ဖေဖော်ဝါရီလမှာ လူဝီစီးယားနားပြည်နယ် ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ဖြစ်သလို ဆရာဝန်တစ် ယောက်လည်းဖြစ်တဲ့ ဘေးလ်ကာစီဒီ (Bill Cassidly) က ရောဘတ်အက်ဖ်ကနေဒီ ဂျူနီယာကို အမေရိကန်ကျန်းမာရေးဌာန အကြီးအကဲအဖြစ် ခန့်အပ်သင့်/မသင့် ကြားနားပွဲမှာ အတည်ပြုဖို့ အဆုံး အဖြတ် မဲပေးခဲ့ပါတယ်။ ဘေးလ်ကာစီဒီက ရှင်းလင်းရာမှာ ရောဘတ်ကနေဒီဟာ ရောဂါကာကွယ် ထိန်းချုပ်ရေးဗဟိုဌာန (Centres for Disease Control and Prevention – CDC) ၊ ကာကွယ်ဆေးဆိုင်ရာ အထူး ကျွမ်းကျင်သူများ အကြံပေး ကော်မတီ (ACIP) ရဲ့ ဆုံးဖြတ်ချက်တွေမှာ ဝင်ရောက်မစွက်ဖက်ပါဘူး လို့ ကတိကဝတ်ပြုခဲ့လို့သာ အခုလို အတည်ပြု ဆုံးဖြတ် ခဲ့တာလို့ ပြောပြခဲ့ပါတယ်။ ရောဘတ်ကနေဒီက ကာကွယ်ဆေးအပေါ် ယုံကြည်မှုမရှိဘူးဆိုတာက တစ်နိုင်ငံလုံး သိတာပါ။ ကာကွယ်ဆေး ဆိုင်ရာ အထူး ကျွမ်းကျင်သူများ အကြံပေးကော်မတီ (ACIP) ဆိုတာကလည်း အင်မတန် ဩဇာကြီးတဲ့ အဖွဲ့ပါ။ အထက် လွှတ်တော်အမတ် ဘေးလ်ကာစီဒီအဖို့ ရောဘတ်ကနေဒီရဲ့ ကတိဟာ ဆုံးဖြတ်ချက်ချရာမှာ ပင်မတွန်းအား ဖြစ်ခဲ့ပါတယ်။ ဒီလမှာတော့ ညှိနှိုင်းလိုက်ပြီလို့ ယူဆရတဲ့ ဒီထင်မြင်ချက်ဟာ နိဂုံးချုပ် အဆုံးသတ်ခဲ့ရပါတယ်။ ရောဘတ်ကနေဒီဟာ ကာကွယ်ရေးဆိုင်ရာ အထူးကျွမ်းကျင်သူများ အကြံပေး ကော်မတီ (ACIP) အဖွဲ့ဝင် ၁၇ ဦးကို ဖယ်ရှားပြီး အဖွဲ့ဝင်အရေအတွက် ပိုနည်းတဲ့ အဖွဲ့ငယ်နဲ့ အစားထိုး ခဲ့ပါတယ်။ ဒီအစားထိုး အဖွဲ့ငယ်ရဲ့ အစားထိုးအဖွဲ့ဝင်တွေဟာ ကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်မှုမရှိသလို ကာကွယ်ဆေးရဲ့ ထိရောက်မှု အပေါ် သံသယ ရှိတဲ့ သိပ္ပံပညာရှင် ပုဂ္ဂိုလ်တွေပါ။ ဇွန်လ ၂၃ ရက်မှာတော့ ဒီရက်သတ္တပတ်အတွင်း အထက်လွှတ်တော်အမတ် ဘေးလ်ကာစီဒီ ခေါ်ယူထားတဲ့ ကာကွယ်ရေးဆိုင်ရာ အကြံပေးကော်မတီ (ACIP) အစည်းအဝေးကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ ပြောရရင် ဒီလို အစည်းအဝေးမျိုး ဆိုတာ တစ်နှစ်လုံးမှာမှ လေးငါးကြိမ်ထက် မပိုပါဘူး။

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အကြံပေးကော်မတီ (ACIP) ရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံအပေါ် ဆွေးနွေးဖို့ ဒီအစည်းအဝေးကို ခေါ်ခဲ့တာပါ။ (ဒီကော်မတီရဲ့ ထောက်ခံချက်အပေါ်မူတည်ပြီး ပြည်သူလူထုက ဘယ်လိုကာကွယ်ဆေးမျိုးထိုးရမယ်၊ ”ကာကွယ်ဆေးဆိုင်ရာ ကုန်ကျစရိတ်ကို ဘယ်လိုကျန်းမာရေး အာမခံစနစ်မှာ ထည့်သွင်းရမယ်၊ ဘယ်လိုလူထုကျန်းမာရေးအစီအစဉ်မှာ ထည့်သွင်းရမယ်” ဆိုတဲ့ အကြံပေးကော်မတီ (ACIP) ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်ပြီး ဘယ်သူတွေက ကုန်ကျစရိတ် ကျခံရမလဲ ဆိုတာကို ဆုံးဖြတ်ရတာပါ။ ။ ဘာသာပြန်သူ) ဒီလိုကာကွယ်ဆေးထိုးဖို့ ဘယ်သူက ကုန်ကျခံရမယ် ဆိုတာတွေ ဖြစ်လာတာပါ။ ရောဘတ်ကနေဒီက ကျန်းမာရေးဌာနကို သူ့အတွေးအခေါ်နဲ့အညီ ပုံသွင်းတဲ့အခါ ဒီအကြံပေးကော်မတီ (ACIP) မှာ သူ့အယူအဆအပေါ် ထောက်ခံတဲ့ တရားသေဝါဒီတွေနဲ့ ဖွဲ့စည်းခဲ့ တာက နောက်ဆက်တွဲသက်ရောက်မှုကြီးမားတဲ့ အရေးအကြီးဆုံး ခြေလှမ်းပါ။ ဒီခြေလှမ်းဟာ အမေရိကန် ပြည်သူတွေကြား ကာကွယ်ဆေး ထိုးတဲ့နှုန်း ကျဆင်းနေတဲ့ပြဿနာကို ပိုဆိုးဝါးစေမှာပါ။ တစ်နိုင်ငံလုံးဆိုင်ရာ ကာကွယ်ဆေး မူဝါဒနဲ့ပတ်သက်ပြီးလည်း ပိုမို အကွဲကွဲ အပြားပြား ဖြစ်စေမှာပါ။ တစ်ခါ မူလ ကတည်းက ယိုင်နဲ့နဲ့ဖြစ်နေတဲ့ ကာကွယ်ဆေးထုတ်လုပ်ရေးဆိုင်ရာ စီးပွားရေး အခြေအနေပေါ် မှာပါ အနုတ်လက္ခဏာ သက်ရောက်စေမှာပါ။
ဒီအကြံပေးကော်မတီ (ACIP) က ဘယ်ကို ဦးတည်မယ်ဆိုတာကို မှန်းဆကြည့်တဲ့အခါ ဒီအစည်း အဝေးမတိုင်ခင် ထုတ်ပြန်ခဲ့တဲ့ ရှေ့လုပ်ငန်းစဉ် မူကြမ်းမှာ ပြဿနာတက်စေမယ့် အရိပ်အယောင်တွေကို တွေ့ရပါတယ်။ ဒီ အစီအစဉ် တွေထဲမှာ ကာကွယ်ဆေး ဆန့်ကျင်ရေး လှုပ်ရှားသူ သူနာပြုတစ်ဦးဖြစ်တဲ့ လင့် ရက်ဝုဒ် (Lyn Redwood) ရဲ့ တင်ပြဆွေးနွေးမှုလည်း ပါဝင်နေပါတယ်။ ဆွေးနွေးမှာက သိုင်မာရာဆယ် (Thimerosal) နဲ့ ဆက်စပ်နေပါတယ်။ ဒီဓာတုပစ္စည်းက မာကျူရီ (mercury) အခြေခံ တာရှည်ခံ ဓာတုပစ္စည်းပါ။ ပြောရရင် ဒီဓာတုပစ္စည်းဟာ လုံခြုံဘေးကင်းတယ်ဆိုတဲ့ မှတ်တမ်းတွေရှိပေမယ့် ဒီကနေ့ခေတ်မှာ အသုံးပြုတာ အင်မတန်နည်းပါတယ်။ ပုံမှန်လုပ်ထုံးလုပ်နည်းအရဆိုရင် အကြံပေးကော်မတီ (ACIP) ရဲ့ ဆွေးနွေးမယ့် အစီအစဉ်ကို ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (CDC) က သူတို့အနေနဲ့ မပြောမဆို အချိန်ကပ်ပြီး ထပ်ထည့်လိုက်တဲ့ လင့်ရက်ဝုဒ်ရဲ့ တင်ပြချက်နဲ့ သိုင်မာရာဆယ် (Thimerosal) အပေါ် မဲခွဲမှုကြောင့် အံ့ဩတုန်လှုပ်ခဲ့ရ တယ်လို့ ပြောဆိုခဲ့ပါတယ်။
အမေရိကန်ပြည်သူ အနည်းငယ်လောက်ပဲ ကူးစက်ရောဂါ ကာကွယ်ဆေးဆိုင်ရာ လုပ်ထုံး လုပ်နည်း အကြံပေးကော်မတီ (ACIP) ကို သိပေမယ့် တကယ်တော့ ဒီကော်မတီကို ၁၉၆၄ ခုနှစ်ကတည်း က ဖွဲ့စည်းခဲ့တာပါ။ အစားအစာနှင့် ဆေးဝါးဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ (Food and Drug Administration-FDA) က ကာကွယ်ဆေးတွေကို အသုံးပြုခွင့်ပေးလိုက်တဲ့အခါ အကြံပေးကော်မတီ (ACIP) က ဘယ်လို ကာကွယ်ဆေး မျိုးကို ဘယ်သူတွေအတွက် သုံးရမယ်ဆိုတာကို အဆုံးအဖြတ်ပေးပါတယ်။ အမေရိကန် နိုင်ငံရဲ့စနစ်ဟာ တစ်ပြည်နယ် တစ်မျိုးဆိုသလို ဖြစ်နေပါတယ်။ ဆိုလိုတာက ကာကွယ်ရေးဆိုင်ရာ မူဝါဒ လမ်းညွှန်ကြားချက်ကို ဖက်ဒရယ်(ပြည်ထောင်စု)အစိုးရက ချမှတ်ပေးပေမယ့် လက်တွေ့ဘယ်လို ကျင့်သုံးရမလဲဆိုတာကိုတော့ ပြည်နယ်အစိုးရတွေကပဲ ဆုံးဖြတ်တာပါ။ ဖက်ဒရယ် (ပြည်ထောင်စု) အစိုးရ ညွှန်ကြားချက်နဲ့ ပြည်နယ်အစိုးရ စီမံခန့်ခွဲမှုတို့ကို ပေါင်းစပ်ကျင့်သုံးကြတာပါ။ ပုံမှန်လုပ်ငန်းလုပ်နည်း အရပြောရင် ကျောင်းတွေမှာ ကာကွယ်ဆေးထိုးမယ့် အစီအစဉ်တွေ သတ်မှတ်ပြီး ပြည်သူတွေကို ကာကွယ်ဆေးထိုးကြဖို့ တိုက်တွန်းတဲ့အခါ ဆရာဝန်တွေနဲ့ ပြည်နယ်ကျန်းမာရေးဌာနတွေဟာ အကြံပေးကော်မတီ (ACIP) ရဲ့ ညွှန်ကြားချက်ကိုပဲ လက်ကိုင်ပြုကြပါတယ်။ အစဉ်အလာလုပ်ထုံးလုပ် နည်းက ဒီလိုရှိခဲ့ပေမယ့် အကြံပေးကော်မတီ (ACIP) အဖွဲ့ဝင်တွေကို ဖယ်ရှားအစားထိုးလိုက်တဲ့အတွက် ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန (CDC) ရဲ့ ညွှန်ကြားရေးမှူး(ငြိမ်း) ဒေါက်တာတွန်ဖရိဒ်ဒန် (Dr. Tom Frieden) က ရောဘတ်ကနေဒီ အစားထိုးခန့်ထားတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကြံပြုချက်ကို အမေရိကန်ပြည်ထောင်စုက ယုံကြည်နိုင်ပါ့မလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။ ရောဘတ်ကနေဒီ အစားထိုး ခန့်ထားတဲ့ ပုဂ္ဂိုလ်တွေဟာ ကာကွယ်ဆေးကြောင့် ပြည်သူတွေမှာ ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်လာတော့မလိုလို ချဲ့ကား ပြောဆို နေကြတဲ့ သူတွေပါ။
တစ်နိုင်ငံလုံးက ယုံကြည်အားထားရမယ့် စံချိန်စံညွှန်းမရှိခဲ့ရင် ဆရာဝန်တွေဟာ အမျိုးမျိုးအဖုံဖုံ ဖြစ်နေတဲ့ အကြံပြုချက်အပေါ် ချိန်ဆစဉ်းစားရတော့မှာပါ။ မူလကတည်းက အကွဲကွဲအပြားပြား ဖြစ်နေတဲ့ ပြည်နယ်တွေရဲ့ ကာကွယ်ဆေးဆိုင်ရာ လုပ်ထုံးလုပ်နည်း တွေဟာ ပိုကွာဟ နက်ရှိုင်း လာတော့မှာပါ။ ရီပတ်ဘလီကန် ပါတီဝင်တွေအားကောင်းတဲ့ ပြည်နယ်အတော်များများမှာ ကာကွယ်ဆေး ပါဝင်တယ် ဆိုတဲ့ အစားအစာတွေ ရောင်းချခွင့်ပိတ်ပင်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းထားကြပါတယ်။ ဒီလိုပြဋ္ဌာန်းရတာကလည်း အခြေအမြစ် မရှိတဲ့ သီအိုရီတစ်ခုကြောင့်ပါ။ ဒီသီအိုရီသဘောက ကာကွယ်ဆေးထိုးထားတဲ့ တိရစ္ဆာန်တွေရဲ့ အသားကနေတစ်ဆင့် လူ့ခန္ဓာကိုယ်ထဲ မော်လီကျူးတစ်မျိုးဖြစ်တဲ့ mRNA ဝင်ရောက်လာတယ်လို့ ပြောတာပါ။ (ဒီကနေ့အချိန်ထိ mRNA ပါဝင်တဲ့ တိရစ္ဆာန်ရောဂါ ကာကွယ်ဆေး ဆိုတာ မရှိသေး ပါဘူး။ လွဲမှားတဲ့ အယူအဆပါ။ mRNA ကြောင့် လူတွေရဲ့ဗီဇ (DNA) ပြောင်းလဲသွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုကလည်း ရှိနေပါတယ်။ ဒီစိုးရိမ်မှုကလည်း မမှန်ပါဘူး။ အခြေခံအကြောင်းရင်းကလည်း ကိုဗစ်ကာကွယ် ဆေးမှာ mRNA (COVID-19) mRNA) ပါဝင်နေပြီး ကာကွယ်ဆေးကို အချိန်တိုအတွင်း အတည်ပြုခဲ့တဲ့ အတွက် အချို့လူတွေက ဒီကာကွယ်ဆေးအပေါ် သံသယဝင်ကြပါတယ်။ အမှန်ကတော့ တစ်ကမ္ဘာလုံး အတွက် အန္တရာယ်ကြီးဖြစ်လို့ ငွေအား၊ ပညာရှင်အား ပုံအောသုံးစွဲခဲ့လို့ အချိန်တိုအတွင်း ကာကွယ်ဆေးကို ထုတ်လုပ်နိုင်ခဲ့တာပါ။ ဘာသာပြန်သူ) သီအိုရီအမှားဖြစ်ပေမယ့် ကာကွယ်ဆေး အပေါ် လူတွေရဲ့ မယုံကြည်မှုဟာ ရပ်တန့်မသွားပါဘူး။ လူထုရဲ့ မယုံကြည်မှုအပေါ် နိုင်ငံရေး အမြတ်ထုတ် အသုံးချတာလည်း ပါတာပေါ့။ Economist မဂ္ဂဇင်းက ကောက်ယူခဲ့တဲ့ လူထုစစ်တမ်း (YouGov/The Economist) အရ ဒေါ်နယ်ထရမ့်အပေါ် ထောက်ခံသူတွေရဲ့ လေးပုံတစ်ပုံက ကာကွယ်ဆေးတွေဟာ လူတွေအတွက် အန္တရာယ် ရှိတယ်လို့ ယုံကြည်ကြပါတယ်။ ကမ်မလာဟဲရစ်အပေါ် ထောက်ခံသူတွေ ကြားထဲမှာတော့ (၃)ရာခိုင်နှုန်းလောက်ပဲ မယုံကြည်ကြတာပါ။ ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးတဲ့ ကိစ္စကို ကြည့်ရင်လည်း ဒီမိုကရက်တစ် အားကောင်းတဲ့ ပြည်နယ်နဲ့ ရီပတ်ဘလီကန်ပါတီ အားကောင်းတဲ့ ပြည်နယ်တွေကြား ကာကွယ်ဆေး ထိုးနှုန်းဟာ ရာခိုင်နှုန်းအားဖြင့် (၂) ရာခိုင်နှုန်း ပဲ ကွာဟပေမယ့် လူထုကြား ရောဂါ ကူးစက် နိုင်စွမ်းအားနည်းသွားတဲ့အခြေအနေ (Range for herd immunity) အရ ကြည့်ရင်တော့ ရီပတ်ဘလီကန် ပါတီဝင်တွေ အားကောင်းတဲ့ ပြည်နယ်တွေမှာ ဒီလို အခြေအနေမျိုးကို မဆုပ်ကိုင်ပါဘူး။ ဒီမိုကရက်တစ် ပါတီဝင်တွေအားကောင်းတဲ့ ပြည်နယ်တွေမှာတော့ လူထုကြား ရောဂါ ကူးစက်နိုင်စွမ်း အားနည်းသွားအောင် လုပ်နိုင်တာကို တွေ့ရပါတယ်။

ရောဂါတွေ ပျံ့နှုံမှု အခြေအနေကလည်း ကာကွယ်ဆေး အလွယ်တကူ ရရှိနိုင်မှုအပေါ် သက်ရောက် ပါတယ်။ ကာကွယ်ဆေး ထုတ်လုပ်တဲ့ အခါ ငွေအား၊ ပညာရှင်အားတွေ အချိန်ယူ ပုံအော သုံးစွဲပေမယ့် ဈေးကွက်ထဲ ဖြန့်ချိနိုင်တဲ့ အဆင့်အထိ ရောက်လာဖို့ဆိုတာ မသေချာပါဘူး။ ပြောမယ်ဆိုရင် ကာကွယ်ဆေး ဆိုတာ ကျန်းမာတဲ့ သူတွေကို မကူးစက်အောင် ကာကွယ်ပေးတဲ့ ဆေးပါ။ ဒါကြောင့် ဒီကာကွယ်ဆေး တွေဟာ ရောဂါအန္တရာယ်ကနေ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပြီး လူကိုအန္တရာယ်မပြုဘူးဆိုတာ သေချာအောင် ကျယ်ပြန့်တဲ့ စမ်းသပ်ကုသမှုတွေကို ပြုလုပ်ရပါတယ်။ သာမန်ဆေးတွေက ဆေးတစ်တောင့်ကို မဆိုသလောက်ဘဲ ပေးရတာပါ။ ဒါပေမဲ့ ကာကွယ်ဆေး တစ်လုံးရဲ့ ထုတ်လုပ်မှုတန်ဖိုးဟာ သာမန်ဆေး တစ်လုံး ထုတ်လုပ်မှုစရိတ်ထက် (၂၅) ဆကနေ အဆ (၂၀၀) လောက်အထိ ကုန်ကျတာပါ။ ကာကွယ်ဆေး ထုတ်လုပ်တဲ့ကိစ္စမှာ ဥပဒေကြောင်းအရ တရားစွဲဆိုနိုင်တဲ့ အန္တရာယ် ရှိနေနိုင်တာကလည်း ထူးခြားချက်ပါ။ ကာကွယ်ဆေးဆိုတာ ကျန်းမာတဲ့ ကလေးငယ် သန်းပေါင်းများစွာကို ထိုးပေးရတာပါ။ ပြောချင်တာက စာရင်းဇယား သဘောအရ ပြဿနာ ရင်ဆိုင်ရမှုဟာ မပြောပလောက်ပေမယ့် ဒီမဆိုသလောက် ပြဿနာတွေ ကြောင့်ပဲ ဥပဒေကြောင်းအရ ရင်ဆိုင် ဖြေရှင်းရတာတွေ ရှိနိုင်ပါတယ်။ ဘော့စတွန် တက္ကသိုလ်မှ ကျန်းမာရေး ဆိုင်ရာ စီးပွားရေးပညာရှင် ရီနာကွန်တီ (Rena Conti) က ”သိပ္ပံပညာ သဘောအရ ရှာဖွေတွေ့ရှိချက်ကို တကယ့်တကယ်ကို ထိရောက်တယ် ဆိုတာ စိတ်မချရရင် လူထုကြား အရေးတကြီး လိုအပ်နေတဲ့ ဆေးဆိုတာ မသေချာခဲ့ရင် ကာကွယ်ဆေး ထုတ်လုပ်ရေးမှာ ရင်းနှီးမြှုပ်နှံမှု ဆိုတာ ဆွဲဆောင်မှုမက်လုံး အားပျော့တဲ့ ကိစ္စမျိုးပါ”လို့ ထောက်ပြ ခဲ့ပါတယ်။
လက်တွေ့ သဘောအရ ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အကြံပေးကော်မတီ (ACIP) ဟာ ဆေးဝါးကုမ္ပဏီတွေအနေနဲ့ အန္တရာယ်ကင်းပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးဝင်တဲ့ဆေးတွေ ထုတ်လုပ်နိုင် ခဲ့ရင် ဈေးကွက်ရှိတယ်ဆိုတာကို အာမခံပေးတဲ့ အဖွဲ့အစည်းပါ။ ဒီအဖွဲ့အစည်း၊ ဒီကော်မတီဟာ ဒေါ်လာ ၄ ဒသမ ၇ ဘီလီယံ ပမာဏရှိတဲ့ ကလေးသူငယ် ကာကွယ်ဆေးဆိုင်ရာ ဖက်ဒရယ် (ပြည်ထောင်စု) အစီအမံတွေမှာ ငွေကြေးဘယ်လို သုံးစွဲမလဲဆိုတာကို ဆုံးဖြတ်ပေးပါတယ်။ ဒီလိုအစီအမံ ပရိုဂရမ်တွေဟာ အမေရိကန် နိုင်ငံမှာရှိတဲ့ ကလေးသူငယ် တစ်ဝက်လောက်အတွက် အခမဲ့ ကာကွယ်ဆေး ထိုးနိုင်ဖို့ စီမံပေးပါတယ်။ ဒါကြောင့် အကြံပေးကော်မတီ (ACIP) ရဲ့ ထောက်ခံချက်ဟာ အမေရိကန် ကာကွယ်ရေး ဆေးဈေးကွက်ထဲ ရောင်းချခွင့်ရဖို့ လက်မှတ်ထုတ်ပေး လိုက်တာပါပဲ။
ကာကွယ်ဆေး ထုတ်လုပ်မှုဟာ လူထု ကျန်းမာရေး ရှုထောင့်အရ ကြည့်ရင်ပဲဖြစ်ဖြစ်၊ စီးပွားရေး အကျိုး အမြတ် ရှုထောင့်အရ ကြည့်ရင်ပဲဖြစ်ဖြစ် ရင်းနှီးမြှုပ်နှံမှု ရသင့်သလောက် မရဘူးလို့ စီးပွားရေး ပညာရှင်တွေ ထောက်ပြနေတာ ကြာပါပြီ။ ကိုဗစ်ရောဂါကာလ မတိုင်ခင် ကဆိုရင် အမေရိကန်နိုင်ငံမှာ တစ်နှစ်ကို ကာကွယ်ဆေး အသစ် (၇၅) မျိုး စမ်းသပ်ထုတ်လုပ်ပါတယ်။ ဒါဟာ အထွေထွေ ကုသရေး ဆေးဝါး (ကာကွယ်၊ ကုသ၊ လျော့ပါး၊ စမ်းသပ်) နယ်ပယ်ရဲ့ (၄) ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ မေလမှာ ထရမ့်အစိုးရအဖွဲ့ဟာ ကြက်ငှက် တုပ်ကွေး ကာကွယ်ဆေးထုတ်ဖို့ ဆေးဝါးကုမ္ပဏီ Modena နဲ့ ချုပ်ဆို ထားတဲ့ ဒေါ်လာ (၇၆၆) သန်း ပမာဏရှိတဲ့ စာချုပ်ကို ဖျက်သိမ်းခဲ့ပါတယ်။ ဆေးဝါးကုမ္ပဏီတွေအနေနဲ့ အစားအစာနှင့် ဆေးဝါးဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ (FDA) ကပဲဖြစ်ဖြစ်၊ ကာကွယ်ဆေး ဆိုင်ရာ အကြံပေးကော်မတီ (ACIP) ကပဲဖြစ်ဖြစ် ကျိုးကြောင်း ဆီလျော်မှုမရှိတဲ့ ကန့်ကွက်မှုတွေ ရင်ဆိုင်ရနိုင်တယ်လို့ စိုးရိမ် နေရမယ် ဆိုရင် စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ ကာကွယ်ဆေးအသစ် ထုတ်လုပ်ရေးမှာ ရင်းနှီးမြှုပ်နှံမှု လုပ်တော့မှာ မဟုတ်ပါဘူး။
(ဒေါ်နယ်ထရမ့်က ”မာဂါ” (Make America Great Again – MAGA) လို့ ကြုံးဝါးတော့ ရောဘတ်ကနေဒီကလည်း ”မာဟာ” (Make America Headthy Again – MAHA)လို့ ကြွေးကြော်ပါတယ်။ လိုက်လည်း လိုက်တဲ့ ဆရာတပည့်နှစ်ယောက်ပါ။ ။ ဘာသာပြန်သူ)

