The Corner

The Corner

cropped-Logo_round_grey-background.png

အာဖရိကက အာရှနှင့်ပြိုင် ယှဥ်နိုင်ပါ့မလား

Share မယ်

၁၉၆၀ ပြည့်လွန်နှစ်များနောက်ပိုင်း မိသားစုပိုင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းငယ်လေးများတွင် စပါးမျိုး စိတ်သစ်များ ဖြစ်ထွန်းအောင်မြင်ခဲ့ပြီး အာရှဒေသကို အသွင်ကူးပြောင်းစေခဲ့သည့် “အစိမ်းရောင် တော်လှန်ရေး” (Green Revolution) အကြောင်းကို အာဖရိကရှိ စီးပွားရေးပညာရှင်များက မနာလိုဖြစ်ဖွယ် အားကျကာ ပြောဆို ကြသည်။ လူဦးရေသိပ်သည်းဆ မြင့်မားလာမှုကြောင့် တောင်သူများသည် နည်းပညာအသစ်များကို တီထွင်လာကြပြီး ဓာတ်မြေဩဇာကဲ့သို့သော သွင်းအားစုများကို ပိုမိုသုံးစွဲလာကြသည်။ ကျေးလက်နေ ပြည်သူများ ပိုမိုချမ်းသာ ကြွယ်ဝလာသည်နှင့်အမျှ ကုန်ထုတ်လုပ်မှုဆိုင်ရာ လူသုံးကုန်ပစ္စည်းများကို ပိုမို လိုအပ်လာခဲ့ကြသည်။ ထိုအခါ စိုက်ပျိုးရေးလုပ်ငန်းခွင်များတွင် ဆက်လက်လုပ်ကိုင်ရန် မလိုအပ်တော့သည့် အလုပ်သမားများသည် စက်ရုံ အလုပ်ရုံများသို့ ရောက်ရှိနေရာယူလာခဲ့ကြသည်။

ဆာဟာရအောက်ပိုင်း အာဖရိကဒေသသည်လည်း ထိုကဲ့သို့သော လမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်ပါသလား။ ခြုံငုံ၍ ကြည့်ရှုရလျှင် ထိုဒေသရှိ တောင်သူများသည် ပြောင်းဖူးနှင့် ဆန်စပါးကဲ့သို့သော ကောက်ပဲသီးနှံများကို ယခင်ကထက် ပိုမို၍ အမြောက်အမြား စိုက်ပျိုးထုတ်လုပ်လာနိုင်ကြသည်။ နိုင်ငံအတော်များများ လွတ်လပ်ရေး ရရှိခဲ့သည့် ၁၉၆၀ ပြည့်လွန်နှစ်များနှင့် နှိုင်းယှဉ်ပါက ယခုအခါ ငါးဆနီးပါးမျှ ပိုမိုထွက်ရှိနေခြင်း ဖြစ်သည်။

သို့ရာတွင် ထိုသို့ တိုးတက်လာသည့် ရလဒ်အများစုမှာ စိုက်ပျိုးမြေများကို ပိုမိုတိုးချဲ့ဖော်ထုတ်ရာမှ ရရှိလာခြင်း ဖြစ်ပြီး၊ ယင်းမှာ ထာဝစဉ် ဆက်လက်ဖြစ်ထွန်းနိုင်မည်တော့ မဟုတ်ပေ။ တစ်ချိန်က လူဦးရေ ကျဲပါးခဲ့သည့် အာဖရိက ဒေသသည် ယခုအခါ တဖြည်းဖြည်း လူဦးရေ ထူထပ်ကျပ်ညပ်လာနေပြီ ဖြစ်သည်။ လူတစ်ဦးချင်းစီ အလိုက် ပိုင်ဆိုင်နိုင်သည့် စိုက်ပျိုးနိုင်သော မြေကွက်ပမာဏသည်လည်း ဆယ်စုနှစ်ပေါင်းများစွာအတွင်း ဆက်တိုက် ကျဆင်း လာခဲ့ပြီး ယခုအခါ ကမ္ဘာ့ပျမ်းမျှနှုန်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

တောင်သူများအနေဖြင့် မြေတစ်ဟက်တာလျှင် (တစ်ဟက်တာလျှင် ၂ ဒသမ ၅ ဧကခန့်ရှိသည်) သီးနှံအထွက်နှုန်းကို ပိုမိုတိုးမြှင့် စိုက်ပျိုးနိုင်ကြမည်ဆိုပါက ယင်းမှာ ပြဿနာမဟုတ်နိုင်ပေ။ သို့ရာတွင် မကြာသေးမီက စိုက်ပျိုးရေး ကုန်ထုတ်စွမ်းအား အနည်းငယ် တိုးတက်လာမှုသည် ရပ်တန့်သွားခဲ့ပြီး ယခုအခါ ကျဆင်းသည့်ဘက်သို့ပင် ဦးတည်နေပြီ ဖြစ်သည်။ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က အာဖရိကနိုင်ငံ များ၏ နောက်ဆုံး ရရှိထားသည့် အချက်အလက်များအရ ၂၀၂၀ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း ကောက်ပဲသီးနှံ ထွက်နှုန်းသည် တိုးတက်လာခြင်း မရှိခဲ့ပေ။ ထို့ပြင် သွင်းအားစုအမျိုးမျိုး (ဥပမာ— လုပ်အားနှင့် စက်ယန္တရားများ) ကို ထုတ်ကုန်အဖြစ် မည်မျှထိရောက်စွာ ပြောင်းလဲနိုင်သည်ကို တိုင်းတာသည့် စုစုပေါင်း ကုန်ထုတ်စွမ်းအားမြှင့်တင်နိုင်မှုနှုန်း (TFP – Total Factor Productivity) သည်လည်း တိုးတက်လာခြင်း မရှိခဲ့ပါ။ အာဖရိကနိုင်ငံ အများစုတွင် ၂၀၂၃ ခုနှစ်အတွင်း ရှိခဲ့သည့် စိုက်ပျိုးရေးဆိုင်ရာ TFP နှုန်းထားသည် လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကထက်ပင် ပိုမိုနိမ့်ကျနေခဲ့သည်။

ယင်းမှာ ကပ်ရောဂါကြောင့် ခေတ္တခဏ ကြုံတွေ့ရသည့် အခြေအနေမျိုးထက် ပိုမိုဆိုးရွားနေပုံရသည်။ မက်ဆာချူးဆက် ပြည်နယ်ရှိ တပ်ဖ်တက္ကသိုလ် (Tufts University) မှ ဒေါက်ဂလပ်စ် ဂေါ်လင် (Douglas Gollin) နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များ ၂၀၂၄ ခုနှစ်တွင် ရေးသား ထုတ်ဝေခဲ့သည့် သုတေသနစာတမ်းတစ်စောင်၌ ၂၀၀၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်အတွင်း အာဖရိက ခြောက်နိုင်ငံရှိ မိသားစုပိုင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းပေါင်း ၅၅,၀၀၀ ၏ စစ်တမ်းအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခဲ့ကြသည်။ ၎င်းတို့၏ ခန့်မှန်းချက်အရ ထိုစဉ်ကတည်းကပင် လယ်ယာလုပ်ငန်းငယ်များ၏ သီးနှံအထွက်နှုန်းနှင့် TFP နှုန်းထားသည် တစ်နှစ်လျှင် ၃ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းခန့်အထိ ကျဆင်းနေခဲ့ပြီ ဖြစ်သည်။ စစ်တမ်းကောက်ယူခဲ့သည့် နမူနာများတွင် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းကြီးများ မပါဝင်ခြင်းကြောင့်သော်လည်းကောင်း သို့မဟုတ် တရားဝင် ထုတ်ပြန်ချက် စာရင်းဇယားများမှာ တိကျမှု မရှိခြင်းကြောင့်သော်လည်းကောင်း ၎င်းတို့တွေ့ရှိခဲ့သည့် ကျဆင်းမှုနှုန်းမှာ FAO က ဖော်ပြထားသည်ထက်ပင် ပိုမိုများပြားနေခဲ့သည်။

အဘယ်ကြောင့် ယခုကဲ့သို့ ဖြစ်ပျက်နေရပါသနည်း။ ပဋိပက္ခများမှသည် မြေဆီလွှာ ခန်းခြောက်လာမှုများအထိ သံသယဖြစ်ဖွယ် အကြောင်းရင်းများစွာ ရှိနေပါသည်။ အယ်လ်နီညို ရာသီဥတု ပြန်လည် ရောက်ရှိ လာပြီး အာဖရိကတောင်ပိုင်းတွင် မိုးခေါင်ရေရှားမှုအန္တရာယ် ခြိမ်းခြောက်လာသည်နှင့်အမျှ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်ကိုပါ ထည့်သွင်းစဉ်းစားလာကြသည်။ ခန့်မှန်းချက်တစ်ခုအရ အကယ်၍ ရာသီဥတုသည် ၁၉၆၁ ခုနှစ်တုန်းက ကဲ့သို့သာ တည်ငြိမ်နေခဲ့မည်ဆိုပါက ယခုအခါ အာဖရိကတိုက်၏ စိုက်ပျိုးရေးဆိုင်ရာ TFP နှုန်းထားသည် ယခုရှိနေသည် ထက် သုံးပုံတစ်ပုံခန့် ပိုမိုမြင့်မားနိုင်မည် ဖြစ်သည်။ ယခုအခါ မည်သည့်အချိန်တွင် မျိုးစေ့ချ စိုက်ပျိုးရမည်ကိုပင် မသိရှိနိုင်တော့ကြောင်း တောင်သူများက ညည်းတွားနေကြသည်။

Photo: The Guardian

မစ္စတာ ဂေါ်လင်နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ၏ လွှမ်းမိုး သက်ရောက်နေမှုများကို ပယ်ချခြင်း မပြုသော်လည်း ရာသီဥတုဆိုင်ရာ အချက်အလက်များကို စစ်ဆေးရာတွင် ခိုင်လုံသော အထောက်အထား တစ်စုံတစ်ရာကိုမူ ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။ ယင်းအစား ၎င်းတို့၏ ယာယီ ယူဆချက်မှာ တောင်သူများသည် ၎င်းတို့၏ စိုက်ပျိုးရေး လုပ်ငန်းခွင်များတွင် အချိန်ပေး လုပ်ကိုင်မှု ပိုမို နည်းပါး လာခြင်းကြောင့် ဖြစ်နိုင်သည်ဟူ၍ ဖြစ်သည်။ ပိုမိုချမ်းသာကြွယ်ဝပြီး ပညာအရည်အချင်း ပိုမိုမြင့်မားသည့် တောင်သူများသည် အခြားသော လုပ်ငန်းခွင်များကို ရှာဖွေလုပ်ကိုင်ရန် အခွင့်အလမ်း ပိုမိုများပြားကြသည်။ အလုပ်သမားများ၏ ကျွမ်းကျင်မှုနှင့် လုပ်ငန်းခွင်အတွင်း လုပ်ကိုင်သည့် အချိန်နာရီ ကဲ့သို့သော အချက်အလက်များကို တိကျစွာ တိုင်းတာနိုင်ခြင်း မရှိသည့်အတွက်ကြောင့်လည်း ယင်းမှာ TFP နှုန်းထား ကျဆင်းမှုအဖြစ် ပေါ်ထွက်လာခြင်း ဖြစ်သည်။

အကယ်၍ ထိုယူဆချက်သာ မှန်ကန်ကြောင်း သက်သေပြနိုင်မည်ဆိုပါက အာရှဒေသမှ ရရှိခဲ့သည့် သင်ခန်းစာ များကို ပြန်လည်သုံးသပ်ရန် လိုအပ်လိမ့်မည် ဖြစ်သည်။ အာရှဒေသတွင်မူ တောင်သူများသည် လူဦးရေ သိပ်သည်းဆ မြင့်မားလာမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့၏ စိုက်ပျိုးမြေများတွင် လုပ်အားကို ပိုမို စိုက်ထုတ်၍ အထူးတလည် စိုက်ပျိုးခဲ့ကြသည်။ သို့ရာတွင် အာဖရိက တောင်သူများသည် လူဦးရေ ထူထပ် ကျပ်ညပ်သော ဒေသများ၊ အထူးသဖြင့် မြို့ပြများနှင့် နီးကပ်သော နေရာများတွင် ၎င်းတို့၏ လုပ်ငန်းခွင် အချိန်နာရီများကို အလျင်မြန်ဆုံး လျှော့ချနေကြသည်။ ယင်းမှာ အာဖရိက၏ စီးပွားရေး စနစ်များသည် ကမ္ဘာ့ ဈေးကွက်နှင့် အတိုင်းအတာတစ်ခုအထိ ပိုမို ဆက်စပ် ယှက်နွှယ်နေခြင်းကြောင့် ဖြစ်နိုင်ပြီး၊ ထို့ကြောင့် မြို့ပြနေပြည်သူများ၏ တိုးပွားလာသော စားနပ်ရိက္ခာ လိုအပ်ချက်ကို ပြည်ပမှ တင်သွင်းမှုများဖြင့် တစ်စိတ် တစ်ပိုင်း ဖြည့်ဆည်းပေးနေခြင်း ဖြစ်သည်။ အကယ်၍ ဒေသတွင်း စားနပ်ရိက္ခာ ဈေးနှုန်းများ မြင့်တက်လာခြင်း မရှိပါက တောင်သူများအနေဖြင့် လုပ်အားပိုမိုစိုက်ထုတ်၍ စိုက်ပျိုးရန် အကြောင်းရင်း လည်း နည်းပါးသွားမည် ဖြစ်သည်။

နောက်ထပ် ကွဲပြားခြားနားချက်တစ်ခုမှာ အာရှဒေသတွင် စီးပွားရေးအပြောင်းအလဲကို စတင် လှုံ့ဆော် ပေးခဲ့သည်မှာ သီးနှံအထွက်နှုန်း မြင့်တက်လာခြင်းပင် ဖြစ်သည်။ အာဖရိကတွင် စိုက်ပျိုးရေး ကုန်ထုတ်စွမ်းအား မှာ ရပ်တန့် နေသော်လည်း တောင်သူများသည် ၎င်းတို့၏ လယ်ယာမြေများမှ စွန့်ခွာလာနေရဆဲ ဖြစ်သည်။ မစ္စတာဂေါ်လင်၏ အဆိုအရ ယင်းမှာ ရေနံဝင်ငွေကဲ့သို့သော ရင်းမြစ်များမှ ရရှိသည့် ငွေကြေးများက မြို့ပြတိုးတက်မှုကို မောင်းနှင်နေပြီး အလွတ်သဘော ဝန်ဆောင်မှုလုပ်ငန်းများကို ဖန်တီးပေးနေခြင်းကြောင့် ဖြစ်နိုင်သည်ဟု ဆိုသည်။

ထိုကဲ့သို့ ရှုပ်ထွေးနေသည့်ကြားထဲ အခက်ခဲဆုံး မေးခွန်းမှာ လယ်ယာမြေ အရွယ်အစားနှင့် ပတ်သက်နေသည်။ အာရှတွင် လယ်ယာမြေငယ်များသည် လယ်ယာမြေကြီးများထက် တစ်ဟက်တာလျှင် အထွက်နှုန်း ပိုမို မြင့်မား ခဲ့သည်။ အချို့သော သုတေသနများက အာဖရိကတွင်လည်း ထိုကဲ့သို့သော ဆက်စပ်မှုကို တွေ့ရှိရသည်ဟု ဆိုသော်လည်း အခြားလေ့လာမှုများကမူ ၎င်းမှာ တိုင်းတာမှု အမှားအယွင်းကြောင့် ဖြစ်သည်ဟု ရှင်းပြကြ ပြန်သည်။ ၂၀၁၉ ခုနှစ်တွင် ကင်ညာနိုင်ငံနှင့် ပတ်သက်၍ ထုတ်ဝေခဲ့သော စာတမ်းတစ်စောင်၌ မီချီဂန်ပြည်နယ် တက္ကသိုလ်မှ မီလူ မူယန်ဂါ (Milu Muyanga) နှင့် သောမတ်စ် ဂျိန်း (Thomas Jayne) တို့က U ပုံသဏ္ဌာန် ပုံစံတစ်ခုကို တွေ့ရှိခဲ့ကြသည်။ ယင်းမှာ လယ်ယာမြေများ ပိုမိုကြီးမားလာသည်နှင့်အမျှ အထွက်နှုန်း ကျဆင်းသွား သော်လည်း ငါးဟက်တာထက် ပိုမိုကြီးမားသော လယ်ယာမြေများတွင်မူ အထွက်နှုန်း ပြန်လည် မြင့်တက်လာသည်ကို တွေ့ရှိရပြီး ယင်းမှာ စက်ယန္တရားများ အသုံးပြုရန် ပိုမိုလွယ်ကူလာခြင်းကြောင့် ဖြစ်နိုင်ချေရှိသည်။ မကြာခဏဆိုသလိုပင် အလွန် အထွက်ကောင်းသော လယ်ယာမြေငယ်များမှာပင် စီးပွားရေး အရ ရေရှည်ရပ်တည်နိုင်ရန်အတွက် သေးငယ်လွန်း နေတတ်သည်။

အာရှမော်ဒယ်ကို အားကျသူများက ၂၀၁၀ ပြည့်လွန်နှစ်များအတွင်း ဓာတ်မြေဩဇာ သုံးစွဲမှု မြင့်တက် လာခြင်းကို ထောက်ပြကာ အချို့သော လယ်ယာလုပ်ငန်းများသည် လုပ်အားနှင့် သွင်းအားစုများကို ပိုမို စိုက်ထုတ်၍ စိုက်ပျိုးလာကြပြီ ဖြစ်ကြောင်း သုံးသပ်ကြသည်။ လျင်မြန်စွာ တိုးတက်လာနေသည့် ကုန်သွယ်ရေး ကုမ္ပဏီများသည် လယ်ယာထွက်ကုန်များကို မြို့ပြများသို့ အဆက်မပြတ် သယ်ယူ ပို့ဆောင်ပေးနေကြပြီး အသား၊ ဥနှင့် ဟင်းသီးဟင်းရွက် လိုအပ်ချက်များကိုလည်း ပြည်တွင်းမှ ထုတ်လုပ်မှု ဖြင့်သာ အပြည့်အဝနီးပါး ဖြည့်ဆည်း ပေးလျက်ရှိသည်။ ၂၀၀၅ ခုနှစ်မှစ၍ အာဖရိက၏ လယ်ယာထွက်ကုန် ဈေးကွက်တန်ဖိုးသည် တောင်အာရှ ဒေသနှင့် ရင်ပေါင်တန်းနိုင်သည့် နှုန်းထားဖြင့် မြင့်တက်လာခဲ့ပြီး ကမ္ဘာ့ အခြားသော ဒေသ အားလုံးထက်ပင် ကျော်လွန် နေခဲ့သည်။ အာဖရိက မဟာ ရေအိုင်ကြီးများ (Great Lakes) ဒေသမှသည် အီသီယိုးပီးယား ကုန်းမြင့်ဒေသများ အထိ လူဦးရေ ထူထပ်ကျပ်ညပ်သော နေရာများသည် ထိုင်ဝမ် သို့မဟုတ် ပန်ဂျပ် (Punjab) ဒေသတို့၏ လမ်းကြောင်းအတိုင်း လိုက်ပါလာနိုင်ဆဲပင် ဖြစ်သည်။

သို့သော်ငြားလည်း အာရှ၏ စံနမူနာသည် ဆာဟာရအောက်ပိုင်း အာဖရိကနှင့် မည်မျှသက်ဆိုင်သည် ဆိုသည်ကိုမူ အလွယ်တကူ ကောက်ချက်ချ၍ မရဘဲ လက်တွေ့သက်သေပြရန် လိုအပ်မည် ဖြစ်သည်။ “ကျွန်တော်တို့ဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေတုန်းကလို အာရှမှာ ရှိခဲ့တဲ့ ကမ္ဘာကြီးနဲ့ မတူညီတဲ့ ကမ္ဘာတစ်ခုထဲကို ရောက်နေပါပြီ” ဟု မစ္စတာ ဂေါ်လင်က ဆိုသည်။ ထို့ကြောင့် အာဖရိကသည် မိမိ၏ ကိုယ်ပိုင်လမ်းကြောင်းကိုသာ ရှာဖွေရမည် ဖြစ်သည်။

မူရင်း – Can Africa take the Asian path to growth? The Economist July 2026

Click to rate this post!
[Total: 0 Average: 0]

Leave a Comment

Your email address will not be published. Required fields are marked *