The Corner

The Corner

cropped-Logo_round_grey-background.png

အတိုက်အခံ ဘဝမှာ ကိုယ့်အလှည့်ရောက်ဖို့ ထိုင်စောင့် မနေတော့ဘူး

Share မယ်

အမေရိကန် နိုင်ငံရေးဟာ ရှင်းပါတယ်။ ဒီမိုကရက်နဲ့ ရီပတ်ဘလီကန် ပါတီကြီး နှစ်ခုသာရှိလို့ ရွေးကောက်ပွဲတွေမှာ အနိုင်မဟုတ်ရင် အရှုံးပါပဲ။ အခုနောက်ပိုင်း တဖြည်းဖြည်းနဲ့ အနိုင်ရတဲ့ မဲအရေအတွက် ခြားနားမှုက နည်းသည်ထက် နည်းလာလို့ စိန်ခေါ်မှုတွေ ပိုပြင်းထန်လာပါတယ်။ အခု အာဏာရ ရီပတ်ဘလစ်ကန် ပါတီရဲ့ သမ္မတ ဒေါ်နယ်ထရမ့် လက်စောင်းထက်လာတဲ့ အခါ အတိုက်အခံ ဒီမိုကရက် ပါတီ ဘာလုပ်နေလဲ ဆိုတဲ့ မေးခွန်းတွေ ပေါ်လာနေပါပြီ။ ထိုင်နေသူတွေ ဆက်ထိုင်ကြမှာလား အပြောင်းအလဲတွေ လုပ်မှာလား။

တစ်ယောက်က လူမျိုးစုပေါင်းစုံရာ နယူးယောက်မြို့က ဒီမိုကရက် ဆိုရှယ်လစ်၊ အမေရိကန်ကို ရွှေ့ပြောင်း အခြေချ လာသူတွေထဲက တစ်ဦး၊ နောက်တစ်ယောက်က စီအိုင်အေ အရာရှိဟောင်း အမျိုးသမီး ခပ်ရှင်းရှင်းနဲ့ တွန်းတွန်း တိုက်တိုက် ပြောတတ်ပြီး မည်သူ့ကို မဆို ဝေဖန်ဖို့ ဝန်မလေး တတ်သူဖြစ်ကာ ကွန်ဂရက် လွှတ်တော်မှာ သူ့ပါတီရဲ့ ရပ်တည်မှုကို ကျားကန် ပေးခဲ့သူ၊ နောက်ဆုံး တစ်ယောက်ကတော့ ဆင်ခြေဖုံး အရပ်က ရေတပ်က ရဟတ်ယာဥ် ပိုင်းလော့ဟောင်း အမျိုးသမီး တစ်ဦး တစ်ခုခု လုပ်စရာ ကိုင်စရာ ပြောစရာရှိရင် ရဲရဲတင်းတင်းနဲ့ ရင်ဆိုင်မယ့်သူ တစ်ဦး။ သူတို့ သုံးဦးဟာ နိုင်ငံရေး အမြင်နဲ့ နောက်ခံ အယူအဆတွေ မတူ ကွဲပြား နေပါစေ ၂၀၂၅ ခုနှစ်အတွင်း ပါတီတွင်း ရွေးကောက်ပွဲတွေမှာ အနိုင် ရသူတွေ ဖြစ်ကြပါတယ်။ သူတို့ အားလုံးမှာ တူတာတစ်ခုတော့ ရှိပါတယ်။ ဒါဟာ ဘာလဲဆိုတော့ ပါတီဟာ ခေါင်းဆောင် အသစ် မဖြစ်မနေ လိုအပ်နေပြီ ဖြစ်တယ်။ သူ့တို့ဟာ ပေးထားတဲ့ ကတိ အတိုင်း ဖြစ်အောင် လုပ်ခဲ့ကြပါတယ်။

နယူးယောက် ကွင်းစ် အရပ်က က အသက် (၃၃) နှစ် အရွယ် ဇိုရမ် မမ်ဒါနီ (Zohran Mamdanai) ဟာ ဇွန်လ ၂၄ ရက်နေ့က ပါတီတွင်း ရွေးချယ်ပွဲမှာ မြို့တော်ဝန်ဟောင်း အင်ဒရူး ကိုမိုကို မဲအပြတ်နဲ့ အနိုင်ရခဲ့ပြီး နိုဝင်ဘာလမှာ ကျင်းပမယ့် နယူးယောက် မြို့တော်ဝန် ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်အဖြစ် အရွေးခံဖို့ အသင့် ဖြစ်နေပါပြီ။ ထို့အတူပါပဲ ဗာဂျီးနီးယား ပြည်နယ်မှာ လွှတ်တော် ကိုယ်စားလှယ်ဟောင်း အသက် (၄၅) နှစ်အရွယ် အဘီဂေးလ် စပန်ဘာဂါ (Abigail Spanbarger) ဟာ ဇွန်လ ၁၇ ရက်နေ့က လုပ်တဲ့ ပါတီတွင်း ရွေးကောက်ပွဲမှာ အနိုင်ရခဲ့လို့ ပြည်နယ် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ အဆင့်ကို တက်လှမ်းသွားခဲ့ပါပြီ။ ဒီလိုပဲ နယူးဂျာစီ ပြည်နယ် အမတ်ဖြစ်သူ အသက် (၅၃) နှစ်အရွယ် မီကီ ရှာရဲလ် (Mikie Sherril) ဟာ သူ့ထက် ပိုပြီး ကျော်ကြားသူ ငွေကြေးလည်း တောင့်တင်းသူ ပါတီတွင်းပြိုင်ဘက် ခြောက်ယောက်ကို ဖြတ်ကျော်အနိုင်ရပြီး ဇွန်လ ၁၀ ရက်နေ့မှာ ဒီမိုကရက်တစ်ပါတီရဲ့ ပြည်နယ် အုပ်ချုပ်ရေးမှူး အမည် စာရင်း တင်သွင်းခံရသူဖြစ်လာပါတယ်။

Democratic ပါတီဘက် လူကြိုက်များ ရှေ့တန်း ရောက်လာသူများ

၃၃ နှစ် ဇိုရမ် မမ်ဒါနီ
၄၅ နှစ် အဘီဂေးလ် စပန်ဘာဂါ
၅၃ နှစ် မီကီ ရှာရဲလ်

ရီပတ်ဘလီကန်ပါတီနဲ့ သမ္မတ အသစ် ဒေါ်နယ်ထရမ့် တို့ရဲ့ မနှစ်က နိုင်ငံရေး အောင်ပွဲအပြီးမှာ ဒီမိုကရက်တွေ အနေနဲ့ စိတ်ဓာတ် ပျက်ပြားကာ ပါတီကို ဘယ်လိုပြန်ပြီး ကျစ်လျစ် မာကျောကာ လူထုထောက်ခံမှုတွေ ပိုရအောင် ဘယ်လို လုပ်ကြမလဲဆိုတဲ့ အသံတွေ ဆူဆူညံညံ ထွက်လာခဲ့ပါတယ်။ ဇွန်လက ပြီးစီးသွားတဲ့ ပါတီတွင်း ရွေးကောက်ပွဲများရဲ့ ရလဒ်ကို ကြည့်မယ်ဆိုရင်တော့ မျိုးဆက် တစ်ခုဆီ လက်ဆင့်ကမ်းလွှဲပြောင်းဖို့ လိုအပ်နေပြီဆိုတဲ့ အခြေခံကျတဲ့ ယူဆချက် တစ်ရပ်ကို ကောက်ချက်ဆွဲနိုင်မယ်လို့ ထင်ပါတယ်။

ဒီမိုကရက်တစ် ပါတီက ဗျူဟာချမှတ်သူတွေ၊ အရွေးချယ်ခံ အမတ်တွေနဲ့ တာဝန်ရှိသူတွေ အဆိုအရကတော့ လက်ရှိသမ္မတ ထရမ့်လက်ထက် မှာ ထုသားပေသားကျ တောင့်ခံထားပြီး သူတို့ပါတီကို နောက်လာမယ့် ရွေးကောက်ပွဲမှာ အသင့်ဖြစ်စေဖို့ လိုအပ်တဲ့ အစီအစဥ်သစ်တွေ ရေးဆွဲ ဖော်ဆောင်ပြီး အသင့်လုပ်ထားနိုင်မယ့် ခေါင်းဆောင်ကို မဲပေးသူ တွေက မြင်ချင် လိုချင် နေပါတယ်တဲ့။ ခုနောက်ပိုင်း ပေါ်ထွက်လာကြတဲ့ ငယ်ရွယ်သူ ဒီမိုကရက်များက သက်ကြီး ဝါရင့် ခေါင်းဆောင်များကို ပိုမို အစွမ်းထက်တဲ့ နည်းလမ်းတွေနဲ့ စူးရှတဲ့ မေးခွန်းမျိုးစုံကို ပုံမှန်ဆက်သွယ်ရေး နည်းလမ်းတွေဖြစ်တဲ့ သတင်းစာ၊ တီဗီများ ကတင်မကဘဲ ခေတ်ပေါ် ဆက်သွယ်ရေး နည်းတွေဖြစ်တဲ့ အသံလွှင့် ပေါ့ဒ်ကက်စ်တွေ၊  တစ်တော့ (Tiktok) လို ဆိုရှယ် မီဒီယာ ပလက်ဖောင်း နေရာတွေကပါ မေးလာနေကြပြီ ဖြစ်ပါတယ်။ လူငယ်တွေက ထိရောက်တဲ့ ပေါ်လစီတွေ ချမှတ် ပေးဖို့၊ ဒီပေါ်လစီတွေဟာ လူတွေ လက်တွေ့မှာ ခံစားနေကြရတဲ့ စီးပွားရေး အဆင်မပြေမှုတွေ ပြေလည်စေဖို့ ဦးတည် သင့်တယ်လို့ တိုက်တွန်းကြပါတယ်။ ဒါ့အပြင် အမေရိကန်ရဲ့ အစ္စရေး နိုင်ငံအပေါ် အစဥ်အမြဲ ထောက်ခံနေတဲ့ အနေအထား ပြောင်းဖို့ ရှိ မရှိ၊ နိုင်ငံရေး ခိုလှုံခွင့် ပေးတဲ့ ဥပဒေတွေ အပြင် အိမ်ရာ ထူထောင်မှုနဲ့ လျှပ်စစ်မီး ရရှိမှု လုပ်ထုံးလုပ်နည်းတွေ ကအစ မေးခွန်းတွေ မေးလာကြပါတယ်။

အထက်က နမူနာ ပေးခဲ့တဲ့ ကိုယ်စားလှယ် သုံးဦးမဲဆွယ်ကြတဲ့ အခါမှာ ကျပ်တည်းလာတဲ့ ဒီခေတ်မှာ သက်သာ ချောင်ချိအောင် နေထိုင်ရေး ကိစ္စကို အလေးထားပြောပြီး မဲဆွယ်ကြတာ တွေ့ရတယ်။ နောက်ပြီး သူတို့ဟာ တချို့ အာရုံစိုက်ခံရမှု နည်းနေတဲ့ သန္ဓေသား ဖျက်ချခွင့်၊ ရာဇဝတ်မှုခင်းများကို မျှတစွာကိုင်တွယ်ရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ ကိစ္စတွေလို လူမှုကိစ္စတွေ ကိုလည်း မဲဆွယ်ပွဲတွေမှာ ထည့်သွင်း ဆွေးနွေးသွား ကြတာ မြင်ရပါတယ်။ အသက် (၄၀) အရွယ် အဗ္ဗဒူ အယ်လ်ဆာရိဟာ မစ်ချီဂန်ပြည်နယ် ဆီးနိတ်လွှတ်တော်အမတ်နေရာအတွက် ပါတီတွင်းမှာပဲ အသက် (၄၅) နှစ်အောက် အရွယ်ရှိတဲ့ ပြိုင်ဘက် သုံးဦးနဲ့ ယှဥ်ပြိုင်နေတဲ့ သူပါ။ သူက အမေရိကန်လူမျိုးတွေ ကြုံတွေ့နေရတဲ့ လူမှု ဒုက္ခအသစ်တွေကို သိရှိခံစားနားလည်ဖို့ဆိုတာ အသက်ငယ်သူ တွေနဲ့ မဆိုင်ဘူးဆိုတာ မမှန်ဘူးလို့ ပြောပါတယ်။ ဆက်ပြီး “အခြေခံကျတဲ့ ကိစ္စရပ် မူဘောင်တွေက အရင်လို မဟုတ်တော့တဲ့အခါ အမေရိကန်မှာ ဘဝတစ်ခု တည်ဆောက်ဖို့ ဆိုတာ မလွယ်တော့ပါဘူး။ ဒီလိုမလွယ်ရတဲ့ အထဲ ဒီလို အခက်အခဲ တွေကို အများဆုံးကို ရင်ဆိုင်ရတာက လူငယ် လူရွယ်တွေ ဖြစ်ပါတယ်။ ဒီလူငယ်တွေကို လုပ်ပိုင်ခွင့် ပြောဆိုပိုင်ခွင့်တွေ ပေးတဲ့အခါကျမှသာ အမေရိကန်တွေ တကယ်ကြုံနေရတဲ့ ဒုက္ခ အစစ်အမှန်တွေကို သူတို့က ပြန်ပြောနိုင်မှာပါ”

ဒီမိုကရက်တစ်ပါတီ ရွေးကောက်ပွဲ အရေးနိမ့်သွားပြီးတဲ့ အချိန်ကစလို့ မျက်နှာသစ် ကိုယ်စားလှယ်တွေကို မဲပေးသူများက လိုလားကြတယ်ဆိုတဲ့ အယူအဆ သစ်တွေ ထွက်ပေါ်လာပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒင်ရဲ့ အသက်နဲ့ သမ္မတ ရာထူး လိုက်ဖက် မလိုက်ဖက် စဥ်းစားမနေနဲ့၊ ဒါကို ခဏမေ့ထားပြီး ပါတီကိုသာ မဲပေးကြဖို့ ဒီမိုကရက်တစ် မဲဆန္ဒရှင်များကို ထပ်ကာထပ်ကာ တိုက်တွန်းခြင်း ခံခဲ့ကြရပါတယ်။ အခုတော့ အသက်ကြီးလို့၊ စီနေယာ ဖြစ်နေလို့ဆိုတဲ့ ဆင်ခြေတွေကို လူငယ်တွေက လက်မခံ ကြတော့ပါဘူး။

သမ္မတ ဘိုင်ဒင်ရဲ့ ပြည်တွင်းရေးရာ ပေါ်လစီ အကြံပေးဟောင်း အခုလက်ရှိ အမေရိကန် ရှေ့သို့ ဌာနကို ဦးဆောင်လုပ်ကိုင်နေသူ နီယာ တန်ဒန်က “လူတွေ ဘာ အပြောင်းအလဲ လိုချင်လဲဆိုတာ ကျွန်မတို့ ကြားပါတယ်၊ နည်းနည်းတောင် နောက်ကျနေပါပြီ၊ ဒါပေမဲ့ ကျွန်မတို့ ဒါကို ငြင်းစရာမရှိပါဘူး။”

အစဥ်အလာကြီးသူ၊ သုံးကြိမ်တိုင်တိုင် မြို့တော်ဝန်ဖြစ်ခဲ့သူ ကိုမိုကို အလဲထိုးပြီး မစ္စတာ မမ်ဒန်နီ အနိုင်ရခဲ့တာက ပါတီအတွင်း သစ္စာတော်ခံ လူဟောင်းကြီးတွေကို မြင်သာအောင် ပေးလိုက်တဲ့ အချက်ပေး ခေါင်းလောင်းသံ ဖြစ်ပါတယ်။ သို့သော်လည်း မမ်ဒါနီရဲ့ ဥပမာနဲ့ မစ္စ စပန်ဘာဂါ နဲ့ မစ္စ ရှာရဲလ်တို့ အနိုင်ရခဲ့ ပုံစံကတော့ ကွဲပြားပါတယ်။ အဲဒီ အမျိုးသမီး နှစ်ဦးဟာ အမေရိကန် နိုင်ငံအတွက် စွမ်းဆောင်ပေးခဲ့တဲ့ ဂုဏ်ထူး အရှိန်အဝါတို့နဲ့ ၂၀၁၈ ခုနှစ် ကွန်ဂရက် လွှတ်တော် ကိုယ်စားလှယ်အဖြစ် မဲ အများအပြားနဲ့ အရွေးချယ်ခံခဲ့ ရပါတယ်။ သူတို့ဟာ ဒီမိုကရက်တစ်ပါတီရဲ့ ထိပ်တန်း အလှူရှင်များနဲ့ ခေါင်းဆောင်များရဲ့ ထောက်ခံမှုကိုလည်း ရရှိခဲ့ကြသူတွေ ဖြစ်ပါတယ်။ အမျိုးသမီးများ ဖြစ်တဲ့အပြင် သူတို့ဟာ သူတို့ကိုယ်သူတို့ မာကျောတဲ့ တွန်းလှန်သူများအဖြစ် တံဆိပ် ကပ်ထားကြပြီး သမ္မတ ထရမ့်ကို အပြတ်အသတ် နှိမ်နင်းဖို့ စိတ်အား ထက်သန်နေသူတွေ ဖြစ်ကြပါတယ်။

မစ္စတာ မမ်ဒါနီကို ထောက်ခံသူ နယူးယောက် အမတ် ဂျာယို နက်ဒလာက မစ္စတာ မမ်ဒါနီရဲ့ အောင်မြင်မှုဟာ လူတွေရဲ့ မျိုးဆက်သစ် အပေါ် ငတ်မွတ်နေတဲ့ အပြောင်းအလဲ တစ်ခုအဖြစ် လက်ခံပေမယ့် သူကိုယ်တိုင်ကတော့ မမ်ဒါနီ လေးဘက်ထောက်သွား ကလေးဘဝ ကတည်းက အမတ်ဖြစ်လာသူမို့ သူထိုင်တဲ့ ခုံပေါ်က ဆင်းပေးရမည့် အရေးကို သိပ်စိတ်ပူပုံတော့ မရပါဘူး။ ၁၉၉၂ ခုနှစ်ကတည်းက ရွေးချယ် တင်မြှောက် ခံခဲ့ရသူ အသက် (၇၈) နှစ်အရွယ် နက်ဒလာက “အားလုံးက လိုလားတယ် ဆိုတိုင်းလည်း လွှတ်တော်အမတ် ဆိုတာ ငယ်ငယ် ရွယ်ရွယ် ဖြစ်စရာမလိုပါဘူး” လို့ ပြောပါတယ်။

ဒီမိုကရက်တစ် ပါတီမှာ သူ့လိုပဲ နေရာဖယ် မပေးချင်တာ သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ နယူးယောက်က ဆီးနိတ် လွှတ်တော်အမတ် (၇၄) နှစ်အရွယ် ချက်ခ် ရှုမားကို ဒီနှစ် မတ်လတုန်းက ရီပတ်ဘလီကန်ဘက်က တင်သွင်းတဲ့ အစိုးရ အသုံးစရိတ် ဥပဒေကြမ်းကို ထောက်ခံခဲ့လို့ သူ့ပါတီက လူများက ဆင်းပေးဖို့ တောင်းဆိုတာကို ခါးခါးသီးသီး ငြင်းဆန် ခဲ့ပါတယ်။ သူ့လိုပဲ ဝါရှင်တန် ဒီစီက မဲပေးခွင့်မရှိတဲ့ သက်တော်ရှည် ဒီမိုကရက်တစ် အမတ်တစ်ဦးဖြစ်သူ အသက် (၈၈) နှစ်အရွယ် အယ်လီနော ဟုမ်းစ် နော်တမ် ကလည်း နောက်တစ်ကြိမ် ပြန်လည် အရွေးခံဖို့ စိုင်းပြင်းနေပါတယ်။ နောက် အသက် (၇၆) နှစ်အရွယ် ဂျွန်လာဆင်ကလည်း အနားယူဖို့ အစီအစဥ်မရှိကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားပါတယ်။ ဂျွန်လာဆင်က တစ်စိတ်တစ်ပိုင်း ‘တက်’ တတ်တဲ့ ရောဂါ (Partial Seizure) ရှိသူ ဖြစ်လို့ လွှတ်တော်ထဲမှာ စကားပြောရင်း ကြောင်ပြီး ရပ်သွားတဲ့ ဖြစ်ရပ်တွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။

Democratic ပါတီက သက်တော်ရှည် အမတ်များ

၇၄ နှစ် ချက်ခ် ရှုမား
၇၈ နှစ် ဂျာယို နက်ဒလာ
၈၈ နှစ် အယ်လီနော နော်တမ်

ဒီမိုကရက်တစ်ပါတီဝင် လူငယ်များနဲ့ လူကြီးတွေ အပွတ်အတိုက်များလာတဲ့အခါ ပါတီမှာ အက်ကွဲကြောင်းတွေ ပေါ်ထွက်လာ ပါတယ်။ အသက် (၂၅) နှစ်သာရှိသေးတဲ့ အမျိုးသား ဒီမိုကရက်တစ် ကော်မတီ ဒု ဥက္ကဋ္ဌ ဒေးဗစ်ဟော့ခ်ဟာ လျင်လျင်မြန်မြန် တုံ့ပြန် တတ်သူ တစ်ဦးဖြစ်ပြီး ပါတီတွင်း ရွေးကောက်ပွဲတွေမှာ ငွေကို ပုံအောသုံးပြီး မျိုးဆက်သစ်တွေ နေရာရလာဖို့ ကြိုးစားသွားမယ်လို့ ကြုံးဝါးခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ ဇွန်လမှာ ဟော့ခ်တစ်ယောက် တာဝန်ကနေ နုတ်ထွက် သွားပါပြီ။ မကြာခင်က ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ဟော့ခ်က အသက်ကြီးလို့ ကြောက်နေရမယ်ဆိုရင်တော့ မဟုတ် သေးဘူး ထင်တယ်၊ လူတွေက ရွေးကောက်ခံ ထားတဲ့လူတွေ အကြာကြီး နေရာတစ်ခုကို ယူထားပြီး အသုံးမကျ ဖြစ်နေတာကို စိတ်ပျက်နေကြပြီ” လို့ ဘွင်းဘွင်းပဲ ပြောသွားပါတယ်။ မစ္စတာ ဟော့ခ်နဲ့ အခြား တက်ကြွသူတွေပြောတာက ပြီးခဲ့တဲ့လက မမ်ဒါနီတို့ အောင်ပွဲတွေ ရတာကို နမူနာယူကြပြီး ပေးလာတဲ့ အခွင့်အရေးကို ဒီမိုကရက်တစ် ပါတီ သွေးသစ်တွေ အရယူကြပါလို့ တိုက်တွန်းလာကြပါတယ်။ လူငယ်တွေကို စည်းရုံးနေတဲ့ “Run for Something” လှုံ့ဆော် မှုကို ဦးဆောင်သူ အမန်ဒါ လစ်တ်မန်းက ဇွန်လ ၂၄ ရက်နေ့ မစ္စတာ မမ်ဒါနီ အရွေးချယ် ခံရပြီးတဲ့ နောက်ပိုင်း လူငယ် လူသစ် ၁၁၀၀ လောက် စုဆောင်းမိပြီလို့ ပြောပါတယ်။

၂၀၁၇ ဒီလို အချိန်နဲ့ ဒီနှစ် ဒီအချိန် နှိုင်းယှဥ်မယ်ဆိုရင် ပိုပြီး ကြားလာရတာက “ကျွန်တော်/ကျွန်မတို့ အလှည့် ရောက်လာမှာကို ထိုင်မစောင့်နိုင်သလို နောက်ကလည်း တန်းစီ နေမှာ မဟုတ်ဘူး၊ ဒီမိုကရေစီဆိုပြီး ဆေးခါးကြီးကိုလည်း အောင့်အီးပြီး မသောက်ချင် ကြတော့ဘူး” လို့ ပြောပါတယ်။

ကိုးကား The New York Times ‘Done Waiting My Time’: Younger Democrats Rise Up     

Click to rate this post!
[Total: 0 Average: 0]