The Corner

The Corner

cropped-Logo_round_grey-background.png

‘ဒေါ်နယ်ထရမ့်’ လက်ချက်နဲ့ ကွဲအက်စပြုနေတဲ့ ကမ္ဘာကြီး

Share မယ်

အမေရိကန်တွေ သမ္မတရွေးချယ်မှု အမှားဒဏ် တစ်ကမ္ဘာလုံး ခံနေရ

ကမ္ဘာကြီးဟာ အသည်းအသန် နာမကျန်းဖြစ်နေပြီ ဖြစ်တယ်။ ပြဿနာခပ်သိမ်းရဲ့ အဓိက လက်သည်ကတော့ အမေရိကန်ပြည်ထောင်စုက ‘ဒေါ်နယ်ထရမ့်’ကို သမ္မတအဖြစ်ရွေးချယ်ခဲ့လို့ ဖြစ်တယ်။ အမေရိကန်ပြည်ထောင်စုဟာ စူပါ-ပါဝါ နိုင်ငံကြီးဖြစ်တဲ့အတွက် ကမ္ဘာ့စီးပွားရေးနဲ့ နိုင်ငံရေး တည်ငြိမ်မှုအတွက် ပဓာနကျတဲ့ ဆုံချက်လိုဖြစ်နေတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရေး-စီးပွားရေးတည်ငြိမ်မှုဟာ ကမ္ဘာကြီး တစ်ခုလုံးအတွက် အရေးပါနေခဲ့တာ ဖြစ်တယ်။

ဒီလိုအခြေအနေမျိုးမှာ ကိုယ်ကျိုးစီးပွား တစ်ခုတည်းကိုသာ ဗဟိုပြုစဉ်းစားတဲ့ ‘ဒေါ်နယ်ထရမ့်’ လို လက်ယာအစွန်း ရောက် ‘အမေရိကန်-ပထမ’ အယူဝါဒသမားကို သမ္မတအဖြစ်ရွေးချယ်ခဲ့ခြင်းဟာ အလွန်ကြီးမားတဲ့ အမှားကို ကျူးလွန်ခဲ့ကြ တာဖြစ်တယ်။ အမေရိကန် ပြည်သူတွေက ဒေါ်နယ်ထရမ့်ကို ရွေးချယ်ခဲ့တာဖြစ်ပေမယ့် အဲဒီ အမှားရဲ့ ဒဏ်ဟာ လက်ရှိ အခြေအနေမှာ ကမ္ဘာ့ပြည်သူအားလုံးအပေါ် သက်ရောက်နေပြီ ဖြစ်တယ်။ လက်ငင်းဖြစ်ရပ်တွေကို ကြည့်ရင် အမေရိကန် ပြည်တွင်းမှာလည်း နေ့စဉ်နဲ့အမျှ လူမှုရေး စီးပွားရေး ပဋိပက္ခတွေကြောင့်  ဆင်းရဲဒုက္ခတွေ ဆိုးဆိုးရွားရွား ခံစားနေကြရပြီ ဖြစ်တယ်။ 

အမေရိကန်သမ္မတ ထရမ့် ဟာ အရင်က ပုံမှန်စီးဆင်းနေတဲ့ နိုင်ငံတကာအပြန်အလှန် လေးလေးစားစား ဆက်ဆံ ရေးနဲ့ နိုင်ငံတကာ ပဋိညာဉ် စာချုပ်တွေအပါအဝင် ဥပဒေစည်းမျဉ်းစည်းကမ်း ကျင့်ထုံးတွေကို နင်းခြေပစ်လိုက်ပြီး ထင်ရာ စိုင်းနေပြီဖြစ်တယ်။ ဥပမာ ဇန်နဝါရီ ၂၂ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကနေ အမေရိကန်နိုင်ငံ တရားဝင် နုတ်ထွက်တဲ့ ကိစ္စမျိုးကို ထရမ့် တစ်ဦးတည်း သဘောနဲ့ ဆုံးဖြတ်တာမျိုးဖြစ်တယ်။ အလားတူ နိုင်ငံတကာအဖွဲ့အစည်း၊ ကွန်ဗင်းရှင်းနဲ့ ပဋိညာဉ်စာချုပ် စုစုပေါင်း ၆၆ ခုကနေ နုတ်ထွက်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က  ဇန်နဝါရီ ၇ ရက် နေ့မှာ ထုတ်ပြန်ခဲ့တာ တွေ့ရတယ်။ အဲဒီ အဖွဲ့တွေထဲမှာ ကုလသမဂ္ဂ မဟုတ်တဲ့ အဖွဲ့ အစည်း ၃၅ ခုနဲ့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့  ၃၁ ခု ပါဝင်ပြီး ဒီလုပ်ရပ်ကြောင့် အမေရိကန်ပြည်သူတွေတင်မက နိုင်ငံတကာပြည်သူတွေကိုပါ ထိခိုက်မှု ဖြစ်စေ တယ်လို့ သတင်းတွေအရ သိရတယ်။

ပိုဆိုးတဲ့ လုပ်ရပ်က ၂၀၂၅ စက်တင်ဘာလက ထရမ့် ဟာ ဂါဇာစစ်ပွဲကို အဆုံးသတ်ဖို့ဆိုပြီး သူ့ ငြိမ်းချမ်းရေး အစီ အစဉ်ကို ကြေညာစဉ်က “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” (Board of Peace) ဖွဲ့မယ့်အကြောင်း အဆိုပြုခဲ့တာဖြစ်တယ်။ ကမ္ဘာလုံး ဆိုင်ရာ ပဋိပက္ခတွေကို ဖြေရှင်းရေးအတွက် ရည်ရွယ်တယ်ဆိုတဲ့ သူ့ရဲ့ “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” မှာ ပါဝင်ဖို့ ထရမ့် က ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေကို ဖိတ်ခေါ်ခဲ့တယ်။ ဒီ “ငြိမ်းချမ်းရေး ဘုတ်အဖွဲ့” မှာ သူကိုယ်တိုင်ဥက္ကဋ္ဌ လုပ်မယ်လို့ဆိုတယ်။ အမှန်တော့ ကုလသမဂ္ဂနဲ့ ပူးပေါင်းလုပ်ရမယ့်အစား ကုလသမဂ္ဂနဲ့ စင်ပြိုင် လုပ်သလိုဖြစ်နေတယ်လို့ သံတမန်တွေက ဝေဖန် ကြတယ်။ ထရမ့် တစ်သက်လုံး ဥက္ကဋ္ဌ လုပ်မယ့် ငြိမ်းချမ်း‌ရေးကောင်စီကိုဝင်ဖို့ စဝင်ချိန်မှာ ၃ နှစ် အခမဲ့ဖြစ်ပြီး နောက်ပိုင်းမှာ အမြဲတမ်း အဖွဲ့ဝင်ဖြစ်ဖို့ ဝင်ကြေး ဒေါ်လာ တစ်ဘီလီယံ သတ်မှတ်ထားပြန်တယ်။

ပြည်တွင်းအဓိက နိုင်ငံရေးပါတီ ကြီး နှစ်ခုအကြားက ပဋိပက္ခ

မင်နီယာပိုလစ် မြို့ မှာ ICE နှင့် မြို့နေလူထုအကြား ဖြစ်ပွားနေသည့် ပဋိပက္ခ မြင်ကွင်းတစ်ခု (credit: author)

အမေရိကန်ပြည်ထောင်စုအတွင်း ဖြစ်ပွားနေတဲ့ လက်ငင်းပြဿနာ တစ်ခုကို ကြည့်ရင်လည်း အဓိက နိုင်ငံရေးပါတီကြီး နှစ်ခုအကြား ပဋိပက္ခတွေ ဖြစ်လာမယ့် အခြေအနေကို တွေ့ရတယ်။ အမေရိကန်ပြည်ထောင်စု မင်နီယာပိုလစ် မြို့ မှာ ICE လို့ ခေါ်တဲ့ ‘လူဝင်မှုကြီးကြပ်ရေး အေးဂျင့်တွေ’ ရဲ့ လက်ချက်နဲ့ ဒုတိယမြောက် အမေရိကန်နိုင်ငံသား အသက် (၃၇) နှစ် အရွယ် Alex Pretti သေဆုံးခဲ့ရပြီးတဲ့ နောက် သမ္မတဟောင်း တွေဖြစ်တဲ့ ဘာရက်အိုဘားမားနဲ့ ဘီလ်ကလင်တန် တို့က ပြည်သူတွေ အနေနဲ့ မိမိတို့ကိုယ်ကို တန်ဖိုးထားမှုတွေအတွက် ညီညီညွတ်ညွတ် ရပ်တည်ကြဖို့ ဇန်နဝါရီ ၂၅ ရက်နေ့မှာ  တိုက်တွန်းလိုက်တယ်လို့ အေအက်ဖ်ပီ သတင်းမှာ ဖော်ပြထားတယ်။

ထရမ့်အစိုးရဟာ လူဝင်မှုကြီးကြပ်ရေး ကိစ္စအပေါ် ပြင်းပြင်းထန်ထန် နှိမ်နင်းနေမှုကြောင့် ဖိအားပေးမှုတွေနဲ့ ပိုမိုရင်ဆိုင်နေရပြီ ဖြစ်တယ်။ အထူးသဖြင့် ဇန်နဝါရီ ၂၄ ရက်နေ့က ရေခဲနေတဲ့ လမ်းမပေါ်မှာ ဖယ်ဒရယ်အေးဂျင့်(ICE)တွေ နဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားစဉ်မှာ အသက် (၃၇) နှစ်အရွယ် သူနာပြု အဲလက်စ်ပရက်တီကို ICE အေးဂျင့်တွေက ပစ်ခတ် သတ်ဖြတ်ခဲ့တာကြောင့် ဖြစ်တယ်။

လွန်ခဲ့သည့် သုံးပတ်ခန့်က အဆိုပါ မစ်ဒ်ဝက်စ်တန်း (Midwestern) မြို့မှာပဲ လူဝင်မှုကြီးကြပ်ရေး ICE အရာရှိ တစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် အသက် (၃၇) နှစ်အရွယ် ရီနေးဂွတ် (Renee Good) ဆိုတဲ့ အမျိုးသမီးဟာ သူ့ကားထဲမှာ သေဆုံးခဲ့ပြီးနောက် အခု Alex Pretti ထပ်မံသေဆုံးမှု ပေါ်ပေါက်လာတာဖြစ်တယ်။ ဘာရက်အိုဘားမားနဲ့ ဇနီးဖြစ်သူ မီရှဲလ်အိုဘားမားတို့ ဇန်နဝါရီ ၂၅ ရက်နေ့ ထုတ်ပြန်ကြေညာချက်မှာ ပရက်တီကို ပစ်ခတ်ခဲ့မှုဟာ အမေရိကန်နိုင်ငံရဲ့ အဓိက တန်ဖိုးထားမှုတွေ “တဖြည်းဖြည်း တိုက်ခိုက်ခံနေရပြီ” ဆိုတဲ့ အချက်အတွက် “သတိပေးခေါင်းလောင်းသံ” ဖြစ်သင့်ကြောင်း ဖော်ပြထားတယ်။

ဒွန်ရိုးဝါဒ အောက်က ဗင်နီဇွဲလား နဲ့ ဂရင်းလန်

အကျိုးဆက်ကတော့ ကမ္ဘာကြီးဟာ ၂၀၂၆ ခုနှစ်ဆန်းစ ကတည်းက ဝရုန်းသုန်းကားဖြစ်ရပ်တွေနဲ့ ထွေးလုံးရစ်ပတ် ဖြစ်နေခဲ့တာ အဆက်မပြတ် ဆိုသလို ပါပဲ။  အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ ခေတ်သစ်နယ်ချဲ့ဝါဒ (သို့မဟုတ်) “ဒွန်ရိုး မူဝါဒ” (Donroe Doctrine) ကို ကိုင်စွဲပြီး ဗင်နီဇွဲလား နိုင်ငံကို လက်ရဲဇက်ရဲ နယ်ချဲ့ခဲ့တာကို စတင် မြင်ခဲ့ကြရပြီ ဖြစ်တယ်။ ဒီတင် မကသေး ဗင်နီဇွဲလားကို အမေရိကန် က စစ်ရေးအရ တိုက်ခိုက် အပြီးမှာ သမ္မတ ထရမ့်က ဂရင်းလန်ကျွန်းကို မဖြစ် မနေ ထိန်းချုပ်သိမ်းယူမယ်လို့ ခြိမ်းခြောက်ခဲ့ ပြန်တယ်။

ထရမ့်ရဲ့ ဂရင်းလန်ကျွန်းကို ပိုင်ဆိုလိုတဲ့ လောဘအရှိန်က အတော် မြင့်နေတယ်။ ဂရင်းလန်ကို သိမ်းယူခွင့် မပြုနိုင် ဘူးလို့ သတိပေးနေတဲ့ ဒိန်းမတ်နိုင်ငံ နဲ့ မြောက်အတ္တလန္တိတ် (NATO) စစ်ရေးမဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေအပေါ် အခွန်တိုး ကောက်မယ်လို့ ထရမ့် က ဆုံးဖြတ်ခဲ့တာ တွေ့ ရတယ်။ ဂရင်းလန်ကျွန်းကို ရယူသိမ်းပိုက်ဖို့ အမေရိကန်သမ္မတ ထရမ့် ရဲ့ ကြိုးပမ်းမှုကို ဆန့်ကျင်တဲ့ ဥရောပ ရှစ်နိုင်ငံအပေါ် စည်းကြပ်ခွန် ကောက်ခံမယ့် ထရမ့်ရဲ့ အစီအစဉ်နဲ့ပတ်သက်ပြီး အမေရိကန် အစိုးရနဲ့ ဆက်လက်ဆွေးနွေးဖို့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ သဘော တူညီခဲ့ကြတယ်လို့ NHK သတင်းကဖော်ပြတယ်။

သံအမတ်တွေဟာ ယူရို ၉၃ ဘီလီယံ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၁၀၈ ဘီလီယံ ဝန်းကျင်လောက် တန်ဖိုးရှိတဲ့ အမေရိကန် သွင်းကုန်တွေကို ပစ်မှတ်ထားအခွန်ကောက်ခံမှု အစီအစဉ်တစ်ခုအပြင် အမေရိကန် စီးပွားရေး လုပ်ငန်းတွေ EU ဈေးကွက်ထဲဝင်ရောက်ခွင့်ကို ကန့်သတ်ဖို့ ရည်ရွယ်တဲ့ အစီအမံ တစ်ခုကို ဆွေးနွေးခဲ့ကြတယ်လို့ အဲဒီ အစည်းအဝေးနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက ဆိုတယ်။

ဒါပေမဲ့ သံအမတ်တွေက တန်ပြန်အစီအမံတွေကို ချက်ချင်း လုပ်ဆောင်မယ့်အစား အမေရိကန်အစိုးရနဲ့ ဆွေးနွေး ရေး သံခင်း တမန်ခင်း အရကြိုးပမ်းလုပ်ဆောင်ဖို့ သဘောတူခဲ့ကြတယ်။ ဥရောပကော်မရှင် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇန်နဝါရီ ၁၉ ရက်နေ့ သတင်းထောက် တွေကို ပြောကြားရာမှာ EU ရဲ့ ဦးစားပေးမှုက “ပူးပေါင်းဆောင်ရွက်ဖို့၊ တင်းမာမှုတွေ မြင့်တက်လာစေဖို့မဟုတ်ဘဲ အခွန်ကောက်ခံမှုကို ရှောင်ရှားဖို့” ဖြစ်တယ်လို့ NHK သတင်း ကဆိုတယ်။

ထရမ့်ဟာ နိုဘယ်ဆု မရခဲ့တဲ့ ကိစ္စကို အတော် မကျေမနပ် ဖြစ်နေပုံရတယ်။ နိုဘယ်ဆု မရခဲ့တဲ့အတွက် သူ့အနေနဲ့ ငြိမ်းချမ်းရေးကိစ္စ သီးသန့် စဉ်းစားနေစရာ မလိုတော့ဘူးလို့ ဂရင်းလန်ကျွန်းသိမ်းပိုက်လိုတဲ့ သဘောထားနဲ့ ချိတ်ဆက်ပြီး ထရမ့် က မှတ်ချက်ပေးတာ တွေ့ရတယ်။ ဂရင်းလန်ကျွန်းကို ထိန်းချုပ်ဖို့ အမေရိကန်နိုင်ငံကို ခွင့်မပြုတဲ့အတွက် ဥရောပ မဟာမိတ်တွေအပေါ် အခွန်ကောက်ဖို့ ထရမ့် က ဆုံးဖြတ်ခဲ့တာ လို့ဆိုတယ်။ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ခဲ့တဲ့ နောက် နော်ဝေဝန်ကြီးချုပ်နဲ့ ဖင်လန်သမ္မတတို့ထံ သမ္မတ ထရမ့်က စာတစ်စောင် ပေးပို့ အပြီးမှာ နော်ဝေ ဝန်ကြီးချုပ်ရဲ့ မှတ်ချက်တွေ ထွက်ပေါ်လာခဲ့တာ ဖြစ်တယ်။

နော်ဝေဝန်ကြီးချုပ် နဲ့ ဖင်လန်သမ္မတတို့က တင်းမာမှုလျှော့ချရေး လက်တွဲလုပ်ဆောင်ဖို့ သဘောထားပေးပို့ခဲ့ရာ မှာ သမ္မတ ထရမ့် က ငြိမ်းချမ်းရေးကိစ္စ သီးသန့် စဉ်းစားနေစရာ မလိုတော့ဘူးလို့  တုံ့ပြန်ခဲ့တယ်။ ထရမ့် က သူ့ အနေနဲ့ စစ်ပွဲ ရှစ်ပွဲထက်မနည်းကို ရပ်တန့်ပေးခဲ့တဲ့ သူလို့ဆိုတယ်။ ဒါပေမဲ့လည်း ဘယ်စစ်ပွဲတွေလို့ တိတိကျကျ မပြောခဲ့ပါဘူး။ နော်ဝေနိုင်ငံက ထရမ့် ကို နိုဘယ်ဆု မပေးဖို့ ဆုံးဖြတ်ခဲ့တဲ့ အတွက် သူ့အနေနဲ့ ငြိမ်းချမ်းရေးကိစ္စ တွေးဖို့ တာဝန်မရှိတော့ဘူးလို့ ခံစားမိကြောင်း ထရမ့် က ဆိုတယ်၊ ငြိမ်းချမ်းရေး ကိစ္စ က အမြဲတမ်း အဓိကကျနေဦးမှာဖြစ်ပေမယ့် အမေရိကန်ပြည်ထောင်စုအတွက် ဘယ်အရာက သင့်တော်ကြောင်း ပိုမို စဉ်းစားနိုင်ပြီလို့ အကြောင်းပြန်ခဲ့တယ်။

ထရမ့်ရဲ့ စိတ္တဇရောဂါကြောင့် မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ပြိုကွဲနိုင်သလား

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အား နေတိုး အမှတ်တံဆိပ် နောက်ခံနှင့်အတူ (credit: author)

ထရမ့်ရဲ့ နိုဘယ်ဆု စွဲလမ်းမှုက စိတ္တဇရောဂါလို့တောင် ပြောလို့ရတယ်။ နိုဘယ်ဆုပေးဖို့ ရွေးချယ်မှုကို နော်ဝေ အစိုးရက လုပ်ဆောင်တာ လည်း မဟုတ်သလို  ဒိန်းမတ် အစိုးရ ကလည်း နိုဘယ်ဆုပေးတဲ့ ကိစ္စနဲ့ ပတ်သက်တာ  မဟုတ်။ နော်ဝေနိုင်ငံမှာ ရှိတဲ့ လွတ်လပ်တဲ့ ‘နိုဘယ်ဆု ရွေးချယ်ရေးကော်မတီ’ အနေနဲ့ စီစဉ် ရွေးချယ်ပေးခြင်းသာ ဖြစ်တယ်။  ဒါပေမယ့် စိတ္တဇရောဂါ စွဲကပ်နေတဲ့ ထရမ့်ဟာ သူ့ကို နိုဘယ်ဆု မပေးတဲ့ ကိစ္စကို နော်ဝေအစိုးရအပေါ် အပြစ်ဖို့‌ နေတာဟာ စဉ်းစားဉာဏ် နိမ့်တဲ့ သဘောလို့ဆိုနိုင်တယ်။ ဒါနဲ့မပြီးသေးဘဲ ဂရင်းလန်ကို ကျူးကျော်ဖို့ အတွက် ဆင်ခြေအဖြစ် အသုံးချလိုက်သေးတယ်။

ဒေါ်နယ်ထရမ့်ရဲ့ ဂရင်းလန်ကျွန်းကို ခြိမ်းခြောက်တဲ့ လုပ်ရပ်ဟာ နေတိုး (NATO) မဟာမိတ်အဖွဲ့ ညီညွတ်မှုကို ပြိုကွဲစေနိုင်တယ်လို့ ဒိန်းမတ် နိုင်ငံက သတိပေးထား‌ကြောင်း သိရတယ်။ ဗင်နီဇွဲလားခေါင်းဆောင် နီကိုလပ်စ် မာဒူရိုကို ဖမ်းဆီးဖြုတ်ချခဲ့တဲ့ အမေရိကန် စစ်ဆင်ရေးအပြီးမှာ အာတိတ်ဒေသရှိ သယံဇာတကြွယ်ဝတဲ့ ဒိန်းမတ်နိုင်ငံရဲ့  ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ “ဂရင်းလန်ကျွန်း” ကို သိမ်းပိုက်လိုတဲ့ ထရမ့်ရဲ့ ဆန္ဒဟာ ပိုမိုပြင်းထန်တာတွေ့ရတယ်။

 “ဂရင်းလန်” ကို ရယူလိုခြင်းဟာ အမေရိကန်အတွက် အမျိုးသားလုံခြုံရေးဆိုင်ရာ ဦးစားပေးလုပ်ငန်းဖြစ်ပြီး အမေရိကန်ရဲ့ ပြိုင်ဘက် နိုင်ငံတွေ ဖြစ်တဲ့ ရုရှားနဲ့ တရုတ်နိုင်ငံတို့ရဲ့ အန္တရာယ်ကို ဟန့်တားနိုင်ဖို့ ဖြစ်တယ်လို့ အိမ်ဖြူတော် သတင်းပြန်ကြားရေးအဖွဲ့က ပြောကြားခဲ့တာ တွေ့ရတယ်။ သမ္မတ ထရမ့်က ဂရင်းလန်ကို ဒိန်းမတ်နိုင်ငံထံမှ ဝယ်ယူဖို့ လိုလားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ‘မာကိုရူ ဘီယို’ က လွှတ်တော်အမတ်များကို ပြောကြားခဲ့တယ်လို့ Wall Street Journal က ဖော်ပြခဲ့ဖူးတယ်လို့ ဆိုတယ်။

ဒါပေမဲ့ ‘ထရမ့်’ နဲ့ NATO အတွင်းရေးမှူးချုပ် ‘မာ့ခ်ရူတေ’ (Mark Rutte)တို့ ဒါဗို့စ်မြို့ ညီလာခံမှာ တွေ့ဆုံ စကား ပြောညှိနှိုင်းပြီးတဲ့နောက် အမေရိကန်ရဲ့  ဂရင်းလန်းကျွန်း ရပ်တည်ချက်ကို ဆန့်ကျင်တဲ့ နိုင်ငံတွေအပေါ် အခွန်တိုးကောက် မယ်လို့ ခြိမ်းခြောက်မှုကို သမ္မတ ဒေါ်နယ်ထရမ့် က ဇန်နဝါရီ ၂၁ ရက်မှာ ရုပ်သိမ်းခဲ့တယ်။ ဂရင်းလန်ကို  စစ်ရေးအရ သိမ်းမယ်ဆိုတဲ့ ခြိမ်းခြောက်မှုကိုလည်း ရုပ်သိမ်းခဲ့တယ်။ ဂရင်းလန်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) နဲ့ သဘောတူညီချက် မူကြမ်း အဆင့်အထိ ရောက်နေပြီလို့လည်း ဆိုတယ်။

အီတလီ ဝန်ကြီးချုပ် မယ်လိုနီ (Giorgia Meloni) က ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆို ကြောင်းပြောခဲ့တယ်။ ဒါပေမဲ့  မာ့ခ်ရူတေကတော့ ထရမ့်နဲ့ ဆက်လက်ညှိနှိုင်းနေဆဲဖြစ်ပြီး လုပ်စရာတွေ အများကြီးကျန်နေ သေးတဲ့အတွက် ထရမ့် ရဲ့ သဘောထားကို သတိထားပြီး ကြိုဆိုရမှာ ဖြစ်တယ်လို့ ဆိုတယ်။ မာခ့်ရူတေ အဆိုအရ အချုပ်အခြာအာဏာကိစ္စကို လုံးဝ မဆွေးနွေးခဲ့ဘူးလို့ သိရတယ်။ ဂရင်းလန်နဲ့ အာတိတ်ဒေသ လုံခြုံရေးကိစ္စကိုသာ အဓိကထား ဆွေးနွေးခဲ့တယ်လို့ ဆိုတယ်။

ဂျာမနီဝန်ကြီးချုပ် ‘ဖရီးဒရစ်ချ် မားဇ်’(Friedrich Merz) ကတော့ ထရမ့်ရဲ့ အလျှော့ပေးဆွေးနွေးမှုကို ကြိုဆိုပေမယ့် လက်ရှိရလဒ်ဟာ နေတိုး မဟာမိတ်အဖွဲ့ရဲ့ ကြိုးပမ်းအားထုတ်မှုအဖြစ်သာ ဖော်ပြခဲ့တယ်။ ‘ဒါဗို့စ်’ (Davos) မှာ ရခဲ့တဲ့ နားလည်မှုအရ ဥရောပ နေတိုးအဖွဲ့ဝင်တွေဟာ ရုရှားကို တားဆီးဖို့ အာတိတ်ဒေသမှာ ကင်းလှည့်တာတွေ ပိုလုပ်တော့မှာ ပါ။ ‘ဖရီးဒရစ်ချ် မားဇ်’ က အာတိတ်လုံခြုံရေးကို အရေးကြီးကြောင်း လက်ခံပေမယ့် အာဏာရှင်လို နိုင်ငံရေးလုပ်တာမျိုး ကိုတော့ မလိုလားကြောင်း သတိပေးခဲ့တယ်လို့ ဆိုတယ်။ ဂျာမနီရဲ့ အတိတ်က သမိုင်းဆိုးကို နမူနာပြပြီး ဒီလို အာဏာရှင် အတွေးအခေါ်မျိုးက ကမ္ဘာကြီးကို ကပ်ဘေးကျရောက်စေလိမ့်မယ်လို့ ‘ဖရီးဒရစ်ချ် မားဇ်’ က ဆိုတယ်။

ဒိန်းမတ်အစိုးရအနေနဲ့လည်း ဂရင်းလန်ကျွန်းကို အမေရိကန် သိမ်းယူမယ့်ကိစ္စ လုံးဝ လက်မခံဘူးလို့ ကြေညာထားပါတယ်။ ဒိန်းမတ် ဝန်ကြီးချုပ် Mette Frederiksen က လုံခြုံရေးနဲ့ စီးပွားရေးကိစ္စတွေကို ဆွေးနွေးနိုင်ပေမယ့် ဂရင်းလန်ကျွန်း ပိုင်ဆိုင်ခွင့်ကိုတော့ ဘယ်တော့မှ ဆွေးနွေးမှာမဟုတ်ဘူးလို့ ထပ်ပြောပါတယ်။

အပြန်အလှန် နားလည်မှုအပေါ် အခြေခံပြီး ဖေဖော်ဝါရီ ၁ ရက်မှာ အသက်ဝင် ဖို့ စီစဉ်ထားတဲ့ အခွန်ကို မကောက် တော့ဘူးလို့ သမ္မတထရမ့် က နေတိုး အတွင်းရေးမှူးချုပ် ‘မာ့ခ်ရူတေ’ နဲ့ ဒါဗို့စ်ညီလာခံ မှာ တွေ့ပြီး တဲ့နောက် Truth Social လူမှုကွန်ရက်ပေါ်မှာ ရေးခဲ့တာဖြစ်တယ်။ ဂရင်းလန်အရေး ဖြေရှင်းချက်ပြီးမြောက်တဲ့အခါ  အမေရိကန်ပြည်ထောင်စု နဲ့  NATO အဖွဲ့ဝင် နိုင်ငံအားလုံးအတွက် ကောင်းမွန်တဲ့ ရလဒ် ဖြစ်လာလိမ့်မယ်လို့ ထရမ့် က ဆိုပေမယ့် သူ့စကားကို အတည်ပြုဖို့ မလွယ်သေးဘူးလို့ဆိုတယ်။

 “အမေရိကန်တဲ့ ဟေ့ …ဘာဖြစ်ချင်သလဲ”

ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ် မာဒူရို (Nicolás Maduro) ကို အဓမ္မ ဖမ်းဆီး ခေါ်ထုတ်ခဲ့ပြီးတဲ့နောက် သမ္မတထရမ့်ဟာ အမေရိကန် ပြည်ထောင်စုအနေနဲ့  ဗင်နီဇွဲလားနိုင်ငံကို အုပ်ချုပ်ရေးကိစ္စမှာ ပါဝင်ပတ်သက်ဖို့ ဆုံးဖြတ်ထားပုံရတယ်။ သူ လုပ်နိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်လုပ်ဖို့ အားထုတ်နေပုံပါပဲ။ ဒီအတွက် ဒိန်းမတ်၊ ကျူးဘား၊ နီကာရာဂွါ၊ မက္ကဆီကို၊ ကနေဒါ၊ ကိုလံဘီယာနဲ့ အီရန်နိုင်ငံတွေကို ခြိမ်းခြောက်တယ်။ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ဘတ်ဂျက်ကိုလည်း ၅၀ ရာခိုင်နှုန်း ထပ်တိုးခဲ့ပြီး ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံအထိ တိုးမြှင့် လိုက်တယ်။ ရုရှား ရေနံတင်သင်္ဘောတွေကို ဖမ်းတာ ဆီးတာ သိမ်းဆည်းတာတွေအထိ လုပ်လာတယ် စသဖြင့် နိုင်ငံရေးလေ့လာသုံးသပ်သူ ‘ဟန်ဖေအီဇီ’ (Han Feizi) က ဇန်နဝါရီ ၁၂ ရက် “Asia Times”အွန်လိုင်း သတင်းစာမှာ သုံးသပ်တင်ပြထားတယ်။ ‘ဟန်ဖေအီဇီ’ဟာ ရေနံနဲ့ ဓာတ်ငွေ့ ကျွမ်းကျင်ပညာရှင် လည်းဖြစ်ပါတယ်။

 ‘ဟန်ဖေအီဇီ’အဆိုအရ သမ္မတ ထရမ့် က သူ့လုပ်ရပ်တွေအတွက် အကြောင်းပြချက်ပေးရာမှာ မူးယစ်ဆေးဝါး အခြေပြု အကြမ်းဖက်မှု၊ တရား မဝင် ရွှေ့ပြောင်းဝင်ရောက်နေထိုင်မှု၊ တရုတ် ရုရှား အီရန်တို့ရဲ့ အားပြိုင်မှု၊ ရေနံ၊ မြေရှား သတ္တု၊ အာတိတ်ဒေသလုံခြုံရေး စတာတွေ ဖော်ပြထားတယ်။ ဒီအပြင် “ဒွန်ရိုးဝါဒ (Donroe Doctrine)” လို့ ကြွေးကြော်ပြီး “အမေရိကန်တဲ့ ဟေ့ …ဘာဖြစ်ချင်သလဲ” (America, f**k yeah!) စတဲ့ မူဝါဒတွေနဲ့ ထင်တိုင်းကြဲနေတဲ့ ထရမ့်လို့ ဆိုရမှာ ဖြစ်ကြောင်း ဝေဖန်ထားတယ်။

ယိမ်းယိုင်ချည့်နဲ့နေတဲ့ အကျိုးရလဒ်တွေနဲ့ အစီအစဉ်တကျ မရှိတဲ့ ငွေကြေးစီးဝင်မှုတွေကို ထောက်ပြပြီး နိဂုံး သုံးသပ်ချက် ရှာနေလို့ကတော့  အရူး တစ်ယောက်ရဲ့ ထင်ရာစိုင်းနေတာမျိုးပဲ ဖြစ်ပါလိမ့်မယ်လို့ ‘ဟန်ဖေအီဇီ’ကဆိုတယ်။ ဒါတွေက စနစ်တကျ လေ့လာ စိစစ်မှုကို ခံနိုင်စွမ်း ရှိဖို့အတွက် ရည်ရွယ်ပြင်ဆင်ထားတာမျိုး မဟုတ်လို့လည်း ဖြစ်ပါလိမ့်မယ်။ လျော့တိလျော့ရဲဖြစ်နေတဲ့ လစ်ဟာချက်တချို့ကို  လက်တွေ့ ထောက်ပြလို့ ရပေမယ့် အားလုံးကို ခရေစေ့တွင်းကျ တစ်ခုချင်းစီ လိုက်ရှင်းနေပြန်ရင်လည်း ကရွတ်ကင်းလျှောက် သံသရာ လည်နေ ပါလိမ့်မယ်။ အခြေအမြစ်မရှိတဲ့ ဟန်ပြစနစ် ဇယားတွေ ထွက်ပေါ်လာနေတဲ့ နှုန်းထားက အဲဒီ စနစ်ဇယားတွေကို စနစ်တကျ ရှင်းပြနိုင်တဲ့ နှုန်းစံထက် အတိုင်းအဆ မရှိအောင် ပိုပြီး မြန်နေတာကြောင့်လည်း ဖြစ်တယ်။

အန္တရာယ်ကင်းဘေးရှင်းစေဖို့အတွက် ကမ္ဘာကြီးအနေနဲ့ သမ္မတ ထရမ့်ဟာ မျက်ကန်းမှန်းဆ ပရမ်းပတာလုပ်နေ တယ်လို့သာ သဘောထား လိုက်လို့လည်း ရပါတယ်။ ဘာကြောင့် ဒီလို ပရမ်းပတာ လုပ်ရသလဲဆိုတာကိုတော့ နောင်ကျမှ သာ စဉ်းစားကြည့်ပါ။ ထရမ့်ရဲ့ တစ်ခုတည်း သော တက်ကြွနှိုးဆော်မှု တွန်းအားကတော့ “အမေရိကန်တဲ့ဟေ့.. လုပ်ချင်လို့ လုပ်တယ် .. ဘာဖြစ်ချင်လဲ” ဆိုတဲ့ သူ့ကိုယ်သူ ငါမှငါဆိုတဲ့ ဘဝင်မြင့်လွန်းတဲ့ စိတ်ရောဂါခံစား နေရမှုကြောင့်  လုပ်ချင်ရာ လုပ်နေတာမျိုးသာ ဖြစ်တယ်လို့ အခိုင်အမာ ယုံကြည်နေကြတယ်။

အာတိတ်ဒေသ ဒုံးကျည်လမ်းကြောင်းကိစ္စ ကျွမ်းကျင်သူတို့ရဲ့  လေ့လာသုံးသပ်ချက်၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့နဲ့ ဆက်စပ်တဲ့ စီးပွားရေး အကျိုးအမြတ် ဆိုတာတွေက ဗြုန်းစားကြီး ပေါ်လာတဲ့ အချက်အလက်တွေဖြစ်တယ်။ အဲဒီ အရေး ကိစ္စတွေကို ဆွေးနွေးကြတယ်လို့ ဆိုတာက ဝတ်လစ်စလစ် ဧကရာဇ်ဘုရင်ကြီးကို အဝတ်တန်ဆာ ဆင်ပေးဖို့ ကြိုးစား နေကြသလို ဖြစ်နေပုံပါပဲ။

ဘယ်သူမှ စစ်တုရင်ကစားရာမှာ လေးကွက်လောက် ကြိုမြင်ပြီး ကစားနေကြတာ မဟုတ်ပါဘူး။ ဒါတွေအားလုံးဟာ ဗီယက်နမ်၊ ဆိုမာလီယာ၊ အီရတ်၊ လစ်ဗျား၊ အာဖဂန်နစ္စတန်နဲ့ ပင်လယ်နီတို့မှာ ဖြစ်ခဲ့သလိုပဲ မျက်ရည်အိုင်ထဲမှာ ဇာတ်သိမ်း ရတာမျိုး ဖြစ်လိမ့်မယ်လို့ ‘ဟန်ဖေအီဇီ’ က ဝေဖန်ထားတယ်။

မာ့ခ် ကာနေး (Mark Carney) ပုံဖော်ပြတဲ့ ကမ္ဘာ အက်ကွဲမှု အလှည့်အပြောင်း

ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ကနေဒါဝန်ကြီးချုပ် ‘မာ့ခ် ကာနေး’ မိန့်ခွန်းပြောနေစဥ် (credit: author)

ဒီအတောအတွင်း ဆွစ်ဇာလန်နိုင်ငံ Davos မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ကနေဒါဝန်ကြီးချုပ် ‘မာ့ခ် ကာနေး’ (Mark Carney) ပြောကြားခဲ့တဲ့ မိန့်ခွန်းဟာ အတော်လေးနက်ပြီး မှတ်သားစရာတွေ များလှပါတယ်။ အဓိက အားဖြင့် ထရမ့်ရဲ့ ဗိုလ်ကျစိုးမိုးလိုတဲ့ ‘အမေရိကန် ပထမဝါဒ’ကို လက်မခံကြောင်းနဲ့ အင်အားနည်းတဲ့ နိုင်ငံတွေအချင်းချင်း အပြန်အလှန်အကျိုးပြုပေါင်းစည်းကြဖို့ ကာနေးက နှိုးဆော် ထားတာဖြစ်ပါတယ်။ သူ့ပြောကြားချက် အချို့ကို ကောက်နှုတ်ဖော်ပြလိုပါတယ်။ “ကျွန်တော် မကွယ်မထောက် တဲ့တိုးပဲ ပြောမယ်။ ကျွန်တော်တို့ လက်ရှိရောက်နေတာဟာ အသွင်ကူးပြောင်းနေတဲ့ ကာလထဲမှာ မဟုတ်ပါဘူး။ အက်ကွဲပြိုပျက်မှု (Rupture) လို့ဆိုရမယ့် သဘောထားကွဲလွဲမှုတွေ ကြားထဲ ရောက်နေတာ ဖြစ်ပါတယ်”

 “လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်းမှာ ဘဏ္ဍာရေး၊ ကျန်းမာရေး၊ စွမ်းအင်နဲ့ ပထဝီနိုင်ငံရေးဆိုင်ရာ ဘေးကျပ်နံကျပ် ဖြစ်မှုတွေ ဆက်တိုက် ဖြစ်ပေါ်ခဲ့တာ ကြုံတွေ့ခဲ့ရတယ်။ ဒီနောက်မှာ အန္တရာယ်ကြီးလွန်းတဲ့ ကမ္ဘာကြီးတစ်ခုလုံး ပေါင်းစည်း မှုကို လွယ်လွယ်လုပ်ခဲ့ကြတယ်။ မကြာသေးခင်က ကမ္ဘာ့ အင်အားကြီးနိုင်ငံတွေဟာ စီးပွားရေး ပေါင်းစည်းမှုကို လက်နက် သဖွယ် စတင်အသုံးပြုလာခဲ့ကြတယ်။ အကောက်ခွန်တွေကို သြဇာအာဏာသဖွယ် အသုံးချလာခဲ့တယ်။ ဘဏ္ဍာရေး အဆောက်အအုံတွေကို ခြိမ်းခြောက် ဖိအားပေးစရာအဖြစ် သုံးလာကြတယ်။ ထောက်ပံ့ရေး ကွင်းဆက်တွေကို အမြတ် ထုတ်စရာ အားနည်းချက်တွေအဖြစ် အသုံးချခဲ့ကြတယ်”

 “ပေါင်းစည်းဆောင်ရွက်ခြင်းလို့ ဆိုပေမယ့် ကိုယ်ကိုယ်တိုင် သူများ လက်အောက်ခံအဖြစ် ရောက်မှန်းမသိ ရောက်နေမှတော့ အဲဒီ ပေါင်းစည်းမှုဟာ အပြန်အလှန် အကျိုးရှိပါတယ်ဆိုတဲ့ “မုသားဘောင်အတွင်း နေထိုင်ခြင်း” ပဲ ဖြစ်နေမှာ ပေါ့။ ဒီနည်းနဲ့ ရှင်သန်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”

 “အင်အားကြီးနိုင်ငံတွေအနေနဲ့ ကိုယ့်ဘာသာ သွားနိုင်ပါတယ်။ သူတို့မှာ ကိုယ်ပိုင်ဈေးကွက်အရွယ်အစား ရှိပြီးဖြစ်တယ်။ စစ်အင်အားနဲ့ စွမ်းနိုင်ရည်လည်းရှိတယ်။ စည်းဘောင်တွေတွေ ချမှတ်ဆောင်ရွက်နိုင်တဲ့ သြဇာအာဏာတွေ လည်း ရှိကြတယ်။ အင်အားအလယ်အလတ် နိုင်ငံတွေမှာကျတော့ အဲဒီ အချက်တွေ မရှိကြဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့ အင်အားကြီးနိုင်ငံ တစ်နိုင်ငံနဲ့ နှစ်ဦးနှစ်ဖက်ညှိနှိုင်းရမယ်ဆိုရင် အားနည်းတဲ့ အနေအထားကနေ ညှိနှိုင်းရမှာ ဖြစ်တယ်။ ပေးသမျှပဲ ယူခွင့်ရမှာ ဖြစ်ပါတယ်။ ဘယ်သူက အကောင်းဆုံး လိုက်လျော ပေးနိုင် သလဲ ဆိုတဲ့အနေအထားနဲ့  အချင်းချင်းတောင် ပြိုင်ဆိုင်နေကြရမှာ ဖြစ်ပါတယ်”

 “ဒါဟာ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု ရှိတာမဟုတ်ပါဘူး။ သူများအကြိုက်ဆောင်ရင်းနဲ့ ကိုယ့်မှာ အချုပ်အခြာ အာဏာ ရှိလေဟန် အယောင်ဆောင် ခြင်းမျှသာ ဖြစ်ပါတယ်။ အင်အားကြီးနိုင်ငံတွေ အာဏာပြိုင်ဆိုင်နေတဲ့ ကမ္ဘာကြီးရဲ့ ကြားထဲမှာရောက်နေတဲ့ နိုင်ငံတွေ အတွက် ရွေးချယ်စရာ ရှိပါတယ်။ မျက်နှာသာရဖို့ ကိုယ့်အချင်းချင်း ပြိုင်ဆိုင်ကြမလား၊ ဒါမှမဟုတ် အားလုံးပေါင်းပြီး ထိရောက်မှုရှိတဲ့ တတိယလမ်းကြောင်းတခု ဖောက်ကြမလား ဆိုတာပါပဲ”

 “စစ်ရေးအင်အားအရ တန်ခိုးသြဇာ အာဏာတွေ ကြီးထွားလာတာကို ကြည့်ပြီး တရားဝင်မှု၊ သိက္ခာတရားနဲ့ စည်းမျဉ်းဥပဒေတွေရဲ့ စွမ်းအားကို မေ့သွားလို့ မဖြစ်ပါဘူး။ ကျွန်တော်တို့သာ အတူတကွ ကိုင်စွဲထားမယ်ဆိုရင် ဒီစွမ်းအားတွေက ခိုင်မာနေဦးမှာ ဖြစ်ပါတယ်”

ဖော်ပြပါ သဘောထား ကောက်နုတ်ချက်တွေဟာ အင်အားအလယ်အလတ် နိုင်ငံတွေ အချင်းချင်း ပေါင်းစည်းပြီး အမေရိကန်သမ္မတ ထရမ့်ရဲ့ ဗိုလ်ကျစိုးမိုးရေးဝါဒကို ခုခံတွန်းလှန်ကြဖို့ ကနေဒါဝန်ကြီးချုပ် ‘မာ့ခ် ကာနေး’ ရဲ့ နှိုးဆော်ချက် တွေ ဖြစ်ပါတယ်။ ကာနေး က အင်အားကြီး နိုင်ငံတွေမှာ သူတို့ သြဇာအာဏာနဲ့ သူတို့ ရှိကြသလိုပဲ ကျွန်တော်တို့မှာ လည်း ရှိပါတယ်လို့ အားပေးထားတာတွေ့ရတယ်။ ဟန်ဆောင်နေတာ ကို ရပ်တန့်နိုင်စွမ်း၊ လက်တွေ့ အမှန်တရားကို နာမည် တပ်ပြီး ပြောရဲတဲ့စွမ်းရည်၊ ကိုယ့်နိုင်ငံမှာ ကိုယ့်အင်အားကို တည်ဆောက်နိုင်စွမ်းနဲ့ အတူတကွ လက်တွဲ ပူးပေါင်း ဆောင်ရွက်နိုင် တဲ့ စွမ်းရည်တွေ ကျွန်တော်တို့မှာလည်း ရှိပါတယ်လို့ ကနေဒါဝန်ကြီးချုပ်က ပြောသွားတာ ဖြစ်ပါတယ်။

ဒီ ရွေးချယ်မှုဟာ ကနေဒါရဲ့ လမ်းကြောင်းဖြစ်ပါတယ်လို့ မာခ့်ကာနေး ကပြောပြီး ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ယုံယုံကြည်ကြည် ရွေးချယ် ထားတာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ် (Davos) မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ကနေဒါဝန်ကြီးချုပ် မာခ့်ကာနေး ပြောကြားခဲ့တဲ့ မိန့်ခွန်းကို ကြားပြီးတဲ့နောက် သမ္မတ ထရမ့်က သူ့ရဲ့ “Board of Peace” (ငြိမ်းချမ်းရေးအဖွဲ့) မှာ ပါဝင်ဖို့ ကနေဒါ ဝန်ကြီးချုပ်ကို ကမ်းလှမ်းထားစာကို ချက်ချင်း မဆိုင်းမတွနဲ့ ပြန်ရုပ်သိမ်းလိုက်တယ်လို့ သတင်းတွေအရသိရတယ်။ ဒါဟာ ဒီနေ့ခေတ် ကမ္ဘာကြီးရဲ့ အလွန်ကြီးမားတဲ့ အက်ကွဲမှု အလှည့်အပြောင်းကြီးရဲ့ ပဏာမ သမိုင်းလက်တွေ့ ဖြစ်ရပ်တွေလို့ ပြောဆို ဝေဖန်သံတွေ ကိုလည်း ကြားနေရပြီ ဖြစ်ပါတယ်။

References:

၁။ Contrasting Chinese and US power plays in Venezuela and beyond, by Han Feizi, January 12, 2026, Asis Times.

၂။ Donald Trump’s adventurism is unsettling China, The Economist, Jan 20th 2026, Taipei

၃။ Trump declaration of Greenland framework deal met with scepticism amid tariff relief, By Jonathan Yerushalmy; Thu 22 Jan 2026

၄။ Read Mark Carney’s full speech on middle powers navigating a rapidly changing world, CBC News Jan 20, 2026

Click to rate this post!
[Total: 0 Average: 0]