အောက်တိုဘာလ (၂၇) ရက်နေ့မှာ ကျင်းပခဲ့တဲ့ အစ္စရေး ရွေးကောက်ပွဲကတော့ ပြီးဆုံးသွားပါပြီ။ သို့သော်လည်း ပြည်သူအများ အင်တိုက်အားတိုက်ပေးခဲ့ကြသည့်တိုင် မဲများကို ပြီးဆုံးအောင် ရေတွက်ဖို့ကတော့ ရက်အနည်းငယ် ကြာမြင့်ပါဦးမယ်။ ရလဒ်များ ပြတ်ပြတ်သားသား ပေါ်ထွက်မလာခင်အထိ အစ္စရေးနိုင်ငံဟာ မရေရာ မသေချာတဲ့ ကာလတစ်ခုကို ဖြတ်သန်း နေရဦးမယ်လို့ ထင်ကြေးပေးနေကြပါတယ်။
မဲပေးအပြီး ပြန်ထွက်လာသူများကို ကောက်ယူခဲ့တဲ့ စစ်တမ်းအရ လက်ရှိ ဝန်ကြီးချုပ် ဘင်းဂျမင် နေတန်ယာဟုရဲ့ လက်ယာယိမ်း ပါတီနဲ့ အလားတူ ပါတီများ စုပေါင်းထားတဲ့ ညွန့်ပေါင်းအဖွဲ့ကို တခဲနက်ထောက်ခံမှု မရတာကတော့ အသေအချာပင်။ နေတန်ယာဟုကို စိန်ခေါ်သူ ဂါဒီ အိုင်စင်ကော့ရဲ့ ပါတီ အုပ်စုများ ကလည်း ပြတ်ပြတ်သားသား အနိုင်မရပါ။ သို့သော် ဒါက စစ်တမ်းတွေရဲ့ ပြောပြချက်ပဲ ရှိပါသေးတယ်။ တရားဝင် ရလဒ်များနဲ့ တစ်ခါတရံမှာ ကွဲလွဲမှု ရှိတတ်ပါတယ်။
ရွေးကောက်ပွဲအပြီး နောက်တစ်နေ့ စောစောမှာ ဝန်ကြီးချုပ်နေတန်ယာဟုက အနိုင်ရကြောင်း မကြေညာနိုင်ပေမယ့်လည်း အားကောင်းတဲ့ လက်ယာယိမ်း အမျိုးသား အစိုးရတစ်ရပ် ဖွဲ့စည်းဖို့တော့ တောင်းဆိုခဲ့ပါသေးတယ်။
၎င်းရဲ့ ပြိုင်ဖက် အိုင်ဇင်ကော့ကတော့ ပြည်သူတွေက ဆန္ဒမဲနဲ့ နေတန်ယာဟု တာဝန်ဆက်လက် ထမ်းထောင်ဖို့ မလိုလားဘူး ဆိုတာ ပြသခဲ့ကြပြီလို့ ပြောပါတယ်။
လာမည့် ရက်တွေမှာ အစ္စရေး သမ္မတက အစ္စရေးလွှတ်တော် ကနက်ဆက် အသစ်မှာ ပါဝင်လာကြမယ့် ပါတီ တစ်ပါတီချင်းစီနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။ အဲဒီနောက်မှာတော့ သူ့အနေနဲ့ အောင်မြင်နိုင်ချေ အများဆုံးရှိသူဟု ယူဆသူ လွှတ်တော်အမတ်ကို အစိုးရဖွဲ့စည်းဖို့ တာဝန်ပေးမှာ ဖြစ်ပါတယ်။
နောက်လာမယ့် ရက်တွေမှာ အစ္စရေး သမ္မတက လွှတ်တော်ရဲ့ ထောက်ခံမှု ရရှိနိုင်ချေ အများဆုံးရှိသူလို့ ယူဆတဲ့ လွှတ်တော် အမတ်ကို ရွေးချယ်တာ ဖြစ်ပါတယ်။ တာဝန်ပေးခံရတဲ့နေ့ကစပြီး အစိုးရဖွဲ့ဖို့ ၂၈ ရက် အချိန်ရမှာ ဖြစ်သလို လိုအပ်ရင် သမ္မတရဲ့ ခွင့်ပြုချက်နဲ့ နောက်ထပ် ၁၄ ရက်အထိ တိုးခွင့်ရှိပါတယ်။ ဒီအဆင့်ဟာ ထင်တာထက်ပိုပြီး ကြာနိုင်မယ့်အပြင် ဒီလိုအချိန်ကြာလေ နိုင်ငံရေး မတည်ငြိမ်မှုများ ပိုပြီး ဖြစ်နိုင်ချေ များလာလေ ဖြစ်နိုင်တာကိုလည်း သတိချပ်သင့်ပါတယ်။
အရင်ဆုံး လုပ်ရမယ့်အလုပ်ကတော့ တရားဝင် မဲရလဒ် ပေါ်ထွက်လာရေး ဖြစ်ပါတယ်။ ဒီရလဒ်တွေဟာ အရေးကြီးတဲ့အတွက် နိုင်ငံရေး အပေးအယူကိစ္စတွေ အများကြီး ဖြစ်လာနိုင်စရာ လည်း ရှိပါတယ်။ အစ္စရေးမှာ ဂျူးမဟုတ်ပဲ အာရပ်ပါတီများလည်း ရှိတဲ့အတွက် အခု ရွေးကောက်ပွဲဟာ သမိုင်းမှာ ၎င်းတို့ရဲ့ အအောင်မြင်ဆုံး ရွေးကောက်ပွဲတစ်ခု ဖြစ်လာပါတယ်။
စစ်တမ်းတွေ အရကတော့ အမတ်လောင်း အိုင်ဇင်ကော့ ဦးဆောင်တဲ့ အုပ်စုဟာ အာရပ်ပါတီများနဲ့ ပူးပေါင်းမှသာ ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းနိုင်ပါလိမ့်မယ်။ ဒီ အခြေအနေဟာ အိုင်ဇင်ကော့ ကိုယ်တိုင်ပဲ ရွေးကောက်ပွဲ မတိုင်မီက မစဥ်းစားမိခဲ့တဲ့ အချက် တစ်ချက် ဖြစ်နိုင်ပါတယ်။ နေတန်ယာဟုရဲ့ မဟာမိတ်များကတော့ အစိုးရဖွဲ့ရာမှာ အစ္စရေးနိုင်ငံသား ပါလက်စတိုင်း ပါတီများနဲ့ မဟာမိတ် မဖွဲ့ဖို့ အတိုက်အခံပါတီများကို သတိပေးခဲ့ကြပါသေးတယ်။ သို့ပေမယ့်လည်း အာရပ်ပါတီများ ပါဝင်နေခြင်းကတော့ ဂျူးပါတီတွေအကြား အပြင်းအထန် အငြင်းပွားနေဆဲ ဖြစ်တယ်။
လက်ရှိမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ မကြာခင်မှာ ပြုလုပ်မယ့် အမေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲကြောင့် မအားမလပ် ဖြစ်နေပုံရတယ်။ သတင်းများအရ ထရမ့်ကလည်း အမျိုးသား ညီညွတ်ရေး အစိုးရတစ်ရပ်ဖွဲ့စည်းဖို့နဲ့ ဝန်ကြီးချုပ် အလှည့်ကျ တာဝန်ပေးစနစ် ကျင့်သုံးဖို့ ဖိအားပေးလာနိုင်ပါသေးတယ်။ ဒီအကြံကိုတော့ အတိုက်အခံ ပါတီများက လုံးဝ လက်မခံကြပါဘူး။ ညွန့်ပေါင်း အစိုးရ မဖွဲ့နိုင်ပါက ရွေးကောက်ပွဲ နောက်တစ်ခု ကျင်းပရဖို့ ရှိတဲ့အတွက် အခြေအနေ ကတော့ ရှုပ်ထွေးမှာ အသေအချာပဲ ဖြစ်တယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှာ ဟားမတ်စ် အဖွဲ့တွေရဲ့ အစ္စရေးကို တိုက်ခိုက်မှုအပြီး အစ္စရေးနိုင်ငံရဲ့ သက်တမ်း အရှည်ဆုံး ဝန်ကြီး နေတန်ယာဟုကို လူထုက သဘောထား အဆုံးအဖြတ် ပေးတဲ့ပွဲအဖြစ် ဒီနှစ် ရွေးကောက်ပွဲကို ရှုမြင်ခဲ့ ကြပါသေးတယ်။
နေတန်ယာဟုကို ထောက်ခံသူ များ (တစ်နည်းအားဖြင့် ဘီဘီဘက်တော်သားများ) ကတော့ ဂါဇာဒေသ တော်တော်များများကို ချေမှုန်းသိမ်းပိုက်နိုင်တာ၊ လက်ဘနွန်က ဟစ်ဘိုလာ သူပုန်တွေကို တိုက်ခိုက်နိုင်ခဲ့တာနဲ့ သမ္မတထရမ့်ကို အီရန်နဲ့ စစ်ဖြစ်လာ စေအောင် တိုက်တွန်းနိုင်ခဲ့မှုတွေဟာ ဘီဘီ (နေတန်ယာဟု) ရဲ့ အောင်မြင်မှုတွေပါလို့ ပြောဆိုထောက်ခံခဲ့ကြပါတယ်။
တဖက် အတိုက်အခံ တွေကတော့ အောက်တိုဘာ တိုက်ခိုက်မှုဟာ လုံခြုံရေး အားနည်းလို့၊ မတားဆီးနိုင်ခဲ့လို့ နေတန်ယာဟုနှင့် အဖွဲ့တို့က တာဝန်ခံစေရမယ်လို့ စွပ်စွဲခဲ့တဲ့အပြင် အနောက်ဖက်ကမ်း ဒေသမှာ အကြမ်းဖက်တဲ့နည်းနဲ့ မြေယာတွေ သိမ်းယူမှုကို အားပေးတဲ့ အစွန်းရောက် လက်ယာယိမ်း မျိုးချစ်ဝါဒီများနဲ့ လက်တွဲတာကြောင့် နေတန်ယာဟုဟာ ကမ္ဘာပေါ်မှာ အစ္စရေးရဲ့ အဆင့်ကို နိမ့်ပါးစေသူလို့ ယိုးစွပ်ကြသေးတယ်။
အပြောင်းအလဲကို လိုလားသူများကတော့ အိုင်ဇင်ကော့ ဦးဆောင်တဲ့ ပါတီအုပ်စုကို ဝိုင်းရံ ပေးကြပါတယ်။ စစ်တပ် အကြီးအကဲ ဟောင်းလဲဖြစ် အလယ်အလတ်ဝါဒီ တစ်ဦးဖြစ်သူ အိုင်ဇင်ကော့ဟာ ရွေးကောက်ပွဲမတိုင်မီ စစ်တမ်းများအရ နေတန်ယာဟုထက် ရှေ့ကို ရောက်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။

အစ္စရေး နိုင်ငံသား ဂျူး လူမျိုးအများစုကတော့ ပါလက်စတိုင်းများနှင့် အတူယှဥ်တွဲ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင် လိုကြဟန် ရှိပါတယ်။ “အစ္စရေးက ဒီထက်ပိုပြီး လုံခြုံဖို့လိုတယ်။ ကမ္ဘာပေါ်မှာ ဂျူးတွေအတွက်က ဒီနိုင်ငံတစ်နိုင်ငံပဲ ရှိတယ်လေ” လို့ ဂျူး လူမျိုး ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။
မဲလာပေးသူ နောက်တစ်ဦးကတော့ “ကျွန်တော်နဲ့ နေတန်ယာဟုနဲ့ ဘာပြဿနာမှ မရှိပါဘူး။ သူက ဘုရားသခင်နဲ့သာ ပြဿနာ တက်နေတဲ့သူ တစ်ဦးပါ” လို့ ပြောသွားသေးတယ်။
နောက်ဆုံး အလီဆိုသူ မဲပေးသူတစ်ဦးကတော့ “ပြည်သူပြည်သားတစ်ဦးရဲ့ တာဝန်အရ မဲပေးတော့ ပေးခဲ့ပြီ။ ဒါပေမဲ့ တစ်ခုခု ပိုကောင်းလာရမယ်ဆိုတဲ့ မျှော်လင့်ချက်ကိုတော့ အဆုံးသတ်လိုက်တာ ကြာခဲ့ပြီ” လို့ ပြောခဲ့ပါတယ်။
ကိုးကား – No clear winner in Israeli vote, exit polls indicate – Washington Post 28th October 2026


