တရုတ်နိုင်ငံ၏ အသုံးမဝင်တော့ဘဲ သောင်တင်နေသော ရင်းနှီးမြှုပ်နှံမှုပိုင်ဆိုင်မှုများကြောင့် အမေရိကန်တွင် ပတ်ဝန်းကျင် ညစ်ညမ်းမှု နည်းသည့် နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံသူအမျိုးအစားသစ်တစ်ခု ပေါ်ပေါက်လာနေခြင်း။
ဒါးလတ်စ်မြို့ရှိ စက်ရုံတစ်ရုံတွင် အမေရိကန်အလံမှာ ခေါင်မိုးထက်၌ တလူလူလွင့်လျက်ရှိသည်။ ယင်းအလံတော် အောက်တွင် အလုပ်သမားပေါင်း ၁,၂ဝဝ နှင့် ခေတ်မီဆန်းသစ်လှသော စက်ရုပ်အချို့သည် တစ်ရက်လျှင် ဆိုလာပြား အချပ်ရေ ၂ဝ,ဝဝဝ အထိ စဉ်ဆက်မပြတ် ထုတ်လုပ်ပေးလျက်ရှိသည်။ ယင်းပမာဏသည် အမေရိကန်နိုင်ငံ တစ်နိုင်ငံလုံးက စုစုပေါင်းထုတ်လုပ်မှုပမာဏ၏ ဆယ်ပုံတစ်ပုံရှိသည်။ ယင်းစက်ရုံသည် ငါးဂီဂါဝပ် (5 Giga Watt) ပမာဏအထိ ထုတ်လုပ်နိုင်စွမ်းရှိသဖြင့် တစ်နှစ်လျှင် အမေရိကန်အိမ်ခြေ တစ်သန်းစာ လျှပ်စစ်မီးပေးနိုင်မည့် ဆိုလာ မော်ဂျူးလ်များကို ထုတ်လုပ်ပေးလျက်ရှိသည်။
‘အမေရိကန်နိုင်ငံရဲ့ အင်ဂျင်နီယာအတတ်ပညာနဲ့ တီထွင် ဆန်းသစ်မှု တွေကိုတော့ ဘယ်တော့မှ လျှော့မတွက်လိုက်ပါနဲ့’ ဟု T1 Energy ၏ အမှုဆောင်အရာရှိတစ်ဦးဖြစ်သူ ရပ်ဆဲလ် ဂိုးလ် (Russell Gold) က စိတ်အားထက်သန်စွာဖြင့် ပြောကြားလိုက်သည်။ သို့ရာတွင် ယင်းစက်ရုံသည် ကနဦး ကတည်း ကပင် အမေရိကန်ပိုင်မဟုတ်ပေ။ တရုတ်နိုင်ငံ၏ ထိပ်တန်းကုမ္ပဏီကြီးတစ်ခုဖြစ်သည့် ထရီနာ ဆိုလာ (Trina Solar) က ယင်းစက်ရုံကို ၂ဝ၂၄ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စက်ရုံစတင်လည်ပတ်ပြီး ရက်ပိုင်းအတွင်းမှာပင် ပြန်လည်ရောင်းချခဲ့ခြင်း ဖြစ်သည်။
တရုတ်ကုမ္ပဏီများသည် အမေရိကန်နိုင်ငံ တစ်ဝန်းလုံးတွင် ယင်းတို့ ပိုင်ဆိုင်သည့် သန့်စင်စွမ်းအင် (Clean-energy) ဆိုင်ရာ ပိုင်ဆိုင်မှုများကို ဈေးနှုန်း အဆမတန်ချပြီး ပြန်လည် ရောင်းချလျက် ရှိကြသည်။ ၂ဝ၂၂ ခုနှစ်နဲ့ ၂ဝ၂၃ ခုနှစ်များတွင် အမေရိကန်နိုင်ငံ၌ တရုတ်နိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ရင်းနှီးမြှုပ်နှံမှုများကို ဖျက်သိမ်းခြင်း၊ ဆိုင်းငံ့ခြင်း သို့တည်းမဟုတ် ပြည်တွင်း ရင်းနှီးမြှုပ်နှံသူများထံ ပြန်လည် ရောင်းချခြင်းမျိုး လုံးဝမရှိခဲ့သော်လည်း ၂ဝ၂၅ ခုနှစ်ကစ၍ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ကိုးဘီလီယံ နီးပါးအထိ ရှိလာခဲ့သည်။
ဝယ်ယူသူတစ်ဦး၏ အဆိုအရ အချို့သော ပိုင်ဆိုင်မှုများကို ၄ဝ ရာခိုင်နှုန်းအထိ လျှော့ဈေးဖြင့် အရောင်း အဝယ် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။ ယခုကဲ့သို့ ပြန်လည်ရောင်းချမှုသည် ယမန်နှစ်က အမေရိကန်နိုင်ငံ၏ အခွန်ဥပဒေမှာ သတိမထားမိလိုက်ဘဲ ပြောင်းလဲသွားခဲ့သည့် အချက်တစ်ခုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းအချက်သည် သန့်စင်စွမ်းအင်ကဏ္ဍမှနေ၍ တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို ဖယ်ရှားရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
အမေရိကန် ရင်းနှီးမြှုပ်နှံသူများကမူ လုပ်ငန်းကဏ္ဍ၏ ထိပ်တန်းဦးဆောင်ကုမ္ပဏီများထံမှ ယင်းပိုင်ဆိုင်မှုများကို လက်ဦးမှုရယူ သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် မျှော်လင့်မထားသော အကျိုးအမြတ်အများအပြား ရရှိခံစားနေကြရသည်။သို့သော်လည်း ယင်းသို့ အရောင်းအဝယ်လုပ်ခြင်းများသည် တရုတ်နိုင်ငံအပေါ် မှီခိုနေရမှုကို ဧကန်မုချ လျှော့ချ ပေးနိုင်မည်လား ဆိုသည့် အချက်ကမူ အခြားကိစ္စရပ်တစ်ခု ဖြစ်သည်။
တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး ခပ်တန်းတန်းဖြစ်ခဲ့စေကာမူ အမေရိက၏ သန့်စင်စွမ်းအင်ကဏ္ဍတွင် တရုတ်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံဆောင်ရွက်မှုမှာ တိုးတက်လာခဲ့သည်။ ၂ဝ၂၂ ခုနှစ်မှ ၂ဝ၂၄ ခုနှစ်အတွင်း တရုတ်ကုမ္ပဏီများသည် သန့်စင်စွမ်းအင်လုပ်ငန်း စီမံကိန်းကြီးများ တွင် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် ကတိကဝတ် ပြုပြီး ဖြစ်သည်။ ထိုပမာဏမှာ လွန်ခဲ့သော လေးနှစ်ကထက် ကိုးဆပို၍များသည်။ နိုင်ငံခြား ဈေးကွက်များသည် တရုတ် ထုတ်လုပ်သူများအား ပြည်တွင်းရှိ အမြတ်အစွန်းမရရှိနိုင်သော ပြင်းထန်လှသည့် ပြိုင်ဆိုင်မှုများမှ သက်သာရာ ရစေခဲ့သည်။
ဂျိုးဘိုင်ဒင်၏ အစိုးရအဖွဲ့က မိတ်ဆက်ပေးခဲ့သည့် ဘက်ထရီနဲ့ နေရောင်ခြည်စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်မှုနှင့် တန်ဖိုးရှိပစ္စည်းများအတွက် ရက်ရောသည့် ထောက်ပံ့ကြေးများကြောင့် အမေရိကန်နိုင်ငံသည် အထူးသဖြင့် ပို၍ နှစ်သက်ဖွယ် ဆွဲဆောင်မှုရှိလာခဲ့သည်။ အဆိုပါထောက်ပံ့ကြေးများကြောင့် ယမန်နှစ်က နေရောင်ခြည်စွမ်းအင်သုံး မော်ဂျူး ထုတ်လုပ်မှု ပမာဏမှာ ထက်ဝက်ခန့်အထိ တိုးတက်လာခဲ့ပြီး တစ်နှစ်ကို ၆၅ ဂီဂါဝပ်အထိ ရှိလာခဲ့သည်။ ယင်းစုစုပေါင်း ပမာဏတွင် တရုတ်နိုင်ငံနှင့် ဆက်နွှယ်နေသည့် ထုတ်လုပ်သူများက ၂၅ ဂီဂါဝပ်အထိ ပါဝင်ထုတ်လုပ်ခဲ့ကြခြင်းဖြစ်သည်။
ယခုအခါ ထိုအရာအားလုံးသည် စိုးရိမ်စရာအခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ ဥပဒေ အပြောင်းအလဲကို ဒေါ်နယ်ထရမ့်၏ “One Big Beautiful Bill Act” (ဥပဒေကြမ်းကြီး) ဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။ ထိုဥပဒေကို ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် အတည်ပြုခဲ့ပြီးကတည်းက တရုတ်နိုင်ငံနှင့် ဆက်နွှယ်မှုရှိသော ကုမ္ပဏီများကို အစိုးရ၏ ထောက်ပံ့ကြေးများ ရယူခွင့် ပိတ်ပင်ခဲ့သည်။
အကျိုး သက်ရောက်မှု ရှိခဲ့သည့် စီမံချက်များထဲမှ တစ်ခုမှာ “Section 45X” ဟု ခေါ်သည့် အစီအစဉ်ဖြစ်ပြီး ၎င်းသည် ဆိုလာ မော်ဂျူး (Solar module) တစ်ဝပ် (Watt) ထုတ်လုပ်တိုင်း ကုမ္ပဏီက ထမ်းဆောင်ရမည့် အခွန်ငွေမှ ခုနစ်ဆင့် လျှော့ပေါ့ပေးပြီး၊ ဘက်ထရီဆဲလ် တစ်ကီလိုဝပ်နာရီ ထုတ်လုပ်တိုင်း ၃၅ ဒေါ်လာ လျှော့ပေါ့ပေးသည့် အစီအစဉ် ဖြစ်သည်။ တရုတ်အခြေစိုက် Trina Solar ကုမ္ပဏီက ဒါးလပ်စ် (Dallas) မြို့တွင် တည်ဆောက်ခဲ့သည့် ငါးဂီဂါဝပ်ရှိ ဆိုလာကုန်ထုတ်လုပ်မှု စက်ရုံကြီးမျိုး အတွက်ဆိုလျှင် အစိုးရထောက်ပံ့ကြေးသည် တစ်နှစ်လျှင် ဒေါ်လာ သန်း ၃၅ဝ အထိ ရှိနိုင်ပါသည်။ သုတေသန ကုမ္ပဏီတစ်ခုဖြစ်သော Rhodium Group ၏ အဆိုအရ ၂ဝ၂၂ ခုနှစ်နောက်ပိုင်း တရုတ်နိုင်ငံ၏ သန့်ရှင်းစွမ်းအင် ရင်းနှီးမြှုပ်နှံမှု ထက်ဝက်ကျော်သည် ဖျက်သိမ်းခြင်း၊ ဆိုင်းငံ့ခြင်း သို့မဟုတ် ကြန့်ကြာခြင်းများနှင့် ရင်ဆိုင်ခဲ့ကြရသည်ဟု ဆိုသည်။
အမေရိကန်တွင် ဆိုလာနှင့် ဘက်ထရီဆိုင်ရာ ပိုင်ဆိုင်မှုများကို တည်ဆောက်ထားပြီးဖြစ်သည့် တရုတ် လုပ်ငန်းရှင်များကို အီရန်၊ မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့က ကုမ္ပဏီများနှင့်အတူ “စိုးရိမ်ရသည့် နိုင်ငံခြားအဖွဲ့အစည်းများ” (Foreign Entities of Concern – FEOC) အဖြစ် သတ်မှတ်လိုက်သည်။ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များက အဆိုပါ FEOC စည်းမျဉ်းကို အလွန်တင်းကျပ်စွာ အဓိပ္ပာယ်ဖွင့်ဆို ကိုင်တွယ်နေကြကြောင်း Eurasia Group အတိုင်ပင်ခံအဖွဲ့မှ ဟားဘတ် ခရိုးသာ (Herbert Crowther) က ဆိုသည်။ ထိုစည်းမျဉ်းအရ စက်ရုံတစ်ရုံတွင် တရုတ်အဖွဲ့အစည်းတစ်ခု၏ အစုရှယ်ယာ ပိုင်ဆိုင်မှုသည် ၂၅% ထက် မကျော်စေရ၊ ထိုစက်ရုံသည် တရုတ်နိုင်ငံ၏ မူပိုင်ခွင့်ရ နည်းပညာများအပေါ် မမှီခိုရ။ ထို့အပြင် စက်ရုံသုံး ကုန်ကြမ်းပစ္စည်းတန်ဖိုး၏ ၅၀% အောက်ကိုသာ တရုတ် ကုန်ပစ္စည်းပေးသွင်းသူများထံမှ ဝယ်ယူရမည်ဖြစ်သည်။ အဆိုပါ ရာခိုင်နှုန်းသည် ၂ဝ၃ဝ ပြည့်နှစ်တွင် ၁၅% အထိ ထပ်မံလျော့ကျသွားမည်ဖြစ်သည်။
ယင်းသို့ ကန့်သတ်ချက် များသည် တရုတ်ရင်းနှီးမြှုပ်နှံသူများအတွက် ပြင်းထန်သော ထိုးနှက်ချက် တစ်ခုပင် ဖြစ်သည်။ တရုတ် စက်မှုလုပ်ငန်း ကုမ္ပဏီတစ်ခုဖြစ်သော ဘိုဝေက ဧပြီလအတွင်း ရှန်ဟဲစတော့ဈေးကွက်သို့ အစီရင်ခံစာ တင်သွင်းရာတွင် မြောက်ကာရိုလိုင်းနား ပြည်နယ်တွင်ရှိသော ယင်းကုမ္ပဏီ၏ ဆိုလာ မော်ဂျူးလ်စက်ရုံသည် အစိုးရပိုင် ငွေများကို ထုတ်ယူသွားပြီးနောက်တွင် အမြတ်မရတော့သည့် အခြေအနေ ဆိုက်လာသည်ဟု ဖော်ပြခဲ့သည်။ အခွန် သက်သာခွင့်မရှိဘဲ လည်ပတ်ရန် တတ်နိုင်သည့် စက်ရုံများသည်ပင်လျှင် တရုတ်ပြည်တွင် အနောက်နိုင်ငံများမှ ကုမ္ပဏီများ သင်ခန်းစာရခဲ့သည့်အတိုင်း အစိုးရထံမှ ထောက်ပံ့ကြေး ရရှိထားသော ပြည်တွင်းဖြန့်ဖြူးသူ ကုမ္ပဏီများနှင့် ယှဉ်ပြိုင်ရာတွင် အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်။
ပြန်လည် ဖွဲ့စည်းမှုများ အကြီးအကျယ် ဆောင်ရွက်ပြီးနောက်ပိုင်းတွင်ပင် ထုတ်လုပ်သူများသည် အမေရိကန်အာဏာပိုင်များကို ကျေနပ်အောင် စွမ်းဆောင်နိုင်ပါမည်လောဆိုသည့် မရေရာ မသေချာမှုများကြောင့် အချို့သော ဆိုလာတပ်ဆင်သူများ၊ ဘဏ်များနှင့် အာမခံကုမ္ပဏီများသည် ယင်းတို့ရရှိမည့် အခွန်သက်သာခွင့် (tax credits) တွေ မည်သည့်အခါမျှ ရောက်ရှိလာမည်မဟုတ်ဆိုသည့် စိုးရိမ်စိတ်နှင့် ထုတ်လုပ်သူများ နှင့် စီးပွားရေးလုပ်ငန်းတွဲလုပ်နေမှုများကို ယာယီ ရပ်ဆိုင်းထားလိုက်ကြသည်။ စင်စစ် အမေရိကန် အာဏာပိုင်များသည် စည်းမျဉ်းသစ်များကို စတင်မဆောင်ရွက်မီကတည်းကပင် တရုတ်ထုတ်လုပ်သူများသည် ဈေးကွက်တွင်းမှ လုံးဝထွက်ခွာသွားရလိမ့်မည်ဟု မျှော်လင့်ပြီး စောင့်စားကြည့်ရှုနေခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။
ယင်းဥပဒေ အပြောင်းအလဲများ၏ အကျိုးရလဒ်အဖြစ် ဒေါ်လာဘီလီယံနှင့်ချီ၍ တန်ဖိုးရှိသည့် ပိုင်ဆိုင်မှုများ၊ နည်းပညာများနှင့် ကျွမ်းကျင်မှုများသည် အမေရိကန်ရင်းနှီးမြှုပ်နှံသူများ၏ လက်တွင်းသို့ ကူးပြောင်း ရောက်ရှိ လာနေသည်။ အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်သည့် ကော်နင်း (Corning) သည် ယမန်နှစ်က အရီဇိုးနား ပြည်နယ်တွင် ရှိသည့် နှစ်ဂီဂါဝပ်အဆင့်ရှိ ဆိုလာမော်ဂျူးစက်ရုံတစ်ခုကို ဖော်မပြသည့် ငွေကြေးပမာဏဖြင့် ဝယ်ယူခဲ့သည်။
ဘိုဝေကုမ္ပဏီကမူ မြောက်ကာရိုလိုင်းနား ပြည်နယ်ရှိ ယင်းတို့၏ သုံးဂီဂါဝပ်အဆင့်ရှိ စက်ရုံအသစ်ကို လွန်ခဲ့သည့် မေလက ဒေါ်လာ ၂၅၄ သန်းဖြင့် ရောင်းချခဲ့ရပြီး ယင်းတန်ဖိုးသည် စက်ရုံတည်ဆောက်ခ ကုန်ကျစရိတ်ထက် ၁၅% ပို၍ပင် လျော့နည်းနေသည်။ ဈေးကွက်မှနေ၍ ထွက်ခွာသွားကြသည့် ကုမ္ပဏီများက ချန်ထားရစ်ခဲ့သည့် ကုန်ထုတ်လုပ်မှု လိုင်းများသည် တရုတ်နိုင်ငံထွက် သွင်းအားစုပစ္စည်းများကို အသုံးပြုပြီး တရုတ်ဒီဇိုင်းဆွဲ ဆိုလာပြားများကို တပ်ဆင်ရန် ရည်ရွယ်ထားသည့် တရုတ်နည်းပညာများဖြင့် ပြည့်နှက်နေသည်။
Cooley ဥပဒေရေးရာကုမ္ပဏီမှ မိုနာ ဒါဂျာနီ၏ အဆိုအရ အမေရိကန်ဈေးကွက်တွင် ခြေကုပ်မပျက် ဆက်လက်ရှိနေလိုပြီး အခွန်သက်သာခွင့်များကို ဆက်လက်ရရှိနိုင်မည့်နည်းလမ်းများကို ရှာဖွေလိုကြသည့် အခြားကုမ္ပဏီများကမူ ဒေသတွင်း လုပ်ငန်းလုပ်ကိုင်ဖက်များနှင့် ဖက်စပ်လုပ်ငန်းများ တည်ထောင် လုပ်ကိုင်လျက် ရှိကြသည်ဟု သိရသည်။ ၁၉၉ဝ ပြည့်လွန်နှစ်များတွင် တရုတ်နိုင်ငံ၌ ဆောင်ရွက်ခဲ့ပုံများက ဖော်ပြသကဲ့သို့ ဖက်စပ်လုပ်ငန်းများသည် နည်းပညာ မျှဝေခြင်းအားဖြင့် ဒေသတွင်းလုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပေသည်။
သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ ထိုသို့သော ဖက်စပ်လုပ်ငန်းအများစုမှာ အပေါ်ယံမျှသာ ဖြစ်ပုံရသဖြင့် (နည်းပညာနှင့် ဗဟုသုတ များ ဘေးပတ်ဝန်းကျင်သို့ ဆင့်ပွား စီးဆင်းသွားသည့်) “ဆင့်ပွားအကျိုးကျေးဇူးများ” ပိုမိုနည်းပါး လာလိမ့်မည် ဖြစ်သည်။ အနိမ့်ဆုံးအဆင့် အရောင်းအဝယ်တစ်ခုတွင်ဆိုလျှင် စက်ရုံ အလုပ်ရုံထဲတွင် တကယ်တမ်း လုပ်ငန်း လည်ပတ် နေခြင်းထက် စာရွက်ပေါ်တွင်သာ ပိုမိုတည်ရှိနေသည်ကို တွေ့ရသည်။ ကနေဒီယန် ဆိုလာ ကုမ္ပဏီသည် ၎င်း၏ တရုတ် လက်အောက်ခံ ကုမ္ပဏီထံမှ အမေရိကန်ပိုင်ဆိုင်မှုများကို ကနေဒါအခြေစိုက် မိခင်ကုမ္ပဏီ ထံသို့ ပြန်လည်လွှဲပြောင်းခဲ့ရာတွင် ယင်းကုမ္ပဏီကိုယ်တိုင်နှင့် ဖက်စပ်လုပ်ငန်းတစ်ခုကို ထိရောက်စွာ ဖန်တီးပြီး လွှဲပြောင်းခဲ့ခြင်း ဖြစ်သည်။ “ရည်မှန်းချက်က စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ပဲဖြစ်ပြီး အပြည့်အဝ ပူးပေါင်းလုပ်ဆောင်ဖို့ မဟုတ်ပါဘူး” ဟု မစ္စ ဒါဂျာနီက ပြောကြားခဲ့သည်။ ထိုသို့ဖြစ်ရခြင်း၏ တစ်စိတ်တစ်ပိုင်း အကြောင်းရင်းမှာ ပြည်ပရှိ တရုတ်ကုမ္ပဏီများ၏ ဆောင်ရွက်မှုများကို ယင်းတို့၏ နိုင်ငံတွင်းရှိ အာဏာပိုင်များက ပိုမိုအနီးကပ် စောင့်ကြည့်နေကြသောကြောင့် ဖြစ်သည်။
အမေရိကန်နိုင်ငံသည် ဗီဒီယို အက်ပလီကေးရှင်း တစ်ခုဖြစ်သည့် တစ်တော့ခ် (TikTok) နှင့် ပနားမားတူးမြောင်းရှိ ဆိပ်ကမ်းများ အပါအဝင် ထင်ရှားကျော်ကြားသော တရုတ်ပိုင်ဆိုင်မှုများကို အဓမ္မ ရောင်းချစေခဲ့သည်။ တရုတ်နိုင်ငံ၏ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန် စည်းမျဉ်း ဥပဒေသစ်များသည် ဇူလိုင်လ ၁ ရက်နေ့တွင် စတင်အကျိုးသက်ရောက်ခဲ့သည်။ ထိုစည်းမျဉ်းဥပဒေများတွင် နည်းပညာတင်ပို့မှုများကို တင်းကျပ်စွာ ထိန်းချုပ်ခြင်းများ ပါဝင်သည်။
ထို့အပြင် နိုင်ငံခြားအစိုးရများ၏ “ခွဲခြား ဆက်ဆံသော အစီအမံများ” ကိုလည်း လက်တုံ့ပြန်မည်ဟု ကတိပြုထားသည်။ ရှန်ဟိုင်းမြို့မှ ရှေ့နေတစ်ဦးဖြစ်သူ နန်စီဆန်းကမူ ထိုစည်းမျဉ်း ဥပဒေများသည် “တရုတ်ကုမ္ပဏီများကို ‘ငြင်းပယ်ဖို့’ တွန်းအားပေးနေတာ ဖြစ်တယ်” ဟု ဆိုသည်။ အမေရိကန် သန့်စင်စွမ်းအင်ကုမ္ပဏီများသည် တရုတ်အစုစပ်ကုမ္ပဏီများနှင့် ပူးပေါင်းခြင်းဖြင့် ထရမ့် အစိုးရ၏ အမျက်ဒေါသ ထွက်မည်ကိုလည်း စိုးရိမ်နေကြသည်။ တရုတ်ကုမ္ပဏီများကလည်း ယင်းတို့၏ နည်းပညာများ ကို ပြိုင်ဘက်များလက်ထဲသို့ လွှဲပြောင်းပေးရေးကို ရှောင်ရှားလိုကြသည်။ ထို့ကြောင့် ပိုင်ဆိုင်မှု အများအပြားကို သန့်စင်စွမ်းအင် ထုတ်လုပ်သူများက ဝယ်ယူခြင်းမဟုတ်ဘဲ ငွေရေးကြေးရေးအရ ရင်းနှီးမြှုပ်နှံ သူများကသာ ဝယ်ယူနေကြခြင်းဖြစ်သည်။

ဂျင်ကို ဆိုလာ (Jinko Solar) ကုမ္ပဏီသည် ဖလော်ရီဒါပြည်နယ်ရှိ ယင်း၏ နှစ်ဂီဂါဝပ်ရှိသော ဆိုလာစက်ရုံ၏ ၇၅ ရာခိုင်နှုန်းကို အမေရိကန် ရင်းနှီးမြှုပ်နှံသူတစ်ဦး ဖြစ်သည့် အက်ဖ်အိတ်ခ်ျ ကက်ပီတယ် (FH Capital) ထံသို့ ရောင်းချခဲ့သည်။ “ဒါဟာ အဆင်ပြေအောင် ညှိနှိုင်းထားတဲ့ အိမ်ထောင်ရေး တစ်ခုလိုပါပဲ၊ အမေရိကန် အစုရှင်တွေက ငွေရေးကြေးရေး အကျိုးအမြတ်အများစုကို ရရှိပြီး တရုတ် အစုရှင် တွေကတော့ လုပ်ငန်းလည်ပတ်မှု ဆိုင်ရာ ကျွမ်းကျင်မှု အရည်အချင်းကို ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်” ဟု မစ္စတာ ခရော့သာ (Mr Crowther) က ပြောကြားခဲ့သည်။
မည်သည့် စက်မှုလုပ်ငန်းတွင်မဆို တရုတ်နိုင်ငံ၏ လိုအပ်သည့် ပစ္စည်းများ ဖြည့်ဆည်းပေးသည့် ကွင်းဆက် (Supply Chains) မှ ကင်းလွတ်အောင် ခွဲထွက်ရန်မှာ ခက်ခဲလှသည်။ သန့်စင်စွမ်းအင် နည်းပညာ ကဏ္ဍတွင်မူ တရုတ်နိုင်ငံကို ရှောင်လွှဲရန်မှာ မဖြစ်နိုင်သလောက်ဟုပင် ဆိုနိုင်သည်။ ဆိုလာပြားများ၏ အဓိက ကုန်ကြမ်းဖြစ်သော ပိုလီဆီလီကွန် (Polysilicon) ၏ ကမ္ဘာ့ထုတ်လုပ်မှု ၉၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ထုတ်လုပ်ခြင်း ဖြစ်သည်။ အီကောနောမစ် စာစောင်က တွေ့ဆုံမေးမြန်းခဲ့သော ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ ကုန်ကြမ်းများကို မည်သည့်နေရာမှ ရယူမည်ကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုခဲ့ကြသည်။
အကြောင်းမှာ ရှားပါးသော “တရုတ်နိုင်ငံထွက် မဟုတ်သည့် ကုန်ကြမ်းများ” ကို ရှာဖွေနိုင်စွမ်းသည် စီးပွားရေးအရ အားသာချက် တစ်ခု ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ အချို့ကမူ တရုတ်နိုင်ငံနှင့် ဆက်နွှယ်မှုကို ကန့်သတ်ရန် အတွက် ရှောင်ကွင်းရေး နည်းလမ်းများကို အသုံးပြုခဲ့ကြသည်။ ဥပမာအားဖြင့် ထရီနာ ဆိုလာ (Trina Solar) ကုမ္ပဏီသည် ယင်း၏ ဉာဏပိုင်း ဆိုင်ရာ မူပိုင်ခွင့်ကို စင်္ကာပူကုမ္ပဏီတစ်ခုထံသို့ ရောင်းချခဲ့ပြီး ထိုမှတစ်ဆင့် တီဝမ်း အင်နာဂျီ (T1 Energy) က ၎င်းကို ပြန်လည် အသုံးပြုခွင့် ရယူကာ ယူသုံးစွဲနိုင်ရန် စီစဉ်ခဲ့သည်။
မစ္စတာ ထရမ့်၏ ဥပဒေပြုမှုများသည် အစိမ်းရောင်စွမ်းအင် (Green-Energy) ခေါ် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းပါးစေသည့် စွမ်းအင်ဖွံ့ဖြိုးမှု အရှိန်အဟုန်ကို ဖျက်လို ဖျက်ဆီးလုပ်ရန် ကြိုးပမ်းခဲ့သော်လည်း ယင်းအစား ၎င်းသည် အမေရိကန်၏ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု နည်းစေသည့် နည်းပညာ (အစိမ်းရောင် နည်းပညာ) ရင်းနှီးမြှုပ်နှံမှု မျိုးဆက်သစ် တစ်ခုကို ပုံဖော်ပေးနေခြင်းကို အဆုံးသတ် သွားစေနိုင်ဖွယ်ရာ ရှိသည်။
မစ္စတာ ဂိုးလ် (Mr Gold) ၏ ကုမ္ပဏီသည် ဒါးလတ်စ်မြို့ရှိ လမ်းမကြီး တစ်လျှောက်တွင် ထုတ်လုပ်မည့် ဆိုလာ မော်ဂျူးများတွင် အသုံးပြုရန်အတွက် အော်စတင် (Austin) မြို့၌ ဆိုလာဆဲလ်စက်ရုံတစ်ရုံကို တည်ဆောက်နေသည်။ အက်ဖ်အိတ်ခ်ျ ကက်ပီတယ် (FH Capital) သည်လည်း ဖလော်ရီဒါရှိ ၎င်း၏ စက်ရုံထုတ်လုပ်မှုပမာဏကို နှစ်ဆတိုးမြှင့်ရန်နှင့် ဘက်ထရီများ စတင်ထုတ်လုပ်ရန် စီစဉ်နေသည်။
ထို့အပြင် ယင်းစက်မှုလုပ်ငန်းကဏ္ဍသည် အစိုးရ၏ သန့်စင်စွမ်းအင်အပေါ် ရန်လိုမုန်းတီးမှုများကို လွှဲပြောင်းပစ်ရန်အတွက် ခေတ်သစ်လူမှုရေးစံနှုန်းများကို လက်မခံဘဲ “Non-woke” ခေါ် နိုင်ငံရေး၊ လူမှုရေးအရ အစွန်းမရောက်သော၊ သမားရိုးကျ စီးပွားရေးဆန်သော လုပ်ငန်းအဖြစ် ပြောင်းလဲရန် ကြိုးပမ်းနေကြသည်။ စင်စစ် အဆိုပါ သန့်စင်စွမ်းအင်လုပ်ငန်းကဏ္ဍသည် အစိုးရထံမှ ထောက်ပံ့ကူညီမှုများ ရရှိရန်အတွက် အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား ဖြစ်ပွားနေသော ပြိုင်ဆိုင်မှုကို အကြောင်းပြ၍ တောင်းဆိုနေကြခြင်းဖြစ်သည်။ ဆော်ဒီ အာရေဗျသည် တစ်ချိန်က အကြီးမားဆုံး ရေနံထုတ်လုပ်သည့် နိုင်ငံ ဖြစ်ခဲ့ဖူးပြီး ရုရှားနိုင်ငံသည်လည်း ကမ္ဘာ့သဘာဝ ဓာတ်ငွေ့ အများစုကို ဖြည့်ဆည်းခဲ့ဖူးကြောင်း မစ္စတာ ဂိုးလ်ဒ်က ပြန်ပြောင်း ပြောဆိုခဲ့သည်။
ယနေ့ခေတ် တွင်မူ အမေရိကန်သည် စွမ်းအင်နယ်ပယ်၌ မဟာ အင်အားကြီးနိုင်ငံ ဖြစ်သည်။ သို့တိုင်အောင် “တရုတ်နိုင်ငံကလည်း နေရောင်ခြည် စွမ်းအင်သုံး ဆိုလာပြားတွေကို အများဆုံး ထုတ်လုပ်တဲ့နိုင်ငံ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှ ရရှိလာသော အသီးအပွင့်များကို ခံစားခဲ့ပြီးနောက် အမေရိကန်၏ သန့်စင်စွမ်းအင် လုပ်ငန်းကဏ္ဍသည် တရုတ်နိုင်ငံမှ တင်သွင်းသည့် ပိုလီဆီလီကွန်များအပေါ် သွင်းကုန်အခွန်များကို ပိုမိုတိုးမြှင့် ကောက်ခံရန် လိုအပ်နေပြီဖြစ်ကြောင်း သူက တိုက်တွန်းတောင်းဆိုခဲ့သည်။ “အဲဒီလုပ်ဆောင်မှုပဲ ကျွန်တော်တို့ ကမ္ဘာ့အဆင့်မှာ ယှဉ်ပြိုင်နိုင်စွမ်း ရှိလာမှာပါ” ဟု မစ္စတာဂိုးလ်ဒ်က ပြောကြားလိုက်ကြောင်း အီကော်နောမစ်စာစောင် ဆောင်းပါးရှင် ရေးသားချက်ကို ဖော်ပြလိုက်ပါသည်။
ကိုးကား – The Economist July 4th-10th 2026


