ဒီခရီးစဉ်က အမေရိကန်ပြည်ထောင်စုတစ်ခွင်ကို ဖြတ်သန်းသွားတဲ့ တကယ့်ကို ရှည်လျားလှတဲ့ ခရီးစဉ်တစ်ခုပါ။ တက္ကဆက်ပြည်နယ်၊ ဖော့တ်ဝေါ့သ်မြို့မှာရှိတဲ့ Huong Dao ဝိပဿနာရိပ်သာက ဗုဒ္ဓဘာသာရဟန်းတော်တွေကနေပြီး ငြိမ်းချမ်းရေး၊ မေတ္တာတရားနဲ့ အကြမ်းမဖက်ရေး သတင်းစကားတွေကို ဖြန့်ဝေဖို့အတွက် စတင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်ကတည်းက ခရီးစဉ် စတင်ခဲ့တာဖြစ်ပြီး မိုင်ပေါင်း ၂,၃၀၀ ကျော်လောက် (၃,၇၀၀ ကီလိုမီတာ) ခြေကျင် လျှောက် ကြွကြရမှာပါ။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလထဲမှာ ဝါရှင်တန်ဒီစီကို ရောက်ဖို့ ရည်မှန်း ထားကြပါတယ်။ ခရီးစဉ်တစ်လျှောက်လုံးကိုလည်း ဆိုရှယ်မီဒီယာပေါ်မှာ အချိန်နဲ့ တစ်ပြေးညီ တင်ပေးနေသလို အဖွဲ့ထဲမှာ Aloka လို့ခေါ်တဲ့ ခွေးလေးတစ်ကောင်ကလည်း အမှတ်တရအနေနဲ့ အတူတူလိုက်ပါလာတာမို့ ပြည်သူတွေ အံ့ဘနန်းစောင့်စားကြည့်ရှုနေကြပါတယ်။
ငြိမ်းချမ်းရေး ခရီးရှည် ချီတက်ပွဲကို Huong Dao ဘုရားကျောင်းက ဗီယက်နမ်ရဟန်းတော် ၁၉ ပါးက ဦးဆောင် နေတာပါ။ မြတ်စွာဘုရားရဲ့ တရားတော်တွေကို အခြေခံပြီး အမေရိကန်နဲ့ တစ်ကမ္ဘာလုံးက လူတွေကို ငြိမ်းချမ်းရေးနဲ့ မေတ္တာတရားရဲ့ အရေးပါပုံကို သတိပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ကြွနေကြတာ ဖြစ်ပါတယ်။
လမ်းကြောင်းကတော့ တက္ကဆက်ကနေ စထွက်ပြီး လူဝီစီယားနား၊ မစ္စစ္စပီ၊ အယ်လာဘားမားနဲ့ ဂျော်ဂျီယာစတဲ့ ပြည်နယ်တွေကို ဖြတ်သွားတာပါ။ အဲဒီကနေတစ်ဆင့် မြောက်ဘက်က ကာရိုလိုင်းနားနဲ့ ဗာဂျီးနီးယားပြည်နယ်တွေကို ဖြတ်ပြီး ဝါရှင်တန်ဒီစီမှာ အဆုံးသတ်ပါမယ်။
ရဟန်းတော်တွေဟာ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ သတိတရား လက်ကိုင်ထားပြီး ကြွလှမ်းလျက် ရှိနေဆဲ ဖြစ်ပါတယ်။
မြို့တွေမှာခေတ္တနားတဲ့အခါဒေသခံတွေနဲ့တွေ့ဆုံစကားပြောကြပြီး မေတ္တာတရားအကြောင်း မျှဝေကြပါတယ်။ အဖွဲ့ခေါင်းဆောင် ဘိက္ခုပညာကာရ (Bhikkhu Pannakara) အပါအဝင် ရဟန်းတော် သုံးပါးကတော့ ရိုးရှင်းမှုကို ပြသချင်လို့ ခြေဗလာနဲ့ ကြွလျှောက်ကြတာပါ။ နိုင်ငံရေးတွေ ဘာတွေ ပြောနေမယ့်အစား ငြိမ်းချမ်းရေးဆိုင်းဘုတ်တွေ ကိုင်ပြီး လူတွေကို အေးအေးဆေးဆေးပဲ နှုတ်ဆက်ကြပါတယ်။
ဓမ္မလက်ဆောင်အနေနဲ့ လက်ပတ်ကြိုးလေးတွေကိုလည်း ဝေငှပေးတတ်ကြတော့ ဒေသခံတွေကလည်း နွေးနွေး ထွေးထွေး ကြိုဆိုကြပါတယ်။ သင်္ကန်းဝတ်ရုံထားတဲ့ ရဟန်းတော်တွေရဲ့ ပုံရိပ်တွေဟာ သတင်းတွေနဲ့ ဆိုရှယ် မီဒီယာတွေမှာ သွက်သွက်လက်လက် ပျံ့နှံ့နေပါတယ်။
ခရီးစဉ်အတွင်း စိတ်မကောင်းစရာ ဖြစ်ရပ်တစ်ခုကတော့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က တက္ကဆက်ပြည်နယ် လစ်ဘာတီခရိုင် (Liberty County) မှာ ကုန်တင်ကားတစ်စီးက အဖွဲ့ရဲ့ နောက်လိုက် အကူအညီပေးရေး ပရဟိတကား (အထောက်အပံ့ပစ္စည်း၊ အစားအစာ၊ သယ်ယူပေးရေး) အတွက် အသုံးပြုနေတဲ့ ကား) ကို ဝင်တိုက်တဲ့ မတော်တဆမှု ဖြစ်ခဲ့ပါတယ်။အဲဒီမှာ ရဟန်းတော်နှစ်ပါး ထိခိုက်ခဲ့ပြီး ဘန်တေဒမ် ဖွန်မာဆန် ဆိုတဲ့ ရဟန်းတော်ကတော့ ဒဏ်ရာ ပြင်းထန်လို့ ဟူစတန်ဆေးရုံကို ရဟတ်ယာဉ်နဲ့ ပို့လိုက်ရပါတယ်။ စိတ်မကောင်းစရာက ရဟန်းတော်ရဲ့ ခြေထောက် တစ်ဖက်ကို ဖြတ်လိုက်ရတာပါပဲ။ ဒါပေမဲ့ ရဟန်းတော်က စိတ်ဓာတ်မကျဘဲ အရမ်းကို ကြံ့ခိုင်စွာ ရပ်တည်ခဲ့ပါတယ်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလဆန်းမှာတော့ ရဟန်းတော်ဟာ ဒဏ်ရာတွေ သက်သာလာပြီး ဂျော်ဂျီယာပြည်နယ် (Georgia) ကို ရောက်ရှိနေတဲ့ ငြိမ်းချမ်းရေး ချီတက်ပွဲအဖွဲ့နဲ့ ပြန်လည်ပူးပေါင်းပြီး ခရီးစဉ်ကို ဆက်လက်ကြွရောက်နေပြီ ဖြစ်ပါတယ်။
ဒီခရီးစဉ်ကို မြို့တော်တော်များများကလည်း ဂုဏ်ပြုခဲ့ကြပါတယ်။ ဥပမာ – နိုဝင်ဘာ ၅ ရက်နေ့ကို အော်စတင်မြို့မှာ “Austin Walk for Peace Day” ဆိုပြီး သတ်မှတ်ဂုဏ်ပြုခဲ့ပါတယ်။

ဒီအကြောင်းပြောမယ်ဆိုရင် “ငြိမ်းချမ်းရေး ခွေးကလေး” ဖြစ်တဲ့ Aloka မပါ မဖြစ်ပါ။ သူက အိန္ဒိယက လမ်းဘေးခွေး လေး ဖြစ်ပေမယ့် အရင်ကတည်းက အိန္ဒိယက ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲမှာ ပါခဲ့ဖူးပါတယ်။ အခုလည်း အမေရိကန်မှာ ရဟန်းတော်တွေရဲ့ ရှေ့ကနေ လမ်းလျှောက်လိုက်၊ နားရင်လည်း ဘေးက စောင့်ပေးလိုက်နဲ့ လူမှု ကွန်ရက်မှာ အရမ်းကို နာမည်ကြီးနေတဲ့ ခရီးသွားဖော်လေးပါ။ ရဟန်းတော်များအဖွဲ့နဲ့အတူ လမ်းလျှောက်ခရီးစဉ်ကို စိတ်ဓာတ်အားပေးသူ အဖြစ် လိုက်ပါနေပြီး လူထုအတွက် ငြိမ်းချမ်းရေး သင်္ကေတ တစ်ခုပါ။
ခြုံပြောရရင်တော့ ဒီ Walk for Peace ဆိုတာ အမေရိကန်ပြည်ထောင်စုကို ဖြတ်ပြီး မေတ္တာတရားနဲ့ ငြိမ်းချမ်းရေး ဖြန့်ဝေနေတဲ့ ခရီးတစ်ခုပါပဲ။ လမ်းမှာ မတော်တဆမှုတွေလို စိန်ခေါ်မှုတွေ ရှိခဲ့ပေမဲ့လည်း ရဟန်းတော်တွေဟာ လူထုရဲ့ အားပေးမှု၊ ခွေးလေး Aloka ရဲ့ အဖော်ပြုမှုတွေနဲ့အတူ ခရီးစဉ်ကို ဆုံးခန်းတိုင်အောင် ခိုင်ခိုင်မာမာ ဆက်လျှောက် နေကြဆဲ ဖြစ်ပါတယ်။
အမေရိကန်ပြည်သူတွေကို ဆွဲဆောင်နိုင်မှုနှင့် ခရီးစဉ်ပန်းတိုင်
အမေရိကန်တစ်နိုင်ငံလုံးမှာရှိတဲ့ လူတွေဟာ သင်္ကန်းဝတ်ရုံထားတဲ့ ရဟန်းတော်တွေ လမ်းမကြီးတွေပေါ်မှာ တစ်ပါးပြီး တစ်ပါး စီတန်းပြီး ငြိမ်ငြိမ်သက်သက် လမ်းလျှောက်နေကြတာကို အလွန် စိတ်ဝင်တစား ရှိနေကြပါတယ်။ အခုလို နိုင်ငံရေးအရ အမြင်ကွဲပြားမှုတွေ ရှိနေတဲ့အချိန်မှာ ဆရာတော်တွေရဲ့ အေးချမ်းလှတဲ့ သတိပဋ္ဌာန် လမ်းလျှောက်နည်း က လူတွေရဲ့ရင်ကို တကယ်ပဲ ထိရှစေခဲ့ပါတယ်။
ဒီခရီးစဉ်ဟာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလလယ်မှာ ဝါရှင်တန်ဒီစီမှာ အဆုံးသတ်မှာဖြစ်ပြီး အဲဒီရောက်တဲ့အခါ အမေရိကန် လွှတ်တော်ကို ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဖွားမြင်တော်မူရာနဲ့ ဗုဒ္ဓဂယာမှာ ဘုရားအဖြစ်သို့ ရောက်တော်မူတဲ့နေ့ (Vesak Day) (ကဆုန်လပြည့် ဗုဒ္ဓနေ့) ကို အမေရိကန်နိုင်ငံရဲ့ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆို သွားမှာ ဖြစ်ပါတယ်။
ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် “ဗျာ၊ ဖွား၊ ပွင့်၊ စံ” ဆိုတဲ့ မှတ်တိုင်ကြီးလေးခု စုံညီတဲ့ အလွန် ထူးခြားတဲ့ နေ့ထူးနေ့မြတ်ကြီးပါ။
ရှေးဦးစွာ သုမေဓာရှင်ရသေ့ဘဝမှာ ဒီပင်္ကရာမြတ်စွာဘုရားထံကနေ ဘုရားဖြစ်မယ်ဆိုတဲ့ “ဗျာဒိတ်တော်” ကို ခံယူခဲ့ပါတယ်။ နောက်ပြီး ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကို “ဖွားမြင်” တဲ့နေ့၊ သဗ္ဗညုတ ဉာဏ်တော်ကိုရရှိပြီး “ဘုရားပွင့်” တဲ့နေ့နဲ့ နောက်ဆုံး အင်ကြင်းတောမှာ “ပရိနိဗ္ဗာန်စံ” တဲ့နေ့တွေဟာလည်း ဒီကဆုန်လပြည့်နေ့တွေမှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်ခဲ့တာပါ။
ခရီးစဉ်လမ်းကြောင်းနှင့် နောက်ဆုံးရအခြေအနေ
ဒီခရီးစဉ်ဟာ ပြည်နယ်ပေါင်း ၁၀ ခုကို ရက်ပေါင်း ၁၂၀ ကြာ ဖြတ်သန်းရမှာဖြစ်ပြီး ပြည်နယ်မြို့တော်တွေမှာလည်း ရပ်နားသွားမှာပါ။ တက္ကဆက်ပြည်နယ်၊ ဖော့တ်ဝေါ့သ်မြို့ကနေ စတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ လူဝီစီယားနား၊ မစ္စစ္စပီ၊ အလာဘားမား၊ ဂျော်ဂျီယာနဲ့ တောင်ကာရိုလိုင်းနားပြည်နယ်တွေကို ဖြတ်သန်းပြီးပါပြီ။ ဆရာတော်တွေ အခု ဘယ်နေရာကို ရောက်နေပြီလဲဆိုတာကို သူတို့ရဲ့ Facebook စာမျက်နှာမှာ တိုက်ရိုက်ကြည့်ရှုနိုင်တဲ့ မြေပုံ (Live Tracking Map) ကနေတစ်ဆင့် လိုက်လံကြည့်ရှုနိုင်ပါတယ်။

ဇန်နဝါရီလ ၁၄ ရက် အထိ Walk for Peace ရဟန်းတော်အဖွဲ့ဟာ တောင်ကာရိုလိုင်းနား (South Carolina) ကို ဖြတ်ပြီး Charlotte, North Carolina ကို ရောက်နေပြီဖြစ်ပါတယ်။
ဘာကြောင့် ဒီခရီးစဉ်က အရေးကြီးသလဲ။
ဒီလမ်းလျှောက်မှုဟာ ကန့်ကွက်ဆန္ဒပြပွဲတစ်ခု မဟုတ်ဘဲ လူတစ်ဦးချင်းစီရဲ့ ရင်ထဲမှာ ရှိပြီးသားဖြစ်တဲ့ ငြိမ်းချမ်းရေး စိတ်ဓာတ်ကို နိုးထလာစေဖို့ ရည်ရွယ်တဲ့ ဝိညာဉ်ရေးရာ ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။ အာရှရဲ့ ရိုးရာကျင့်စဉ်ဖြစ်တဲ့ စင်္ကြံလျှောက်ခြင်း (Meditative Walking) ကို အမေရိကန်လူထုနဲ့ မိတ်ဆက်ပေးလိုက်တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ဆိုရှယ်မီဒီယာပေါ်မှာ Follower ပေါင်း တစ်သန်းကျော် ရှိနေတာကြောင့် ဆရာတော်တွေဟာ သူတို့ သွားရောက်တဲ့ မြို့တွေတင်မကဘဲ တစ်ကမ္ဘာလုံးက လူတွေနဲ့ပါ အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့ပါတယ်။
ဒီ Walk for Peace ဟာ အခက်အခဲတွေကို အန်တုရင်း၊ မေတ္တာတရားနဲ့ ငြိမ်းချမ်းရေးကို လက်တွေ့ပြသနေတဲ့ ခရီးစဉ်တစ်ခုဖြစ်ပြီး အမေရိကန်လူထုရဲ့ အားပေးထောက်ခံမှုကိုလည်း တစ်ခဲနက် ရရှိနေပါတယ်။
ဘာသာရေး နယ်နိမိတ် တွေကို ကျော်ဖြတ်တဲ့ သတင်းစကား
ရဟန်းတော်တွေရဲ့ သတင်းစကားဟာ ဘာသာပေါင်းစုံက လူတွေရဲ့ရင်ကို ထိရှစေပါတယ်။ ခရစ်ယာန်သင်းအုပ်ဆရာ Patrick က ဆရာတော်တွေကို “ငြိမ်းချမ်းရေးအတွက် အလုပ်လုပ်နေကြတဲ့ ပညာရှိကြီးတွေ” လို့ ချီးကျူးခဲ့ပါတယ်။ သူကတော့ တက္ကဆက်ပြည်နယ် (Texas)၊ ဟန့်စဗေးလ် (Huntsville) မြို့မှာရှိတဲ့ အသင်းတော်တစ်ခုက သင်းအုပ်ဆရာ ဖြစ်ပါတယ်။ဆရာတော်တွေ တက္ကဆက်ပြည်နယ်အတွင်း လမ်းလျှောက်နေတဲ့အချိန်မှာ သူတို့ရဲ့ အသင်းတော် (Church) နဲ့ ဒေသခံတွေက ဆရာတော်တွေကို နွေးထွေးစွာ ကြိုဆိုခဲ့ကြတာ ဖြစ်ပါတယ်။
ဘာသာရေးပါမောက္ခ Daniel Stuart ကတော့ ဒီလိုလမ်းလျှောက်တာဟာ စကားလုံးတွေနဲ့ ပြောနေမယ့်အစား ကိုယ်တိုင်ပေးဆပ်မှုနဲ့ လက်တွေ့ပြသပြီး လူတွေကို စိတ်ဓာတ်ခွန်အား ပေးတာဖြစ်တယ်လို့ ရှင်းပြပါတယ်။ သူက University of South Carolina (USC) မှ Associate Professor of Religious Studies ဖြစ်ပြီး Walk for Peace ခရီးစဉ်အကြောင်းကို မီဒီယာတွင် ရှင်းပြခဲ့သူပါ။
မိသားစုဝင်တွေကို ဆုံးရှုံးထားတဲ့ ဘက်ကီ ဂေဘယ်လ်ဆိုတဲ့ အမျိုးသမီးဟာ ရဟန်းတော်တွေကိုတွေ့ဖို့ မိုင် ၄၀၀ နီးပါး မောင်းလာခဲ့ပြီး အခုဆိုရင် ဆရာတော်သင်ပေးတဲ့အတိုင်း မနက်တိုင်း “ဒီနေ့ဟာ ငါ့အတွက် ငြိမ်းချမ်းတဲ့နေ့လေးပါ” ဆိုပြီး ရေးသားရင်း စိတ်သက်သာရာ ရနေပြီလို့ ဆိုပါတယ်။သူကတော့ အင်ဒီယားနားပြည်နယ် (Indiana)၊ အီဗန် စဗေးလ် (Evansville) မြို့မှာ နေထိုင်တာဖြစ်ပါတယ်။
“Walk for Peace” ခရီးစဉ်ဟာ အမေရိကန်နိုင်ငံရဲ့ အရှေ့ဘက်ကမ်းခြေကနေ အနောက်ဘက်ကမ်းခြေအထိ (Coast to Coast) မိုင်ပေါင်း ၂,၃၀၀ (၃,၇၀၀ ကီလိုမီတာ) ကျော်ကို လမ်းလျှောက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်နယ် ပေါင်းများစွာနဲ့ မြို့ပေါင်းများစွာကို ဖြတ်သန်းသွားရတဲ့ ခရီးစဉ်ကြီးလည်း ဖြစ်ပါတယ်။
ဆရာတော်တွေ ဘယ်နားရောက်နေပြီလဲဆိုတာ သိချင်ရင် @walkforpeaceusa ဆိုတဲ့ Facebook Page မှာ ဝင်ကြည့်လို့ရပါတယ်။ အဲဒီမှာ ခရီးစဉ်မြေပုံတွေ၊ နေ့စဉ်သတင်းတွေနဲ့ လက်ရှိဘယ်နားရောက်နေလဲဆိုတဲ့ Live Map ပါ တင်ပေးထားပါတယ်။
ရဟန်းတော်တွေကို ကိုယ်တိုင် ဖူးတွေ့ချင်တယ်ဆိုရင်တော့ သူတို့နားတဲ့အချိန်တွေမှာ ခွင့်ပြု ပေးပါတယ်။ မနက် ၁၀ နာရီခွဲကနေ မွန်းလွဲ ၁ နာရီအထိ နဲ့ ညနေ ၆ နာရီကနေ ည၉နာရီအထိ သူတို့ တည်းခိုနားနေတဲ့ နေရာတွေကို Pageမှာ ကြေညာပေးလေ့ ရှိပါတယ်။
ဗုဒ္ဓရဲ့ ငြိမ်းချမ်းရေး အဆုံးအမ
ဗုဒ္ဓဘုရားရဲ့ ငြိမ်းချမ်းရေး အယူအဆ (အထူးသဖြင့် စိတ်အေးချမ်းမှ လောက အေးချမ်းမယ် ဆိုတဲ့အချက်) နဲ့ ပတ်သက်ပြီး ဓမ္မပဒမှာပါတဲ့ အလွန်ထင်ရှားတဲ့ ဂါထာလေးတစ်ခု ရှိပါတယ်။
ဗုဒ္ဓ၏ အဆိုအမိန့် (ဓမ္မပဒ၊ စိတ္တဝဂ်)
“သုဒုဒ္ဒသံ သုနိပုဏံ၊ ယတ္ထ ကာမနိပါတိနံ။
စိတ္တံ ရက္ခေထ မေဓာဝီ၊ စိတ္တံ ဂုတ္တံ သုခါဝဟံ။”
မြန်မာပြန် အဓိပ္ပာယ်မှာ –
“ပညာရှိသည် မြင်နိုင်ခဲလှစွာသော၊ အလွန်သိမ်မွေ့နူးညံ့လှစွာသော၊ မိမိအလိုရှိရာ အာရုံ၌ ကျတတ်သော စိတ်ကို စောင့်ရှောက်ရာ၏၊ စောင့်ရှောက်ထားအပ်သော စိတ်သည် ချမ်းသာကို ဆောင်တတ်၏” ဟု ဖြစ်ပါသည်။ (https://www.tipitaka.net)
ဗုဒ္ဓဘာသာမှာ “ငြိမ်းချမ်းတယ်” ဆိုတာ အပြင်လောကကြီး တိတ်ဆိတ်နေတာမျိုးထက် “စိတ်အေးချမ်းတာ” ကိုပဲ အဓိက ပြောတာပါ။ တကယ်တော့ စိတ်ကသာ အရာရာရဲ့ အခြေခံဖြစ်တဲ့အတွက် စိတ်ငြိမ်းချမ်းမှ ဘဝက တကယ်အေးချမ်းတာပါ။ ဒါကြောင့်လည်း ဗုဒ္ဓက “ငြိမ်းချမ်းခြင်းထက် သာတဲ့ ချမ်းသာမှု မရှိဘူး” လို့ ဟောခဲ့တာပေါ့။
တကယ်တမ်း စိတ်မငြိမ်းချမ်းရတဲ့ အကြောင်းရင်းက စိတ်ထဲမှာရှိတဲ့ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ အပူမီးတွေ ကြောင့်ပါ။ ဒီအပူတွေ ငြိမ်းသွားအောင် လုပ်နိုင်မှပဲ စစ်မှန်တဲ့ ငြိမ်းချမ်းမှုကို ရမှာပါ။ အပြင်မှာ ဘယ်လောက်ပဲ ဆူညံနေပါစေ ကိုယ့်စိတ်က တည်ငြိမ်နေရင် ဘယ်အရာကမှ ကိုယ့်ကို လာပြီး မနှောင့်ယှက်နိုင်တော့ပါဘူး။
နောက်ပြီး စိတ်ငြိမ်းချမ်းမှုဆိုတာ လောကဓံတရားတွေနဲ့ ကြုံရတဲ့အခါ စိတ်မတုန်လှုပ်တာကိုလည်း ဆိုလိုပါတယ်။ အကောင်းနဲ့ကြုံကြုံ၊ အဆိုးနဲ့ကြုံကြုံ စိတ်ကို အေးအေးဆေးဆေး ထားနိုင်ဖို့က အရေးကြီးဆုံးပါပဲ။ ဒီလို စိတ်အေးချမ်း မှုမျိုး ရဖို့အတွက် မေတ္တာပွားတာပဲဖြစ်ဖြစ်၊ တရားထိုင်တာပဲဖြစ်ဖြစ် တစ်ခုခုကို လက်တွေ့လုပ်ကြည့်ရင် ပိုပြီး ထိရောက်ပါတယ်။
ငြိမ်းချမ်းမှုထက် သာလွန်တဲ့ ချမ်းသာမှု မရှိပြီ…ကမ္ဘာကြီးတစ်ခုလုံး မေတ္တာဖုံးပြီး လူသားအားလုံး ငြိမ်းချမ်းကြပါစေ။


