The Corner

The Corner

cropped-Logo_round_grey-background.png

ကွန်ဂို နဲ့ ရဝမ်ဒါတို့ရဲ့ စာရွက်ပေါ်က ငြိမ်းချမ်းရေး

Share မယ်

ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြရမည့် ငြိမ်းချမ်းရေးသဘောတူစာချုပ်တွင် အရေးကြီးသည့်

အချက်အလက် အချို့တော့ ပါမလာ။

တွေ့မြင်လိုက်ရတဲ့မြင်ကွင်းကတော့ယုံရခက်ခက်အခြေအနေလို့ဆိုရ မှာပါ။ ဇွန်လ ၂၇ ရက်နေ့က အိမ်ဖြူတော်က ဘဲဥပုံ ရုံးခန်းမှာ ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ နဲ့ ရဝမ်ဒါ နိုင်ငံတို့ရဲ့ နိုင်ငံခြားရေး ဝန်ကြီး နှစ်ယောက်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဘေးမှာ ရပ်နေ ကြပါတယ်။ သူတို့နှစ်ယောက်ဟာ သမ္မတ ထရမ့်ရဲ့ ရှေ့မှောက်မှာပဲ နှစ်နိုင်ငံ ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုး ခဲ့ကြတာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ယူဘီယို ရှေ့မှောက်မှာ ငြိမ်းချမ်းရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီး လက်ဆွဲ နှုတ်ဆက်ခဲ့ကြတဲ့ ရဝမ်ဒါ နဲ့ ကွန်ဂို ကိုယ်စားလှယ် နှစ်ဦး (Source: Wikipaedia)

သမ္မတ ထရမ့် က “ဒီနေ့ ကျွန်တော်တို့ဟာ ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ အောင်ပွဲတစ်ခုကို ကျင်းပဖို့ ရောက်ရှိ လာကြတာပါ။ အကြမ်းဖက်မှုနဲ့ ဖျက်ဆီးမှုတွေ အဆုံးသတ် ခဲ့ပါပြီ။ ဒီဒေသကြီး တစ်ခုလုံးမှာ ငြိမ်းချမ်းမှု၊ သာယာဝပြောမှု၊ သဟဇာတ ဖြစ်မှု၊ အခွင့်အလမ်း မျှော်လင့်ချက် စတာတွေနဲ့ ကဏ္ဍသစ်တစ်ခုကို စတင် ဖွင့်လှစ်ခဲ့ပါပြီ “။

ဒါကတော့ သက်သက်သာသာ ပြောရရင် ထရမ့် ချဲ့ကားလွန်းတယ်လို့ ဆိုရမှာပါ။ မှန်ပါတယ် ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းမှာ ကာလရှည်ကြာ ပဋိပက္ခ ဖြစ်နေခဲ့တဲ့ အိမ်နီးချင်း နှစ်နိုင်ငံအဖို့ သူတို့ ပြေလည်ရန် ဆန္ဒရှိကြောင်း ပြသခဲ့ရင် နှစ်ဖက်လုံး အကျိုးရှိမှာ သိမြင်လာကြတဲ့ လက္ခဏာပါ။ သတ္တု သယံဇာတ ပေါကြွယ်တဲ့ ဒီဒေသမှာ အမေရိကန်က ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လာရင် သူတို့ အကျိုးရှိမယ် ဆိုတာမြင်လို့ ဒီသဘောတူညီချက် ဖြစ်လာတာပါ။ ဒါပေမဲ့ ဒီ သဘောတူညီချက် လက်တွေ့ အကောင်အထည် ပေါ်မပေါ် အတပ် မပြောနိုင်သေး ပါဘူး။ ဒီ တိုက်ခိုက်မှုတွေဟာ ၁၉၉၄ ခုနှစ်က ရဝမ်ဒါမှာ ဖြစ်ပေါ်ခဲ့တဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေ နောက်ပိုင်း ဖြစ်ရပ်တွေမှာ အကြောင်းရင်း ခံခဲ့တာပါ။ အဲဒီတုန်းက သတ်ဖြတ်မှုမှာ ပါဝင်ခဲ့တဲ့ လူအချို့ဟာ အခု ရဝမ်ဒါနိုင်ငံမှာ သမ္မတ ဖြစ်နေတဲ့ ပေါလ် ကာဂါမီ ရဲ့ တပ်တွေ ရန်ကို ကြောက်လို့ ကွန်ဂိုနိုင်ငံ (အဲဒီတုန်းက ဇိုင်ယီး နိုင်ငံလို့ခေါ် ) ဘက်ကို ထွက်ပြေး ခိုလှုံ ခဲ့ကြပါတယ်။ ကွန်ဂိုနိုင်ငံဟာ လူမျိုးတုံး သတ်ဖြတ်ရေး သမားတွေကို ခိုလှုံခွင့်နဲ့ အကာအကွယ် ပေးထားတယ် ဆိုပြီး ၁၉၉၆ ခုနှစ်မှာရဝမ်ဒါ စစ်တပ်နဲ့ သူ့ရဲ့ မဟာမိတ် ပြည်သူ့စစ်တွေဟာ ကွန်ဂိုနိုင်ငံထဲ ဝင်ရောက် ခဲ့ပါတော့တယ်။ ဒီမှာတင် ၁၉၉၀ ခုလွန် နှောင်းပိုင်းနဲ့ ၂၀၀၀ ပြည့်လွန် အစောပိုင်း နှစ်များအတွင်း အကြမ်းတမ်း အရက်စက်ဆုံး ဒေသန္တရ စစ်ပွဲကြီး နှစ်ပွဲ ဖြစ်ပွားပြီး လူတွေ သန်းနဲ့ချီပြီး အသက်ဆုံးခဲ့ ကြရပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ ဘယ်တုန်းကမှ ပြီးပြတ်သွားတယ်လို့ မရှိခဲ့ပါဘူး။

ဇန်နဝါရီလ အတွင်းက နောက်ဆုံး ဖြစ်ရပ်မှာ ရဝမ်ဒါက ကျောထောက်နောက်ခံ ပေးထားတဲ့ M23 ပြည်သူ့စစ်တပ်တွေဟာ ကွန်ဂို အရှေ့ပိုင်းမှာ အကြီးဆုံး မြို့နှစ်မြို့ဖြစ်တဲ့ ဂိုမာနဲ့ ဘူကာဗူး အပါအဝင် နယ်မြေတွေကို ဝင်ရောက် သိမ်းပိုက်လိုက် ကြပါတယ်။ ကွန်ဂို စစ်တပ်ဟာ သူတို့ထက် အင်အားကြီးမားတဲ့ M23 တပ်တွေကို ဟန့်တားနိုင်စွမ်း မရှိခဲ့ ကြပါဘူး။ M23 ရဲ့ မရပ်မနား ထိုးစစ်ကြောင့် ဒေသန္တရစစ်ပွဲ နောက်တစ်ခု ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

ဒါပေမယ့် ရဝမ်ဒါ အတွက် အရေးကြီးတဲ့ ကာတာနိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စုတို့က စီးပွားရေးနဲ့ သံတမန်ရေး ဖိအားတွေ ပေးခဲ့ကြတာကြောင့် ဒီရန်ဘက် နှစ်နိုင်ငံဟာ တိုက်ခိုက်မှုတွေ ရပ်ပြီး ဆွေးနွေးရေး စားပွဲဆီ ရောက်လာခဲ့ ကြပါပြီ။ သမ္မတ ဒေါ်နယ်ထရမ့် ကတော့ ဒီသဘောတူညီမှု အသစ်ဟာ အမေရိကန် ကုမ္ပဏီတွေကို ကွန်ဂို နိုင်ငံမှာ ရင်းနှီး မြှုပ်နှံပြီး ကွန်ဂိုရဲ့ ကျယ်ပြောလှတဲ့ သတ္တု သယံ ဇာတ အရင်းအမြစ် တွေကို လုပ်ကိုင်ခွင့် ရလာလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ ဒီကိစ္စအတွက်အမေရိကန် အစိုးရဟာ ကွန်ဂိုအစိုးရနဲ့ သီးခြား ဆွေးနွေး ညှိနှိုင်းမှုတွေလည်း လုပ်နေပါတယ်။

ဒီသဘောတူညီချက်ဟာ အစောပိုင်းက အင်ဂိုလာနိုင် ငံရဲ့ကြားဝင်စေ့စပ်ပေးမှုနဲ့ လုပ်ဆောင်ခဲ့ဖူးတဲ့ အလားတူ သဘောတူ စာချုပ်နဲ့ ဆင်တူပါတယ်။ အဲဒီတုန်းကတော့ စာချုပ်လက်မှတ် ထိုးရမယ့်အချိန် ရောက်ခါမှ ရဝမ်ဒါသမ္မတ ကာဂါမီ ပေါ်မလာလို့ ဒီဇင်ဘာလမှာ ဒီအစီအစဥ် ပျက်ပြားသွားခဲ့ရ ဖူးပါတယ်။ ဒီစာချုပ်အရဆိုရင် ရဝမ်ဒါတပ်တွေဟာ ရက်ပေါင်း (၉၀) အတွင်း ကွန်ဂိုနိုင်ငံ ပိုင်နက် နယ်မြေထဲက ထွက်ခွာ ပေးရမှာ ဖြစ်ပါတယ်။ ကွန်ဂို အစိုးရဘက်ကလည်း FDLR ပြည်သူ့စစ်တွေကို အပြည့်အဝ ထိန်းချုပ်ဖို့ တာဝန်ယူရမည့် သဘောပါ။ FDLR တပ်ဖွဲ့မှာ ၁၉၉၄ ခု လူမျိုးတုံးသတ် ဖြတ်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ စစ်တပ်အရာရှိတွေ ပါဝင်နေပြီး သူတို့ကို ရဝမ်ဒါ နိုင်ငံက အန္တရာယ်အဖြစ် ရှုမြင်နေဆဲပါ။

ဒီသဘောတူညီချက်တွေ အားလုံး ချောချော မောမောဖြစ် ပါ့မလား။ နယူးယောက် တက္ကသိုလ် ကွန်ဂို သုတေသနအဖွဲ့က ယောရှုဝါ ဝေါ့ကာ (Joshua Walker) ရဲ့ အပြောအရတော့ “နှစ်ဖက်စလုံးက သဘောရိုး စိတ်ရင်းကောင်းနဲ့ လုပ်ကြရင်တော့ အောင်မြင်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ကို ဒီလို တွေ့ရမြင်ရ ခဲသားပဲဗျာ” လို့ပြောပါတယ်။ ကွန်ဂို ဘက်ကတော့ ဒီသဘောတူညီချက်ကြောင့် နိုင်ငံ့ အရှေ့ပိုင်းကို ရဝမ်ဒါ သိမ်းပိုက်ထားတဲ့ ပြဿနာ ပြေလည်သွားမယ်၊ ဒီလိုနဲ့ နှစ်ဖက်ကြား တင်းမာမှုတွေ တဖြည်းဖြည်း လျော့သွားလိမ့်မယ်လို့ ကွန်ဂို နိုင်ငံခြားရေး ဝန်ကြီးကတော့ မျှော်လင့် နေပါတယ်။

ရဝမ်ဒါ နိုင်ငံကတော့ သူတို့တပ်တွေ အကူအညီနဲ့ M23 လက်နက်ကိုင်တပ်တွေက ကွန်ဂို အရှေ့ပိုင်း ဆက်လက် သိမ်းပိုက်ထား တာကို သဘောကျနေမှာပါ။ ဒါ့ကြောင့် နစ်နာကြေး စို့စို့ ပို့ပို့ မရဘဲ (ဒါမှမဟုတ်) ကြီးလေးတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေနဲ့ ခြောက်လှန့်မခံ ရဘဲနဲ့တော့ ဒီစာချုပ်ကို သူ့ဘက်က တိတိကျကျ လိုက်နာလိမ့်မယ် မထင်ပါ။ သမ္မတ ထရမ့် ကတော့ ဒီသဘောတူညီချက်ကိုချိုးဖောက်ရင် ကြီးလေးတဲ့ ပြစ်ဒဏ်ခတ်မှုနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ နှစ်ဖက်စလုံး ကို သတိပေး ထားတယ်။ ဒါလောက် နဲ့တော့ မစ္စတာ ကာဂါမီ တို့က ဖြုံလိမ့်မယ် မထင်။

ကွန်ဂိုနိုင်ငံထဲက M23 လက်နက်ကို တပ်သားများ (Source; Wikimedia)

ဒီ သဘောတူညီချက်မှာ အခြား စိတ်မအေးစရာတွေလည်း ရှိနေပါသေးတယ်။  M23 တပ်ဖွဲ့တွေရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဒီ သဘောတူညီချက်မှာ ဘာမှ သတ်သတ်မှတ်မှတ် ဖော်ပြထားတာ မပါရှိပါ M23 အဖွဲ့ ကလည်း သူတို့ကို ရဝမ်ဒါ နိုင်ငံက ကျောထောက် နောက်ခံ ပေးထားတယ်ဆိုတာကို ဘယ်တုန်းကမှ တရားဝင် အသိအမှတ်ပြု ဝန်ခံခဲ့တာ မရှိပါဘူး။ ပြည်သူ့စစ်တွေ သိမ်းပိုက်ထားတဲ့ ကွန်ဂို အရှေ့ပိုင်း ဒေသတွေရဲ့ အနာဂတ် ကံကြမ္မာက ဘယ်လိုရှိမယ်ဆိုတာ မပါရှိပါ။ ကာတာ နိုင်ငံက ကြားဝင် အကျိုးဆောင် ပေးနေတဲ့ M23 နဲ့ ကွန်ဂို အကြား သီးခြား ဆွေးနွေး ညှိနှိုင်းမှု တွေကလည်း အဆင်ပြေကြပုံ မရပါဘူး။ M23 အဖွဲ့ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က သူတို့ဘယ်မှ သွားမှာမဟုတ်ဘူးလို့ ဇွန်လ ၂၈ ရက်နေ့က ပြောလိုက်ပါတယ်။

ဂိုမာ မှာ M23 တပ်ဖွဲ့ဝင်တွေက အုပ်စုလိုက် အဓမ္မပြု ကျင့်ခြင်း၊ ညှဥ်းပန်းနှိပ်စက်ခြင်း အပါအဝင် ရက်စက်ကြမ်းတမ်းတဲ့ အမှု တွေ ကျူးလွန်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့ တွေက စွပ်စွဲ နေပါတယ်။ ဒေသခံ လူထုတွေကတော့ သတိနဲ့ပဲ အကောင်းကိုမျှော် လင့်နေကြတယ်။ “ဒီသဘောတူညီချက်ကို အရင်ဟာတွေလိုပဲ အယောင်ဆောင် သက်သက် မဖြစ်စေချင်ဘူး။ ကျွန်တော်တို့လိုချင်တာက ငြိမ်းချမ်းရေးပါ။ ဒါ့ကြောင့် M23 တပ်ဖွဲ့တွေကို အမြန် ဒီက ထွက်သွားစေချင်ပါတယ်” ဟု အသက် (၂၈) နှစ်ရွယ် ကျောင်းသားတစ်ဦးက ပြောပါတယ်။

Click to rate this post!
[Total: 0 Average: 0]