The Corner

The Corner

cropped-Logo_round_grey-background.png

ဒါလိုင်လားမားရဲ့ အနာဂတ်နဲ့ တိဗက်ရဲ့ စိန်ခေါ်မှုများ

Share မယ်

(Featured Article)

ဒါလိုင်လားမားကြီးဟာ ဇူလိုင်လ ၆ ရက်နေ့မှာ အသက် ၉၀ ပြည့် မွေးနေ့ပွဲ ကျင်းပခဲ့ပါတယ်။ မိုးရွာနေပေမယ့်လည်း ဘုန်းကြီးတွေနဲ့  ဒါယကာ၊ဒါယိကာမတွေအများကြီး လာရောက် ဂုဏ်ပြုခဲ့ ကြပါတယ်။ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီယိုလို ကမ္ဘာ့ခေါင်းဆောင်တချို့က သူ့ထံ မွေးနေ့ဆုတောင်းတွေ ပို့ခဲ့ကြ ပါတယ်။ သူ့ကို ချစ်ခြင်းမေတ္တာနဲ့ ငြိမ်းချမ်းရေးရဲ့ သင်္ကေတအဖြစ် ချီးကျူးခဲ့ကြပါတယ်။ နာမည်ကြီး သရုပ်ဆောင် ရစ်ချတ်ဂီယာ (Richard Gere) အပါအဝင် လူအများအပြားက မွေးနေ့ပွဲကို တက်ရောက် ပြီး သူ့ကို အားပေးခဲ့ကြပါတယ်။

ဇူလိုင်လ (၉) ရက်နေ့က ဒါရာဆလမ်မှာ ကျင်းပခဲ့တဲ့ ဒါလိုင်လားမား အသက် (၉၀) ပြည့် မွေးနေ့ပွဲကို တက်ရောက်လာတဲ့ ဟောလိဝုဒ် မင်းသား ရစ်ချတ်ဂီယာ ကို ဒါလိုင်လားမားနှင့် အတူ တွေ့ရစဥ် (Source: Dailymail UK)

ကိုယ်တော်ကြီးဟာ အသက် ၉၀ ပြည့်ပြီ ဖြစ်ပေမယ့် ကျန်းမာရေးက အံ့ဩစရာ ကောင်းလောက် အောင် ကောင်းတုန်းပဲ။ ဇွန်လလယ်လောက်တုန်းက The Economist မဂ္ဂဇင်း က ဖော်ပြရာမှာ ကိုယ်တော်ကြီး ဟာ တပည့်သာ၀က ၃၀၀ လောက်နဲ့ တွေ့ဆုံပြီး တစ်နာရီကျော်ကြာအောင် တရားဓမ္မ တွေ ဟော၊ ကောင်းချီးမင်္ဂလာတွေ ပေးခဲ့တာ တွေ့ရတယ်တဲ့။ ရေနွေးကြမ်း တစ်ခွက်သောက်ဖို့ တစ်ခါပဲ နားခဲ့ရ တာဆိုတော့ တော်တော်လေး ကျန်းမာနေတယ်လို့ ဆိုရမယ်။ အိန္ဒိယနိုင်ငံ ဒါရမ်ဆာလာ မှာရှိတဲ့ ကိုယ်တော်ကြီးရဲ့ ကျောင်းတိုက်မှာ တစ်ပတ်ကို ငါး ကြိမ်လောက် ဒီလိုတွေ့ဆုံမှု တွေ ပြုလုပ်သလို၊ ဓမ္မမိတ်ဆွေများအတွက်လည်း တရားပွဲတွေကို ရံဖန်ရံခါ ကျင်းပပေးနေဆဲပဲ။

ဒါပေမဲ့ ကိုယ်တော်ကြီးနဲ့ နီးစပ်တဲ့သူတွေကတော့ အသက်အရွယ်ကြောင့် လှုပ်ရှားမှုတွေ နှေးကွေးလာပြီလို့ ပြောကြတယ်။ ဒါယကာ၊ ဒါယိကာမတွေနဲ့ တွေ့တဲ့ပွဲကို ဂေါက်ကွင်းသုံး (ဂေါက်ဘာဂီ) ကားလေးနဲ့ ရောက်လာပြီး ထိုင်ဖို့အတွက်ကိုလည်း ကပ္ပိယသုံးဦးရဲ့ အကူအညီ ယူခဲ့ရတယ်လို့ သိရတယ်။ သေနတ်ကိုင် အိန္ဒိယ လုံခြုံရေးတွေကလည်း အနီးကပ် စောင့်ကြည့် နေကြတာပေါ့။ ဒါလိုင်လားမား ဟာ ဒါရမ်ဆာလာကနေ ခရီးထွက်တာ အင်မတန် ရှားပါတယ်။ ပြီးခဲ့တဲ့နှစ်က အမေရိကန်မှာ ဒူး ခွဲစိတ်ပြီးတဲ့နောက်ပိုင်း ကိုယ်တော်ကြီး ဟာ ဘယ်ကိုမှ မသွားသလောက်ပါပဲ။

ဒီအခြေအနေတွေကြောင့် တိဗက်ရဲ့ အနာဂတ်ကို စိုးရိမ်ပူပန်နေကြတဲ့ တရုတ်နဲ့ အိန္ဒိယ အစိုးရတွေ အပါအဝင် လူအများစု အတွက် သိမ်မွေ့နက်နဲပြီး အရေးကြီးတဲ့ မေးခွန်းတစ်ခု ပေါ်လာနေ ပါပြီ။ အဲဒါ ကတော့ ကိုယ်တော်ကြီး မျက်ကွယ်ပြုသွားတဲ့နောက်မှာ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာပါပဲ။

ဒါလိုင်လားမားရဲ့ အနာဂတ် ရွေးချယ်မှုနဲ့ တရုတ်ရဲ့ စိန်ခေါ်မှု

တိဗက် ရိုးရာအယူအဆ အရဆိုရရင် ဒါလိုင်လားမားတစ်ပါး ဘဝနတ်ထံ ပျံလွန်တော် မူသွားပြီဆိုရင် သူ့ရဲ့လက်ထောက်တွေနဲ့ ဘုန်းကြီးတွေက နောက်ထပ် ပြန်လည်ဝင်စားတဲ့ ကလေး တစ်ယောက်ကို လိုက်ရှာကြရပါတယ်။ အဲဒီကလေးကို ရှာတွေ့ပြီဆိုရင် သူက နောက်ထပ် ဒါလိုင် လားမားအသစ် ဖြစ်လာတာပေါ့။ သို့သော်လည်း လက်ရှိ ဒါလိုင်လားမားက ပြန်လည်ဝင်စားခြင်း မပြုဘူးဆိုတဲ့ နည်းလမ်း ကိုလည်း ရွေးချယ်နိုင်ပါတယ်။ ဆိုလိုတာက သူက နောက်ဘဝမှာ ဒါလိုင် လားမားအဖြစ် ပြန်မဖြစ်တော့ဘူးလို့ ဆုံးဖြတ်လို့ ရတယ်။ ဒါကို (emanation) လို့ခေါ်ပြီး သူ အသက်ရှင် နေတုန်းမှာ အခြား ပုဂ္ဂိုလ်တစ်ဦးအဖြစ် ကိုယ်ထင်ရှား ပြနိုင်တယ်လို့လည်း ပြောထား ပါတယ်။ ကိုယ်တော်ကြီး ဘယ်လိုပဲ ဆုံးဖြတ်ပါစေ တရုတ်ကတော့ ဒါကို သဘောမတူဖို့ အလား အလာ များပါတယ်။ ၁၉၅၁ ခုနှစ်မှာ တိဗက်ကို သိမ်းပိုက်ခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီက “ထင်ရှားပြခြင်း” ကို ခွင့်မပြုဘူးလို့ ပြောထားပြီး သူတို့ပါတီကသာ နောက်ဖြစ်မယ့် ဒါလိုင်လားမားကို ရွေးချယ် အတည်ပြု ပိုင်ခွင့်ရှိတယ် လို့ ဆိုပါတယ်။ သဘောကတော့ ၁၉၅၉ ခုနှစ်မှာ အိန္ဒိယကို ထွက်ပြေးခဲ့တဲ့ လက်ရှိ ဒါလိုင်လားမား ပျံလွန်တော်မူသွားတဲ့အခါ တိဗက်အတွက် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပိုမိုရရှိဖို့ အကြမ်းမဖက် ငြိမ်းချမ်းစွာ ကြိုးပမ်းနေမှု အပေါ် နိုင်ငံတကာ ထောက်ခံမှုတွေ လျော့နည်းသွားလိမ့်မယ်လို့ တရုတ်က မျှော်လင့်နေပုံ ရပါတယ်။

ဒါလိုင်လားမား၊ ပန်ချန်လားမား တို့အား တရုတ်ခေါင်းဆောင် မော်ဇီတုန်း နှင့် ၁၉၅၄ ခုနှစ်က ဘေဂျင်းတွင် တွေ့ဆုံကြစဥ် (Source: PICRYL)

ဒါလိုင်လားမားကြီး ပျံလွန်တော်မူသွားပြီဖြစ်စေ၊ ကိုယ်ထင်ရှား ပြခဲ့သည်ဖြစ်စေ တရုတ်က ပြိုင်ဘက် အရိုက်အရာဆက်ခံသူ တစ်ဦးကို သတ်မှတ်လာဖို့ ရှိပါတယ်။ ဒါဟာ ၁၉၈၉ ခုနှစ်တုန်းက ပျံလွန်တော်မူသွားတဲ့ အဆင့်မြင့် ဘာသာရေး ပုဂ္ဂိုလ် ဖြစ်သူ ပန်ချန် လားမား ကိစ္စ ဖြစ်ခဲ့တာနဲ့ ဆင်တူပါတယ်။ ဒါလိုင်လားမားက ပျံလွန်တော်မူသွားတဲ့ ပန်ချန်လားမား နေရာအတွက် ကလေး တစ်ယောက် ကို တွေ့ရှိခဲ့ပေမယ့်  တရုတ်အာဏာပိုင်တွေက ရွေးချယ်ခံထားရတဲ့ ကလေးငယ်တစ်ဦးကို ရုတ်တရက် ခေါ်ယူသွားပါတယ်။ အဲဒီ ကလေးကို ဘယ်တော့မှ ပြန်ပေးခဲ့ခြင်းမရှိသလို ဘယ်ရောက်သွားတယ် ဆိုတာလည်း မကြားရတော့ပါဘူး။ အဲဒီအစား အခြား  ကလေး တစ်ဦး နဲ့ အစားထိုးခဲ့ပါတယ်။ အစားထိုးခံရတဲ့ ကလေးကို တိဗက်လူမျိုးတွေက ရယ်ဖွယ်ရာလိုမျိုး သတ်မှတ်ထားကြတာပါ။ နောက်လာမယ့် ဒါလိုင်လားမားအတွက် သူတို့ ရွေးချယ်တဲ့သူကို အသိအမှတ်ပြုဖို့ အခြားနိုင်ငံတွေကို တရုတ်က ဖိအားပေးလာမှာဖြစ်ပြီး ဒီလိုမဟုတ်ဘဲ နေတဲ့နိုင်ငံတွေကိုလည်း အပြစ်ပေးဖို့ ကြိုးစားလာပါလိမ့်မယ်။ ဒီအခြေအနေဟာ ဒီမိုကရက်တစ် ကမ္ဘာသစ်မှာ တရုတ်ရဲ့ ခြိမ်းခြောက်မှုနဲ့ ထင်ယောင်မြင်ယောင် လုပ်မှုတွေကို ဘယ်လို ရင်ဆိုင်ရပ်တည်နိုင်မလဲဆိုတာကို စမ်းသပ်မယ့် အရေးကြီးတဲ့ စိန်ခေါ်မှု တစ်ခု ဖြစ်လာပါလိမ့်မယ်။

အရိုက်အရာဆက်ခံရေး အစီအစဉ်များ

တရုတ်အတွက်လည်း ကြီးမားတဲ့ စွန့်စားခန်း တစ်ခုပါပဲ။ လက်ရှိ ၁၄ ဆက်မြောက် ဒါလိုင်လားမားကြီးဟာ လူဦးရေ ခုနစ်သန်း လောက်ရှိတဲ့ တိဗက်လူမျိုးများနဲ့ အခြားနိုင်ငံတွေမှာ ရောက်ရှိနေထိုင်ကြတဲ့ ထောက်ခံကြသူ လူ တစ်သိန်းခွဲလောက်အပေါ်မှာ သြဇာအာဏာ ရှိနေတုန်းပါ။ တရုတ်ကတော့ ဒါလိုင်လာမားအပေါ် ခွဲထွက်သူလို့ စွပ်စွဲ ပြောဆိုပေမယ့် တစ်ဖက်ကလည်း တိဗက်ကို ပြန်လာပြီး တိဗက်မှာ စိုးမိုးထားတဲ့ ပါတီကို ထောက်ခံပေးဖို့ စည်းရုံး သိမ်းသွင်းနေတယ်လို့လည်း သိရပါတယ်။

ဒါလိုင်လားမားက သူ့ရဲ့ အရိုက်အရာဆက်ခံမယ့်သူနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက် တချို့ကို ထုတ်ဖော် ပြောပြခဲ့ ပါတယ်။ မတ်လတုန်းက ထုတ်ဝေခဲ့တဲ့ စာအုပ်တစ်အုပ်ထဲမှာ ကိုယ်တော်ကြီးရဲ့ အရိုက်အရာဆက်ခံမယ့်သူဟာ လွတ်လပ်တဲ့ နိုင်ငံ တစ်နိုင်ငံမှာ မွေးဖွားလိမ့်မယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် “ကိုယ်ထင်ပြခြင်း” (emanation) ဆိုတဲ့ ရွေးချယ်ခွင့်ကိုလည်း ထည့်သွင်း စဉ်းစားခဲ့ဖူးတယ်လို့ သိရပါတယ်။ “ကိုယ်ထင်ပြခြင်း” (emanation) ဆိုတဲ့ စကားလုံးက တကယ်တော့ ဒါလိုင်လားမား ကိုယ်တိုင်က နောက်ဘဝမှာ ဘယ်သူဖြစ်မယ်၊ ဘယ်နေရာမှာ ပေါ်လာမယ်ဆိုတာကို သူကိုယ်တိုင်ဆုံးဖြတ်ပြီး ဖော်ပြတာ၊ ဒါမှမဟုတ် သူအသက် ရှိနေတုန်း မှာပဲ နောက်ထပ် ပုဂ္ဂိုလ်တစ်ဦးအဖြစ် ထုတ်ဖော်ပြသတာမျိုးကို ဆိုလိုတာပါ။ တိုတိုပြောရရင် ဒါလိုင်လားမားက သူ့ရဲ့ နောက်ဆက်ခံသူကို သူကိုယ်တိုင်ပဲ ရွေးချယ်ပြသတာ လို့ နားလည်ရပါတယ်။

ဒီနည်းလမ်းက ကိုယ်တော်ကြီး အသက်ထင်ရှားရှိနေတုန်းမှာပဲ အရိုက်အရာဆက်ခံမယ့်သူကို ရွေးချယ်ပြီး လေ့ကျင့်ပေးနိုင်မှာပါ။ ဒါပေမဲ့ ကိုယ်တော်ကြီးနဲ့ နီးစပ်သူတွေကတော့ ပြန်လည် ဝင်စားခြင်း (reincarnation) က ပိုဖြစ်နိုင်တယ်လို့ အခုအခါမှာ ယုံကြည် နေကြပါတယ်။ ဒီလိုသာဆိုရင် ခေါင်းဆောင်သစ်တစ်ဦး ကြီးပြင်းပြီး ပညာသင်ယူဖို့အတွက် ဆယ်စုနှစ်တစ်ခု ဒါမှမဟုတ် နှစ်ခုလောက် အထိ ခေါင်းဆောင်မှု ကွာဟမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလို ဒါလိုင်လားမား တစ်ဦးနဲ့ တစ်ဦးအကြား ဖြစ်သွားတဲ့ ဆက်ခံမှု လေဟာနယ် ကတော့ စွန့်စားမှု တစ်ရပ်ပါ။ တိဗက် ပြည်ပြေး အစိုးရရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ပင်ပါ ဆယ်ရင်း (Penpa Tsering) က The Economist ကို ပြောပြခဲ့တာကတော့ ဒါလိုင်လားမားကြီးဟာ ၂၀၁၁ ခုနှစ်မှာ နိုင်ငံရေးအာဏာတွေကို စွန့်လွှတ်ခဲ့ ပြီးဖြစ်သလို အခြားထိပ်တန်း လားမားတွေ က အကူးအပြောင်းကာလအတွင်း ဘာသာရေး ခေါင်းဆောင်မှု ပေးသွားမှာဖြစ်တဲ့အတွက် စွန့်စားရမှုတွေဟာ ထိန်းချုပ် နိုင်တဲ့ အနေအထားမှာ ရှိပါတယ် တဲ့။

သူက ဒါ့အပြင် တရုတ်ဟာ ၂၀၂၃ ခုနှစ် အစောပိုင်းကတည်းက လျှို့ဝှက်ဆွေးနွေးပွဲတွေကို ပြန်စဖို့ ကြိုးစားနေခဲ့ပေမယ့် တကယ့် တကယ် တိုးတက်မှုတော့ မရှိသေးဘူးလို့လည်း ပြောခဲ့ပါတယ်။ တရုတ်အရာရှိတွေဟာ ဒါလိုင်လားမားကြီးရဲ့ ကျန်းမာရေးနဲ့ အရိုက်အရာ ဆက်ခံရေး အစီအစဉ်တွေ အကြောင်းကို မကြာခဏမေးမြန်းတတ်ကြပြီး “သူတို့ စိုးရိမ်နေကြပါတယ်။ တရုတ်တို့အနေနဲ့ သူတို့ မတတ်နိုင်တာ တစ်ခုကို ပြောပါဆိုရင် ဘာဆက်ဖြစ်လာမလဲ ဆိုတာပါပဲ” လို့ ဆယ်ရင်းက ရှင်းပြ ပါတယ်။ “တိဗက်လူမျိုးတွေအနေနဲ့ တရုတ်ရဲ့ ဝင်ရောက်စွက်ဖက်မှုကို ခုခံကာကွယ်နိုင်ဖို့အတွက် နိုင်ငံတကာရဲ့ ထောက်ခံမှုတွေ လိုအပ်လိမ့်မယ်” လို့လည်း သူက ထပ်ပြော သွားခဲ့ပါတယ်။

တိဗက်အရေး အမေရိကန်နဲ့ အိန္ဒိယရဲ့ အခန်းကဏ္ဍ

တိဗက်အရေးနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ တုံ့ပြန်မှုက အရမ်းအရေးကြီးပါတယ်။ အမေရိကန် ဟာ တိဗက်ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ပိုမိုရရှိရေး တောင်းဆိုမှုတွေကို အစဉ်အမြဲ ထောက်ခံခဲ့သလို တရုတ်နဲ့ စေ့စပ်ဆွေးနွေးဖို့ကိုလည်း အားပေးခဲ့ပါတယ်။ ထရမ့် ပထမ သမ္မတ သက်တမ်းတုန်းက တရုတ်အရာရှိတွေ ဒါလိုင်လားမားရဲ့ အရိုက်အရာဆက်ခံရေးမှာ ဝင်ရောက်စွက်ဖက်တာကို တားဆီးဖို့ ဥပဒေတစ်ရပ်ကိုတောင် အမေရိကန် ကွန်ဂရက် (လွှတ်တော်) ကပြဋ္ဌာန်းခဲ့ပါတယ်။ တိဗက်အရေးကို ဆက်လက် ထောက်ခံသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက မတ်လတုန်းက ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာ ထရမ့်ရဲ့ ဘတ်ဂျက် ဖြတ်တောက် မှုတွေကြောင့် တိဗက် လူမျိုး တွေအတွက် နှစ်စဥ် ပေးထားတဲ့ ရန်ပုံငွေ ဒေါ်လာ ၂၂ သိန်း ပျောက်သွားခဲ့ရပြီ။ အဲဒီ ပမာဏဟာ တိဗက် ပြည်ပြေးအစိုးရရဲ့ ဘတ်ဂျက်တစ်ဝက် ကျော်လောက်တောင် ရှိနေပါတယ်။

ထရမ့် အနေနဲ့ တိဗက်နဲ့ ဒါလိုင်လားမားအပေါ် ဘယ်လို သဘောထားလဲ ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း ရှိမနေ ပါဘူး။ ထရမ့်မှာ”ကိုယ်ကျင့်တရား ဆိုင်ရာ အခြေခံမူ မရှိဘူး”လို့ ဒါလိုင်လားမား ကတောင် တစ်ချိန်ကပြောခဲ့ဖူးပါတယ်။  လူ့အခွင့်အရေးထက် တရုတ်နဲ့ ကုန်သွယ်ရေးကိစ္စတွေကို သူ (ထရမ့်) ကပို အာရုံစိုက်ပုံ ရပါတယ်။ တစ်ချိန်တုန်းကတော့ ထရမ့်က တရုတ်အပေါ်မှာ မာမာ ကျောကျော ဆက်ဆံခဲ့လို့ တိဗက်များအကြားမှာ ရေပန်းစားခဲ့တယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံကလည်း တိဗက်အရေးမှာ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ဒါလိုင်လားမား၊ တိဗက်ပြည်ပြေးအစိုးရနဲ့ ပြည်ပရောက် တိဗက်လူမျိုးအများစုရဲ့ ခိုလှုံရာ နိုင်ငံဖြစ်နေလို့ပါ။ နောက်လာမယ့် ဒါလိုင်လားမားကို အိန္ဒိယနိုင်ငံမှာ တွေ့ရှိခဲ့မယ်ဆိုရင် အိန္ဒိယအစိုးရက ကိုယ်တော်ကြီးကို အကာအကွယ်ပေးဖို့ များပါတယ်။ ဒါဟာ အိန္ဒိယဗုဒ္ဓဘာသာဝင်တွေနဲ့ ဟိန္ဒူဘာသာဝင် အများစုက ကိုယ်တော်ကြီးကို အထွတ်အမြတ်ထား လေးစားကြတဲ့အတွက် လူကြိုက်များတဲ့ လုပ်ရပ်တစ်ခုလည်း ဖြစ်ပါလိမ့်မယ်။ အိန္ဒိယက ဒါလိုင်လားမားရဲ့ တည်ရှိမှုကို တရုတ်အပေါ် သြဇာလွှမ်းမိုးနိုင်တဲ့ နည်းလမ်းတစ်ခုအဖြစ် မြင်ပေမယ့် သူ့ရဲ့ အိမ်နီးချင်းကြီး တရုတ်ကို ဒေါသထွက်အောင်လုပ်မိမှာကိုတော့ သတိထားနေဆဲပါပဲ။  ၂၀၂၄ အောက်တိုဘာလမှာ နယ်စပ် တင်းမာမှုတွေ ပြီးဆုံးသွားပြီးနောက်ပိုင်း အိန္ဒိယနဲ့ တရုတ်ကြား ဆက်ဆံရေး ပျော့ပျောင်း လာပါတယ်။

တရုတ်-အိန္ဒိယ ကုန်သွယ်ရေးနဲ့ အနာဂတ်စိန်ခေါ်မှုများ

အိန္ဒိယဟာ တရုတ်ကုန်ပစ္စည်းတွေအပေါ် ပိုပြီး မှီခိုလာနေတာတွေ့ရတယ်။ ၂၀၂၄-၂၅ ဘဏ္ဍာရေး နှစ်မှာ တရုတ်နဲ့ ကုန်သွယ်ရေး လိုငွေဟာ ဒေါ်လာ ၉၉ ဘီလီယံ အထိ စံချိန်တင် ရောက်သွား ခဲ့ပါတယ်။ ဒီအခြေအနေတွေကြောင့် အခြား ဒီမိုကရေစီ နိုင်ငံတွေ၊ အထူး သဖြင့် ဥရောပသမဂ္ဂ (EU) ရဲ့ တုံ့ပြန်မှုက ပိုပြီး အရေးကြီးလာပါတယ်။ နောက်လာမယ့် ဒါလိုင်လားမားကို “အစိုးရရဲ့ ဝင်ရောက် စွက်ဖက်မှု မပါဘဲ” ရွေးချယ်သင့်တယ် လို့  ဇွန်လတုန်းက EU က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

တရုတ်က ငွေကြေးဆိုင်ရာ အရေးယူမှုတွေ လုပ်လာနိုင်တာကြောင့် ပေါ်ထွက်လာမယ့် ဒါလိုင်လားမားအသစ်နဲ့ တရားဝင် ထိတွေ့ ဆက်ဆံမှုကို ဘယ်နိုင်ငံမှ စွန့်စားလုပ်ဆောင်လာဖို့ အလားအလာ နည်းပါတယ်။ လက်ရှိ ဒါလိုင်လားမားကိုယ်တော်ကြီးဆိုရင် ၂၀၀၆ ခုနှစ်မှာ  ဘာရက် အိုဘားမားနဲ့ တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့ခေါင်းဆောင်တစ်ဦးဦးနဲ့ ထပ်မံတွေ့ဆုံတာမျိုး မရှိတော့ ပါဘူး။ ဒါပေမဲ့ ဒီမိုကရေစီနိုင်ငံတော်တော်များများကတော့ တိဗက်မှာဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်လက်ဝေဖန်နေကြပြီး တိဗက်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိရေးကို ဦးတည်တဲ့ ဒါလိုင်လားမားရဲ့ “အလယ်အလတ် လမ်းစဉ်” (Middle Way) ကို ထောက်ခံနေဆဲပါပဲ။

၁၄ ဆက်မြောက် ဒါလိုင်လားမားနှင့် အမေရိကန်သမ္မတ အိုဘာမားတို့ ၂၀၁၁ ခုနှစ်က တွေ့ဆုံစဥ် (Source: Rawpixels)

ဒီလိုထောက်ခံမှုတွေ ဆက်ရှိနေမလားဆိုတာကတော့ ဒါလိုင်လားမားကြီး ပျံလွန်တော်မူပြီး နောက်ပိုင်း တိဗက်လှုပ်ရှားမှု ဘယ်လိုပြောင်းလဲသွားမလဲဆိုတာပေါ် မူတည်ပါတယ်။ တိဗက် ပြည်ပြေး အစိုးရ အဖွဲ့ဝင် လဟာဂ်ျရာ နမ်ဂယ် ဒေါလ်ကာ (Lhagyar Namgyal Dolkar) ကတော့ “အလယ်အလတ် လမ်းစဉ်” ဆိုတာ တရုတ် ပိုမိုပွင့်လင်းလာလိမ့်မယ်ဆိုတဲ့ ဟိုးအရင်က မျှော်လင့်ချက် ဟောင်းတွေကို ထင်ဟပ်နေတယ်လို့ ယုံကြည်ပါတယ်။  လွတ်လပ်ရေးအတွက် တောင်းဆိုတာက တိဗက်လူမျိုးတွေနဲ့ ပြည်ပက ထောက်ခံသူ တွေကို ပိုပြီး စိတ်ဓာတ်တက်ကြွစေလိမ့်မယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ အချို့ကတော့ ဒီလိုတောင်းဆိုမှုတွေက တိဗက်မှာ ပိုမိုတင်းကျပ်တဲ့ ပေါ်လစီတွေ ထွက်ပေါ်လာစေပြီး နိုင်ငံခြားက ထောက်ခံသူတွေကို ဝေးကွာသွားစေနိုင်တယ်လို့ စိုးရိမ်နေကြပါတယ်။

ဒါလိုင်လားမားကြီးရဲ့ ကြေညာချက်က ဒီသဘောထားကွဲလွဲမှုတွေကို ဖြေရှင်းပေးနိုင် မှာမဟုတ်သလို အရိုက်အရာ ဆက်ခံရေးနဲ့ပတ်သက်တဲ့ မေးခွန်းအားလုံးကိုလည်း ဖြေဆိုနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တိဗက်လူမျိုးအများစုအတွက်တော့ ကိုယ်တော်ကြီးရဲ့ ကြေညာချက်ဟာ ရှေ့ဆက်ပြီးရင်ဆိုင်ရမယ့် စစ်မှန်တဲ့ စိန်ခေါ်မှုကို မီးမောင်းထိုးပြလိုက်တာပါပဲ။ အဲဒါကတော့ ကိုယ်တော်ကြီး မရှိတော့တဲ့နောက်ပိုင်း သူတို့ရဲ့ ကိုယ်ပိုင်လက္ခဏာကို ဘယ်လိုဆက်ပြီး ထိန်းသိမ်းထားကြမလဲ ဆိုတာပါပဲ။

ကိုးကား :  Who will be the chosen one? The Economist

Click to rate this post!
[Total: 0 Average: 0]