တိုတိုထွာထွာ မှတ်စရာ (၂၄)
ဘောလိဝုဒ်ရုပ်ရှင်လောကတွင် စက်ရုပ်ဆင်များ အစားထိုးလာခြင်း

ဘောလိဝုဒ် အက်ရှင်ကားတွေကို အပတ်စဉ်ကြည့်ပြီး “CGI သဘာဝကျရဲ့လား” ဆိုတာ ငြင်းခုံနေကြချိန်မှာ… တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံ ကျေးရွာရဲ့ စိုက်ခင်း တွေ အနားမှာတော့ တကယ့် သည်းထိတ်ရင်ဖို အသက်လုပွဲ ရုပ်ရှင်အစစ်ကြီး ရိုက်ကူးနေရပါတယ်။
ပဲခူးရိုးမ တိုက်ကြီးနဲ့ လှည်းကူးဒေသတစ်ဝိုက်က တောထဲမှာ တောဆင်ရိုင်း အကောင် ၃၀ ခန့် ကျက်စားနေကြပါတယ်။ တောဆင်ရိုင်းတွေက တောထဲမှာ အစာနဲ့ ရေ ရှားလာလို့ ရွာနားက စိုက်ခင်းတွေထဲ ဝင်ဝင်မွှေနေကြတာပါ။ ဆင်အုပ်ကြီးတွေ ဝင်လာပြီး စပါးတွေ၊ ကြံတွေ၊ ငှက်ပျောပင်တွေကို စားသောက် ဖျက်ဆီးပစ်တော့ စိုက်ခင်းတွေလည်း ပျက်စီးကုန်တာပေါ့။ ဒီလိုမျိုး အစာလာရှာရင်း ရွာသားတွေနဲ့ ထိပ်တိုက်တိုးမိတော့ နှစ်တိုင်း လူသေကျေပျက်စီးရသလို လယ်သမားတွေကလည်း သူတို့စိုက်ခင်းကို ကာကွယ်ဖို့ မီးကြိုးတွေ၊ ရှော့တိုက်ကြိုးတွေ ဆင်ထားကြပြန်တော့ ဆင်တွေဘက်ကလည်း နှစ်နှစ်၊ သုံးနှစ်မှာ တစ်ကောင်နှုန်းလောက် စိတ်မကောင်းစရာ ဓာတ်လိုက်သေဆုံးနေကြရတယ်။
ဘောလိဝုဒ် (Bollywood) ဆိုတာ အိန္ဒိယနိုင်ငံ မွန်ဘိုင်း (အရင် ဘုံဘေ) မြို့ကို အခြေစိုက်တဲ့ ဟိန္ဒီဘာသာစကားသုံး ရုပ်ရှင်လောကကြီးကို ခေါ်တာပါ။ ကမ္ဘာမှာ ရုပ်ရှင်အများဆုံး ထုတ်လုပ်တဲ့ ထိပ်တန်းရုပ်ရှင်ဇုန်ကြီးပေါ့။ အိန္ဒိယရုပ်ရှင်အကုန်လုံးကို ဘောလိဝုဒ်လို့ ထင်တတ်ကြပေမယ့် တကယ်တော့ ဟိန္ဒီစကားပြောရုပ်ရှင်ကိုပဲ ဘောလိဝုဒ်လို့ ခေါ်တာပါ။ ကျန်တဲ့ တမီးလ် (Tamil) ရုပ်ရှင်တွေကိုကျ ကောလိဝုဒ် (Kollywood)၊ တယ်လူဂူ (Telugu) ရုပ်ရှင်တွေကိုကျ တောလိဝုဒ်လို့ သီးခြားစီ ခေါ်ကြပါတယ်။
CGI (Computer-Generated Imagery) ဆိုတာ ကွန်ပျူတာ ဆော့ဖ်ဝဲလ်တွေ သုံးပြီး ဖန်တီးထားတဲ့ ရုပ်ပုံတွေ ဒါမှမဟုတ် လှုပ်ရှားမှုပါတဲ့ အန်နီမေးရှင်း (Animation) တွေကို ပြောတာပါ။
ရုပ်ရှင်တွေ၊ ဂိမ်းတွေနဲ့ ကြော်ငြာတွေထဲမှာ အပြင်မှာ တကယ်လိုက်ရိုက်ဖို့ ခက်တာ၊ အန္တရာယ်များတာ၊ ဒါမှမဟုတ် ပိုက်ဆံ အကုန်အကျ အရမ်းများမယ့် အထူးပြုလုပ်ချက် (Special Effects) တွေ၊ ရှုခင်းတွေနဲ့ တိရစ္ဆာန် ပုံစံတွေကို အစစ်အတိုင်း ဖြစ်အောင် ဖန်တီးတဲ့နေရာမှာ သုံးပါတယ်။
“CGI သဘာဝကျရဲ့လား” ဆိုတာ ဘောလိဝုဒ်နဲ့ ဟောလိဝုဒ် ရုပ်ရှင်လောကမှာ အမြဲတမ်း အငြင်းခုံရဆုံး မေးခွန်းတစ်ခု ဖြစ်ပါတယ်။ လက်ရှိ နည်းပညာ တိုးတက်မှု အခြေအနေအရ ကြည့်ရင်တော့ သဘာဝကျလွန်းလို့ အစစ်လား၊ အတုလား ခွဲမရတဲ့အဆင့်ကို ရောက်နေပါပြီ။
အထူးသဖြင့် အိန္ဒိယက ၂၀၂၄ ခုနှစ်ထွက် “Poacher” ဇာတ်လမ်းတွဲ ဒါမှမဟုတ် ဟောလိဝုဒ်က “The Jungle Book” နဲ့ “The Lion King” လို အဆင့်မြင့် ဘတ်ဂျက်သုံးထားတဲ့ ကားမျိုးတွေမှာ ဆင်တွေရဲ့ အရေပြား အရေးကြောင်း၊ ရွှံ့ပေနေတဲ့ ပုံစံ၊ မျက်တောင်ခတ်တာကအစ အသွေးအသားရှိတဲ့ ဆင်အစစ်အတိုင်း ၁၀၀ ရာခိုင်နှုန်း သဘာဝကျကျ ဖန်တီးနိုင်လာတာကြောင့် ရုပ်ရှင်ကြည့်နေရင်း ဒါဟာ ကွန်ပျူတာနဲ့ ဆွဲထားတာလို့ လူတွေ သတိမထားမိဘဲ စိတ်ထဲမှာ တကယ့် ဆင်အစစ်ကြီးအတိုင်း ခံစားရစေပါတယ်။
ရုပ်ရှင်တွေမှာ သုံးတဲ့ ရိုဘော့ဆင် (Robotic Elephant) ဒါမှမဟုတ် အန်နီမက်ထရောနစ် (Animatronics) တွေကို အဆင့်ဆင့် စနစ်တကျ ဖန်တီးကြတာ ဖြစ်ပါတယ်။ ပထမဆုံး ဆင်ရဲ့ အရိုးငြမ်း နေရာမှာ စတီး သို့မဟုတ် အလူမီနီယမ် ကိုယ်ထည် ဆောက်ပြီး လှုပ်ရှားမှု ပြုလုပ်နိုင်ဖို့ မော်တာတွေနဲ့ ဟိုက်ဒရောလစ် စနစ်တွေကို တပ်ဆင်ပါတယ်။ ထို့နောက် ဆင်ကြီးရဲ့ လှုပ်ရှားမှုတွေ သဘာဝကျကျ လေးလံ နှေးကွေးနေစေဖို့ ကွန်ပျူတာ ဆော့ဖ်ဝဲလ်နဲ့ ပရိုဂရမ် ရေးဆွဲကာ အဝေးထိန်း စနစ်နဲ့ ထိန်းချုပ် မောင်းနှင်ပါတယ်။ အပြင်ပန်း အသားအရေ အတွက် ဆီလီကွန်နဲ့ ရော်ဘာတွေကို သုံးပြီး ဆင်အရေပြားရဲ့ အရေးကြောင်း အဖုအထစ်တွေကို အသေးစိတ် ပန်းပုထု လုပ်ကြပါတယ်။ နောက်ဆုံး အဆင့်မှာတော့ ဖန်သား မျက်လုံးတွေ တပ်ဆင်ပြီး ရွှံ့တွေ ဖုန်တွေ ပေနေတဲ့ ပုံစံမျိုး ဖြစ်အောင် ဆေးရောင်ခြယ် အချောသပ်ကာ အသက်ဝင်တဲ့ ဆင်အစစ် အတိုင်း ဖန်တီးယူကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဘတ်ဂျက်သိပ်မရှိတဲ့ ဇာတ်ကားတွေ ဒါမှမဟုတ် အချိန်အဆောတလျင် ရိုက်ရတဲ့ ကားတွေမှာတော့ CGI ဟာ သိသိသာသာကြီး သဘာဝမကျဘဲ တောင့်တောင့်ကြီး ဖြစ်နေတတ်ပါတယ်။ အလင်းအမှောင် မမျှတတာ၊ ဆင်ရဲ့ လှုပ်ရှားမှုက ပေါ့ပါးလွန်းနေတာ (အလေးချိန် တန်နဲ့ချီတဲ့ ဆင်ကြီးတစ်ကောင်ရဲ့ တုန်ခါမှုကို မပြနိုင်တာ) ကြောင့် ကာတွန်းကားကြည့်ရသလို ဖြစ်နေတတ်ပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံရလေ့ရှိပါတယ်။
ဘောလိဝုဒ်က ဒါရိုက်တာတွေ ဘယ်လောက်ပဲ CGI သဘာဝကျအောင် လုပ်လုပ် တို့တိုက်ကြီးမြို့နယ် လိမ္မော်ခြံရွာက ဆင်တွေရဲ့ သဘာဝကျမှုကိုတော့ ဘယ်လိုမှ မမီနိုင်ပါဘူး။ ဒီမှာတော့ CGI ထက် သာလွန်တဲ့ “4D သဘာဝတရား” ဖြစ်လို့ ဆင်အော်သံ အစစ်ကို ကြားရမယ်၊ ဆင်နံ့ ဆင်ချေးနံ့ အစစ်ကို ရမယ်၊ ပြီးတော့ အုန်းခနဲ ဂျိမ်းခနဲ ဝင်မွှေတဲ့ ဝုန်းဒိုင်းကြဲ အက်ရှင်ဇာတ်ကွက်တွေကို မျက်စိရှေ့တင် Live အစစ် မြင်ရတာ ဖြစ်ပါတယ်။ အတိုချုပ်ပြောရရင် နည်းပညာအရ CGI ဟာ သဘာဝကျလွန်းတဲ့ အဆင့်ကို ရောက်နေပေမယ့် တို့တိုက်ကြီးသားတွေအတွက်တော့ “ကွန်ပျူတာဖန်သားပြင်ပေါ်က CGI ဆင်” ထက် “အိမ်နောက်ဖေးက တောဆင်ရိုင်း အကောင် ၃၀” က ပိုပြီး အသက်ဝင် (ရင်တထိတ်ထိတ် ဖြစ်ရ) တာပေါ့။
အိန္ဒိယက နည်းပညာမြင့် ရုပ်ရှင်လောကနဲ့ တို့တိုက်ကြီးသားတွေ ကြုံတွေ့နေရတဲ့ မြေပြင်လက်တွေ့ ဘဝကတော့ တကယ့်ကို ကွာခြားလှပါတယ်။
ဘောလိဝုဒ်ရဲ့ ဇာတ်ကွက်မှာတော့ မင်းသားကြီး ဂျွန် အေဘရာဟမ် (John Abraham) နဲ့ ဒါရိုက်တာတွေက ရုပ်ရှင်ရိုက်ကွင်းတွေမှာ ဆင်အစစ်တွေ လုံးဝမသုံးဖို့ PETA အဖွဲ့နဲ့အတူ ကမ်ပိန်းလုပ်နေကြပါတယ်။ လူတွေရဲ့ ဖျော်ဖြေရေးအတွက် ဆင်အစစ်တွေကို သံကြိုးခတ်၊ မိသားစုနဲ့ခွဲပြီး နှိပ်စက်တာမျိုးတွေ မလုပ်စေချင်တော့တဲ့အတွက် ဆင်အစစ်တွေနေရာမှာ တစ်ကောင်လုံး အရွယ်အစားတူ ရိုဘော့ဆင်တွေ၊ စက်ရုပ်တွေနဲ့ CGI နည်းပညာတွေကို အစားထိုး အသုံးပြုနေကြပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ တိုက်ကြီးမြို့နယ် လိမ္မော်ခြံရွာ ရဲ့ လက်တွေ့ဘဝမှာတော့ ဘာအထူးပြုလုပ်ချက် စကရင် အစိမ်းကြီး (Green Screen) မှ မရှိပါဘူး။ အိန္ဒိယမင်းသားတွေက ဘာအန္တရာယ်မှမရှိတဲ့ စက်ရုပ်ဆင်တွေနဲ့ သရုပ်ဆောင်နေချိန်မှာ တို့တိုက်ကြီးသားတွေကတော့ ပဲခူးရိုးမထဲက ထွက်လာတဲ့ တောဆင်ရိုင်း တွေနဲ့ တကယ့် လေးဘက်မြင် (4D) အတွေ့အကြုံအစစ်အတိုင်း ထိပ်တိုက်ရင်ဆိုင်နေရတာပါ။ စပါးရိတ်သိမ်းချိန် ရွာထဲကို ဆင်ကြီးတွေ အုန်းခနဲ ဂျိမ်းခနဲ ဝင်မွှေပြီဆိုရင် ဒါဟာ ဒါရိုက်တာမရှိဘဲ ကတ် (Cut) လို့ အော်လို့မရတဲ့ အသက်လုပွဲ အစစ်ကြီးပဲ ဖြစ်ပါတယ်။
ပိုဆိုးတာက ဘောလိဝုဒ်က နာမည်ကြီး စူပါစတားတွေလိုပဲ ဒီတောဆင်ရိုင်းကြီးတွေဟာလည်း ၁၉၉၄ ခုနှစ် ကာကွယ်ရေးဥပဒေအရ “ထိလို့မရတဲ့ VIP” တွေ ဖြစ်နေပါတယ်။ ဒါကြောင့် ရွာသားတွေခမျာ သူတို့ကို ရန်မပြုဘဲ ကိုယ့်ဘက်ကပဲ လွတ်အောင် ရှောင်ပြေးနေရပါတယ်။
အိန္ဒိယမှာတော့ ၂၀၂၁ ခုနှစ် အမိန့်အရ တိရစ္ဆာန်တွေ နာကျင်မှုမရှိအောင် ရိုဘော့ဆင်တွေသုံးလို့ အောင်ပွဲခံနေကြပါပြီ။ ဒါပေမဲ့ တို့တိုက်ကြီးမှာတော့ ရွာသားတွေခမျာ ဒီတောဆင်ရိုင်း အကောင် ၃၀ နေရာမှာ ဘောလိဝုဒ်က စက်ရုပ်ဆင်တွေနဲ့သာ လဲလိုက်ချင်ပါတော့တယ်လို့ ဆုတောင်းရင်း ဘယ်တော့မှမပြီးနိုင်တဲ့ လူနဲ့ဆင် ပဋိပက္ခ ဇာတ်လမ်းတွဲကြီးထဲမှာ သရုပ်ဆောင်နေရဆဲ ဖြစ်ပါတယ်။
လွတ်လပ်စွာ ရှင်သန်ခြင်း” (Living Free)
ဘောလိဝုဒ်နဲ့ PETA အဖွဲ့က ဆင်တွေ အနှိပ်စက်မခံရအောင် AI၊ CGI နဲ့ စက်ရုပ်ဆင်တွေကို ရုပ်ရှင်နဲ့ ကြော်ငြာတွေထဲမှာ အစားထိုး သုံးနေကြပါပြီ။ အိန္ဒိယကဆင်တွေ နည်းပညာကြောင့် တောထဲမှာ လွတ်လပ်သွားချိန်ဖြစ်ပါတယ်။
ဘောလိဝုဒ်က မင်းသားကြီးတွေနဲ့ PETA အဖွဲ့ကတော့ ဆင်တွေခမျာ တောနက်ထဲမှာ မိသားစုနဲ့အတူ “လွတ်လပ်စွာ ရှင်သန်” ဖို့ လိုအပ်တယ်၊ ရုပ်ရှင်ရိုက်ကွင်းတွေပေါ်မှာဆို အထီးကျန်ပြီး အနှိပ်စက်ခံရတယ်လို့ အော်နေကြပါတယ်။ ၂၀၂၄ ခုနှစ်ကထွက်တဲ့ “Poacher” ဇာတ်လမ်းတွဲထဲမှာ ဒါရိုက်တာ ရစ်ချီမက်တာ (Richie Mehta) က CGI ဆင်ကြီးတွေကို သုံးပြသွားသလို “Ramraj Cotton” ပုဆိုးကြော်ငြာထဲမှာလည်း နားရွက်တခတ်ခတ်နဲ့ ကပြတဲ့ “စက်ရုပ်ဆင်” ကို သုံးပြီး လူတောတိုးနေကြပါတယ်။ တကယ်တော့ “Tanhaji” တို့ “Krrish” တို့လို နာမည်ကြီး အိန္ဒိယစူပါဟီးရိုးကားတွေမှာလည်း ဆင်တွေကို CGI နဲ့ပဲ ဖန်တီးခဲ့တာ ကြာပါပြီ။
အိန္ဒိယက ဆင်တွေကတော့ AI နည်းပညာကျေးဇူးကြောင့် တောထဲမှာ ‘လွတ်လပ်စွာ ရှင်သန်ခွင့်’ ရနေကြပြီ။ တကယ်တော့ ဟိုးယခင် ၁၉၇၁ ခုနှစ်က နာမည်ကြီး “Haathi Mere Saathi” (ဆင်နှင့်ကျွန်ုပ်) ဇာတ်ကားတုန်းကဆိုရင် ဆင်အစစ်တွေအပြင် ကျားတွေ၊ ခြင်္သေ့တွေကိုပါ သုံးပြီး ကပြခုန်ပြခဲ့ကြတာပါ။ အခုခေတ်မှာတော့ အဲဒီခေတ်ဟောင်းစတိုင်ကို လွမ်းလို့လားမသိ၊ ပြီးခဲ့တဲ့လကတင် အိန္ဒိယက “Kattalan” ဆိုတဲ့ ရုပ်ရှင်အဖွဲ့က ဆင်အစစ်တွေကို သုံးပြီး ရိုက်ကူးခဲ့ကြသေးတယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီသတင်းကို ကြားတော့ တို့တိုက်ကြီးသားတွေက လက်ခုပ်တီးပြီး “အေး… မင်းတို့ရုပ်ရှင်အဖွဲ့တွေ ဆင်အစစ် လိုချင်ရင် စက်ရုပ်တွေ၊ AI တွေ သုံးမနေနဲ့၊ တို့တိုက်ကြီးမြို့နယ်ထဲ လာခဲ့ကြပါ၊ ပဲခူးရိုးမက ဆင်အစစ်က အခမဲ့ သရုပ်ဆောင်ပေးဖို့ ရွာထဲအထိ အလည်လာနေကြတယ်” လို့ ဖိတ်ခေါ်ချင်စိတ်တောင် ပေါက်သွားကြပါတယ်။
စက်ရုပ်ဆင်
PETA အဖွဲ့က ဆင်တွေကို လူအုပ်ကြီး၊ မီးရောင်စုံတွေနဲ့ ဆူညံသံတွေကြားထဲ လှည့်လည်အသုံးပြုနေတဲ့ ဟိန္ဒူဘုရားကျောင်းပွဲတွေမှာ ဆင်အစစ်တွေ မသုံးတော့ဖို့ ကမ်ပိန်းလုပ်နေပါတယ်။ သူတို့ဟာ အိန္ဒိယတစ်ဝန်းက ဘုရားကျောင်းတွေကို ဖိုက်ဘာမှန်နဲ့ ရော်ဘာတို့နဲ့ လုပ်ထားတဲ့၊ အစစ်နဲ့တစ်ရွယ်တည်း စက်ရုပ်ဆင် အကောင် ၂၅ ကောင်ကျော် လှူဒါန်းထားပြီးဖြစ်ပါတယ်။ ဒီစက်ရုပ်ဆင်တွေမှာ မော်တာတွေ တပ်ထားလို့ နားရွက်ခတ်တာ၊ အမြီးလှုပ်တာနဲ့ နှာမောင်းကနေ ရေမှုတ်တာတွေပါ လုပ်နိုင်ပါတယ်။
ပြီးခဲ့တဲ့ မေလတုန်းကလည်း “RRR” မင်းသမီး ရှရီယာ ဆာရမ် (Shriya Saran) နဲ့ PETA အဖွဲ့တို့ပေါင်းပြီး ကန်ပူရ်မြို့က ဘုရားကျောင်းတစ်ခုကို စက်ရုပ်ဆင်တစ်ကောင် လှူခဲ့ပါသေးတယ်။ ဟိန္ဒူဘာသာဝင်တွေက ဆင်တွေကို ဂဏေရှနတ်မင်းရဲ့ ကိုယ်စားလှယ်အဖြစ် ပူဇော်ကြတာမို့ အခုလို စက်ရုပ်ဆင်တွေကို အစားထိုးသုံးခြင်းအားဖြင့် ရိုးရာဓလေ့ကိုလည်း မပျက်စေဘဲ ဆင်တွေကို တောထဲမှာ လွတ်လပ်စွာ ရှင်သန်ခွင့် ပေးနိုင်မှာ ဖြစ်ပါတယ်။ ပူဂျာဘတ် (Pooja Bhatt) အပါအဝင် ဘောလိဝုဒ်မင်းသမီးတွေကလည်း တိရစ္ဆာန်တွေကို မနှိပ်စက်ဘဲ ကောင်းမွန်တဲ့ ရုပ်ရှင်တွေကို ရိုက်ကူးပြသနိုင်ပါတယ်လို့ ထောက်ခံပြောဆိုထားကြပါတယ်။
Ref: Indian stars push to end elephants in Bollywood, by AFP
တိုတိုထွာထွာ မှတ်စရာ (၂၅)
ငါတို့ရွာက ‘မပန်းအိ’ ဒူဘိုင်းမှာ ‘နေးလ်တက်ခနစ်ရှင်’ (Nail Technician)

ကာလသားခေါင်း ကိုတုတ်ကြီးတို့ ဝိုင်းတွင် ယနေ့ည၌ “အကြောင်းအရာ” မှာ တစ်ခုတည်းသာ ရှိလေသည်။ အဆိုပါ အကြောင်းအရာမှာ ရွာမှ ထွက်ခွာသွားသည်မှာ တစ်နှစ်ကျော်မျှသာ ရှိသေးသော ‘မပန်းအိ’ တစ်ယောက် ရန်ကုန်မြို့တွင် အလှပြင်သင်တန်း တက်ရောက်ပြီးနောက် ဒူဘိုင်းသို့ လေယာဉ်ဖြင့် သွားရောက်လုပ်ကိုင်နေပြီဟူသော သတင်းပင် ဖြစ်သည်။ “ဟေ့ကောင်တွေ… ကြည့်စမ်းပါဦး။ ငါတို့ရွာက ပန်းအိလေ၊ အရင်က ရေခပ်ဆင်းရင် သနပ်ခါးပါးကွက်ကျားနဲ့၊ အခုတော့ ဒူဘိုင်းမှာ ‘နေးလ်တက်ခနစ်ရှင်’ (Nail Technician) တဲ့ဟ။ လက်သည်းညှပ်ပေးတာကို နာမည်ပေးထားတာကလည်း အဆန်းသား ကိုတုတ်ကြီးက ၎င်း၏ လက်ကိုင်ဖုန်းအတွင်းရှိ မပန်းအိ တင်ထားသော ဓာတ်ပုံကို ကြည့်ရှုကာ အရသာခံ၍ ပြောဆိုလိုက်ရာ ဘေးနားရှိ အညာသား ကျော်ဟိန်းက ဝင်ရောက်ထောက်ခံလေသည်။ “အေးလေ… အရင်က ငါတို့ဆီမှာ လက်သည်းညှပ်ရင် ဓားနဲ့ တောက်တောက်ဆိုပြီး ဖြတ်ချတာ။ အခု ရန်ကုန်မှာ တစ်နှစ်သင်လိုက်တာနဲ့ သူ့လက်သည်းတွေကလည်း မှန်စီရွှေချတွေ ဖြစ်လို့။ ဒူဘိုင်းက ကုလားသူဌေးမတွေရဲ့ လက်သည်းကို ဆေးခြယ်ပေးနေရတာတဲ့။ အဆင့်ကတော့ မြင့်သွားပြီ” ထိုအုပ်စုထဲတွင် အူကြောင်ကြောင် အနိုင်ဆုံးဖြစ်သော ‘ဖိုးတုတ်’ ကမူ နားမလည်နိုင်သည့် ဟန်ပန်ဖြင့် မေးမြန်းလေသည်။
“ဒူဘိုင်းဆိုတာက သဲကန္တာရကြီး မဟုတ်လားဟ။ အဲ့ဒီမှာ လက်သည်းပန်းချီ ဆွဲလို့ရလို့လား။ သဲတွေဝင်ရင် ပျက်ကုန်မှာပေါ့”… “မင်းကလည်း… အဲ့ဒီမှာက အဲကွန်းတွေနဲ့ဟ။ ပန်းအိက အခုဆို အင်္ဂလိပ်လိုတောင် တတ်နေပြီ။ ‘အိုင် ဝန့် တူ ပေါ်လစ် ယူဝါ နေးလ်’ (I want to polish your nail) ဘာညာနဲ့ မှုတ်နေမှာ”
ဟု ကိုတုတ်ကြီးက တည်ငြိမ်သော မျက်နှာပေးဖြင့် အင်္ဂလိပ်စာ တတ်ကျွမ်းဟန် ပြု၍ ပြောလိုက်သည်။
“ဒါနဲ့ ရန်ကုန်မှာ တစ်နှစ်နေတာကတော့ ဟုတ်ပါပြီ၊ ဒူဘိုင်းမှာ ဘယ်လိုလုပ် အလုပ်ရသွားတာလဲ” ဟု တစ်ယောက်က မေးမြန်းရာ… “အဲဒါ ‘စကေး’ (Skill) လေကွာ။ ရန်ကုန်က ဆိုင်ကြီးမှာ မျက်နှာပေါင်းတင်တာတို့၊ ဆံပင်ဆေးဆိုးတာတို့ သင်လာတာကိုး။ အခု ဒူဘိုင်းမှာဆို ပန်းအိက ‘အိုင်ဘရိုး’ (Eyebrow) ဆွဲပေးတာလည်း နာမည်ကြီးတယ်တဲ့။ အရင်က ရွာမှာတုန်းကတော့ ကုန်စုံဆိုင်က ခဲတံနဲ့ ဆွဲတာ၊ အခုတော့ ဒူဘိုင်းက ကမ္ဘာကျော် ဘရန်းတွေနဲ့ ဆွဲတာဆိုတော့ မျက်ခုံးမွေးက ဟိုး… နားရွက်နားအထိ ရောက်နေတာပဲ” ကျော်ဟိန်းက သက်ပြင်းချရင်း ဆက်လက် ပြောဆိုလေသည်။ “ငါတို့ပဲ ကျန်ခဲ့တာပါကွာ။ ပန်းအိကတော့ ကုလားအုတ်စီးပြီး ရွှေနန်းတော်ကြီးတွေရှေ့မှာ ဓာတ်ပုံရိုက်လို့။ ငါတို့ကတော့ အခုထိ ရွာက နွားလှည်းတောင် မောင်းလို့မပြီးသေးဘူး။ တစ်နေ့ကျရင် ငါတို့လည်း ဒူဘိုင်းကိုသွားပြီး ‘နွားထိန်းတက်ခနစ်ရှင်’ သွားလုပ်ရင် ကောင်းမလားမသိဘူး”
လူပျိုအုပ်စုကြီး တဝါးဝါး ရယ်မောလိုက်ကြရင်း ဖုန်းမျက်နှာပြင်ပေါ်ရှိ မပန်းအိ၏ နှုတ်ခမ်းနီရဲရဲ၊ မျက်တောင်တု ရှည်ရှည်များဖြင့် ရိုက်ကူးထားသော ဓာတ်ပုံကို ကြည့်ရှုကာ “ဒါ ငါတို့ရွာက ပန်းအိ ဟုတ်ရဲ့လား” ဟု အံ့အားသင့်စွာ ငေးမောနေကြတော့သတည်း။
တိုတိုထွာထွာ မှတ်စရာ (၂၆)
အသည်းခိုက်မတတ် အေးစက်တဲ့ ကိုရီးယား နှင်းတွေကြားမှာ ပင်ပန်းနေတဲ့ မြန်မာလုပ်သားတွေကို အားမာန်ဖြစ်စေတဲ့ ‘ချောင်ဂျူယန်း’
ညဦးယံ ကျေးလက်လက်ဖက်ရည်ကြမ်းဝိုင်းလေးသည် ရေနွေးကြမ်းအငွေ့တလူလူနှင့် သက်ဝင်လှုပ်ရှားနေသည်။ တောင်ကိုရီးယား၏ ချမ်းအေးလှသော စိုက်ပျိုးရေးခြံများထဲတွင် ငါးနှစ်တိုင်တိုင် ရုန်းကန်ခဲ့ပြီးနောက် မကြာသေးမီကမှ ရွာသို့ပြန်ရောက်လာသည့် ကိုမြက ဝိုင်း၏အလယ်တွင် နေရာယူထားသည်။
သူ့ဘေးတွင် ရွာသားအချို့က ကိုမြ၏ ပြည်ပအတွေ့အကြုံများကို နားစွင့်နေကြသည်။ ကိုမြက သူ့ရှေ့ရှိ ရေနွေးကြမ်းခွက်ကို တစ်ငုံသောက်ကာ အားရပါးရ သက်ပြင်းချလိုက်ပြီးနောက်…
“ကိုရီးယားမှာ အလုပ်လုပ်ရတာ တကယ်မလွယ်ဘူးဗျ။ အေးလိုက်တာမှ အသည်းခိုက်မတတ်ပဲ။ နှင်းတွေတဖွဖွကျနေတဲ့ကြားထဲ လက်တွေထုံကျဥ်ကိုက်ခဲနေတာတောင် အလုပ်က နားလို့မရဘူး။ ဒါပေမဲ့… အဲဒီလို ပင်ပန်းပြီး စိတ်ဓာတ်ကျချင်လာတဲ့အချိန်မျိုးဆို ကျွန်တော် ‘ချောင်ဂျူယန်း’ ကိုပဲ ပြေးသတိရမိတယ်။ သူက ‘ဘဝမှာ ကံဆိုးတာဆိုတာ မရှိဘူး၊ ကျော်ဖြတ်ရမယ့် အခက်အခဲဆိုတာပဲ ရှိတာ’ လို့ ပြောခဲ့တာဗျ။”
ဝိုင်းထဲကလူတွေအားလုံး ဘာသံမှမထွက်ဘဲ ငြိမ်သက်စွာ နားထောင်နေကြသည်။ ကိုမြက အငွေ့တထောင်းထောင်းထနေသည့် ရေနွေးကြမ်းကို တစ်ငုံလောက် မြိန်ရေရှက်ရည် သောက်လိုက်ပြီးမှ…
“ဟေ့… မင်းတို့သိလား။ အဲဒီ ချောင်ဂျူယန်းဆိုတာ တောင်ကိုရီးယားရဲ့ ကမ္ဘာကျော် ‘ဟွန်ဒိုင်း’ (Hyundai) စက်မှုလုပ်ငန်းစုကြီးကို တည်ထောင်ခဲ့တဲ့သူဌေးကြီးပေါ့ဗျာ။ အဓိကကတော့… သူကလည်း ငါတို့လို လယ်သမားသား ဆင်းရဲသားဘဝကပဲ တက်လာတာဗျ” ဟု အသံကို ရုတ်တရက်မြှင့်ကာ စကားပလ္လင်ခံလိုက်သည်။ ဝိုင်းထဲရှိ လူများ၏ မျက်လုံးများက စိတ်ဝင်တစားဖြင့် ဝိုင်းခနဲ ဖြစ်သွားကြသည်။ လယ်သမားကြီး ဦးဘက မျက်မှောင်ကုတ်၊ ဆေးတံကိုချရင်း—
“ဟေ… ဟုတ်လို့လား ကိုမြရာ။ ဟွန်ဒိုင်းဆိုတာ ဟိုမှာ ကားတွေ၊ သင်္ဘောကြီးတွေ အားကြီးလုပ်တဲ့ ကုမ္ပဏီကြီး မဟုတ်လား။ အဲ့ဒီလို လောကအလယ်မှာ ထိတ်ထိတ်ကြဲသူဌေးကြီးက ငါတို့လိုပဲ သောက်ကျိုးနဲ ရုန်းကန်ခဲ့ရတာ ဟုတ်လို့လားဗျာ…” ဟု မယုံရဲမရဲဖြင့် မေးလိုက်လေတော့သည်။
ကိုမြက ပြုံးလျက် –
“ဒါပေါ့ ဦးဘရ၊ အဲ့ဒီသူဌေးကြီး ချောင်ဂျူယန်းဆိုတာ ငယ်ငယ်က ကျောင်းတောင် ကောင်းကောင်းမနေရဘူး။ လယ်ထဲမှာ ခါးကျိုးမတတ် လုပ်ခဲ့ရတာ။ သူ့ဘဝက ငါတို့ထက်တောင် ဆိုးသေးတယ်။ ဝမ်းစာမလောက်လို့ ရွာကနေ လေးကြိမ်တောင် ထွက်ပြေးခဲ့ရတာတဲ့။ တစ်ခါဆို သူ့အဖေ နွားရောင်းထားတဲ့ ပိုက်ဆံကို ခိုးယူပြီး မြို့တက်ခဲ့ရတာဗျ။ ငါတို့လိုပဲ အခြေခံလူတန်းစား ဘဝကနေ တက်လာတာမို့ ငါတို့ ကိုရီးယားမှာ အလုပ်လုပ်ရတာ ပင်ပန်းပေမယ့် သူ့အကြောင်းကြားရင် အားရှိတယ်” ဟု ပြောပြသည်။
ဘေးက လူငယ်လေး မောင်လှက _
“ဒါဆို ကိုမြရယ်… နွားရောင်းတဲ့ ပိုက်ဆံလေးနဲ့ ဘယ်လိုလုပ်ပြီး အခုလို သူဌေးကြီး ဖြစ်သွားတာလဲ” ဟု စိတ်ဝင်တစား ဝင်မေးသည်။
“အဲ့ဒါက စိတ်ဓာတ်ပဲ မောင်လှရဲ့” ဟု ကိုမြက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ဆက်ပြောသည်။
“သူက ဆန်ဆိုင်မှာ အလုပ်သမားလုပ်ရင်းနဲ့ ဆိုင်ပိုင်ရှင်ဖြစ်အောင် ကြိုးစားခဲ့တယ်။ စစ်ဖြစ်လို့ စီးပွားပျက်သွားလည်း သူ ပြန်ထူထောင်တယ်။ သူ အမြဲပြောလေ့ရှိတာက ‘အလုပ်ဆိုတာ မဖြစ်နိုင်ဘူးလို့ မင်းထင်နေသရွေ့ မဖြစ်နိုင်ဘူး၊ မင်းလုပ်နိုင်တယ်လို့ ယုံကြည်ပြီး ဇွဲရှိရှိနဲ့ ကြိုးစားရင် အောင်မြင်မှာပဲ’ တဲ့။ ငါတို့ ကိုရီးယားက စိုက်ပျိုးရေးခြံတွေထဲမှာ နှင်းတွေကြားထဲ အလုပ်လုပ်ရလို့ စိတ်ဓာတ်ကျတဲ့အခါတိုင်း သူ့ရဲ့ ‘ဇွဲ’ အကြောင်းကို ပြန်တွေးပြီး အလုပ်ဆက်လုပ်ခဲ့တာ”
ထိုအခါ ဦးဘက ရေနွေးကြမ်းကို မော့သောက်လိုက်ရင်း … “အေးဗျာ… ငါတို့လည်း ဒီနေ့ခေတ် စိုက်ပျိုးရေး သမားဘဝ ကြမ်းတမ်းခက်ခဲတယ်ဆိုပြီး ညည်းနေကြတာ၊ ချောင်ဂျူယန်းလို လယ်သမားသားတောင် ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်ရင် ငါတို့လည်း ငါတို့ရွာလေး တိုးတက်အောင် ကြိုးစားလို့ ရမှာပေါ့နော်” ဟု တက်ကြွစွာ မှတ်ချက်ပြုသည်။
ကိုမြ၏ စကားများကြောင့် လက်ဖက်ရည်ကြမ်းဝိုင်းလေးမှာ အရင်ကထက် ပိုမိုသက်ဝင်လာပြီး ရွာသားများ၏ စိတ်ထဲတွင် ကိုရီးယားသူဌေးကြီး၏ အောင်မြင်မှုဇာတ်လမ်းက ကိုယ်တိုင်ကြိုးစားချင်စိတ်ကို မီးမွှေးပေးလိုက်သလို ဖြစ်သွားတော့သည်။
ကိုမြ၏ စကားအဆုံးတွင် လက်ဖက်ရည်ဝိုင်းလေးတစ်ခုလုံး ခဏတာ တိတ်ဆိတ်သွားသည်။ ရွာသားအားလုံးသည် ကိုမြ ချပြလိုက်သည့် ‘မင်း စမ်းလုပ်ကြည့်ပြီးပြီလား’ ဆိုသည့် မေးခွန်းကို မိမိတို့ကိုယ်မိမိ ပြန်မေးနေကြသယောင်။ ခါတိုင်းဆိုလျှင် ကမ္ဘာ့အကြောင်း၊ နိုင်ငံခြားအကြောင်း ပြောလျှင် ပုံပြင်လိုလို၊ အိပ်မက်လိုလိုနှင့် နားထောင်လေ့ရှိသော်လည်း ယခု ချောင်ဂျူယန်း၏ ဇာတ်လမ်းကမူ သူတို့၏ ရင်ထဲကို တည့်တည့်ကြီး ရိုက်ခတ်သွားပုံရသည်။
တွေးတောခြင်းမှသည် လက်တွေ့ဆီသို့
ပထမဆုံး နှုတ်ထွက်လာသူက ဝိုင်းထဲတွင် အမြဲလိုလို ညည်းတွားတတ်သည့် ကိုထွေး ဖြစ်သည်။ သူက …
“ဟုတ်ပဗျာ… ကိုမြပြောမှပဲ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်မိတော့တယ်။ ကျုပ်တို့က အမြဲတမ်း ‘မိုးကလည်း ရွာပါ့မလား’၊ ‘မြေဩဇာဖိုးကလည်း တက်ဦးမှာလား’၊ ‘စိုက်ပျိုးစရိတ်က ရှုံးမလား’ နဲ့တင် တွေးပူနေတာနဲ့ အချိန်ကုန်တယ်။ ဘာမှလည်း အဖတ်မတင်ဘူး မဟုတ်လားဗျာ”
ကိုမြက ပြုံးလျက် ခေါင်းညိတ်ပြပြီး –
“ဒါပေါ့ ကို ထွေးရာ။ အဓိကက ‘ယုံကြည်မှု’ ပဲဗျ။ ကျုပ်တို့ လယ်သမားတွေလည်း ဒီအတိုင်းပဲလေ။ မိမိစိုက်တဲ့သီးနှံ၊ မိမိလုပ်တဲ့အလုပ်အပေါ်မှာ ကိုယ်တိုင် အပြည့်အဝ ယုံကြည်မှုရှိဖို့ လိုတယ်။ ခေတ်က ပြောင်းနေပြီဗျ။ အရင်ကလို မိုးလေဝသတစ်ခုတည်းကိုပဲ အားကိုးပြီး ထိုင်စောင့်နေလို့ မရတော့ဘူး။ နည်းပညာအသစ်တွေ၊ စိုက်ပျိုးနည်းစနစ်အသစ်တွေကို ကျုပ်တို့လည်း ရဲရဲရင့်ရင့်နဲ့ စမ်းလုပ်ကြည့်ကြရမယ်”
ထိုစဉ် ဝိုင်း၏တစ်ဖက်တွင် ငြိမ်ပြီး နားထောင်နေသည့် လူငယ်ပိုင်းဖြစ်သူ မောင်သက်က စိတ်အားထက်သန်စွာဖြင့် ဝင်ပြောသည်။
“ကိုမြ… သူက သင်္ဘောကျင်းကို ဘယ်လို ထူထောင် ခဲ့တာလဲ ဆက်ပြောပြပါဦး
ကိုမြက ရေနွေးကြမ်းကို တစ်ငုံထပ်သောက်ပြီး မျက်လုံးများ တောက်ပလျက် စကားကို ဆက်လိုက်သည်။

“အေး… အဲဒီ သင်္ဘောကျင်း အကြောင်းကတော့ တကယ့်ကို ရင်သပ်ရှုမောစရာပဲဗျ။ အဲဒီတုန်းက ဟွန်ဒေးမှာ သင်္ဘောဆောက်ဖို့ နည်းပညာလည်းမရှိ၊ ပိုက်ဆံလည်းမရှိ၊ အဆိုးဆုံးက သင်္ဘောဆောက်မယ့် ကျင်းတောင် မရှိသေးဘူးဗျ” ရွာသားများက “ဟာ… ကျင်းတောင်မရှိဘဲ ဘယ်လိုလုပ်မလဲ” ဟု တအံ့တသြ မေးကြသည်။
ကိုမြက ပြုံးလျက် “အဲဒါ ချောင်ဂျူယန်းရဲ့ သတ္တိပဲဗျ။ သူက ဗြိတိန်က ဘဏ်သူဌေးတွေဆီ သွားပြီး ချေးငွေတောင်းတယ်။ ဘဏ်က လူတွေက ‘မင်းတို့မှာ ဘာအတွေ့အကြုံရှိလို့လဲ’ လို့ မေးတော့ သူက ငါးရာတန် ကိုရီးယား ပိုက်ဆံစက္ကူတစ်ရွက်ကို ထုတ်ပြလိုက်တယ်”… “ပိုက်ဆံစက္ကူထဲမှာ ပါတဲ့ ‘လိပ်သင်္ဘော’ (Turtle Ship) ပုံကို ပြပြီး ‘ကြည့်စမ်း… ငါတို့ ကိုရီးယားတွေဟာ မင်းတို့ အင်္ဂလိပ်တွေထက် နှစ်ပေါင်း ၃၀၀ လောက် စောပြီး သံသင်္ဘောကို ဆောက်ခဲ့တဲ့ မျိုးရိုးကွ’ လို့ ရဲရဲဝံ့ဝံ့ ပြောခဲ့တာ။ အဲဒီလို ယုံကြည်မှုအပြည့်နဲ့ ပြောနိုင်လို့ပဲ သူတို့က ချေးငွေ ထုတ်ပေးခဲ့တာဗျ။”
ကိုမြက လက်ဟန်ခြေဟန်ဖြင့် ဆက်ပြောပြသည်။
“ဒါတင် မကသေးဘူးနော်။ သူက သင်္ဘောကျင်းကို အရင်မဆောက်ဘူး။ သင်္ဘောကျင်း ဆောက်မယ့် မြေပုံရယ်၊ ဂရိသူဌေးတစ်ယောက်ဆီကနေ ရထားတဲ့ သင်္ဘောအမှာစာရယ်ကို ပြပြီး တစ်ပြိုင်တည်း လုပ်ခဲ့တာ။ ဆိုလိုတာက ‘သင်္ဘောကျင်းကို ဆောက်နေရင်းနဲ့ အဲ့ဒီကျင်းထဲမှာပဲ သင်္ဘောကိုပါ တစ်ခါတည်း ဆောက်ပစ်တာ’ ဗျ။ ကမ္ဘာ့သမိုင်းမှာ ဘယ်သူမှ မလုပ်ဖူးတဲ့ နည်းပေါ့”
“လူတွေက ‘ဒါ ရူးသွပ်တာပဲ၊ မဖြစ်နိုင်ဘူး’ လို့ ပြောကြပေမယ့် သူကတော့ ‘မင်းတို့ စမ်းလုပ်ကြည့်ပြီးပြီလား’ လို့ပဲ ပြန်မေးခဲ့တယ်။ နောက်ဆုံးတော့ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာပဲ သင်္ဘောကျင်းကြီးရော၊ သင်္ဘောကြီးပါ အောင်မြင်အောင် ဆောက်ပြလိုက်တာ ကမ္ဘာကြီးကတောင် အံ့သြသွားရတယ်ဗျာ။”
ဝိုင်းထဲက လူငယ်တစ်ဦးက “အားကျစရာကြီးဗျာ၊ အတွေ့အကြုံမရှိလည်း သတ္တိရှိရင် ဖြစ်တာပဲနော်” ဟု ဆိုသည်။
ကိုမြက ခေါင်းညိတ်ရင်း “ဟုတ်တယ်၊ ဒါပေမဲ့ သတ္တိတင်မကဘူး၊ သူက နေ့မအိပ် ညမအိပ်လည်း အလုပ်လုပ်တာဗျ။ အဲဒီတုန်းက သူကိုယ်တိုင်လည်း ဖုန်တွေကြားထဲမှာ အလုပ်သမားတွေနဲ့အတူ ရောပြီး လုပ်ခဲ့တာ။ အဲ့ဒီလို စံပြခေါင်းဆောင်မှုကြောင့်လည်း အောက်ကလူတွေက လိုက်လုပ်ကြတာပေါ့” ဟု အားမာန် အပြည့်ဖြင့် ပြောလိုက်သည်။
(ယနေ့ ကာလတွင် တောင်ကိုရီးယားနိုင်ငံ Ulsan မြို့အခြေစိုက် Hyundai Heavy Industries (HHI) သည် ကမ္ဘာ့သင်္ဘောတည်ဆောက်ရေးဈေးကွက်၏ ၁၅ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ကာ ကမ္ဘာ့အကြီးဆုံး သင်္ဘောကျင်း ဖြစ်သည်။ ဧက ၁,၇၀၀ ကျော်ကျယ်ဝန်းသည့် အဆိုပါ သင်္ဘော ကျင်းတွင် ကရိန်းကြီး ကိုးခုနှင့် Drydocks ၁၀ ခုဖြင့် LNG၊ ကွန်တိန်နာနှင့် စစ်ဘက်သုံးသင်္ဘောများကို အဓိကထုတ်လုပ်သည်။)
ကိုမြက စကားပြော ဇာတ်ရှိန်ကို မြှင့်လိုက်ပြန်သည်။
“ဒီလိုဗျ… ချောင်ဂျူယန်းက အခု တောင်ကိုရီးယားရဲ့ ထိပ်တန်းသူဌေးကြီး ဖြစ်နေပေမယ့် တကယ်တမ်း သူ့ဇာတိက အခုခေတ် မြောက်ကိုရီးယားနိုင်ငံထဲက ‘အာဆန်’ (Asan) ဆိုတဲ့ ကျေးရွာလေးဗျ။ သူ ငယ်ငယ်က မြို့တက်ပြီး စီးပွားရှာဖို့ ရွာကနေ စွန့်စားထွက်ပြေးခဲ့တုန်းက အဲဒီရွာလေးကနေပဲ အခြေတည်ခဲ့တာ”
ကိုမြက ဆေးပေါ့လိပ်ကို တစ်ချက်ခဲပြီး အတိတ်နောက်ကြောင်းကို စိတ်ပါလက်ပါ ဆက်ပြောပြလေသည်။
“ချောင်ဂျူယန်း မွေးဖွားခဲ့တဲ့ ၁၉၁၅ ခုနှစ်တုန်းကတော့ ကိုရီးယားကျွန်းဆွယ်ဟာ တောင်နဲ့မြောက် မကွဲသေးဘဲ တစ်နိုင်ငံတည်း ရှိခဲ့တာဗျ။ နောက်ပိုင်း ကမ္ဘာစစ်တွေနဲ့ ပြည်တွင်းစစ်ကြောင့် တောင်နဲ့ မြောက် ကွဲသွားတဲ့အခါ သူက တောင်ဘက်မှာ စီးပွားရေးအရ အောင်မြင်သွားပေမယ့် သူ့ရဲ့ ရင်နှစ်သည်းချာ မိသားစုနဲ့ ဇာတိရွာလေးကတော့ မြောက်ကိုရီးယားဘက်မှာ ကံဆိုးစွာနဲ့ ကျန်ရစ်ခဲ့တာပေါ့။
သူ ငယ်စဉ်က အိမ်ကနေ နောက်ဆုံးအကြိမ် ထွက်ပြေးခဲ့တုန်းက… သူ့အဖေ ရောင်းထားတဲ့ နွားတစ်ကောင်စာ ပိုက်ဆံ (၇၀ ဝမ်) ကို ယူပြီး ခိုးထွက်ခဲ့တာဗျ။ အဲ့ဒီနွားဟာ သူ့အဖေအတွက်တော့ တစ်မိသားစုလုံးရဲ့ အသက်သွေးကြောပဲ။ ဒါကြောင့် သူ ကုမ္ပဏီကြီးတွေထောင်ပြီး အောင်မြင်လာတဲ့အခါမှာ သူ့အဖေဆီက ခိုးယူခဲ့မိတဲ့ အဲဒီနွားတစ်ကောင်အတွက် ကမ္ဘာမကြေတဲ့ ကျေးဇူးဆပ်ချင်စိတ်က သူ့ရင်ထဲမှာ အမြဲတငြိငြိ ရှိနေခဲ့တာပေါ့ဗျာ။
အဲဒီအချိန်က တောင်နဲ့ မြောက် ဆက်ဆံရေးက အတော်လေးကို တင်းမာခါးသီးနေတာဗျ။ ဒါပေမဲ့ ချောင်ဂျူယန်းက သူဌေးကြီး ဖြစ်လာတဲ့အခါ နှစ်နိုင်ငံ ပြန်လည်သင့်မြတ်ရေးကို မျှော်လင့်ခဲ့တယ်။ ဒါကြောင့်ပဲ ၁၉၉၈ ခုနှစ်မှာ သူက ‘နွားအကောင်ရေ ၁၀၀၀’ ကို ကားတန်းကြီးနဲ့ တင်ဆောင်ပြီး စစ်မဲ့ဇုန် (DMZ) နယ်စပ်ကို ဖြတ်ကျော်ကာ မြောက်ကိုရီးယား ဇာတိမြေဆီ ရဲရဲဝံ့ဝံ့ သွားခဲ့တာဗျာ။ ဒါဟာ ကိုရီးယားစစ်ပွဲပြီးကတည်းက အရပ်သားတစ်ဦးအနေနဲ့ ပိတ်ဆို့ထားတဲ့ နယ်စပ်စည်းကို ပထမဆုံး ဖြတ်သန်းခွင့်ရခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်ကြီးပေါ့ဗျာ…”
ကိုမြက လက်ဖက်ရည်ကြမ်းကို တစ်ငုံသောက်ကာ ဝိုင်းကို နိဂုံးချုပ်လိုက်သည်။
“ချောင်ဂျူယန်းက ပြောဖူးတယ်ဗျ။ ‘လမ်းဆိုတာ အလိုလိုရှိနေတာမဟုတ်ဘူး၊ ကိုယ်က လျှောက်မှ လမ်းဖြစ်လာတာ’ တဲ့။ ကျုပ်တို့ရွာလည်း အရင်လမ်းဟောင်းအတိုင်းပဲ ဆက်လျှောက်နေရင် ဒီအတိုင်းပဲ နေမှာပဲ။ အခုလို အမြင်သစ်တွေနဲ့ လမ်းသစ်ထွင်ဖို့ ကြိုးစားကြရမယ်။ ဆုံးရှုံးမှုဆိုတာ အောင်မြင်ဖို့အတွက် သင်ခန်းစာပဲလေ”
လပြည့်ည လမင်း၏ အလှအပနှင့်အတူ လယ်ကွင်းများဆီသို့ လင်းရောင်ခြည် ဖြာကျလာသည်။
လက်ဖက်ရည်ဝိုင်းလေး ပြီးဆုံး၍ ရွာသားများ စကားဝိုင်း သိမ်းပြီး နေအိမ်အသီးသီးသို့ လျှောက်လှမ်းသွားကြသောအခါ သူတို့၏ ခြေလှမ်းများသည် အရင်နေ့များကထက် ပိုမိုသွက်လက်ပြီး တက်ကြွနေကြသည်။ သူတို့ရင်ထဲတွင် ကိုရီးယားက ဆင်းရဲသားလယ်သမားသားလေး ချောင်ဂျူယန်း ပေးခဲ့သည့် “စမ်းလုပ်ကြည့်ပြီလား” ဆိုသည့် မေးခွန်းက ကိုယ်စီကိုယ်င သက်ဝင်လှုပ်ရှားနေတော့သည်။
….
တိုတိုထွာထွာ မှတ်စရာ (၂၇)
ကျွန်တော်နှင့် “ပန်ကာမ”

ရန်ကုန်ရဲ့ မိုးဦးရာသီက “ရွာလိုက်၊ စဲလိုက်၊ ပူလိုက်” ဆိုတဲ့ မူမမှန်တဲ့ အချစ်ရေးလို ဖြစ်နေချိန်မှာ ကျွန်တော့်ရဲ့ အချစ်ဦးမဟုတ်တဲ့ အချစ်ဆုံး “ပန်ကာမ” လေးကတော့ တရားရုံးရှေ့မှာ မျက်နှာပွင့်နေပါတယ်။
လက်ဖဝါးထဲမှာ အသာအယာ ဆုပ်ကိုင်ထားလို့ရတဲ့ ဒီ Mini Handy Fan လေးဟာ ကြည့်လိုက်ရင် ပွင့်ဖတ်ကလေးတွေ ဖြန့်ကားနေတဲ့ “ပန်းကလေးတစ်ပွင့်” လိုပါပဲ။ ရောင်စုံကာလာလေးတွေနဲ့ ချစ်စရာကောင်းလွန်းလို့ အသုံးအဆောင်တစ်ခုထက် ပိုတဲ့ သံယောဇဉ်ကို ပေးစွမ်းနိုင်ပါတယ်။
သူ့ရဲ့ ပန်ကာရွက်ကလေးတွေ လည်ပတ်လိုက်တိုင်း ထွက်ပေါ်လာတဲ့ လေအေးလေးဟာ မောဟိုက်နေတဲ့ စိတ်ကို ခဏချင်းမှာပဲ လန်းဆန်းသွားစေပါတယ်။ အိတ်ထဲမှာ အမြဲဆောင်ထားလို့ရပြီး လိုအပ်တဲ့အချိန်တိုင်း ကိုယ့်အနားမှာ အေးမြမှုကို ပေးစွမ်းနိုင်တာကြောင့် “ပန်ကာမလေး” လို့ ချစ်စနိုး ခေါ်လိုက်ရတာပါ။
ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကင်းပန်းခြံထဲမှာ ညနေခင်း “လေညင်းခံရင်း အမောဖြေ” ရာကနေ ရဲတပ်ဖွဲ့ရဲ့ အဖမ်းအဆီးခံလိုက်ရတဲ့ လူငယ်တစ်စုရဲ့ အမှုကြောင့်ပါ။
ပန်းခြံထဲမှာ အရက်သောက်မိလို့ “အချုပ်ကား” ဆိုတဲ့ အခမဲ့ Taxi စီးပြီး စခန်းရောက်သွားရာကနေ အခုတော့ တရားရုံးရှေ့မှာ တရားသူကြီး အမိန့်ကို နာခံဖို့ မိသားစုတွေ အလုပ်ရှုပ်နေကြတာ ဖြစ်ပါတယ်။
မိုးက တဖွဲဖွဲရွာနေပေမယ့် လူတွေကတော့ တရားရုံးရှေ့မှာ ချွေးတရွှဲရွှဲနဲ့ပါ။
“မိုးကျပြီပဲ အေးမှာပေါ့” လို့ ထင်ရင်တော့ မှားသွားပါလိမ့်မယ်။ စိတ်ပူရတဲ့အပူ၊ လူတိုးရတဲ့အပူတွေကြားမှာ မိသားစုဝင်တွေဟာ လက်တစ်ဖက်က မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းကို ကိုင်၊ ကျန်တဲ့လက်တစ်ဖက်ကတော့ Mini handy fan လက်ကိုင်ပန်ကာအသေးစားလေးတွေ တကားကားနဲ့ ယပ်ခပ်နေကြရပါတယ်။
“အမှုက ဘာလဲ” လို့ မေးရင် “ပန်းခြံထဲမှာ သောက်လို့” လို့ ဖြေရမှာ ရှက်ကိုးရှက်ကန်းနိုင်ပေမယ့်၊ လက်ကိုင်ပန်ကာလေးတွေကတော့ ဘာမှမသိသလို တဝီဝီနဲ့ လည်နေဆဲ။
အချုပ်ခန်းထဲက ထွက်လာမယ့် ကျွန်တော့် တူတော်မောင်လေး အပါအဝင် “လူမိုက်လေး” တွေကို စောင့်ရင်း တစ်ခါတလေ ပန်ကာလေးက အားကုန်သွားလို့ Power Bank လိုက်ရှာရတဲ့ ဒုက္ခကလည်း သတင်းထူးတစ်ခုလိုပါပဲ။
တရားရုံးရှေ့က မြင်ကွင်းကတော့ တကယ့်ကို ထူးထူးခြားခြားပါပဲ။ တစ်ဖက်မှာ ဥပဒေကြောင်းအရ အလုပ်ရှုပ်နေကြသလို နောက်တစ်ဖက်မှာလည်း “ပန်ကာမ” လေးတွေရဲ့ ဝန်ဆောင်မှုကြောင့် လူတွေဟာ ဒေါသအပူကို ခေတ္တအေးငြိမ်းစေပါတယ်။
“ပန်းခြံထဲမှာ မသောက်ဘဲ အိမ်မှာအေးအေးဆေးဆေး သောက်ရင် ဒီပန်ကာလေးနဲ့ တရားရုံးရှေ့မှာ လာထိုင်နေရမှာ မဟုတ်ဘူး” လို့ မိခင်ဖြစ်သူတစ်ဦးက ပန်ကာကို မျက်နှာနားကပ်ရင်း ညည်းညည်းညူညူ ပြောနေတာကလည်း ကြားရသူအဖို့ ရယ်ရခက်၊ ငိုရခက်။
ဘာပဲဖြစ်ဖြစ်… ဒီနေ့ခေတ် တရားရုံးရှေ့က မိသားစုတွေရဲ့ အသည်းစွဲကတော့ ရှေ့နေပြီးရင် ဒီ “လက်ကိုင်ပန်ကာမ” လေးတွေပဲ ဖြစ်ပါတော့တယ်။
ကြီးတဲ့ အမှု ငယ်စေ၊ ငယ်တဲ့ အမှု ပပျောက်ပြီး ပန်ကာမနဲ့ ဝေးပါစေဗျာ လို့ တရားရုံးတော်ရှေ့မှာ ကျွန်တော် တိတ်တခိုး ဆုတောင်းမိပါရဲ့။
စမတ်ကျကျ အရက်သောက်နည်း
“မသိလို့ပါ ခင်ဗျာ” ဆိုတဲ့ ဆင်ခြေက ရည်းစားဟောင်းဆီ မူးပြီး ဖုန်းမှားဆက်မိတဲ့ အခါမျိုးမှာပဲ အသုံးတည့်တာပါ။ တရားရုံးရှေ့ ရောက်တဲ့အခါ “ဥပဒေကို မသိလို့ ပြစ်မှုကျူးလွန်မိတာပါ” ဆိုတဲ့ ဆင်ခြေက အာမခံချက် (၀) ရာခိုင်နှုန်းပဲ ရှိပါတယ်။
ဒါကြောင့် လူငယ်တို့ရေ… ကိုယ်က အရက်ကို “အလွမ်းပြေ” သောက်တာပဲဖြစ်ဖြစ်၊ “အမောပြေ” သောက်တာပဲဖြစ်ဖြစ် ဥပဒေဘောင်ထဲကနေ Smart ကျကျ၊ အန္တရာယ်ကင်းကင်းနဲ့ မူးနိုင်အောင် ဒီအချက်လေးတွေကို အမြန်မှတ်ထားလိုက်ပါဦး –
၁။ အသက် (၁၈) မပြည့်သေးရင် “နို့ဆီ” ပဲ သောက်ပါ။
ဥပဒေအရ အသက် ၁၈ နှစ်မပြည့်ဘဲ အရက်သောက်တာ (ဒါမှမဟုတ်) ကိုယ့်ထက်ငယ်တဲ့ အသက်မပြည့်သေးသူတွေကို အရက်တိုက်တာဟာ “ထောင်နန်းစံ” ဖို့ လမ်းစပါပဲ။ ၁၈ နှစ်မပြည့်သေးရင် ရင်ထဲက အသည်းကွဲနာကို အချိုရည်အေးအေးလေးနဲ့ပဲ အေးဆေးဖြေသိမ့်လိုက်ပါ။
၂။ “အွန်လိုင်းက မှာမယ်… အိမ်အရောက်ပို့ပေး” ဆိုတာ မရပါ
အခုခေတ် လူငယ်တွေက အပန်းပြေချင်တော့ “ဖုန်းလေးတစ်ချက် ဆက်လိုက်ရုံနဲ့ အိမ်ရှေ့အထိ လာပို့ပေးတဲ့ အွန်လိုင်းအရက်ဆိုင်တွေ” ကို အားကိုးချင်ကြတယ်။ ဒါပေမဲ့ သတိထားပါ… အွန်လိုင်းကနေ အရက်လိုင်စင်မရှိဘဲ ရောင်းချတာ၊ ဝယ်ယူတာတွေဟာ ဥပဒေနဲ့မညီပါဘူး။ တကယ်လို့ အဖမ်းခံရရင်တော့ “Delivery ခက ပိုကြီး” သွားပါလိမ့်မယ်။
၃။ “မြင်ကွင်းကျယ်” နေရာတွေကို ရှောင်ပါ
ကန်ပေါင်ပေါ်မှာ လေလေးတဖြူးဖြူးနဲ့ “တစ်ပုလင်းကို နှစ်ယောက်” ဆိုတာ ရုပ်ရှင်ထဲမှာပဲ ကြည့်ကောင်းတာပါ။ တကယ်တမ်း လမ်းဘေးပလက်ဖောင်း၊ ကန်ပေါင်နဲ့ ပန်းခြံလို အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာ သောက်နေတုန်း ပတ္တရောင်လှည့်တဲ့ ရဲသားတို့နဲ့ တိုးရင်တော့ “သောက်လက်စ အရက်က ခါး” သွားပါလိမ့်မယ်။ မူးချင်ရင် ခွင့်ပြုချက်ရှိတဲ့ ဆိုင် (ဒါမှမဟုတ်) ကိုယ့်အိမ်ထဲမှာပဲ သီးသန့်မူးတာ အကောင်းဆုံးပါ။
၄။ ဘုရားကျောင်းကန်နားဆိုရင် “ဝေးဝေးကရှောင်”
“သောက်တာက သောက်တာ၊ ဘုရားက ဘုရား” ဆိုပြီး သီးခြားစီ ခွဲခြားလို့ မရပါဘူး။ ဘာသာရေး အဆောက်အအုံတွေရဲ့ အနီးအနားမှာ သွားရောက် သောက်စားတာဟာ ဘာသာရေးကို စော်ကားရာရောက်သလို ဥပဒေကလည်း အပြင်းအထန် တားမြစ်ထားပါတယ်။ အကုသိုလ်လည်းရ ထောင်ဒဏ်ပါ အပိုဆောင်းပြီး “နှစ်ထပ်ကွမ်း” နစ်နာသွားနိုင်ပါတယ်။
၅။ ဥပဒေကို “Ignore” လုပ်ရင် “Iron Bars” (သံတိုင်) နဲ့ တွေ့မယ်
“ကျွန်တော်က ဥပဒေကို သေချာမဖတ်မိလို့ပါ” လို့ တရားသူကြီးကို သွားပြီး အကြောင်းပြရင် တရားသူကြီးက “ဒါဆိုရင် ထောင်ထဲမှာ အားအားယားယား ဖတ်ဖို့ အချိန်အလုံအလောက် ပေးလိုက်မယ်” လို့ ပြန်ပြောပါလိမ့်မယ်။ ဥပဒေဆိုတာ “မသိလို့ ကျူးလွန်မိပါတယ်” ဆိုတဲ့ ဆင်ခြေကို ဘယ်တော့မှ လက်မခံပါဘူး။
အနှစ်ချုပ်ရရင်တော့ – သောက်မယ်ဆိုရင် တရားဝင်လိုင်စင်ရှိတဲ့ဆိုင်မှာ ဝယ်ပါ၊ ခွင့်ပြုထားတဲ့ သီးသန့်နေရာမှာပဲ သောက်ပါ၊ ပြီးတော့ အသက် ၁၈ နှစ် ပြည့်ပါစေ။ မဟုတ်ရင်တော့ ခင်ဗျားတို့ သောက်နေတဲ့ အရက်က “စိမ်ရည်” မဟုတ်ဘဲ “မျက်ရည်” ဖြစ်သွားနိုင်ပါတယ်။
ကဲ… လူငယ်တို့၊ အရက်ကြောင့် အချုပ်ထဲရောက်ပြီး “ထမင်းဆီပြန်” စားရမယ့်အစား ဥပဒေကို ကြိုသိထားပြီး “အရက်ဆီပြန်” လေးပဲ အိမ်မှာ အေးအေးဆေးဆေး Smart ကျကျ သောက်ကြရအောင်လားခင်ဗျာ။

