The Corner

The Corner

cropped-Logo_round_grey-background.png

သေမင်းသခင် သွေးနတ်ဝင်သည် … 

Share မယ်

Historian Roger Spiller (1944-2017) declared that “the most frightening lesson” he has learned from military history is that “ordinary” people are capable of heinous crimes in the right circumstances.

စစ်နှင့်လုလင်

Source: Magnific

ဆရာဇော်ဂျီ (၁၉၀၇-၁၉၉၀) ၏ကဗျာတိုထွာတွေဖတ်တိုင်း ရင်ထဲဆွေးသလိုလို၊ တစ်စုံတစ်ခုကိုဆုံးရှုံးသွားသလိုလို ခံစားရတဲ့ကဗျာက “စစ်နှင့်လုလင်” (၁၉၅၁) ကဗျာ။ ကဗျာသုံးပိုဒ်ထဲက နောက်ဆုံးအပိုဒ်ဖတ်ရတိုင်း ကျွန်တော့်ရင်ထဲတလှပ်လှပ်။

လွတ်လပ်ရေးဟု
ယေးဘိတ်ကုန်စင်၊ ချင်းတွင်းဝင်သည်
လုလင် တိုက်ပွဲဆိုင်ခဲ့၏။

တော်လှန်ရေးဟု
ရန်ကြွေးဆပ်ချင်၊ တောခိုဝင်သည်
လုလင် သေနတ်ကိုင်ခဲ့၏။

ပွဲတခုတွင်၊ တိုက်ကင်းပြင်သော်
အရှင်လှလှ၊ ရန်ဓားပြကို
လက်ရဖမ်းလေ၊ မှာလိုက်ချေလည်း
သေမင်းသခင်၊ သွေးနတ်ဝင်သည်
လုလင် မထိန်းနိုင်ခဲ့ပြီ။            

ဆရာဦးခင်ဇော် (ကေ)နှင့် တက္ကသိုလ်ညိုမေ

ဆရာဦးခင်ဇော် (၁၉၀၅-၁၉၈၉) က ဆရာဇော်ဂျီ့ကဗျာကို War and Youth ပြန်ဆိုခဲ့သည်။ ယင်း    ကဗျာကိုပင် တက္ကသိုလ်ညိုမေက Youth and War ဟုပြန်ဆိုခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် ရန်ကုန်တက္က     သိုလ်ကလောင်အသင်းက ထုတ်ဝေခဲ့သော “စစ်မုန်းသူကဗျာများ” (The Songs of Peace) မြန်မာ-    အင်္ဂလိပ်စာအုပ်၌ဖော်ပြခဲ့သည်။ ဆရာတို့နှစ်ဦး၏ဘာသာပြန်ကို မူရင်းကဗျာနှင့်တိုက်ပြီး တစ်ပိုဒ်ချင်း ဆွေးနွေးသွားပါမည်။

လွတ်လပ်ရေးဟု
ယေးဘိတ်ကုန်စင်၊ ချင်းတွင်းဝင်သည်
လုလင် တိုက်ပွဲဆိုင်ခဲ့၏။

ဦးခင်ဇော် (ကေ) 

For freedom’s cause

He marches up from Mergui, Ye, Even up to Chindwin’s source.

တက္ကသိုလ်ညိုမေ

For freedom’s sake,

Ye – Mergui to ChindwinThe Youth, he faced the war. 

ယေး (ရေး)၊ ဘိတ် (မြိတ်)၊ ချင်းတွင်းစတဲ့ ဒေသန္တရ နာမည်တွေနှင့် မယဉ်ပါးသူတွေအဖို့ ကဗျာဆရာ ဘာတွေရေးနေပါလိမ့်ဟု တွေးနေမည်။ ဆရာကေက marches up, up to Chindwin တို့သုံးထားတော့ အဓိပ္ပာယ်ကောက်မည်ဆိုလျှင် ကောက်၍ရသေးသည်။ တက္ကသိုလ်ညိုမေရဲ့ Ye – Mergui to Chindwin ကျတော့ စာဖတ်သူအဖို့ ရုတ်တရက်အဓိပ္ပာယ်ပေါက်ဖို့မလွယ်။ ဆရာကေ၏ ဘာသာပြန်ထဲ “လုလင် တိုက်ပွဲဆိုင်ခဲ့၏” ကို တိုက်ရိုက် ပြန်ဆိုထားခြင်းမရှိ။ မြန်မာပြည် တောင်ဖျားမှသည် မြောက်ဖျားအထိ ချီတက်တာပဲပါသည်။

တော်လှန်ရေးဟု
ရန်ကြွေးဆပ်ချင်၊ တောခိုဝင်သည်
လုလင် သေနတ်ကိုင်ခဲ့၏။

ဦးခင်ဇော် (ကေ) 

Anti-fascist resistance

Finds him a guerrilla,Bayonet held in manly stance. 

တက္ကသိုလ်ညိုမေ

For Resistance’s sake,

For debts to pay
He braved the wilderness The youth, he took to arms. 

တော်လှန်ရေးဆိုတာကို ဆရာနှစ်ယောက်စလုံးက ဖက်ဆစ်တော်လှန်ရေးဟု ယူဆလက်ခံထားပုံရသည်။ ဒုတိယပိုဒ်ကို ဆရာဦးခင်ဇော် ပြန်ဆိုထားတာ သဘောမတွေ့လှ။ လှံစွပ်တပ်သေနတ်ကိုင်တာကိုပဲ ဆရာက အသားပေးပြန်ဆိုထားသလိုဖြစ်နေသည်။ ကဗျာရဲ့ အဓိကသော့ချက်တစ်ခုဖြစ်တဲ့  “ရန်ကြွေးဆပ်ချင်” ဆိုတာကဆရာကေရဲ့ဘာသာပြန်မှာပါမလာ။ တက္ကသိုလ်ညိုမေရဲ့ ပြန်ဆိုချက် For debts to pay ကျတော့လည်း ဆရာဇော်ဂျီရဲ့အာဘော်ကို အပြည့်အဝ သယ်ဆောင်နိုင်စွမ်း မရှိဟု ထင်မိသည်။ ဒီ ရန်ကြွေးဆပ်ချင်တဲ့စိတ်က တတိယပိုဒ်မှာသရုပ်ဖော်ထားတဲ့ လုလင်ရဲ့အပြုအမူကိုမောင်းနှင်သွားတာ၊ မီးထိုးသွားတာဟု ကျွန်တော်နားလည်ခံစားမိသည်။

ပွဲတခုတွင်၊ တိုက်ကင်းပြင်သော်
အရှင်လှလှ၊ ရန်ဓားပြကို
လက်ရဖမ်းလေ၊ မှာလိုက်ချေလည်း
သေမင်းသခင်၊ သွေးနတ်ဝင်သည်
လုလင် မထိန်းနိုင်ခဲ့ပြီ။

ဦးခင်ဇော် (ကေ) 

Operation order
“Bring them alive
These dacoits!”

Ah, but his blood is up with will to kill. 

တက္ကသိုလ်ညိုမေ

On eve of battle
before attack
The orders were to bring alive the foe.

And yet, the Lord of Death
When possessed, blood thirsty gets,The youth, he forgets. 

ကဗျာတစ်ပုဒ်လုံးရဲ့ဝိညာဉ်က ဒီတတိယပိုဒ်ပါပဲ။ ကျွန်တော့်ကိုအကြိမ်များစွာ ညှို့ယူဖမ်းစားခဲ့တဲ့အပိုဒ်။ လက်ရဖမ်းရမယ့်၊လက်ရဖမ်းရတဲ့ရန်သူကို လုလင်ပျိုဘာလုပ်လိုက်ပါလိမ့်။ “ပွဲတခုတွင်၊ တိုက်ကင်းပြင်သော်” ထဲက တိုက်ကင်းဆိုတာ combat patrol ကိုပြောတာဖြစ်သည်။ အသေးစားစစ်ဆင်ရေး (military operation) တစ်ခုပါပဲ။ တက္ကသိုလ်ညိုမေ၏ battle ကတော့တိုက်ကင်းအတွက် ကြီးကျယ်လွန်းသည်။ စစ်သုံးဝေါဟာရများ (၂၀၀၇။ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံး) က battle ကိုဤသို့အဓိပ္ပာယ်ဖွင့်သည်။

battle = တိုက်ပွဲကြီး၊ နှစ်ဖက်တပ်မတော်များတိုက်ခိုက်သောတိုက်ပွဲကြီး။

ရန်ဓားပြကို ဆရာကေက These dacoits ဟုပြန်ဆိုပြီး တက္ကသိုလ်ညိုမေက the foe (ရန်သူ) ဟုပြန်သည်။ ဓားပြအဆင့်လောက်ကိုတော့ဖြင့် စစ်ဆင်ရေး မလုပ်လောက်ဘူး။ ပြီးတော့ လုလင်က တော်လှန်ရေးလုပ်ဖို့ တောခိုလာတဲ့သူ။ သူတို့ ရင်ဆိုင်နေရတဲ့ တစ်ဖက်ရန်သူကို ဆရာဇော်ဂျီက ရန်ဓားပြဟုယေဘုယျသုံးလိုက်ပုံရသည်။  သို့တည်းမဟုတ် “အရှင်လှလှ” နှင့်ကာရန်ကိုက် “ရန်ဓားပြ”ဖြစ်သွားလေသလား။

“သေမင်းသခင်၊ သွေးနတ်ဝင်သည်” ဆိုတဲ့ သော့ချက်စာသားကို ဆရာနှစ်ယောက် ဘယ်လိုဘာသာ    ပြန်ဆိုကြပါလိမ့်။ ဆရာကေရဲ့ဘာသာပြန်မှာ ဒီဝိညာဉ်ကျကျန်ရစ်သည်။ တက္ကသိုလ်ညိုမေက ဒီအပိုဒ်ကို ကြိုးစားပြန်ဆိုထားသည်။

. . . . .  the Lord of Death
When possessed, blood thirsty gets,

“လုလင် မထိန်းနိုင်ခဲ့ပြီ” ဆိုတဲ့စာသားက ကျွန်တော့်ရင်ထဲတုန်ဟည်း ကျန်ရစ်သည်။ ကဗျာဆုံးသွားတဲ့   နောက် စာဆိုဆက်တွေးစေချင်တဲ့ပုံရိပ်တွေကို ဘာသာပြန်ဆိုချက် နှစ်ခုလုံးက ဖော်ကျူးနိုင်စွမ်း မရှိဟုထင်မြင်မိသည်။ သွေးနတ်ဝင်နေတဲ့ လုလင်ပျိုတစ်ယောက် ဘာတွေ ဆက်လုပ်ခဲ့ပါလိမ့်။ နောင်တစ်ချိန် သူနောင်တရစရာ၊ သူငိုကြွေးစရာ၊ သူယူကျုံးမရ ဖြစ်စရာ တွေများ လုပ်ခဲ့လေသလား။ဘုရား …  ဘုရား… ဘုရား။

လုလင်ရဲ့နုနယ်တဲ့လက်ကလေးတွေကို သွေးနတ်မဝင်စေချင်၊ သွေးမစွန်းစေချင်။ သူ့လက်လေးတွေကို နွေးထွေးတဲ့၊ ကြင်နာတဲ့လက်တွေဖြစ်စေချင်သည်။ စပါးပင်စိုက်တဲ့ သစ်ပင်စိုက်တဲ့လက်တွေဖြစ်စေချင်သည်။ ကျောင်းဆောက်တဲ့၊ ဆေးရုံဆောက်တဲ့လက်တွေ ဖြစ်စေချင်သည်။ ဆေးပေးတဲ့၊ အနာရောဂါခွဲစိတ်ကုသတဲ့လက်တွေ ဖြစ်စေချင်သည်။ ဂီတာတီးတဲ့လက်၊ ကဗျာရေးတဲ့လက်တွေဖြစ်စေချင်သည်။ ပျော်ရွှင်စွာကတဲ့လက်၊ အချင်းချင်းခိုင်ခိုင်မြဲမြဲတွဲဆုပ်တဲ့လက်တွေ ဖြစ်စေချင် သည်။ ဆွေးသူကိုဖေးကူတဲ့လက်တွေ ဖြစ်စေချင်သည်။

ကျွန်တော့်စမ်းသပ်မှုနှင့် AI ၏ဘာသာပြန်လက်ရာ

ဆရာနှစ်ဦး၏ဘာသာပြန်လက်ရာများကို တင်ဆက်ပြီးတဲ့နောက် မတောက်တခေါက် အပျော်တမ်းဆရာနှစ်ဦး၏လက်ရာကို ဆက်လက်တင်ပြပါဦးမည်။ တခြားသူ ဟုတ်ပါရိုးလား … ကျွန်တော်နှင့် AI တို့လက်ဆော့ထားတဲ့ ဘာသာပြန်လက်ရာတွေပါပဲ။ဆရာဇော်ဂျီခမျာ ကံကြီးလွန်းလို့ ဒီဘာသာပြန်လက်ရာတွေကို မြင်မသွားရရှာတာ။ ရှိစေတော့။ ဒီနေရာမှာ ကျွန်တော့်ဘာသာပြန်ဟု မပြောဘဲ ကျွန်တော့်စမ်းသပ်မှုဟုသာ ပြောချင်ပါသည်။ ကဗျာဘာသာပြန်ရာမှာကျွန်တော်တို့လို လူပြိန်းတွေတွေ့ရတဲ့အခက်အခဲက ကဗျာပုံထွက်အောင်ပြန်လျှင် အာဘော်ကျကျန်တတ်ပြီး အာဘော်အပြည့်အဝပါအောင်ပြန်လျှင် စကားပြေနှင့်တူသွားခြင်းပဲဖြစ်ပါသည်။ ကဗျာနှင့်လည်းတူ၊ အာဘော်လည်းအပြည့်အဝ ပါအောင်ပြန်ဆိုနိုင်သူက ကျွန်တော်တို့လို ကဗျာယောင်ယောင် စာယောင်ယောင်ဆရာ မဟုတ်တဲ့ ကဗျာဆရာစစ်စစ်ပဲဖြစ်ပါလိမ့်မည်။

A young man goes to war

In the name of freedom
He fought many a battle 
Across the country, far and wide. 

In the name of revolution and
With an old score to settle, he went 
Underground to take up arms. 

On the eve of one operation,
He was told to bring enemies alive; Nevertheless in actual combat,
Seized by a deathly blood-lust,The young man couldn’t help but 
Give free rein to his rage.

AG (2-5-22)

ပထမပိုဒ်ထဲက ဒေသန္တရ နာမည်တွေကို ကျွန်တော်ရှောင်လိုက်သည်။ ဒုတိယပိုဒ်မှာပါတဲ့ “တော်လှန်ရေး”ကို ကျွန်တော်က ဂျပန်တော်လှန်ရေးအဖြစ် မယူ။ ပြည်တွင်းစစ်အတွင်း နိုင်ငံရေးပါတီတွေ     ကြွေးကြော်ခဲ့တဲ့ ပြည်သူ့တော်လှန်ရေး (The People’s Revolution) အဖြစ်ယူချင်သည်။ ဒီပွဲက အ   ချင်းချင်းကြား ရန်စောင်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ ရန်ကြွေးဆပ်မှုတွေများသည်။”တောခိုဝင်၍” ဆိုတဲ့စကားလုံးကရော၊ ဒီကဗျာကို ၁၉၅၁ ခုနှစ် ပြည်တွင်းစစ်မီးအရှိန်ကောင်းနေတဲ့ကာလမှာရေးတယ်ဆိုတဲ့အချက်ကရော ဒီအဓိပ္ပာယ်ကိုကောက်ယူဖို့ ကျွန်တော့်ကို အကြီးအကျယ် တွန်းအားပေး သည်။ အချင်းစာဖတ်သူ … သင်ကြိုက်ရာယူလေ။

ကိုယ့်အယူနှင့်ကိုယ်ဆိုတော့ ဘာသာပြန်ဆိုတဲ့စကားလုံးတွေက ဆရာတို့၏ ပြန်ဆိုချက်နှင့်ခြားနားသွားသည်။ resistance ကrevolution ဖြစ်သွားပြီး wilderness က underground ဖြစ်သွားသည်။ ကဲ … ကျွန်တော်တို့မိတ်ဆွေကြီး AI က စစ်နှင့်လုလင်ကိုဘယ်သို့ပြန်ဆိုပါလိမ့်။ Gemini နှင့် Grok 3 တို့၏ ဘာသာပြန်ဆိုမှုများကို ကြည့်ကြရအောင်။ ဘာသာပြန်မူများကို အရင်းအတိုင်းတင်ပြထားသော် လည်း စာကြောင်းတွေကိုတော့ မိမိစိတ်ကြိုက်နေရာချထားကြောင်း ဝန်ခံပါသည်။

Source: Magnific

War and the Youth (Gemini)

“Independence!” was the cry,
From the coasts of Ye and Myeik 
To the Chindwin’s flow,
Everywhere, the youth stood his ground 
And fought the fight.

“Revolution!” was the call,
To settle the debts of old, 
He sought the forest’s depth,
And there, the youth shouldered 
His rifle and marched.

In one clash, while setting the scout’s line,
Though ordered to capture the enemy alive—
The “vile bandit” in their sights—
The Master of Death took hold, 
A blood-lust possessed his soul,
And the youth … Could no longer hold himself back.

A Young Man Goes to War (Grok 3)

For the cause of liberty,
He waged fierce battles,
From Ye’s southern shores 
To the Chindwin’s northern flow.

For the fire of revolution,
To settle a debt of vengeance,
He vanished into the wilds,
A young man, rifle in hand.

On the eve of a desperate fray,
Sworn to take foes alive,
Yet a crimson madness seized him,
Death’s dark spirit surged within.
No chain could hold his fury—
The young man’s wrath broke free.

၁၇-၁-၂၁ / ၂၈-၃-၂၆

Click to rate this post!
[Total: 0 Average: 0]

Leave a Comment

Your email address will not be published. Required fields are marked *