The Corner

The Corner

cropped-Logo_round_grey-background.png

ဒလိုင်းလားမားနှင့် ဘောလုံးပွဲ

Share မယ်

တိဗက်ဗုဒ္ဓဘာသာအယူအရ အဝလောကိတေသွရ (စကြဝဠာစောင့် ကရုဏာရှင်နတ်မင်း)ရဲ့အသွင်တော်ကိုယူထားတဲ့ ဒလိုင်းလားမားအရှင်သူမြတ်ဟာ တစ်နေ့တော့ ကားလမ်းဘေးမှာ ကလေးတွေ ဘောလုံး ကန်နေတာကို ရပ်ကြည့်မိသတဲ့။ သူငယ်စဉ် “လဟာမို” ဘဝ တိဗက်ပြည်အရှေ့မြောက်ပိုင်းက သူတို့ရွာလေးမှာ ဘောလုံး ကစားခဲ့ ရတာတွေကို သတိရမိ၊ လွမ်းဆွတ်တမ်းတမိသတဲ့။ တစ်နေ့ခင်း သူငယ်ချင်းတွေက သူတို့နဲ့အတူဘောလုံးကန်ဖို့ သူ့ကိုတကြော်ကြော်အော်ခေါ်နေချိန်မှာ ဗောဓိသတ္တလူဝင်စားကို လာရောက်ရှာဖွေတဲ့ စူးစမ်းရေးအဖွဲ့ရောက်လာသတဲ့။ အဲဒီအခိုက်အတန့်မှာပဲ သူ့ဘဝတစ် ဆစ်ချိုးခဲ့ရသတဲ့။

သူရပ်ကြည့်နေတဲ့ဘောပွဲအကြောင်းပြောရင်းက ကဗျာဆရာက သူ့ငယ်ဘဝကိုခင်းပြတယ်။ ဒီတော့ ဘောလုံးပွဲထဲကို သူ့ဘဝတစ်ပိုင်းတစ်စက ဝင်လာလိုက် ထွက်သွားလိုက်။ ဘောပွဲကလည်းရင်ဖိုစရာ၊ သူ့ဘဝကလည်း ရင်ဖိုစရာ။ ဘောပွဲအရှိန်တက်လာသလို သူ့ဘဝကလည်း အရှိန်တက်လာ။ နောက်ဆုံးမတော့ ဘောပွဲပြီးသွားသလို သူ့ရဲ့ ငယ်ဘဝလည်းဆုံးခန်းတိုင်သွားခဲ့။ အဲဒီအချိန်ကစလို့ အရာအားလုံး ထာဝရပြောင်းလဲသွားခဲ့။

၂၀၁၃ ခု မေလထဲ တိဗက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမား အမေရိကန်နိုင်ငံ ပေါ့တ်လင်း တက္ကသိုလ်ကို လာရောက်လည်ပတ်ပါတယ်။ သူ့ကိုလာတွေ့ဖို့စောင့်ဆိုင်းနေတဲ့ လူပုဂ္ဂိုလ်ငါးထောင်ကို သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့က စစ်ဆေးနေချိန်မှာ တက္ကသိုလ်ဆရာတစ်ဦးဖြစ်တဲ့ ဘရိုင်ယန်ဒွိုင်းလ် (အတိုကောက် ဘီဒီ) ကတော့ ခန်းမကြီးအဝင်က အခန်းလေးထဲ တိတ်တိတ်ဆိတ်ဆိတ်အနားယူနေတယ်။ အခန်းနံရံမတော့ (ဆုရသူတွေရဲ့ဓာတ်ပုံနဲ့အတူ) အားကစား ဆုဖလားတွေ ဒိုင်းတွေအပြည့် စီထည့်ထားတဲ့ မှန်ဗီရိုတွေအစီအရီပေါ့ဗျာ။ အခန်းထဲကို တိဗက်ဘုန်းတော်ကြီး တစ်ပါးဝင်ချလာတယ်။ ဆုဖလားတွေကို မြင်တော့ သူက ဘီဒီကိုမေးတယ်။ “ဒီအမျိုးသားတွေ အမျိုးသမီးတွေက ဘာတွေများစွမ်းဆောင်ခဲ့လို့ သူတို့ကို ဒီလိုတခမ်းတနားရွှေကျောင်းဆောင်နဲ့ ဂုဏ်ပြုရတာတုံး” တဲ့။ သူတို့ဟာ အားကစားသူရဲကောင်းတွေဖြစ်ကြောင်း ဘီဒီက သူ့ကိုရှင်းပြတယ်။ အဲဒီမှာတင် ဘုန်းတော်ကြီးနဲ့ စာရေးဆရာ အဖွဲ့ကျသွားတော့တာ။ နှစ်ယောက်စလုံးက အားကစားမြတ်နိုးသူတွေဖြစ်နေသကိုး။ စက္ကန့်ပိုင်းအတွင်းမှာပဲ ဘောလုံးနဲ့ ဘတ်စကက်ဘော ဘယ်ဒင်းက သာသလဲဆိုတာ နှစ်ယောက်သားငြင်းကြခုံကြပါလေရော။

ဘုန်းတော်ကြီးဆီက ဟိန်းထွက်လာတဲ့ရယ်သံကြီးကို ဘီဒီသဘောခွေ့တယ်။ သို့ပေမဲ့ ဘရိုင်ယန်ကတော့  ဘရိုင်ယန်ပဲ။ ဘတ်စကက်ဘောမှ ဘတ်စကက်ဘောပဲ။ တစ်ပြားမှမလျှော့နိုင်ဘူး။ ဘုန်းတော်ကြီးကလည်း သူ့ဘောလုံးမှ ဘောလုံး။ ဒီလောက်နားမပေါက်တဲ့ ဘုန်းတော်ကြီးကို ဘီဒီက စကားတစ်ခွန်း လွှတ်ခနဲ ပြောချလိုက်တယ်။ သူသုံးလိုက်တဲ့အာလုပ်စကားကဘာလဲဆိုတာ သူ့ဘာသာမသေချာဘူး။ ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ ထွက်ဆိုချက်လေးခုကို နှိုင်းယှဉ်ကြည့်တဲ့အခါ နှစ်ခုက ဘီဒီရဲ့ထွက်ဆိုချက်ဖြစ်နေတယ်။ ဘုန်းတော်ကြီးကို သူပြောလိုက်တာက “ဒီမယ် ကိုယ့်လူ ကျုပ်ပြောတာနားထောင်ဦး” ဆိုလား “ဒီမယ် ကိုယ့်ဆရာ ခဏနေဦး” ဆိုလား။ ဘယ်လိုခေါ်ခဲ့သလဲဆိုတာအငြင်းပွားစရာဖြစ်နေတယ်။ သို့ပေမဲ့ နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ ဖြစ်ရပ်တွေကတော့ အငြင်းပွါးစရာမလိုပေဘူး။ ဘီဒီပက်ခနဲပြောပြီးတာနဲ့ ဘုန်းတော်ကြီးရဲ့နောက်လိုက်နောက်ပါဘုန်း ကြီးတွေ၊ လုံခြုံရေးအဖွဲ့ဝင်တွေ အခန်းထဲကို တန်းစီဝင်လာပြီး ဘရိုင်ယန်နဲ့ ပြိုင်ပြီးစကားရည်လုနေတဲ့ ဘုန်းတော်ကြီးကို ရိုရိုသေသေဝန်းရံလိုက်ကြတယ်။ အဲဒီအခါကျမှ သူဟာ အရက်ဆိုင်ထဲမျက်စိ စုံမှိတ်ငြင်းခုံနေတဲ့ ရီဝေဝေခပ်ထွေထွေအားကစားရူးတစ်ယောက်လိုပြုမူမိခဲ့ပါကလား … သူပြောခဲ့ဆိုခဲ့ ပြန်ပက်ခဲ့တဲ့ပုဂ္ဂိုလ်က ဒီနေ့ခေတ်ရဲ့အကြည်ညိုခံရဆုံးဘာသာရေးခေါင်းဆောင်ကြီးတစ်ဦးပါကလား … ဆိုတာ ဘရိုင်ယန် တစ်ယောက် သိလိုက်ရပါတော့တယ်။ အဲဒီနောက် ဆက်ပြောကြတာတွေက နှစ်ဦးနှစ်ဝ အကျိုးရှိသဗျ။ ကလေးဘဝကစပြီး မြင့်မြတ်တဲ့ဂုဏ်ပုဒ်တွေ ဘွဲ့တွေနဲ့ပိနေတဲ့ ဒလိုင်းလားမားအရှင်မြတ်အဖို့ “ကိုယ့်လူ” “ကိုယ့်ဆရာ” အဖြစ်နဲ့ အားကစားအကြောင်းအကြိတ်အနယ်ပညာပေးခံရတဲ့ ခဏတာလေးကို သဘောကျသွားလေရဲ့။ တစ်ဖက်ကလည်း ကရုဏာတော်အရှင်မြတ်ရဲ့ဘောလုံးအပေါ် နက်ရှိုင်းလှတဲ့တွယ်တာမှုက ဘီဒီ့ရင်ကိုရိုက်ခတ်သွားတယ်။ ဒီမှာတင် သူ့ရဲ့ ကျယ်ပြောလှတဲ့ စိတ်ကူးရေကာတာကြီး ကျိုးပေါက်သွားပြီး တိဗက်ပုံပြင်တစ်ပုဒ်မွေးဖွားသန့်စင်ခဲ့ပါတယ်။

ကရုဏာရှင် ဗောဓိသတ္တ ချေနရေဇစ်*၏ ကိုယ်ပွားဖြစ်တော်မူသော ဒလိုင်းလားမားအရှင်သူမြတ် လမ်းဘေး၌ ကားရပ်ပြီး ကလေးများဘောလုံးကန်နေသည်ကို ကြည့်ရှုခြင်း

ဟိုးတစ်ချိန်က သူကိုယ်တိုင်ဘောလုံးကန်ခဲ့တာ အမှတ်ရသွားခဲ့


တိဗက်အရှေ့မြောက်ပိုင်း တက်စာ (ဟိန်းနေတဲ့ကျား)ဆိုတဲ့ဒေသမှာ …


တိဗက်လို့ခေါ်ခဲ့တဲ့နေရာပေါ့လို့ တွေးမိတာနဲ့ သူ့စိတ်တွေအုံ့မှိုင်းသွား။


သို့ပေမဲ့ စိတ်ပန်းခံရတာကို သူငြီးငွေ့နေ၊ တစ်ခါတလေတိုးဝှေ့ဝင်လာတဲ့ စိတ်ကျခြင်းထဲ မနစ်မွန်းဖြစ်အောင် သူကရယ်သံနဲ့အသားကျနေ၊


ပစ္စက္ခအခိုက်လေးကို လက်လွတ်မခံနိုင်အောင် ဘောပွဲကို သူစိတ်ဝင်စားနေ။


ပိန်ရှည်ရှည်ကောင်မလေး လူအုပ်ထဲက ခွဲထွက်လာ ဂိုးသမားဆီ တစ်ရှိန်ထိုးဆွဲပြေး၊ တစ်ချက်နှစ်ချက် အယောင်ပြပြီး ဂိုးညာဘက်အပေါ်ထောင့်ထဲ အုန်းခနဲကန်သွင်းလိုက်တယ်။

ဂိုးသမားခုန်ပျံဖမ်း၊ ဘောလုံးက ဂိုးပေါက်နဲ့ကပ်လွဲခဲ့။

ဒလိုင်းလားမားအရှင်မြတ် ကားပေါ်ကကပျာကသီဆင်းလာ၊

ဘောကန်ချက်ရော၊ သီသီလေးကာကွယ်နိုင်မှုရော သူလက်ခုပ်တီးချီးကျူးခဲ့။

လက်ခုပ်တီးနေသူကို ကလေးတွေ စောင်းငဲ့ကြည့်ကြ၊ သူတို့သိသူမဟုတ်သလို

ကလေးတစ်ဦးဦးရဲ့အဖေမဟုတ်လို့ သူ့ကိုလျစ်လျူရှုခဲ့ကြ။

နွေးနေတဲ့ကားနံရံကို မှီပြီး သူရပ်ခဲ့။ ကားဆရာထွက်လာ

စီးကရက်တစ်လိပ်မီးညှိခဲ့။ ဘောပွဲပြန်စ။ နှစ်ဦးသား

တစ်နေ့ လူကြီးလေးဦး သူတို့ဆီပေါက်ချလာသတဲ့ … အရှင်သူမြတ်မိန့်တယ်။

တအောင့်လေးမှ စကားမဆိုကြ။ နေခြည်နွေးနွေးထဲမှာ။

စိပ်ပုတီးနှစ်ကုံးထဲက တစ်ကုံးရွေးခိုင်းတယ်။ ကျုပ်ရွေးပေးလိုက်တယ်။

အဲဒီနောက် မျက်မှန်နှစ်လက်ထဲက တစ်လက်ရွေးခိုင်းပြန်တယ်။

တောင်ဝှေးတစ်ချောင်းရွေးခိုင်းတယ်။ ကျုပ်ရွေးပေးလိုက်တယ်။ ဒီနောက်                   

ကျုပ်မိဘတွေကို ခွင့်တောင်းတယ်။ ကျုပ်ကိုယ်ပေါ်မှာမြင့်မြတ်တဲ့လက္ခဏာတော်ရှစ်ခုကို ရှာကြည့်ပါရစေတဲ့။ ကျုပ်ကို စစ်ဆေးပြီးတဲ့အခါ သူတို့ချင်းခေါင်းချင်းဆိုင်ကြ။

ကျုပ်အိမ်နောက်ဖေးမှာ သူငယ်ချင်းတွေက ဘောလုံးကန်နေကြ။

သူတို့နဲ့အတူ ဘောလုံးလာကန်ဖို့ ကျုပ်ကိုအော်ခေါ်နေကြ။

လဟာမို**! လဟာမို! သူတို့ကခေါ်ရဲ့။ လူကြီးတွေက လေးနက်တည်ကြည်စွာ

သူတို့က ကျုပ်အဖေနဲ့အမေကို ခေါင်းညွှတ်အရိုအသေပြုကြ။ သူတို့ထဲ

အကြီးဆုံးလူက “အကျွန်ုပ်တို့ အဝလောကိတေသွရ***ကို တွေ့ရှိခဲ့ပြီ” လို့ပြော။

လဟာမို! သူငယ်ချင်းတွေက အော်ခေါ်နေဆဲ။ မင့်ခြေမြန်တော်ကို ဒီသယ်ခဲ့။

သူက ပညာသမုဒ္ဒရာကြီး တန်ဇင်ဂျာဆိုပါပဲ လို့ ဒီလူကြီးကပြောတယ်။

မင့်ဘောလုံးယူခဲ့ဦး။ ဟိုဆိုနမ်အရူးက သူ့ဘောလုံးပျောက်သွားလို့။              

သူဟာ အလိုခပ်သိမ်းကိုပြည့်စုံစေနိုင်တဲ့ရတနာ ရေရှေးနော်ဘူ ပါပဲ

လဟာမို! မင်းမြန်မြန်လာရင်လာ မလာရင်မင်းဂိုးစောင့်လုပ်ရမှာ။

သူဟာ မြင့်မြတ်တဲ့ ကရုဏာတော်ရှင် ဂျေဆန်ငါဝမ် ပါပဲ။

ဒီလူကြီးကပြောတယ်။ သူအချက်ပြလိုက်တာနဲ့ အားလုံးဒူးထောက်ခဲ့ကြ

အဖေနဲ့အမေပါ,ပါတယ်။ တစ်ဒင်္ဂ ဘယ်သူမှစကားမဆိုကြ

ဒီတော့ သူတို့လာရင်းကိစ္စပြီးပြီလို့ ကျုပ်တွက်လိုက်တယ်

ကစားရမယ့်ဘောပွဲအကြောင်းတွေးပြီးပြုံးမိတယ်။ ဘာ့ကြောင့်ဆိုတော့

ကျုပ်ဘောလုံးက ဂိုးပေါက်တယ်ကြိုက်သကိုး။ ဒါပေမယ့် ဒီလူကြီးကပြောတယ်။ သူက ဘုရားလောင်းကိုယ်ပွားအရှင်မြတ်ကွန်ဒွန်**** ပါပဲ။

ဒီနောက် အရာအားလုံးထာဝရပြောင်းလဲသွားခဲ့။

မှတ်စု

ချေနရေဇစ်* (Chenrezig)

တိဗက်ဗုဒ္ဓဘာသာတွင် အလွန်ထင်ရှားသည့် ကရုဏာရှင် စကြဝဠာစောင့်နတ်မင်း သို့မဟုတ် ဘုရားလောင်း (အဝလောကိတေသွရ) ကို တိဗက်ဘာသာဖြင့် ခေါ်ဆိုခြင်း ဖြစ်ပါသည်။

လဟာမို** (Lhamo)

ဒလိုင်းလားမားကို တိဗက်ပြည်အရှေ့မြောက်ပိုင်းက တက်ဆာရွာကလေး၌ ဆင်းရဲသားလယ်သမားမိသားစုကမွေးဖွားခဲ့သည်။ မိဘများပေးခဲ့သည့် နာမည်အပြည့်အစုံက “လဟာမို သုန်ဒွပ်” (Lhamo Thondup) ဖြစ်သည်။ တိဗက်ဘာသာစကားအရ “လဟာမို” ဆိုသည်မှာ “နတ်သမီး / ဒေဝီ”၊ “သုန်ဒွပ်”က “ဆန္ဒပြည့်ဝခြင်း”ဟုအဓိပ္ပာယ်ရသည်။

ကဗျာအလိုအရ အရှင်မြတ်က သူ့ငယ်ဘဝအကြောင်းသို့ကလိုပြန်ပြောင်းအောက်မေ့ခဲ့။ အိမ်နောက် ဖေးမှာ  ဘောလုံးကန်ဖို့စောင့်နေတဲ့သူငယ်ချင်းတွေက သူ့ကိုဒလိုင်းလားမား (ဘုရားလောင်းကိုယ်ပွား) အဖြစ် ရွေးချယ် ခံနေရသည့်အဖြစ်ကိုမသိကြ။ လူကြီးတစ်သိုက်စုရုံးစုရုံးနှင့် ဘာသာရေး အခမ်းအနားတစ်ခုကျင်းပနေမှန်းမသိကြ။ သူတို့သိတာကတစ်ခုပဲရှိသည်။ လဟာမိုဆိုတာ သူတို့ရဲ့ ဆော့ဖော်ဆော့ဖက် ကစားဖော်ကစားဖက် တစ်ယောက် ဆိုတာပါပဲ။ “လဟာမို! မင်းမြန်မြန်လာရင်လာ မလာရင်မင်းဂိုးစောင့်လုပ်ရမှာ” ဟု ရိုးရိုးသားသား ရင်းရင်းနှီးနှီး အော်ခေါ်နေကြတာကို ကဗျာ ဆရာကထည့်သွင်းဖွဲ့ဆိုထားခြင်းဖြစ်သည်။ ထိုသို့ရှာဖွေတွေ့ရှိပြီးနောက် ဘုန်းတော်ကြီးကျောင်း ရောက်ရှိသွားသည့်အချိန်ကျမှ “တန်ဇင်ဂျာဆို”ဟူသော ရဟန်းဘွဲ့ကို ခံယူခဲ့ခြင်းဖြစ်သည်။

အဝလောကိတေသွရ***(Avalokitesvara) – ဘုရားလောင်း၊ ဗောဓိသတ္တ

ဘုရားလောင်းကိုယ်ပွားအရှင်မြတ်ကွန်ဒွန်**** (Kundun, The Presence)

“The Presence” ဆိုသည်မှာ တိဗက်ဘာသာစကား ကွန်ဒွန်ကို အင်္ဂလိပ်ဘာသာနှင့်တိုက်ရိုက်ပြန်ဆိုထားသောစကားလုံးဖြစ်သည်။

တိဗက်ဗုဒ္ဓဘာသာယဉ်ကျေးမှုအရ ဒလိုင်းလားမားအရှင်သူမြတ်ကို လူချင်းတိုက်ရိုက်ဖြစ်စေ၊

သွယ်ဝိုက်၍ ဖြစ်စေ ရည်ညွှန်းခေါ်ဆိုရာ၌ သုံးနှုန်းသည့်အလွန်မြင့်မြတ်ပြီး နက်ရှိုင်းသောဘာသာရေးအယူအဆတစ်ခု ဖြစ်သည်။

အဓိပ္ပာယ်ကို အောက်ပါအတိုင်း အပိုင်းနှစ်ပိုင်းခွဲ၍ ရှုမြင်နိုင်သည်။

၁။ ဘာသာရေးနှင့် ဝိညာဉ်ရေးရာ အဓိပ္ပာယ် (The Spiritual Meaning)

မဟာယာနနှင့် တိဗက်ဗုဒ္ဓဘာသာ အယူအဆအရ ဒလိုင်းလားမားသည် သာမန်လူသားတစ်ဦးမျှသာ မဟုတ်ဘဲ ကရုဏာရှင်ဘုရားလောင်း (အဝလောကိတေသွရ) က လူသားတို့ကို ကယ်တင်ရန် လူ့ လောက၌ ကိုယ်ထင်ပြသက်ဆင်းလာခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။

ထို့ကြောင့် “The Presence” (တည်ရှိတော်မူခြင်း) ဆိုသည်မှာ “ကရုဏာရှင်ဘုရားလောင်း၏ မွန်မြတ် သော အရှိန်အဝါနှင့် စွမ်းပကားတို့သည် ဤကလေးငယ်၏ခန္ဓာကိုယ်အတွင်း၌ (မျက်မှောက်ဘဝ၌) အမှန်တကယ် ကိန်းအောင်းတည်ရှိနေပြီ” ဟူသောအဓိပ္ပာယ်ဖြစ်သည်။ ရုပ်ဝတ္ထုထက် ပိုမိုမြင့်မြတ်သည့် နတ်မင်း / ဘုရားလောင်းတို့၏ အတွေ့အထိ၊ အရှိန်အဝါ (Divine Presence) ကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။ 

၂။ ကဗျာပါ အနုပညာရသနှင့် ဇာတ်ရှိန်မြှင့်တင်မှု (The Poetic Context)

ကဗျာဆရာ ဘရိုင်ယန်ဒွိုင်းလ်က ဤစကားလုံးကို ကဗျာ၏ အထွတ်အထိပ်အဖြစ် အလွန်ပါးနပ်စွာ အသုံးပြုသွားခဲ့သည်။

အလှည့်အပြောင်း (The Contrast) – ထိုအချိန်အထိ ကလေးငယ် လဟာမိုသည် မိမိကိုယ်ကို သာမန်ကလေးတစ်ဦးဟုထင်မှတ်နေဆဲ ဖြစ်သည်။ သူငယ်ချင်းများကလည်း “လဟာမို! အခုချက်ချင်းလာခဲ့၊ မဟုတ်ရင် ဂိုးသမားလုပ်ရမယ်” ဟု အော်ဟစ်နေကြပြီး သူကိုယ်တိုင်လည်း “ဪ… လူကြီးတွေ စစ်ဆေးတာပြီးပြီထင်ပါရဲ့၊ ငါဘောလုံးသွားကန်ရတော့မယ်” ဟု ရိုးသားစွာပြုံးပျော်နေခဲ့သည်။

ထာဝရပြောင်းလဲသွားခြင်း – စူးစမ်းရှာဖွေရေးအဖွဲ့၏ အကြီးအကဲက “He is Kundun, The Presence” (သူသည် တည်ရှိတော်မူသော အရှင်မြတ်ကွန်ဒွန် ဖြစ်တော်မူ၏) ဟု ကြေညာလိုက်သည်နှင့်တစ်ပြိုင်နက် ကစားဖော်ကလေးငယ် “လဟာမို” ဘဝနိဂုံးချုပ်သွားခဲ့ပြီး တစ်ကမ္ဘာလုံးကဦးညွှတ်ရမည့် ဘာသာရေးခေါင်းဆောင် “ဒလိုင်းလားမား” ဘဝသို့ ရောက်ရှိသွားခဲ့ရသည်။

ထို့ကြောင့် ဤကဗျာ၌ The Presence (Kundun) ဆိုသည်မှာ ကလေးငယ်တစ်ဦး၏ လွတ်လပ်ခွင့်     နှင့် ငယ်ဘဝတို့ချုပ်ငြိမ်းသွားပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တိဗက်လူမျိုးတို့၏ ကံကြမ္မာကို ထမ်းပိုးရမည့် “ဘုရားလောင်း ကိုယ်ပွား” အဖြစ် ဘိသိက်မြှောက်ခံလိုက်ရခြင်းကိုဖော်ပြသည့်အသုံးအနှုန်းဖြစ်သည်။ (Gemini မှရယူသည်။)

စာညွှန်း။

Brian Doyle. 2019. His Holiness the Dalai Lama, Manifestation of Chenrezig, Bodhisattva of Compassion, Stops the Car Along the Road to Watch Children Play Soccer.

One Long River of Song. Little, Brown and Company. New York

စာပြီးရက် – ၁၁ ဇွန် ၂၀၂၆

(ရထားလမ်းဘေး လယ်ကွင်းပြင်ထဲ ဘောလုံးကစားနေကြသော ကလေးများသို့အမှတ်တရ) 

Photo credit: Phayul
Click to rate this post!
[Total: 2 Average: 3.5]

Leave a Comment

Your email address will not be published. Required fields are marked *