The Corner

The Corner

cropped-Logo_round_grey-background.png

ကန္တာရမှာပွင့်သောပန်း

Share မယ်

အကယ်၍သာ ချောင်းသာလူရည်ချွန်အပန်း‌ဖြေစခန်းသို့ လိုက်ပါခွင့် မရခဲ့ပါလျှင်၊ ကျွန်တော်နှင့်အတူ တစ်ခရီးတည်း လျှောက်လှမ်းလာသူ လူရည်ချွန် (၁၉၆၄-၈၈) အဖွဲ့ (ဗဟို)မှ မန္တလေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ဝင်းသိင်္ဂီကျော်ကသာ ကျွန်တော့်အား လက်တွဲ မခေါ်ယူခဲ့ပါလျှင် ချောင်းသာလူရည်ချွန်စခန်းသို့  လိုက်ပါလာသော ရန်ကုန်ရန်ကင်းပညာရေး ဒီဂရီကောလိပ် ဒုတိယနှစ်ကျောင်းသူ လူရည်ချွန် မနဒီရွှေလွှာကို တက္ကသိုလ် ကောလိပ်ပထမနှစ်နှင့် ဒုတိယနှစ်လူရည် ချွန် (၂၉၁)ဦး ထဲက သာမန်ထူးချွန်ကျောင်းသူအဖြစ် အမှတ်တမဲ့ ဖြစ်နေပေလိမ့်မည်။ မနဒီရွှေလွှာသည် အသက် (၁၀)နှစ်ရောက်မှ  ကျောင်းပြင်ပမူလတန်းပညာရေးအစီအစဉ်တွင် စတင်ပညာသင်ကြားခွင့် ရရှိပြီး စာတတ်မြောက်ရေး အထောက်အကူပြု ပင်မအဖွဲ့ (Literacy Resource  Centre)  ဥယျာဉ်နန်းမှ ငွားငွားစွင့်စွင့် ကြွားကြွားဝင့်ဝင့် ဖူးပွင့်လာသော ပန်းကလေး ဖြစ်မှန်း အမှတ်မထင်သိခွင့်ရရှိခဲ့ပါသည်။  ထို့ကြောင့် ကျွန်တော်တို့လူရည်ချွန် (၁၉၆၄-၈၈) အဖွဲ့ (ဗဟို) နှင့် စေတနာရှင်များက မနဒီရွှေလွှာအား အမှတ်တရ ဆုချီးမြှင့်ခဲ့ပါသည်။

Photo: Author

မနဒီရွှေလွှာမှ အစပြု၍ ကျွန်တော်လက်လှမ်းမမီသော ကျောင်းပြင်ပ ပညာရေး ခရီးကို အားသွန်ခွန်စိုက် ဆောင်ရွက် ကြသော စာတတ်မြောက်ရေး အထောက်အကူပြု ပင်မအဖွဲ့ ၏ အားမာန်ဟုန်ကို ခံစားသိရှိခွင့်ရရှိ ခဲ့ပါသည်။ ဒါကလည်း  ချောင်းသာလူရည်ချွန်စခန်းသို့ ခရီးအတူ လျှောက်လှမ်းခဲ့သော မိုးညှင်းတက္ကသိုလ် ပါမောက္ခချုပ် အငြိမ်းစား ဆရာမကြီး လူရည်ချွန် ဒေါက်တာမဉ္ဇူမင်းကသာ အဆက်အသွယ်ပြု ကာ လက်ကမ်းမကြိုဆိုခဲ့ပါလျှင် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီး ဌာနနှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် နှံ့နှံ့စပ်စပ် သိခွင့်ကြုံမည် မဟုတ်ပါ။ ၂၀၂၆- ဇွန်လ (၁၀)ရက်  (ဗုဒ္ဓဟူးနေ့) နံနက် (၁၀) နာရီတွင်  ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပသော မနဒီရွှေလွှာအား ဂုဏ်ပြုသည့် အခမ်းအနားသို့ တက်ရောက်ရန် ဒေါက်တာမဉ္ဇူမင်းက တစ်ဆင့် အဆက်အသွယ် ပြုကာ ဖိတ်ကြားလာပါသည်။

တိုးတိုးတိတ်တိတ် ကျိတ်ပွဲမျှဟု မဆင်မခြင် ထင်မြင်ခဲ့သော ကျွန်တော်သည်  ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန သင်တန်းခန်းမသို့ ရောက်ရှိသွားသောအခါ အံ့မခန်း ခမ်းနား ကြီးကျယ်လှသော ပွဲလမ်းသဘင် ဆင်ယင်ကျင်းပပုံကို အလန့်တကြား အံ့အားသင့်စွာ တွေ့ခွင့်ကြုံ၍ ဆုံခွင့်ရခဲ့ပါသည်။ တကယ်တော့  စာတတ်မြောက်ရေး အထောက်အကူပြု ပင်မအဖွဲ့သည်  လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် အနာဂတ်လူငယ်များ ဘဝ တိုးမြှင့်ရေးအတွက် (၁၉၉၀-၁၉၉၅)ခုနှစ်များအတွင်း ပညာမြင့် မှ လူမျိုးမြင့်စေရန် ပညာရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ UNESCO  တို့ ပူးပေါင်းအစပျိုးခဲ့သည်။  ဤအဖွဲ့ကို ၂၀၀၀ ပြည့်နှစ် ဧပြီလ (၂၁) ရက်နေ့တွင် စတင်တည်ထောင်နိုင်ခဲ့သည်။  အာရှနှင့်ပစိဖိတ်ဒေသတွင် ဖွင့်လှစ်တည်ထောင်ထားသည့် အဖွဲ့ (၁၈) ဖွဲ့အနက် (၁၃)ဖွဲ့မြောက် နိုင်ငံ့ကိုယ်စားပြု ဌာနအဖြစ် ဖွင့်လှစ်ခဲ့သည်။ ကျောင်းပြင်ပ ပညာရေးနှင့် စာတတ်မြောက်ရေး လုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၅- ခုနှစ်တွင် (၂၅)နှစ်မြောက် ငွေရတုသဘင်ပွဲကို ဝှဲချီးဆင်ယင် ကျင်းပနိုင်ခဲ့သည်။

ကျောင်းပြင်ပ မူလတန်းပညာရေးကို ၂၀၁၄-ခုနှစ်တွင် အလှူရှင်ကြီး ဦးကိုကိုထွေး(တော်ဝင်ဖွံ့ဖြိုးမှုဖောင်ဒေးရှင်း) နှင့် အလှူရှင်ကြီး ဦးလှဌေး (ဇွဲကပင်ယူနိုက်တက်အဖွဲ့) တို့ကစေတနာရှင်ပီပီ ပံ့ပိုးကူညီခဲ့သဖြင့် ဒဂုံမြို့နယ် (တောင်ပိုင်း) တွင် စခန်းဖွင့်လှစ် နိုင်ခဲ့ပါသည်။ ထိုစခန်းတွင် Level 1 မှစတင်သင်ယူခွင့်ရခဲ့သူလေးမှာ မနဒီရွှေလွှာ ဖြစ်ပြီး ထိုစခန်းမှအစပြုလျက်  သူ၏ ပညာရေးခရီးကို အသက် (၁၀)နှစ်အရွယ်က စတင်ခဲ့ရပါသည်။ သူမနှင့်အတူ အသက်(၁၂)နှစ်အရွယ် အစ်မဖြစ်သူ မဝင့်ရွှေလွှာလည်း ပညာရေးခရီးလမ်းကို  အမက(၁၉) အခြေစိုက်စခန်းတွင် လျှောက်လှမ်းခွင့် ရရှိခဲ့ပါသည်။ Level-1 ပြီးတော့ အလက(၆) အခြေစိုက်စခန်းတွင်  Level-2 တို့ကို တက်ရောက်ခဲ့ ပါသည်။

Photo: Author

အခြေခံပညာ အလယ်တန်းအဆင့်ကို အလက(၆)  ဒဂုံမြို့သစ်( တောင်ပိုင်း)တွင် ဆက်လက်သင်ယူရာ အသက်နှင့်အတန်း မညီမျှမှုကြောင့် ကျောင်းသားများ၏ လှောင်ပြောင် ကဲ့ရဲ့ပြောဆိုခြင်းကို ခံခဲ့ရသည်။  သိုသော် မနဒီရွှေလွှာသည်  ကျောင်းပြင်ပမူလတန်းမှာကတည်းက ထူးချွန်ဆု ရရှိခဲ့သည်။ အခြေခံပညာ အလယ်တန်းအဆင့် များတွင်လည်း စာပေသာမက အားကစား၊ ပန်းချီ၊ လက်မှုစသည့် လက်တွေ့ဖွံ့ဖြိုးမှုမှာပါ  ထူးချွန်စွာ အောင်မြင်မှု ရလဒ် များ ရရှိခဲ့ပါသည်။ သူကလေး၏ ကြိုးစားအားထုတ်မှုကို နောက်ဆုံးတွင် ကျောင်းသူကျောင်းသားများ၏ အသိအမှတ် ပြုခြင်းကို ခံခဲ့ရပါသည်။

အခြေခံပညာ အထက်တန်းကို ဒဂုံတောင် အထက(၂)သို့ မနဒီရွှေလွှာတို့ ညီအစ်မ ပြောင်းရွှေ့ပြီး ပညာသင်ယူ ခဲ့ပါသည်။ ၂၀၂၃-၂၄ ပညာသင်နှစ်တွင်  Grade 12 စာမေးပွဲကို မြန်မာစာ ဂုဏ်ထူးဖြင့် နှစ်ချင်းပေါက် အောင်မြင်ခဲ့ပြီး ရန်ကင်း ပညာရေး ဒီဂရီကောလိပ်သို့ တက်ရောက်ခွင့် ရရှိခဲ့ပါသည်။ အစ်မဖြစ်သူ မဝင့်ရွှေလွှာသည်လည်း စာပေးစာယူ မြန်မာစာအဓိကဖြင့် အဝေးသင်တက္ကသိုလ်တွင် တက်ရောက်လျက်ရှိပါသည်။ ( ၂၅-၁၁-၂၀၂၅ )ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သော  မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မအဖွဲ့၏ ၂၅-နှစ်မြောက် ငွေရတုအခမ်းအနား တွင် အပြောအဆို သွက်လက်ချက်ချာ ရည်မွန်သော မနဒီရွှေလွှာသည် အခမ်းအနားမှူးအဖြစ် ပီပြင်စွာ ဆောင်ရွက်ခဲ့ ပါသေးသည်။

Photo: Author

မနဒီရွှေလွှာကဲ့သို့ပင် ကျောင်းပြင်ပမူလတန်းပညာရေးနှင့် ကျောင်းပြင်ပအလယ်တန်းပညာရေးအောင်မြင်ပြီး အခြေခံပညာ အထက်တန်းအဆင့်ဆင့်ကို အခက်အခဲအမျိုးမျိုးကြားမှ ကြိုးစားအားထုတ်မှုကြောင့်  Grade 12 နှင့် နိုင်ငံတကာအသိအမှတ်ပြု GED  Certificate အပါအဝင် အောင်မြင်မှုရရှိခဲ့ကြသူ  ယခုအခါ (၁၂၇) ဦးအထိ  ရှိလာပြီ ဖြစ်သည်။ တက္ကသိုလ် ကောလိပ်အသီးသီးတွင် တက်ရောက်နေသူများရှိသကဲ့သို့ ဘွဲ့ရပြီးသူများလည်း ရှိနေပါသည်။ သာသနာ့ဘောင်ရောက်၍ ဓမ္မာစရိယ စာချတန်းအောင်မြင်သူများ ရှိသကဲ့သို့  သက်မွေးပညာကို ဆက်လက်သင်ယူကာ ကိုယ်ပိုင်လုပ်ငန်းဆောင်ရွက်သူများလည်း ရှိနေပါသည်။

မြန်မာနိုင်ငံစာတတ်မြောက်ရေးအထောက်အကူပြု ပင်မအဖွဲ့၏ ကနဦး ပညာရေးဗိသုကာပညာရှင်မှာ ဝဏ္ဏကျော်ထင် ဒေါက်တာဦးသန်းဦး BA.Ed, B.Ed, M.Ed, D.Litt (Yangon), D. H.Litt (Hawaii) ဖြစ်ပြီး (၁၉၆၄-၈၈) လူရည်ချွန် အဖွဲ့၏ ခေါင်းကိုင်ဖခင်  တစ်ဦးလည်း ဖြစ်သည်။ လက်ရှိဥက္ကဌအဖြစ် ဆောင်ရွက်နေသူ ဒေါက်တာ ဦးတင်ညို (BA.Ed, B. Ed,M Ed, D.Litt)  သည် ကျွန်တော် လူရည်ချွန်အဖြစ် အပန်းဖြေဖူးသည့် ၁၉၆၇- ခုနှစ် အင်းလေး ခေါင်တိုင်စခန်းနှင့် ၁၉၆၈- ခုနှစ် ငပလီရွှေဝါချိုင်စခန်းတို့တွင်  ပဲခူးတိုင်း လူရည်ချွန်အဖွဲ့၏ ကြီးကြပ်ဆရာအဖြစ်လိုက်ပါဖူးသူဖြစ်ရာ ထိုစဉ်ကတည်းက ရေစက်ဆုံဖူးသူ ဖြစ်သည်။ ထို့ပြင် အဖွဲ့အတွင်းရေးမှူး အဖြစ် တာဝန်ယူ ဆောင်ရွက်နေသူ ဆရာဦးအေးကြိုင် [အမှတ်(၁) အခြေခံပညာဦးစီးဌာန၊  ညွှန်ကြားရေးမှူး (ငြိမ်း)] သည်လည်း (၁၉၆၄-၈၈) လူရည်ချွန်တစ်ဦး ဖြစ်နေပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံစာတတ်မြောက်ရေး အထောက်အကူပြု ပင်မအဖွဲ့နှင့် လူရည်ချွန် (၁၉၆၄-၈၈)အဖွဲ့ (ဗဟို) သည်  ညီအစ်ကိုနောင်ရင်း၊ ဆွေမျိုးရင်းချာများ အဖြစ် ကျောချင်းကပ်၊ ရင်ချင်းအပ်သည့် အနေအထား တွင် ရှိနေပါသည်။ ထိုမျှသာမကသေးပါ။ မနဒီရွှေလွှာ၏ ပညာသင်ကြားရေး ခရီးစဉ်တစ်လျှောက်လုံး လစဉ်ထောက်ပံ့မည့် ပရဟိတမင်းသမီးလေး၊ အသက်(၂၉)နှစ်သာ ရှိသေးသည့် မသက်ဟေသီဆွေသည် လူရည်ချွန် (၁၉၆၄-၈၈) အဖွဲ့ (‌ဗဟို) ကပညာသင်ထောက်ပံ့ကြေးပေးရန် ကျန်ရှိနေသေးသော ချို့တဲ့သူလူရည်ချွန် သုံးဦးအား စေတနာသဒ္ဓါတရား ထက်သန်စွာ ဖြည့်စွက် ထောက်ပံ့ ပေးလျက် ရှိနေပါသည်။ ပရဟိတမင်းသမီးလေးမသက်ဟေသီဆွေသည် မြန်မာနိုင်ငံစာတတ်မြောက်ရေး အထောက်အကူပြု ပင်မအဖွဲ့နှင့် လူရည်ချွန် (၁၉၆၄-၈၈)အဖွဲ့တို့ ၏ စေတနာ ဝတ်မှုန်ကူးမှုပုံရိပ်သဖွယ် ဖြစ်နေပါသည်။

ကန္တာရမှာ ပွင့်သောပန်းများလည်း လန်းလန်းလှလှ၊ မွှေးထုံသင်းမြ ရှိပါလားဟု မနဒီရွှေလွှာကို အကြောင်းပြု၍ သိရှိလိုက်ရပါသည်။

Click to rate this post!
[Total: 1 Average: 5]

Leave a Comment

Your email address will not be published. Required fields are marked *