“ကျွန်တော်က သိုင်းကွက်အများကြီး ကစားတတ်တဲ့သူထက်စာရင် သိုင်းတစ်ကွက်တည်းကို ထပ်ခါတလဲလဲ လေ့ကျင့်ထားတဲ့သူကို ပိုကြောက်တယ်”။
ထိုစကားကို ပြောခဲ့သူမှာ တစ်ချိန်က ကမ္ဘာကျော်ကွန်ဖူးမင်းသားကြီး ဘရုစ်စလီ (Bruce Lee) ပင်ဖြစ်သည်။ ထိုစဉ်က ဤစကားကို သိပ်ပြီး သဘောမပေါက်ခဲ့ပေ။ မည်သည့်ပညာကိုပဲသင်သင် တစ်ခုတည်းကိုသာ သင်ယူ၍မရဟု ထင်ခဲ့မိသည်။ ကွန်ဖူးဆိုလျှင်လည်း ကွန်ဖူးသိုင်းကစားကွက်ပေါင်းများစွာကို ပြည့်စုံအောင် သင်ကြရသည် မဟုတ်ပါလား။ မည်သူမျှ “တစ်ကွက်တည်းသင်ပေးပါ” ဟုလည်း မပြောကြချေ။ ကျောင်းသားဘဝကဖြစ်၍ “အင်း… ဘရုစ်စလီကိုခေါ်ပြီး ကျောင်းတွေမှာ ဘာသာရပ်တစ်ခုတည်းကိုပဲ သင်ပေးဖို့ ပြောဦးမှ” ဟုပင် နောက်ပြောင်ခဲ့ ကြသေးသည်။
သို့သော်လည်း ဘရုစ်စလီ ပြောလိုသည်မှာ သင်ယူခြင်းသက်သက်နှင့်မဆိုင်။ သင်ယူသည့်ကိစ္စတွင် မည်သည့် ပညာရပ်ကို မဆို သင်ယူနိုင်သည်။ သို့သော် ဘဝရပ်တည်ရေးအတွက် အမှန်တကယ် လိုအပ်သည်မှာ ထိုသင်ယူခဲ့သည့် ပညာရပ်များထဲမှ “တစ်ကွက်” သာလျှင် ဖြစ်ကြောင်းကို နောက်ပိုင်းမှ သဘောပေါက်ခဲ့သည်။ ကွန်ဖူးကစားကွက် အားလုံးကို ကျွမ်းကျင်နေသောသူထက်စာလျှင် ကွန်ဖူးကွက်တစ်ကွက်တည်းကိုပဲ ထပ်တလဲလဲ ကြိမ်ဖန်များစွာ ကျင့်ထားသောသူကသာလျှင် အမှားအယွင်းနည်းသည်။ အမှားမရှိသည့်အတွက် ထိုသူ၏ ကစားကွက်သည် စွမ်းရည်ပြည့်ဝသည်။ ထို့ကြောင့်ပင် ကွန်ဖူးသမားကြီး ဘရုစ်စလီကိုယ်တိုင်က ကြောက်သည်ဟု ထုတ်ပြောခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ဘရုစ်စလီ၏ ထိုစကားကို သက်သေခံမည့် ဖြစ်ရပ်တစ်ခုလည်း ရှိသေးသည်။ သို့သော်လည်း သူက ဘရုစ်စလီ ကဲ့သို့သော ကွန်ဖူးသမားတော့မဟုတ်၊ စစ်တုရင်ကစားသမား ဖြစ်သည်။ စစ်တုရင်လောကတွင် မသိသူ မရှိလောက်အောင် နာမည်ကြီးသည့် ပိုဂါ (Polgár) ညီအစ်မများပင် ဖြစ်သည်။ ပိုဂါညီအစ်မတို့၏ ဖခင်ဖြစ်သူသည် ဘရုစ်စလီ၏စကားကို သိ၍ သက်သေပြချင်နေသည်တော့ မဟုတ်ပေ။ သူ သက်သေပြချင်သည်မှာ “ပါရမီဟူသည် ဖန်တီးယူ၍ရသည်” ဆိုသည့်အချက်ကိုသာ ဖြစ်သည်။
ထို့ကြောင့်လည်း သူသည် သမီးသုံးယောက်စလုံးကို မည်သည့်ကျောင်းတွင်မှ စာသင်ကြားခြင်းမပြုခဲ့။ အိမ်တွင်သာ သင်ကြားပေးခြင်းမှာ လိုအပ်ချက်တစ်ခုအတွက်သာဖြစ်ပြီး ပညာတတ်စေလို၍မဟုတ်၊ တကယ်တမ်း သင်ကြား ပေးသည်မှာ စစ်တုရင်ကစားနည်းကိုသာ ဖြစ်သည်။ သမီးများကို လေးငါးနှစ်အရွယ်မှစ၍ တစ်နေ့လျှင် ငါးနာရီ၊ ခြောက်နာရီခန့်အထိ စစ်တုရင်ဖြင့်သာ အချိန်ကုန်စေခဲ့သည်။ စစ်တုရင်ရွှေ့ကွက်များ၊ ပဟေဠိစာအုပ်များကိုသာ အဓိက လေ့လာစေသည်။ မည်သည့်အတန်းပညာ ဘွဲ့ယူရန်မှ မဟုတ်ဘဲ စစ်တုရင်ကစားရန်အတွက်သာ အချိန်ကုန် စေခဲ့သည်။ ထို့ပြင် အတွေ့အကြုံရစေရန် အခြားသူများနှင့် ယှဉ်ပြိုင်ကစားစေခြင်းဖြင့် လက်တွေ့ပိုင်းကိုပါ လေ့ကျင့်တည်ဆောက်စေခဲ့သည်။
ထိုသို့ ငယ်စဉ်ကတည်းက ပညာရပ်တစ်ခုကို လေ့ကျင့်တည်ဆောက်ခြင်း၏ အကျိုးရလဒ်သည်ကား အံ့မခန်းပင်။ အကြီးဆုံး Susan Polgár သည် ပထမဆုံး Grandmaster ဘွဲ့ရသည့် အမျိုးသမီးများထဲမှ တစ်ဦးဖြစ်လာပြီး အမျိုးသမီးကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့သည်။ အလတ်ဖြစ်သည့် Sofia Polgár သည် International Master တစ်ဦးဖြစ်ပြီး ပြိုင်ပွဲတစ်ခု၌ ကမ္ဘာ့ထိပ်တန်းကစားသမားများကို ဆက်တိုက်အနိုင်ယူခဲ့သော “Sack of Rome” ဖြစ်ရပ်ကြောင့် ကျော်ကြားသည်။ အငယ်ဆုံး Judit Polgár မှာမူ သမိုင်းတစ်လျှောက် အတော်ဆုံး အမျိုးသမီး စစ်တုရင် ကစားသမား အဖြစ် သတ်မှတ်ခံရပြီး အမျိုးသမီးပြိုင်ပွဲများတွင် မကစားဘဲ အမျိုးသား ထိပ်တန်းကစားသမားများဖြစ်သည့် (Garry Kasparov, Magnus Carlsen စသူတို့) ကို အနိုင်ယူကာ ကမ္ဘာ့အဆင့် (၁၀) အတွင်းအထိ ရောက်ရှိခဲ့ပေသည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် သိပ်ပြီး အံ့ဩစရာမကောင်းလှဟု ထင်နိုင်သော်လည်း ကမ္ဘာပေါ်တွင် စစ်တုရင် ကစားနေသူပေါင်း များစွာရှိသည့်အထဲတွင် ဤမျှအဆင့်အထိ ပါဝင်နိုင်ဖို့မှာ လွယ်ကူလှသည့် ကိစ္စမဟုတ်ပေ။ ကျွန်တော်တို့နိုင်ငံတွင် လူဦးရေ သန်းငါးဆယ်ရှိပြီး စစ်တုရင်ကစားသူ တစ်ထောင်ရှိသည်ဆိုပါစို့။ ထိုတစ်ထောင် ထဲတွင် နိုင်ငံတကာပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရကောင်းရမည်ဖြစ်သော်လည်း ချန်ပီယံအဖြစ်နှင့်မူ တစ်ယောက်မှ မရှိသေးပေ။
ပိုဂါညီအစ်မများကဲ့သို့ပင် ကျွန်တော်တို့မြို့တွင်လည်း စစ်တုရင်ကို ရူးသွပ်သူတစ်ယောက်ကို တွေ့ဖူးသည်။ သူသည်လည်း အတန်းပညာမရှိ။ သို့သော်လည်း စစ်တုရင်နှင့်ပတ်သက်လျှင် မြို့နယ်ထဲ၌ သူ မကစားဖူးသော နေရာမရှိ။ သူရှုံးခဲ့လျှင် ဘာကြောင့်ရှုံးရသည်ကို ကျားကုတ်ကျားခဲ လေ့လာသည်။ ကိုယ့်ထက် ဝါကြီးသူများ ထံတွင်လည်း ပညာယူသည်။ ကစားကွက်ကို အလွတ်ကျက်ဆိုလျှင်လည်း မပျင်းမရိ အလွတ်ကျက်သည်။ ကမ္ဘာကျော်စစ်တုရင်ကစားသမားများ၏ ကစားကွက်စာအုပ်များကိုလည်း မလွတ်တမ်းဖတ်သည်။ ထိုသူ၏ မိခင်ကလည်း အားပေးသည်။ သူကစားနေသည့်ပွဲ တော်တော်များများတွင် လိုက်ပါအားပေးလေ့ရှိသည်။ ဤသို့ လေ့လာကောင်းသဖြင့် ကျွန်တော်တို့မြို့တွင် သူ့ကိုယှဉ်မည့်သူမှာ မရှိသလောက် ဖြစ်သွားသည်။
သို့သော်လည်း ထိုသူမှာ နိုင်ငံ့လက်ရွေးစင်အဆင့်သို့ပင် မရောက်ရှိခဲ့ပါချေ။ ပိုဂါညီအစ်မ အငယ်ဆုံးကဲ့သို့ ကမ္ဘာကျော်စစ်တုရင်ကစားသမားကြီး ဂယ်ရီကက်စပါရော့ (Garry Kasparov) ကို အနိုင်ယူဖို့မပြောနှင့်၊ ဆုံစည်းခွင့်လေးပင် မရခဲ့ပါချေ။ ကျွန်တော် ကက်စပါရော့၏ သမိုင်းဝင်ကစားပွဲတစ်ပွဲကို ကြည့်ဖူးသည်။ ကျွန်တော်လို ဝါသနာရှင်အဆင့်သည်ပင် ထိုကစားပွဲကိုကြည့်ပြီး “ဟာ” ကနဲ ဖြစ်အောင် အာမေဋိတ်သံ ထွက်သွားရသည်။ ကက်စပါရော့၏ ကစားကွက်ပေါ် ကြိုတင်တွက်ဆနိုင်မှုက ကြောက်စရာကောင်းလှသည်။ ပွဲစဉ်အဆုံးသတ်ခါနီးတွင်မှ “ဟာ” ကနဲ ဖြစ်သွားလောက်အောင်ပင် တစ်ဖက်လူကို အနိုင်ယူလိုက်သည်။ ဤသို့သော လူကြီးမျိုးကို အနိုင်ယူဖို့ဆိုသည်မှာ တော်ရုံအလေ့အကျင့်၊ တော်ရုံဉာဏ်ရည်ဉာဏ်သွေးဖြင့် မည်သို့မျှ ရနိုင်ဖွယ်ရာ မမြင်မိပေ။
ဘရုစ်စလီ၏ စကားနှင့်ဆိုရလျှင် ထိုညီအစ်မတို့သည် ငယ်စဉ်ကတည်းက အခြားပညာရပ်များထက် စစ်တုရင် တစ်ခုတည်းကိုသာ အဓိကထား၍ စွဲစွဲမြဲမြဲ လေ့ကျင့်ခဲ့သည်။ ထို့ကြောင့်လည်း “ပါရမီ” ဟူသည် လေ့ကျင့်ယူ၍ ရသောအရာတစ်ခုအဖြစ် သက်သေပြခဲ့ခြင်းဖြစ်သည်။ ဤသို့ပင် ကျွန်တော်တို့ လူသားတိုင်းတွင်လည်း ငယ်စဉ် ကတည်းက စ၍ ဘဝရပ်တည်ရေးအတွက် အတတ်ပညာပေါင်းများစွာ လေ့လာကြရသည်။ တကယ်တမ်း ဘဝရပ်တည်ရေးအတွက်မူ ထိုသင်ခဲ့သည့် ပညာရပ်များထဲမှ တစ်ခုသာလျှင် လိုအပ်ပေသည်။ ထိုပညာကို အဓိကထား၍ “ကြက်ရဲခွပ်” သို့ လေ့လာခဲ့ပါမူ ဘဝရပ်တည်ရေးအတွက် ကောင်းစွာ လုံလောက်နေပေသည်။
အချို့က ဆိုကြသည်မှာ ကျောင်းသားဘဝတုန်းက သင်ရသည်နှင့် အခုလုပ်နေရသည်မှာ မည်သို့မှ မသက်ဆိုင်ဟု ထင်ကြသည်။ အမှန်မှာမူ ကိုယ်စိတ်ဝင်စားသည့်အရာတစ်ခုကို အဓိကထား၍ မလေ့လာခဲ့ခြင်းသည်သာ အားနည်းချက် ဖြစ်နိုင်ပေသည်။ ထို့ကြောင့်လည်း “ကိုယ့်ပညာက ကိုယ့်ကို ရွေးချယ်ခွင့်မရဘဲ၊ သူ့ပညာက ကိုယ့်ကို ရွေးချယ်သွားခြင်း” ဖြစ်သည်။ ကျွန်တော်တို့ဆီတွင် ဆရာဝန်ဖြစ်မှ၊ အင်ဂျင်နီယာဖြစ်မှ ပညာတတ်ဟု ယူဆ တတ်ကြသည်။ ထိုသို့သော သူမျိုးကိုမှ “ဒီကလေးက တော်လိုက်တာ” ဟု ချီးမွမ်းတတ်ကြသည်။ ထိုစိတ်များကြောင့် အတတ်ပညာရှိသူများကိုသာ ပညာတတ်ဟု တစ်ဖက်သတ် ယုံကြည်တတ်ကြသည်။ လောကထဲတွင် အတတ်ပညာ သာမက အသိပညာလည်းရှိကြောင်းကို လူတိုင်းသိကြသော်လည်း၊ အသိပညာသမားများကိုမူ “အရူး” ဟု ဘွဲ့ပေးကြသည်က များသည်။
နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် ကျူရှင်ဆိုသည့် ရပ်ဝန်းတစ်ခုသို့ ကျင်လည်ကြရပြန်ပါသည်။ တောင်ကိုရီးယား နိုင်ငံတွင်လည်း ပညာရေးနှင့်ပတ်သက်လျှင် ထိုနည်းနှင်နှင်ပင်။ ကွာခြားသည်မှာ တောင်ကိုရီးယားတွင် ကျောင်းကောင်းကောင်း သို့ ဝင်ရောက်နိုင်ရေးအတွက် အသည်းအသန် ကြိုးစားကြခြင်းဖြစ်သည်။ ကျောင်းသား ကလေးများမှာ စာသင်ဖို့ရန် ပြေးလွှားနေကြရသဖြင့် အိမ်ပြန်ထမင်းစားချိန်ပင် မရှိဘဲ နီးစပ်ရာဆိုင်များတွင် စားရင်းဖြင့်ပင် စာများကို တပြိုင်နက်တည်း ပြီးအောင် လုပ်ကြရသည်။ ထို့ကြောင့်ပင် “သမီးတို့ ဒီလို အချိန်တွေ အများကြီး ဘာဖြစ်လို့ စာသင်နေကြရတာလဲ” ဆိုသည့် မေးခွန်းမျိုး ထွက်လာခြင်းဖြစ်သည်။
သို့သော်လည်း ဤမေးခွန်းများကို ဖြေဆိုရန် ကျွန်တော် ကြိုးစားမည်မဟုတ်ပါ။ ခေတ်ရေစီးနှင့်အညီ ရွေ့လျား နေရသည့် ယဉ်ကျေးမှုတစ်ရပ် ဖြစ်သောကြောင့် ထိုရေစီးကို တွန်းလှန်ရန် အင်အားမရှိပါ။ ပညာဟူသည်ကား မိမိအသက်ရှင်နေစဉ် ကာလတစ်လျှောက်လုံး ထိတွေ့နေရမည့်အရာသာ ဖြစ်သည်။ ထိုသို့ ထိတွေ့နေသမျှထဲမှ မိမိစိတ်ဝင်စားသည့်အရာကိုသာ စနစ်တကျ လေ့လာခဲ့ခြင်း ရှိ၊ မရှိသည်သာ ဘဝအဆိုးအကောင်းကို ဆုံးဖြတ် ပေးမည်ဖြစ်သည်။
ကွန်ဖူးပညာရှင် ဘရုစ်စလီ ပြောခဲ့သလိုပင်၊ ကွန်ဖူးကစားကွက်များစွာ ရှိသည်ကို လေ့လာပြီး ထိုအထဲမှ မိမိ ကြိုက်နှစ်သက်သည့် တစ်ကွက်တည်းကိုသာ ထပ်တလဲလဲ လေ့ကျင့်ဖို့ရာ လိုအပ်ပါသည်။ အိုင်ဆက်နယူတန် (Isaac Newton) ကလည်း “ကျွန်တော်တို့ သိတာက ရေတစ်စက်စာပဲရှိပြီး၊ ကျွန်တော်တို့ မသိတာက သမုဒ္ဒရာကြီးစာလောက် ရှိပါတယ်” ဟု ဆိုခဲ့လေသည်။ ထို့ကြောင့် ဝိဇ္ဇာပညာရပ်ဖြစ်စေ၊ သိပ္ပံပညာရပ်ဖြစ်စေ ဘာသာရပ်တစ်ခုအပေါ်တွင်သာ ခြေစုံမတ်မတ်ရပ်၍ ထပ်တလဲလဲ လေ့ကျင့်ခြင်းသည်သာလျှင် အကောင်းဆုံးဘဝကို ပိုင်ဆိုင်ခွင့်ရစေမည်ဖြစ်သလို၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်လည်း နည်းလမ်းကောင်းတစ်ရပ်ဟု ဆိုလျှင်လည်း မှားနိုင်လိမ့်မည်ဟု မမြင်မိပါပေ။

၅ ၊ ၃ ၊ ၂၀၂၆
- “South Korea Questions Cram School Culture and Childhood Stress” (The New York Times) ဆိုတဲ့ဆောင်းပါးကတစ်ဆင့် အတွေးရပါသည်။
- ပိုဂါညီအစ်မအကြောင်းကို Internet မှရယူပါသည်။


