The Corner

The Corner

cropped-Logo_round_grey-background.png

ကျားခေါင်းပေါ်က ကျတဲ့မျက်ရည်

Share မယ်

စာက အသက် နှစ်ဆယ့်နှစ်နှစ်ကျမှ ရေးတာ။ အသက် နှစ်ဆယ်အရွယ်မှာ ဟိုယောင်ယောင်.. ဒီယောင်ယောင် ဖြစ်၍ နေတုန်း။

ပန်းချီကလည်း ဝါသနာပါသည်။ ဆိုတော့ကာ ရုပ်ရှင်ပိုစတာတွေ ဆွဲနေသော ပန်းချီ ဦးမြင့်ဆွေထံ တပည့်သွားခံသည်။ တစ်လကြာသည်အထိ သင်မပေးသေး။ ရေလဲ ပေးရသည်။ စုတ်တံ ဆေးပေးရသည်။ တစ်လကျော်လာသည်အထိ သည် ရေလဲ၊ စုတ်ဆေးက မတက်သေး။ ကျွန်တော် စိတ်မရှည်တော့။ ဆိုတော့ကာ ဦးမြင့်ဆွေဆီ ကျွန်တော် ဆက်၍မသွားတော့။

နောက်ထပ် ပန်းချီဆရာတစ်ဦး ရှိသေးသည်။ ‘ပန်းချီ ဦးလှ’ ဖြစ်သည်။ သူက ဆိုင်းဘုတ်နှင့် ကားနံပါတ်ရေးသူ။ ကျွန်တော် သူ့ဆီသွားသည်။ သူက ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်းပြောပြသည်။

“ဒါက ထမင်းနပ်မှန်ရုံစားရတဲ့ ပညာပါကွာ..၊ မသင်ချင်ပါနဲ့”

သူက သည့်နှယ်ပြောတော့ ကျွန်တော်လည်း မသင်ဖြစ်တော့။

သို့သော်… ကျွန်တော်တို့သန်လျင်မှာ ထိုစဥ်က ပန်းချီဆရာ သိပ်များများစားစားမရှိ။ ပန်းချီဦးမြင့်ဆွေရယ်၊ ဦးလှရယ်၊ နောက်.. လျှို့ဝှက်သည်းမဂ္ဂဇင်းဖိုမှာ သရုပ်ဖော်ပန်းချီရေးသည့် ပန်းချီလှမြင့်ထွဏ်းရယ်ပဲရှိပြီး ကမ်းနားဆိပ်မှာက ပန်းချီညီညီမင်းရယ်၊ ရုပ်ပြရေးသည့် ပန်းချီလှမြင့်ရယ်ပဲလည်းရှိသေးသည်။

ထိုအချိန်တွင် သန်လျင်မြို့ထဲ ဈေးအရှေ့ဘက်မှာ ပန်းချီဆရာတစ်ဦး ရောက်လာပါလေ၏။ ‘ပန်းချီ သိန်းလွင်၊ ဆိုင်းဘုတ်အမြန်ရေးသည်’ တဲ့ခင်ဗျ။ အသား ညိုညို ပိန်ပိန်ပါးပါး၊ အသက်သုံးဆယ်ကျော်အရွယ် လူလတ်ပိုင်း ပင်။ ‘ ဆိုင်းဘုတ်အမြန်ရေးသည်’ ဆိုသည်မှာ အမှန်ပင်ဖြစ်သည်။

ဥပမာ… ‘လစန္ဒာ ကော်ကပ် ရှပ်ဆိုင် သန်လျင်ဈေးအရှေ့ဘက်တန်း’ ဆိုသည့် ဆိုင်းဘုတ်ဆိုပါစို့။ လစန္ဒာ…ဆိုသည့် အဓိက စာလုံးကို ‘လက်ဝဲစာလုံး’ ဟုခေါ်သော ခပ်စောင်းစောင်းလက်ရေးပုံစံဖြင့် လက်တန်းရေးလိုက်သည်။ ‘ကော်ကပ် ရှပ်ဆိုင်’ ဆိုသည်ကိုလည်း သည့်နှယ်ပင် ခပ်စောင်းစောင်း စာလုံးပင်ရေးသည်။ အဲ..၊ ‘သန်လျင်ဈေး အရှေ့ဘက်တန်း’ ဆိုသည်ကိုကျတော့ ကွန်ပါစာလုံး ရေးသဗျား..။ ထိုကွန်ပါစာလုံးကို ကွန်ပါမပါဘဲ လက်တန်းပင် ဝိုင်းနေအောင်ရေးသဗျား။ ‘ရှိတ်’ လေးဘာလေး လိုက်စရာရှိသည့်နေရာတွင် ‘ရှိတ်’ သဗျား..။ ဒါပါပဲ။ ပြီးပြီ။

ဆိုတော့ကာ ဒီနေ့အပ်လျှင် နောက်တစ်နေ့မပြောနှင့်၊ ဒီနေ့ပင် ရလေသည်။ သြော်..၊ တကယ် ဆိုင်းဘုတ်အမြန်ရေးသည့် ပန်းချီဆရာပါတကား..။ သူက မာနကလည်းခပ်ကြီးကြီး။ သူပြောလေ့ရှိသည့် စကားတစ်ခွန်းရှိသည်။

“ငါ လက်တန်းရေးလိုက်တဲ့ ကွန်ပါစာလုံးပေါ်ကို ကြိုက်တဲ့ကောင်.. ကွန်ပါကိုင်ပြီး..လိုက်..ထောက်ကြည့်.၊ နည်းနည်းကလေး ကွန်ပါလွတ်သွားတာ ရှိရင် ငါ့ကို ပါး.. ပိတ်ရိုက်ပစ်လိုက်” သူက အဲသလိုလည်း မာန်တက်တတ်လေ၏။

ကျွန်တော်က သူ့ကို မေးကြည့်သည်။

“အဲဒီလို လက်တန်းရေးနိုင်အောင်… ခင်ဗျား.. ဘယ်လောက် လေ့ကျင့်ရသလဲဟင်”

“အေး..၊ ပြောရရင်တော့ ငါ့ဆရာ ကျေးဇူးပေါ့ကွာ..၊ အမြန်ပိုက်ဆံရတတ်တဲ့ ကားနံပါတ်တွေ ရေးမယ်ဆိုပြီး.. ငါ့ဆရာဆီ တပည့်သွားခံတော့.. ငါ့ဆရာက..ဆေးဘူးရယ်..၊ စုတ်တံရယ်..ချပေးပြီး ကတ်ပြားချပ်ကြီးတွေပေါ်မှာ ဝလုံးချည်း တစ်နေ့တစ်ရာရေးဆိုပြီး ခိုင်းတော့တာပဲဟေ့”

“ဟွန့်..၊ ခင်ဗျားဆရာကလဲ”

“ဟုတ်တယ်..၊ ဝလုံးတစ်ရာရေးခိုင်းတာ..၊ ငါ့ကွာ…ရေးလိုက်ရတာ..၊ တစ်နေကုန်ရော..၊ အဲဒါနဲ့.. နောက်တစ်နေ့ ရောက်လာတယ်၊ နောက်တစ်နေ့လည်း ဝလုံးတစ်ရာ.. ရေးခိုင်းပြန်ရော..”

“ရေးတာပဲလား”

“ဟ..၊ ရေးရတာပေါ့ဟ..၊ ကိုယ့်ဆရာခိုင်းတာပဲဥစ္စာ၊ နောက်နေ့တွေမှာလည်း ဝလုံးတစ်ရာပဲပဲ.. ရေးခိုင်းနေတာကွ”

“ဟား..၊ လွန်တာပေါ့”

“အေး..၊ ဒီလိုနဲ့..ငါ့ကို.. ဆယ်ရက်တိတိ..ဝလုံး..တစ်ထောင်ရေးခိုင်းတယ်ကွာ..၊ ငါကလည်း ရေးတာပဲ..၊ အေး..၊ အဲဒီလို ဝလုံးတစ်ထောင်ရေးခဲ့တဲ့ ကျေးဇူးကြောင့် ငါ အခုလို ကွန်ပါစာလုံးကို လက်တန်းရေးနိုင်တာကွ..၊ ဒါကြောင့်.. ငါ့ဆီမှာ တပည့်ခံချင်ရင်.. အဲသလိုပဲ တစ်နေ့ကို ဝလုံးတစ်ရာရေးရမယ်၊ ဘယ့်နှယ်လဲ..၊ ရေးမလား”

“ဟွန့်..၊ ဆားနဲ့ပဲစားတော့မယ်”

*                 *                 *

သို့ဖြင့် ပန်းချီသိန်းလွင်ဆီမှာလည်း တပည့်မခံဖြစ်တော့။ သြော်.. ပြောဖို့မေ့နေသည်။ ထိုအချိန်က ကျွန်တော့်ကို အိမ်မှ နှင်ချထားသည်။ အမေက ‘အရက်သောက်လာလျှင်အိမ်ပြန်မလာနှင့်’ ဟု ဆိုသဖြင့် ကျွန်တော် အိမ်မပြန်။ လမ်းဘေးမှာနေ၊ လမ်းဘေးမှာသောက်၊ လမ်းဘေးမှာစားဆိုပါတော့။ အဲ.. အိပ်တော့သူငယ်ချင်းအိမ်မှာ။

တစ်နေ့… ကျွန်တော့် သူငယ်ချင်းတစ်ယောက်ဖြစ်သူ ‘မြင့်စိုး’ နှင့် တွေ့လေသည်။ မြင့်စိုးသည် သူဌေးသားဖြစ်၏။ မြင့်စိုးက ကျွန်တော့်ကိုမေးသည်။

“ဟေ့ကောင်..၊ မင်း.. ပန်းချီ ဦးမြင့်ဆွေနဲ့ တွေ့တတ်သလား”

“တွေ့တတ်ပါတယ်၊ ဘာလုပ်မလို့တုန်း”

“ငါ့အဖေက ရေခဲချောင်းပုံးအသစ်တွေ ရေးစရာရှိတယ်ပြောတယ်ကွ”

သူ့အဖေက သန်လျင်မှာ နာမည်အကြီးဆုံးဖြစ်သည့် ‘ကျားခေါင်း’ နို့အေးချောင်းစက်ပိုင်ရှင်ဖြစ်၏။

Credit: Tatler Asia

“ဘယ်နှပုံးတောင်လဲ”

“ဆယ့်ငါးပုံး”

“ဦးမြင့်ဆွေကို တစ်ပုံး..ဘယ်လောက်ပေးရသလဲ”

“ငါးဆယ်”

‘ငါးဆယ်..’ ဟု ရေရွတ်ရင်း ကျွန်တော် မျက်မှောင်ကြုတ်သွားမိ။ ဟား..၊ ဟုတ်ပြီ။ ဒီပုံးတွေ ငါ လက်ခံလိုက်မည်။ ငါလည်း ရေးတတ်တာပဲဥစ္စာ။

“ငါ တစ်ပုံးကို သုံးဆယ်နဲ့ ရေးပေးမယ် သူငယ်ချင်း”

“ဟေ..၊ တကယ်လား..၊ အေး..၊ ဟုတ်သားပဲ..၊ မင်းလည်း ပန်းချီဆွဲတတ်တာပဲ”

ကျောင်းကတည်းက.. ကျွန်တော် ပန်းချီ (ပုံတူ) ဆွဲတတ်မှန်း မြင့်စိုးက သိရသည်။

“အေး..၊ ငါ အဖေ့ကို ပြောပေးမယ်၊ သုံးဆယ်နော်”

“အေး”

မြင့်စိုးက ထိုနေ့မှာပင်သူ့အဖေကို ပြောပေးပုံရသည်။ သူ့အဖေက ကျွန်တော့်ကို ‘လွှတ်လိုက်’ ဟု ပြောသည်။ နောက်တစ်နေ့ ကျွန်တော် ရောက်သွားသည်။

“လာ..မောင်မောင်ဦး၊ မင်းလည်း ပန်းချီဆွဲတတ်တာကိုး၊ စောစော ပြောရောပေါ့ကွာ..၊ ကဲ… အဲဒီမှာ.. ပုံးအသစ်တွေရလာပြီ၊ အားလုံး ဆယ့်ငါးပုံး..။ သြော် မင်းက..ဘာ..သုံးဆယ် လုပ်တာတုန်း၊ ငါးဆယ်က ငါးဆယ်ပဲယူပါကွာ၊ ရော့.. စရန် သုံးရာယူသွား..”

စရန် သုံးရာယူ၍ ကျွန်တော် ဆေးဘူး..၊ စုတ်တံ..တို့ ဝယ်သည်။ ပြန်လာကာ ပုံးများကို အောက်ခံဆေး သုတ်သည်။ အားလုံးပြီးသွားတော့ ကျွန်တော်ပြန်သည်။ နောက်တစ်နေ့ အောက်ခံဆေးခြောက်လောက်မှ နောက်တစ်ကြိမ် အောက်ခံဆေးသုတ်ရသည်။ သူ့မူလအရောင် အပြာတစ်ဝက် အနီတစ်ဝက် သုတ်ရခြင်းဖြစ်သည်။

နောက်တစ်နေ့ ရောက်လာသည်။ အောက်ခံဆေး ကောင်းကောင်း မခြောက်သေးသဖြင့် ထိုနေ့လည်း ပုံမရေးသေး။ ပုံက ကျားခေါင်းပုံဖြစ်၏။ ထို ကျားခေါင်းပုံအောက်ကမှ.. ‘ကျားခေါင်း နို့အေးချောင်း’ ဆိုသည့်စာလုံးဖြစ်သည်။ တော်သေးသည်။ စာလုံးက ကွန်ပါစာလုံး မဟုတ်လို့။

သို့ဖြင့် နောက်တစ်နေ့မှာ ကျွန်တော် ကျားခေါင်းပုံ စရေးသည်။ ဆေးရောင်စုံ ကျားခေါင်း ‘ဆယ့်ငါးခေါင်း’ ဆွဲရသည်မှာ လွယ်တော့မလွယ်လှ။ ကျွန်တော့်မှာ လေးငါးရက် အချိန်ယူ ရေးလိုက်ရ၏။

သည်တွင် မထင်မှတ်သည့် အခက်အခဲတစ်ခုကြုံရလေသည်။ အခြားမဟုတ်။ ဝယ်ထားသော သင်္ဘောဆေးများ ထဲမှ အနီရောင်ဆေး ကုန်သွားလေသည်။ ပြီးဖို့ ပုံးငါးပုံးပဲကျန်ကာမှ ကုန်သွားခြင်းဖြစ်သည်။ ဆေးတစ်ဘူး ဝယ်လိုက်လျှင် အများကြီးပိုနေမည်။ ဆေးတစ်ဘူးဆို ခုနစ်ကျပ်ခွဲ။ ကိုယ်က နည်းနည်းလေးပဲလိုတာ။ တစ်ဘူးတော့ မဝယ်နိုင်။ ဘယ်လိုလုပ်ရပါ့။

ဟား..၊ ဟုတ်ပြီ..၊ ဟုတ်ပြီ။ ကျွန်တော့်အိမ်က စာပုံနှိပ်တိုက်ပဲ။ အိမ်မှာ ပုံနှိပ်မင် ဝါ၊ နီ၊ ပြာ၊ နက်..အကုန်ရှိတာပဲ။ အိမ်က မင်အနီရောင် နည်းနည်း သွားယူလျှင်ရသည်ပဲ။ သို့ဖြင့် ကျွန်တော်သည် ကျွန်တော့်ညီ ကြွက်ဖြူထံသို့ ‘မင်နီ.. ကွမ်းသီးလုံးခန့် ပေးလိုက်ပါ’ ဟု စာရေး၍ တောင်းလိုက်လေသည်။ ရသည်။ အဆင်ပြေသည်။ သို့ဖြင့် ကျွန်တော်သည် ကျားခေါင်း ရေခဲချောင်းပုံး ဆယ့်ငါးပုံးကို အောင်မြင်စွာဖြင့် ရေးနိုင်ခဲ့ပါလေ၏။

သို့သော်… ကျွန်တော်ပြီးသည့် အချိန်က နေ့လယ်ဆယ့်နှစ်နာရီခွဲ။ ပိုက်ဆံသွားရှင်းမည်။ ခုနစ်ရာ့ငါးဆယ်မှာ စရန်သုံးရာယူထားတော့ ကျပ်ငွေ လေးရာ့ငါးဆယ်ရမည်။ ကျွန်တော် အိမ်ထဲဝင်သွားတော့ သူဌေးကို မတွေ့။

“အန်ကယ်. .ရန်ကုန်သွားတယ်..၊ ညနေမှရောက်မယ်၊ ညနေမှ အေးအေးဆေးဆေး လာခဲ့ပါ”

အလုပ်သမားတစ်ယောက်က ပြောခြင်း။

ကျွန်တော် ရင်မောသွား။ ကျွန်တော့်တွင် ပိုက်ဆံမရှိတော့။ ထမင်းလည်း မစားရသေး။ လုပ်ခရှင်းပြီးမှ ထမင်းစားမည် ဟု မှန်းထားသည်။ အခု မှန်းချက်နှင့် နှမ်းထွက် မကိုက်ပါလေတော့။ ကျွန်တော်သည် တိုက်ထဲမှ ဦးခေါင်းငိုက်ဆိုက်ချ၍ ထွက်လာခဲ့သည်။

လေဟာပြင်ထဲမှ စားနေကျ ‘ဘာရှာမြား’ ထမင်းဆိုင်သို့ သွားသည်။ သွားမည့်သာသွားရသည်။ အားတော့ သိပ်မရှိ။ မနေ့ကလည်း အကြွေးပင်စားသည်။ အကြွေးက ရှစ်ကျပ်လောက်ရှိသည်။ ကျွန်တော် ဆိုင်ထဲသို့ ဝင်လိုက်သည်။

“ထုံးစံအတိုင်းပဲ ဦးဘာရှားမြား.၊ သြော်.. ကျွန်တော် ညနေ အားလုံးရှင်းမယ်နော်”

ဘာရှားမြားက ဘာမျှမပြော။ ထမင်းပြင်ပေးသည်။ အဲ..၊ သူ့ဇနီးကတော့ ပြောသည်။

“တစ်နေ့.. တစ်နေ့နဲ့.. ရှစ်ကျပ်ကျော်နေပြီ”

ထမင်းရောက်လာသည်။ စားသည်။

“တို့ ဘယ်သူ့မှ အကြွေးရောင်းတာ မဟုတ်ဘူး”

မျက်နှာ ထူပူသွားသည်။ သည့်နှယ် နွေကလည်း တော်တော်ပူသည်။

“ကလင်..ကလင်..ကလင်”

သည်စဥ် … ချာတိတ်တစ်ယောက်… ကျားခေါင်း ရေခဲချောင်းပုံးလေးကို..လွယ်လျက်..၊ ခေါင်းလောင်းကို တီးလျက်..ဆိုင်ရှေ့မှ ဖြတ်လျှောက်၍လာ။

“ကောင်လေး…၊ လာဦး..”

ဒေါ်အစီရာ က လှမ်းခေါ်ခြင်း။ ချာတိတ်က ရေခဲချောင်းပုံးကိုချလိုက်သည်။

ကျွန်တော်သည် ထမင်းစားနေရင်းမှ ကျွန်တော်ရေးပေးထားသော ကျားခေါင်းပုံလေးကို ခံစားကြည့် သည်။ သည်တွင်တစ်နေရာကိုကြည့်မိပြီးကျွန်တော်မျက်လုံးအဝိုင်းဖြစ်သွားရလေသည်။ ကျားကြီး၏ မျက်လုံးကိုကြည့်မိလိုက်သဖြင့်မျက်လုံးဝိုင်းသွားရခြင်းဖြစ်သည်။

လား..လား..။ ကျားကြီး ငိုနေပါကလား။ ဟုတ်သည်။ ငိုသလိုဖြစ်နေသည်။ အကြောင်းကား ကျားကြီး၏ မျက်လုံးမှအနီရောင်မင်များသည် နေပူရှိန်ကြောင့် ပျော်ကျကာ မျက်ရည်စီးကျသလိုဖြစ်နေသောကြောင့်ပင်။

ဘုရား..ဘုရား..။ အနီရောင်ကို ပုံနှိပ်မင်ဖြင့်သုံးလိုက်မိတာ မှားပါကောလား။ အခုတော့ ထိုပုံနှိပ်မင်က ကျားကြီး၏မျက်ဝန်းမှာ မျက်ရည်တွေ စီးကျစေပါကောလား။

“ဒါပဲနော်…၊ ဒီညနေ ဆက်ဆက်လာပေး”

ဒေါ်အစီရာ၏ အသံ။

ကျွန်တော်သည် ထမင်းစားနေရင်းမှ စိတ်မသက်မသာဖြင့် ကျားခေါင်းကြီးကို ထပ်၍ကြည့်လိုက်မိလေသည်။ သို့သော် ဝေဝါးနေ၍ထင်သည်။ ကျားခေါင်းကို ရုတ်တရက်မမြင်ရ။ မျက်လုံးကိုလည်း မမြင်ရပါလေ။ သို့သော် ကျားကြီး ငိုနေမည်၊ မျက်ရည်စီးကျနေမည်ကိုတော့ ကျွန်တော်သိသည်။ ကျားကြီးငိုနေမည်။ မျက်ရည်ကျနေမည်။

ပသို့ဆိုစေ.. မျက်ရည်သည် ထာဝစဥ်ကြွေတတ်သည့်အရာမှမဟုတ်တာ။ ဆိုတော့ကာ…

Click to rate this post!
[Total: 0 Average: 0]

Leave a Comment

Your email address will not be published. Required fields are marked *