The Corner

The Corner

cropped-Logo_round_grey-background.png

စင်္ကာပူက အပြိုင်အဆိုင် လောင်းကစားရုံ နှစ်ရုံ

Share မယ်

မလေးရှားရဲ့ Genting က သူ့ရဲ့ လောင်းကစားလိုင်စင် သက်တမ်းတိုးရမယ့်အချိန် နီးလာတာနဲ့အမျှ Las Vegas ပြိုင်ဘက်ဆီက ငွေကြေးအမြောက်အမြား လောင်းကစားသူတွေကို ဆွဲခေါ်နိုင်ဖို့ ဖိအားများနေပါတယ်။

ဒီဆောင်းပါးကို အစမှာ နောက်ခံအဖြစ် စာရှုသူကို သိစေချင်တာက စင်္ကာပူမှာ ကာစီနိုတွေ ဘယ်လို တရားဝင်လုပ်ကိုင်ခွင့်ရလာလဲဆိုတာ နည်းနည်း ပြောချင်ပါတယ်။ စင်္ကာပူအစိုးရက ခရီးသွားလုပ်ငန်းနဲ့ အပန်းဖြေလုပ်ငန်းတွေကို မြှင့်တင်ဖို့ ၂၀၀၅ ခုနှစ်မှာ ပေါင်းစပ်အပန်းဖြေစခန်းပုံစံ ကာစီနိုနှစ်ခု ဖွင့်မယ့်မူဝါဒကို ကြေညာခဲ့ပါတယ်။ နောက်တစ်နှစ်မှာ Casino Control Act နဲ့ လိုင်စင်စနစ်ကို ပြဋ္ဌာန်းခဲ့ပြီး၊ Genting Singapore ရဲ့ Resorts World Sentosa နဲ့ Las Vegas Sands ရဲ့ Marina Bay Sands တို့က ၂၀၁၀ ခုနှစ်မှာ ဖွင့်ခဲ့ပါတယ်။ အဲဒီကတည်းက စင်္ကာပူမှာ တရားဝင် ကာစီနိုလိုင်စင်နှစ်ခုရထားတဲ့ လောင်းကစားရုံ နှစ်ခုဟာ ပြိုင်ဆိုင်မှုပုံစံနဲ့ လည်ပတ်လာခဲ့တာပါ။

Genting လို ကုမ္ပဏီကြီးအတွက်တော့ ဒီပြိုင်ဆိုင်မှုက အသစ်မဟုတ်ပါဘူး။ မလေးရှားမှာ Resorts World Genting ကို နှစ်ပေါင်းများစွာ လည်ပတ်လာတဲ့ အတွေ့အကြုံရှိသလို၊ အဲဒီအပန်းဖြေစခန်းက စင်္ကာပူ ခရီးသွားတွေ အတွက်လည်း ရင်းနှီးပြီးသားနေရာတစ်ခုပါ။ ဒါကြောင့် Sentosa ကို ဖွင့်တဲ့အခါ Genting က မလေးရှားက အတွေ့အကြုံတွေကို ယူလာနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ စင်္ကာပူဈေးကွက်ထဲမှာတော့ Marina Bay Sands ရဲ့ ဇိမ်ခံအဆင့်၊ မြို့လယ်တည်နေရာနဲ့ VIP ဖောက်သည်ဆွဲဆောင်နိုင်မှုကို တိုက်ရိုက်ယှဉ်ပြိုင်ရပါတယ်။

Genting ပိုင် Resort World Sentosa (Photo: Wikimedia)

ဒီနှစ်အစောပိုင်းက စင်္ကာပူရှိ Resorts World Sentosa ကာစီနိုရဲ့ တရုတ်နှစ်သစ်ကူး VIP ကံစမ်းမဲမှာ အကြီးဆုံးဆုက Martell ကော့ညက်တစ်ပုလင်းပါ။ ဒါပေမဲ့ ပြိုင်ဘက် Marina Bay Sands မှာတော့ ထိပ်ဆုံးဆုရှင်က ဒီထက် တန်ဖိုးပိုကြီးတဲ့ Mercedes-Benz CLA 200 ကားအသစ်တစ်စီး ရသွားပါတယ်။

ဒီအဖြစ်အပျက်ဟာ စင်္ကာပူရဲ့ ကာစီနိုနှစ်ခုကြား ပြိုင်ဆိုင်မှု ဘယ်လောက် တစ်ဖက်စောင်းနင်းဖြစ် လာပြီလဲဆိုတာ ပြနေတဲ့ ဥပမာတစ်ခုပါ။ အထူးသဖြင့် လာမယ့်လပိုင်းအတွင်း လောင်းကစားလိုင်စင် သက်တမ်းတိုးရမယ့် Sentosa ကျွန်းအပန်းဖြေစခန်း Resorts World Sentosa အပေါ် ဖိအားပိုများလာပါတယ်။

စင်္ကာပူမှာ ကိုဗစ်ကပ်ရောဂါကြီး ပြီးသွားတဲ့နောက်ပိုင်း တိုးရစ်တွေ အားကောင်းကောင်းနဲ့ ပြန်ဝင်လာ သလို အိမ်နီးချင်းနိုင်ငံတွေနဲ့ တရုတ်က ချမ်းသာတဲ့ လောင်းကစားသူတွေလည်း ပိုလာပါတယ်။ တရုတ် အစိုးရက ကာစီနိုဖောက်သည်ရှာပေးတဲ့အဖွဲ့တွေနဲ့ တရားမဝင် ငွေလဲ လုပ်ငန်းတွေကို နှိမ်နင်း နေတာကြောင့် ထိခိုက်နေတဲ့ မကာအိုဆီက လုပ်ငန်းတချို့ကိုလည်း စင်္ကာပူက ရယူနိုင်ခဲ့ပါတယ်။

Las Vegas Sands ပိုင် Marina Bay Sands (Photo: Wikimedia)

ဒါပေမယ့် စင်္ကာပူမှာ Las Vegas Sands ပိုင် Marina Bay Sands သာ အကျိုးအမြတ်အများစုကို ရနေတယ် လို့ ပြောရမှာပါ။ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်မှာ သူ့ရဲ့ ကာစီနိုဝင်ငွေက အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံ ကျော်ခဲ့ပေမယ့် Resorts World Sentosa ရဲ့ ဝင်ငွေကတော့ အဲဒီပမာဏရဲ့ သုံးပုံတစ်ပုံ တောင် မပြည့်ပါဘူး။

တစ်နေ့တခြား ကြွယ်ဝချမ်းသာလာနေတဲ့ စင်္ကာပူလိုနေရာမှာတောင် ငွေကြေးအမြောက်အမြား လောင်းကစား သူတွေကို ပိုဆွဲဆောင်ဖို့ ခက်နေတာက Resorts World Sentosa ကို လည်ပတ်တဲ့ Genting Singapore ရင်ဆိုင် နေရတဲ့ စိန်ခေါ်မှုကို ထင်ရှားစေပါတယ်။

၂၀၂၄ ခုနှစ် နိုဝင်ဘာမှာ စင်္ကာပူ လောင်းကစားကြီးကြပ်ရေးအာဏာပိုင်က Resort World Sentosa ရဲ့ စွမ်းဆောင်ရည်ကို “ကျေနပ်စရာမကောင်း” အဆင့်လို့ သတ်မှတ်ခဲ့ပါတယ်။ ဒါကြောင့် ပုံမှန် သုံးနှစ် လိုင်စင်အစား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီက စတင်တဲ့ နှစ်နှစ်သက်တမ်း ကာစီနိုလိုင်စင်ပဲ ပေးခဲ့ပါတယ်။

“ဒါဟာ Resorts World Sentosa ကို စွမ်းဆောင်ရည်တိုးလာအောင် ဖိအားပေးတဲ့ ပျော့ပျောင်းတဲ့ ခြိမ်းခြောက်မှု တစ်ခုပါပဲ” လို့ စင်္ကာပူ DBS Group ရဲ့ စားသုံးသူကဏ္ဍ လေ့လာသုံးသပ်သူ Zheng Feng Chee က ပြောပါတယ်။ “တကယ်လက်တွေ့မှာတော့ သူတို့ကို ဝယ်ယူနိုင်လောက်တဲ့ ငွေကြေးအင်အားရှိတဲ့ ကာစီနိုက အရမ်းနည်းပါတယ်။”

အာဏာပိုင်အဖွဲ့က Resorts World Sentosa ရဲ့ သက်တမ်းတိုးလျှောက်လွှာကို စစ်ဆေးနေပြီး လိုင်စင် ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီမှာ မကုန်ခင် ဆုံးဖြတ်ချက်ကို ကြေညာမယ်လို့ ပြောထားပါတယ်။

ဒီအကဲဖြတ်မှုမှာ ကာစီနိုတစ်ခုတည်းကို မကြည့်ဘဲ သူနဲ့အတူဖွင့်ထားတဲ့ အပန်းဖြေစခန်းတစ်ခုလုံးရဲ့ စွမ်းဆောင်ရည် ကိုပါ ထည့်တွက်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ Marina Bay Sands ရဲ့ ကာစီနိုလိုင်စင် ကို နောက်ထပ် သုံးနှစ် သက်တမ်းတိုးပေးခဲ့ပါတယ်။

Genting Singapore ကလည်း ဧပြီလမှာ အာဏာပိုင်တွေနဲ့ “အမြဲ အနီးကပ် ဆက်သွယ် ဆောင်ရွက် နေပါတယ်” လို့ ပြောခဲ့ပြီး သူတို့အနေနဲ့ “နောက်တစ်ကြိမ် အကဲဖြတ်မယ့်ကာလအတွက် အဆင်သင့် ဖြစ်နေပါတယ်” လို့ ယုံကြည် ကြောင်း ဆိုပါတယ်။

Resorts World Sentosa ရဲ့ ကိုယ်စားလှယ်တစ်ဦးက လွန်ခဲ့တဲ့ ၁၈ လအတွင်း ဆွဲဆောင်မှုအသစ်တွေနဲ့ ဧည့်သည်တွေ အတွက် အတွေ့အကြုံ အသစ်တွေ ထည့်ထားပြီ ဧည့်ဝတ်ပြုရေးနဲ့ လောင်းကစား ဝန်ဆောင်မှု တွေကိုလည်း ပိုကောင်းအောင် လုပ်နေတယ်လို့ ပြောပါတယ်။

အဲဒီကိုယ်စားလှယ်က ရည်ရွယ်ချက်ကို ဆက်ပြောတာက “လာမယ့်ဆယ်စုနှစ်အတွင်း ရေရှည်တည်တံ့တဲ့ တိုးတက်မှုရအောင်” အနေအထားကောင်းတစ်ခု ဖန်တီးဖို့ဖြစ်ပြီး၊ “အစောပိုင်း တိုးတက်မှုလက္ခဏာတွေကလည်း အားတက်စရာကောင်းပါတယ်” လို့ ထပ်ပြောပါတယ်။ Marina Bay Sands ကတော့ ဒီဆောင်းပါးအတွက် မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

ကာစီနိုနှစ်ခုကြားက ပြိုင်ဆိုင်မှုကတော့ ဆက်ပြီး ပြင်းထန်နေဦးမယ့်ပုံပါပဲ။

“သူတို့က ဒီပြိုင်ပွဲမှာ ရှုံးနေပြီး စျေးကွက်ဝေစုလည်း ဒီထက်ပိုဆုံးရှုံးမယ်လို့ မြင်ပါတယ်” လို့ မကာအိုအခြေစိုက် အတိုင်ပင်ခံကုမ္ပဏီ IGamiX ရဲ့ စီမံခန့်ခွဲမှုမိတ်ဖက် Ben Lee က Resorts World Sentosa ကို ရည်ညွှန်းပြီး ပြောပါတယ်။

Lee ကတော့ Resorts World Sentosa ဟာ Marina Bay Sands ပေးနိုင်တဲ့ “ခမ်းနားဇိမ်ခံတဲ့ အတွေ့အကြုံ” ကို မယှဉ်နိုင်သေးဘူးလို့ ဆိုပါတယ်။ အဲဒီလိုအတွေ့အကြုံက အသုံးအများဆုံးနဲ့ ကာစီနိုတွေ အလိုချင်ဆုံး ဖောက်သည်တွေ ဖြစ်တဲ့ VIP တွေကို အဓိကဆွဲဆောင်နေတာပါ။

Resorts World Sentosa က ၂၀၁၀ ခုနှစ်အစောပိုင်းမှာ စဖွင့်ခဲ့ပြီး မကြာခင်မှာ Marina Bay Sands လည်း လိုက်ဖွင့်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး စင်္ကာပူရဲ့ ကာစီနိုလုပ်ငန်းက နိုင်ငံခြားသားဖောက်သည်တွေကို အဓိကအားထားလာတာပါ။

စင်္ကာပူနိုင်ငံသားတွေနဲ့ အမြဲတမ်းနေထိုင်ခွင့်ရထားသူတွေက ကာစီနိုတစ်ခုခုကို ဝင်မယ်ဆိုရင် တစ်ရက်ကို စင်္ကာပူ ဒေါ်လာ ၁၅၀၊ အမေရိကန်ဒေါ်လာ ၁၂၀ လောက် ပေးရပါတယ်။ နိုင်ငံခြားသားတွေနဲ့ ကမ္ဘာလှည့် ခရီးသွား တွေကတော့ နိုင်ငံကူး လက်မှတ်ပြပြီး အခမဲ့ဝင်လို့ရပါတယ်။

တရုတ်ပြည်မကြီးက ခရီးသွားတွေကို ဗီဇာကင်းလွတ်ခွင့် ပေးထားတာကြောင့် တရုတ်လောင်းကစားသူတွေ စင်္ကာပူကို အများကြီးလာနေကြပါတယ်။ ကိုယ်ရေးအချက်အလက်တွေကို တရုတ်အာဏာပိုင်တွေဆီ မျှဝေသွား နိုင်မလားဆိုတဲ့ စိုးရိမ်မှုကြောင့် ငွေကြေးအမြောက်အမြား လောင်းကစားသူတချို့က မကာအိုမှာ ကစားဖို့ သတိထားလာကြပါတယ်။ သူတို့အတွက်တော့ စင်္ကာပူက ကိုယ်ရေးလုံခြုံမှုပိုရှိပြီး လူသိနည်းနည်းနဲ့ ကစားနိုင်တဲ့ အစားထိုးနေရာတစ်ခု ဖြစ်လာတာပါ။

အခုအချိန်မှာ Resorts World Sentosa ရဲ့ VIP ကလပ်က လူအုပ်ဟာ Marina Bay Sands က လူအုပ်ထက် အများကြီးနည်းနေတယ်လို့ ကာစီနိုနှစ်ခုလုံးအကြောင်း သိထားသူတွေက ပြောပါတယ်။ ၂၀၂၃ ခုနှစ်တုန်းက Sentosa ကာစီနိုရဲ့ VIP စျေးကွက်ဝေစုက ပိုကြီးခဲ့ပေမယ့်၊ ဒီနှစ် ပထမသုံးလပတ်မှာ ၂၀ ရာခိုင်နှုန်းလောက်အထိ ထိုးကျသွား ခဲ့ပါတယ်။ မကြာသေးခင်ကတော့ ၃၆ ရာခိုင်နှုန်းအထိ ပြန်တက်လာတယ်လို့ DBS ရဲ့ သုတေသနမှာ ဖော်ပြထား ပါတယ်။

သာမန်လောင်းကစားသူတွေနဲ့ယှဉ်ရင် ငွေကြေးအမြောက်အမြား လောင်းကစားသူအရေအတွက်က နည်းပါတယ်။ ဒါပေမယ့် ကာစီနိုဝင်ငွေနဲ့ အမြတ်အစွန်းမှာ သူတို့ရဲ့ အခန်းကဏ္ဍက အရမ်းကြီးပါတယ်။

VIP ဖြစ်ချင်ရင် အစပိုင်းမှာ အနည်းဆုံး စင်္ကာပူဒေါ်လာ ၁၀၀,၀၀၀ ကို အပ်ထားရတာ ဒါမှမဟုတ် သုံးစွဲရတာ များပါတယ်။ အဲဒီနောက် သတ်မှတ်ထားတဲ့ကာလအတွင်း လောင်းကြေးတင်ပြီး ဂိမ်းတွေကစားရင်း အသုံးစရိတ်ကို ထပ်စုရပါတယ်။ လိုအပ်တဲ့ပမာဏပြည့်မှ ကလပ်အဖွဲ့ဝင်ခွင့်ရတာပါ။ အဖွဲ့ဝင်ဖြစ်သွားရင် သီးသန့်ကစားခန်းတွေ သုံးလို့ရသလို ဟိုတယ်အခမဲ့တည်းခိုခွင့်၊ စားသောက်ခွင့်အထူးအစီအစဉ်တွေနဲ့ သီးသန့်ပွဲဖိတ်စာတွေလည်း ရနိုင်ပါတယ်။

Resorts World Sentosa ရဲ့ VIP ကာစီနိုကလပ်အဖွဲ့ဝင်တချို့ကတော့ မကျေနပ်တာတွေ ရှိတယ်လို့ ပြောပါတယ်။ Sentosa အိမ်ရာရဲ့ အခြေခံအဆောက်အအုံတွေ ခေတ်နောက်ကျနေတာ၊ အကြံပြုချက်တွေကို ကောင်းကောင်း မတုံ့ပြန်တာနဲ့ ငွေသားနဲ့ ကစားမတ်တွေ လဲလှယ်တဲ့လုပ်ငန်းစဉ်အထိ ပြဿနာရှိတယ်လို့ စီမံခန့်ခွဲမှုဘက်ကို တိုင်ကြားထားကြောင်း ဒီကိစ္စကို သိထားသူတွေက ဆိုပါတယ်။

“Marina Bay Sands က ဒီနေရာကို ပိုအဆင့်မြင့်လာအောင်လုပ်ပြီး တန်ဖိုးမြင့်ဖောက်သည်တွေအတွက်လည်း ပိုဆွဲဆောင်မှုရှိလာအောင် ဖန်တီးထားပါတယ်” လို့ Seaport Research Partners က ဟောင်ကောင်အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ လောင်းကစားကဏ္ဍ အကြီးတန်းလေ့လာသုံးသပ်သူ Vitaly Umansky က ပြောပါတယ်။ “Resorts World အနေနဲ့ အဲဒီစျေးကွက်ဝေစုတချို့ကို ပြန်ရချင်ရင် လုပ်စရာတွေ အများကြီးရှိသေးပါတယ်။” စင်္ကာပူက စီးပွားပြိုင်တွေဖြစ်တဲ့ လောင်းကစားရုံနှစ်ရုံရဲ့ အကြိတ်အနယ်ပွဲကတော့ အရှိန်ကောင်းလှတယ်။

ကိုးကား – In Singapore’s battle of casinos, Marina Bay Sands holds winning hand against Sentosa, The Diplomat

Click to rate this post!
[Total: 1 Average: 5]

Leave a Comment

Your email address will not be published. Required fields are marked *