာ အာဏာရှင် ဆီးရီးယားသမ္မတ ဘာရှားအယ်လ် အာဆတ် နိုင်ငံက ထွက်ပြေးခဲ့ရတယ်။ အာဆတ် ဟာ ပြည်တွင်းစစ်ပွဲမှာ အနိုင်ရနေပြီလို့ ထင်ရတယ်။ ဆော်ဒီ နဲ့ အာရပ်လိဂ်ကလည်း သူ့ကို ထောက်ပံ့တယ်။ လက်နက်ကိုင်ပုန်ကန်သူတွေက ရုတ်တရက် ဝင်စီးတဲ့အခါ သူ့ကို မိတ်ဆွေ ရုရှားရော၊ အီရန်ပါ ဘာမှ အကူအညီ မပေးနိုင်ဘဲ မိသားစုနဲ့အတူ မော်စကို ကို ကသောကမျော ထွက်ပြေးခဲ့ရတယ်။ အချိန်ကာလအတန်ကြာအောင် အက်ကွဲနေပြီးမှ အာဏာရှင် အာဆတ်အစိုးရရဲ့ရုတ်တရက် ပြိုကျသွားမှုက မြန်ဆန်လွန်းတယ်လို့ ဆိုရမယ်။
နမူနာအားဖြင့် ၂၀၁၁ ခုနှစ်က တူနီးရှားသမ္မတ ဘင်အာလီ ရုတ်တရက် ထွက်ပြေးခဲ့ရတာ၊ အီဂျစ်သမ္မတ ဟော့စနီ မူဘာရက် ထွက်ပြေးခဲ့ရတာတွေ ရှိတယ်။ သူတို့တွေဟာ လူထုဆန္ဒပြပွဲနဲ့ လက်နက်ကိုင်တပ်ဖွဲ့ရဲ့ အကာကွယ်ကို မရတော့တဲ့အချိန်မှာ ပြုတ်ကျသွားခဲ့ကြတာဖြစ်တယ်။
အီရန်မှာရော ဒီအဖြစ်မျိုး ရှိလာနိုင်သလားမေးရင် မရှိသေးဘူးလို့ဘဲ ဆိုရမယ်။ ဒါပေမယ့် တဖြည်းဖြည်းချင်း ကျိုးပဲ့ လာမှုကနေ ရုတ်တရက် ပြိုကျသွားတဲ့အဖြစ်မျိုး ရှေ့မှာ နမူနာတွေ ရှိထားနှင့်ခဲ့ပြီ ဖြစ်တယ်..။
ref: Bowen: Authoritarian regimes die gradually then suddenly, but Iran is not there yet. Latest news from Reuters, BBC World, CNN.


