အီရန်မှာ ပေါ်ထွက်လာတဲ့ ထိပ်တန်းခေါင်းဆောင်သစ်အကြောင်း ဝေဖန်ဖို့ရာ ဘာမှ သိပ်မရှိပေမဲ့ သူရှေ့ဆက်လျှောက်ရမယ့်လမ်းကတော့ ကြမ်းတမ်းလိမ့်မယ်။

အီရန်နိုင်ငံအတွက်တော့ ဖခင်ရဲ့ ဘာသာရေးအာဏာကို ဆက်ခံမယ့်သူ မိုဂျ်တာဘာ ခါမေနီ (Mojtaba Khamenei) ဟာ နောက်ထပ် ဘာသာရေး ထိပ်တန်း ခေါင်းဆောင် (Supreme Leader) တစ်ဦးအဖြစ် ရွေးချယ်ခံရတယ်ဆိုတဲ့ သတင်းဟာ မျှော်လင့်ထားသလိုပင် ဖြစ်ပေမဲ့လည်း တစ်ဖက်မှာလည်း ခပ်ဆန်းဆန်း ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ အသက် ၅၆ နှစ်ရှိပြီဖြစ်တဲ့ မိုဂျ်တာဘာကို သူ့ဖခင်ဖြစ်သူ အီရန်ရဲ့ အမြင့်ဆုံး ဘာသာရေး ခေါင်းဆောင်ကြီး အလီ ခါမေနီ အာယာတိုလာရဲ့ အရိုက်အရာကို ဆက်ခံနိုင်မည့်သူ ဖြစ်နိုင်ကြောင်းကို အီရန်ပြည်သူတွေက နှစ်ပေါင်းများစွာကတည်းက ခန့်မှန်းခဲ့ပါတယ်။ ကျွန်တော်လည်း ဒီကိစ္စကို လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ခန့်အကြာကတည်းက တီဟီရန်မြို့က တက်စီမောင်းသမားများထံမှနေ ဘာအထောက်အထားမှ မရှိဘဲ ကောလဟလများ အဖြစ် အရင်ဆုံး ကြားဖူးခဲ့ခြင်း ဖြစ်ပါတယ်။ အခုတကယ်ဖြစ်လာတော့ အီရန်ရဲ့ အမှန်တကယ် အခြေအနေများဟာ တွေးဆချက်တွေ၊ သုံးသပ်ချက် သီအိုရီ အယူအဆများ ထက်တောင် ပိုပြီး ထူးဆန်းနေတယ်လို့ ထင်မြင်မိပါတယ်။
ဒီလို ခန့်ထားလိုက်ပြီဆိုတော့ အံ့အားသင့်စရာအချက်တွေ ပေါ်ထွက်လာတယ်။ အဲဒီအထဲက အရေးအကြီးဆုံးကို ကောက်နုတ်ပြီး ပြောရမယ်ဆိုရင် မိုဂျ်တာဘာဟာ လူထုရှေ့မှာ ဘယ်တုန်းကမှ ထွက်မလာခဲ့ခြင်း၊ ဒီအကြောင်းတစ်ခုတည်းနဲ့ပင် ဘာသာရေး ခေါင်းဆောင်တစ်ဦးအဖြစ် လိုအပ်သည့် ဘာသာရေး အရည်အချင်းများကို လူထုကို မပြသနိုင်ခြင်း ဖြစ်ပါတယ်။ လူဦးရေ သန်း ၉၀ ခန့်ရှိသည့် နိုင်ငံတစ်နိုင်ငံကို ဘယ်တုန်းကမှ အများပြည်သူရှေ့မှောက်မှာ မိန့်ခွန်းမပြောဖူးသူ၊ မီဒီယာများကို အင်တာဗျူးတစ်ခုမျှ မပေးဖူးသည့် လူတစ်ဦးက ဦးဆောင်တော့မည် ဖြစ်လေသည်။ သူရဲ့ အသံဆိုလို့ ၂၀၂၄ ခုနှစ်က ကွမ်မြို့ရှိ ဘာသာရေးတက္ကသိုလ် (Qom Seminary) တွင် သင်ကြားနေတုန်းက ကျောင်းရဲ့ အတန်းများကို ဘာအကြောင်းပြချက်မှ မပေးဘဲ ရပ်နားမယ်လို့ ကြေညာတဲ့ အသံဖိုင်တစ်ခု တည်းသာ အီရန်ပြည်သူများ ရှားရှားပါးပါး မှတ်မိကြားဖူးကြမယ်လို့ ထင်တယ်။ သူဟာ ၂၀၀၉ ခုနှစ်ကနေစပြီး အဲဒီတက္ကသိုလ်မှာ သင်ကြားခဲ့တယ်။ ဘာသာရေးလေ့လာမှုကို အသက် ၃၀ အရွယ် ၁၉၉၉ ခုနှစ်မှသာ စတင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။ အစိုးရဘက်ကနေ အလောတကြီး ထုတ်ပြန်လိုက်တဲ့ ကိုယ်ရေးရာဇဝင်မှာ သူလုပ်ကိုင်ခဲ့ဖူးတဲ့ အလုပ်အကိုင်များကို မဖော်ပြထားဘူး။ သူဟာ အင်္ဂလိပ်နဲ့ အာရပ်ဘာသာများကို ပြောနိုင်ကြောင်းသာ ဖော်ပြထားပါတယ်။
သူ့ဘဝတစ်လျှောက်လုံးကတော့ ခေါင်းဆောင်ကြီးရဲ့ သားဆိုတာနဲ့ပဲ ကြီးပြင်းလာခဲ့တာ အသေအချာ ပါပဲ။ ၁၉၇၉ ခုနှစ်တုန်းက အစ္စလာမ်ဘာသာရေး တော်လှန်ရေးဟာ ရာစုနှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ အီရန်ရဲ့ ဘုရင်စနစ်ကို ပြိုလဲစေခဲ့ပေမဲ့လည်း ရှီအိုက် လမ်းစဉ်ရဲ့ အခြေခံ အယူအဆက ဘာသာရေး ခေါင်းဆောင်မှုကို မိသားစု အစဉ်အဆက် ဆက်ခံရခြင်း ဖြစ်ပါတယ်။ (ရှီအိုက်များဟာ အစ္စလာမ်ရဲ့ အစောပိုင်းကာလကတည်းက ဆွန်နီယုံကြည်သူများနှင့် ကွဲပြားသွားခဲ့ပြီး၊ ဆွန်နီများက လူမျိုးစု အကြီးအကဲများ ရွေးချယ်သည့် နည်းလမ်းကို ယုံကြည်ခဲ့သော်လည်း၊ ရှီအိုက်များက တမန်တော် မိုဟာမက်၏ မျိုးဆက်များကိုသာ ရွေးချယ်ခဲ့ကြသူများပါ။) ဘာသာရေးခေါင်းဆောင်များရဲ့ သားများဟာ ဖခင်ရဲ့ အိမ်ထောင်ရေးနှင့် အုပ်ချုပ်မှုလုပ်ငန်းများတွင် အရေးပါသော အခန်းကဏ္ဍများကို ယူဆောင်ခဲ့ကြသော်လည်း၊ မိုဂျ်တာဘာကတော့ သူ့ရဲ့ အဆင့်အတန်းကို အသုံးချကာ လုံခြုံရေး အဖွဲ့များနှင့် နီးကပ်သော ဆက်ဆံရေးများ ရှိခဲ့တယ်လို့ ကြားသိရပါတယ်။ အီရန် အစိုးရအတွင်း အာဏာ ပဋိပက္ခ အားပြိုင်မှုများမှာ ရှုံးနိမ့်ခဲ့သူများရဲ့ တိုင်ကြားချက်များထဲမှာ မိုဂျ်တာဘာ၏ အမည်ဟာ မကြာခဏဆိုသလို ထွက်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။ တိုင်ကြားသူများရဲ့ ပြောကြားချက်များအရ မိုဂျ်တာဘာဟာ လုံခြုံရေးအဖွဲ့များကို ထိန်းချုပ်ထားပြီး ၎င်းတို့ရဲ့ အမှုများကို နောက်ကွယ်က ကိုင်တွယ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြဖူးသည်။
မကြာသေးမီ နှစ်များအတွင်းမှာတော့ မိုဂျ်တာဘာဟာ အမှောင်ထဲ ‘ဘွား’ ကနဲ ပြန်ပေါ်လာသလိုမျိုး ထွက်ပေါ်လာပြီး အစိုးရအတွင်း လူအချို့က သူ့ကို အနာဂတ်ရဲ့ အမြင့်ဆုံးခေါင်းဆောင်အဖြစ် ထောက်ခံလာကြပါတယ်။ လူထုရဲ့ ပြောင်းလဲမှု လိုအင်ဆန္ဒကို သိရှိထားသူအချို့က သူ့ကို ဆော်ဒီ အာရေဗျနိုင်ငံရဲ့ လူကြိုက်များတဲ့ မင်းသား မိုဟာမက် ဘင် ဆာလ်မန် (MBS) လို ခေတ်မီ ပြုပြင်သူအဖြစ် “အီရန်အတွက် MBS” လို ပုံဖော်ရန် ကြိုးစားခဲ့ကြသေးတယ်။ မနှစ်တုန်းကတော့ အရင် အီရန် သမ္မတ ရဖ်ဆန်ဂျာနီရဲ့ သမီးဖြစ်သူ ဖာအီဇေ ဟာရှီမီကလည်း မိုဂျ်တာဘာကို ထောက်ခံခဲ့ပါတယ်။ မိုဂျ်တာဘာကို အမြင့်ဆုံး ခေါင်းဆောင်အဖြစ် ရွေးချယ်ထားကြောင်း ကြေညာလိုက်ပြီးနောက်မှာတော့ သူ့ကို ထောက်ခံသူတွေက “ဘာသာရေးခေါင်းဆောင်ရဲ့ မျိုးဆက်က အပြောင်းအလဲတွေ ဆောင်ကြဉ်း လာနိုင်သူ” ဆိုတဲ့ ဇာတ်ကြောင်းကို ဆက်ပြီး ပုံဖော် အားပေး ပြောလာကြတယ်။ အီရန်က သြဇာ ကြီးမားတဲ့ သတင်းစာရေးဆရာတစ်ယောက်ကလည်း မိုဂျ်တာဘာရဲ့ အုပ်ချုပ်မှုဟာ “အမျိုးသားရေးကို အလယ်မှာ တည်ထားမယ်” လို့ ဆိုခဲ့ပြီးပါပြီ။ ဘာသာရေး အုပ်ချုပ်မှု စနစ်မှာ ဒီလိုပြောတာက အစ္စလာမ် ဘာသာရေး အလေးပေးမှုကို လျှော့ချမယ်ဆိုတဲ့ အဓိပ္ပါယ် ကောက်ယူနိုင်ပါတယ်။ အုပ်ချုပ်ရေးပိုင်းမှာလည်း အပြောင်းအလဲတွေ ဖြစ်လာမယ်” လို့ ပြောထားပါတယ်။
ဒီလိုမျှော်လင့်ချက်တွေထားတာကို မိုဂျ်တာဘာနဲ့ ဆက်စပ်နေတဲ့ ဖိနှိပ်မှုတွေကြောင့် လက်တွေ့နဲ့ ကိုက်ညီတယ်လို့ ပြောရခက်ပါတယ်။ သူ့ဖခင် သတ်ဖြတ်ခံရပြီးနောက် တစ်ပတ်အတွင်းမှာပဲ အီရန်နိုင်ငံရေး အုပ်စုတွေအတွင်း ကွဲထွက်သွားစေခဲ့ပါတယ်။ အနောက်နိုင်ငံတွေကို ဆန့်ကျင်တဲ့ အမာခံ အစွန်းရောက်အများစုက မိုဂျ်တာဘာကို ထောက်ခံဖို့ လှုံ့ဆော်ခဲ့ကြပြီး၊ အတော်လေး လက်တွေ့ကျတဲ့ နိုင်ငံရေးသမားတွေကတော့ — ဥပမာ အရင်သမ္မတ ဟာဆန် ရိုဟာနီလို လူတွေ—အမေရိကန်နဲ့ အစ္စရေးတို့နဲ့ ဖြစ်နေတဲ့ စစ်ပွဲ မပြီးမချင်း ခေါင်းဆောင်အသစ် ရွေးချယ်တာကို ကျွမ်းကျင်ပညာရှင်များ အဖွဲ့ (Assembly of Experts) က အချိန်ဆိုင်းထားသင့်တယ်လို့ တိုက်တွန်းခဲ့ပေမဲ့ အောင်မြင်မှုတော့ မရခဲ့ပါဘူးလို့ ကြားသိခဲ့ရတယ်။
အခု မိုဂျ်တာဘာ ခါမေနီကို တရားဝင်ရွေးချယ်လိုက်ပြီဆိုတော့ အစိုးရအဖွဲ့အစည်းတွေက အံ့သြစရာ ကောင်းလောက်အောင် စည်းလုံးညီညွတ်ပြပြီး လျင်လျင်မြန်မြန်ပဲ သူ့ဘက်ကို လှည့်ပြီး ထောက်ခံလာကြတယ်။ ဒါပေမဲ့ ဒီလို စည်းလုံးနေတာက အဖွဲ့အစည်းအတွင်း အာဏာလုယက်မှုတွေ မရှိတော့ဘူးလို့တော့ မဆိုလိုပါဘူး။ ဒီလို အုပ်စုအချင်းချင်း အားပြိုင်တာတွေက အစ္စလာမ်မစ် သမ္မတနိုင်ငံမှာ ဆယ်စုနှစ်တွေကြာအောင် ရှိလာခဲ့တာဖြစ်ပြီး၊ ခေါင်းဆောင်အသစ်ကို ချီးကျူးဂုဏ်ပြုတဲ့ စာတွေထဲမှာတောင် စကားကြားကြားထဲကနေ ပေါ်ထွက်လာတာတွေ့ရပါတယ်။
သမ္မတ မာဆုဒ် ပီဇက်ရှ်ကီယန်ရဲ့ အကြံပေးအဆင့်မြင့်တစ်ယောက်က မိုဂျ်တာဘာကို အောင်မြင်ပါစေလို့ ဆုတောင်းပေးခဲ့ပေမဲ့၊ သူ့ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ ရိုဟာနီအပါအဝင် အခြားသူတွေကိုပါ အကြံဉာဏ်ယူဖို့ တိုက်တွန်းခဲ့ပါတယ်။ နိုင်ငံရဲ့ လုံခြုံရေးအကြံပေးအကြီးဆုံးဖြစ်တဲ့ အလီ လာရီဂျာနီကလည်း မိုဂျ်တာဘာလက်ထက်မှာ အီရန်ဟာ “ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ဆက်လက်သွားနိုင်ပြီး စီးပွားရေးအခြေအနေ ကောင်းမွန်လာကာ ပြည်သူတွေ အေးချမ်းတည်ငြိမ်ပြီး သာယာဝပြောလာစေချင်တယ်” လို့ ဆန္ဒပြုခဲ့ပါတယ်။ အစိုးရအသုံးအနှုန်းအရတော့ “ဖွံ့ဖြိုးတိုးတက်မှု၊ သာယာဝပြောမှု၊ အေးချမ်းမှု” ဆိုတာတွေက အနောက်နိုင်ငံတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေတဲ့ လမ်းကြောင်းကို ရှောင်ချင်တယ်ဆိုတဲ့ အဓိပ္ပါယ်ဖုံးကွယ်ထားတဲ့ စကားတွေပါပဲ။
မိုဂျ်တာဘာကို လှိုက်လှိုက်လှဲလှဲ ထောက်ခံနေသူကတော့ လွှတ်တော်ဥက္ကဋ္ဌဖြစ်ပြီး အီရန် အစ္စလာမ် တော်လှန်ရေးကာကွယ်ရေးတပ် (IRGC) ထဲမှာလည်း အရေးပါတဲ့ အင်အားကြီးလူဖြစ်တဲ့ မိုဟမ္မဒ် ဘာကာ ကာလီဘားဖ် ဖြစ်တယ်လို့ တွေ့ရပါတယ်။ IRGC က အီရန်နိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လုံခြုံရေး အပိုင်းအများကြီးကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့လည်း ဖြစ်ပါတယ်။
သူ့ရဲ့ ဆုတောင်းစာထဲမှာ ကာလီဘားဖ်က မိုဂျ်တာဘာဟာ အရင်က အမြင့်ဆုံးခေါင်းဆောင်တွေဖြစ်တဲ့ အာယာတိုလာ ရူဟိုလာ ခိုမေးနီနဲ့ ခါမေနီတို့နဲ့ မတူညီတာ မရှိဘူးလို့ သူမြင်ကြောင်းကို အထူးအလေးပေး ပြောခဲ့ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာတော့ ခေါင်းဆောင်အသစ်ဟာ “ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲပေးနိုင်မည့်သူ (modernizer)” တစ်ယောက်လည်း ဖြစ်တယ်လို့ ဆိုထားပါတယ်။
ခါမေနီရဲ့သား မိုဂျ်တာဘာဟာ အရိပ်အောက်ကနေ ထွက်လာပြီး အခုလို အစ္စရေးနဲ့ အမေရိကန်တို့နဲ့ စစ်ဖြစ်နေတဲ့ နိုင်ငံတစ်နိုင်ငံကို အောင်အောင်မြင်မြင် အုပ်ချုပ်နိုင်ဖို့ဆိုရင် အတားအဆီး သုံးခုကို ကျော်ဖြတ်ရပါလိမ့်မယ်။ အဲ့ဒီထဲက တစ်ခုကတော့ အနိုင်ရရင် အားလုံးယူ၊ ရှုံးရင် အားလုံးဆုံးရှုံးဆိုတဲ့ အီရန်နိုင်ငံရေးရဲ့ ပြင်းထန်တဲ့ အာဏာလုယက်ပွဲပါပဲ။
ကာလီဘားဖ်နဲ့ IRGC ထဲက အခြားသူတွေကလည်း လတ်တလော စစ်ဒဏ်ရာတွေကို ကုသနေရတဲ့ လူငယ်ခါမေနီဟာ အားနည်းတဲ့ ခေါင်းဆောင်ဖြစ်ပြီး အာဏာတကယ်ကို သူတို့လက်ထဲမှာပဲ ဆက်ထားခွင့်ပေးမယ်လို့ ထင်နေတာ ဖြစ်နိုင်ပါတယ်။ မနှစ်ကတည်းက အီရန်ကို တကယ်လက်တွေ့ အုပ်ချုပ်နေတဲ့ အဖွဲ့လိုက်ခေါင်းဆောင်မှုစနစ်ကလည်း သူ့ရဲ့ လက်လှမ်းမီနိုင်မှုကို ကန့်သတ်နိုင်သလို၊ နိုင်ငံရဲ့ လမ်းကြောင်းကို ဘယ်သူက ဆုံးဖြတ်မလဲဆိုပြီး အဖွဲ့အစည်းအချင်းချင်း အာဏာပြိုင်နေတဲ့ ပတ်ဝန်းကျင်ထဲမှာ သူ့အတွေ့အကြုံနည်းတာ၊ ခေါင်းဆောင်တစ်ယောက်အနေနဲ့ လေးနက်မှု (gravitas) မလုံလောက်တာတွေကလည်း အားနည်းချက်ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ အရင်က (အဖေ) ခါမေနီ ကိုယ်တိုင်လည်းပဲ သူ့ထက် အင်အားကြီးတဲ့ လူတွေကြားထဲမှာ အားနည်းနေသူလို့ ထင်ကြေးပေးထားကြတဲ့ အခြေအနေမှာပဲ အာဏာကို ရယူ တည်ဆောက်ခဲ့သူပါ။ အမြင့်ဆုံး ခေါင်းဆောင်ရာထူးက ပေးထားတဲ့ အာဏာဟာ အကန့်အသတ်မရှိသလောက် ကြီးမားပြီး၊ (အဖေ) အလီ ခါမေနီ က သူ့အုပ်ချုပ်မှုကာလအတွင်း အဲဒီအာဏာကို ပိုပြီး ကျယ်ပြန့်အောင်၊ စစ်ရေးဆန်အောင်တောင် လုပ်သွားခဲ့ပါတယ်။ အဲ့ဒီလို အာဏာရဲ့ သဘောသဘာဝကပဲ “သူက အားနည်းမယ်” ဆိုတဲ့ ယူဆချက်တွေကို မမှန်ဘူးဆိုတာ သက်သေပြခဲ့သလို၊ ဒီတစ်ခါလည်း ထပ်ပြီး အလွယ်တကူပဲ မမှန်ကြောင်း ပြသသွားနိုင်ပါသေးတယ်။

မိုဂျ်တာဘာ ခါမေနီက ရင်ဆိုင်ရမယ့် ဒုတိယအတားအဆီးကတော့ အရေးကြီးသည့် ကိစ္စဖြစ်ပါတယ်။ အခုအချိန်မှာ အမေရိကန်နဲ့ အစ္စရေးတို့ကြောင့် ဒေသတစ်ခုလုံးကို လွှမ်းခြုံသွားတဲ့ စစ်ပွဲကို ဆိုလိုတာပါ။ အီရန်ရဲ့ ခေါင်းဆောင်မှုကို ပြောင်းလဲပစ်ဖို့ဆိုတာ အမေရိကန်နဲ့ အစ္စရေး နှစ်နိုင်ငံစလုံးက စစ်ပွဲ ရည်မှန်းချက်တွေအဖြစ် ပြောထားပြီးသားပါ။ အစ္စရေးကာကွယ်ရေးဝန်ကြီးကတော့ ခေါင်းဆောင်အသစ် ဘယ်သူပဲဖြစ်ဖြစ် သတ်ပစ်ဖို့ သူ့နိုင်ငံက ကြိုးစားမယ်လို့ တိုက်ရိုက်ပဲ ကြေညာထားပါတယ်။ ဒေါ်နယ် ထရမ့်ကလည်း မိုဂျ်တာဘာကို ရွေးချယ်မယ်ဆိုတဲ့ အလားအလာကို တရားဝင် မကြေညာခင်ကတည်းက မကျေနပ်ကြောင်း အထူးပြသခဲ့ပါတယ်။
အမေရိကန်နဲ့ အစ္စရေးက ခေါင်းဆောင်အသစ်ကို ကိုယ်တိုင် ပစ်မှတ်ထားတိုက်ခိုက်နိုင်သလို၊ မဟုတ်ရင်လည်း ကိုယ်တို့လိုချင်တဲ့ အပြောင်းအလဲ ရလာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အီရန်ကို ဆက်ပြီး တိုက်ခိုက်နေကြနိုင်ပါတယ်။ မနက်ဖြန်ပဲ စစ်ပွဲကို ရပ်လိုက်ကြတယ် ဆိုရင်တောင် အီရန်နိုင်ငံကတော့ ပြာပုံထဲမှာ ကျန်နေမှာဖြစ်ပြီး၊ စီးပွားရေးက ထိုးကျသွား၊ အနီးအနားက အာရပ်နိုင်ငံတွေကလည်း ဒေါသနဲ့ စိုးရိမ်ပူပန်မှုတွေ ပြည့်နေတဲ့ အခြေအနေကို ရင်ဆိုင်ရမှာ မလွဲပါဘူး။
နောက်ဆုံးတစ်ခုကတော့ မိုဂျ်တာဘာက အစ္စလာမ်မစ်သမ္မတနိုင်ငံကို ဆန့်ကျင်ပြီး ဆန္ဒပြပွဲတွေ အကြိမ်ကြိမ် ထွက်ပေါ်လာနေတဲ့ အီရန်ပြည်သူလူထုရဲ့ မကျေနပ်မှုကိုပါ ရင်ဆိုင်ရဦးမှာပါ။ ၁၉၈၉ ခုနှစ်ကနေ ယနေ့အချိန်အထိ အီရန်ပြည်သူတွေကို လူတစ်ယောက်တည်းက ဦးဆောင်လာခဲ့ပြီး၊ အဲ့ဒီခေါင်းဆောင်က နိုင်ငံကို ကျဆင်းသွားအောင်လုပ်ခဲ့သလို နောက်ဆုံးတော့ စစ်ပွဲထဲကိုပါ ဆွဲခေါ်သွားခဲ့ပါတယ်။ အခု အဲ့ဒီလူနောက်မှာ ထူးခြားထင်ရှားမှုမရှိတဲ့ သူ့သားကို ဆက်လိုက်ရမယ်ဆိုတာက ပြည်သူတွေအတွက် မျက်နှာကို ဖြတ်ပြီး အရိုက်ခံ လိုက်ရသလိုပဲ ဖြစ်နေမှာပါ။
ဆန္ဒပြပွဲအသစ်တွေ ချက်ချင်း ပေါ်ပေါက် မလာနိုင်သေးပေမဲ့လည်း မိုဂျ်တာဘာကတော့ ဒီလို မျိုးရိုးလိုက် အာဏာလွှဲပြောင်းမှုကြောင့် ပိုပြီး ပြင်းထန်လာမယ့် အီရန်ပြည်သူတွေရဲ့ မကျေနပ်မှုကို မလွဲမသွေ ရင်ဆိုင်ရမှာပါပဲ။
(အဖေ) ခါမေနီကလည်း အလားတူ အတားအဆီးတွေကို ရင်ဆိုင်ခဲ့ပေမဲ့ ပြည်တွင်းဖိနှိပ်မှုတွေကို ပြင်းပြင်းထန်ထန် လုပ်ပြီး အမေရိကန်နဲ့ အစ္စရေးကို ဆန့်ကျင်တဲ့ အယူဝါဒကို ပိုပြီး တင်းမာအောင် လုပ်သွားခြင်းအားဖြင့် အာဏာကို ၃၇ နှစ်ကြာ ထိန်းထားနိုင်ခဲ့ပါတယ်။ ဒီနှစ်ခု ပေါင်းလိုက်တဲ့ အကျိုးဆက်ကြောင့်ပဲ အီရန်နိုင်ငံဟာ နောက်ဆုံး နှစ် ၁၀၀ အတွင်း အဆိုးဆုံး အခြေအနေထဲကို ရောက်သွားခဲ့တာပါ။
ဒီလို လမ်းကြောင်းကို မပြန်ပြင်ဘဲနဲ့ဆိုရင် မိုဂျ်တာဘာအနေနဲ့ အစ္စလာမ်မစ်သမ္မတနိုင်ငံကို တည်ငြိမ်အောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်သလို ဒါတွေမလုပ်ဘဲ ခေတ်မီအောင် ပြုပြင်ပြောင်းလဲမယ် ဆိုတာကတော့ အလုပ်မဖြစ်နိုင်ပါ။
အာဏာရှင်စနစ်တစ်ခုမှာ ချောချောမွေ့မွေ့ အာဏာဆက်ခံလိုက်တာက အစိုးရစနစ် အမြဲတမ်း မပြောင်းဘဲ ဆက်တည်မြဲမယ်ဆိုတဲ့ အာမခံချက် တစ်ခုတော့ မဟုတ်ပါဘူး။ ၁၉၅၃ ခုနှစ်မှာ ဂျိုးဆက်ဖ် စတာလင် သေဆုံးချိန်က ဆိုဗီယက်ယူနီယံရဲ့ လမ်းကြောင်းဟာ မပြောင်းဘူးလို့ အစပိုင်းမှာ ထင်ရပေမဲ့ သုံးနှစ်အတွင်းမှာပဲ နီကီတာ ခရူးရှ်ချော့ဖ်က သူ့ရှေ့ဆောင်ကို ပြင်းပြင်းထန်ထန် ဝေဖန်ပြီး လမ်းကြောင်းကို ပြောင်းလိုက်ပါတယ်။
၁၉၇၆ ခုနှစ်မှာ မော်စီတုန်း သေဆုံးသွားတဲ့အခါ တရုတ်နိုင်ငံရဲ့ အမြင့်ဆုံးခေါင်းဆောင်အဖြစ် ဆက်ခံခဲ့တဲ့ ဟွာကော်ဖုန်း က မော်ဝါဒီ စစ်စစ်တစ်ယောက်လိုပဲ ထူးထူးခြားခြား မရှိဘဲ “ကြီးမားတဲ့ ခေါင်းဆောင်” ရဲ့ မူဝါဒအများစုကို ဆက်လက် လိုက်နာခဲ့ပါတယ်။ ဒါပေမဲ့ နှစ်အနည်းငယ်အတွင်းမှာပဲ ပြုပြင်ပြောင်းလဲရေးသမား တိန့်ရှောင်ဖိန် က သူ့ကို ဘေးဖယ်ထားလိုက်ပြီး မော်ဝါဒီ အမွေအနှစ်တွေကို မျက်နှာလွှဲကာ မြန်မြန်ဆန်ဆန် စီးပွားရေး ဦးစားပေး အရင်းရှင်ဘက်ကို ဦးလှည့်လိုက်ပါတယ်။
ဒီနမူနာတွေကို ကြည့်မယ်ဆိုရင် ခါမေနီသား မိုဂျ်တာဘာကလည်း သူ့နိုင်ငံရဲ့ “ဟွာ” တစ်ယောက်အဖြစ် အီရန်နိုင်ငံရဲ့ ရှည်လျားတဲ့ သမိုင်းထဲမှာ ခဏတာသာ မှတ်သားရမည့် လူတစ်ဦးအဖြစ် ကျန်ရစ်သွားနိုင်ပါတယ်။
မတ်လ ၁၀ ရက်နေ့ထုတ် Atlantic စာစောင်ပါ Meet the Nepo-tollah ကို အခြေခံကာ ဆီလျော်အောင် ဘာသာပြန် ရေးသားပါသည်။

