The Corner

The Corner

cropped-Logo_round_grey-background.png

ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲအလွန် နိုင်ငံရေးအခင်းအကျင်းသစ်

Share မယ်

(Feature article: အသေးစိတ် လေ့လာသုံးသပ်ချက်)

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သော ထိုင်းနိုင်ငံ၏ အမျိုးသား ရွေးကောက်ပွဲသည် အရှေ့တောင်အာရှ ဒေသတွင်း၌သာမက ကမ္ဘာ့အဆင့်တွင်ပါ စိတ်ဝင်စားစရာ ကောင်းသည့် နိုင်ငံရေးအလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့သည်။ ဤရွေးကောက်ပွဲသည် ထိုင်းနိုင်ငံ၏ မငြိမ်မသက်ဖြစ်နေသော ဒီမိုကရေစီသမိုင်းကြောင်းတွင် နောက်ထပ်အခန်းကဏ္ဍသစ်တစ်ခုကို ဖွင့်လှစ်ပေးလိုက်ခြင်း ဖြစ်သည်။ ရွေးကောက်ပွဲရလဒ်သည် တိုးတက်သောဝါဒီ (Progressive) အင်အားစုများအတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်စေခဲ့ပြီး၊ ကွန်ဆာဗေးတစ် (Conservative) အင်အားစုများအတွက်မူ မမျှော်လင့်ထားသော အောင်ပွဲတရပ် ဖြစ်လာခဲ့သည်။

ဘွန်ဂျိုင်ထိုင်း (Bhumjaithai) ၏ အံ့အားသင့်ဖွယ် အောင်ပွဲနှင့် အမျိုးသားရေးလှိုင်း

ထိုင်း ရွေးကောက်ပွဲတွင် မဲအများဆုံးအနိုင်ရသွားသူ ဝန်ကြီးချုပ် အနုတင် ချာန်ဝီရာကူးလ်၏ ဘွန်ဂျိုင်ထိုင်းပါတီ (Photo: Nikkei Asia)

ရွေးကောက်ပွဲကော်မရှင်၏ မဲအရေအတွက် ၉၀ ရာခိုင်နှုန်းကျော် ရေတွက်ပြီးစီးချိန်တွင် ဝန်ကြီးချုပ် အနုတင် ချာန်ဝီရာကူးလ် ၏ ဘွန်ဂျိုင်ထိုင်းပါတီသည် အမတ်နေရာ ၁၉၄ နေရာအထိ အနိုင်ရရှိခဲ့သည်။ ၎င်းသည် ယခင် ၂၀၂၃ ရွေးကောက်ပွဲက ရရှိထားသော ၇၁ နေရာနှင့် ယှဉ်လျှင် နှစ်ဆကျော်ကျော် (၁၇၀ ရာခိုင်နှုန်းခန့်) ပိုမိုများပြားလာခြင်း ဖြစ်သည်။

အဆိုပါ အောင်မြင်မှုသည် အနုတင်၏ နိုင်ငံရေး စွန့်စားမှု အောင်မြင်ခြင်းလည်း ဖြစ်သည်။ အနုတင် ဝန်ကြီးချုပ်ရာထူးလွှဲပြောင်းယူပြီး လပိုင်းအကြာမှာပင် ရွေးကောက်ပွဲကို စောစော ကျင်းပရန် ဆုံးဖြတ် ကြေညာခဲ့လေသည်။ ထိုဆုံးဖြတ်ချက် နောက်ကွယ်တွင် ပြီးခဲ့သည့်နှစ်က ကမ္ဘောဒီးယားနှင့် ဖြစ်ပွားခဲ့သော နယ်စပ်ပဋိပက္ခများကို အသုံးချကာ “အမျိုးသားရေးဝါဒ” ကို မီးထိုးပေးနိုင်ခဲ့ခြင်းက အဓိက အသက်သွေးကြော ဖြစ်ခဲ့သည်ဟု ကျွမ်းကျင်သူများက ယူဆထားကြသည်။ ထိုင်းလူထု အတွင်း မျိုးချစ်စိတ်ဓာတ် မြင့်တက်လာမှုသည် စစ်တပ်နှင့် နီးစပ်ပြီး တည်ငြိမ်မှုကို ရှေ့တန်းတင်သည့် ဘွန်ဂျိုင်ထိုင်းပါတီသို့ မဲများ ရောက်ရှိ သွားစေခဲ့သည်။

ဒုတိယနေရာဖြင့် ကျေနပ်ခဲ့ရသော ပြည်သူ့ပါတီ (People’s Party) အတွက် စိန်ခေါ်မှုများ

ဒီမိုကရေစီလိုလားသူများနှင့် လူငယ်ထု၏ အားကိုးရာဖြစ်သော ပြည်သူ့ပါတီ (အမည်သစ်ဖြစ်ပြီး ယခင် Move Forward ၏ မျိုးဆက်) မှာမူ အမတ်နေရာ ၁၁၆ နေရာသာ ရရှိခဲ့သည်။ ဤသည်မှာ ၂၀၂၃ ခုနှစ်က ရရှိခဲ့သော ၁၅၁ နေရာထက် ၃၅ နေရာခန့် လျော့ကျသွားခြင်း ဖြစ်သည်။

ပြည်သူ့ပါတီ၏ ဆုတ်ယုတ်မှုမှာ လူထုထောက်ခံမှု လျော့နည်းသွားခြင်းကြောင့်ထက် “ဖိအားများ” ကြောင့်ဟု ဆိုလျှင် မမှားနိုင်ပါ။ တော်ဝင်မိသားစု အသရေဖျက်မှုဥပဒေ ကို ပြင်ဆင်ရန် ကြိုးပမ်းမှုကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက ပြည်သူ့ပါတီကို ခြိမ်းခြောက်ခဲ့ခြင်း၊ လူငယ်များအတွင်း ကျော်ကြားသည့် ထိပ်တန်း ခေါင်းဆောင်များ နိုင်ငံရေးမှ ဖယ်ရှားခံရခြင်းတို့သည် ပါတီ၏ မဲဆွယ်နိုင်စွမ်းကို သိသိသာသာ ထိခိုက်စေခဲ့သည်။ ၎င်းတို့၏ တိုးတက်သော မူဝါဒများသည် ရှေးရိုးစွဲအင်အားစုများ၏ အပြင်းအထန် ခုခံမှုကို ခံခဲ့ရသည်။

တတိယနေရာက ဖြူးထိုင်း (Pheu Thai) နှင့် သက်ဆင်၏ ဩဇာကျဆင်းလာခြင်း

ထိုင်းနိုင်ငံရေးတွင် ဆယ်စုနှစ်နှစ်ခုကျော် လွှမ်းမိုးခဲ့သော သက်ဆင်ရှင်နာဝပ် နှင့် ၎င်း၏ ဖြူးထိုင်းပါတီမှာမူ ယခုရွေးကောက်ပွဲတွင် အမတ်နေရာ ၇၆ နေရာဖြင့် တတိယနေရာသို့ ရောက်ရှိသွားခဲ့သည်။ ဤသည်မှာ ဖြူးထိုင်းပါတီ၏ သမိုင်းတလျှောက် အနိမ့်ဆုံး ရလဒ်များထဲမှ တစ်ခုဖြစ်သည်။

သက်ဆင်၏ ပြည်တော်ပြန်လာမှုနှင့် နောက်ကွယ်က နိုင်ငံရေး သဘောတူညီချက်များသည် အမာခံ ထောက်ခံသူ (Red Shirts) အချို့ကို စိတ်ပျက်စေခဲ့ပုံရသည်။ ထို့ပြင် ကွန်ဆာဗေးတစ်မဲများကို ဘွန်ဂျိုင်ထိုင်းက ဆွဲဆောင်သွားပြီး၊ တိုးတက်သောမဲများကို ပြည်သူ့ပါတီသို့ ရွှေ့ပြောင်းသွားခြင်းက ဖြူးထိုင်းပါတီအဖို့ ကြားညပ်သွားသည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့ခြင်း ဖြစ်ပေမည်။

စတုတ္ထနေရာအထိ တိုးတက်လာသည့် ကလာသမ်ပါတီ (Kla Tham Party) ၏ အခြေအနေ

ကလာသမ်ပါတီသည် အမတ်နေရာ ၅၈ နေရာ ခန့် အထိ အနိုင်ရရှိခဲ့ပြီး၊ ဒီမိုကရက်ပါတီ (Democrat Party) ကို ကျော်ဖြတ်ကာ စတုတ္ထအကြီးဆုံးပါတီ ဖြစ်လာခဲ့သည်။ ပါတီကို ထိုင်းနိုင်ငံရေးတွင် ဩဇာကြီးမားသူတစ်ဦးဖြစ်သည့် ဒုတိယဝန်ကြီးချုပ် သမ္မနတ် ပရွန်ဖောင်း (Thamanat Prompow) က ဦးဆောင်ထားခြင်း ဖြစ်သည်။ ကလာသမ်ပါတီသည် အသစ်ဖွဲ့စည်းထားသော ပါတီဖြစ်သော်လည်း ပါလန်းပရာချာရတ်ပါတီ (Palang Pracharath) မှ ထွက်ခွာလာသည့် အမတ်ဟောင်း အများအပြား ပါဝင်လာခြင်းကြောင့် အင်အား တောင့်တင်းသော ပါတီတစ်ခု ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

စတုတ္ထနေရာဖြင့် အနိုင်ရခဲ့သော်လည်း ကလာသမ်ပါတီသည် အနိုင်ရ ဘွန်ဂျိုင်ထိုင်းပါတီ (Bhumjaithai) နှင့် အနီးကပ် ဆက်ဆံရေးရှိသည့်အတွက် ဝန်ကြီးချုပ် အနုတင် ဦးဆောင်မည့် ညွန့်ပေါင်း အစိုးရသစ်တွင် အဓိကကျသော မဟာမိတ်အဖွဲ့ဝင်အဖြစ် ပါဝင်လာရန် သေချာသလောက် ရှိနေပါသည်။

အလဲထိုးခံရပြီး ပဥ္စမနေရာက ဒီမိုကရက်ပါတီ (Democrat Party)

ရွေးကောက်ပွဲမတိုင်မီကာလာက တတိယနေရာတွင် တစ်ပြေးနေသည့် ထိုင်းနိုင်ငံ၏ သက်တမ်း အရင့်ဆုံး ပါတီဖြစ်သော ဒီမိုကရက်ပါတီသည် ယခု ရွေးကောက်ပွဲတွင် အမတ်နေရာ ၂၂ နေရာ (အချို့သော စာရင်းများအရ ၂၀ မှ ၂၂ နေရာကြား) ရရှိခဲ့ပြီး ပဉ္စမနေရာ၌သာ ရလဒ်ကို လက်ခံ လိုက်ရပါသည်။ အကောင်းဘက်မှ ကြည့်မည် ဆိုလျှင် ဒီမိုကရက်ပါတီ၏ ယခု ရလဒ်မှာ ယခင် ၂၀၂၃ ခုနှစ်က ရရှိခဲ့သော ၂၅ နေရာနှင့် ယှဉ်လျှင် အနည်းငယ် ကျဆင်းသွားသော်လည်း အချို့သော နယ်ပယ်များတွင် ပြန်လည်ဦးမော့လာသည်ကို တွေ့ရပါသည်။

ဝန်ကြီးချုပ်ဟောင်း အဘိဆစ် ဝေ့ချာချီဝ (Abhisit Vejjajiva) သည် ယခုရွေးကောက်ပွဲတွင် ပါတီ၏ ဝန်ကြီးချုပ်လောင်းအဖြစ် ပြန်လည်ဦးဆောင်လာခြင်းကလည်း ပါတီ၏ ပုံရိပ်နှင့် ထောက်ခံမှုကို ပြန်လည်ဆွဲတင်ရာတွင် အရေးပါသော အချက်တစ်ချက် ဖြစ်ခဲ့သည်။

ဘွန်ဂျိုင်ထိုင်းပါတီအနေဖြင့် အစိုးရဖွဲ့ရန် အမတ်နေရာ မလုံလောက်သေးသည့်အတွက် ဒီမိုကရက်ပါတီသည် အစိုးရသစ်တွင် ပါဝင်လာမည့် အလားအလာရှိသော ညွန့်ပေါင်းမိတ်ဖက်အဖြစ် ရှုမြင်ခံနေရသည်။

အနှစ်ချုပ်အားဖြင့် ၂၀၂၆ ခုနှစ် ထိုင်းရွေးကောက်ပွဲတွင် အစဉ်အလာကြီးမားသော ဒီမိုကရက်ပါတီနှင့် ဖြူးထိုင်းပါတီတို့ အားနည်းသွားချိန်တွင် ကလာသမ်ပါတီ ကဲ့သို့သော အင်အားစုသစ်များက ကွန်ဆာဗေးတစ် နိုင်ငံရေးအခင်းအကျင်းတွင် နေရာယူလာခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၈ ရက်ည ထိုင်းရွေးကောက်ပွဲည သန်းကောင်ယံမတိုင်မှီ ပေါ်ထွက်လာသည့် ပါတီများ၏ အခြေအနေ (Photo: The Nation Thailand)

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒခံယူပွဲ

၂၀၂၆ ရွေးကောက်ပွဲ၏ ထူးခြားချက်တစ်ခုမှာ ၂၀၁၄ ထိုင်းစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံကို အစားထိုးရန်အတွက် ကျင်းပသော ဆန္ဒခံယူပွဲဖြစ်သည်။ မဲဆန္ဒရှင် အများစုသည် ဖွဲ့စည်းပုံအသစ် ရေးဆွဲရေးကို ထောက်ခံမဲ ပေးခဲ့ကြသည်။

သို့သော်လည်း ဖွဲ့စည်းပုံအသစ် ရေးဆွဲရေး လုပ်ငန်းမှာ ရှည်လျားပြီး ခက်ခဲနိုင်ဖွယ်ရာရှိသည်။ အထူးသဖြင့် စစ်တပ်က ခန့်အပ်ထားသော အထက်လွှတ်တော်နှင့် အာဏာရလာမည့် ကွန်ဆာဗေးတစ် ညွန့်ပေါင်းအစိုးရတို့သည် ၎င်းတို့၏ အခွင့်အရေးများကို ထိခိုက်စေမည့် ပြင်ဆင်မှုမျိုးကို အလွယ်တကူ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ဖွဲ့စည်းပုံအသစ်သည် ထိုင်းနိုင်ငံရေး၏ အကျပ်အတည်းကို ဖြေရှင်းပေးနိုင်မလား သို့မဟုတ် ပိုမိုနက်ရှိုင်းစေမလားဆိုသည်မှာ စောင့်ကြည့်ရဦးမည်ဖြစ်သည်။

အတိုက်အခံတို့အတွက် အနာဂတ်

ရွေးကောက်ပွဲအပြီး နာရီပိုင်းအကြာမှာပင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ပြည်သူ့ပါတီ မှ အမတ်ဟောင်း ၄၄ ဦးကို ကျင့်ဝတ်ဖောက်ဖျက်မှုဖြင့် တရားစွဲရန် ပြင်ဆင်လာခြင်းမှာ အလွန်ပင် တိုက်ဆိုင်လှသည်ဟု ဆိုနိုင်ပေသည်။

တစ်ဖက်မှကြည့်မည်ဆိုလျှင် အဆိုပါ တိုက်ဆိုင်လှသည့် အရေးယူမှုသည် ရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားသော တိုးတက်သော အင်အားစုများကို နိုင်ငံရေးအခင်းအကျင်းမှ အမြစ်ပြတ်ချေမှုန်းရန် ကြိုးပမ်းမှုတစ်ခုအဖြစ် ရှုမြင်နိုင်ပါသည်။ ဝန်ကြီးချုပ်လောင်း နတ်သဖုန်း ရောင်းပညာဝပ် အပါအဝင် ခေါင်းဆောင်ပိုင်းများ တစ်သက်တစ်ကျွန်း ပိတ်ပင်ခံရပါက ထိုင်းနိုင်ငံတွင် လမ်းပေါ်ထွက် ဆန္ဒပြမှုများ တကျော့ပြန် ပေါ်ပေါက်လာနိုင်သည့် အခြေအနေ ရှိနေပေသည်။

ရွေးကောက်ပွဲအလွန် ထိုင်းနိုင်ငံ စီးပွားရေးနှင့် နိုင်ငံတကာ ဆက်ဆံရေး သုံးသပ်ချက်

ထိုင်းနိုင်ငံ၏ စီးပွားရေးသည် လက်ရှိတွင် အိမ်ထောင်စုကြွေးမြီ မြင့်မားခြင်းနှင့် အမေရိကန်၏ အခွန်တိုးမြှင့်မှုများကြောင့် အားနည်းနေသည့် အခြေအနေတွင် ရှိနေသည်။ အနုတင်၏ အစိုးရသစ်သည် ခိုင်မာသော အမတ်နေရာများ ရရှိထားသဖြင့် စီးပွားရေးတည်ငြိမ်မှုကို ဖော်ဆောင်နိုင်မည်ဟု ဈေးကွက်က မျှော်လင့်ထားသည်။

သို့သော် ပထဝီဝင်နိုင်ငံရေးအရ ထိုင်းနိုင်ငံသည် အမေရိကန်၏ စာချုပ်ဝင်မဟာမိတ် ဖြစ်သော်လည်း၊ အနုတင်လက်ထက်တွင် အကြီးဆုံးကုန်သွယ်ဘက်ဖြစ်သော တရုတ်နိုင်ငံ နှင့် ပိုမိုနီးကပ်သော ဆက်ဆံရေး (China-aligned) ကို ဦးတည်သွားဖွယ် ရှိသည်။ ဤသည်မှာ ဒေသတွင်း အမေရိကန်၏ ဩဇာ လွှမ်းမိုးမှုကို တန်ပြန် စိန်ခေါ်မှုတစ်ရပ် ဖြစ်စေနိုင်ပါသည်။

နိဂုံးနှင့် သုံးသပ်ချက်

၂၀၂၆ ထိုင်းရွေးကောက်ပွဲသည် “ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ” ဆိုသည်ထက် “ရှေးရိုးစွဲ အင်အားစုများ၏ အာဏာတည်မြဲရေး မဟာဗျူဟာ” ဟု ပိုမိုဆိုနိုင်ပါသည်။ ဘွန်ဂျိုင်ထိုင်းပါတီ၏ အောင်ပွဲသည် နိုင်ငံရေးတည်ငြိမ်မှုကို အတိုင်းအတာတစ်ခုအထိ ပေးနိုင်သော်လည်း၊ လူငယ်ထုနှင့် တိုးတက်သောဝါဒီများ၏ လိုလားချက်များကို လျစ်လျူရှုထားခြင်းကြောင့် ရေရှည်တွင် လူမှုရေး မငြိမ်မသက်မှုများ (Social Unrest) ဆီသို့ ဦးတည်သွားနိုင်ပါသည်။

ထိုင်းနိုင်ငံ၏ နိုင်ငံရေးခရီးလမ်းသည် တရားရုံး၊ စစ်တပ်နှင့် ပြည်သူ့ဆန္ဒတို့အကြား အားပြိုင်မှုများဖြင့် ဆက်လက်ရှုပ်ထွေးနေဦးမည်ဖြစ်ပြီး၊ ၂၀၂၆ ခုနှစ်သည် ထိုအားပြိုင်မှုများ၏ အမြင့်ဆုံး ရေချိန်အမှတ် သို့ ရောက်ရှိခဲ့သော နှစ်တစ်နှစ်အဖြစ် သမိုင်းတွင် ကျန်ရစ်ပါလိမ့်မည်။

ကိုးကား – နိုင်ငံတကာ သတင်းဌာနများ

Click to rate this post!
[Total: 1 Average: 5]