မြန်မာမှာ သတင်းစာဆရာတွေအကြောင်း ပြောရင် ဘိုးဝဇီရကိုပဲ ရှေးအကျဆုံး သတင်းစာဆရာဆိုပြီး ပြောကြ၊ ရေးကြရတယ်။ မင်းတုန်းမင်းလက်ထက် ၁၈၇၅ ခုနှစ်မှာ ရတနာပုံနေပြည်တော်သတင်းစာ ထုတ်တော့ ဘိုးဝဇီရက သတင်းစာဆရာ လုပ်ခဲ့တာ။ ဒီ့မတိုင်မီမှာ မြန်မာသတင်းစာတွေဖြစ်ကြတဲ့ ဥပမာ ၁၈၇၁ ခုနှစ်က ရန်ကုန်မှာ ထုတ်ဝေခဲ့တဲ့ မြန်မာသံတော်ဆင့်သတင်းစာ၊ ဒီသတင်းစာကို ရေးသားတည်းဖြတ်ထုတ်ဝေခဲ့တဲ့ သတင်းစာဆရာ တွေဟာ ဘယ်သူဘယ်ဝါဆိုတဲ့ နာမည်တောင် မဖော်ထုတ်နိုင်ခဲ့ပါဘူး။
စုလို့ဆောင်းလို့ရတဲ့ အဲဒီခေတ်က သတင်းစာတွေ ဖတ်ကြည့်တော့ အယ်ဒီတာတွေဟာ သူ့ခေတ်နဲ့သူ ပညာဗဟုသုတ ကြွယ်ဝသူတွေ၊ အရေးအသားကောင်းသူတွေ ဖြစ်တယ်ဆိုတာ တွေ့ရပေမယ့် သူတို့ ဘယ်သူတွေဆိုတာ မဖော်ထုတ် နိုင်ခဲ့ကြဘူး။ ဘိုးဝဇီရကိုတောင်မှ စာရေးဆရာ မဟာဆွေ ဖော်ထုတ် ရေးသားခဲ့လို့ နာမည်ရော သူ့အကြောင်းပါ ကျန်ရစ်ခဲ့တယ်။ ဒါတောင်မှ ဘိုးဝဇီရဟာ စာရေးကောင်းသူ၊ ဖွဲ့နွဲ့ရေးသားတတ်သူသာ ဖြစ်တယ်။ ကိုဝဇီရဟာ မောင်စို၊ မောင်စံမောင်တို့ စုလာတဲ့သတင်းတွေကို အဲဒီခေတ်က ရေးဟန်အတိုင်း ဖွဲ့နွဲ့ရေးသားတဲ့ ဆောင်းပါးခန်းကိုင် အယ်ဒီတာမျိုးသာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရတနာပုံနေပြည်တော်သတင်းစာကို တစ်ပတ်တစ်ကြိမ်၊ တစ်လ လေးကြိမ် စပြီးထုတ်တော့ ကိုဝဇီရ လစာက တစ်လ ၁၅ ကျပ်ပဲ ရတယ်။ ကိုဝဇီရ အရေးကောင်းတဲ့ စာတွေ ဖတ်ရပြီး နန်းတွင်းထဲအထိ ကျော်ကြား လာတော့မှ ကိုဝဇီရရတဲ့ လစာ နည်းလှပါတယ်ဆိုပြီး တစ်လ ၆၀ ကျပ်အထိ တိုးရခဲ့ပါသတဲ့။ အဲဒီခေတ်က စာရေးလစာ ၅၀ ကျပ်ထက် များပေမယ့် ဝန်ကြီးလစာ ကျပ်တစ်ထောင်နဲ့ ယှဉ်ကြည့်ရင်တော့ အတော် နည်းပါတယ်။ ဒီတော့ ရှေးအကျဆုံး သတင်းစာဆရာရဲ့ အခြေခံလစာဟာ ၁၅ ကျပ် ဖြစ်တာ တွေ့ရတယ်။

ဘိုးဝဇီရတို့ခေတ်ကနေ နောင် နှစ်ပေါင်း ၆၀ လောက်ရှိတော့မှ မြန်မာ့အလင်းသတင်းစာကစပြီး “သတင်းထောက်” လို့ သုံးခဲ့တယ်။ ၁၉၃၃ ခုနှစ်မှာ နာမည်ကြီးသတင်းစာနှစ်စောင်ဖြစ်တဲ့ သူရိယနဲ့ မြန်မာ့အလင်းတို့မှာ “သတင်းထောက်” လို့ သုံးလာကြတာဖြစ်ပြီး ၁၉၃၁–၃၂ နှစ်လောက်အထိ “သတင်းကောက်” လို့သာ သုံးခဲ့ကြတယ်။ ဒီ့အရင်က အင်္ဂလိပ်လို “ရီပို့တာ” လို့ သုံးသူသုံး၊ “သတင်းစာတိုက် ကိုယ်စားလှယ်တော်” လို့ သုံးစွဲရေးသူရေးခဲ့ကြ။ သတင်းထောက်လို့ အခေါ်ခံခဲ့ရတဲ့ ထွန်းနေ့စဉ်၊ ဦးထွန်းဖေတို့ အဲဒီ ၁၉၃၃ တစ်ဝိုက်မှာ ရတဲ့လစာက ၁၇၅ ကျပ်၊ ခရီးစရိတ် တစ်နေ့ ငါးမူးနဲ့ တစ်လ ကျပ် ၅၀ ရတယ်လို့လည်း ဆိုတယ်။
ဦးထွန်းဖေက အဲဒီတုန်းက သူရတဲ့ သတင်းထောက်လစာဟာ မြို့အုပ်လစာထက် များတယ်လို့ ပြောခဲ့ဖူးပါတယ်။ မြို့အုပ်လစာ ပြန်ကြည့်တော့ ၁၅၀ ကျပ်ကစပြီး ကျပ် ၃၀၀ မှာ လစာစကေးဆုံးတယ်။ အဲဒီခေတ်က လူလတ်တန်းစား ထဲမှာ အထက်တန်းအဆင့်လောက် ရှိပါတယ်။ သတင်းထောက်လစာ မခေတာ တွေ့နိုင်ပါတယ်။ သတင်းထောက် ဦးထွန်းဖေတို့ခေတ်ကနေ ၃၅ နှစ်လောက် လွန်တော့ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကသတင်းစာတွေ မရှိတော့တဲ့ ၁၉၆၇ ခုနှစ်ကို ရောက်ပြီ။ စာရေးဆရာ၊ သတင်းစာဆရာ မောင်ဝံသ ၁၉၆၅ ခုနှစ်မှာ လုပ်သားပြည်သူ့နေ့စဉ်သတင်းစာကို သတင်းထောက်အဖြစ်နဲ့ အလုပ်ဝင်တော့ ဒီတုန်းက သတင်းထောက်လစာစကေးက (ကျပ် ၂၀၀–၁၀–၃၀၀)။
၁၉၆၇ ခုနှစ်လောက်မှာ ဆရာမောင်ဝံသ သတင်းထောက် လစာ ကျပ် ၃၀၀ ရတော့ သူ့အတွက် လစာက လုံလောက်တဲ့ အပြင် တစ်လကို တစ်ရာ၊ တစ်ရာ့ငါးဆယ် မိခင်ဖြစ်သူကို ပြန်ပို့နိုင်၊ ကန်တော့နိုင်ခဲ့တယ်။ (သူ အိမ်ထောင်ပြုတော့ မိခင်ဖြစ်သူက သူကန်တော့ထားတဲ့ ငွေတွေအားလုံး စုထားတာကို ပြန်ပေးပါသတဲ့။) ၁၉၇၀ တစ်ဝိုက် အစိုးရ သတင်းစာ အယ်ဒီတာလစာ ၃၅၀ ကျပ်ကစပြီး ၆၀၀ ကျပ်၊ အကြီးတန်းအယ်ဒီတာ ၆၀၀ ကျပ်ကနေ ၈၀၀ ကျပ်၊ အယ်ဒီတာချုပ်လစာ ကျပ် ၁၀၀၀–၁၂၅၀။ ၃၅၀ ကျပ်ဆိုတာ အဲဒီအချိန်က အရာရှိ လစာပါ။ ရွှေတစ်ကျပ်သား ကျပ် ၂၀၀ လောက်ကနေ ကျပ် ၄၀၀ လောက်အထိပဲ ရှိသေးချိန်ဆိုတော့ သတင်းသမား လစာ မနည်းပါဘူး။
ကြုံလို့ ပြောပြရရင် အဲဒီအချိန်က နာမည်ကြီးမင်းသမီးတစ်ယောက်ရဲ့ ရုပ်ရှင်တစ်ကားစာ သရုပ်ဆောင်ကြေးက ကျပ်တစ်သောင်းခွဲလောက် ရှိပြီး၊ နာမည်ကြီး စာရေးဆရာတစ်ယောက်ရဲ့ ဘာသာပြန်အတွဲဆက်စာအုပ် စာမူခက ၄၅၀၀ ကျပ် ရှိပါတယ်။ ရွှေတစ်ကျပ်သား ၂၀၀ ခေတ်လို့ ကာယကံရှင်တွေအပြောအရ သိခဲ့၊ ဖတ်ခဲ့ရဖူးတယ်။ ဆရာမောင်ဝံသတို့ သတင်းထောက်ခေတ် ၁၉၇၀ လောက်ကနေ နှစ်ပေါင်း ၄၀ တော်တော် ကျော်တော့ သတင်းထောက် လစာတွေက ကျပ်သိန်းဂဏန်းတွေ ဖြစ်နေပြီ။ ၂၀၁၄ ခုနှစ်လောက်မှာ သတင်းထောက်တွေရဲ့ လစာ ကျပ်တစ်သိန်း၊ နှစ်သိန်း၊ သုံးသိန်း ဖြစ်နေပြီ။
နာမည်ကြီးသတင်းစာတိုက်တွေ၊ ဂျာနယ်တိုက်တွေက သတင်းထောက်တွေရဲ့ လုပ်ခလစာတွေဖြစ်ပြီး သိပ်မအောင်မြင်တဲ့ သတင်းစာတိုက်၊ ဂျာနယ်တိုက်တွေကတော့ အဲဒီလောက် မရကြဘူး။ ဒီတုန်းက မြန်မာပြည် ရွှေဈေး တစ်ကျပ်သား ကျပ်ခြောက်သိန်းခွဲ။ ဒီလိုတွေ တွေ့မြင်ရတော့ မြန်မာမှာ ခေတ်အဆက်ဆက် သတင်းသမား လစာတွေ မဆိုးလှဘူးလို့ ပြောလို့ရပါတယ်။ လူလတ်တန်းစားထဲ ပါတာပေါ့လေ။ တစ်ခုပဲ၊ ခေတ်အဆက်ဆက်မှာ သတင်းထောက်တွေဟာ လခစားသမားတွေ များနေတာပါပဲ။
အကျိုးဆက်လို့ ဆိုနိုင်တာကတော့ “ပုလင်းမပေးရင် သတင်းမရေးဘူး” တို့ဘာတို့ ဖြစ်လာတာပါ။ မြန်မာ သတင်းလောကမှာ အဲဒီ တံစိုးလက်ဆောင်ကိစ္စ တစ်ခုပဲ ပြောစရာဖြစ်ခဲ့ပေမယ့် သတင်းသမားအရေအတွက်နဲ့ အချိုးချကြည့်ရင်တော့ မဆိုစလောက် ပမာဏပဲ ရှိပါတယ်။ သတင်းသမားအရည်အသွေးကိစ္စကတော့ မြစ်ကို အလျားလိုက်ကူးနေရသလိုမျိုး ဖြစ်လို့ သင်ယူလို့ မဆုံးပါဘူး။
စာကိုး
- ကျနော့်စာတမ်း၊ ကျနော့်အဟမ်းများ (လူထုဦးလှ)
- ကျနော် သတင်းထောက် (လူထုဦးလှ)
- ဝေါမြို့က လာခဲ့တယ် (မောင်ဝံသ)


