The Corner

The Corner

cropped-Logo_round_grey-background.png

အတာကူးသောလ

Share မယ်

၁၄-ဧပြီ-၂၂၂၀ 

“နောက်နှစ်တွေ ဒီအချိန်ကျရင် မမ်မိုရီ ပြန်တက်လာဖို့ တင်လိုက်ပါတယ်” 

“ဒီကာလမှာ ငါတို့တွေ ဒီလို ဖြတ်သန်းခဲ့ရတယ်ဆိုတာ တစ်ချိန်မှာ ပြန်ပြောပြရမယ်” 

“ငါတို့အားလုံးအတူ ကျော်ဖြတ်နိုင်မှာပါ” 

“ခြောက်ကပ်နေတဲ့ လမ်းမများ အမှတ်တရ” 

“…………………” 

သူတို့အဖွဲ့ ပတ်လည်ဝိုင်းကာ ကြည့်နေသော စာသားများ၊ ရုပ်ကြွပုံရိပ်များက တဖျပ်ဖျပ် ပြောင်းလဲနေသည်။ အခြား သက်ဆိုင်ရာ ဒေသအပိုင်းအခြားအလိုက် သုတေသန လုပ်နေကြသည့် အဖွဲ့အသီးသီးကဲ့သို့ပင် သူတို့အဖွဲ့၏ အင်အားမှာ ခြောက်ဦးရှိသည်။ နည်းပညာပါရဂူ၊ စိတ်ပညာပါရဂူ၊ ရှေးဟောင်းသုတေသနပါရဂူ၊ ယဉ်ကျေးမှုပါရဂူ၊ ဇီဝနှင့်ဥတုပါရဂူ နှင့် ဘူမိဗေဒပါရဂူ တို့ ဖြစ်လေသည်။ 

သူတို့ဆိုသည်မှာ ယခုရောက်နေသော ဂြိုဟ်ကမ္ဘာနှင့် ကြယ်စင်စုပေါင်းများစွာ ဝေးကွာလှသော နေရာမှ ရောက်ရှိလာသည့် အဆင့်မြင့်သက်ရှိများ ဖြစ်ကြ၏။ 

စိတ်ပညာပါရဂူက ပုံရိပ်များကို ကြည့်ရင်း မှတ်ချက်ပေးလိုက်၏။ 

“သူတို့တွေက အနာဂတ်ကို ကြိုမမြင်နိုင်ခဲ့ကြဘူး။ စိတ်မကောင်းစရာပါပဲ” 

နည်းပညာပါရဂူက ဝင်ပြောသည်။ “မဆန်းပါဘူးလေ။ ဒိုင်မန်းရှင်း (Dimension) သုံးခုထဲနေတဲ့ သက်ရှိတိုင်းက အဲဒီလိုပါပဲ။ သူတို့အတွက်က အနာဂတ်ဆိုတာ မြင်နိုင်ကောင်းတဲ့ အရာမှ မဟုတ်ဘဲ” 

သူကပင် ဆက်ပြော၏။ “အော.. ဒါနဲ့ ကျုပ်ကတော့ ဒီဒေသမှာရှိသမျှ ဒေတာတွေကို ကော်ပီ (Copy) ကူး သိမ်းဆည်း ထားပြီးပြီ။ ခုနကြည့်နေတာက နောက်ဆုံးနှစ် ကာလတွေ။ သမိုင်းတစ်လျှောက်လုံးကိုတော့ နောက်မှ ကြည့်ကြ တာပေါ့။ ခင်ဗျားတို့ကော ဘယ်လိုလဲ” 

“ကျုပ်ကိစ္စလည်း ပြီးပါပြီ။ လိုအပ်သမျှ ရှေးဟောင်းပစ္စည်းမှန်သမျှ သိမ်းထားလိုက်ပြီ” ရှေးဟောင်း သုတေသနပါရဂူက သူ၏ ဒိုင်မန်းရှင်း ၂၆ ခု ရှိသည့် လေးထောင့်သဏ္ဌာန်သေတ္တာတစ်ခုကိုပြပြီး ပြောသည်။ ဇီဝနှင့်ဥတုပါရဂူနှင့် အခြားပါရဂူအသီးသီးကလည်း စုဆောင်း သိမ်းဆည်းပြီးကြောင်း အဖြေပေးကြသည်။ 

ယဉ်ကျေးမှုပါရဂူက တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေသည်။ ခဏနေမှ သူက ခပ်တိုးတိုး ပြောသည်။ 

“ကျုပ်ကတော့ အသင့်မဖြစ်သေးဘူး။ လိုချင်တာ တစ်ခု ကျန်သေးတယ်” 

“ဘယ်လို။ ခင်ဗျားလိုချင်တာ ရှာမတွေ့သေးတာလား။ ကျုပ်တို့ ဒီနေရာရောက်နေတာ နှစ်ရက်ရှိပြီလေ။ နှစ်ရက်ဆိုတာ လိုတာထက်တောင် ပိုပါသေးတယ်။ ဟိုမှာ ဘူမိဗေဒပါရဂူကိုကြည့်။ ဒီဒေသတစ်ခုလုံးမှာ ရှိသမျှ ကျောက်အလွှာလိုက်၊ မြေအလွှာလိုက် ပိုက်စိပ်တိုက် ပုံရိပ်ဖတ်ပြီးတဲ့အပြင် နမူနာကျောက်တုံး ကျောက်စ အားလုံးကိုလည်း ယူပြီးနေပြီ” 

ဇီဝနှင့်ဥတုပါရဂူက ဘူမိဗေဒပါရဂူကို ‌ညွှန်ပြရင်း ပြောသည်။ ဘူမိဗေဒပါရဂူ၏ဘေး၌လည်း သေတ္တာတစ်လုံးကို ချထား၏။ 

“ခင်ဗျား အခက်အခဲဖြစ်နေရင် ကျုပ်ကိုပြောလေ။ ဘာအကူအညီပေးရမလဲ” နည်းပညာပါရဂူက ခပ်ကြွားကြွားလေး ပြောသည်။ 

“မလိုပါဘူးဗျ။ ကျုပ်က ဒီဒေသကလူတွေ ဒီကာလမှာ အမြတ်တနိုးထားခဲ့ကြတဲ့ ပန်းတစ်မျိုးကို စောင့်နေတာ” ယဉ်ကျေးမှုပါရဂူက ပြန်ဖြေသည်။ 

“ခင်ဗျားပန်းက ပွင့်ဖို့ ဘယ်လောက် စောင့်ရဦးမလဲ။ ကျုပ်တို့ မနက်ဖြန်ညနောက်ဆုံးထားပြီး ပြန်ထွက်ကြရမှာလေ” 

“ဒီပန်းက မိုးကလေးနည်းနည်းရွာတာနဲ့ ပွင့်မှာ” 

“ဒီလောက်ပူပြင်းနေတဲ့ ရာသီမှာ ဘယ်လို မိုးရွာမလဲဗျ” နည်းပညာပါရဂူက ခပ်ပြတ်ပြတ် ပြောလိုက်၏။ 

“နေဦး။ မိုးဆိုလို့ ဒီကနေ့ည မိုးနည်းနည်း ရွာမယ်လို့ ကျုပ်အာရုံရတယ်ဗျ” ဇီဝနှင့်ဥတုပါရဂူက ပြောလိုက်သည်။ 

နည်းပညာပါရဂူမှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။ တကယ်ဆို သူလည်း ကနေ့ည မိုးရွာမည်ကို သိသင့်သည် မဟုတ်ပါလား။ 

“ထားပါတော့လေ။ ဒါဆိုလဲ စောင့်ကြတာပေါ့။ ခင်ဗျားတို့ သိတဲ့အတိုင်း ဗဟိုရဲ့ ညွှန်ကြားချက်က ဘာတစ်ခုမှ ဝင်မစွက်ရဘူးဆိုတော့ အဲဒီထဲမှာ ရာသီဥတုလည်း ပါတာပေါ့” သူက ကသိကအောက် ဖြစ်သွားသည်ကို ဟန်လုပ်ရင်း ဖြေပြောနေ၏။ 

ထိုအခိုက် သူတို့အောက်နား ချုံပုတ်လေးထဲမှ အမွေးဖွားဖွားနှင့် သတ္တဝါလေးတစ်ကောင် ထွက်လာသည်။ ၎င်း၏ ပါးစပ်ထဲ၌ ပို၍သေးငယ်သော သတ္တဝါကို ကိုက်ထား၏။ 

ဇီဝနှင့်ဥတုပါရဂူမှာ ပျော်မြူးသွားသည်။ 

“အိုးဟိုး။ ကြည့်ပါဦး။ ဘာကောင်လေးလဲလို့။ ဒါက ကျုပ်တို့ မနေ့ကတွေ့ခဲ့တဲ့ သတ္တဝါကြီးနဲ့ ပုံစံတူ ခင်ဗျ။ အသားစားသတ္တဝါပါပဲ။ အရွယ်ကတော့ မတူဘူးပေါ့” 

“ကျုပ်တို့လည်း သိပြီးပါပြီဗျာ။ မနေ့က အကောင်ကြီးကို ကျားလို့ခေါ်ပြီး အခုကောင်လေးကို ကြောင်ခေါ်တယ်။ သူ့ပါးစပ်ထဲကဟာ ကြွက်” ဘူမိဗေဒပါရဂူက ဇီဝနှင့်ဥတုပါရဂူ၏ အသေးစိတ် ပြောတော့မည်များကို ရပ်သွားအောင် ဝင်ပြောလိုက်လေသည်။ သူတို့အားလုံး ဤနေရာကို ရောက်ခဲ့သည်မှာ ၂ ရက်ရှိပြီ ဖြစ်သဖြင့် ရာသီဥတုအကြောင်း၊ သတ္တဝါမှန်သမျှ အကြောင်းအပြင် ဒေသအလိုက် ဘာသာစကား အသီးသီးကိုပင် ထုံးလိုချေရေလိုနှောက်နိုင်နေပေပြီ။ 

ဇီဝနှင့်ဥတုပါရဂူက သတ္တဝါကလေး အနားသို့ ဆင်းသွား၏။ ကြောင်မှာ သူ့အစာကိုလုမည် ထင်၍ မာန်ဖီလိုက်သည်။ ထို့ကြောင့် စိတ်ပညာပါရဂူက ကြောင်လေးကို လှမ်းကြည့်လိုက်ရာ မာန်ဖီသံတဖြည်းဖြည်းနှင့် ပျောက်သွားပြီးနောက် ပါးစပ်ထဲက ကြွက်ကိုပင်ချကာ ဇီဝနှင့်ဥတုပါရဂူကို မော့ကြည့်နေလေ၏။ 

“သူ့ဒေါသစိတ်တွေ လောလောဆယ် မရှိတော့ပါဘူး။ ကျုပ် ခဏဖယ်ထားလိုက်ပါတယ်။ ခင်ဗျား ကိုင်ကြည့်ချင် ကြည့်ပေါ့” စိတ်ပညာပါရဂူက ပြောပြီးမှ ပတ်ပတ်လည်ကို ကြည့်ကာ “ဒီလောက်နဲ့တော့ သဘာဝကို စွက်ဖက်တယ်လို့ မခေါ်နိုင်ပါဘူးနော့” 

ကျန်သည့်ပါရဂူများက မသိချင်ယောင်ဆောင်ကာ ဇီဝနှင့်ဥတုပါရဂူ‌ဘေးရှိ ကြောင်လေးကိုသာ ကြည့်နေကြသည်။ 

“ဒီသတ္တဝါလေးတွေဟာ တစ်ချိန်တုန်းက လူတွေရဲ့ အရင်းနှီးဆုံးမိတ်ဆွေတွေဖြစ်ခဲ့တာဗျ” ဇီဝနှင့်ဥတုပါရဂူက ကြောင်လေး၏ ဦးခေါင်းကို ပွတ်သပ်လျက် ပြော၏။ “ခင်ဗျားတို့ ဒေတာပုံရိပ်‌တွေထဲမှာ တွေ့တဲ့အတိုင်း သူတို့ရဲ့ပုံတွေ၊ ဗီဒီယိုတွေ မရေမတွက်နိုင်အောင်ကို လူတွေက သိမ်းထားခဲ့ကြတာ” 

ကြောင်လေးမှာ ယခုအခါ မြေပေါ်တွင် အေးအေးသက်သာ လှဲ၍ ဂလူးဂလူး မြည်နေလေသည်။ 

စိတ်ပညာပါရဂူကလည်း ကြောင်လေးအနားသို့ ဆင်းသွားပြီး “မင်းရဲ့ ဘိုးဘေးဘီဘင်တွေရဲ့ သခင်တွေနဲ့ တွေ့ခွင့် မကြုံလိုက်ရတာ နာတာပဲကွ” ဟု ပြောလိုက်၏။ 

ဟုတ်ပါသည်။ စကြဝဠာ အချိန်အတိုင်းအတာအရ ပြောရလျှင် လူသားတို့နှင့် သူတို့လွဲခဲ့သည်မှာ တစ်စက္ကန့်၏ အပုံတစ်သန်းပုံလျှင် တစ်ပုံရှိသည်ဟုပင် မပြောနိုင်ချေ။ ထိုကဲ့သို့ အချိန်ကလေး သူတို့အရောက် နောက်ကျခဲ့ခြင်းသည် လူသားတို့အတွက်မူ ဆုံးရှုံးမှု ကြီးမားလှ၏။ အချိန်သာမီခဲ့ပါက ၎င်းတို့ကို သူတို့ မုချ ကယ်တင်နိုင်ခဲ့လိမ့်မည်။ ယခုမူ သူတို့နှင့် အပြန်အလှန် ဆက်သွယ်နိုင်စွမ်းရှိမည့် ယဉ်ကျေးမှု အမြင့်ဆုံးသတ္တဝါသည် ဤကမ္ဘာဟုခေါ်သော ဂြိုဟ်ပေါ်၌ မရှိတော့။ စိတ်ပညာပါရဂူ၏ အတွေးမျှင်များထဲ ဝမ်းနည်းမှုက ယှက်သန်းလာသည်။ သူ့အတွေးများကို ကျန်သူများ ခံစားမိသွားလေသလားဟု စိတ်ပညာပါရဂူ သတိပြန်ဝင်သွား၏။ သို့သော် အခြားသူများ၏အာရုံက သူ့ထံ မရောက်ဘဲ ဇီဝနှင့်ဥတုပါရဂူနှင့် ဆော့ကစားနေသော ကြောင်လေးဆီသို့သာ ကြည့်လျက် သဘောကျနေကြလေသည်။ သူ အနည်းငယ် စိတ်သက်သာရာရသွား၏။ 

“ဒါဖြင့် ကျုပ်တို့က အဲဒီပန်းပွင့်ပြီးတဲ့အထိ စောင့်ကြမှာလား။ တခြားဒေသတွေမှာရှိတဲ့ အဖွဲ့တွေ အကုန်လုံးက ဒီနေ့ညပဲ ပင်မယာဉ်ကြီးဆီကို ပြန်သွားကြမယ် ပြောတယ်။ ကျုပ်တို့ တစ်ဖွဲ့ပဲ ကျန်ရစ်မှာ” စကားနည်းလှသော ရှေးဟောင်းသုတေသနပါရဂူက မေးလိုက်သည်။ အားလုံးက ကမ္ဘာ့အပြင်ဘက် ပတ်လမ်းတွင် ရပ်ထားသော ပင်မယာဉ်ကြီးကို မော့ကြည့်လိုက်ကြသည်။ ယာဉ်ကြီးမှာ ကမ္ဘာပတ်လမ်း အပြင်ဘက်တွင်ရှိသော်လည်း ကြီးမားလှသော အရွယ်အစားကြောင့် ထင်ထင်ရှားရှား မြင်နေရ၏။ ထို့အပြင် နေအကျသည် ယာဉ်ကိုယ်ထည်နောက် ရောက်ချိန်ဖြစ်သဖြင့် ရွှေရောင်သတ္ထုကိုယ်ထည်ကြီး၏ အနားသတ်မှာ လင်းလက်ဝင်းဝါလျက်ရှိလေသည်။ 

ယဉ်ကျေးမှုပါရဂူက ဇီဝနှင့်ဥတုပါရဂူကို တစ်ချက် ကြည့်ပြီး ပြန်ဖြေသည်။ 

“ကျုပ်တို့မှန်းတဲ့အတိုင်းဆို မိုးက ဒီနေ့ညရွာမှာပါ။ အဲဒါဆိုရင် မနက်ဖြန်စော‌စော ပန်းတွေပွင့်ပြီ။ သတ်မှတ်ထားတာက မနက်ဖြန်ညအထိ ကျုပ်တို့နေခွင့်ရှိတယ် မဟုတ်လား။ အချိန်ရှိပါတယ်” 

Photo: Freepik

“အချိန်ရှိတာတော့ ဟုတ်တယ်။ အခု ကျုပ်တို့မှာ ဘာမှ လေ့လာစရာ၊ စမ်းသပ်စရာ မရှိတော့ဘူး။ ကုန်နေပြီ။ နောက်တစ်ခါထပ်ပြီး မြေလွှာ၊ ရေလွှာ၊ ကျောက်လွှာတွေကို ကျုပ်က ကြည့်မိလို့ သယ်သွားချင်တာတွေ ထပ်တွေ့ရင် ခင်ဗျားသေတ္တာထဲမှာ သယ်ပေးမလား။ ကျုပ်သေတ္တာတော့ ပြည့်နေပြီ” ဘူမိဗေဒပါရဂူက ပြောသည်။ 

“ဒါများဗျာ။ ခင်ဗျားသေတ္တာက အခု ဒိုင်မန်းရှင်း ၂၆ ခု သေတ္တာ မဟုတ်လား။ ၃၂ ခု ဖြစ်အောင် ကျုပ် လုပ်ပေးမယ်။ ပိုဆန့်ရောပေါ့ဗျ။ ကျုပ်ပြောသားပဲ။ ခင်ဗျားတို့သေတ္တာတွေသာ ကျုပ်သေတ္တာလို ဒိုင်မန်းရှင်း ၄၅ ခု….. “ 

နည်းပညာပါရဂူ စကားမဆုံးခင်မှာပင် ယဉ်ကျေးမှုပါရဂူက ဖြတ်ပြောလိုက်သည်။ 

“နေပါစေ။ ကျုပ်သေတ္တာမှာ နေရာရှိပါသေးတယ်။ ခင်ဗျားထပ်ထည့်ချင်ရင် သုံးနိုင်တယ်။ ဒီတစ်ည လုပ်စရာမရှိတော့ရင် ကျုပ်တို့ ကော်ပီလုပ်ထားတဲ့ ဒေတာတွေကို အပျင်းပြေ ကြည့်ကြတာပေါ့ဗျာ” 

စိတ်ပညာပါရဂူက ထိုအကြံကို သဘောမကျပေ။ “ခင်ဗျားတို့ဘာသာ ကြည့်ချင်ကြည့်ကြ။ ကျုပ်က‌တော့ လုပ်စရာကိစ္စတွေမရှိရင် စိတ်ရောကိုယ်ပါ ရပ်တန့်ပြီး နေလေ့ရှိတာပဲ” 

“ဟုတ်ပါပြီလေ။ ဒါတော့ ခင်ဗျား သဘောပေါ့။ မနက်ဖြန်မနက်ခင်းကျရင်သာ ပြန်လာခဲ့ပါ” 

စိတ်ပညာပါရဂူမှလွဲ၍ ကျန်သူများက ဝိုင်းဖွဲ့လိုက်သည်။ သူတို့အလယ်ရှိ လေထုမှာ လှုပ်ရှားလာပြီး ရုပ်ကြွပုံရိပ်များ ပေါ်လာ၏။ ကြောင်ကလေးမှာမူ အိပ်ပျော်နေပေပြီ။ 

“ကဲ အစကပဲ ကြည့်မှာ မဟုတ်လား” နည်းပညာပါရဂူက မေးလိုက်သည်။ သို့သော် အဖြေကို မစောင့်တော့ဘဲ ဤနေရာဒေသ၌ ဖြစ်ပျက်ခဲ့သည်များကို သမိုင်းဦးကာလမှစတင်ကာ ကြည့်နေကြတော့သည်။ ပုံရိပ်များမှာ အလွန်လျင်မြန်စွာ ပြောင်းလဲနေ၍ သူတို့လို အဆင့်မြင့်လှသော စိတ်၊ အာရုံခံရုပ်ဒြပ်ရှိသူများမှအပ မည်သည့် သတ္တဝါကမျှ မြင်နိုင်လိမ့်မည် မဟုတ်ချေ။ စိတ်ပညာပါရဂူကမူ ကောင်းကင်အမြင့်တစ်နေရာသို့ မျောလွင့်ကာ တက်သွားပြီး သူ၏ စိတ်နှင့် ရုပ်ကို ရပ်တန့်ကာ ပိတ်ပစ်လိုက်၏။ နောက်တစ်နေ့ မိုးသောက်သည်အထိ သူသည် ထိုအတိုင်းသာ တည်နေလိမ့်မည်။ 

အချိန်သည် တဖြည်းဖြည်းကုန်လွန်ခဲ့ပြီး ညကာလသို့ ရောက်လာသည်။ လမင်းက ဝင်းပနေ၏။ အိပ်တန်း တက်ပြီးသော ကျေးငှက်များပင် ငြိမ်သက်ကုန်ကြပြီ။ အဝေးမှ သားရဲအော်သံကြောင့် အိပ်နေသော ကြောင်လေးမှာ ခုန်ထပြီး သစ်ပင်ပေါ်တက်ပြေးသွား၏။ ထိုစဉ် မိုးမခြိမ်း၊ လျှပ်မပြက်ဘဲ မိုးဖွဲများ ရွာလာလေသည်။ သို့သော် ပုံရိပ် ကြည့်နေသူများကို အနှောင့်အယှက် မဖြစ်စေပါ။ မိုးသည် နှစ်နာရီခန့် မှန်မှန်ရွာချပြီးနောက် တိတ်သွား၏။ သို့ဖြင့် ညလေထဲတွင် မိုးနံ့လေးများ သင်းပျံ့နေ‌တော့သည်။ 

အရှေ့ဘက်မိုးကုပ်စက်ဝိုင်း၌ ရောင်နီပျို့လာလေပြီ။ တဖျပ်ဖျပ်လှုပ်နေသော ပုံရိပ်များ ပျောက်ကွယ်သွားပြီး သူတို့လည်း ပြန်လည် လှုပ်ရှားလာကြသည်။ ခံစားမှုနည်းပါးသော နည်းပညာပါရဂူသည်ပင် နှုတ်ဆိတ်နေ၏။ အတန်ကြာမှ သက်ပြင်းချကာ “အင်း။ စိတ်မကောင်းစရာပါပဲ။ တို့တွေ နည်းနည်းလေး နောက်ကျသွားတယ်” ဟု ပြောလိုက်သည်။ ထို့နောက် သူတို့သည် အရုဏ်တက်စ မိုးကောင်းကင်ဆီသို့ လှည့်ကာ နေထွက်သည်ကို ကြည့်နေကြလေသည်။ 

“ဟေး။ ဘာလုပ်နေကြတာလဲ။ ဒီကိုလာကြည့်ဦး။ ပန်းတွေ ပွင့်နေပြီ” အသိပြန်ကပ်လာသော စိတ်ပညာပါရဂူက ကောင်းကင်မှနေ၍ သူတို့ကို လှမ်းဆက်သွယ်၏။ သူတို့အားလုံး အတူတကွ မျောလွင့်ကာ တက်ခဲ့ကြသည်။ 

“ဘယ်မှာလဲ” ယဉ်ကျေးမှုပါရဂူက စိတ်အနည်းငယ်လှုပ်ရှားလျက် မေးလိုက်သည်။ သို့သော် အဖြေပေးရန်မလိုပါ။ သူတို့အောက်ဘက် မလှမ်းမကမ်းတွင် ရွှေဝါရောင်များ အုံ့ဆိုင်းနေသည်ကို တွေ့လိုက်ရ၏။ မနေ့ညကမိုးကြောင့် ပန်းတွေ ပွင့်ခဲ့ပါပြီကော။ 

ပန်းများပွင့်နေသော အနီးဆုံးအပင်ကြီးဆီသို့ သူတို့ ဆင်းလာခဲ့ကြသည်။ 

“ကဲ။ ခင်ဗျားလိုချင်တဲ့ ပန်းယူပြီးရင် သွားကြမယ်” စိတ်ပညာပါရဂူက ပြောသည်။ ပြောပြီးကာမှ တစ်ခုခုကို သတိရသွားသည်။ ပြဿနာမှာ ပန်းများအားလုံးက ဖူးပွင့်စ လတ်လတ်ဆတ်ဆတ်တွေချည်း ဖြစ်နေသည်။ မြေပေါ်တွင် ကြွေကျနေသော အကိုင်းအခက် တစ်ခုမျှ မတွေ့ရ။ ယဉ်ကျေးမှုပါရဂူ သည်လည်း အခက်တွေ့နေ၏။ သူက ဇီဝနှင့်ဥတုပါရဂူကို စစ်ကူတောင်းသည်။ 

“ဒါ ခင်ဗျားနဲ့လည်း ဆိုင်တာပဲ မဟုတ်လား။ ပန်းတွေ၊ အပင်တွေက သက်ရှိမျိုးကွဲပဲလေ။ မလိုချင်ဘူးလား” 

“ကျုပ်ကို တရားခံလာမရှာပါနဲ့ဗျာ။ ကျုပ်တို့ အလုပ်က ဘူမိဗေဒပါရဂူတို့၊ ရှေးဟောင်းသုတေသနပါရဂူတို့လို မဟုတ်ဘူးဗျ။ ဘယ်သက်ရှိကိုမှ ဖမ်းသွားလို့၊ သယ်သွားလို့မရဘူး။ ပန်းကလည်း အပင်ပေါ်က မကြွေကျသ၍ သက်ရှိပဲ။ ခင်ဗျားရော ကျုပ်ရော ဘယ်သူမှ စွက်ဖက်ပိုင်ခွင့် မရှိဘူး” ဇီဝနှင့်ဥတုပါရဂူက ပြန်ပြောနေသည်။ 

နည်းပညာပါရဂူက တစ်စခန်းထလာပြန်သည်။ “လွယ်လွယ်လေးပါဗျာ။ ကျုပ်သာ ကူညီခွင့် ရမယ်‌ဆိုရင်..” 

“ရှူး။ နေဦး။ ဟိုမှာကြည့်” ဘူမိဗေဒပါရဂူက ညွှန်ပြလိုက်သည်။ သူပြရာသို့ အားလုံးကြည့်လိုက်ရာ ရွှေရောင်ပန်းခက်အကိုင်းများအကြား အိပ်နေသော သတ္တဝါတစ်ကောင်ကို တွေ့လိုက်ရသည်။ အဝါရောင် အစက်အပြောက်များမှာ ရုတ်တရက်ကြည့်လျှင် ပန်းများနှင့်ပင် ရောနိုင်သည်။ 

“အိုး။ ကျားသစ်‌ဆိုတဲ့ သတ္တဝါပါလား။ ကျုပ်တို့က ကြောင်မျိုးနွယ်တွေနဲ့ တော်တော်ရေစက်ပါပုံ ရတယ်။ နောက်တစ်ရက်လောက်ဆက်နေရင် ခြင်္သေ့များတွေ့မလားပဲ” ဇီဝနှင့်ဥတုပါရဂူက ပြောသည်။ 

ထိုစဉ် ကျားသစ်အိပ်နေသော သစ်ကိုင်းအစွန်းသို့ ဆူဖြိုးလှပသော ငှက်ကြီးတစ်ကောင်က လလာနားသည်။ ဒေါင်းငှက်ဖြစ်ကြောင်း သူတို့သိပါသည်။ ကျားသစ်မှာ ညက အစာရှာထွက်ရာတွင် သားကောင်မိခဲ့ဟန်မတူ။ ဗိုက်ဆာနေပုံရသည်။ ငှက်ကိုမြင်သည်နှင့် အသာထကာ ချောင်းနေပြီး တစ်ရွေ့ရွေ့နှင့် ချဉ်းကပ်လာ၏။ 

“တို့တွေ ဒီအတိုင်းကြည့်နေကြနော်။ ဘာမှ ဝင်မစွက်နဲ့” နည်းပညာပါရဂူက အားလုံးကို သတိပေးသလို ပြောသည်။ အကြည့်ကမူ စိတ်ပညာပါရဂူ ဆီသို့ ရောက်နေသည်။ စိတ်ပညာပါရဂူလည်း ဒီတခါတော့ ကြည့်ရုံသာ ကြည့်နေ နိုင်သည်။ မနေ့က ကြောင်ကလေး၏ ဒေါသစိတ်ကို သူဖယ်လိုက်သည်နှင့် ယခုကိစ္စသည် များစွာကွာခြားလှ၏။ 

ကျားသစ်က နောက်ခြေကိုကုပ်ကာ တအား ခုန်အုပ်လိုက်သည်။ ရိပ်ခနဲမြင်လိုက်သဖြင့် ဒေါင်းကြီးကလည်း အောက်ကသစ်ကိုင်းဆီသို့ ခုန်ကူးသည်။ ကျားသစ်က ဆက်လိုက်၏။ နောက်တစ်ခါ ခုန်အုပ်ပြန်၏။ ဒေါင်းကြီးမှာ မြေပေါ်သို့ဝဲကာဆင်းပြီး ထိုမှတဆင့် အားယူကာ ပျံတက်သွားလေသည်။ ဒေါင်းငှက်တို့သည် တာ‌ဝေးပျံနိုင်သော ငှက်အမျိုးအစား မဟုတ်သော်လည်း လတ်တလော အသက်အန္တရာယ်မှမူ လွတ်သွားပေပြီ။ လက်မတင်ကလေး သားကောင်လွတ်သွားသော ကျားသစ်သည် မကျေမနပ် မာန်ဖီသံများပေးကာ အနီးရှိ ချုံထဲ ခုန်ဝင်သွားတော့သည်။ သူနဂိုအိပ်နေသော သစ်ပင်ပေါ်သို့ပင် ပြန်မတက်တော့။ 

သူတို့အားလုံး စိတ်ထဲတွင် သက်သာရာရသလို ဖြစ်သွားခဲ့သည်။ ကျားသစ်သည် သန်မာဆဲဖြစ်သဖြင့် ယခုအကြိမ် သားကောင်လွတ်သွားရုံမျှဖြင့် အစာငတ်မသေနိုင်‌ပေ။ သူတို့ရှေ့တွင် ဒေါင်းကြီး သွေးသံရဲရဲ မဖြစ်သွားသည်ကိုပဲ ကျေနပ်နေကြသည်။ 

“ဟော။ ကြည့်စမ်း။ ဟိုမှာ…ဟိုမှာ” 

ယဉ်ကျေးမှုပါရဂူ၏ ဝမ်းသာအားရအသံ ညွှန်ပြရာသို့ သူတို့ လိုက်ကြည့်မိသည်။ ကျားသစ်နှင့် ဒေါင်းကြီးတို့ ဝရုန်းသုန်းကား ဖြစ်မှုကြောင့် သစ်ကိုင်းသစ်ခက်အချို့ ကျိုးပြတ်ကာ မြေပေါ်သို့ ကျနေကြောင်း တွေ့ရလေသည်။ ထိုအကိုင်းအခက်များတွင် ရွှေဝါရောင်ပန်းများ။ ယဉ်ကျေးမှုပါရဂူက လျင်မြန်စွာ ရွေ့သွားပြီး ကောက်ယူလိုက်၏။ 

“ကျုပ်အတွက်တင် မဟုတ်ဘူး။ ခင်ဗျားအတွက်ပါ ယူလို့ရပြီ။ ဟန်ကျတာပဲဗျ” သူက အချို့ကို ဇီဝနှင့်ဥတုပါရဂူကို လှမ်းပေးလိုက်သည်။ 

“ကဲ။ ဒါဆိုလည်း ကျုပ်တို့ ပင်မယာဉ်ကြီးဆီကို ပြန်တက်ရအောင်လေ” စိတ်ပညာပါရဂူက ဆော်ဩ‌နေသည်။ 

သူတို့အားလုံး သေတ္တာကိုယ်စီကို သယ်ဆောင်ကာ ပင်မယာဉ်ကြီးရှိရာသို့ လွင့်မျောလျက် တက်လာခဲ့ကြသည်။ ယဉ်ကျေးမှုပါရဂူက ကျန်ပစ္စည်းများကို သေတ္တာထဲထည့်လာသော်လည်း နောက်ဆုံးစောင့်ဆိုင်းခဲ့ရသော ပန်းခက်များကို အပြင်မှာသာ ကိုင်လာခဲ့သည်။ ရနံ့အလွန်မမွှေး၊ အဆင်းက ထူးခြားဆန်းကြယ်စွာ မလှသော်လည်း ရှေးယခင် ဤဒေသရှိ လူသားများ ပွဲတော်ကျင်းပသည့်အခါ အမြတ်တနိုး စောင့်ဆိုင်း တန်ဖိုးထားခဲ့ကြသော ပိတောက်ပန်းများသည် သူတို့နှင့်အတူ ကောင်းကင်သို့ တရိပ်ရိပ် မျောလွင့်ကာ တက်သွားနေတော့သည်။ 

Picture Credit: Grow Billion Trees
Click to rate this post!
[Total: 1 Average: 5]

1 thought on “အတာကူးသောလ”

Leave a Comment

Your email address will not be published. Required fields are marked *