မဲဆန္ဒရှင်များက ဘာလင်ဒရာရှားကို အစဉ်အလာမရှိသော လုပ်ပိုင်ခွင့်များနှင့် ကြီးမားသည့် အာဏာများကို အပ်နှင်းလိုက်ခဲ့ကြပေသည်။
ဟိမဝန္တာတောင်ခြေက ကျယ်ပြောလှသည့် တောင်ကြားဒေသရှိ ခတ္တမန္ဒူမြို့မှ နီပေါနိုင်ငံ အရှေ့တောင်ပိုင်း မြေနိမ့်ဒေသရှိ ခရိုင်တစ်ခုဖြစ်သော ဂျာပါ (Jhapa) သို့ သွားရသည်မှာ ခက်ခဲကြမ်းတမ်းသည့် ခရီးလမ်းတစ်ခု ဖြစ်သည်။ ရာသီဥတုကောင်းမွန်ပြီး သွားလာရ အဆင်ပြေသည့် နေ့မျိုးမှာတောင် ကီလိုမီတာ ၄၃၀ ခန့် ဝေးသည့် ဤခရီးကို မော်တော်ကားဖြင့် သွားလျှင် ဆယ်နာရီခန့် ကြာအောင် မောင်းနှင်ရသည်။ ရာသီဥတုဆိုးပြီး လမ်းခရီး အဆင်မပြေသည့် နေ့မျိုးဆိုလျှင်တော့ တကယ့်ကို မသွားမဖြစ် လိုအပ်သည့် အရေးကြီးကိစ္စရှိမှသာ သွားခြင်းက ပိုကောင်းပါသည်။

“ဘာလန်” ဟု ပြည်သူလူထု က အသိများသည့် ဘာလင်ဒရာရှားသည် ဤခရီးလမ်းကို လွယ်လွယ်ကူကူပင် သွားနေကျသူ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်လခန့်က သူသည် နီပေါနိုင်ငံ၏ မြို့တော် ခတ္တမန္ဒူ၏ မြို့တော်ဝန် ဖြစ်ခဲ့သည်။ မတ်လ ၅ ရက်နေ့က ကျင်းပခဲ့သည့် နီပေါနိုင်ငံလုံးဆိုင်ရာ အထွေထွေရွေးကောက်ပွဲတွင် ဘာလင်ဒရာရှားသည် ဂျာပါ-၅ (Jhapa-5) ပါလီမန် မဲဆန္ဒနယ်မှနေ၍ ၎င်း၏ပြိုင်ဘက် ဖြစ်သူ — အသက် ၇၄ နှစ်အရွယ်ရှိပြီး နီပေါဝန်ကြီးချုပ်အဖြစ် လေးကြိမ်တိုင် တာဝန်ယူခဲ့ဖူးသူ ကေပီရှားမားအိုလီကို ၇ မဲ၊ ၂ မဲ အချိုးဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ သတင်းစာများကို အသိပေး ကြေညာတော့မည့် အချိန်တွင် သူ၏ ရာစထရီးယား ဆဝါတန်ထရာ ပါတီ (RSP) က နီပေါအောက်လွှတ်တော် အမတ်နေရာ ၂၇၅ နေရာအနက် ၁၈၃ နေရာကို အနိုင်ရရှိခဲ့ပြီး၊ မဲအများစုဖြင့် အသာစီးရရန် အမတ်နေရာ တစ်နေရာသာ လိုတော့သည်။ အသက် ၃၅ နှစ်အရွယ်သာ ရှိသေးသည့် ဘာလန်သည် နီပေါနိုင်ငံ၏ ဝန်ကြီးချုပ်သစ် ဖြစ်လာပါလိမ့်မည်။
ဒီလိုအခြေအနေ ဖြစ်ပေါ်လာခြင်းသည် မနှစ်က မစ္စတာအိုလီ အစိုးရကို ဖြုတ်ချခဲ့သည့် ဂျင်ဇီ (Gen-Z) လူထုအုံကြွမှု၏ ဒီမိုကရေစီစနစ် အတည်ပြုမှု တစ်ခုပင် ဖြစ်သည်။ ကနဦးတွင် လူထုဆက်သွယ်ရေး ကိရိယာများကို ပိတ်ပင်တားမြစ်ခြင်းနှင့် အကျင့်ပျက်ခြစားမှုများ၊ ဆွေမျိုးသားချင်း ကောင်းစားရေးဝါဒ ကျင့်သုံးခြင်းနှင့် အလုပ်လက်မဲ့ ပြဿနာများကို မကျေနပ်သူများ၏ အားဖြည့်ပေးမှုကြောင့် နီပေါလူငယ်ထုသည် မနှစ်က စက်တင်ဘာလအတွင်း ပိုမိုကောင်းမွန်သည့် အလားအလာများကို တောင်းဆိုရန် လမ်းပေါ်သို့ အလုံးအရင်းနှင့် ထွက်လာခဲ့ကြသည်။ ရဲတပ်ဖွဲ့က ကျည်ဆန်အစစ်များ သုံး၍ ဆန္ဒပြပွဲများကို ဖြိုခွင်းခဲ့ရာ လူပေါင်း ၇၇ ဦး သေဆုံးခဲ့ရပြီး ပါလီမန်၊ ဝန်ကြီးချုပ်ရုံးနှင့် စီးပွားရေးလုပ်ငန်း အများအပြား မီးတင်ရှို့ခံရကာ အခြေအနေမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်ခဲ့သည်။ မစ္စတာအိုလီ ရာထူးမှ နုတ်ထွက်သွားပြီးနောက် အိမ်စောင့်အစိုးရ တက်လာခဲ့ပြီး ခြောက်လအတွင်း ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကတိပြုခဲ့ရာမှ ဤရွေးကောက်ပွဲ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ဆယ်စုနှစ် နှစ်ခုကျော် ကာလတစ်လျှောက် နီပေါနိုင်ငံကို ပါတီကြီးသုံးခုကသာ ချယ်လှယ်ခဲ့ကြသည်။ ၎င်းတို့မှာ မစ္စတာအိုလီ ဦးဆောင်သည့် ကွန်မြူနစ်ပါတီ၊ ဗဟိုလက်ဝဲယိမ်း နီပေါကွန်ဂရက်ပါတီနှင့် မော်စီတုန်းဝါဒီ ပါတီတို့ ဖြစ်ကြသည်။ ၎င်းတို့သည် တစ်ဦးနှင့်တစ်ဦး တစ်လှည့်စီ မြှောက်ပင့်ပေးလိုက်၊ ဖေးမကူညီလိုက်၊ ပြန်လည် တိုက်ခိုက်လိုက်၊ ဖြုတ်ချလိုက်နှင့် အာဏာကစားပွဲတွင် ပျော်မွေ့နေခဲ့ကြသည်။ ထိုကာလအတွင်း စီးပွားရေး အခွင့်အလမ်းများ နည်းပါးလာပြီး ခိုင်မာမှု မရှိတော့ပေ။ လူငယ်များ၏ အလုပ်လက်မဲ့နှုန်းမှာ ၂၀ ရာခိုင်နှုန်း ဝန်းကျင်တွင်ပင် ပေကပ်နေခဲ့သည်။ နီပေါနိုင်ငံ၏ လူလတ်ပိုင်း အရွယ်မှာ ၂၆ နှစ်ခန့်သာ ရှိသော်လည်း သန်းနှင့်ချီသည့် လူငယ်များသည် အလုပ်ရှာရန် ပြည်ပသို့ ထွက်ခွာသွားကြရသည်။
တော်လှန်ရေးပြီးစတွင် လူထုဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သည့် လူငယ်များသည် အစဉ်အလာနှင့် ကွဲလွဲသော လမ်းကြောင်းများကို ရွေးချယ်ခဲ့ကြသည်။ အချို့က ကြားဖြတ်အစိုးရတွင် ပါဝင်ခဲ့ပြီး၊ အချို့က ကိုယ်ပိုင်ပါတီ ထောင်ခဲ့ကြသည်။ အနည်းငယ်မျှသာ လက်ဟောင်း ပါတီကြီးသုံးခုနှင့် ပတ်သက်ခဲ့ကြသည်။ နီပေါနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် လူငယ်များဦးဆောင်သည့် အလားတူ တော်လှန်ရေး အတွေ့အကြုံရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လမ်းစဉ်ကို လိုက်မည့်ပုံပေါ်သည်။ သို့သော် ဘင်္ဂလားဒေ့ရှ်တွင် ဆန္ဒပြခေါင်းဆောင်များသည် ၎င်းတို့၏ စွမ်းအင်ကို ရေရှည်နိုင်ငံရေး အာဏာအဖြစ် မပြောင်းလဲနိုင်ခဲ့ကြပေ။ နီပေါတွင်မူ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို အခြေခံပြီး ရုပ်မြင်သံကြား အစီအစဉ်မှူးဟောင်း တစ်ဦးက တည်ထောင်ခဲ့သည့် (RSP) ပါတီသို့ ဘာလန် ဝင်ရောက်လိုက်သည့် ဇန်နဝါရီလမှာပင် အခြေအနေများ ပြောင်းလဲသွားခဲ့သည်။
ဘာလန်က အကျင့်ပျက်ခြစားမှုများကို ပပျောက်အောင် ဆောင်ရွက်ပြီး ကောင်းမွန်သော အုပ်ချုပ်ရေးကို အာရုံစိုက်မည်ဟု ကတိပေးခဲ့သည်။ အင်အားကြီးနှစ်နိုင်ငံဖြစ်သော တရုတ်နှင့် အိန္ဒိယကြားတွင် ညပ်နေသည့် နီပေါနိုင်ငံမှာ ထိုနိုင်ငံကြီးများ၏ ဩဇာလွှမ်းမိုးမှု ခံနေရသည့် ကြားခံနိုင်ငံ ဖြစ်နေရသည်မှာ ရိုးနေပါပြီ။ ဘာလန်၏ အမြင်မှာမူ ပေါင်းကူးပေးနိုင်ရန် ဖြစ်သည်။ အလုပ်အကိုင် အခွင့်အလမ်း ၁.၂ သန်း ဖန်တီးပေးရန်နှင့် တစ်ဦးကျစီ၏ စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP per capita) ကို ငါးနှစ်အတွင်း ဒေါ်လာ ၃,၀၀၀ အထိ ရောက်ရှိရန် ပေးထားသည့် ကတိများသည် လက်တွေ့တွင် ဖြစ်လာနိုင်ခြေ နည်းသော်လည်း၊ မဲဆန္ဒရှင်များအတွက်မူ လေကောင်းလေသန့် ရှုရှိုက်လိုက်ရသလို ရင်ကို အေးမြစေခဲ့သည်။ ၂၀၂၂ ခုနှစ်ကတည်းက မြို့တော်ဝန် ဖြစ်ခဲ့သည့် ဘာလန်တွင် သိက္ခာရှိသော မှတ်တမ်းများ ရှိသည်။ ခတ္တမန္ဒူ၏ သန့်ရှင်းရေးနှင့် မိလ္လာပြဿနာများကို ဖြေရှင်းပေးနိုင်ခဲ့ပြီး မြို့တော်၏ အချက်အချာနေရာများမှ တရားမဝင် စီးပွားရေးလုပ်ငန်းများကို ဖယ်ရှားနိုင်ခဲ့သည်။
ဘာလန်က RSP ပါတီသို့ ဝင်ရောက်ပြီးနောက် လူငယ်ခေါင်းဆောင်များကလည်း ၎င်း၏ လမ်းစဉ်အတိုင်း လိုက်လာကြသည်။ ထိုနည်းတူစွာပင် သက်တမ်းရင့် ပါတီဟောင်းကြီးများကို တစ်သက်လုံး ထောက်ခံလာကြသည့် မဲဆန္ဒရှင် လူကြီး၊ လူငယ်များပါ ၎င်းနောက်သို့ လိုက်ပါလာကြသည်။ ဂျာပါ-၅ မဲဆန္ဒနယ်မှ အသက် ၆၈ နှစ်အရွယ် လုံခြုံရေးအစောင့် ကားလ်ဗဟာဒူးခါဒကာတွင် သားနှစ်ယောက်ရှိရာ တစ်ယောက်မှာ ဒူဘိုင်း၊ ကျန်တစ်ယောက်မှာ မလေးရှားသို့ ရောက်ရှိနေသည်။ “ကျုပ်တို့ကို ဘယ်သူမှ ဂရုမစိုက်ကြပါဘူး” ဟု သူက ဆိုသည်။ အနီးရှိ မြို့ကလေးမှ အသက် ၈၅ နှစ်အရွယ် မဟိန္ဒရာယာဒက်ဗ်ကလည်း ၎င်း၏ မြေးများအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်ကို မျှော်လင့်သဖြင့် RSP ကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။
ဘာလန်၏ ကြီးကျယ်လှသော အောင်ပွဲသည် အန္တရာယ်ကြီး နှစ်ခုကိုလည်း ဆောင်ယူလာခဲ့သည်။ ပထမအချက်မှာ မျှော်လင့်ချက် ကုန်လုနီးပါး အကျပ်အတည်း ဆိုက်နေသည့် နိုင်ငံ၏ ကြီးမားလှသော မျှော်လင့်ချက်များကို ပြည့်မီအောင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိမည်ကို စိုးရိမ်ရခြင်း ဖြစ်သည်။ အကျင့်ပျက်ခြစားနေသည့် စနစ်ကို သန့်ရှင်းအောင် လုပ်ရသည်မှာ ခတ္တမန္ဒူမြို့မှ လမ်းများကို သန့်ရှင်းအောင် လုပ်ရသည်ထက် ပိုမိုခက်ခဲပါသည်။ ဒုတိယအချက်မှာ ဘာလန်၏ အုပ်ချုပ်ပုံ ဖြစ်သည်။ သူသည် စိတ်လိုက်မာန်ပါ လုပ်တတ်ပြီး သတင်းထောက်များနှင့် တွေ့ဆုံရှင်းလင်းခြင်း မလုပ်တတ်ပေ။ လူထုဆက်သွယ်ရေး ကိရိယာများကိုသာ ပြည်သူနှင့် ဆက်သွယ်ရန် အသုံးပြုလိုသည်။ လမ်းဘေးဈေးသည်များကို ဖယ်ရှားရာတွင်လည်း တစ်ခါတရံ အကြမ်းဖက်မှုများ ပါဝင်ပြီး ပြန်လည်နေရာချထားပေးခြင်းမျိုး မရှိပေ။ သို့သော်လည်း လက်ရှိအချိန်တွင် နီပေါပြည်သူများသည် ရှားရှားပါးပါး အကောင်းမြင်စိတ်များဖြင့် ပြည့်ဝနေသော လေထုကို ရှုရှိုက်နေကြပြီ ဖြစ်သည်။
ရည်ညွန်း။ The Economist March 14 – 20, 2026


