The Corner

The Corner

cropped-Logo_round_grey-background.png

ဆရာညာဏ သို့မဟုတ် အာဏာလျှံမင်းသား

Share မယ်

အတ္ထုပ္ပတ္တိ စာပေများထဲတွင် ယနေ့တိုင်အကြိမ်ကြိမ်ပြန်ထုတ်နေရသည့် ဆရာကြီးရွှေဥဒေါင်း၏ တစ်သက်တာ မှတ်တမ်းနှင့် အတွေးအခေါ်များစာအုပ်ကို လူလတ်ပိုင်း အရွယ်ကတည်းကဖတ်မိပြီး တစ်နေ့နေ့ အပိုင်ဝယ်မည်ဟု ဆုံးဖြတ်ထားမိသည်။ နောက်တစ်အုပ်က ဂျာနယ်ကျော်ဦးချစ်မောင်၏ “သူ” ။ နောက်တစ်အုပ်က စစ်ကိုင်း ဦး ဘိုးသင်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိဖြစ်သည်။ နောက် သော်တာဆွေ။ ဤစာအုပ်နှစ်အုပ်က မဝယ်ဖြစ်သေး။ သို့သော် ထိုထို ဆရာကြီးများ၏ ဖြတ်သန်းမှု ဘဝ အတွေ့အကြုံများမှာ စာဖတ်လေ့ ရှိသူတိုင်းအတွက် အတုယူစရာ လေးစားစရာ ဆင်ခြင်စရာများ အပြည့်နှင့်ဖြစ်ကြောင်း သိကြသည်။ တခြားစာအုပ်များမရှိဘူးဟုမဆိုလိုပါ။ အလုံးစုံ မညွှန်းလို၍ ချန်ထားခဲ့ခြင်းဖြစ်ပါသည်။ ဆိုရလျှင် အတ္ထုပ္ပတ္တိစာပေကို သဘောကျသည်။ တစ်နည်းအားဖြင့် ဆရာများ ရင်ဆိုင်ဖြတ်သန်းရပုံများကြောင့် ဆရာတို့၏ ဘဝကို စာအုပ်ဖတ်လိုက်ရုံနှင့်ရသည်။ ထိုအချက်ကို အကြိုက်ဆုံး ဖြစ်သည်။ သူတို့တတွေ ဘယ်လိုရှင်သန်ခဲ့သလို သူတို့ခေတ်က ဘယ်လို အနေအထားလည်းကအစ ပြန်၍ လေ့လာနိုင်သည်။ အထူးသဖြင့် သူတို့တစ်တွေ စာကိုဘယ်လို ရေးခဲ့ ကြသလဲဆိုသည်ကို ဂရုစိုက်မိသည်။ သို့သော် လည်း သူတို့ရေးနည်းရေးဟန်အတိုင်း လိုက်ရေး ဖို့ရန်အတွက်မဟုတ်ပေ။ ဆရာကြီးတို့၏ အသိပညာ အတတ်ပညာ ဂုဏ်တို့မှာ ကျနော်အတွက် လိုက်မီရန်မစွမ်းသာပါ။ ထိုကြောင့်ဖားတု၍ ခရုခုန်လျှင် အိုင်ပျက်ရုံသာရှိချေစိမ့်မည်ဟု ကိုယ့်ဘာသာ ခံယူထားသည်။ သို့သော်လည်း ယခုနောက်ပိုင်းတွင် အတ္ထုပ္ပတ္တိစာပေကိုမူ မကြာခဏ ပြန်ဖတ် ဖြစ်သည်။ ဒုတိယဦးစားပေးအနေဖြင့် ဖြစ်ရပ်မှန်ဇာတ်လမ်း များကို ပြန်ဖတ်ဖြစ်သည်။ တတိယ ဦးစားပေးအနေဖြင့် သိစရာတစ်ခုခုကျန်ခဲ့သည့်စာမျိုးကို ဖတ်ဖြစ်လာသည်။ ငယ်စဉ်ကလို တွေ့သမျှ စာအုပ်အကုန်ကျုံးဖတ်ခြင်းကဖြင့် အခါလွန်ခဲ့ပြီ။

ကျွန်တော်က နယ်မှာနေသည်ဖြစ်၍ စာအုပ်ဖတ်လိုသည့်အခါမျိုးတွင် စာအုပ်ရှာရခက်သည်။ အင်တာနက် မရှိလျှင် မဖြစ်သည့်ခေတ်ဖြစ်၍ အင်တာနက်ပေါ်တွင် လိုက်လံရှာဖွေရသည်က ဘာသာရပ်တစ်ခု။ သို့သော်လည်း အင်တာနက်သည် လွယ်လင့်တကူရသည်မှာ မန္တလေးထိုးမုန့်အမြည်းကျွေး သည့်လောက်သာဖြစ်သည်။ တကယ်ကြိုက်လျှင် ပိုက်ဆံပေးရမည်။ တကယ်လည်းကြိုက်သည်။ ပိုက်ဆံလည်းပေးနိုင်သည့် အနေအထားတွင်ရှိသည်။ သို့ပေမင့် လိုင်းပေါ်မှ ငွေချေစနစ်က ကျွန်တော့်တွင်မရှိ။ နောက်ဆုံးကျ စာအုပ် မည်သည့်နေရာက ရနိုင်မလည်းဆိုသည့် စာအုပ်မုဆိုးအတတ်ပညာ ကိုသာ ပြန်သုံးရသည်။ စာဖတ်သူ ပါးရှားသောခေတ်တွင် ကမ္ဘာစစ်လက်ကျန်ကားကြီးများလို စာအုပ် အပေါ်သံယောဇဉ်ကြီးသူများကို အဆက်အသွယ် မပြတ်စေရန် ချိတ်ဆက်ထားရသည်။ သို့မှသာ သူတို့ ဘယ်လိုစာအုပ်မျိုးရလာသည်ကိုသိနိုင်မည်။ ကျွန်တော့်ဆီက ရလာလျှင်လည်း သူတို့ကို အသိပေးရ သည်။ ထိုထက်လွန်လျှင် ကြိုက်လျှင်လည်း ပေးရသည်။ ကိုယ်ကြိုက်လျှင် လည်း ပြန်ယူသည်။ တစ်ခု လူလည်ကျလို့ရသည်က ကျွန်တော်က စာရေးနေသည်ဖြစ်၍ “ဒီစာအုပ် အကြောင်း ငါစာရေးချင်တယ်”ဟုဆို နိုင်သည်ပင်။ ယခုလည်း ထိုနည်းနှင့်ပင် စာအုပ်ဆယ်အုပ်လောက် ယူလာသည့် အထဲကမှ ကျွန်တော် အာရုံတွေ့သည့်အကြောင်းအရာဖြစ်သည့် အတ္ထုပ္ပတ္တိစာအုပ်တစ်အုပ်ပါလာသည်။ ထူးခြားသည်က ထိုစာအုပ်တွင် ကိုယ်တိုင်ရေးဆိုသည့်ထက် ရင်းနှီးသူများအကုန်ဝိုင်းရေးကြသည့် စာအုပ်ဟု ဆိုရပေ မည်။ သွားယူစဉ်က “ညာဏ နိဒါန်း” ဆိုသည့်အမည်ကြောင့် အတ္ထုပ္ပတ္တိမဟုတ်ဟုထင်မိသည်။ သို့ သော်လည်း ဖတ်မိလိုက်သည်မှ ဆရာဉာဏကိုယ်တိုင်ရေးက နည်းနည်းနှင့် ဆရာညာဏ အကြောင်း ကို ဆရာနှင့် ပတ်သက် ထိတွေ့ခဲ့သူများက ဆရာ့အကြောင်းဝိုင်းရေးကြမှန်းသိလိုက်ရသည်။ ကိုယ်တိုင် ရေးအတ္ထုပ္ပတ္တိမှာ အကြောင်း အမျိုးမျိုးကြောင့် စာအုပ်မဖြစ်လာဘဲ ဆရာညာဏကွယ်လွန်ပြီးမှ ဤစာအုပ်ကိုစီစဉ်ကြောင်းသိရသည်။

အမှန်အတိုင်းဆိုရလျှင် ကျွန်တော့်ခေါင်းထဲတွင် စာရိုက်စရာကိစ္စများ အတော်များများရှိသည်။ သို့သော် လည်း ဆရာညာဏစာအုပ်ကိုဖတ်ပြီးသည့်အချိန်မှစ၍ လုပ်စရာရှိသည်များကို ရပ်ဆိုင်းမိန့်ထုတ်ပစ် လိုက်သည်။ ထို့အတူ ဆရာဉာဏအကြောင်းကိုလည်း စာရေးလာချင်မိသည်။ လှုံ့ဆော်လာသည်။ တစ်ရက်၊ နှစ်ရက်ခန့် မျိုသိပ်မိသော်လည်း မရ။ မီးတောက်ကပိုကြီးလာသည်။ နောက်ဆုံး လောင်ချင် လည်း လောင်စေရော့ဟုသာ သဘောထားလိုက်ရသည်။ ဤသိုဖြစ်ရသည့် အကြောင်းတရားကို ကြည့်လိုက်မည်ဆိုလျှင် ဆရာဉာဏသည် စာရေးဆရာ ၊ ဇာတ်ညွှန်းရေးဆရာ ၊ သီချင်းရေးဆရာ ၊ ဒါရိုက်တာ၊ ပြဇာတ်ရေးဆရာ ၊ အယ်ဒီတာ ညွှန်ကြားရေးဝန်စသည်ဖြင့် ဘဝပေါင်း စုံလှသောကြောင့် ကတစ်ဖုံ၊ ထိုခေတ် ထိုအချိန်က ပြည်သူချစ် အနုပညာရှင်တစ်ဦးအဖြစ်ရှင်သန်ခဲ့သောကြောင့် ရေးချင် မိသည်ဟု ဆိုသော မရ။ အဓိကအချက်မှာ ဆရာဉာဏ၏ ရိုးသားပွင့်လင်းပုံကို ‌လေးစား၍ဟု ဆိုသော်ရနိုင်ပေသည်။

ထိုအကြောင်းသို့မဆက်မီ ဆရာညာဏ၏ အကြောင်းကိုရေးမည်ဟုပြင်လိုက်စဉ်တွင် သာမန်ရေးနေကျ ဉကလေးဖြင့်ရေးမိသည်။ အထဲမှ ဆောင်းပါးများဖတ်မိသည်မှ ဆရာညာဏက ဉကလေးဖြင့် ရေးသည်ကို ပေါ့ပျက်ပျက်နိုင်သည်ဟုဆိုကာ ညကြီးဖြင့်ရေးကြောင်းသိရလေတော့သည်။ ထိုအယူ အဆမှာ သာမန်အားဖြင့် သိပ်မထူးဆန်းလှသော်လည်း သေချာဆန်းစစ်ကြည့်မည်ဆိုပါက ကိုယ့် အမြင် ကိုယ့်အယူအဆကို ရပ်တည် နိုင်ရဲသူများသာလျှင် ဤသို့တွေးခေါ်လုပ်နိုင်စွမ်းရှိသည်ကို တွေ့ရ ပေမည်။ ထိုအချက်ကို ထောက်ခံနေသည့် အချက်များကိုလည်း ဆက်ဖတ်ကြည့်သည့်အခါတွင် တွေ့ ခဲ့ရသည်။ ဆရာက ဗြိတိသျှဘားမားတွင် အလုပ်လုပ်နေစဉ် ထိုအချိန်က ရုပ်ရှင်ဇာတ်ညွှန်းများကို ဒါရိုက်တာကသာရေးသားခဲ့ပြီး ဇာတ်ညွှန်းရေးဆရာဟူ၍ တသီးတသန့် ဖြစ်လာခဲ့ရသည်မှာ ဆရာ ညာဏကြောင့်ဖြစ်ကြောင်းတွေ့ရလေသည်။ ထိုကြောင့်ပင် ဇာတ်ညွှန်းရေးနှင့် ဆရာဒါရိုက်တာ သီးသန့်ကွဲထွက်သွားခြင်းဖြစ်သည်။ ထို့အပြင် စာရေးဆရာဒါရိုက်တာဟူ၍ ဆရာညာဏမှစတင်၍ အမြတ်တနိုးရေးထိုးခဲ့ပေသည်။ နောက်ထပ် ဆရာ၏ ပထမဆုံးတစ်ခုမှာ အသံထွက်ဇာတ်ကားကို စတင် ရိုက်ကူးခဲ့ ခြင်းပင်ဖြစ်သည်။ ဆရာသာဓုကလည်း စာရိုက်စက်ကြီးကို စာအုပ်ထဲကလေ့လာ၍ ရိုက်နိုင်ခဲ့သလို ဆရာညာဏ ကလည်း အသံထွက်ရုပ်ရှင်နှင့်ပတ်သက်သည်တို့ကို စာအုပ်စာပေများထဲ မှ လေ့လာပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပေသည်။ အကယ်၍ ထိုဆရာနှစ်ယောက်များ ခေတ်ပြိင်မွေးဖွားခဲ့ပါမူ ဆရာနှစ်ယောက်ပေါင်း၍ ဘာတွေများလုပ်မည်ကို တွေးကြည့်ရုံနှင့်ပင် ကြက်သီးထမိသည်။ စွမ်းကြပါပေ့ ။ လေ့လာအားများကလည်း ကောင်းကြပါပေ့။ ထိုအချက်များ ကြောင့်လည်း နိုင်ငံကျော်အနုပညာရှင်များအဖြစ်ရပ်တည်နိုင်ခဲ့ကြခြင်းဖြစ်သည်။

ဆရာညာဏဆိုလျှင် တစ်ချိန်က (၇) တန်းအောင်ဟု ထင်မှတ်စရာမရှိပေ။ လုပ်ဖူးသည့် အလုပ်များက လည်း စုံလင် လှသည်။ ထိုအချက်များထဲတွင် ကျွန်တော်အားကျမိသည်က အိမ်ထောင်ကျပြီး လင်မယား နှစ်ယောက် ဆူးလေဘုရား စာအုပ်ဆိုင်အခန်းကျဉ်းလေးထဲမှာနေပြီး ဘဝလမ်းကို အတူတူရင်ဆိုင်ပုံ ကိုပင်။ လက်ကမ်းကြော်ငြာလိုက်ဝေရသည်။ တစ်အိမ်တက် တစ်အိမ်ဆင်း လက်ဖက်ခြောက် လိုက်ရောင်း ရသည်။ စာရေးဆရာဖြစ်ရန်လည်း ကြိုးစားရသေးသည်။ ကျွန်တော် ဆရာတို့၏ ဘဝထဲ ခဏ ဝင်ကြည့် မိသည်။ ဖူးစာဇာတ်လမ်းအထုံမှာ ဘဝအစုံစုံကို ဘယ်ပုံနှင့် မဆို ဖြတ်သန်း ဝံ့ကြသည်ဟု ခပ်တိုတိုဆိုရ မည်ထင်သည်။ ဘဝခရီးကြမ်းတမ်းသဖြင့် တစ်ဦး အပေါ် တစ်ဦး ထိခိုက်စရာ နစ်နာ စရာများပြောမိ ဆိုမိ လိုက်မိ ကိုင်မိသည်ဟူ၍ ဆရာ့အကြောင်း ရေးထားကြ သူများထဲတွင် တစ်စွန်း တစ်စမှ မပါ။ ထိုအတူ ဆရာသည် မည်သည့်အခါမဆို လောကကြီးကို အကောင်းမြင်တတ်ဖို့ ကြိုးစား ကာ ပျော်ပျော် နေတတ်သူတစ်ယောက်ဖြစ်ကြောင်းသာပါသည်။ ဆရာကတော်၏ အကြောင်းများမှာ သိပ်မတွေ့ရ။ သို့သော်လည်း ထိုသို့မတွေ့ရအောင် ပါရမီ ဖြည့်နိုင် ခြင်းကပင် ဆရာကတော်၏ အရည်အချင်းတစ်ရပ်အဖြစ် လေးစားသင့်ပေသည်။ ဆရာညာဏ၏လျှောက်သောလမ်းအတွက် ဆူးတစ်ချောင်း မဖြစ်ခဲ့သည်မှာ သေချာသည်။ စာရေးဆရာမှမဟုတ် အနုပညာနှင့်ပတ်သက်သူတိုင်းသည် လွတ်လပ်မှုကို လိုချင်သည်။ လွတ်လပ်မှုဆိုတိုင်း “ငါလုပ်ချင်တာ လုပ်မယ်” ဆိုသည့် သဘောတရား မျိုးမဟုတ်ပေ။ မိမိတွင်ဖြစ်တည်လာသည့် စိတ်ကူး သို့မဟုတ် ခံစားချက်တစ်ခုခုကို ပျောက်ပျက်ခြင်း မဖြစ်စေရန် ဘေးမှ အနှောင့်အယှက် မရှိစေလိုခြင်းသာ ဖြစ်သည်။ ထိုကြောင့်လည်း ဆရာညာဏ ကိုယ်တိုင်က လွတ်လပ်မှုကိုမြတ်နိုးကြောင်း ထုတ်ဖော် ပြောခဲ့သည်။ မတရားမှုကို မကြိုက်သလို အမိန့်ပေးမှုကို လည်း မကြိုက်ပေ။ ငယ်စဉ်အဖေဖြစ်သူ၏ အရိုက် ကိုခံရမည်စိုး၍ အိမ်ကနေ ထွက် ပြေးကာ ဘဝမျိုးစုံ ကျင်လည်ခဲ့သော ဆရာသည် ဆရာကတော်၏ အလိုက်သိတတ်မှုက မည်မျှ အရေးကြီးကြောင်း သိသာမည်ထင်သည်။ ထို့အပြင် ဆရာညာဏ ကိုယ်တိုင်ကလည်း လူတို့၏ သဘာဝများကိုအဓိထားလေ့လာ၍စာရေးတတ်သူဖြစ်ခြင်းကြောင့် ဖြစ်တတ် ပျက်တတ် သဘာဝကြီး အပြင် လူများ၏ မနော အာဟာရကို ကောင်းစွာအရသာခံမိ နေသူ ဖြစ်သည်။ ဆရာကိုယ်တိုင်ကလည်း “စာရေးဆရာဖြစ်ဖြစ်၊ ရုပ်ရှင်ဇာတ်ညွှန်းရေးရာမှာဖြစ်ဖြစ် သီးခြားအတတ်ပညာ သိပ်ပြီး အရေး တကြီး မလိုပါဘူး။ အရေးအကြီးဆုံးက လူထုထဲက သင်ယူဖို့ဘဲ။ လူထုကိုအခြေခံပြီး လူထုနှင့် မကင်းကွာဖို့ဘဲ၊ လူထုရှိနေသ၍ ရေးစရာ ရိုက်စရာတွေ တစ်ပုံကြီး ရှိနေမှာဘဲ။

လူထုနဲ့ကင်းလွတ်တဲ့ နိုင်ငံရေးနဲ့ ကင်းလွတ်တဲ့ စာပေရုပ်ရှင်ရယ်လို့ လုံးဝမရှိနိုင်ဘူးကွ” ဟု ထုတ်‌ဖော်ခဲ့သည်။ သို့ကြောင့် ပင်လျှင် နဲဗားဆောရီး အဲဗားဂျော်လီ ဆိုသည့် သီချင်းကို ရေးစပ်ခဲ့ဖြစ်လားမသိ။ သီချင်းတွင် “လူ့ အရေးပေမို့ . . . တခုကလေးအသိပေးချင်သည် . . ဤလူ့ပြည် ၃ . . . . ဖြစ်ချင်ရာဖြစ်သောလူ့ပြည် . . . ပျက်ချင်ရာပျက်သောလူ့ပြည် . . . ဤလူ့ပြည်. . . သြော် ဘာပဲဖြစ်ဖြစ် ဖြစ်ချင်ရာဖြစ်စေ . . . ကံ ကံ၏အကျိုးကို ဗမာမျိုးတို့ ယုံကြည်(သံပြိုင်) ကြွေးထူပေမယ့်လို့ မပူပင်ချင်သည် . . . ဖြစ်ချင်ရာဖြစ်တော့ . . . နဲဗားဆောရီ ပျော်ပျော်နေ အသက်ရှည်မည် ၃ . . . အဲဗားဂျော်လီ (တစ်ပိုဒ်သာ ဖော်ပြလိုက်ပါသည်။ စာရေးသူ)

လူမှန်လျှင် ပူပန်ကြောင့်ကြရခြင်းများကို ရှောင်လွှဲနိုင်မည် မဟုတ်ပေ။ ထို့အတူ ဆရာညာဏလည်း လူသားထဲက လူတစ်ယောက်ပင်ဖြစ်သည်။ သို့သော်လည်း ဆရာကထိုအပူများကို ပူသည်လို့ကိုမထင် ခဲ့မိခြင်းဟုဆိုရပေမည်။ တစ်နည်းအားဖြင့် ထွက်ပေါက်ရှာတတ်သည်ဟု မြင်မိသည်။ ဖြေသိမ့်နိုင်သည် ဟု တွေးမိသည်။ ထိုကြောင့် ဆရာကတော်အနေဖြင့် ပူသည်မှာလည်း တစ်ခါတစ်ရံရှိနိုင်ကောင်းသည်။ သားသမီးများကလည်း ပူကြလိမ့်မည်။ ထိုအကြောင်းကို သီချင်းတတိယအပိုဒ်တွင်ပါသည်။ သို့သော် လည်း ဇနီး သားသမီးများ၏ပူပန်သောကများကို ခံစားရကြောင်းဆိုသည်ထက် ဖြစ်ရိုးဖြစ်စဉ်သဘော မျှသာ ပါခြင်းဖြစ်သည်။ ထိုထက်မျှ နည်းနည်းလေးပင် မပို။ တချို့လူတွေ တခုတ်တရ အရေးတကြီး သဘောထားနေသည့်အကြောင်းအရာများသည် ဆရာညာဏအတွက် အလွန်ပေါ့ပါးနေသည်ကို လည်း အားကျနေမိသည်။
သို့သော်လည်း တစ်ခုတော့မကြိုက်မိ။ ဆရာကိုယ်တိုင်ရေးသည့်စာထဲတွင် စာရေးဆရာဆိုသည့် အနှီပုဂ္ဂိုလ်များသည် ကျောမွဲများကဲ့သို့အတူတူပင်ဟု ဆိုချေ၏။ ကွာသည်မှာ နေရိပ်ထဲတွင်နေ၍ ကလောင်ကိုင်နေရခြင်းသာဖြစ်သည်။ ဤမျှလောက်ဆိုလျင် ဪ စာရေးဆရာ ဆိုသည်က တစ်ချိန်ကလည်း ဤအတိုင်း ယခုလည်း ဤအတိုင်းပဲပါလားဟု ဖြေသာနိုင်သည်။ စာရေးဆရာမွဲသည် ငတ်သည် မှာ အစဉ်အလာတစ်ရပ်ဖြစ်အောင် လမ်းစများ ချထား ပေးခဲ့ လေသလားမသိ။ ဆရာက ရိုးရိုးမငတ် နိုင်ငံရေးသမားများထက် ငတ်သည်ဟု မော်ကွန်းတင်သွားသည်။ ထိုကြောင့်ပင် စာရေးဆရာလောက မှ ဇာတ်ညွှန်းရေးဆရာလောက ရုပ်ရှင်လောကသို့ ပြောင်းခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။ သို့သော်လည်း စာရေး၍ ရသည့်မဖြစ်စလောက်စာမူခကိုဖြင့် တခြား အနုပညာကြေးများထက် ပိုမြတ်နိုး ပေသည်။ ဆရာညာဏတို့ခေတ်ကိုကြည့်လျင် ဒုတိယကမ္ဘာစစ်မဖြစ်မီကပင် စာရေးခဲ့ကြသူများဖြစ်သည်။ ထိုအချိန် ထိုကာလမှာ ဝန်ထမ်းလခ သုံးဆယ်ရလျှင် ဝတ္ထုတိုတစ်ပုဒ်အတွက် တစ်ဆယ် သို့မဟုတ် ဆယ့်ငါးကျပ်ရသည်။ ယနေ့ ဝန်ထမ်းလခ သုံးသိန်းရနေပါလျက် စာမူခမှာ ဝတ္ထုတိုတစ်ပုဒ်အတွက် မည်သူမှ တစ်သိန်းမပေးပါချေ။ အချိုးအဆကို တွက်ကြည့်လျှင် အဘယ်ကြောင့်နည်းဟူသောအဖြေ ကိုရနိုင်ဖွယ်ရာရှိသည်။ ဤသို့ဆိုလျှင် ဝတ္ထုတိုတစ်လ သုံးပုဒ်ရေးလျှင် အခြေခံဝန်ထမ်းလခစားတစ် ယောက်၏ အနေအထားသို့ စာရေးဆရာများပိုင်ဆိုင်နိုင်ကြပေလိမ့်မည်။ ခက်သည်က စာရေးဆရာ များသည် မချမ်းသာနိုင်ဟူသည့် အစွဲကြီးကချွတ်ရခက်နေသည်။ အလိုနည်းသည် ဆိုရမလားပင် မသိ ချေ။ ကမ္ဘာလောကကြီးထဲမှ သယံဇာတများထုတ်ယူသုံးစွဲမှုအနည်းဆုံးတွင် စာရေးဆရာများ ပါသည်။ ကိုယ့်စာလေးဖော်ပြခံရသည်နှင့် တန်ရာတန်ဖိုးဆိုသည်တို့က ပျောက်ကွယ်သွားသည်။ ထိုစိတ်ဓါတ် များကြောင့်လားမသိ ဆရာညာဏသည်ပင် တစ်ကိုယ်စာအိမ်ကျဉ်းကျဉ်းလေးဆောက်၍ တစ်ယောက် ထဲ နေသွားပေသည်။ ဆရာညာဏ၏ အပေါင်းအသင်းများက နာမည်ပေးထားသည်။ နတ်ကွန်းတဲ့။

ဆရာညာဏအကြောင်းဖတ်မိသည့် ကျွန်တော်ပင်လျှင် ထိုမျှပြောနိုင်ဆိုနိုင်မည်ဆိုလျှင် ဆရာနှင့် လက်ပွန်း တတီး နေခဲ့ကြသည့်သူများထံတွင် ပြောစရာများကပြည့်နေမည်ကသေချာသည်။ ဆရာညာဏက လည်း ပြောစရရှိပါက တည့်တည့်ပင်ပြောသည်။ ကွေ့ဝိုက်၍ သော်လည်းကောင်း သူတစ်ပါး နားခံသာ အောင်သော်လည်းကောင်း ပြောနေ လျှင် အချိန်ကြာသည်။ နာခံသာသည့်အတွက် ကြာလျှင် အထင်သေးနိုင်သည်။ မိမိပြောသည်ကို လုပ်ချင်မှလည်း လုပ်ပေလိမ့်မည်။ စာအုပ်၏တစ်နေရာတွင် ဆရာ မောင်သစ္စာက ဆရာညာဏပွင့်ပွင့်လင်းလင်းပြောတတ်မှုထက် ပို၍ပွင့်လင်းသူနှင့်ကြုံရပုံ အကြောင်း လေးရေးပြထားသည်။ ကျွန်တော် ထိုအကြောင်းလေးကိုဖတ်ပြီးပြုံးနေမိသည်။ “ငါကွညာဏ” ဟူသည့် စိတ်မျိုးလည်း လူတိုင်းဖြစ်ဖူးလိမ့် မည် ထင်သည်။ ဆရာညာဏကဖြင့်ထိုသို့မဟုတ်။ ဆရာ၏ အစိုးရရုပ်ရှင်နှင့် ပြဇာတ်ဌာန ညွှန်ကြား ရေးမှူးဘဝတွင် တစ်ရက်။ တိတိပပဆိုရလျှင် ၁၉၄၈ ခုနှစ် မေလ ပထမရက် ဟုဆိုသည်။ ထိုရုံးဝင်း အတွင်း၌ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသူ တစ်ဦး ရှိသည်။ ဘယ်ဘက်လက်တွင် စိပ်ပုတီး တစ်ကုံးကို ကိုင်ထားသည်။ ထိုသူကို ညွှန်ကြားရေးမှူးဖြစ်သည့် ဆရာညာဏက “ခုနစ်နာရီထိုးနေပြီ သံချောင်း ခေါက်ပါတော့လား” ဟုလှမ်းပြောလိုက်သည်။ လမ်းလျှောက်နေသူက လက်တွင်ဆုပ်ကိုင် ထားသည့် နာရီကို ကြည့်လိုက်ပြီးနောက် ”ခုနစ်နာရီထိုးဖို့ (၁၀) မိနစ်လိုသေးတယ်”ဟူ၍ အဖြေ ပြန်ပေးလိုက်သည်။ ထိုနောက် လျှောက်လက်စ လမ်းကို ဆက်လျှောက် နေလေသည်။ ဤသည်ကို ကြည့်၍ ညွှန်ကြားရေးဝန်ဖြစ်သူ ဆရာညာဏ အနည်းငယ် စိတ်ဆိုး သွားသဖြင့် “ သံချောင်းခေါက်ဆိုတာ မကြားဘူးလား” လို့ လေသံမာမာဖြင့် ထပ်မံအမိန့်ပေးလိုက် သော်လည်း လမ်းလျှောက်နေသူက စောစောအအဖြေကိုသာပြန်ပေးလျက် လမ်းဆက်လျှောက်နေ သည်။ မခန့်လေးစား လုပ်သည်ဟု ဆရာစိတ်ထဲတွင်ယူဆလိုက်၍ “ ဘာမှ ဆင်ခြေ တက်မနေနဲ့ ခေါက်ဆိုရင် ခေါက်လိုက်”ဟု ခက်ထန်ထန်ဆိုလိုက်သည်။ ထိုအခါ “ ကောင်းပါပြီ” ဖြေ လျက် သံချောင်း ခေါက်လိုက်လေသည်။ သံချောင်း ခေါက်လိုက်၍ ဆရာညာဏလည်း သူ့ရုံးခန်းထဲ ဝင်လိုက်သည်။ သံချောင်းခေါက်သူကလည်း သံချောင်း ခေါက်ပြီးသည် နှင့် ဆရာညာဏ ရုံးခန်းအတွင်း သို့တိုက်ရိုက် ဝင်သွားကာ သူ့လက်ထဲရှိအိပ်ဆောင်နာရီလေးအား ဆရာညာဏကို ပေးလိုက်သည်။ ဆရာညာဏက စိုက်ကြည့်နေချိန်တွင်”ခေါက်ဆိုတဲ့အချိန်မှာ ခေါက်ရမှဖြင့် ဒီနာရီကိုကျွန်တော် ယူထားဖို့ မလိုတော့ပါဘူး။ ဒါကြောင့် နာရီကိုပြန်အပ်ပါတယ်” တဲ့။ ထိုသူက စကားပြောပြီးသည်နှင့် ဆရာညာဏကို အရိုအသေ ပေးကာပြန်ထွက်သွားသည်။ ဆရာညာဏလည်း နာရီကိုကြည့်ပြီး အချိန် အတော်ကြာအောင် စဉ်းစား နေသည်။ ထိုနောက် လမ်းလျှောက်နေထံသို့ သွားကာ ”ကိုဖိုးရှင် ခင်ဗျား မှန်တယ်။ ကျုပ်မှားတယ်။ ရော့ . . . နာရီကိုပြန်ယူထားပြီး နာရီအတိုင်းသာ သံချောင်းခေါက်ပါ။ ခင်ဗျားက ဒရဝမ် တစ်ယောက် မျှသာဖြစ်ပေမဲ့ မှန်ဒါကို ရဲရဲဝန့်ဝန့်လုပ်တဲ့အတွက် ကျုပ်ချီးကျူးတယ်။ ကျုပ်က ညွှန်ကြားရေးဝန် ဆိုတဲ့ရာထူးရှိန်နဲ့ အမှန်ကိုအမှားဖြစ်အောင် အာဏာအလွဲသုံးလိုက်တဲ့ “အာဏာလျှံမင်းသား” ဖြစ်သွားတယ်။ ကျုပ်ရဲ့အမှားကို ပြပေးနိုင်တဲ့ ခင်ဗျားရဲ့ အရည်အချင်းကိုလဲ ကျုပ် လေးစားပါတယ်။ ကဲ . . ခင်ဗျားအလုပ်ကို ဆက်လုပ်ပေတော့ ( မူရင်းသတ်ပုံအတိုင်း )” ဆိုကာ ချက်ချင်းအမှားကို ပြင်ဆင်ခဲ့လေသည်။ ဒရဝမ်ကြီး၏ မျက်နှာတွင် ဝင်းလက်တောက်ပသောအပြုံး ပန်းများ ပွင့်ဝေလျက် ဆရာညာဏကိုယခင်ကထက် အဆပေါင်းများစွာ ပို၍လေးစားခဲ့လေသည်။ ဆရာညာဏ၏ ခံယူ ချက်ကိုဖော်ပြထားရာတွင်လည်း “ညာဏဘဝတွင် တစ်ကိုယ်ကောင်း၊ အတ္တဝါဒ သမားအဖြစ် နေထိုင်လုပ်ကိုင် ဇိမ်ခံမှု မက်မောမှုမရှိ” ဟုဆိုထားသည်။ သို့ဆိုလျှင် ဆရာညာဏသည် ပြောသည့်အတိုင်းလုပ်၍ လုပ်သည့်အတိုင်း ပြောသူ တစ်ယောက်ဖြစ်ကြောင်း သက်သေခံနေခြင်း ဖြစ်သည်။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တွင် မည်သည့် ဘာသာကို ကိုးကွယ်သည်ဖြစ်စေ၊ မည်သည့် ဝါဒကိုယုံကြည်သည်ဖြစ်စေ၊ တစ်ဦးနှင့် တစ်ဦး ပဋိပက္ခဖြစ်ရန် အကြောင်းအရင်း တစ်ရပ်မဟုတ်ပေ။ လူသားတိုင်းသည် လွတ်လပ်စွာ ယုံကြည်ခွင့် လွတ်လပ်စွာရှင်သန်ခွင့်များကို အစဉ်အမြဲ ရယူရန် ကြိုးစားနေမည်သာဖြစ်သည်။ ဤ နေရာတွင် တစ်ဦးနဲ့တစ်ကြားတွင် ဝန်ခံရဲသော သတ္တိသည်ကား တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ယုံကြည် ကိုးစားမှုအတွက် ကြီးမားသောအထောက်အပံ့ဖြစ်သည်ကို ဆိုနေသကဲ့သို့ ရှိသည်။ ထို့အတူ ဆရာ့အကြောင်း ဝိုင်းဝန်းမှတ်တမ်းပြုရေးဖွဲ့ကြသော ဆရာများကို လည်း အထူး ကျေးဇူး တင်မိပါသည်။ နှောင်းလူ တစ်ယောက်ဖြစ်သည့် ကျွန်တော့်အတွက် ချစ်စရာ ကောင်းသည့် ပုဂ္ဂိုလ်တစ်ဦးကို ရည်ညွှန်းနိုင်ခဲ့သည်ကိုး။


၂၀၂၅ သြဂုတ်လ ၂၃ ရက်

ည ၉း၂၀


ကိုးကား / ညာဏနိဒါန်း ( ကလောင်စုံ )
ပြည်သူ့စာအုပ်တိုက် (၁၉၆၉ – နိုဝင်္ဘာလ ပထမအကြိမ်)

Click to rate this post!
[Total: 4 Average: 4]

Leave a Comment

Your email address will not be published. Required fields are marked *