ဗိုင်းရပ်စ်ပိုး တစ်မျိုးက လူတွေကြားထဲမှာ ဘယ်လိုပျံ့နှံ့သွားလဲဆိုတာကို ရှာဖွေ ဖော်ထုတ်ဖို့ဆိုတာ စုံထောက်တစ်ယောက်လို အလုပ်လုပ် ရတာမျိုး ဖြစ်ပါတယ်။ ဘယ်သူက ဘယ်သူ့ကို ကူးခဲ့တာလဲ၊ ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ ကူးသွားခဲ့တာလဲဆိုတာကို သိဖို့အတွက် လူနာတွေ ဖျားနာခြင်း လက္ခဏာတွေ ဝင်မလာခင် ရက်သတ္တပတ်တွေအတွင်း ဘယ်သွားခဲ့လဲ၊ ဘာတွေလုပ်ခဲ့လဲဆိုတဲ့ အချိန်နှင့်တစ်ပြေးညီ သွားလာ လှုပ်ရှားမှုတွေကို သေသေချာချာ စစ်ဆေး သုံးသပ်ရပါတယ်။
ဒီလို စုံစမ်းလေ့လာရာမှာ အပြင်လောကနဲ့ အထိအတွေ့ပြတ်နေတဲ့ လူအုပ်စုဖြစ်လေလေ၊ အချက်အလက်တွေက ပိုပြီးတိကျလေလေ ဖြစ်ပါတယ်။ အပြင်လောကနဲ့ တွေ့ထိမှု မရှိတဲ့ လူအုပ်စု (သင်္ဘောပေါ်ကလူတွေ) ကတော့ လူဝင်လူထွက် အကန့်အသတ်ရှိပြီး လူနာတွေရဲ့ သွားလာလှုပ်ရှားမှုကို အတိအကျနီးပါး ပြန်လည်ခြေရာခံနိုင်တဲ့အတွက် ရောဂါပိုးဟာ ဘယ်သူ့ဆီကနေ ဘယ်လိုစတင်ကူးစက်ပြီး ဘယ်လိုပျံ့နှံ့သွားခဲ့လဲဆိုတဲ့ ကွင်းဆက်ကို အပြင်လောကမှာထက် ပိုမိုရှင်းလင်းတိကျစွာ ဖော်ထုတ်နိုင်ပါတယ်။
ဒါကြောင့် ဗိုင်းရပ်စ်ဗေဒပညာရှင်တွေအတွက်တော့ လူတွေအများကြီးပါတဲ့ ပင်လယ်ကူးအပျော်စီးသင်္ဘောကြီးတွေပေါ်မှာ ရောဂါပိုး ကူးစက်တာဟာ သုတေသနလုပ်ဖို့ အကောင်းဆုံး အခွင့်အရေးတစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ အဲဒီသင်္ဘောကြီးတွေဟာ သိပ္ပံပညာရှင်တွေ ပိုးမွေးတဲ့ ဖန်ခွက်ငယ်လေးတွေ လိုမျိုး ဖြစ်နေပြီး ဗိုင်းရပ်စ်အကြောင်း လေ့လာဖို့ အဖိုးတန်တဲ့ အချက်အလက်တွေ အများကြီး ထွက်ပေါ် လာနိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးရဲ့ ဖွဲ့စည်းပုံ၊ မျိုးဗီဇ၊ ပွားများပုံနဲ့ ရောဂါဖြစ်ပွားပုံတွေကို အထူးပြုလေ့လာတဲ့ ဆေးသုတေသန ပညာရှင်တွေဟာ MV Hondius အမည်ရှိ အပျော်စီးသင်္ဘောကြီးပေါ်က ဗိုင်းရပ်စ်ကူးစက်ပုံကို အထူးပြု လေ့လာခဲ့ကြပြီး ဒီလေ့လာမှုဟာ သမိုင်းတွင်ရစ်မယ့် ကူးစက်ရောဂါဖြစ်စဉ်အတွက် နောက်ဆုံးပေါ် ဥပမာတစ်ခု ဖြစ်လာပါတယ်။ မေလ ၂၀ ရက်နေ့အထိ စာရင်းတွေအရ အဲဒီသင်္ဘောပေါ်မှာရှိတဲ့ ခရီးသည်နဲ့ သင်္ဘောသား စုစုပေါင်း ၁၄၇ ယောက်အနက် အနည်းဆုံး ၁၁ ယောက်မှာ “ဟန်တာဗိုင်းရပ်စ်” (Hantavirus) ကူးစက် ခံထားရ ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ စိတ်မကောင်းစရာကတော့ အဲဒီထဲက သုံးယောက် သေဆုံးသွားခဲ့ပါတယ်။

ဘယ်လိုပိုးမျိုးလဲ
ဒီရောဂါဟာ တောင်အမေရိကတိုက်မှာရှိတဲ့ ကြွက်တွေ၊ ရှဥ့်မျိုးနွယ်ဝင် ရှူးပျံတွေကနေတစ်ဆင့် ကူးစက်တဲ့ “Andes” လို့ခေါ်တဲ့ ဟန်တာ ဗိုင်းရပ်စ် မျိုးကွဲတစ်မျိုးကြောင့် ဖြစ်တာပါ။ ပုံမှန်အားဖြင့်တော့ အာဂျင်တီးနားနဲ့ ချီလီနိုင်ငံတွေမှာ တစ်နှစ်ကို လူနာ ၁၀၀ ကနေ ၁၅၀ လောက်ပဲ တွေ့ရလေ့ရှိတဲ့ ရှားပါးတဲ့ ပိုးမျိုးဖြစ်ပါတယ်။
ဒီဗိုင်းရပ်စ်ဟာ များသောအားဖြင့် တိရစ္ဆာန် (ကြွက်) ဆီကနေ လူဆီကိုပဲ ကူးတာဖြစ်ပြီး လူတစ်ယောက်ကနေ နောက်တစ်ယောက်ကို ကူးဖို့ဆိုတာက အရမ်းကို ရှားပါတယ်။ လူတစ်ယောက်ကနေ နောက်တစ်ယောက်ကို ကူးဖို့ (Secondary case ဖြစ်ဖို့) ဆိုတာက ဖြစ်နိုင်ခြေ ရှိပေမယ့် တကယ်တမ်းမှာတော့ အလွန်ကို ရှားပါတယ်။
ရောဂါပိုး ဘယ်ကစသလဲ
အခုလောလောဆယ်မှာတော့ သင်္ဘောပေါ်ကို ဒီဗိုင်းရပ်စ် ဘယ်လိုပါလာလဲဆိုတာကို ခန့်မှန်းကြည့်တဲ့အခါ ခရီးစဉ်မစခင်ကတည်းက ကြွက်ချေး (သို့မဟုတ်) ကြွက်ဆီးတွေနဲ့ ထိတွေ့မိရာကနေ စတာလို့ ယူဆရပါတယ်။ ဆိုလိုတာက သင်္ဘောပေါ်မှာ ပိုးရှိနေတာမဟုတ်ဘဲ လူတွေက ကုန်းပေါ်မှာကတည်းက ကြွက်ကနေတစ်ဆင့် ပိုးကူးလာခဲ့တာပါ။ (New York Post သတင်းမှာ ပါတာကတော့ MV Hondius အပျော်စီးသင်္ဘောပေါ်မှာ ရောဂါပိုးကူးစက်ပြီး ဆုံးသွားတဲ့သူဟာ အသက် ၇၀ အရွယ် နယ်သာလန်နိုင်ငံသား ငှက်ပညာရှင် – ornithologist လီယို စကေးပါးရော့ဒ် ဖြစ်ပါတယ်။ သူက အာဂျင်တီးနား ခရီးစဉ်အတွင်းမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရတာဖြစ်ပြီး သင်္ဘောပေါ်ရောက်မှ ရောဂါလက္ခဏာတွေပြပြီး ဆုံးသွားခဲ့တာပါ။)
ပညာရှင်တွေက ဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇ (DNA/RNA) ကို သေချာစစ်ဆေးကြည့်လိုက်ပါတယ်။ ဒါကို Genomic sequencing လုပ်တယ်လို့ ခေါ်ပါတယ်။ အဲဒီလို စစ်ဆေးကြည့်တဲ့အခါမှာ ထွက်လာတဲ့ အချက်အလက်တွေအရ ဒီရောဂါစဖြစ်တဲ့ ပထမဆုံး လူနာ လေးယောက်ဟာ ကြွက်ကနေတစ်ဆင့် ကူးလာတာ သေချာသလောက် ရှိနေပါပြီ။
ဥရောပ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာနက ပညာရှင် Thomas Hofmann ပြောတာကတော့ ဒီပထမဆုံးလူနာ လေးယောက်စလုံးဟာ “တစ်နေရာတည်း၊ တစ်ရင်းမြစ်တည်း” ကနေ ပိုးကူးလာတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဥပမာ- သူတို့အားလုံးဟာ သင်္ဘောမတက်ခင်မှာ ပိုးရှိတဲ့ ကြွက်တွေရှိတဲ့ ဂိုဒေါင်တစ်ခုခု ဒါမှမဟုတ် နေရာတစ်နေရာရာကို အတူတူသွားခဲ့ကြတာမျိုး ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ပညာရှင်တွေအတွက်တော့ လူအချင်းချင်း ဘယ်လိုကူးလဲဆိုတာကို လေ့လာဖို့ အဖိုးတန်တဲ့ သင်ခန်းစာအသစ် ရလိုက်တာ ဖြစ်ပါတယ်။
ရောဂါပိုးတစ်မျိုးက ဘယ်ကနေ ဘယ်လိုကူးစက်လိုက်တာလဲဆိုတာကို ၁၀၀ ရာခိုင်နှုန်း အာမခံပြီး အပိုင် ပြောဖို့ဆိုတာ တကယ်တော့ တော်တော်ခဲယဉ်းပါတယ်။ “ဒါကြောင့် ဖြစ်နိုင်ပါတယ်” လို့ ခန့်မှန်းလို့ရပေမယ့် “ဒါကြောင့် ဖြစ်တာပါ” လို့ တိတိကျကျ ပြောဖို့ကတော့ ခက်ပြီး အမြဲတမ်း ဝေဝါးနေတတ်ပါတယ်။
စုံစမ်းစစ်ဆေးတဲ့အခါ လူနာတွေကို “ခင်ဗျား ဘယ်သူတွေနဲ့ တွေ့ခဲ့လဲ” လို့ မေးရင် လူတွေက အကုန်မမှတ်မိနိုင်ပါဘူး။ လမ်းမှာ ခဏလေး ပခုံးချင်းတိုက်မိတာ၊ ခဏလေး စကားပြောမိတာမျိုးတွေကို လူတွေက သတိမထားမိသလို ပြန်လည်လည်း မမှတ်မိနိုင်ကြပါဘူး။ ဒါဟာ အချက်အလက် စုဆောင်းတဲ့နေရာမှာ အကြီးမားဆုံး ဟာကွက်တစ်ခုပါ။
ဒါကြောင့် ဒီရောဂါ ဘယ်လိုပျံ့နှံ့သွားလဲဆိုတဲ့ အဖြေမှန်ကို အသေးစိတ် သိချင်တယ်ဆိုရင် ခရီးသည်တွေ အချင်းချင်း ဘယ်လို ထိတွေ့မှု ရှိလဲဆိုတဲ့ ပိုပြီးတိကျတဲ့ မှတ်တမ်းမှတ်ရာတွေ လိုအပ်တယ်။ (ဥပမာ- CCTV မှတ်တမ်းတွေ ဒါမှမဟုတ် ဒစ်ဂျစ်တယ်စနစ်နဲ့ ခြေရာခံတာမျိုး။)
ရောဂါရှာဖွေရာမှာ လူတွေရဲ့ အပြော (မှတ်ဉာဏ်) တစ်ခုတည်းကိုပဲ အားကိုးလို့ မရပါဘူး။ အိမ်သာသုံးတာ၊ ဇွန်းကိုင်တာလိုမျိုး သေးသေး မွှားမွှား ကိစ္စလေးတွေကအစ တိကျတဲ့မှတ်တမ်းရှိမှသာ ရောဂါကူးစက်ပုံ ပဟေဠိကို အတိအကျ အဖြေထုတ်နိုင်မှာ ဖြစ်ပါတယ်။
ရောဂါစုံထောက် (Epidemiologists) တွေရဲ့ ပထမဆုံးအလုပ်ကတော့ လက်ရှိဖြစ်နေတဲ့ ကူးစက်မှုကို အမြန်ဆုံး ရပ်တန့်ဖို့ပါ။ ဒါကြောင့် သူတို့က ရောဂါရှိသူ အချင်းချင်း ဘယ်လိုတွေ့ခဲ့ကြလဲ၊ ရောဂါရှိသူနဲ့ ကျန်းမာတဲ့သူတွေကြားမှာ ဘယ်လိုထိတွေ့မှုတွေ ရှိခဲ့လဲ စသည်ဖြင့် အသေးစိတ် လိုက်မေးရပါတယ်။ ဒါမှသာ ဘယ်သူတွေကို သီးသန့်ခွဲထားရမလဲ (Quarantine)၊ ဘယ်နေရာတွေကို ပိုးသတ်ရမလဲဆိုတာကို ချက်ချင်း ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။
ဒါက တကယ့် သိပ္ပံနည်းကျ အချက်အလက်တွေ ဖြစ်ပြီး နောင်တစ်ချိန်မှာ ဒီဒေတာတွေကို ပြန်ကြည့်တဲ့အခါ “ဘယ်လို ထိတွေ့မှုမျိုးက ပိုကူးစက်နိုင်ခြေ (Odds) များလဲ” ဆိုတာကို ပညာရှင်တွေ တွက်ချက် နိုင်ကြမှာပါ။
ပညာရှင်တွေဟာ Odds Ratio (OR) ဆိုတဲ့ စနစ်ကို သုံးပြီး ဘယ်လို ထိတွေ့မှုမျိုးက ပိုအန္တရာယ်များလဲဆိုတာ နှိုင်းယှဉ်ပါတယ်။ ဥပမာ – နှာခေါင်းစည်း တပ်ထားတဲ့သူ အချင်းချင်း ထိတွေ့ရင် ကူးစက်ဖို့ အခွင့်အလမ်း Odds က နည်းပါမယ်။ နှာခေါင်းစည်း မတပ်ထားတဲ့သူ အချင်းချင်း ထိတွေ့ရင် ကူးစက်ဖို့ Odds က ပိုများပါမယ်။
ရောဂါရှိသူနဲ့ ညစာထမင်းဝိုင်း အတူတူစားရင် ကူးဖို့ ရာခိုင်နှုန်း ဘယ်လောက်ရှိလဲ။ ရောဂါရှိသူကို ဖက်လိုက်ရင် ကူးဖို့ ရာခိုင်နှုန်း ဘယ်လောက် ရှိလဲ စသည်ဖြင့် ခွဲခြားသိလာရင် နောက်နောင်မှာ ဘယ်လို ကာကွယ်ရမယ်ဆိုတာကို ပိုတိကျတဲ့ လမ်းညွှန်ချက်တွေ ပေးနိုင်လာမှာဖြစ်ပါတယ်။
အခု သင်္ဘောပေါ်က ရလာတဲ့ လေ့လာချက်အတွေ့အကြုံနဲ့ ကျန်းမာရေး အချက်အလက်တွေဟာ နောက်တစ်ကြိမ် တခြားနေရာမှာ ဒီလို ရောဂါမျိုး ထပ်ဖြစ်လာခဲ့ရင် “ဘယ်လို ကိုင်တွယ်ရမလဲ” ဆိုတဲ့ လက်စွဲစာအုပ်အသစ် ဖြစ်လာမှာပါ။ ရောဂါပျံ့ပုံကို ကြိုသိနေတဲ့အတွက် အခုလို လူပေါင်းများစွာ မကူးစက်ခင်မှာတင် ကြိုတင်တားဆီးနိုင်မှာ ဖြစ်ပါတယ်။
ဒီ ရောဂါဗေဒ စုံထောက်တွေဟာ အခုလက်ရှိ သင်္ဘောပေါ်ကလူတွေကို ကယ်တင်ဖို့တင် မဟုတ်ဘဲ နောင်တစ်ချိန်မှာ ဒီရောဂါမျိုးထပ်ဖြစ်ရင် လူပေါင်းများစွာကို ဘယ်လိုကာကွယ်ပေးရမလဲ ဆိုတဲ့ အဖြေကို ရှာနေကြတာ ဖြစ်ပါတယ်။
အခု ရထားတဲ့ အချက်အလက်တွေ အကုန်လုံးကို စုစည်းကြည့်တဲ့အခါမှာတော့ Andes ဗိုင်းရပ်စ်မျိုးကွဲဟာ အရင်က ပညာရှင်တွေ သိထားတဲ့ အတိုင်းပဲ ဖြစ်နေပါတယ်။ ဆိုလိုတာက ဒီဗိုင်းရပ်စ်ရဲ့ သဘာဝဟာ ပြောင်းလဲမသွားဘဲ အရင်အတိုင်းပဲ ဆိုးဆိုးရွားရွား ကူးစက်နိုင်စွမ်း မရှိသေးဘူး ဆိုတာကို အတည်ပြုနိုင်လိုက်တာပါ။
ကိုဗစ်တို့၊ တုပ်ကွေးတို့ဆိုတာက လေထဲကနေတစ်ဆင့်ဖြစ်ဖြစ်၊ လူတစ်ယောက်နဲ့တစ်ယောက် အနားမှာ ရှိနေရုံနဲ့တင် အလွန်မြန်မြန်ဆန်ဆန်နဲ့ အများကြီး ကူးစက်တတ်တာပါ။ ဒါပေမဲ့ ဒီ Andes ဗိုင်းရပ်စ်ကတော့ အဲဒီလောက်အထိ အဆုတ်ထဲကို အလွယ်တကူ ဝင်ရောက်နိုင်စွမ်း မရှိဘူးလို့ ဆိုလိုပါတယ်။
အရေးကြီးဆုံး အချက်ကတော့ ဒီသင်္ဘောပေါ်မှာ ခရီးသည်တွေဟာ အအေးဒဏ်ကို ရှောင်ဖို့အတွက် အပြင်မထွက်ဘဲ အတွင်းဘက် ဧည့်ခန်း (Indoor lounges) တွေထဲမှာ အချိန်အကြာကြီး အတူတူ စုပြီး နေခဲ့ကြတာပါ။ လေဝင်လေထွက် အကန့်အသတ်ရှိတဲ့ အခန်းကျဉ်းထဲမှာ အတူရှိနေခဲ့ကြတာတောင် လူ ၁၄၇ ယောက်ထဲမှာ ၁၁ ယောက်ပဲ ကူးတယ်ဆိုတာဟာ ဒီဗိုင်းရပ်စ်က လူအချင်းချင်း ကူးဖို့ တကယ်ကို ခက်ခဲတယ်ဆိုတာကို ပြနေပါတယ်။
အကယ်၍သာ ဒီဗိုင်းရပ်စ်က ကိုဗစ်လိုမျိုး လွယ်လွယ်ကူကူ ကူးတတ်တယ်ဆိုရင်တော့ အဲဒီလို လူစုလူဝေးနဲ့ အခန်းထဲမှာ အတူနေခဲ့ကြ တဲ့သူတွေထဲက တစ်ဝက်ကျော်လောက် (သို့မဟုတ်) အကုန်လုံးနီးပါး ရောဂါကူးသွားကြမှာပါ။ အခုတော့ ၁၁ ယောက်ပဲ ဖြစ်တာကြောင့် ဒါဟာ စိုးရိမ်ရတဲ့ “လူလူချင်း ကူးစက်မှု အဆင့်” ကို မရောက်သေးဘူးလို့ Dr. Hofmann က ကောက်ချက်ချလိုက်တာ ဖြစ်ပါတယ်။
လူအချင်းချင်း ကူးစက်နိုင်ခြေ ရှိတယ်
ပုံမှန်ဆိုရင် ဟန်တာဗိုင်းရပ်စ် (Hantavirus) က ကြွက်တွေဆီကနေ လူကို ကူးတာပါ။ ဒါပေမဲ့ လူအချင်းချင်း အစုလိုက်အပြုံလိုက် ကူးစက် တာမျိုး ဖြစ်မလာဘူးလို့ အပိုင်ပြောလို့မရဘူး။ ၂၀၁၈ တုန်းက အာဂျင်တီးနားမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို သာဓက ပြရရင် လူတစ်ယောက် တည်းဆီကနေတစ်ဆင့် တခြားလူ ၃၃ ယောက်အထိ ကူးစက်သွားခဲ့ဖူးပါတယ်။

ဒီဖြစ်ရပ်ကြောင့် သိပ္ပံပညာရှင်တွေက “Superspreaders” ဆိုတဲ့ အယူအဆကို သတိထားမိလာကြတယ်။ ဒါက ဘာလဲဆိုတော့… တချို့လူတွေက တခြားသူတွေထက် ဗိုင်းရပ်စ်ပိုးကို အများကြီး ပိုထုတ်လွှတ်နိုင်စွမ်း ရှိနေတာပါ။ ဘာကြောင့်လဲဆိုတာ သိပ္ပံ ပညာရှင်တွေ အဖြေရှာနေကြဆဲ ဖြစ်ပါတယ်။
အဲဒီ Superspreaders တွေက ဘာကြောင့် သူများထက် ဗိုင်းရပ်စ်ပိုးတွေ အဆမတန် ပိုထွက်နေရတာလဲ (နှာချေ၊ ချောင်းဆိုးရာကနေ ဖြစ်ဖြစ်၊ အခြားနည်းနဲ့ဖြစ်ဖြစ်) ဆိုတာကိုတော့ အခုထိ သေချာမသိရသေးဘူး။ ဒီဗိုင်းရပ်စ်က လူအချင်းချင်း ကူးစက်တာ ရှားပေမယ့် တချို့လူတွေမှာ ဗိုင်းရပ်စ် ဖြန့်ဝေနိုင်စွမ်း အရမ်းများနေတတ်လို့ လူအများကြီးကို ကူးစက်သွားစေနိုင်တဲ့ အန္တရာယ်ရှိပါတယ်။
အခုလောလောဆယ် လေ့လာမှုတွေအရ ဒီဗိုင်းရပ်စ်က ကမ္ဘာအနှံ့ ကပ်ရောဂါကြီး ဖြစ်လာနိုင်တဲ့ အန္တရာယ် မရှိသေးဘူးလို့ ဆိုပါတယ်။
နှစ်ပေါင်းများစွာ လေ့လာချက်တွေအရ ဒီဗိုင်းရပ်စ်ဟာ ကြွက်တွေကြားထဲမှာ ပျံ့နှံ့နေပေမယ့် သူ့ရဲ့ မျိုးဗီဇက ပြောင်းလဲမှု သိပ်မရှိဘူး။ သင်္ဘောပေါ်မှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေကို စစ်ဆေးကြည့်တော့လည်း လူအချင်းချင်း ကူးစက်ရလွယ်အောင် ဗီဇပြောင်းလဲသွားတာမျိုး မတွေ့ရဘူးလို့ ဆိုပါတယ်။
ဘာလို့ ထိန်းချုပ်ရ လွယ်တာလဲ
ရောဂါပျိုးချိန် ကြာခြင်း ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ရောဂါပိုးဝင်ပြီး သုံးပတ်လောက်ကြာမှ လက္ခဏာပြတတ်တယ်။ ကူးစက်ပုံ နှေးခြင်း ဖြစ်ပါတယ်။ လူတစ်ယောက်က ဖျားနာတဲ့ လက္ခဏာတွေ ပြလာတော့မှသာ တခြားသူကို ကူးစက်နိုင်တာပါ။ ဒါကြောင့် ရောဂါရှိသူနဲ့ ထိတွေ့ခဲ့သူတွေကို ရှာဖွေဖို့နဲ့ သီးသန့်ခွဲထားဖို့ အချိန်အလုံအလောက် ရပါတယ်။ တုပ်ကွေး (Influenza) လို ရောဂါမျိုးက ရောဂါပျိုးချိန် အရမ်းတိုတယ်။ ကိုဗစ် (Covid) လို ရောဂါမျိုးကျတော့ ရောဂါလက္ခဏာ မပြသေးတဲ့သူဆီကနေတောင် ကူးနိုင်တာကြောင့် ထိန်းချုပ်ရ ခက်ပေမယ့် ဟန်တာ ဗိုင်းရပ်စ်ကတော့ အဲဒီလို မဟုတ်ပါဘူး။
ဒါက တကယ်ကို ပေါ့ပေါ့ဆဆနေလို့မရဘဲ သေချာသတိထားရမယ့် ရောဂါမျိုးပါ။ စောစောစီးစီး သိရပြီး အထူးကြပ်မတ်ကုသဆောင်မှာ သေချာကုသခွင့်ရရင်တောင်မှ သေဆုံးနိုင်ခြေ ၃၀% အထိ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ကံကောင်းတာတစ်ခုက ကြွက်တွေဆီကနေ ကူးဖို့ဆိုတာ တော်တော်ရှားသလို လူအချင်းချင်း ကူးဖို့ဆိုတာကတော့ ပိုတောင်ရှားပါသေးတယ်။
ကျန်းမာရေး သတိ အမြဲရှိနေဖို့ လိုအပ်
ပြီးခဲ့တဲ့ရက်ပိုင်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ထုတ်ပြန်ချက်အရ အပျော်စီးသင်္ဘောတစ်စင်း ပေါ်မှာ စဖြစ်ခဲ့တဲ့ ဟန်တာဗိုင်းရပ်စ် (Hantavirus) ကူးစက်ခံရသူ အရေအတွက်ဟာ အခုဆိုရင် ၁၃ ယောက်အထိ ရှိလာပြီလို့ သိရပါတယ်။ ဒါဟာ မေလ ၂၇ ရက် ဗုဒ္ဓဟူးနေ့မှာ WHOအကြီးအကဲဖြစ်တဲ့ Tedros Adhanom Ghebreyesus က သူ့ရဲ့ X လူမှုကွန်ရက်ကနေတစ်ဆင့် အတည်ပြု ပြောကြားလိုက်တာပါ။ စပိန်နိုင်ငံမှာ ကွာရန်တင်းဝင်နေတဲ့ ခရီးသည်တွေထဲက နောက်ထပ် လူနာသစ်တစ်ယောက် ထပ်တွေ့ခဲ့တာကြောင့် အခုလို အရေအတွက် တိုးလာရတာ ဖြစ်ပါတယ်။
လက်ရှိအခြေအနေကို ကြည့်မယ်ဆိုရင် ကူးစက်ခံရသူ ၁၃ ယောက်ထဲက သုံးယောက်ကတော့ သေဆုံးသွားခဲ့ပါပြီ။ ဒါပေမဲ့ ကံကောင်းတာ တစ်ခုက မေလ ၂ ရက်နေ့နောက်ပိုင်းကစပြီး ထပ်ပြီး သေဆုံးတာမျိုး မရှိတော့ပါဘူး။ WHO ဘက်ကလည်း အခြေအနေက တည်ငြိမ် နေပြီဖြစ်တဲ့အပြင် နေမကောင်းဖြစ်တဲ့ ခရီးသည်တွေကိုလည်း လိုအပ်တဲ့ ဆေးကုသမှုတွေ သေချာပေးနေတယ်လို့ ဆိုပါတယ်။ ကျန်တဲ့သူတွေကိုလည်း ကွာရန်တင်း ဆက်ထားပြီး စောင့်ကြည့်နေဆဲပါ။ ဗိုင်းရပ်စ် စဖြစ်ခဲ့တဲ့ ‘MV Hondius’ ဇိမ်ခံအပျော်စီးသင်္ဘောပေါ်မှာ ရှိနေခဲ့တဲ့ ခရီးသည်တွေ၊ သင်္ဘောသားတွေနဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေအားလုံးကတော့ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းမှာ သင်္ဘောပေါ်ကနေ အကုန်လုံး ဆင်းခဲ့ကြပြီး ဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်တော်တို့ သိထားသင့်တာက ဟန်တာဗိုင်းရပ်စ်ဆိုတာ ဘာလဲဆိုတဲ့ အချက်ပါ။ သူက ကြွက်လို ကိုက်ဖြတ် သတ္တဝါတွေ ကနေတစ်ဆင့် လူတွေကို ကူးစက်ပြီး ဖျားနာစေတဲ့ ဗိုင်းရပ်စ်မျိုး ဖြစ်ပါတယ်။ ဗိုင်းရပ်စ်မျိုးစိတ်ပေါ် မူတည်ပြီး ရောဂါပြင်းထန်မှုချင်း မတူပေမယ့် တစ်ကမ္ဘာလုံးမှာ တစ်နှစ်ကို လူနာပေါင်း တစ်သောင်းကနေ တစ်သိန်းအထိ ရှိနိုင်တယ်လို့ WHO က ခန့်မှန်းထားပါတယ်။ ဒီလို သဘောသဘာဝတွေကို ကြည့်ခြင်းအားဖြင့် ဗိုင်းရပ်စ်အသစ်တွေဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အချိန်မရွေး ပေါ်လာနိုင်တာကြောင့် ကျန်းမာရေး သတိ အမြဲရှိနေဖို့ လိုအပ်ကြောင်း ဒီဖြစ်စဉ်က သတိပေးနေပါတယ်။
SOURCE: The Hantavirus outbreak is a tragedy – valuable data source, The Economist May 26


