The Corner

The Corner

cropped-Logo_round_grey-background.png

ရုပ်သံသမားတို့ရဲ့ သောကခြေရာ – ကိုလေအိုး

Share မယ်

မှတ်တမ်းမှတ်ရာတွေအရ မြန်မာပြည်မှာ ငွေစက္ကူတွေ တရားမဝင်ကြောင်း ကြေညာခဲ့တာ သုံးကြိမ် ရှိခဲ့တယ်။ ၁၉၆၄ ခုနှစ်မှာ ကျပ် ၁၀၀ တန်နဲ့ ၅၀ တန်တွေ တရားမဝင်ကြောင်း ပထမအကြိမ် ကြေညာခဲ့တယ်။ ၁၉၈၅ ခုနှစ် မှာတော့ ကျပ် ၁၀၀ တန်၊ ၁၀ တန်နဲ့ ၂၅ ကျပ်တန်တွေ တရားမဝင်ကြောင်း ဒုတိယအကြိမ် ကြေညာခဲ့တယ်။ ၁၉၈၇ ခု နှစ်မှာတော့ ၇၅ ကျပ်တန်၊ ၃၅ ကျပ်တန်နဲ့ ၂၅ ကျပ်တန်တွေ တရားမဝင်ကြောင်း တတိယအကြိမ် ကြေညာ ခဲ့ပါ တယ်။

ပထမအကြိမ်နဲ့ဒုတိယအကြိမ်တွေမှာ အပ်တဲ့ငွေနဲ့တရားဝင်ငွေတွေကို ပြန်လဲပေးခဲ့ပေမယ့် တတိယအကြိမ် မှာတော့ ပြန်လဲမပေးခဲ့ဘဲ အပြီးတိုင်ဖျက်သိမ်းခဲ့တာပါ။ အခုပြောမယ့် ငွေစက္ကူဒရာမာဇာတ်လမ်းက တတိယ အကြိမ် ငွေစက္ကူတွေ တရားမဝင်ကြောင်း ကြေညာခဲ့တုန်းက တကယ့်ဖြစ်ရပ်ပါ။ ရုပ်သံမီဒီယာသမားတို့ရဲ့ သောက ခြေရာ တွေလို့လည်း ဆိုနိုင်တယ်။

အရင့်အရင်က မြန်မာနိုင်ငံမှာ ငွေစက္ကူတွေ ဖျက်သိမ်းပစ်တာ အများ သိကြတဲ့ အတိုင်းပါပဲ။ ဒီလို ငွေစက္ကူ တွေ ဖျက်သိမ်းပြီဆို အရင်ဦးဆုံး ကြေညာပေးရတာလည်း ထုံးစံအတိုင်း မြန်မာ့အသံကပဲ ဖြစ်ပါတယ်။

ဒီပိုက်ဆံတွေတော့ တရားမဝင်တော့ဘူး၊ သုံးလို့မရတော့ဘူးလို့ ကြေညာပေးရသူ ကိုယ်တိုင် သူပိုင်ငွေ စက္ကူတွေ အမြောက်အမြား ဆုံးရှုံးခဲ့ရတယ်ဆိုတဲ့ကိစ္စဟာ တော်တန်ရုံလူ မကြုံနိုင်တဲ့ကိစ္စပါ။ ဒါပေမယ့် တကယ် ဖြစ် ပျက်ခဲ့ဖူးတယ်။

ဒီအကြောင်းတွေ မပြောခင် သတင်းဖတ်ရသူ၊ အစီအစဥ် ကြေညာရသူတွေ အကြောင်း တစေ့တစောင်းပြော ရဦးမယ်။ မြန်မာ့အသံမှာ အသံလွှင့်ဝန်ထမ်းလုပ်ဖို့အတွက် အလုပ်ဝင်ဝင်ချင်း ဌာနတွင်း သုံးလ သင်တန်းတစ်ခု တက်ရတယ်။

ဌာနတွင်းသင်တန်းဆိုတဲ့အတိုင်း အသံလွှင့်နဲ့ရုပ်မြင်ဌာနတွေမှာ ကိုယ့်ရှေ့က စီနီယာဝန်ထမ်း ဦးကြီး၊ ဒေါ်ကြီး၊ အစ်ကို၊ အစ်မတွေက သူတို့ လုပ်ငန်း အတွေ့အကြုံတွေ ပြန်ရှယ်ကြတာပါ။ အဲဒီသင်တန်းမှာ စပြီး ကြားနာရတာကတော့ “အသံလွှင့်ခန်း ဝင်မယ့်သူဟာ အိမ်ကပါလာတဲ့ သောကတွေကို အသံလွှင့်ခန်း အဝင်ဝမှာ ချထားခဲ့ပါ”

အသံလွှင့်သူဟာ ပုံမှန်အသံနဲ့ပဲတင်ဆက်ရတာဖြစ်လေတော့ အသံလွှင့်နေချိန်မှာ ဝမ်းနည်းတဲ့အသံ ပေါက်နေလို့ မရသလို ပျော်ရွှင်တက်ကြွ နေတဲ့အသံနဲ့ တင်ဆက်လို့လည်း မရပါဘူးလို့ ဆိုလိုတာပါ။

သတင်းဖတ်တဲ့သူက ပိုပြီးတော့ လိုအပ်တာပေါ့။ စောစောက အစချီထားသလို ငွေစက္ကူဖျက်သိမ်းတဲ့သတင်းကို ကြေညာတဲ့သူဟာ ဝမ်းနည်းနေတဲ့ လေသံနဲ့ ဖတ်လို့ ဘယ်ဖြစ်မလဲ။ ဒီသဘောပါ။ နောက်တစ်ခု ဆရာတစ်ယောက်မှာ တာကတော့ အသံလွှင့်လုပ်ငန်း လုပ်မယ့်သူဟာ “ရှက်ကြော ဖြတ်ထားပါ” တဲ့။ ဒါကတော့ အသံ လွှင့်ဝန်ထမ်းတွေဟာ လုပ်ငန်းသဘာဝအရ ဇာတ်လမ်းတွေမှာ ကျရာ ဇာတ်ရုပ်ကနေ အသံနဲ့ သရုပ်ဆောင်ကြရလို့ ကြိုပြောထားတာပါ။

နောင် ကိုယ်တိုင်လုပ်ငန်းခွင်ထဲရောက်သွားတော့ ဒီစကားတွေဟာ သိပ်မှန်တဲ့ စကားတွေဆိုတာ သဘောပေါက် သထက် ပေါက်လာရတာပေါ့။ အိမ်မှာသုံးစရာ ပိုက်ဆံမရှိလည်း အသံလွှင့်ဂျူတီဝင်ရင်တော့ အဲ့ဒါတွေမေ့ထားပြီး အသံလွှင့်ရပါတယ်။ ကလေးနေမကောင်းလို့ စိတ်ပူ နေရလည်း အသံလွှင့်ခန်းဝင်ပြီး သတင်းဖတ်ရချိန်မှာတော့ စိတ်ပူတာတွေ နောက်ပို့ထားရပါတယ်။ နာရေးလိုမျိုး ကြုံရင်တော့ ကိုယ့်အချင်းချင်း ဂျူတီချိန်းပြီး အလုပ်မပျက် ချီတက်ရတာပါပဲ။

ဒါတင်ပဲလားဆိုတော့ အသံလွှင့်ဇာတ်လမ်းတွေ အသံသွင်းတဲ့အခါ ကျရာဇာတ်ရုပ်မှာ ငိုဆို ငိုရ၊ ရယ်ဆို ရယ်ရ၊ ငိုချင် လျက်နဲ့ ဇာတ်ကွက်ကိုဆ ရယ်လိုက်ရတယ် ဆိုသလိုပေါ့။ ဒါကြောင့်ပဲ အသံလွှင့်ဝန်ထမ်း လုပ်မယ့်သူတွေကို လူတွေ့ အင်တာဗျူး လုပ်ကတည်းက သီချင်းဆို ပြခိုင်းတတ်၊ ပုံပြောခိုင်းတတ် ကြတာပေါ့။

လုပ်ငန်းသဘာဝမှာ အသံအိုက်တင် လုပ်တတ်ရတာကိုး။ တချို့လည်း မဆိုတတ်၊ မပြောတတ်ကြပေမယ့် အများစု ကတော့ လုပ်တတ် သွားကြတာ များပါတယ်။ သဘောသဘာဝ လေးတွေပြော ပြီးတော့ တကယ့် အဖြစ်အပျက် လာပါပြီ။

၁၉၈၇ ခုနှစ်၊ စက်တင်ဘာ ၁၈ရက်၊ သောကြာနေ့မှာ နိုင်ငံတော် ကောင်စီက ၂၅ကျပ်တန်၊ ၃၅ကျပ်တန်နဲ့ ၇၅ကျပ်တန် ငွေစက္ကူတွေ တရားမဝင်တော့ဘူးလို့ ကြေညာ ခဲ့တယ်။

ထုံးစံအတိုင်း ပြန်ကြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးတို့ ညွှန်ချုပ်အခန်းထဲ‌ရောက်လာပြီး အထူးသတင်း ဖတ်မယ့်သူ စီစဥ်ပေးဖို့ပြော၊ ညွှန်ချုပ်က ဒီသတင်းမျိုးဖတ်ဖို့ သင့်တော်တဲ့သူ ခေါ်၊ ပြန်ဝန်က သူ့လက်ထဲက သတင်း စာရွက်ကို ဖတ်မယ့်သူ လက်ထဲထည့်ပြီး အသံမထွက်ဘဲ ဖတ်ဖို့ပြော။ ပြီးတော့ ရုပ်မြင်သတင်းခန်း ဆီချီတက်ကြ။

 ညွှန်ချုပ်ဖြစ်သူ ရေးထားတာက “အဲဒီ သတင်းဖတ်မယ့်သူဟာ လူပုံက ခပ်နွဲ့နွဲ့ပေမယ့် အသံလုံးက ကြီးပြီး တည်တည် ငြိမ်ငြိမ်ဖတ်နိုင်သူ” ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီနေ့က ငွေစက္ကူ ဖျက်သိမ်းတဲ့ သတင်းဖတ်သူအသံဟာ “တုန်” နေခဲ့တယ်။ ဒါက သတင်းဖတ်သူချင်းပဲ သိကြပြီး အပြင်လူတွေ သိပ်သတိမထားမိနိုင်တဲ့ ကိစ္စမျိုးပါ။

တကယ်တော့ ငွေစက္ကူဖျက်သိမ်းတဲ့ သတင်းဖတ်ကြားနိုင်ဖို့ စီစဥ်ပေးရသူ ညွှန်ချုပ်လည်း နိုင်ငံခြားက မကြာသေးမီ ပြန်လာတုန်းက ဝယ်လာတဲ့ လက်မ ၂၀ တီဗီတစ်လုံး ပြန်ရောင်းထားတဲ့ ပိုက်ဆံတွေက အိမ်ကအဝတ် ဗီရိုထဲမှာ ဒီအတိုင်း၊ ဘဏ်မအပ်ရသေး။ ငွေစက္ကူ ဖျက်သိမ်းတဲ့ သတင်းဖတ်ရသူမှာလည်း မနေ့တစ်နေ့ကမှ သူ့ကား ဟောင်းလေး ရောင်းထားတဲ့ ပိုက်ဆံတွေ အိမ်မှာ ဒီအတိုင်း၊ ဘဏ်မအပ်ရသေး။

“မပေးပေးပေး ပေးပေး ငါ့ရွှေ ခွက်ပေး” ဆိုပြီး ရွှေမန်းတင်မောင် ရွဲကုန်သည်အရူးဇာတ်ကသလို ကကြရမယ့် ဒရာမာ တွေပါဗျာ။

စာကိုး-မြန်မာ့အသံကျော်မင်း၏ မြန်မာ့အသံကျော်မင်း

Image credit: magnific
Click to rate this post!
[Total: 0 Average: 0]

Leave a Comment

Your email address will not be published. Required fields are marked *