(ထိုင်း-ကမ္ဘောဒီးယား နယ်စပ် စစ်ပွဲ အထူး သုံးသပ်ချက်)
၁၉၈၀ ပြည့်လွန်နှစ်များက အင်ဒိုချိုင်းနား (အာဆီယံမဖြစ်သေး) အခင်းအကျင်းကို ကြည့်ရင် အနိဋ္ဌာရုံ အတော်ပေါများပြီး စစ်ပွဲတွေ၊ ဒုက္ခသည်တွေ၊ ဆင်းရဲခြင်းတွေနဲ့ တင်းကြမ်းပြည့်နေတဲ့ မြင်ကွင်းတွေကို မြင်ကြရမှာပါ။ အင်ဒိုချိုင်းနားဆိုတာ တောင်/မြောက် ဗီယက်နမ်၊ ကမ်ပူးချား၊ လာအိုတို့ကိုပြောတာပါ။

ဗီယက်နမ်မှာ တောင်ဗီယက်နမ်ကွန်မြူနစ်ပြောက်ကျား ဗီယက်ကောင်းတွေက အမေရိကန်နဲ့ တောင်ဗီယက်နမ် ရုပ်သေး အစိုးရကို ဖြုတ်ချလိုက်တဲ့အခါ ဒီနေ့ ဟိုချီမင်းလို့ အမည် တွင်နေတဲ့ ဆိုင်ဂုံမြို့ပေါ်က ထွက်ပြေးကြရတဲ့ ဗီယက်နမ် လှေစီး ဒုက္ခသည်တွေဟာ တောင်တရုတ်ပင်လယ်မှာ ရေမျော ကမ်းတင်ပါ။ ဆိုင်ဂုံကျဆုံးရှုံးခြင်း (fall of Saigon) နဲ့အတူ ဗီယက်နမ်နှစ်နိုင်ငံ ပေါင်းစည်းသွားပေမယ့် ဗီယက်နမ်ရဲ့ ဆင်းရဲ မွဲတေမှုဟာ မြန်မာထက်တောင် နိမ့်ခဲ့တယ်။
စစ်အေးကာလရဲ့ နောက်ဆုံးနှစ်များမှာ ဆိုဗီယက်နဲ့ တရုတ်က ကွန်မြူနစ်ချင်းတူပေမယ့် မတည့်ပါဘူး။ ကမ်ပူးချားမှာ ခမာနီတွေ အာဏာရလာအောင် နောက်ကွယ်က ပံ့ပိုးပေးတာ တရုတ်ဖြစ်ပြီး ဆိုဗီယက်က ဗီယက်နမ်ကွန်မြူနစ်ကို ထောက်ခံအားပေးတယ်။ ဒီမိုကရက်တစ် ကမ်ပူးချားလို့ အမည်ပေးထားတဲ့ ကွန်မြူနစ်ခမာနီ ပိုပေါ့လက်အောက်မှာ ခမာပြည်သူ တစ်သန်း ကနေ သုံးသန်းကြား သေဆုံးခဲ့ရပြီး ခမာပြည်သူတွေ စားစရာမရှိ၊ ဝတ်စရာမရှိ ဒုက္ခသည်စခန်းတွေမှာ ဘယ်လောက်ဆင်းရဲစုတ်ပြတ်ခဲ့တယ်ဆိုတာ ဟိုတုန်းက ထုတ်ဝေခဲ့တဲ့ နိုင်ငံတကာမဂ္ဂဇင်းတွေမှာ မြင်ကြရမှာပါ။
ခုမှ မြန်မာပြည်မှာ ဒုက္ခသည်စခန်းတွေ၊ စစ်ဘေးရှောင်စခန်းတွေ ပေါများလာတာပါ။ ကမ္ဘောဒီးယားတို့ ဗီယက်နမ်တို့က မြန်မာထက် စောတာပေါ့။ ဒီလို ပြည်တွင်းစစ်အခင်းအကျင်းမှာ အခု ကမ္ဘောဒီးယား ဆီးနိတ်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်နေပြီး နှစ်ပေါင်း ၃၅ နှစ်အထိ သက်တော်ရှည် ဝန်ကြီးချုပ်လုပ်ခဲ့တဲ့ ဟွန်ဆန်က ခမာနီစစ်သားလေးပေါ့။ သူက ခမာနီကို ပုန်ကန်ပြီး ဗီယက်နမ်ကွန်မြူနစ်တွေနဲ့ သွားပေါင်းခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ ဂျပန်ကို ခေါ်လာပြီး အင်္ဂလိပ်ကို တိုက်ထုတ်သလိုမျိုး ဟွန်ဆန်ခေါ်လာတဲ့ ဗီယက်နမ်တပ် တွေက ခမာနီပိုပေါ့ကို ဖနွမ်းပင်က မောင်းထုတ်လိုက်တယ်။ ၁၉၇၉ ခုနှစ်။ ဗီယက်နမ်တင်တဲ့ ရုပ်သေးအစိုးရမှာ အသက် အငယ်ဆုံး နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာတာ ဟွန်ဆန်ပါ။
ဟွန်ဆန်နောက်မှာ တပ်ရှိတယ်။ ပြည်တွင်းငြိမ်းချမ်းရေးကို ကုလအစီအစဉ် (ပါရီ ငြိမ်းချမ်းရေး စာချုပ်) နဲ့ လုပ်ကြတော့ ကမ်ပူးချား ညွန့်ပေါင်းအစိုးရ ဖြစ်လာ။ နောက်တော့ ရွေးကောက်ပွဲမှာ ဟွန်ဆန်ပါတီ မဲရှုံးပါတယ်။ မဲရှုံး ပေမယ့် သူက လက်မခံပါဘူး။ ဘုရင်သီဟာနုသား ရာနာရစ်နဲ့ အာဏာခွဲဝေပြီး ပထမ ဝန်ကြီးချုပ်၊ ဒုတိယ ဝန်ကြီးချုပ် ဆိုပြီး တစ်ယောက်တစ်လှည့် ဝန်ကြီးချုပ်စနစ်နဲ့ အုပ်ချုပ်တယ်။ နောက်တော့လည်း ရာနာရစ်ဆီက အာဏာကို လက်နက်ကိုင်တပ်အားကိုးနဲ့ အကုန်ယူလိုက်ပြီး ရာနာရစ်လည်းထွက်ပြေး၊ ဘုရင်သီဟာနုလည်း ထွက်ပြေးနဲ့ ဟွန်ဆန် တောက်လျှောက် အာဏာမြဲခဲ့တယ်။ ခုထက်ထိလည်း အတိုက်အခံဆို မလှုပ်ရဲအောင် ဖိနှိပ်ထားတယ်။ နှစ်ပေါင်းများစွာ ဆက်တိုက် ဝန်ကြီးချုပ်ဆိုရင် မသင့်တော်တော့လို့ နောက်ဆုံးမှာ သားဖြစ်သူ ဟွန်မာနေးကို လက်သပ်မွေးပြီး အာဏာအမွေ ဆက်ပေးထားခဲ့တယ်။
ဒီဘက်နှစ်တွေမှာ ဟွန်ဆန် အဓိက အားကိုးအားထားပြုခဲ့တာက တရုတ်ပါ။ ကမ္ဘောဒီးယားအပေါ် တရုတ်ရဲ့ဩဇာလွှမ်းမိုးမှုဟာ ၂၀၁၀ နောက်ပိုင်းမှာ တစ်နေ့တခြား ကြီးထွားလာခဲ့ပြီး ကမ္ဘောဒီးယား တစ်နိုင်ငံလုံးရဲ့ လမ်းတွေ၊ တံတားတွေ၊ အခြေခံ အဆောက်အအုံတွေ အားလုံး တရုတ်ရဲ့ ပံ့ပိုးမှုနဲ့ ဖြစ်ထွန်းလာတယ်။ သီဟာနုဗေးလ်လို ရုတ်တရက်ဖွံ့ဖြိုးလာတဲ့ ကမ်းခြေမြို့တစ်ခုလုံး တရုတ်တွေရဲ့ လက်ထဲမှာ ရှိပြီး ကာစီနိုရုံတွေ၊ လောင်းကစားလုပ်ငန်းတွေဟာ ထိုင်းနယ်စပ် ပွိုင်ပက်အထိ စည်စည်ကားကား ဖြစ်ခဲ့တယ်။ ကမ္ဘောဒီးယားမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု (၂၀၂၄ ခုနှစ်စာရင်းအရ) ၁၇ ဒသမ ၇ ဘီလီယံ ဒေါ်လာရှိပြီး အရှေ့တောင် အာရှမှာ စတုတ္ထ အများဆုံးလို့ သိရတယ်။ ပြည်တွင်းစစ် ကာလကတည်းက အာဏာကို မလွှတ်တမ်းဆုပ်ကိုင်ထားတဲ့ ဟွန်ဆန်ဟာ တရုတ် ကျောထောက် နောက်ခံနဲ့ ဒီဘက်နှစ်တွေမှာ မာန်တွေတက်ပြီး ဩဇာထူထောင်ဖို့ ပိုပြီးကြိုးစားလာတာ တွေ့ရတယ်။
ပြည်တွင်းစစ်ပြီးဆုံးသွားပြီး နှစ်ပေါင်း ၃၀ ကျော်ကြာလာတဲ့အခါ တစ်ချိန်က သာမန်မြို့ကလေးသာဖြစ်ခဲ့တဲ့ ဖနွမ်းပင်ကလည်း မိုးမျှော်တိုက်တာတွေနဲ့ နယူးယောက်လိုလို ဘာလိုလိုဖြစ်လာတယ်။ အခု ရက်ပိုင်းအတွင်း ထိုင်းနဲ့ဖြစ်ပွားနေတဲ့ နယ်စပ်စစ်ပွဲဟာ ဆယ်စုနှစ် တစ်ခုကျော်အတွင်း အကြီးမားဆုံး အပြန်အလှန်ပစ်ခတ်ကြတဲ့ စစ်ပွဲတစ်ပွဲ ဖြစ်တယ်။ ကမ္ဘောဒီးယားဟာ ခမာနီနဲ့ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ပွဲ နောက်ပိုင်း ခုလောက် လက်နက် အင်အားသုံး ပစ်ခတ်တိုက်ခိုက်မှု မရှိခဲ့သေးဘူး။ ဇူလိုင် ၂၄ နယ်စပ် ပစ်ခတ်မှုမှာ အတွဲလိုက် ဒုံးကျည်တွေ၊ တာဝေးပစ်အမြောက်တွေ အသုံးပြုခဲ့တယ်။ ဒါပေမဲ့ ကမ္ဘောဒီးယားဟာ စစ်စည်းကမ်းအတိုင်း မဟုတ်ဘဲ အရပ်သား ပစ်မှတ်တွေကိုပါ မရှောင် ပစ်ခတ်ခဲ့လို့ PTT ဓာတ်ဆီဆိုင်နဲ့ 7/11 စတိုးဆိုင်တွေကို ထိမှန်ပြီး ထိုင်းအရပ်သား ၁၂ ယောက် သေဆုံးခဲ့ ရတယ်။
ဒီ စစ်ပွဲနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့လက စာရေးသူ သုံးသပ်ရေးသားခဲ့ပြီး ဖြစ်တယ်။ ဒီနှစ်နိုင်ငံရဲ့ နယ်စပ်အငြင်းပွားမှုဟာ အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်တော့မယ်လို့။ တကယ့် စစ်ပွဲကြီးအဆင့်ထိ ရောက်မလာနိုင်ဘူးလို့ မှန်းဆခဲ့ပေမယ့် ခုတော့ လွဲချော်နေပြီ။ ထိုင်းရော ကမ္ဘောဒီးယားပါ တကယ်ကို ချနေကြပါပြီ။ ထိုင်းက ပထမဆုံးအကြိမ် F-16 တိုက်လေယာဉ်အသုံးပြုပြီး ကမ္ဘောဒီးယား စစ်ရေး ပစ်မှတ်ကို တိုက်ခိုက်ခဲ့တယ်။ ထိုင်းနိုင်ငံသမိုင်းမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဒီလို တိုက်ခိုက်မှုမျိုး မရှိသလောက် ပဲ။
စစ်ပွဲကို ပြန်သုံးသပ်ကြည့်လိုက်တော့ မပြီးဆုံးသေးတဲ့ နယ်စပ် အငြင်းပွားမှုရယ်၊ ဘုရားကျောင်း ပိုင်ဆိုင်မှုရယ်၊ ကမ္ဘောဒီးယား သက်တော်ရှည် ဝန်ကြီးချုပ်ဟောင်း အာဏာရှင် ဟွန်ဆန်ရဲ့ နိုင်ငံရေးခလောက်ဆန်မှုရယ် စတဲ့အခြေအနေတွေကို မြင်တွေ့ကြရမှာ ဖြစ်တယ်။ ဟွန်ဆန်ဟာ ကမ္ဘောဒီးယားရဲ့ မျိုးချစ် ခေါင်းဆောင်ကြီးအဖြစ် သူ့ကိုယ်သူ ပုံဖော်ဖို့ ကြိုးစားနေသလို နယ်စပ်အငြင်းပွားမှုကို အကြောင်းပြုပြီး အစွန်းရောက် ခမာမျိုးချစ် စိတ်ဓာတ်ကို လှုံ့ဆော်ပေးနေတယ်။

တကယ်တော့ နယ်စပ်မှာ ဖရာ့ ဝိဟာရီ ဘုရားကျောင်း ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ထိုင်းနဲ့ အငြင်းပွားနေတာ ကြာပါပြီ။ တစ်ခါတစ်ရံ ဟိုဘက် ဒီဘက် တင်းတင်းမာမာ ဖြစ်လိုက်၊ ပြန်ငြိမ်သက် သွားလိုက် အနေအထားပါ။ ထိုင်း နဲ့ ကမ္ဘောဒီးယားကြား နယ်စပ် ဖြတ်ကျော် တံခါးတွေကိုလည်း အမြဲတမ်းဖွင့်ထားပြီး ဟိုဘက် ဒီဘက် ကူးသန်းသွားနေကြတာပဲ။ ကမ္ဘောဒီးယား ဆီယမ်ရိက အန်ကောဝပ် ကျောင်းတော်ကို ထိုင်းက တစ်ဆင့် သွားကြတဲ့ ကမ္ဘာလှည့် ခရီးသည် ဝင်ငွေနဲ့တင် အကျိုးအမြတ် အများကြီး ဖြစ်ထွန်းနေတယ်။
ခုကျမှ ဘာလို့ နှစ်ဖက် တင်းမာမှု ပိုကြီး ထွားရသလဲဆိုရင် ဟွန်ဆန်က စတယ်လို့ပဲ ဆိုရမယ်။ အားလုံး သိကြပြီးဖြစ်တဲ့အတိုင်း တစ်ခါက ဝရမ်းပြေး ဖြစ်ခဲ့ဖူးတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ဟွန်ဆန်က ခိုလှုံခွင့်ပေး စောင့်ရှောက် ပေးထား ခဲ့ဖူးတယ်။ သက်ဆင်နဲ့ ဟွန်ဆန်ကြား ရင်းနှီးမှုဟာ မိသားစုလို ဖြစ်ခဲ့တယ်။ နယ်စပ် ပြဿနာတွေ ပေါ်လာတဲ့အခါ အရင်က ခင်မင်ရင်းနှီးမှုတွေ ပျက်သုဥ်း သွားတယ်။ အထူးသဖြင့် နှုတ် မစောင့်စည်း၊ ကျင့်ဝတ် မရှိတဲ့ ဟွန်ဆန်ရဲ့ (ထိုင်း ဝန်ကြီးချုပ် ပေထုန်တန် နဲ့ နှစ်ကိုယ်ကြား ပြောစကား အသံဖိုင်ကို လူမှုကွန်ရက်ပေါ် ဖွင့်ချခဲ့မှု) ကတစ်ဆင့် ထိုင်းအစိုးရ အဖွဲ့အတွင်း ရိုက်ခတ်ခဲ့တဲ့ဖြစ်ရပ်တွေဟာ ပေထုန်တန်ကို ရာထူးက ချထားစေ ရတဲ့အထိ ဖြစ်ခဲ့တယ်။
ဒါနဲ့ မပြီးသေးဘူး။ နယ်စပ် ပြဿနာကို ဆက်ပြီး မီးမွှေးပေးခဲ့တယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကမ္ဘောဒီးယားစစ်သားနဲ့ မျိုးချစ် တစ်စုဟာ အငြင်းပွားနေတဲ့ တာမွန်ထွန် ဘုရားကျောင်းကို သွားရောက်ပြီး ကမ္ဘောဒီးယား အမျိုးသား သီချင်းကို သံပြိုင်ဟစ်ကြွေးရာက ထိုင်း စစ်သားတွေနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တယ်။ မေလ ၂၈ ရက်မှာ ထိုင်း-ကမ္ဘောဒီးယားနယ်စပ် မြတြိဂံ ဒေသမှာ နှစ်ဖက် ပစ်ခတ်မှုဖြစ်ပြီး ကမ္ဘောဒီးယား စစ်သားတစ်ယောက်သေဆုံးခဲ့တယ်။ နယ်စပ် အငြင်းပွားမှု မြင့်တက်လာတဲ့အခါ ဟွန်ဆန်ကိုယ်တိုင် စစ်ဝတ်စုံကြီး ဝတ်ပြီး နယ်စပ် စစ်သည်တွေကို သွားရောက် အားပေးစကား ပြောခဲ့တယ်။ ဒီပြဿနာနဲ့ တစ်ဆက်တည်း ထိုင်းနိုင်ငံရေး လောကမှာလည်း ရှုပ်ထွေးမှုတွေနဲ့ ပွက်လောရိုက်နေတယ်။
အခု နောက်ဆုံး နယ်စစ်ပွဲကြီးအဖြစ် တစ်ဖက်နဲ့ တစ်ဖက် အကြီးအကျယ် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ကမ္ဘောဒီးယားဘက် က ထိုင်းက သူတို့ကို စ ပစ်လို့ မလွှဲမရှောင်သာ ပြန်ပစ်ရတာလို့ ဆိုနေသလို ထိုင်းဘက်ကလည်း ကမ္ဘောဒီးယားက စ ပစ်လို့ ပြန်ပစ်ရတာပါလို့ ဆိုနေတယ်။
အဖြစ်မှန်ကတော့ ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂၃)မှာ အငြင်းပွား နေတဲ့ အူဘွန် ရတ်ချာသာနီ ပြည်နယ် နယ်ခြားဒေသမှာ ကမ္ဘောဒီးယားတွေ ထောင်ထားတဲ့ မိုင်းနင်းမိပြီး ထိုင်းစစ်သား ငါးဦး ဒဏ်ရာရသွားတယ်။ တစ်ဦးက ခြေထောက်ပြတ်သွားတယ်။ ဒီဖြစ်ရပ်ကြောင့် ထိုင်းအစိုးရက ဒေါသထွက်သွားပြီး ကမ္ဘောဒီးယားမှာ ရှိတဲ့ ထိုင်းသံအမတ်ကို ပြန်ခေါ်လိုက်သလို ထိုင်းက ကမ္ဘောဒီးယား သံအမတ်ကိုလည်း နှင်ထုတ်လိုက်တယ်။ နှစ်ဖက်တင်းမာမှုကြီးထွားလာချိန်မှာ နှစ်နိုင်ငံကြား နယ်စပ်ဂိတ်တွေအားလုံး ပိတ်လိုက်တယ်။ ကြာသပတေးနေ့ (ဇူလိုင်-၂၄) မနက် ၈ နာရီကစပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေ စတင်ပြီး ဒီနေ့အထိ ထိုင်းဘက်မှာ ၁၅ ဦး သေဆုံးတယ်လို့သိရတယ်။ ကမ္ဘောဒီးယားဘက်က ဘယ်လောက်သေတယ်ဆိုတဲ့ သတင်းမရသေးဘူး။ ထိုင်းနယ်စပ် တစ်လျှောက် လူပေါင်း ၁၀၀၀၀၀ နေရာ ရွှေ့ပြောင်း ပေးထားရလို့ ခုတော့ ထိုင်းလည်း စစ်ရှောင်စခန်းတွေ ပေါ်လာပြီ။
အာဏာရှင်တွေဟာ ရူးသွပ်တတ်ကြတယ်။ စစ်မတိုက်ဘဲ အချိန်အကြာကြီးနေလာတဲ့ ဟွန်ဆန်ဟာ တရုတ်အားကိုးနဲ့ စီးပွားရေး အင်အား နည်းနည်းပါးပါး တောင့်လာတော့ ဘေးပတ်ဝန်းကျင်ကို စိန်ခေါ်ချင်လာတယ်။ ဆယ်စုနှစ်ချီ ပြည်တွင်းစစ်ဖြစ်လာတဲ့ ကမ္ဘောဒီးယားဟာ ခုလို စစ်ပွဲကြီးပုံစံ ထိုင်းနိုင်ငံနဲ့ တစ်ကြိမ်တစ်ခါမှ မဖြစ်ခဲ့ဖူးသလို ရှောင်ရှားနေခဲ့တာ များတယ်။ ဒီတစ်ကြိမ်မှာတော့ ဟွန်ဆန်ရဲ့ ကမ္ဘောဒီးယားမျိုးချစ်စိတ် အကြောင်းပြလှုံ့ဆော်မှုနဲ့နယ်စပ်စစ်ပွဲကြီးပုံစံ ဖြစ်လာခဲ့ပြီလို့ ဆိုရမယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားကြား အခု အငြင်းပွားနေတဲ့ ခုနစ်မိုင် ဝန်းကျင်နယ်ရှိ နယ်စပ်ဒေသကို “ မြတြိဂံ” လို့လည်း ခေါ်တယ်။ ထိုင်းနိုင်ငံရဲ့ အူဘွန် ရတ်ချာသာနီ၊ ကမ္ဘောဒီးယားရဲ့ ပရီယာ ဝိဟာရီပြည်နယ်နဲ့ လာအိုနိုင်ငံက ချန်ပါဆက်ပြည်နယ်တို့ ထိစပ်နေတဲ့ သုံးနိုင်ငံ ဆုံမှတ်ဖြစ်ပြီး ဒီဒေသဟာ ၁၉၇၀၊ ၁၉၈၀ ပြည့်လွန်နှစ်တွေက လက်နက်ကိုင်သောင်းကျန်းသူတွေ၊ မူးယစ်ဆေးဝါးနဲ့ အကြမ်းဖက် မှုတွေ ထူပြောခဲ့တဲ့နေရာဖြစ်ခဲ့တယ်။ ဆယ်စုနှစ်အတန်ကြာအောင် ခမာနီတွေ၊ ထိုင်းစစ်သားတွေ၊ လာအို တော်လှန်ရေး တပ်ဖွဲ့တွေ၊ ဗီယက်နမ် ထောက်ခံအားပေးတဲ့ ကမ္ဘောဒီးယားလက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်တလင်းဖြစ်ခဲ့တယ်။ ဒီနေရာမှာ မြေမြှုပ်မိုင်းတွေ ပြန့်ကျဲနေခဲ့ပြီး ခုချိန်ထိ ရှိနေသေးတယ်လို့ ဆိုတယ်။
ref: Thailand, Cambodia exchange heavy artillery as fighting rages for a second day. CNA.

